Switch Mode

အပိုင်း(၁၄၇၃)

ရွေးချယ်ခံများ

မရေတွက်နိုင်သည့် လူများသည်ရွှမ်ထျန်းစံအိမ်အောက်ရှိ ကျယ်ပြောလှသော နေရာတွင် စုစည်းနေဆဲ ရှိသေး၏။ သူတို့အားလုံးသည် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ တန်ခိုးရှင်များ ဖြစ်ကြသည်။

သို့သော် ထိုနေရာသို့ ကြည့်လိုက်လျှင် သူတိုအားလုံးသည် အစောင့်အကြပ်အဖြစ် အမျိုးသမီးအနည်းငယ်သာ ကျန်နေတော့သည်အား မြင်နိုင်ပေသည်။ အခြားသူများ အားလုံးသည် ရွှမ်ထျန်းစံအိမ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

ထိုနေရာမှာ ဘာတွေ ဖြစ်နေသလဲ။

ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နတ်မိမယ်ချင်းဟယ်ကသာ လက်တွဲဖော်ရှာလိုခဲ့ပါက သူမသည် ဝင်္ကပါကို ချိုးဖျက်နိုင်ခဲ့သည့် အင်အားစုသုံးခုထဲမှ ရွေးချယ်ပေလိမ့်မည်။

“နတ်မိမယ်ချင်းသာ လက်တွဲဖော် ရွေးရင် ဘယ်သူက အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်လဲ” သူ့ အနီးမှ တစ်စုံတစ်ယောက်က မေးသည်။

“ကောင်းကင်အာဏာစက်ဘုံမင်းသား ရီထျန်းယွိ။ သူက နတ်ဘုရားနန်းတော်မှာ ပညာသင်ခဲ့တဲ့ မင်းသားတစ်ပါးဖြစ်ပြီးတော့ နှစ်လိုဖွယ်ပင်ကို စရိုက်လည်း ရှိတယ်။ ထပ်ပြောရရင် သူက မိတ်ဆွေဖြစ်ဖို့လည်း သင့်တော်တယ်။ ရှန့်ရှောင်းနန်းတော်ရဲ့ ပါရမီရှင်တွေ အများကြီးက သူ့ကို ကူညီဖို့ ကောင်းကင်အာဏာစက် ပြည်ထောင်ကိုတောင် လာကြတယ်။”

တစ်ယောက်က အပိုင်အနိုင် ပြောသည်။

“နတ်မိမယ်ချင်းဟယ်မှာသာ တခြားစိတ်ကူးမရှိဘူးဆိုရင် ကောင်းကင်အာဏာစက် ပြည်ထောင်နဲ့ ဗြဟ္မာ့သန့်စင်ကောင်းကင် ကြားမှာ လက်ထပ်မင်္ဂလာပြုတာက ကောင်းကင်နတ်ဖက်စုံတွဲ ဖြစ်လာလိမ့်မယ်။ ဘယ်သူကမှ ဒီထက်ပိုပြီး မသင့်တော်နိုင်ဘူး”

“အဲဒါအမှန်ပဲ။ ကျုပ်ကြားတာတော့ ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံက လူတိုင်းအပေါ်အထင်သေးပြီး အရမ်းမာနကြီးတယ်တဲ့။ အခု ကြည့်ရတာ ကောလာဟလတွေက မှန်ပုံမရဘူး။ ရီထျန်းယွိက ယဉ်ကျေးမှုအပြည့်နဲ့ နှိမ့်နှိမ့်ချချ နေတတ်တယ်။ သူနဲ့ နတ်မိမယ်ချင်းဟယ်သာ လက်ထပ်ခဲ့ရင် ဗြဟ္မာ့သန့်စင်ကောင်းကင်က လက်ရှိ အတော်ဆုံး နတ်မိမယ်ကို ဆုံးရှုံးလိုက်ရလိမ့်မယ်။ ဒါပေမဲ့ အနာဂတ်မှာ ကောင်းကင်အာဏာစက်ပြည်ထောင်ရဲ့ ဘုရင်မကို ပြန်ရလာလိမ့်မယ်။”

တစ်ယောက်က ဝင်ပြောသည်။

များပြားလှသော လူများမှာ ချင်းဟယ်နှင့် ရီထျန်းယွိက အချင်းချင်း လိုက်ဖက်ညီသည်ဟု ခံစားကြရပေသည်။

“မင်းတို့အားလုံးက ချင်းဟယ်ရဲ့ ပျော်ရွှင်မှုကို ထည့်တွက်ဖို့ မေ့သွားပြီ ထင်တယ်။” တစ်ယောက်က ကြားဖြတ်ပြောသည်။ “ရီဖူရှင်းက ဝင်္ကပါကို ခဏလေးအတွင်း ချိုးဖျက်နိုင်ခဲ့တဲ့အပြင် သူ့ရဲ့ ဘေးမှာလည်း ထူးချွန်တဲ့ အရည်အချင်းရှိ တန်ခိုးရှင်တွေ ရှိနေတယ်။ သူ့မိသားစုနောက်ခံကို ရေရေရာရာ မသိရဘဲ သူ့အဆင့်အတန်းက ရီထျန်းယွိထက် နိမ့်ကျနေရင်တောင် ဒီနေ့ ဒီမှာ သူ လုပ်ခဲ့သမျှ အားလုံးက ပိုပြီး အထင်ကြီးစရာကောင်းတယ်။ ပြီးတော့လည်း ရီဖူရှင်းက သူ့အသက်အရွယ်မှာတော့ အထူးချွန်ဆုံး တန်ခိုးရှင်တစ်ယောက်ပဲ။ သူက ဝင်္ကပါကို ချက်ချင်း ချိုးဖျက်နိုင်ခဲ့တယ်။ ပြီးတော့ နတ်မိမယ်ချင်းဟယ်က ကောင်းကင်အာဏာစက်ဘုံရဲ့ ဒီမျိုးဆက်အတွင်းမှာ အတော်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ရထိုက်ပါတယ်လို့ ပြောခဲ့တယ်။ အဲဒီ အဓိပ္ပာယ်က ချင်းဟယ် မျက်လုံးထဲမှာ ရီဖူရှင်းက ရီထျန်းယွိထက် မနိမ့်ကျဘူးလို့ ဆိုလိုတယ်။ ပြီးတော့လည်း သူမက သူ့ကို အရမ်း မျက်နှာသာပေးတယ်။ သူတို့နှစ်ယောက်သာ အတူရှိနေရင် ပိုပြီး ပြည့်စုံမသွားပေဘူးလား”

“ရီဖူရှင်းမှာ အရည်အချင်းတွေ အများကြီးရှိပေမယ့် သူနဲ့ ချင်းဟယ်ကြားမှာ ခံစားချက်ရှိပုံတော့ မပေါ်ဘူး” တစ်ယောက်က ပြောသည်။

“သူတို့က အဆိုးဆုံးအတွဲ ဖြစ်မသွားနိုင်ဘူးလား” တစ်ယောက်က မေးသည်။

“ဖြစ်နိုင်ပါတယ်”

ချင်းဟယ်က ဗြဟ္မာ့သန့်စင်ကောင်းကင်က နတ်မိမယ်တစ်ပါးပဲလေ။ ဒီရှုထောင့်ကနေ ကြည့်ရင် သူမနဲ့ ကောင်းကင်အာဏာစက်ပြည်ထောင် အိမ်ရှေ့စံက အချင်းချင်း အသင့်တော်ဆုံးပဲ”

ဗြဟ္မာ့ကောင်းကင်မြို့မှ လူများသည် အလွန် စိတ်ဝင်စားစွာဖြင့် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ်နတ်မိမယ် လက်တွဲဖော်ရွေးချယ်သည့် အကြောင်းအရာကို သိလိုစိတ်ပြင်းပြစွာ စပ်စုနေကြပေသည်။ ထိုအကြောင်းအရာသည် မြို့တစ်ခွင်ကို ပျံ့နှံ့နေခဲ့၏။

ရွှမ်ထျန်းစံအိမ်တွင် ဖြစ်ပျက်မည့် အကြောင်းအရာများကိုတော့ သူတို့သည် ထိုအကြောင်းကို သွားရောက်စုံစမ်းရန် မလုပ်ဆောင်ရဲကြပေ။

ရွှမ်ထျန်းစံအိမ်သည် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များ ကျင့်ကြံရာ နေရာဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲနှင့် မည်သူက ထိုနေရာအား စုံစမ်းထောက်လှမ်းရဲပါမည်နည်း။

ယခုကား ခန့်မှန်းချက်ထုတ်ကာ စောင့်ဆိုင်းရုံမျှသာ တတ်နိုင်တော့သည်။

ကံမကောင်းစွာဖြင့် သူတို့သည််အင်အားကြီးမိသားစုများမှ မွေးဖွားလာခဲ့ခြင်း မဟုတ်ပေ။ မဟုတ်လျှင် သူတို့က ရွှမ်ထျန်းစံအိမ်ကို သွားရောက်ကာ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်နိုင်ပေမည်။

တစ်ချိန်တည်းတွင် ရွှမ်ထျန်းစံအိမ်၌ စားသောက်ပွဲ တည်ခင်း ပြင်ဆင်နေ၏။

ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လူများသည် စားသောက်ပွဲ တည်ခင်းထားရာနေရာသို့ အင်အားစုကြီးများမှ လူတို့အား ခေါ်ဆောင်လာခဲ့ကြသည်။ တန်ခိုးရှင်များက သူတို့၏ နေရာ၌ ထိုင်လိုက်ကြသည်။ ချင်းဟယ်က ဦးဆောင်ကျင်းပသူ နေရာတွင် ရှိမနေဘဲ ဘေးဘက်မှ အရံနေရာတွင်သာ ထိုင်နေ၏။ လူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် ဟန်အမူအရာများ ပေါ်ပေါက်လာသည်။

သို့ဆိုလျှင် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အခြားသော အရေးကြီးပုဂ္ဂိုလ်တချို့ ရောက်လာဦးမည့်သဘောလား။

ထိုအချိန်တွင် ကြီးမားသည့် ခန်းမအတွင်းသို့ ပုဂ္ဂိုလ်တစ်စု ဝင်ရောက်လာသည်။ သူတို့အားလုံးမှာ အမျိုးသမီးများ ဖြစ်ကြသည်။

သူတို့ကို ခေါင်းဆောင်လာသည့် အမျိုးသမီးတွင် ထူးခြားသာလွန်သည့် အရှိန်အဝါ ရှိပေသည်။ သူမသည် အရပ်မြင့်မားကာ သွယ်လျပြီး ပြီးပြည့်စုံသည့် ကောက်ကြောင်းများ ရှိသည်။ သို့သော် သူမထံမှ ပျံ့လွင့်နေသော မြင့်မြတ်သည့် အရှိန်အဝါတို့က လူများကို သူမအား မတပ်မက်မိစေရန် ပြုလုပ်နေသည်။

အားလုံးက သူမအား မြင်သည့်အခါ သူမဘက်သို့လှည့်ကာ နှုတ်ဆက်လိုက်ကြသည်။ “နတ်မိမယ်တို့ကို အရိုအသေပေးပါတယ်”

အဖွဲ့ကို ဦးဆောင်လာသည့် အမျိုးသမီးသည် ကျိုထျန်းနတ်မိမယ် ကိုးပါးထဲမှ တစ်ပါးဖြစ်သည့် ရွှမ်ထျန်းနတ်မိမယ် ဖြစ်လေသည်။

ဗြဟ္မာ့ကောင်းကင်မြို့တွင် ရွှမ်ထျန်းစံအိမ်သည် သူမ၏ကျင့်ကြံရာ နေရာဖြစ်၏။

ကျိုထျန်းနတ်မိမယ်များသည် ဗြဟ္မာ့သန့်စင်ကောင်းကင်အတွင်း အလွန် လေးစားမှုခံယူရသူများဖြစ်ပြီး အရှင်မကိုသာ ခစားရပေသည်။ ကောင်းကင်အာဏာစက်ဘုံအတွင်းမှာပင် သူတို့သည် အစွမ်းထက် ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်နိုင်သည်။ ယနေ့ ဤနေရာသို့ ရောက်ရှိနေသော လူအားလုံးသည် သူတို့အနေအထားကိုယ်စီအားဖြင့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း သူတို့က ရွှမ်ထျန်းနတ်မိမယ်ကို မြင်သည့်အခါ အရိုအသေပြု ကြရ၏။

“ရွှမ်ထျန်းစံအိမ်ကနေ ကြိုဆိုပါတယ်။ အရမ်းကြီး ယဉ်ကျေးနေစရာမလိုပါဘူး။ အားလုံးထိုင်ကြပါ” ရွှမ်ထျန်းနတ်မိမယ်က ပြောသည်။

“ကျေးဇူးတင်ပါတယ် နတ်မိမယ်” လူတိုင်းက ယဉ်ကျေးမှုရှိရှိ ပြုမူပြောဆိုကြသည်။ ရွှမ်ထျန်းနတ်မိမယ်က နေရာ၌ မထိုင်သေးခင် သူတို့က သေချာပေါက် ဦးစွာ ထိုင်ကြလိမ့်မည်မဟုတ်ပေ။ တန်ခိုးရှင်လောကတွင် တစ်စုံတစ်ယောက်နှင့် သင်၏ ဆက်ဆံရေးက မည်သို့ ဖြစ်နေပါစေ သူတို့နှင့်တိုက်ပွဲတွင် ရင်ဆိုင်ရသည့်အခါ မဟုတ်လျှင်ပင် စီနီယာတို့အား လေးစားသမှု ပြုကြရပေသည်။

တစ်ခါတစ်ရံ၌ လူများသည် သူတို့၏ ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ၌ပင် လေးစားမှုအား ပြသကြပေသည်။

ရွှမ်ထျန်းနတ်မိမယ်က မည်သည့်စကားမှ ထပ်မပြောတော့ပေ။ သူမက ခပ်ရေးရေးပြုံးကာ နေရာ၌ ထိုင်လိုက်ပြီးနောက် လူတိုင်းအားလည်း နေရာ၌ ထိုင်ရန် ခေါင်းညိတ်ပြသည်။

“ဒီနေ့ ကောင်းကင်အာဏာစက်ဘုံက တန်ခိုးရှင်တွေကို ဖိတ်ကြားတာ အကြောင်းရင်း အများကြီး ရှိပါတယ်။ ပထမဆုံးအကြောင်းကတော့ ဒီမျိုးဆက်အတွင်း ဘယ်သူက အရည်အချင်းအရှိဆုံးလဲဆိုတာ မြင်တွေ့ချင်လို့ပါ။ ဒုတိယကတော့ ဒီအခွင့်အရေးမှာ ကျွန်မတို့ ဗြဟ္မာ့သန့်စင်ကောင်းကင်က တပည့်တွေကို တခြားအင်အားစုတွေက အစွမ်းထက်တန်ခိုးရှင်တွေနဲ့ တိုက်ခိုက်စေပြီး ကျင့်ကြံရေးမှာ ပိုပြီး စိတ်အားထက်သန် စေလာချင်တာပါပဲ”

ရွှမ်ထျန်းနတ်မိမယ်က ပြောသည်။

“ရွှမ်ထျန်းဝင်္ကပါကို ချင်းဟယ်က ထိန်းချုပ်ပြီး ဗြဟ္မာ့သန့်စင်ကောင်းကင်က တန်ခိုးရှင်တွေ အများကြီးက လက်တွဲ တိုက်ခိုက်ခဲ့ပေမယ့် ရှင်တို့တွေ တိုက်ခိုက်တဲ့အချိန်တိုင်းမှာ သူတို့အပေါ် ဖိအားများစေခဲ့တယ်။ ပြီးတော့ ရှင်တို့က အဲဒီဝင်္ကပါကို အကြိမ်ကြိမ် ချိုးဖျက်နိုင်ခဲ့ကြတယ်။ လူအများကြီးလည်း ဒဏ်ရာရခဲ့ကြတယ်။ ဒါက သူတို့အတွက် သတိပေးချက် ကြီးကြီးမားမား ဖြစ်စေခဲ့တယ်”

“နတ်မိမယ်ရဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်။ ရွှမ်ထျန်းဝင်္ကပါက တကယ်ပဲ အစွမ်းထက်တယ်။ ကျွန်တော်တို့သာ အစွမ်းကုန်မသုံးခဲ့ရင် ဝင်္ကပါကို ချိုးဖျက်ပစ်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ အဲဒီလို လုပ်နိုင်သွားတယ်ဆိုတာ ကံကောင်းသွားတာလည်း ပါပါတယ်။”

ရီထျန်းယွိက အပြုံးနှင့် ပြောသည်။

“ဝင်္ကပါကို ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ ရှန့်ထိုတွေက ဖန်တီးထားတာမို့ စွမ်းအားအများကြီး ထုတ်ဖော်နိုင်တာ သဘာဝကျပါတယ်။ ကျုပ်တို့က အဝေးကြီးကနေ လာခဲ့ရပြီး ဒီလို ဗြဟ္မာ့သန့်စင်ကောင်းကင်က နတ်မိမယ်တို့ရဲ့ ခမ်းနားမှုကို မြင်တွေ့ခွင့်ရတာနဲ့တင်ပဲ ဒီခရီးက ထိုက်တန်တာထက် ပိုနေပါပြီ”

ရီထျန်းယွိ ဘေးမှ တန်ခိုးရှင်တစ်ဦးက ပြောသည်။ သူ၏ အမည်မှာ လင်ရွဲ့ဟူ၍ ဖြစ်ကာ သူသည် ရှန့်ရှောင်းနန်းတော်မှ လာသည့် တန်ခိုးရှင်များထဲတွင် အသက်ကြီးဆုံး တပည့်ဖြစ်နေသည်က သူ့ကို အခြားသူများ၏ အစ်ကိုကြီး ဖြစ်နေစေသည်။

ရီထျန်းယွိပင်လျှင် သူ့အား လေးစားမှုရှိရပေသည်။

“ရှန့်ရှောင်းနန်းတော်ရဲ့ ဝင်္ကပါကလည်း အရမ်းအစွမ်းထက်လှပါတယ်။ ကျွန်မတို့ရဲ့ နိမ့်ကျတဲ့ ဝင်္ကပါလေးက ရှင်တို့ကို ဘယ်ယှဉ်နိုင်ပါ့မလဲ” ရွှမ်ထျန်းနတ်မိမယ်က လင်ရွဲ့ကို ပြောသည်။

“ဒါက ဝင်္ကပါချင်းကြားက ယှဉ်ပြိုင်မှုမဟုတ်ပါဘူး။ ပြီးတော့လည်း နတ်မိမယ်ချင်းဟယ်က ဒီတိုက်ပွဲအတွင်းမှာ ရှန့်ရှောင်းနန်းတော်က အစွမ်းထက်ဆုံးပုဂ္ဂိုလ်တွေထက်တောင်မှ အစွမ်းထက်တဲ့ အရည်အချင်းကို ပြသသွားခဲ့တယ်။ ခင်ဗျားတို့သာ ဆန္ဒရှိမယ်ဆိုရင် သူမကို ကျုပ်တို့ နတ်ဘုရားနန်းတော်မှာ ကျင့်ကြံစေဖို့ ကြိုဆိုပါတယ်” လင်ရွဲ့က အပြုံးနှင့် ပြောသည်။

လူတိုင်းသည် ထိုစကားအားကြားသည့်အခါ အံ့သြသွားကြပေသည်။ ချင်းဟယ်က ရှန့်ရှောင်းနန်းတော်သို့ ဝင်ခွင့်ရလိုက်သည်လား။

ထို့နောက်တွင် သူမက ရီထျန်းယွိ၏ ပညာသင်ဖက်ညီမငယ်လေး ဖြစ်လာလိမ့်မည်။ လင်ရွဲ့သည် ပေါ့ပေါ့ပါးပါး ပြောနေသည်ဟု ထင်မှတ်ရသော်လည်း သူ့စကားများက လေးနက်သည့် အဓိပ္ပာယ်ရှိနေပေသည်။

ဗြဟ္မာ့သန့်စင်ကောင်းကင်သည် ထိုသို့လုပ်ရန် အစီအစဉ်ဆွဲထားခဲ့ပါက ချင်းဟယ်၏ လက်တွဲဖော်အဖြစ် ရွေးချယ်မှုမှာ ရီထျန်းယွိ ဖြစ်ပေလိမ့်မည်။

“အဲဒါကတော့ ချင်းဟယ်ရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်” ရွှမ်ထျန်းနတ်မိမယ်က ပြောသည်။ “ဒီတိုက်ပွဲအတွက် နောက်ထပ် အကြောင်းရင်း တစ်ခုက အရေးကြီးဆုံးပါပဲ။ ချင်းဟယ်ရဲ့ အနာဂတ်နဲ့ သက်ဆိုင်တယ်”

လူတိုင်းက ထိုသည်ကို ကြားလိုက်ရသည့်အခါ သူတို့၏ နှလုံးသားများ မြန်ဆန်လာကြ၏။ နောက်ဆုံး၌ သူတို့သည် အဓိကအကြောင်းအရာသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ထိုစကားကို ရီဖူရှင်းကြားသည့်အခါ သူက ချင်းဟယ်ဆီသို့ အမှတ်မထင် လှမ်းကြည့်သည်။ သူက သူမ မသိမသာ ခေါင်းညိတ်သည်ကို မြင်သော်လည်း အလွန်သိသာသည့်ပုံစံတော့ မဟုတ်ပေ။

“ကျွန်မ တပည့် ချင်းဟယ်က ထူးခြားသာလွန်တဲ့ အရည်အချင်းတွေ ရှိတယ်။ ဒါပေမဲ့ သူမက ဗြဟ္မာ့သန့်စင်ကောင်းကင်မှာပဲ အမြဲ ကျင့်ကြံနေရတော့ တချို့အရာတွေတော့ ချို့တဲ့နေသေးတယ်။ အဲဒါကြောင့် ကျွန်မတို့က သူ့ကို အပြင်လောကထဲမှာ ကျင့်ကြံဖို့ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့လည်း သူမက ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ တပည့် ဖြစ်နေတုန်းပါပဲ” ရွှမ်ထျန်းနတ်မိမယ်က ပြောသည်။

လူတိုင်းသည် သူမ ဆိုလိုသည်အား ရှင်းရှင်းလင်းလင်း နားလည်ပေသည်။ အမှန်ပင် ဗြဟ္မာ့ကောင်းကင်မြို့မှ လူများ ပြောနေသည့်အကြောင်းက အမှန်ပင် ဖြစ်သည်။ ကောလာဟလများက အကြောင်းရင်းမရှိဘဲ ထွက်မလာနိုင်ပေ။

ဗြဟ္မာ့သန့်စင်ကောင်းကင်သည် ချင်းဟယ်အတွက် လက်တွဲဖော် ရွေးချယ်နေခြင်း ဖြစ်ပေသည်။

“အပြင်လောက” သို့ ဝင်ရောက်၍ ကျင့်ကြံရန်ဟု ပြောသော်လည်း ထိုတစ်ခုတည်းသာ ရည်ရွယ်ခြင်းမဟုတ်နိုင်ချေ။ သူတို့အားလုံးက ထိုအချက်ကို ရိပ်မိသလို ချင်းဟယ်ကလည်း ကောင်းကောင်း နားလည်သိရှိပေလိမ့်မည်။

“ဒါပေမဲ့ ချင်းဟယ်က အရမ်းမာနကြီးတယ်။ သူမက ဗြဟ္မာ့သန့်စင်ကောင်းကင်က ထွက်ပြီး လောကထဲမှာ ကျင့်ကြံဖို့ စိတ်ကူးမရှိဘူးလေ။ အဲဒါကြောင့် ကျွန်မက သူမနဲ့ အလောင်းအစား လုပ်ခဲ့တယ်။ သူမကို ဝင်္ကပါ ခင်းကျင်းခွင့် ပြုခဲ့တယ်။ တကယ်လို့ တစ်ယောက်မှ ဝင်္ကပါကို မချိုးဖျက်နိုင်ခဲ့ရင် သူမက အပြင်လောကသို့ ကျင့်ကြံဖို့ သွားမှာ မဟုတ်ဘူး။ တကယ်လို့ တစ်ယောက်ယောက်က ချိုးဖျက်နိုင်ခဲ့ရင် သူမဟာ ဗြဟ္မာ့သန့်စင်ကောင်းကင်ကနေ ထွက်သွားမယ်ဆိုတဲ့ ကတိပေးခဲ့တယ်။” နတ်မိမယ်ရွှမ်ထျန်းက ဆက်ပြောသည်။

လူတိုင်းက ကြက်သေသေသွားခဲ့သည်။ သူတို့ထဲက မည်သူမှ ဝင်္ကပါကို ချိုးဖျက်နိုင်စွမ်းမရှိခဲ့ပါက ချင်းဟယ်သည် ကောင်းကင်အာဏာစက်ဘုံရှိ မည်သူ့ထက်မှ နိမ့်ကျလိမ့်မည် မဟုတ်ဘဲ သူမက လက်ထပ်ရန် လိုအပ်တော့မည် မဟုတ်ပေ။

ရီဖူရှင်းက ထိုစကားကို နားထောင်ပြီးနောက် ချင်းဟယ် ခေါင်းငုံ့နေသည်ကို မြင်လိုက်ရသည်။ သူမ မည်သည့်အတွက် အပြင်းအထန် တိုက်ခိုက်နေရသည်ကို သူနားလည်လိုက်၏။

လူတိုင်းက သူမ ထိုသို့ လုပ်ရန် မလိုအပ်ဟု တွေးထင်ခဲ့သော်လည်း သူမသည် ဆန့်ကျင်ဘက်အားဖြင့် အားကုန်သုံးကာ တိုက်ခိုက်ခဲ့၏။

ထို့ကြောင့် သူမသည် အမှန်တကယ် ဆန္ဒမရှိခြင်း ဖြစ်ရပေမည်။ အကယ်၍ ထိုသို့သာ ဖြစ်ပါက ဗြဟ္မာ့သန့်စင်ကောင်းကင်သည် သူမကို အဘယ်ကြောင့် ဖိအားပေးရသနည်း။

သူမအား အပြင်လောကအတွင်း သွားရောက် ကျင့်ကြံစေလိုခြင်း သက်သက်ပေလော။

သူတို့သည် ကောင်းကင်အာဏာစက်ဘုံ၏ အနာဂတ်အခြေအနေအတွက် စီစဉ်ရန် သူမအား အသုံးချလိုနေကြသည်မှာ ဖြစ်နိုင်ဖွယ်ရှိ၏။

လက်ရှိ အခြေအနေအောက်တွင် သူမက မည်သူ့ကို လက်ထပ်သည်ဖြစ်စေ အင်အားစုများ၏ မျှခြေကို ပြောင်းလဲသွားစေလိမ့်မည်။

သူမ၏ လက်ထပ်မှုက အင်အားစုများ၏အခြေအနေများကို ပြောင်းလဲသွားစေနိုင်သည်။

“ဒါပေမဲ့ ဒါက ချင်းဟယ်အတွက် အရမ်း အရေးကြီးတဲ့ ကိစ္စလေ။ အဲဒါကြောင့် ရှင်တို့အားလုံးပဲ သူမကို အချိန်နည်းနည်းပေးဖို့ ပြောချင်ပါတယ်။ ဗြဟ္မာ့သန့်စင်ကောင်းကင်က သူမရဲ့ ရွေးချယ်မှုကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး။” ရွှမ်ထျန်းနတ်မိမယ်က ပြောသည်။ ထို့နောက် သူမက ချင်းဟယ်ကို ကြည့်ကာ ပြောလိုက်၏။ “ကျန်တဲ့ကိစ္စတွေ မင်းနဲ့ လွှဲထားခဲ့တော့မယ် ချင်းဟယ်”

ထိုသို့ပြောပြီးနောက် သူမက ထရပ်ကာ ဆက်ပြောသည်။ “ရှင်တို့အားလုံး ပြန်တဲ့အထိ မစောင့်တော့ဘူးနော်။ ဒီမှာ အားလုံးစုစည်းလာတာဆိုတော့ သဘောကျသလို နေကြပါ”

သူမက ထိုသို့ ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။

ချင်းဟယ်က ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ် နတ်မိမယ်တစ်ပါး ဖြစ်ကာ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ထိပ်သီးတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူမက လှပလွန်း၏။ သူမကသာ သူမ၏ လက်တွဲဖော်အဖြစ် ရွေးချယ်လိုလျှင် မည်သူက သူမအား ငြင်းဆန်နိုင်မည်နည်း။

ချင်းဟယ်က လူတိုင်းကို ကြည့်ကာ ညင်သာစွာ ပြောသည်။ “လူတိုင်းပဲ ရွှမ်ထျန်းစံအိမ်မှာ ခဏလောက် စိတ်ကျေနပ်သလို နေကြပါဦး။ ကျွန်မ ဒီကိစ္စကို  ဂရုတစိုက် ဆုံးဖြတ်ပါ့မယ်”

ထိုသို့ ပြောပြီးနောက် သူမက ထရပ်ကာ တစ်ဖက်သို့ လျှောက်သွားခဲ့ပြီး သူမ အနောက်ဘက်ရှိ မိန်းမလှလေးများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

သူမက ယခု ဧည့်သည်အားလုံးကို စွန့်ပစ်သွားခဲ့သည်လား။

အချို့သော အစေခံအနည်းငယ်မှလွဲ၍ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ အရေးကြီးပုဂ္ဂိုလ်များ အားလုံး ထွက်ခွာသွားကြသည်။

ရီဖူရှင်း၏ မျက်နှာထက်တွင် ထူးဆန်းသော ဟန်အမူအရာတို့ ပေါ်ပေါက်လာသည်။

သူတို့အားလုံးက ရွေးချယ်ခံများ ဖြစ်နေသည်လား။

***

Comment

Leave a Reply

Options

not work with dark mode
Reset