Switch Mode

အပိုင်း(၁၄၆၆)

ရွှမ်ထျန်းစံအိမ်

ထိုသတင်းများ ပျံ့နှံ့သွားပြီးနောက် ဗြဟ္မာ့ကောင်းကင်မြို့ရှိ အားလုံးသော တန်ခိုးရှင်များမှာ ရွှမ်ထျန်းစံအိမ်သို့ ရောက်ရှိလာကြသည်။

ဗြဟ္မာ့ကောင်းကင်မြို့ရှိ ရွှမ်ထျန်းစံအိမ်သည် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ကျိုထျန်းနတ်မိမယ် ကိုးပါးထဲမှ တစ်ပါးဖြစ်သော  ရွှမ်ထျန်းနတ်မိမယ်၏ စံအိမ်ဖြစ်သည်။ ပထမမျိုးဆက်၏ ရွှမ်ထျန်းနတ်မိမယ်သည် ဤနေရာ၌ အချိန်အတော်ကြာ နေနေခဲ့ပြီးနောက် ရွှမ်ထျန်းစံအိမ်သည် ရွှမ်ထျန်းနတ်မိမယ်၏ တပည့်များ လက်ခံရာ နေရာဖြစ်လာသည်။

ရွှမ်ထျန်းစံအိမ်သည် ဗြဟ္မာ့ကောင်းကင်မြို့၏ အဓိကနေရာတွင် တည်ရှိပြီး ကောင်းကင်သို့ ထိုးတက်နေသည့် ထောင်သောင်းချီသော လှေကားထစ်များ ရှိနေသည်။

ရွှမ်ထျန်းစံအိမ်၏ လှေကားအထက်တွင် အဆုံးမဲ့ ဗြဟ္မာ့ကောင်းကင်မြို့ကို အကြည့်တစ်ချက်နှင့် မြင်နိုင်ပေသည်။

ယခုတွင် ရွှမ်ထျန်းစံအိမ်အောက်ဘက်ရှိ စားသောက်ဆိုင်များတွင် လူများနှင့် ပြည့်နှက်နေသည်။ မရေတွက်နိုင်သော လူများသည် ကြိုတင်ရောက်ရှိနေကြပြီး ဤနေရာအား အလွန် လှုပ်ရှားသက်ဝင်နေစေသည်။

လူတိုင်းသည် သူတို့၏ ခုံများကို ရွေးချယ်ကာ ဗြဟ္မာ့ကောင်းကင်မြို့၏ တိုက်ပွဲကို ကြည့်ရန် စောင့်ဆိုင်းနေကြသည်။

ဗြဟ္မာ့ကောင်းကင်မြို့ကို ဤနေရာမှ ရှုစားနိုင်သည်။

ဤစားသောက်ဆိုင်သည် ရှုမြင်ကွင်းကောင်းကောင်း ရှိပြီး အပေါ်ဆုံးအထပ်တွင် အရေးကြီးသည့် သူများ နေထိုင်နိုင်သည်။ သူတို့က ခမ်းနားသည့် ရွှမ်ထျန်းစံအိမ်ဆီသို့ ကြည့်နေကာ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များ၏ ပုံရိပ်ကို စိတ်ကူးဖြင့် မှန်းဆကြည့်နေကြသည်။

မြို့မှ လူများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာနေကြသည်။

သူတို့သည် ဗြဟ္မာ့ကောင်းကင်မြို့၌ နေထိုင်သော်လည်း ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များ အခြားသူတို့နှင့် တိုက်ခိုက်သည်အား မြင်တွေ့ခွင့်ရရန်မှာ မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။ ဤမြို့အတွင်း မည်သူက ဗြဟ္မာ့သန့်စင်ကောင်းကင်ကို ဆန့်ကျင်တိုက်ခိုက်နိုင်မည်နည်း။

ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ်နတ်မိမယ် ချင်းဟယ်သည် ကောင်းကင်အာဏာစက်ဘုံတွင် ကျော်ကြားခြင်းမှာ သူမ၏ ရင်သပ်ရှုမောဖွယ် အလှကြောင့် ဖြစ်သော်လည်း သူမ၏ ခွန်အားကို မည်သူကမှ လျစ်လျူ မရှုရဲကြပေ။ ယခုတွင် သူမသည် တိုက်ပွဲ၌ ပါဝင်လာလိမ့်မည် ဖြစ်သည်။ သူမ၏ တိုက်ခိုက်မှုက မည်မျှ ကျက်သရေ ရှိလိမ့်မည်နည်း။

ထို့ပြင် သူမ ရင်ဆိုင်မည့် လူများသည် ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးတန်ခိုးရှင်များ ဖြစ်သည်။ များပြားလှသော လူများသည် ဤတိုက်ပွဲက အရှင်မကိုယ်တိုင် စီစဉ်သည်လား ချင်းဟယ် စီစဉ်သည်လား ဆိုခြင်းကိုပင် စိတ်ဝင်စားနေကြ၏။

မည်သူကမှ အဖြေကို မသိကြပေ။ နှစ်ခုလုံးလည်း ဖြစ်နိုင်ပေသည်။

ချင်းဟယ်က ဤနည်းလမ်းဖြင့် သူမ၏ လက်တွဲဖော်ကို ရွေးချယ်လိုသည်ဆိုလျှင် သူမက ရွေးချယ်ခံများ၏ ခွန်အား အစစ်အမှန်ကို စမ်းသပ်ပေလိမ့်မည်။ ကျင့်ကြံခြင်းလောကတွင် တိုက်ခိုက်ခြင်းက အကောင်းဆုံး စစ်ဆေးသည့် နည်းလမ်းဖြစ်သည်။

ယနေ့တွင် ပို၍ များပြားသော လူများ ဗြဟ္မာ့ကောင်းကင်မြို့သို့ ရောက်ရှိလာကြပြီး သူတို့သည် ဗြဟ္မာ့သန့်စင်ကောင်းကင်က ဤတစ်ကြိမ်၌ အမှန်တကယ် အလေးအနက်ထားကာ ချင်းဟယ်အတွက် တာအိုလက်တွဲဖော် ရွေးချယ်နေခြင်း ဖြစ်နိုင်သည်ဟု တွေးလာကြပေသည်။

“ပြောကြတာတော့ ဒီတစ်ခေါက် ကောင်းကင်အာဏာစက်ဘုံက ထိပ်သီးအင်အားစုတွေတင်မကဘဲ နတ်ဆိုးဘုံက ထိပ်သီးတွေလည်း ရောက်နေကြတယ်တဲ့။ ချင်းဟယ်နတ်မိမယ်နဲ့ တွေ့ရဖို့ ရွှမ်ထျန်းဝင်္ကပါကို ဘယ်သူက ချိုးဖျက်ပြီး ရွှမ်ထျန်းစံကို ဝင်ရောက်နိုင်မယ် ထင်လဲ” စားသောက်ဆိုင်အတွင်းမှ တစ်ယောက်က မေးလိုက်သည်။

“သူတို့အားလုံးမှာ အခွင့်အရေးရှိကြတယ်” တစ်ယောက်က ပြောလိုက်သည်။ သူ၏ စကားလုံးများကို ကြားသည့်အခါ ရုတ်တရက် လူအများက ပြောလိုက်သည့်သူအား လှည့်ကြည့်လိုက်ကာ သူတို့၏ မျက်လုံးများထဲတွင် အထင်အမြင်သေးခြင်းတို့နှင့် ပြည့်နေခဲ့သည်။

လူငယ်လေးသည် လူအများ၏ မျက်လုံးများကို မြင်သည့်အခါ သူ ပြောတာ မှားသွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူ၏ မျက်နှာက အနည်းငယ် ရဲသွားခဲ့ပြီး သူက စားပွဲတစ်ခုတည်းရှိ စီနီယာများကို ကြည့်လိုက်သည်။

သူ၏ စီနီယာများသည်လည်း သူ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “ဗြဟ္မာ့သန့်စင်ကောင်းကင်က နတ်မိမယ် ချင်းဟယ်အတွက် လက်တွဲဖော်ရှာချင်တယ်ဆိုရင် လူတွေအများကြီးက ဒီတိုက်ပွဲမှာ ဖယ်ထုတ်ခံရလိမ့်မယ်။  နတ်မိမယ်ချင်းဟယ်က ဘယ်လောက်အစွမ်းထက်လဲ သိလား။ ပြီးတော့ ကျိုထျန်းနတ်မိမယ်တွေ လက်အောက်မှာ အစွမ်းထက် နတ်မိမယ်တွေ ဘယ်လောက်များလဲဆိုတာကိုရော သိလား။ သူတို့က ဒီဝင်္ကပါကြီးမှာ ပါဝင်အားဖြည့်ကြမှာမို့ ကောင်းကင်အာဏာစက်ဘုံရဲ့ ဒီမျိုးဆက်တွေအတွင်း ဘယ်သူမှ မဖြိုခွဲနိုင်တာတောင် ဖြစ်သွားနိုင်တယ်”

“ဒါပေမဲ့ ဒီတစ်ခေါက် လာတဲ့ လူတွေ အားလုံးက ထိပ်သီးပုဂ္ဂိုလ်တွေချည်းပဲ။ သူတို့အတွက် အရမ်းမခက်လောက်ပါဘူး.. ဟုတ်တယ်မလား” လူငယ်လေးက ရေရွတ်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ လူရယ်ခံရမှာ ကြောက်နေပုံရကာ အသံတိုးတိုးနှင့်သာ ရေရွတ်ခြင်း ဖြစ်သည်။

“ဒါက သူတို့ ဘယ်လောက်ထိ ကောင်းကောင်း ပူးပေါင်းနိုင်လဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ သူတို့က ဗြဟ္မာ့သန့်စင်ကောင်းကင်က နတ်မိမယ်တွေ အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ ဝင်္ကပါကို ရင်ဆိုငရမှာလေ။ လက်ရှိမှာ အဲဒါက ဘယ်လောက်ထိ အစွမ်းထက်လဲ ဘယ်သူမှ မသိပေမဲ့ ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ ထူးချွန်တဲ့ စွမ်းရည်က ဘာလဲဆိုတာ မမေ့နဲ့လေ” စီနီယာတစ်ယောက်က ဆက်ပြောလိုက်သည်။

“စိတ်ဝိညာဉ်တိုက်ခိုက်ခြင်း” လူငယ်လေးက ပြန်ဖြေလိုက်သည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ပြိုင်ဘက်ကင်း အရှင်မသည် ဘုံသုံးထောင်လုံးမှ အားလုံး၏ စိတ်ကို ဖတ်နိုင်ပေသည်။

ဗြဟ္မာ့သန့်စင်ကောင်းကင်၏ တိုက်ခိုက်မှုစွမ်းအားသည်လည်း မယုံကြည်နိုင်လောက်အောင်ပင် ကောင်းမွန်လှသည်။

“အရှင်မက နှစ်ပေါင်းများစွာအတွင်း ဘယ်တိုက်ပွဲမှ မပါဝင်ခဲ့ဘူး။ အခုခေတ်လူတွေက သူမရဲ့ ပြိုင်ဘက်ကင်းအလှနဲ့ တောက်ပမှုကိုပဲ သိကြတယ်။ အဲဒီအချိန်တုန်းက အရှင်မ ဘယ်လောက်ထိ ကြီးကျယ်ခမ်းနားခဲ့လဲဆိုတာ မေ့ပျောက်နေကြတယ်” စီနီယာတစ်ဦးက ခံစားချက်အပြည့်နှင့် ပြောလိုက်သည်။ လူအများသည်လည်း အတိတ်မှ အကြောင်းအရာတို့ကို တွေးမိကာ ခံစားချက်အတွင်း နစ်မြုပ်သွားကြသည်။

“မကြာသေးခင်က ကောင်းကင်နတ်တံခါးဂိုဏ်း အပြင်ဘက်မှာ အရမ်းအစွမ်းထက်တဲ့ နတ်ဘုရားအသံဆိုတဲ့ အသံလှိုင်းပညာရပ်ကို အသုံးပြုခဲ့တဲ့ နတ်ဘုရားနန်းတော်က တန်ခိုးရှင်တွေ ရှိခဲ့တယ်။ ဒါပေမဲ့ ပြောကြတာတော့ ချင်းဟယ်နတ်မိမယ်ရဲ့ မဟာဗြဟ္မာ့ကောင်းကင်ဘုံအသံ ကျင့်စဉ်က ဗြဟ္မာ့သန့်စင်ကောင်းကင် ရန်ဟောင်အဆင့်အောက်မှာ နံပါတ်တစ်ပဲတဲ့လေ”

“မဟာဗြဟ္မာ့ကောင်းကင်ဘုံအသံ” လူအများက ရေရွတ်လိုက်သည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်သည် အသံလှိုင်းတိုက်ခိုက်မှုတွင် ထူးခြားပြောင်မြောက်ခြင်းမဟုတ်ဘဲ မဟာဗြဟ္မာ့ကောင်းကင်ဘုံအသံက တစ်စုံတစ်ယောက်၏ စိတ်ကို နှောက်ယှက်ကာ ဝိညာဉ်ကို တိုက်ခိုက်ခြင်းဖြစ်သည်။ ဝိညာဉ်သန့်စင်ခြင်းနတ်ဓားနှင့် ပူးပေါင်းလိုက်သည့်အခါ မဟာဗြဟ္မာ့ကောင်းကင်ဘုံအသံက ပြိုင်ဘက်ကင်းလုနီးပါး စိတ်ဝိညာဉ်သတ်ခြင်း ပညာရပ်ဖြစ်လာပေသည်။ ယင်းကို ကောင်းကင်အာဏာစက်ဘုံတွင် စိတ်ဝိညာဉ်တိုက်ခိုက်ခြင်း ပညာရပ်တွင် အားအကောင်းဆုံး တိုက်ခိုက်မှုအဖြစ် အသိအမှတ်ခြင်း ခံခဲ့ရသည်။

ယခုတွင် နတ်မိမယ်များအားလုံးက ရွှမ်ထျန်းဝင်္ကပါကို အတူတကွ ထိန်းချုပ်ကြမည် ဖြစ်သည့်အတွက် စွမ်းအားက ပြင်းထန်လှသည်။ လူများက သူတို့ ကိုယ်တိုင် မြင်တွေ့သောအခါမှသာ သိရှိပေလိမ့်မည်။

“ဗြဟ္မာ့သန့်စင်ကောင်းကင်ကလည်း ဂီတလမ်းစဉ်မှာ ကောင်းတာပဲလား။” ထိုအချိန်တွင် အသံတစ်ခုက ပြောလိုက်သည်။ ထိုအသံက အရမ်းမကျယ်သော်လည်း ထူးဆန်းသည့် စွမ်းအားရှိကာ လူအများက ရှင်းလင်းစွာ ကြားနိုင်ပေသည်။

သူတို့က အသံလာရာကို ကြည့်လိုက်သည့်အခါ ကောင်းကင်၌လာနေသည့် အဖွဲ့တစ်ဖွဲ့ကို မြင်လိုက်ရသည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းတွင် ထူးခြားသော အရှိန်အဝါရှိကာ သူတို့နောက်မှ လိုက်ပါလာသူများမှာ မည်သည့် အသက်ဓာတ်မှ ထုတ်လွှတ်ခြင်းမရှိလျှင်ပင် လူအများသည် သူတို့၏ အကြည့်များမှတဆင့် ပြင်းထန်သော ဖိအားကို ခံစားမိကြပေသည်။ ထိုလူများအားလုံးသည် ရန်ဟောင်အဆင့်များ ဖြစ်ကြသည်။

သူတို့အားလုံးသည် ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များ ဖြစ်ကြသည်။ ဦးဆောင်လာသူမှာ ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံ ရီထျန်းယွိ ဖြစ်ကာ ကျန်သူများက သူ၏ ညီအစ်ကိုများ ဖြစ်ပေလိမ့်မည်။

သူတို့တစ်ယောက်ချင်းစီက ထိပ်သီးအဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

လတ်တလော ကောလာဟလထွက်နေသည်မှာ ကောင်းကင်အာဏာစက် ပြည်ထောင် ဘိုးဘေးသင်္ချိုင်းကို အပြီးတိုင် တူးဖော်ခြင်းမှ အချို့အရာများ ရရှိခဲ့ပြီး ဤသူများ ပိုမိုအားကောင်းလာခြင်း ဖြစ်နိုင်သည်။

“ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ မဟာဗြဟ္မာ့ကောင်းကင်ဘုံအသံက တကယ်ပဲ စိတ်ဝိညာဉ်ကို တိုက်ခိုက်ဖို့ ရည်ရွယ်တဲ့ ဂီတပညာရပ်တစ်ခုပဲ။ ဒါပေမဲ့ ဂီတလမ်းစဉ်သက်သက်တော့ မဟုတ်ဘူး” ရီထျန်းယွိက ပြောလိုက်သည်။ သူ၏ ဂျူနီယာညီလေးက နတ်ဘုရားအသံနန်းတော်မှ လာခြင်းဖြစ်ကာ နန်းတော်သခင်၏ တိုက်ရိုက်တပည့် ဖြစ်သည်။ အသံလမ်းစဉ်ပေါ်၌ သူ၏ သဘောပေါက်နားလည်နိုင်မှုက နတ်ဘုရားနန်းတော်ရှိ ရန်ဟောင်အဆင့်အောက်တွင် အကောင်းဆုံး ဖြစ်သည်။ ကောင်းကင်အာဏာစက်ဘုံတွင် သူ၏ ဂီတစွမ်းရည်မှာ ပြိုင်ဘက်ကင်းဖြစ်ပေလိမ့်မည်။

လူငယ်လေးက ခေါင်းညိတ်၍ ပြုံးကာ ပြောလိုက်သည်။ “ဒီလိုဆိုရင် ပိုပြီးတောင် သွားကြည့်သင့်ပြီ”

“ငါလည်း ညီလေးကို ငြင်းလိုက်တဲ့ မာနကြီးကြီး အမျိုးသမီးက ဘယ်လိုမျိုးလဲ မြင်ချင်နေပြီ” ရင့်ကျက်သည့် အကြည့်တို့နှင့် တစ်ယောက်က ပြုံးကာ ပြောလိုက်သည်။ သူက ဥပဓိရုပ်ကောင်းပြီး နတ်ဘုရားနန်းတော်၌ စီနီယာအကျဆုံးသူလည်း ဖြစ်သည်။ ရီထျန်းယွိပင်လျှင် သူ့အား စီနီယာအစ်ကိုဟု သုံးနှုန်းရသည်။

“အစ်ကို ကျွန်တော့် အနာကို မဆွပါနဲ့ဗျာ” ရီထျန်းယွိက ခါးသက်သော အပြုံးနှင့် ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။ သူ့အနီးမှ လူများက ဤသည်အား တအံ့တသြ ကြည့်လိုက်ကြသည်။ ပြောကြသည်မှာ ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံသည် အလွန် မာနကြီးသူဟု ပြောကြသော်လည်း ကောလာဟလများက ပြောသည်မှာ ရာနှုန်းပြည့် မှန်ကန်ခြင်း မရှိပေ။

ကြည့်ရသည်မှာ ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံသည် သူ့ကဲ့သို့ ထူးချွန်ထက်မြက်သော ဂိုဏ်းတူညီအစ်ကိုများ ရှေ့၌သာ နှိမ့်ချပုံရးသည်။ သူက အပြင်လူများနှင့် ရင်ဆိုင်ရသည့်အခါ ထိုသည်က မဖြစ်နိုင်ပေ။

“ဒါပေမဲ့ နတ်ဘုရားနန်းတော်မှာလည်း မင်းကို သဘောကျနေတဲ့ ဂျူနီယာညီမလေးတွေ အများကြီးရှိနေတာပဲ။ ပြီးတော့ သူတို့ အားလုံးကလည်း အရည်အချင်းရှိပြီး ရင်သပ်ရှုမောရလောက်အောင် လှတဲ့ မိန်းကလေးတွေချည်းပဲ။ မင်း နတ်ဘုရားနန်းတော်မှာ ရှိတုန်းက လက်တွဲဖော်ရှာဖို့ စိတ်ကူးမရှိဘဲ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထားတာ။ အခု ကောင်းကင်အာဏာစက်ဘုံကို ပြန်ရောက်တော့မှ ဒီလိုတွေ လုပ်တယ်ဆိုတော့ ကြည့်ရတာမင်းရဲ့ မိသားစုက ခိုင်းတာ ဖြစ်ရမယ်” သူ၏ စီနီယာအစ်ကိုက ပြုံးကာ ပြောလိုက်သည်။

ရီထျန်းယွိက မည်သည့်စကားမှ မဆိုပေ။ အကယ်၍ မိသားစုတာဝန်ကြောင့်သာ မဟုတ်ပါက သူက ပို၍ လွတ်လပ်စွာ ရှင်သန်နေမည် ဖြစ်သည်။

သို့သော် သူတို့၏ မျိုးဆက်နှစ်ခုကြားမှ ရန်ငြိုးများက သူ့ာအပေါ်သို့ ကျရောက်လာပြီး သူက ကောင်းကင်အာဏာစက် ပြည်ထောင်အား ပြိုင်ဘက်ကင်း အမြင့်သို့ ပို့ဆောင်ပေးနိုင်ရန် အကောင်းဆုံး ကြိုးစားပေးရမည် ဖြစ်သည်။ ထိုသည်က သူ၏ တာဝန်ဖြစ်ကာ သူက အရိုးကြေကြေ အရေခမ်းခမ်း ကြိုးစားရပေလိမ့်မည်။

ထိုအရာအားလုံး လုပ်ပေးပြီးသည့်နောက်တွင် သူက ဖြစ်ချင်ခဲ့သည့် အထွတ်အထိပ် ကောင်းကင်လမ်းစဉ်ကိုသာ လိုက်စားရန် ရည်ရွယ်ပေသည်။

သို့သော် ခရီးလမ်းမှာ ကြမ်းတမ်းကာ ရှည်လျားသည် ဖြစ်၍ သူက အချိန်ကြာမြင့်စွာ လျှောက်လှမ်းရန် လိုအပ်သည်။

ထိုအချိန်တွင် ကောင်းကင်၌ လေတိုးသံ ကြားလိုက်ရသည်။ လူတိုင်းက မော့ကြည့်လိုက်လျှင် တောက်ပနေသည့် အလင်းတို့အား မြင်သည်။ နတ်ငှက်များ ဆင်းသက်လာသည်။ ခြေသုံးချောင်းရွှေကျီး၏ နတ်အလင်း၊  ခွန်ပန်၏ ဂုဏ်သရေ နှင့် ဖီးနစ်တို့၏ အရှိန်အဝါတို့မှာ တူညီစွာ တောက်ပနေသည်။ ကောင်းကင်နှင့် မြေကြီးက တောက်ပလင်းလက်နေပေသည်။

ထိုမြင်ကွင်းကို မြင်သည့် လူတိုင်းသည် နတ်ဆိုးဘုံ၏ ကောင်းကင်နတ်ဆိုးနန်းတော်မှ တန်ခိုးရှင်များ ရောက်ရှိလာပြီကို နားလည်သွားကြသည်၊

“အသက်ဓာတ်က အရမ်းအားကောင်းတာပဲ” ရီထျန်းယွိ ဘေးမှ လူငယ်လေးက ကောင်းကင်ကို မော့ကြည့်၍ ပြောလိုက်သည်။ အားလုံးသော နတ်ငှက်များ အဖွဲ့သည် ရှန့်ထိုအဆင့်သာ ဖြစ်သော်လည်း အလွန်အားကောင်းသည့် အသက်ဓာတ်ရှိသည်။

“မင်းတို့အားလုံး ကောင်းကင်အာဏာစက်ဘုံရဲ့ ကောင်းကင်နတ်ဆိုးနန်းတော်က တန်ခိုးရှင်တွေအကြောင်း ကြားဖူးသင့်တယ်” ရီထျန်းယွိက ပြောလိုက်သည်။ လူတိုင်းက ခေါင်းညိတ်လိုက်၏။ သူတို့အားလုံးသည် အထွတ်အထိပ် ဘုံကိုးဘုံမှ ထိပ်တန်းအင်အားစုများ အကြောင်း သိရှိကြသည်။

“ဒီအချိန်မှာ ကောင်းကင်အာဏာစက်ဘုံရဲ့ အထူးချွန်ဆုံး လူတွေကို မြင်တွေ့နိုင်မယ့် အခွင့်အရေးရမယ် ထင်တယ်” တစ်ယောက်က မျှော်လင့်ချက်အပြည့်နှင့် ပြုံးရင်း ပြောလိုက်သည်။

သူတို့က နတ်ဘုရားနန်းတော်မှ လာပြီး အားလုံးက ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်သော်လည်း သူတို့က ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များကဲ့သို့ ပြိုင်ဘက်ကင်းတော့ မဟုတ်ပေ။ သူတို့က သူ့တို့လောက် အားမကောင်းသည်လည်း ဖြစ်နိုင်သည်။ ယခု သူတို့က ဘုံကို ဖြတ်သန်းလာခဲ့ကြပြီး အခြားသော ထိပ်တန်းပုဂ္ဂိုလ်များနှင့် ယှဉ်ပြိုင်ရန် အခွင့်အရေး ရလာသည်ဖြစ်ရာ အခွင့်အရေးများကို အသုံးချရပေလိမ့်မည်။

ကောင်းကင်တွင် ကောင်းကင်နတ်ဆိုးနန်းတော်၏ တန်ခိုးရှင်များသည် ထက်ရှသော မျက်လုံးများနှင့် အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။ ကောင်းကင်အာဏာစက်ဘုံတွင် ကောင်းကင်နတ်ဆိုးနန်းတော်သည် ထိပ်သီးနတ်ဆိုးမဟာမိတ်များ ဖြစ်ပြီး ထိပ်သီးအင်အားစုများအကြားတွင် အားအကောင်းဆုံးဟု ဆိုနိုင်သည်။ ကောင်းကင်အာဏာစက်ဘုံပင်လျှင် သူတို့နှင့် ယှဉ်ပြိုင်ရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။

“နတ်နဂါးကလန်” တစ်ယောက်က ပြောလိုက်သည်။ အဝေးမှ အခြားသော အဖွဲ့တစ်ဖွဲ့ ချဉ်းကပ်လာနေသည်။ သူတို့သည် ကောင်းကင်နတ်ဆိုးနန်းတော်မှ ကျွင့် အပါအဝင် များပြားလှသော တန်ခိုးရှင်များ၏ အာရုံကို ဖမ်းစားထားလိုက်သည်။ ကျွင့်၏ မျက်လုံးများက နတ်ဆိုးဘုံတွင် သူနှင့် တူညီစွာ ကျော်ကြားသော နတ်နဂါးကလန်မှ လုံချန်ပေါ်သို့ ကျရောက်သွားသည်။

ထို့နောက်တွင် နတ်ဆင်ကလန်၊ ခရမ်းရွှေကြွက်ကလန်၊ ယင်းကျောင်းတောင် နှင့် အခြားသော အင်အားစုများလည်း တဖြည်းဖြည်းရောက်ရှိလာ၏။ ရုတ်တရက် ရွှမ်ထျန်းစံအိမ်အနီး ဝန်းကျင်တွင် ထိပ်သီးပုဂ္ဂိုလ်များ အားလုံးနီးပါး စုစည်းရောက်ရှိလာကြပြီ ဖြစ်သည်။

“ကျွင့်၊ လုံချန်နဲ့ ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံ အားလုံးရောက်နေပြီ။ ဂူတုံးလျှို တစ်ယောက်တည်းပဲ ရောက်မလာသေးတာ” လူများက မှတ်ချက်ပြုလိုက်သည်။ ရွှမ်ထျန်းစံအိမ်အောက်တွင် လူအများသည် အဝေးမှ ပေါ်ပေါက်လာနေသည့် တန်ခိုးရှင်များကို မော့ကြည့်နေကြပေသည်။ ရီထျန်းယွိ၏ ပြိုင်ဘက်ဖြစ်သော ဂူတုံးလျှိုမှလွဲ၍ ကောင်းကင်အာဏာစက်ဘုံရှိ နတ်ဆိုးမျိုးနွယ်နှင့် လူသားမျိုးနွယ်မှ ထိပ်သီးပုဂ္ဂိုလ်များ ရောက်နေကြပြီ ဖြစ်သည်။ သူက ရောက်မလာတော့ဟုပင် ပြောနေကြသည်။

“ကောင်းကင်နတ်တံခါးဂိုဏ်း ရောက်လာပြီ” အသံတစ်ခု ထွက်ပေါ်လာသည်။ မရေတွက်နိုင်သည့် မျက်လုံးများက ရီဖူရှင်းနှင့် သူ့အဖွဲ့ ထွက်ပေါ်လာရာသို့ ကြည့်နေကြသည်။

အရှေ့ဆုံးတွင် ရီဖူရှင်း၊ ကျန်းထိုက်ချူး၊ ဟွားချင်းယွင်နှင့် ဝမ်ယန်ပင်းတို့ ရှိနေပြီး သူတို့ကို ကြည့်ရသည်မှာ ပြိုင်ဘက်ကင်းပေသည်။ ဤအဖွဲ့က အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

“ဒီအဖွဲ့က နောက်ဆုံးတစ်ခေါက် ခရမ်းရင့်ကောင်းကင်နန်းတော် အခမ်းအနားမှာထက်တောင် ပိုပြီး အားကောင်းလာကြသေးတယ်” လူများက နှလုံးသားထဲတွင် မျှော်လင့်ခြင်းများအပြည့်နှင့် ရေရွတ်လိုက်ကြသည်။

ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ်နတ်မိမယ်ဖြစ်သော ချင်းဝယ် ဦးဆောင်သည့် ဝင်္ကပါကို မည်သူက ချိုးဖျက်နိုင်မည်နည်း။

ရီထျန်းယွိသည် ကောင်းကင်နတ်တံခါးဂိုဏ်းမှ လူများ ရှိရာဘက်သို့ ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “သူတို့ ရောက်လာကြပြီ”

“သူတို့လား” နတ်ဘုရားနန်းတော်၏ လူများက ထိုနေရာသို့ ကြည့်ကာ မေးလိုက်သည်။ ထို့နောက် သူတို့က ကျန်းထိုက်ချူး ၊ ရီဖူရှင်းနှင့် အခြားလူများကို မြင်တွေ့ခဲ့သည်။ သူတို့၏ အရှိန်အဝါများက တကယ့်ကို ထူးခြားလှပေသည်။

“ငွေဖြူရောင်ဆံပင်နဲ့ တစ်ယောက်က နတ်ဘုရားအသံကို ချိုးဖျက်ခဲ့တဲ့သူပဲ” ရီထျန်းယွိက ပြောလိုက်သည်။ ရုတ်တရက် သူတို့အားလုံး၏ အကြည့်များက ရီဖူရှင်းထံ ကျရောက်လာကြပြီး အထူးသဖြင့် ရီထျန်းယွိ ဘေး၌ ရှိနေသည့် နတ်တေးသံနန်းတော်မှ အတော်ဆုံးတပည့်သည် သူ၏ ထက်ရှသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။

“ကျွန်တော်က သူ့စွမ်းရည်က ဘယ်လိုမျိုးလဲ သိချင်ပေမဲ့ အစ်ကို အရင်ဆုံး ဝင်္ကပါကို ချိုးဖျက်လိုက်ပါ”  လူငယ်လေးက တည်ငြိမ်စွာ ပြောလိုက်သည်။ သူတို့ ဤနေရာကို လာရသည့် ရည်ရွယ်ချက်မှာ ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များကို မြင်တွေ့လိုရုံသာမက ရီထျန်းယွိကို ကူညီရန်လည်း ဖြစ်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset