အခန်း ( ၁၉ )

ဒဏ္ဍာရီထဲက ကြွက်ဖြူ

အပြင်စည်းဂိုဏ်းသားတစ်ယောက်၏ ဘဝမှာ ပိုင်ရှောင်ချန်းအတွက် ကျေနပ်နှစ်သက်ဖွယ်အတိဖြစ်သည်။ စားဖိုဆောင်မှ စားကောင်းသောက်ဖွယ်များကို လွမ်းမိသည်မှ လွဲ၍ အရာအားလုံးမှာ နေသားတကျဖြစ်လာသည်။

ကျင့်ကြံမှုအဆင့်မြင့်တက်လာမှု၊ ဆေးပင်နှင့်အသီးအရွက်များကို နှံစပ်စွာသိလာသောကြောင့် အကျိုးရှိသောဘဝဖြစ်သော်လည်း သူနေထိုင်သော နေရာမှာ လူသူနှင့်အလှမ်းဝေးသောကြောင့် တစ်ခါတစ်ရံ ပျင်းလာလျှင်တောင် စကားပြောဖော်မရှိပေ။

” ကျင့်ကြံသူတွေရဲ့ ဘဝက ခုလိုပဲ အမြဲအထီးကျန်ဆန််ရတာလား ” သက်ပြင်းတစ်ချက်ချရင်း ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ရှောင်ချန်းမှာ အသက်ကြီးလာသလို ရင့်ကျက်တည်ငြိမ်မှုလည်း ရှိလာလေသည်။

ဆောင်းဦးလေများ ငြိမ်လာပြီးနောက် နှင်းများ တစ်ခါတလေ စတင်ကျလာပြီး အပူချိန်မှာလည်း သိသိသာသာ ကျဆင်းလာသည်။ နှင်းမှုန်လေးများသည် လေထဲတွင် မြူးထူးပျံဝဲနေပြီး ရှောင်ချန်းစိုက်ပျိုးထားသော ဆောင်းဝိညာဉ်ဝါးပင်များသည်လည်း ဆောင်းရာသီနှင့်အပြိုင် နိုးထလာသလို ကျန်းမာသန်စွမ်းနေကြသည်။ ယခုဆိုရင် ရှောင်ချန်းအရပ်ကိုပင် ကျော်လာပြီး မြစိမ်းရောင်တောက်နေကာ အေးစက်လွန်းသည့် ဆောင်းဥတုဝယ် ရေပူစမ်းကလေးများကို မြင်တွေ့ရသည့်အလား ဖြစ်နေသည်။

အပင်နှင့် အသီးအရွက်အတွဲ၏ ပထမကျောက်တိုင်တွင် ပထမစွဲခဲ့သည်မှာ တစ်လပင်ကြာပြီဖြစ်သော်လည်း ဒုတိယအတွဲမှာ သူထင်ထားသည်ထက် ခက်ခဲနေသောကြောင့် လေ့လာရာတွင် ကြံ့ကြာနေရသည်။ သို့သော် အရေးကြီးသည်မှာ ပထမကျောက်တိုင်၏ ပထမနေရာကို ကျိုးရှင်းချီ ပြန်မယူနိုင်စေရေး ဖြစ်သည်။ကံဆိုးစွာပင် ရှောင်ချန်းအတွက်လည်း ဆေးပင်အားလုံး၏ အချက်အလက် တစ်ခုချင်းစီကို ဆက်စပ်၍ မှတ်သားရသည်မှာ အခုထိခက်ခဲသော အခြေအနေမှာပင် ရှိသေးသည်။

” ငါလည်း အခုဆို နေရာတစ်ခုကို ရလာပြီ ၊ အဲ့ဒီ ကျိုးရှင်းချီဆိုတဲ့ မိန်းမငါ့ထက်သာတာမျိုး အဖြစ်မခံနိုင်ဘူး”
ထိုအချိန်မှစ၍ ရှောင်ချန်းသည် သူ့ကိုယ်သူ လူပုံအလယ်တွင် လိပ်သမားတော်အဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ကြေညာနိုင်သည့် အဆင့်ထိရောက်အောင် အပြင်းအထန်ကြိုးစားရန် ဆုံးဖြတ်ချက်ချလိုက်သည်။

အပင်နှင့် အသီးအရွက် ဒုတိယတွဲတွင် တိုးတက်မှု နေးကွေးသော်လည်း ထာဝရအသက်ရှည်နည်းပညာရပ်ကို ကျင့်ကြံရာမှာတော့ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး သေးငယ်သောလှည့်ပတ်ခြင်းကို အပြည့်အဝ လုပ်ဆောင်နိုင်ရန်ပင်နီးစပ်နေသည်။

နာကျင်မှုဝေဒနာမှာ ဆိုးသထက်ဆိုးလာသော်လည်း ရှောင်ချန်းမှာ ‘မသေဆုံးခြင်း’ နှင့် ‘ ထာဝရရှင်သန်ခြင်း’ ဆိုသော စကားနှစ်လုံးကိုသာ ထပ်တလဲလဲ နှလုံးသွင်း၍ အားတင်းနေရသည်။

“နောက် သုံးရက်ပါပဲ…. ထာဝရရှင်သန်နည်းပညာရပ်ထဲက ဖော်ပြထားတဲ့အတိုင်းဆိုရင် နောက်သုံးရောက်နေရင် စက်ဝန်းငယ်အဆင့်ကို ငါရောက်ပြီပဲ ” ပိုင်ရှောင်ချန်းသည် အသက်ကိုပြင်းပြင်းရှူ အံကိုတင်းတင်းကြိတ်ရင်း အရှိန်ကို မြှင့်တင်လိုက်သည်။ တစ်ချိန်တည်းမှာလည်း အပင်နှင့် အသီးအရွက် ဒုတိယတွဲကို လေ့လာနေသေးသည်။

တတိယမြောက်နေ့ ညနေတွင် နှင်းများကျဆင်းနေပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ပေါ်တွင် ငွေမင်ရည် ခြုံထည်ပါးတစ်ခု အသာလွှားထားသည့်အလား ဖြစ်နေသည်။

ပိုင်ရှောင်ချန်းမှာ ပြေးနေရင်းတန်းလန်း ကိုယ်တွင်းမှ တုန်ခါမှုတစ်ခု ပေါ်ပေါက်လာခြင်း ကြောင့် ရုတ်တရက်ရပ်လိုက်ရသည်။ ရှစ်ဆယ့်တစ်ရက်ကြာ ခံစားသည်းခံခဲ့ရသော နာကျင်မှုများ လည်း ရုတ်ချည်း ပျောက်ကွယ်သွားသည်။

အပူစီးချောင်းတစ်ခုက သူ့ကိုယ်ကို ဖြတ်၍ စီးဆင်းလာပြီး အသားအရေများမှာ မီးဖို တစ်ခုပေါ်တွင် ကင်ထားသလိုပူလာသည်။

နှင်းခဲများသည် သူကိုယ်နှင့် မထိတွေ့ခင်မှာပင် အရည်ပျော်သွားပြီး အဖြူ ရောင်မြူ များအဖြစ်သို့ ပြောင်းလဲသွားသည်။

” အောင်မြင်ပြီကွ…..”
အပူကြောင့် လည်ချောင်းတစ်ခုလုံး ခြောက်ကပ်နေသည့်ကြားမှပင် အားရပါးရ ကြွေးကြော်လိုက်သည်။ မီးကင်ထားသည့်ပမာ သူခံစားနေရသော်လည်း ငုံ့ကြည့်လိုက်သောအခါ အနက်ရောင် အလင်းတန်းတစ်ခုက သူ့ကိုယ်ပေါ်တွင် လှည့်လည်စီးဆင်းနေပြီး ခဏအကြာ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

ညာလက်ဖြင့် ကိုယ့်လက်မောင်းကို ပြန်ပုတ်ကြည့်လိုက်ရာ အံအားသင့်ဖွယ်မာကြောနေသည်။ သူ့မျက်လုံးများ တလက်လက် တောက်ပလာပြီး ခြေနှင့်လက်များကို လှုပ်လိုက်သောအခါ အရင်ကထက် ပိုမြန်လာသဖြင့် စမ်းပြေးကြည့်လေသည်။ မျက်တစ်ခတ်အတွင်းမှာပင် အံသြမှုဖြင့် အော်မိသည်အထိ မယုံနိုင်လောက်ဖွယ် အကွာအဝေးသို့ သူရောက်ရှိသွားလေသည်။

အရင်ထက်နှစ်ဆလောက် ပိုမိုမြန်လာသောကြောင့် ရှောင်ချန်းမှာ အပျော်လွန်နေပြီး အားပါးတရ ပတ်ပြေးနေတော့သည်။

ထို့နောက် တုံ့ဆိုင်းမနေတော့ဘဲ ထာဝရအသက်ရှည်နည်းပညာရပ်ကို သုံး၍ ကျင့်ကြံမှုကိုစတင်လေသည်။ နောက်တစ်ဆင့်မှာ သူ့ပါးစပ်နှင့် နှာခေါင်းကို ပိတ်၍ အရေပြားမှတစ်ဆင့် အသက်ရှူ သွင်းခြင်းဖြစ်သည်။ လေ အရှူ အထုတ် တစ်ကြိမ်စီကို တစ်ပတ်အဖြစ် သတ်မှတ်၍ တစ်ရက်ကို ရှယ့်ဆယ့်တစ်ပတ်နှုန်းဖြင့် ရှစ်ဆယ့်တစ်ကြိမ် လေ့ကျင့်ရသည်။

ရှစ်ဆယ့်တစ်ရက်ပြည့်ပြီးမှ သေးငယ်သောလည်ပတ်ခြင်းနှင့် ပေါင်းစပ်လိုက်လျှင် ထာဝရအရေပြား၏ ကနဦးအဆင့်ကို အောင်မြင်မည်ဖြစ်သည်။

အကြိမ်အနည်းငယ် လေ့ကျင့်အပြီးမှာပင် ပိုင်ရှောင်ချန်းမှာ မဟန်နိုင်တော့ဘဲ တစ်ပတ်တစ်ပတ်ရောက်ရန် အတော်ရုန်းကန်အားတင်းနေရသည်။ အသက်အောင့်ထား ရသောကြောင့် သူ့ခန္ဓာကိုယ်မှာလည်း ပို၍ပင် အရိုးများငေါထွက်လာသလို ဖြစ်လာသည်။

ဗိုက်ဆာလာသောကြောင့် ဝမ်းဗိုက်အတွင်းမှ ‘တဂွီဂွီ’သံများ ထွက်ပေါ်နေသည်ကိုပင် ကြားလာရသည်။ လျစ်လျူ ရှု၍ အသက်ဆက်ရှူ နေရာ နောက်ဆုံး ဆယ့်ငါးကြိမ်မျှအပြီးတွင် သူ့ခန္ဓာကိုယ်မှာ အရိုးလေးတွေ အိတ်ထဲထုပ်ထားသည့်အလား ဖြစ်လာတော့သည်။

ခန္ဓာကိုယ်မှ အာဟာရအားလုံးကို စုပ်ယူခံထားရသလို နုံးချိလာပြီး အရေပြားများလည်း ခြောက်သွေ့လာသည်။ ရှောင်ချန်း၏ အမြင်အာရုံမှာ ဝေဝါးလာပြီး ဆက်ထိန်းထားနိုင်စွမ်းမရှိတော့ချေ။ ဆာလောင်မှုကြောင့် မျက်လုံးကြောများပင် ထောင်လာပြီး ဆင်တစ်ကောင်လုံးကိုပင် တစ်ကိုက်တည်းကိုက်စားနိုင်လောက်အောင် ဖြစ်လာသည်။

” ဒါမဖြစ်တော့ဘူး….. ငါလည်းဆာလို့သေတော့မယ်” ငတ်ငတ်ပြတ်ပြတ်နှင့် အစာလိုက်ရှာမည်ဆိုမှ သူ့အနီးတဝိုက်တွင် စားစရာနှင့် တူသည်ဆိုလို့ စိုက်ထားသော ဝါးပင်များသာရှိသည်။ ငတ်ပြတ်နေသူအဖို့ ဝါးမျှစ်ကပင် စွဲဆောင်မှု ရှိနေသလိုဖြစ်နေသည်။

ဆာလောင်မှုကို မထိန်းနိုင်သည့်အဆုံး ဆောင်းဝိညာဉ်ဝါးပင်တစ်ပင်မှ မျှစ်ကိုတစ်ကိုက် ကိုက်လိုက်သည်။

“ခါးလိုက်တာ….. ငါစားစရာ အစစ်တစ်ခုခု စားမှဖြစ်မယ် ”
သတိလစ်မတတ် ငတ်ပြတ်နေမှ စားဖိုဆောင်ကို အရင်ကထက် ပိုလွမ်းလာသည်။ နောက်ဆုံး မနေနိုင်တော့ဘဲ ဝန်းအပြင်သို့ ပြေးထွက်လာတော့သည်။ တောင်တက်လမ်း တစ်လျှောက် အမြန်ပြေးဆင်းလာရာ လမ်းတစ်လျှောက် ဘေးမှဖြတ်သွားသော ဂိုဏ်းသားများမှာ ရှောင်ချန်း၏ အရှိန်ကို တအံတသြငေးကြည့်ရင်း ကျန်ခဲ့ကြသည်။

အစေခံတန်းလျားရှိ စားဖိုဆောင်သို့ အပြေးသွားပြီးနောက် တံခါးပင် မဖွင့်နိုင်တော့သောကြောင့် အပေါ်မှ ခုန်ဝင်လာသည်။

စားဖိုဆောင်အစေခံများသည် စားဖိုဆောင်အလယ်တွင် ချက်ပြုတ်နေကြသည်။ ဖက်တီးကျန်းနှင့် အမှတ်သုံးဖက်တီးဟီ မရှိတော့သောကြောင့် အမှတ်နှစ်ဖက်တီး ဟွမ် က ဦးစီးနေရသည်။

ဖက်တီးဟွမ်က ပန်းကန်လုံးတစ်ခုထဲသို့ ဆန်ပြုတ်ကို ခပ်ထည့်နေစဉ် ရုတ်တရက်လေဟပ်သွားပြီး ပန်းကန်းမှာ ပျောက်သွားသည်။ နောက်လှည့်ကြည့်လိုက်မှ ရှောင်ချန်းသည် ပန်းကန်ထဲခေါင်းနှစ်ကာ သောက်နေသည်ကို တွေ့မြင်လိုက်ရသည်။

” ဟ…”
ဟွမ်လည်း ရုတ်တရက်ဆိုတော့ ကြောင်သာကြည့်နေရသည်။ ကျန်သည့်သူများလည်း ဘာမှမပြောနိုင်ခင် ရှောင်ချန်းသည် အနီးရှိ ဒယ်အိုးတစ်လုံးကို လှမ်းဆွဲလိုက်ပြီး တစ်ဒယ်လိုက် သောက်ပြန်သည်။

တစ်ဒယ်…နှစ်ဒယ်…..သုံးဒယ်…။ ရှောင်ချန်းသည် ဆန်ပြုတ်ဒယ်အလုံးတစ်ရာလောက် ကို သောက်ပြီးတာတောင်မှ မဝသေးပေ။ သူ့ဗိုက်မှာ ကြွက်တွင်းလို ဘယ်လောက်ဖြည့်ဖြည့် ပြည့်သည်ဟူ၍ မရှိ။

“ဆာတယ်ဗျာ လုပ်ကြပါဦး။ ဗိုက်တွေအရမ်းဆာနေလို့။ အသားလေးဘာလေး မရှိကြဘူးလား”

စားဖိုဆောင် ဖက်တီးများမှာ ရှောင်ချန်းကို ငတ်ပြတ်ပြီး သေထားသော ဖုတ်သဘက်ဝင်နေသည့်အလား ထင်မှတ်ကာ လန့်နေကြသည်။

ခဏကြာသည်အထိ ရှောင်ချန်းက သူတို့ကို သွားရည်တမြမြဖြင့် အသနားခံနေမှ သတိပြန်လည်လာပြီး ဖက်တီးဟွမ်က ” အမှတ်ကိုး ဖက်တီး၊ မီးဖိုဆောင်ထဲမှာ အကြီးအကဲကျိုးအတွက် ပြင်ထားတဲ့ စိတ်စွမ်းအင်အစားအစာတွေ ကျန်သေးတယ်မလား”

ပိုင်ရှောင်ချန်း မှာ စကားပြန်ကိုပင်မစောင့်တော့ဘဲ မီးဖိုဆောင်ထဲ အပြေးဝင်သွားတော့သည်။ အပြင်မှာတော့ ဖက်တီးဟွမ်နှင့် အခြားဖက်တီးများမှာ စိတ်မကောင်းစွာဖြင့်သာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလေသည်။

“တွေ့တယ်မလား ညီတို့.. … အပြင်စည်းဂိုဏ်းကို ရောက်သွားရင် ဘယ်လိုဖြစ်မယ်ဆိုတာ။ ညီလေးရှောင်ချန်း ခုလို အငတ်ကြမ်းနေတာသာ ကြည့်တော့ကွာ……..”

“ဟုတ်ပါတယ်ကိုကြီးရာ… ကျွန်တော်သာ စိတ်ရူးပေါက်ပြီး အပြင်စည်းဂိုဏ်းသား ဖြစ်ချင်တယ်ဘာညာပြောရင် နားရင်းဆယ်ချက်လောက်ချပြီးသာ ဆုံးမပေးဗျာ ” ကျန်ဖက်တီးများမှာလည်း ရှောင်ချန်းအတွက် စိတ်မကောင်းဖြစ်သည့်ကြားမှပင် ဆုံးဖြတ်ချက် ချကြသည်။

ရှောင်ချန်းလဲ ရှိသည့်အစားအစာလေးကို စားဖိုဆောင်စည်းမျဉ်း ခြောက်ချက်နှင့်အညီ စားသုံးရသောကြောင့် သူ့ကိုသူထိန်းကာ တစ်ခုလုံးမစားမိအောင် ကြိုးစားနေရသည်။ စည်မျဉ်းကို ဖောက်ဖြတ်မိ၍ ဖက်တီးအစ်ကိုများ ဒုက္ခရောက်မည့် အဖြစ်မျိုးကိုလဲ အဖြစ်မခံချင်ပေ။

ဆန်ပြုတ်အဝသောက်ပြီး စိတ်စွမ်းအင်အစားအစာကို မသိမသာ စားပြီးမှသာ အဆာမပြေသေးသော်လည်း နေသာထိုင်သာတော့ ရှိသွားသည်။ ငိုရမလို ရယ်ရမလိုဖြင့် မီးဖိုဆောင်မှ ထွက်လာသည်။ ထာဝရအသက်ရှည်ခြင်းကျင့်စဉ်မှာ တုန်လှုပ်ဖွယ်ကောင်းလှသည်။ နာကျင်မှုကို မခံစားရတော့သော်လည်း ယခုခံစားရသော ဆာလောင်မှုမှာ လူတစ်ယောက်ကို ရူးသွားစေနိုင်လောက်သည်။

“အမှတ်နှစ် အစ်ကိုကြီး…..” ဖက်တီးဟွမ်ကို ရှက်ရှက်နှင့်ကြည့်ရင်း ခေါ်လိုက်သည်။

ရှောင်ချန်း မူမှန်သွားမှ ဖက်တီးဟွမ်မှာ စိတိဒုံးဒုံး ချရတော့သည်။ ထို့နောက် ရှောင်ချန်းဆီ လျှောက်လာပြီး ပုခုံးကို ကိုင်၍ စာနာစွာပြောလေသည်။

“ညီလေး ရှောင်ချန်း ဘာမှမပူနဲ့သိလား။ အစ်ကိုကြီးတို့လဲ အကြီးအကဲကျိုးအတွက် အစားအသောက်ပြင်နေတာနဲ့ ကြုံလို့ အတော်ပဲဖြစ်သွားတာ။ နောက်လဲ ဆာလာရင် လာသာစားကွာ ”

ပိုင်ရှောင်ချန်း ရင်ထဲခံစားသွားရသည်။ သို့သော် ဆန်ကျင်ဘက်အနေနှင့် နောက်ထပ်မလာရန် ဆုံးဖြတ်လိုက်သည်။ နောက်တစ်ခါ ထပ်ပြီး အထိန်းအကွပ်မဲ့ဖြစ်လာပါက စားဖိုဆောင်တစ်လုံးက စားစရာများကို စားမိပြီး ဖက်တီးများ ဒုက္ခရောက်မှာကို သူ မလိုလားပေ။

အမှတ်နှစ်ဟွမ်နှင့် အခြားဖက်တီးများက ရှောင်ချန်းကို တောင်ခြေထိလိုက်ပို့ရာ ရှောင်ချန်းမှာ အတတ်လမ်းတစ်လျှောက် သက်ပြင်းတစ်ချချနှင့် တွေးပူလာသည်။

” အရင်က စိတ်စွမ်းအင် နတ်စမ်းရေဂိုဏ်းသားထဲမှာ အဆာလွန်လို့ သေတဲ့သူရှိလားမသိဘူး။ မရှိဘူးဆိုရင် ငါတော့ ပထမဆုံး ငတ်သေတဲ့မသာ အဖြစ်မခံနိုင်ဘူး….” ငြီးငြီးတွားတွားဖြင့် အငတ်ဘေးအတွက် ခေါင်းရှုတ်နေစဉ်မှာပင် အဝေးဆီမှ ကြက်တွန်သံ သဲ့သဲ့ကြားလိုက်ရသည်။

ထိုအသံကြောင့် ရုတ်တရက်ခြေလှမ်းများတန့်သွားပြီး အသံလာရာအရပ်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။

“ကြက်တွေ……”
ဘေးဘီကို အခြေအနေတစ်ချက် ကြည့်ပြီးနောက် လူမမြင်မှန်းသေချာလျှင် ဘေးရှိချုံပုတ်ထဲသို့ လှစ်ခနဲ့ခုန်ဝင်လိုက်သည်။ ထို့နောက် ကြွက်ဖြူဆိုသော နာမည်နှင့် လိုက်အောင်ပင် ချုံထဲမှတိုး၍ တိတ်တဆိတ်သွားလေသည်။

ခဏအကြာတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဝိညာဉ်ကြက်ခြံ သို့ ရောက်ချလာသည်။ ခြံထဲတွင် လှုပ်ရှားသွားလာနေသော နွားသားပေါက်အရွယ်လောက်ရှိသည့် အမြီးသုံးရောင်ခြယ် ကြက်များကိုကြည့်ရင်း ရှောင်ချန်းမှာ သွားရည်များပင်ကျလာသည်။

“အသားစားရပြီကွ……” အူမြူ းစွာဖြင့် တခစ်ခစ်ရယ်မောလိုက်ရင်း တိတ်တဆိတ်ရေရွတ်လိုက်သည်။ လမ်းတွင်ကြားရသော ကြက်တွန်သံကို မိုးနတ်မင်း၏ ခေါ်သံအလား တွေးတောကာ ပီတိဖြာ၍ ပြုံးဖြီးနေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset