Switch Mode

အပိုင်း(၁၄၇၂)

ရှန့်ရှောင်းနတ်ဘုရားနန်းတော်

ရွှမ်ထျန်းဝင်္ကပါအတွင်း ချင်းဟယ်၏ သေးသွယ်သော လက်ချောင်းများက ကု့ချင်းကြိုးများပေါ်တွင် တင်ထားဆဲ ဖြစ်သည်။ သူမသည် ရီဖူရှင်းအား တွေဝေစွာ ငေးကြည့်နေ၏။

သူမက တိုက်ခိုက်မှုကို မဖော်ထုတ်ရသေးမီပင် ရွှမ်ထျန်းဝင်္ကပါက ကျိုးပျက်သွားခဲ့ပြီး ဖြစ်သည်။

သူမ၏ လှပသော မျက်လုံးများထဲတွင် ထိတ်လန့်အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် ခေတ္တမျှ ကြက်သေသေသွားခဲ့သော်လည်း မကြာမီ စိတ်သက်သာရာ ရသွားခဲ့သည်။

ရီဖူရှင်းမှာ လေထဲရှိနေဆဲဖြစ်ကာ သူ၏ ကု့ချင်းထံမှ နတ်အလင်းများက ဖြာထွက် ပျံ့နှံ့နေ၏။ သူက ချင်းဟယ်ကို မော့ကြည့်ကာ ပြောသည်။ “ရွှမ်ထျန်းဝင်္ကပါက အရမ်း အစွမ်းထက်တယ်။ အဲဒါကြောင့် ရွေးစရာမရှိဘဲ အစွမ်းကုန်ရင်ဆိုင်ခဲ့ရတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

သူက ဝင်္ကပါကိုအလွန်လျန်မြန်စွာ ချိုးဖျက်နိုင်ရန်အတွက် လှည့်ကွက်ကလေးများကို အသုံးပြုခဲ့သည်။ သူ၏ နတ်ဝိညာဉ် ဆွဲဆောင်မှုကို ရောနှောအသုံးပြု၍ မှော်ဂီတတေးသွားအားဖန်တီးကာ သူတို့၏ စိတ်ဝိညာဉ်များကို အနှောင့်အယှက်ပေးခဲ့သည်။ ထိုနည်းဖြင့် သူသည် ချင်းဟယ်ကို အမှန်တကယ် တိုက်ခိုက်ရန် မလိုအပ်တော့ပေ။

“ရှင်က ကျွန်မ အရင်က သုံးခဲ့ဖူးတဲ့ လှည့်ကွက်တစ်ခုနဲ့ ရွှမ်ထျန်းဝင်္ကပါကို ချိုးဖောက်ခဲ့တယ်။ ကျွန်မအတွက် ရှက်စရာပါပဲ။ ကောင်းကင်အာဏာစက်ဘုံက လူအားလုံး ကောင်းကင်နတ်တံခါးဂိုဏ်းရဲ့ ဂူတုံးလျှိုနဲ့ ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံ ရီထျန်းယွိတို့ကို ဒီမျိုးဆက်ရဲ့ အကောင်းဆုံး တန်ခိုးရှင်တွေအဖြစ် သတ်မှတ်ကြတယ်။ ကျွန်မရဲ့ အမြင်အရဆိုရင် ရှင်ကလည်း သူတို့ထက်တော့ နိမ့်ကျမှာမဟုတ်ပါဘူး သခင်လေးရီ” ချင်းဟယ်က ညင်သာစွာ ပြောသည်။

ယခင်က ရွှမ်ထျန်းဝင်္ကပါသည် နတ်ဓားကို အသုံးပြု၍ လူအများ၏ ဝိညာဉ်ကို ဖြတ်ပိုင်းကာ ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ခရမ်းရွှေကြွက်ကလန်ကို ခဏအတွင်း ရှုံးနိမ့်စေခဲ့သည်။ ယခု ရီဖူရှင်းသည် သူတို့အပေါ်တွင် တူညီသော လှည့်ကွက်ကို အသုံးပြုကာ ရွှမ်ထျန်းဝင်္ကပါအတွင်း နတ်မိမယ်များကို ချက်ချင်းပင် ဒဏ်ရာရစေခဲ့သည်။

ချင်းဟယ်၏ စကားလုံးများသည် ရီဖူရှင်းအပေါ်တွင် ချီးကျူးမှုအပြည့်ပင် ဖြစ်သည်။ ဤရက်များအတွင်း ကောင်းကင်အာဏာစက်ဘုံရှိ လူများသည် ရီထျန်းယွိနှင့် ဂူတုံးလျှိုကို အကောင်းဆုံးဟု မှတ်ယူထားကြသည်။

ထို့အပြင် ချင်းဟယ်သည် ရီဖူရှင်းက သူတို့ထက်ပို၍ နိမ့်ကျလိမ့်မည်မဟုတ်ဟု မှတ်ချက်ချသည်။

၎င်းက ရီဖူရှင်းအား အခြားသော တန်ခိုးရှင်များ အားလုံးအထက်သို့ တွန်းပို့လိုက်ခြင်းဖြစ်သည်။ ဤသည်က သူမသည် သူ့အပေါ်တွင် မည်မျှ တန်ဖိုးမြင့်မြင့်ထားခြင်းကို ပြသနေ၏။

“ကြည့်ရတာ ကောလာဟလတွေက အမှန်ပဲ ထင်တယ်” လူတိုင်းက တီးတိုး ပြောလိုက်ကြသည်။ ဤထူးချွန်လှသည့် အမျိုးသမီး ချင်းဟယ်သည် ရီဖူရှင်းအပေါ်၌ အလွန်ကောင်းမွန်သော အမြင်ရှိနေသည်။

ဤကဲ့သို့ ဆိုလျှင် သူမ ရွေးချယ်မည့် လက်တွဲဖော်မှာ ရီဖူရှင်း ဖြစ်နိုင်ချေ ရှိနေပေတော့သည်။

ထို့အပြင် သူမက ထိုမျှအထိ သူ့အား ချီးကျူးနေသည်ဖြစ်ရာ သူမသည် သူ့အပေါ်တွင် ခံစားချက်များ ရှိနေသည်လည်း ဖြစ်နိုင်၏။

လက်ရှိအနေအထားအရ ရီဖူရှင်းအတွက် အလေးသာနေဟန်ရသည်။

“အရမ်းမြှောက်ပင့်လွန်းနေပါပြီ နတ်မိမယ်ချင်း။ ဒီနေ့ ရွှမ်ထျန်းဝင်္ကပါကို ထိန်းချုပ်တဲ့ လူအားလုံးလည်း အစွမ်းထက်ကြပါတယ်။ သူတို့ထဲက ဘယ်သူမဆို ပါရမီရှင်ထက် အားမနည်းကြပါဘူး” ရီဖူရှင်းက ပြန်ပြောလိုက်သည်။ သူတို့နှစ်ဦး၏ အချင်းချင်း ချီးမြှောက်မှုများကို ကြည့်ရင်း လူအများသည် တစ်ထက်တစ ပို၍ အံ့အားသင့်လာကြသည်။

“ကျေးဇူးပြုပြီး တက်လာခဲ့ပါ သခက်လေးရီ” ချင်းဟယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် နတ်မိမယ်” ရီဖူရှင်းက ရှေ့သို့ လျှောက်လာပြီး  ကောင်းကင်နတ်တံခါးမှ လူများသည် သူ့နောက်က လိုက်လာကြသည်။ သူတို့က အူတိအူကြောင် ဖြစ်နေကြသည်။ ဤတစ်ကြိမ်၌ အလွန်ပြင်းထန်သော တိုက်ပွဲ ဖြစ်ပြီဟု အားလုံးက ထင်မှတ်ထားခဲ့ကြ၏။

သို့သော်လည်း ဝင်္ကပါကား အလွယ်တကူ ကျိုးပျက်ခဲ့၏။

“သူက တကယ်တော်တာပဲ” ဟွားချင်းယွင်က တီးတိုးပြောလိုက်သည်။ သူက လေးစားခံရရန် ထိုက်တန်ပေသည်။

ကြည့်ရသည်မှာ ထိုစီနီယာက မမှားယွင်းခဲ့ပေ။ ရီဖူရှင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။

ထို့အပြင် ရီဖူရှင်းသည် ထူးချွန်ထက်မြက်သော အရည်အချင်းရှိကာ ချင်းဟယ်သည်လည်း ထိုနည်းတူဖြစ်သည်။ သူတို့နှစ်ဦးမှာ အမှန်ပင် ကောင်းကင်နတ်ဖက်စုံတွဲပင် ဖြစ်သည်။

သူတို့အဖွဲ့သည် ရွှမ်ထျန်းစံအိမ်ဆီသို့ ဆက်လက် သွားနေကြသည်။ အခြားတစ်ဖက်တွင် ကောင်းကင်နတ်ဆိုးဘုံမှ တန်ခိုးရှင်များနှင့် ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများက ရီဖူရှင်းနှင့် အခြားသူတို့ကို ကြည့်နေကြသည်။ အထူးသဖြင့် ရီထျန်းယွိနှင့် ယန်စွေ့တို့ ဖြစ်၏။

“အဲဒါက ကောင်းကင်နတ်တံခါးရဲ့ နတ်ဝိညာဉ်ဆွဲဆောင်ခြင်း ထူးခြားလမ်းစဉ်လား” ယန်စွေ့က တီးတိုးပြောလိုက်သည်။ ရီဖူရှင်းသည် ကောင်းကင်နတ်တံခါး၏ ထူးခြားလမ်းစဉ်ကို အသုံးပြုကာ နတ်ဘုရားအသံကို ဖြိုခွဲနိုင်ခဲ့သည်ဟု ရီထျန်းယွိ ပြောသည်ကို သူ ကြားခဲ့သည်။

သူက ရွှမ်ထျန်းဝင်္ကပါကိုလည်း တူညီသည့် နည်းလမ်းကို သုံးကာ ချိုးဖျက်ခဲ့သည်။

ချင်းဟယ်နှင့် အခြားသူများသည် တိုက်ခိုက်ရန် အဆင်သင့်မဖြစ်သေးခင် သူတို့၏ ထိန်းချုပ်မှုက ဖြိုခွဲခံလိုက်ရသည်။ သူတို့၏ စိတ်ဝိညာဉ်သည် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဗြဟ္မာ့သန့်စင်ကောင်းကင်၏ များပြားလှသော တန်ခိုးရှင်များမှာ ထိခိုက်ခဲ့သည်။ ထို့ကြောင့်ပင် ရွှမ်ထျန်းဝင်္ကပါက ပြိုကျသွားခဲ့ခြင်း ဖြစ်သည်။

ရီဖူရှင်းက လိမ္မာပါးနပ်စွာဖြင့် သူတို့ အဆင်သင့်မဖြစ်သေးသော အချိန်၌ အရေးသာမှု ယူခဲ့ခြင်း ဖြစ်သည်။ သူက နတ်မိမယ်များ၏ စွမ်းအားများကို ကိုယ်တိုင် မတွေ့ကြုံဖူးခဲ့သော်လည်း မည်မျှ အစွမ်းထက်ကြောင်း ခံစားနိုင်ပေသည်။ သူက ဤကဲ့သို့ ကွဲပြားသည့် နည်းလမ်းကို အသုံးမပြုပါက ဝင်္ကပါအား တခဏအတွင်း ချိုးဖျက်နိုင်မည် မဟုတ်ပေ။

ရီထျန်းယွိက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ဒီထူးခြားလမ်းစဉ်က ပျောက်ဆုံးနေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ။ အဲဒါကို အခုတလောမှ ရီဖူရှင်းက ပြန်ရှာတွေ့ပြီး ကျင့်ကြံခဲ့တာ။ တစ်ယောက်က နတ်ဝိညာဉ်ကို ကျင့်ကြံနိုင်ပြီဆိုရင် ထိုးထွင်းသိမြင်မှုက အားကောင်းလာပြီး တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်လိမ့်မယ်”

“ကောင်းကင်နတ်တံခါးက ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်တန်းအင်အားစုတစ်ခု ဖြစ်ပြီး တစ်ချိန်က သူတို့မှာ ရွှေရောင်နေ့ရက်တွေ ရှိဖူးခဲ့တယ်။ ကြည့်ရတာ သူတို့ရဲ့ ဂုဏ်သတင်းကျော်ကြားမှုက ထိုက်တန်ပါပေတယ်။ သူတို့ရဲ့ နည်းစနစ်တွေက တကယ့်ကို ကြောက်စရာပဲ” ယန်စွေ့က ခေါင်းညိတ်ကာ ချီးမြှောက်ပြောဆိုလိုက်သည်။ မည်သည့် ထိပ်သီးအင်အားစုများတွင်မဆို မလွဲဧကန် လုပ်ဆောင်နိုင်သည့် ကိစ္စများ ရှိသည်။

ထို့အပြင် ကောင်းကင်နတ်တံခါးသည် လွန်ခဲ့သည့် နှစ်တစ်ရာခန့်က အထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့ပေသည်။

ဂူထျန်းရှင်းသည် အလွန်ထူးချွန်လှသော ပုဂ္ဂိုလ်ဖြစ်သည်။ သူ ကွယ်လွန်သွားခဲ့သည်မှာ နှမြောစရာ ကောင်းလှပေသည်။ မဟုတ်လျှင် သူသည် အထွတ်အထိပ်ဘုံကိုးဘုံအတွင်းရှိ မဟာလမ်းစဉ်ဘုံသုံးထောင် အားလုံးအကြားတွင် နံပါတ်တစ် ဖြစ်နေမည် ဖြစ်သည်။

သူတို့သည် စိတ်နှင့် ဆက်သွယ်ပြောဆိုနေကြခြင်း မဟုတ်ပေ။ သူတို့က ကောင်းကင်နတ်တံခါးမှ ရီဖူရှင်းအကြောင်း ပြောဆိုခြင်းကို ဖုံးကွယ်လိုခြင်းမရှိပေ။

ရီဖူရှင်းက ယန်စွေ့နှင့် ရီထျန်းယွိတို့ စကားပြောနေသည်အား ကြည့်လိုက်သည်။ သူတို့က သူ့ကို သတိပြုမိသွားပုံရပြီး ယန်စွေ့က ရီဖူရှင်းအား ခေါင်းညိတ် ပြုံးပြလိုက်သည်။

သူ့အား ကြည့်ရသည်မှာ အလွန် ယဉ်ကျေးပြီး ပေါ့ပါးလွတ်လပ်ပုံပေါ်သည်။

“ကျုပ်က ရှန့်ရှောင်းနတ်ဘုရားနန်းတော်က တပည့်တစ်ယောက်ပါ” သူက ဆက်ပြောသည် “ကျုပ်နာမည်က ယန်စွေ့လို့ ခေါ်ပါတယ်”

ရှန့်ရှောင်းနတ်ဘုရားနန်းတော်ကို ပုံမှန်အားဖြင့် နတ်ဘုရားနန်းတော်ဟု ခေါ်ကြသည်မှာ  အထက်ကောင်းကင်ဘုံတွင် နတ်ဘုရားနန်းတော်ဟု ခေါ်သော နေရာတစ်ခုသာ ရှိ၍ ဖြစ်ပေသည်။ ၎င်းသည် အထက်ကောင်းကင်ဘုံတွင် ကျင့်ကြံရေး နေရာတစ်ခုအဖြစ် ဂုဏ်သတင်းကြီးမားပြီး ပြိုင်ဘက်ကင်းသော ဂုဏ်သတင်းရှိပေသည်။ ထိုနေရာသည် ဂိုဏ်းအစွဲထားသည့် နေရာမျိုးမဟုတ်ဘဲ လောကကြီး၏ ရှုပ်ထွေးမှု အရေးကိစ္စများတွင် မပါဝင်ပေ။ သူတို့၏ တပည့်များသည် အပြင်လောကသို့ ရောက်သည့်အခါ သူတို့သည် နန်းတော်အား ကိုယ်စားပြုနိုင်ခြင်းမရှိပေ။ နတ်ဘုရားနန်းတော်သည် သင်ကြားပေးရုံမျှသာ ဖြစ်သည့်အတွက် အထက်ကောင်းကင်ဘုံ၏ ထိပ်သီးအင်အားစုမှ အစွမ်းထက်ပုဂ္ဂိုလ်အများအပြားမှာ ထိုနေရာသို့ သွား၍ သူတို့၏ လမ်းစဉ်များအား ရှာဖွေကြသည်။

ရှန့်ရှောင်းနတ်ဘုရားနန်းတော်က အထက်ကောင်းကင်ဘုံ၏ မရေတွက်နိုင်သည့် လူစွမ်းကောင်းများကို လေ့ကျင့်ပေးခဲ့အတွက်ကြောင့် အလွန် မြင့်မားသော အဆင့်အတန်းရှိပေသည်။ အခြားဘုံများမှ အင်အားစုများသည်ပင် သူတို့၏ လူများကို နတ်ဘုရားနန်းတော်သို့ ပို့လွှတ်ကာ လမ်းစဉ်များကို ရှာဖွေစေသည်။

ထို့ကြောင့် ကောင်းကင်အာဏာစက် ပြည်ထောင်သည်လည်း ရီထျန်းယွိနှင့် ပြည်ထောင်မှ အခြားသော အရည်အချင်းရှိ လူငယ်လေးများကို ရှန့်ရှောင်းနတ်ဘုရားနန်းတော်သို့ စေလွှတ်ကာ ကျင့်ကြံစေခဲ့သည်။ သူတို့ထဲမှ အချို့သည် ပြန်လာခြင်းမရှိဘဲ နတ်ဘုရားနန်းတော်ကိုသာ ဝင်သွားခဲ့ပေသည်။ သူတို့၏ သာမန် တပည့်များသည်ပင် တောက်ပသည့် သူရဲကောင်းများ ဖြစ်လာကြသည်။

ယန်စွေ့သည် နတ်ဘုရားနန်းတော်အတွင်းမှ နတ်ဂီတနန်းတော်၏ တပည့်တစ်ဦးဖြစ်ပြီး ထိုနေရာ၌ အထူးချွန်ဆုံးနှင့် အရည်အချင်းရှိသူတစ်ဦး ဖြစ်သည်။

“ကျုပ်က ကောင်းကင်အာဏာစက်ဘုံက ရီဖူရှင်းပါ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ယန်စွေ့က သူ့ကိုယ်သူ မိတ်ဆက်နေသည့်အတွက် ရီဖူရှင်းကလည်း မယဉ်မကျေး ပြုလုပ်လိမ့်မည် မဟုတ်ပေ။

“ခင်ဗျားရဲ့ ထူးခြားလမ်းစဉ်က အရမ်းအစွမ်းထက်တာပဲ ညီနောင်ရီ။ ခင်ဗျားက မှော်ဂီတမှာ အရည်အချင်းရှိတာပဲ” ယန်စွေ့က အပြုံးနှင့် ပြောသည်။ “ကျုပ်က မှော်ဂီတလမ်းစဉ်မှာ ရှာဖွေမှုလေးတွေ လုပ်နေခဲ့တာမို့လို့ ကျုပ်တို့ အရည်အချင်းတွေကို အချင်းချင်း တစ်ခါတလေ စမ်းသပ်ကြည့်သင့်တယ်”

“ကျုပ်က လမ်းစဉ်အများကြီး ကျင့်ကြံထားပြီးတော့ မှော်ဂီတက ကျွန်တော် မပိုင်နိုင်ဆုံး စွမ်းရည်တွေထဲက တစ်ခုပါ။ တကယ်လို့ ခင်ဗျားက ကျုပ်ကို စမ်းသပ်ဖို့ ဆန္ဒရှိရင်တော့ တစ်ခုချင်းစီ စမ်းသပ်ကြည့်နိုင်ပါတယ်”ရီဖူရှင်းက ခေါင်းညိတ်ကာ အပြုံးနှင့် ပြန်ဖြေလိုက်သည်။  ယန်စွေ့သည် ရီဖူရှင်း၏ မှော်တေးသွားနှင့် ဝင်္ကပါအား ချိုးဖျက်ခဲ့သည်ကို မြင်ကာ သူမည်မျှ အရည်အချင်းရှိကြောင်း သိခဲ့ရသည်။ ထို့ကြောင့် သိသာစွာပင် သူက သုတေသန လုပ်လိုနေခြင်း ဖြစ်ပေသည်။

သူက ကောင်းကင်အာဏာစက်ဘုံရှိ တန်ခိုးရှင်များထဲတွင် နတ်ဘုရားအသံ၌ အရည်အချင်းအရှိဆုံး ဖြစ်သည်။

ရီဖူရှင်း ပြောသည်ကို ကြားသည့်အခါ ယန်စွေ့၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ချိုးသွားသည်။ ဤလူက သာမန်အမြင်နှင့် ဆန့်ကျင်စွာပင် သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်ပြခဲ့သည်။ သူက သူ၏ ကိုယ်ပိုင်မှော်ဂီတကိုပင် ချိုးချိုးဖဲ့ဖဲ့ ပြောခဲ့သော်လည်း ယန်စွေ့ကတော့ ရီဖူရှင်း ဖော်ထုတ်ခဲ့သည့် မှော်ဂီတအပေါ် ထိန်းချုပ်နိုင်မှုသည် သူပြောသလို ဆိုးဝါးလိမ့်မည်မဟုတ်ဟု မြင်ပေသည်။

“ကောင်းပါပြီ” ယန်စွေ့က ခေါင်းညိတ်လိုက်သည်။ သူက မည်သည့် စကားမှ ထပ်မပြောတော့ပေ။

ရွှမ်ထျန်းဝင်္ကပါ ဆက်လက် လည်ပတ်နိုင်စွမ်းရှိမည်လားဟု မည်သူကမှ မသိပေ။

ချင်းဟယ်က အောက်သို့ ငုံ့ကြည့်လိုက်ကာ မေးသည်။ “ကြိုးစားကြည့်ဖို့ ဆန္ဒရှိတဲ့လူ တစ်ယောက်ယောက်များ ရှိကြသေးလား”

ရွှမ်ထျန်းဝင်္ကပါ တစ်ခုလုံးက ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။ တိုက်ခိုက်မှုများသာ ဆက်လက်ပြုလုပ်ရပါက ဗြဟ္မာ့သန့်စင်ကောင်းကင်မှ တန်ခိုးရှင်များက ခံနိုင်ရည် ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် ချင်းဟယ်နှင့် အခြားနတ်မိမယ် အချို့က သူတို့ ကိုယ်တိုင် ရှေ့ဆက်ရန် စီစဉ်နေပေသည်။ သူတို့၏ ပြိုင်ဘက်များက ကောင်းကင်အာဏာစက်ပြည်ထောင်၊ ကောင်းကင်နတ်ဆိုးနန်းတော်တို့ ကဲ့သို့ အင်အားစုများသာ မဟုတ်ပါက ဝင်္ကပါကို ခက်ခက်ခဲခဲ ချိုးဖျက်ရမည်သာ ဖြစ်သည်။

ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။ “ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ နတ်မိမယ်တွေက အချိန်အကြာကြီး ဆက်တိုက် တိုက်ခိုက်ခဲ့ရတဲ့အတွက် သူတို့ရဲ့ ခွန်အားအကုန်နီးပါးကို သုံးပြီးခဲ့ကြပြီ။ အခုမှ ဝင်္ကပါကို ချိုးဖျက်ဖို့ ကြိုးစားမယ်ဆို ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ ကျုပ်တို့ မကြိုးစားတော့ဘူး။ ကျုပ် ရွှမ်ထျန်းစံအိမ်ကို လာလို့ မရနိုင်ဘူးလား” ပြောလိုက်သူမှာ ထောင်ချီနတ်တောင်မှ ကောင်းဟွမ် ဖြစ်သည်။

ထောင်ချီနတ်တောင်သည် အမြဲတစေ ထိုကဲ့သို့ပင် ဖြစ်သည်ဟု ထင်ရသည်။ သူတို့သည် ခရမ်းရင့်ကောင်းကင်နန်းတော် တိုက်ပွဲတွင်လည်း မပါဝင်ခဲ့ပေ။ ကြည့်ရသည်မှာ သူတို့က ပွဲကြည့်ပရိသတ်သက်သက်သာ လုပ်နေပုံရသည်။

“ကျွန်မတို့ ဗြဟ္မာ့သန့်စင်ကောင်းကင်က ဒီဝင်္ကပါကို ခင်းကျင်းတာက ကောင်းကင်အာဏာစက်ဘုံရဲ့ အင်အားစုအမျိုးမျိုးကို စမ်းသပ်ချင်လို့ပါ။ နောက်ကွယ်မှာ ဘာအထူးရည်ရွယ်ချက်မှ ရှိမနေပါဘူး။ ထိပ်သီးတွေထဲက ဘယ်သူကမှ ကြိုးစားကြည့်ဖို့ စိတ်ကူးမရှိတော့ဘူးဆိုရင် ကောင်းကင်အာဏာစက်ဘုံရဲ့ သာမန်အင်အားစု လူတွေလည်း ကြိုးစားကြည့်နိုင်ပါတယ်” ချင်းဟယ်က ပြန်ပြောလိုက်သည်။

လူတိုင်း၏ မျက်နှာထက်တွင် စဉ်းစားနေဟန် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ သူတို့က ချင်းဟယ် ဘာကို ဆိုလိုကြောင်း သိလိုနေကြပေသည်။

သူမက ဗြဟ္မာ့သန့်စင်ကောင်းကင် ရွှမ်ထျန်းဝင်္ကပါကို ခင်းကျင်းရခြင်း၏ နောက်ကွယ်တွင် မည်သည့် အဓိပ္ပာယ်မှ မရှိဟု ပြောခဲ့ပေသည်။ အကြောင်းပြချက်က အဓိပ္ပာယ်ကင်းမဲ့၏။

မည်သည့် အထူးအဓိပ္ပာယ်မှ မရှိခဲ့ပါလျှင် သူမက အဘယ်ကြောင့် ခါးခါးသီးသီး တိုက်ခိုက်နေရသနည်း။ ယခုအခြေအနေတွင် သူမကို ကြည့်ရသည်မှာ အလွန် လေးနက်နေသည်ဟု ထင်မှတ်ရပေသည်။

သူမ လုပ်ခဲ့သည်များကို ကြည့်လျှင် အဓိပ္ပာယ်တစ်ခုခု ရှိနေသည့် ပုံစံပင် ဖြစ်သည်။

“ဒီလိုဆိုမှတော့ ကျုပ်တို့က ဝင်္ကပါကို မတိုက်ခိုက်တော့ပါဘူး။ ဒီအတိုင်း လျှောက်ကြည့်ရတာက ပိုကောင်းပါလိမ့်မယ်” ကောင်းဟွမ်က ပြောလိုက်သည်။ သူက စူးစမ်းလေ့လာရသည်ကို ဝမ်းမြောက်ဟန်တူသည်။

မည်သည်တို့ ဖြစ်မည်ဆိုခြင်းကိုတော့ သူက စောင့်ကြည့်နေလိမ့်မည် ဖြစ်၏။

အစွမ်းထက် အင်အားစုဖြစ်သော ထောင်ချီနတ်တောင်က လက်လျှော့လိုက်သည်ဖြစ်ရာ အခြားအင်အားစုများကလည်း မကြိုးစားတော့ရန် ဆုံးဖြတ်လိုက်ကြသည်။ အားလုံးသော အစွမ်းထက် အင်အားစုများက လှုပ်ရှားပြီးခဲ့ကြပြီဖြစ်ရာ ဤတိုက်ပွဲက အဆုံးသတ်ရန် နီးကပ်လာပြီဟု ထင်ရပေသည်။

တိုက်ပွဲ ရှုထောင့်မှ ကြည့်လျှင် ရွှမ်ထျန်းဝင်္ကပါ၏ တန်ခိုးရှင်များနှင့် ကောင်းကင်အာဏာစက် ပြည်ထောင် တန်ခိုးရှင်များ၏ တိုက်ပွဲက ထိတ်လန့်ဖွယ်အကောင်းဆုံးနှင့် အပြင်းထန်ဆုံးတိုက်ပွဲ ဖြစ်ပေလိမ့်မည်။

အချိန်တိုတိုနှင့် အကျိုးသက်ရောက်မှု အများဆုံး ရှုထောင့်မှ ကြည့်ပါက ရီဖူရှင်းနှင့် ကောင်းကင်နတ်တံခါးမှ သူ့လူများသည် ဝင်္ကပါအား အချိန်တိုအတွင်း ချိုးဖျက်နိုင်ခဲ့သည်။ မည်သူကမှ ထိုသို့ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း မရှိပေ။

ထပ်ပေါင်းဆိုရလျှင် ကောင်းကင်နတ်ဆိုးနန်းတော်သည်လည်း ထူးချွန်သည့် စွမ်းအားကို ပြသခဲ့ပေသည်။

ထို့ကြောင့် မမျှော်လင့်သည့် ကိစ္စများသာ မဖြစ်ခဲ့ပါက ဗြဟ္မာ့သန့်စင်သည် မဟာမိတ်လက်ထပ်ပွဲ လုပ်လို၍ ချင်းဟယ်က လက်တွဲဖော်ရွေးခဲ့လျှင် ထိုအင်အားစု သုံးခုမှသာ ဖြစ်ပေလိမ့်မည်။

အခြားအင်အားစုများသည် ချင်းဟယ်၏ အာရုံအတွင်းသို့ပင် မဝင်ရောက်နိုင်ဘဲ ရှုံးနိမ့်ခဲ့ရသည်။

သူမက မည်သူမှ တက်မလာသည်ကို မြင်သည့်အခါ ချင်းဟယ်သည် ထရပ်ကာ ကု့ချင်းအား သိမ်းဆည်းလိုက်သည်။ သူမက လက်ကို ဝှေ့ယမ်းပြလိုက်လျှင် အားလုံးသော နတ်မိမယ်များက ပြန်လည်ဆုတ်ခွာသွားလေသည်။

“ကျွန်မတို့က ရွှမ်ထျန်းစံအိမ်မှာ စားသောက်ပွဲ ပြင်ဆင်ပေးထားပါတယ်။ အားလုံးကို ဖိတ်ခေါ်ပါတယ်ရှင်” ချင်းဟယ်က အောက်ဘက်ရှိ လူတိုင်းကို ပြောလိုက်သည်။ ဖိတ်ခေါ်ခံရသူများမှာ ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးအင်အားစုများ ဖြစ်ကြသည်။ အခြားသူများအားလုံးကတော့ သူတို့နေရာသူတို့ သိကြပေလိမ့်မည်။

ထိပ်သီးအင်အားစုများက စင်မြင့်ဆီသို့ လမ်းလျှောက်တက်သွားကြသည်။ သို့သော် ခရမ်းရင့်ကောင်းကင်နန်းတော်၏ တန်ခိုးရှင်များနှင့် ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များသည် ဤသို့နည်းလမ်းဖြင့် သွားချင်ခဲ့ကြသည်မဟုတ်ပေ။ သူတို့က ဝင်္ကပါကို ချိုးဖျက်ပြီးမှသာ သွားလိုခဲ့ကြခြင်း ဖြစ်သည်။ သူတို့က မည်းမှောင်နေသည့် အမူအရာဖြင့် လမ်းလျှောက်တက်သွားကြသည်။

သို့သော် သူတို့သည်လည်း ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အကြံအစည်ကို စူးစမ်းလိုကြ၏။ ၎င်းက ကောင်းကင်အာဏာစက်ဘုံ၏ အနာဂတ်တည်ဆောက်မှုပုံစံကို သက်ရောက်မှု ရှိစေနိုင်သည့်အတွက် သူတို့လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ချင်သည်ဖြစ်ရာ ယခု ထွက်သွားနိုင်ကြခြင်း မရှိပေ။

လူတိုင်း လျှောက်လာကြသည်ကို မြင်သည်နှင့် ချင်းဟယ်သည် ရွှမ်ထျန်းဝင်္ကပါကို ချိုးဖျက်နိုင်ခဲ့သည့် အင်အားစုသုံးခုမှ တန်ခိုးရှင်များကို ကြည့်ကာ ပြောလိုက်သည်။ “ရှင်တို့အားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်”

“ကျေးဇူးတင်ပါတယ် နတ်မိမယ်” သူတို့အားလုံးက ပြန်ဖြေလိုက်ကြသည်။ ချင်းဟယ်က မည်သည့်စကားမှ မဆိုတော့ပေ။ သူမက ရှေ့သို့ လျှောက်သွားပြီး ရည်ရွယ်ချက် ရှိရှိဟုတ်မဟုတ် မသိသော်လည်း သူမသည် ကောင်းကင်နတ်တံခါးမှ လူများရှိရာ နေရာတွင် ရပ်လိုက်ကာ ရီဖူရှင်းကို ကြည့်၍ ခေါင်းညိတ်ပြလိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset