ဗြဟ္မာ့ကောင်းကင်မြို့၌ ပိုမိုများပြားသော တန်ခိုးရှင်များ ရောက်ရှိလာကြသည်။
ကောင်းကင်နတ်တံခါးဂိုဏ်းမှ ရီဖူရှင်းနှင့် သူ့လူများသည်လည်း ရောက်ရှိလာကြပြီး ဗြဟ္မာ့ကောင်းကင်မြို့၌ နေရန် နေရာရှာကြသည်။
ဤတစ်ကြိမ်၌ ဂူတုံးလျှိုမှလွဲ၍ ကောင်းကင်နတ်တံခါးဂိုဏ်း၏ အရည်အချင်းအရှိဆုံး လူငယ်မျိုးဆက်လေးများ အကုန်နီးပါး ဤနေရာသို့ ရောက်နေကြ၏။
ကောင်းကင်နတ်တံခါး၏ ဂုဏ်ဆောင်များ ဖြစ်သော ကျန်းကလန်မှ ကျန်းထိုက်ချူး၊ ဟွားကလန်မှ ဟွားချင်းယွင် နှင့် ဝမ်ကလန်မှ ဝမ်ယန်ပင်းတို့သည်လည်း ဗြဟ္မာ့ကောင်းကင်မြို့သို့ ရောက်ရှိလာသည်။
သူတို့အပြင် ရီဖူရှင်း၊ ရီဝူချင်းနှင့် အခြားသူများလည်း ပါသည်။
ယူချင်းသည် နတ်ဆိုးဘုံ၏ နတ်နဂါးကလန်တွင် ကျင့်ကြံနေသည့်အတွက် သူတို့နှင့်အတူ လိုက်မလာနိုင်ပေ။
သို့သော် ယခုတွင် နတ်ဆိုးဘုံမှ ထိပ်သီးပုဂ္ဂိုလ်များလည်း ရောက်ရှိနေကြ၏။ ကောင်းကင်အာဏာစက်ဘုံက ပြောင်းလဲလိမ့်မည် ဖြစ်တာကြောင့် ယခုတွင် လူသားများနှင့် နတ်ဆိုးသားရဲများ နှစ်ဖက်လုံးက တစ်ဖက်နှင့် တစ်ဖက် ဝင်ခွင့်ပြုထားကြပြီး အချင်းချင်း ဆက်ဆံလာကြသည်။ နောက်ဆုံးတစ်ခေါက် လူသားတန်ခိုးရှင်များ နတ်ဆိုးဘုံ၏ မူလတောင်တန်းသို့ ဝင်ရောက်ခဲ့ပြီးနောက်တွင် နတ်ဆိုးဘုံ ထိပ်သီးအင်အားစုများ၏ နတ်ဆိုးတန်ခိုးရှင်များသည်လည်း အချိန်နှင့်အမျှ လူသားတန်ခိုးရှင်လောကသို့ ခြေချလာကြသည်။
သူတို့က ကောင်းကင်အာဏာစက်ဘုံရှိ လူသားတန်ခိုးရှင်များ၏ ခွန်အားအဆင့်ကို သေချာစူးစမ်းလေ့လာနေကြသည်။
ရီဖူရှင်း ရောက်ရှိပြီးနောက် နတ်နဂါးငလန်မှ တန်ခိုးရှင်များ လာရောက်လည်ပတ်ကြသည်။
ရီဖူရှင်းသည်လည်း နတ်ဆိုးဘုံ၌ ယူချင်း၏ ကျင့်ကြံမှုအခြေအနေကို သိရှိလိုသည့်အတွက် သူတို့နှင့် ကိုယ်တိုင်တွေ့ဆုံခဲ့သည်။
“ရီဖူရှင်းက စီနီယာကို နှုတ်ဆက်ပါတယ်” သူက ပြောလိုက်သည်။ နတ်နဂါးကလန်၏ ခေါင်းဆောင်သည် သာမန်မဟုတ်သော အရှိန်အဝါနှင့် နတ်ဆိုးအင်ပါယာတစ်ဦး ဖြစ်သည်။ သူက ထိုနေရာ၌ရပ်နေရုံနှင့်ပင် ခမ်းနားထည်ဝါသည့် အသွင်ရှိသည်။ သူ့ဘေးတွင် နတ်နဂါးကလန်မှ ဤမျိုးဆက်အတွင်း အရည်အချင်းအရှိဆုံး သူဖြစ်စည့် လုံချန် ပါလာသည်။
လုံချန်သည် ပြန်လည်မွေးဖွားခြင်းအဆင့် ထူးချွန်ထက်မြက်သော နတ်နဂါးတစ်ကောင်ဖြစ်ကာ သူသည် နတ်နဂါးကလန်၏ နတ်နဂါးကလန်၏ တိုက်ရိုက်သွေးဆက်ဖြစ်ပြီး တော်ဝင်ခရမ်းရွှေနဂါးကလန်မှ သန္ဓေပြောင်းနဂါးတစ်ကောင် ဖြစ်သည်။ နတ်နဂါးကလန်၌ သန္ဓေပြောင်းမျိုးစိတ်မှာ အလွန် ရှားပါးပြီး မျိုးဆက်တစ်ခုတွင် တစ်ယောက်သာ ပေါ်ထွန်းနိုင်ပေသည်။ ထို့ပြင် ယခင် သန္ဓေပြောင်းမျိုးဆက်က ကွယ်လွန်သွားမှသာလျှင် သန္ဓေပြောင်းမျိုးဆက်အသစ် ပေါ်ထွက်လာနိုင်ခြင်း ဖြစ်၏။
ဤအခြေအနေက အလွန် ထူးဆန်းပြီး အချို့သော သူများက ခန့်မှန်းကြသည်မှာ သန္ဓေပြောင်းမျိုးစိတ်များက အလွန် အစွမ်းထက်၍ ကာင်းကင်က မနာလိုတာကြောင့် မျိုးဆက်တိုင်းတွင် တစ်ယောက်သာ ပေါ်ထွန်းခွင့် ပြုထားခြင်း ဖြစ်ရမည်ဟူ၍ ဖြစ်သည်။
လုံချန်သည် နှစ်ပေါင်းများစွာကြာမြင့်ပြီးမှ ပေါ်ထွက်လာသော သန္ဓေပြောင်းမျိုးဆက် ဖြစ်သည်။ သူက ယခင်တစ်ကြိမ်၌ ခရမ်းရင့်ကောင်းကင်နန်းတော်သို့ မသွားခဲ့သော်လည်း ယခုတစ်ကြိမ်တွင် နတ်နဂါးကလန်ကိုယ်စားပြုကာ လူအများရှေ့သို့ တရားဝင်ထွက်လာခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက နတ်နဂါးတော်ဝင်မိသားစုသည် ခရမ်းရွှေနဂါးတော်ဝင်မိသားစုသာ ဖြစ်သော်လည်း နောက်ပိုင်း၌ နတ်နဂါးကလန်၏ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးသည် သူ၏ ကျင့်ကြံခြင်းကြောင့် သန္ဓေပြောင်းမှု ဖြစ်ပွားခဲ့သည်။ နတ်နဂါးတော်ဝင်မိသားစုအတွင်း သန္ဓေပြောင်းမှု ဖြစ်ပွားခဲ့ပြီး ထိုသန္ဓေပြောင်းပုဂ္ဂိုလ်သည် သူ၏ နတိနဂါးကလန်ရှိ တန်ခိုးရှင်များအားလုံးကို သုတ်သင်ကာ ဘုရင်ဟောင်းကို ရှုံးနိမ့်စေခဲ့သည်။ မကြာခင်၌ သူသည် နတ်နဂါးကလန်၏ ဘုရင်အသစ်အဖြစ် အပ်နှင်းခံခဲ့ရသည်။ ဤသန္ဓေပြောင်းခြင်းက သွေးဆက်ပြောင်းလဲခြင်းကြောင့် ဖြစ်သည်။
ထို့နောက် နတ်နဂါးကလန်၌ သန္ဓေပြောင်းမျိုးဆက်အသစ် ပေါ်ထွန်းလာခဲ့ပြီး သူက နတ်နဂါးကလန်၏ ဆက်ခံသူအဖြစ် လျာထားခြင်း ခံခဲ့ရသည်။ ထိုသို့သော သန္ဓေပြောင်း မျိုးဆက်ကို နတ်နဂါးကလန်တွင် ခရမ်းသွေးနတ်နဂါးဟု ခေါ်သည်။
လုံချန်သည် ထိုသို့သော ခရမ်းသွေးနတ်နဂါး ဖြစ်သည်။ သူက မည်မျှ ဂုဏ်သရေရှိကြောင်း လူတိုင်း ခန့်မှန်းနိုင်ကြပေသည်။
မကြာသေးခင်က နတ်နဂါးကလန်သည် နတ်ဆိုးနဂါးကို နိုးထစေခဲ့သည့် လူသားတန်ခိုးရှင်တစ်ဦးကို ခေါ်ဆောင်ကာ ပြန်သွားခဲ့သည်။ နှစ်ပေါင်းများစွာ နှုတ်ဆိတ်နေခဲ့သည့် ထိုနတ်ဆိုးနဂါးသည် အလွန် ကျယ်လောင်စွာ ဟိန်းဟောက်ခဲ့သောကြောင့် ကောင်းကင်ပင် တုန်ခါသွားရပြီး နဂါးချောက်ကမ်းပါးတစ်ခုလုံး လှုပ်ခါသွားခဲ့သည်။ ထို့နောက်တွင် နတ်ဆိုးနဂါးကြီးသည် လူသားတန်ခိုးရှင်၏ ကျင့်ကြံမှုတွင် အကြံပေးသူ ဖြစ်လာခဲ့၏။
ဤအဖြစ်များတွင် နတ်နဂါးကလန်မှ တန်ခိုးရှင်များ ခန့်မှန်းခဲ့သည်မှာ ထိုနတ်ဆိုးနဂါးကြီးသည် သူ၏ မျှော်လင့်ထားချက်ထက် ကျော်လွန်နေသည့် အလွန် ရှားပါးသော ပါရမီရှင်လေးကို တွေ့ရှိခဲ့ရသည့်အတွက် ဤမျှ ပြင်းထန်သော တုန့်ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည် ဟူ၍ ဖြစ်သည်။
ယူချင်းသည် ခရမ်းရင့်ကောင်းကင်နန်းတော်၌ ထွန်းတောက်ခဲ့သော ကြယ်တစ်ပွင့် ဖြစ်ကာ လျှော့တွက်၍ မရသူဖြစ်သည်။ ထိုအချိန်တွင် ရီဖူရှင်းသည် ယူချင်း၏ ခွန်အားကို ပြိုင်ဘက်ကင်းဟု ဆိုခဲ့သည့်အချိန်က ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များအားလုံး တက်ရောက်ခဲ့ကြချိန် ဖြစ်သည်။ သူတို့သည် ယူချင်း၏ ခွန်အားကို သိရှိခဲ့ရပေမဲ့ မည်သူကမှ သူ့ကို ပြိုင်ဘက်ကင်းနေမည်ဟု မတွေးမိခဲ့ကြပေ။
နတ်ဆိုးနဂါးဟိန်းဟောက်သံက နတ်နဂါးကလန်တစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ ကောင်းကင်အာဏာစက်ဘုံတွင် ဖြစ်ပျက်သမျှ အရာအားလုံးသည် အနာဂတ်တွင် ပြောင်းလဲလိမ့်မည်ဟူသော ခန့်မှန်းချက်ကို နတ်နဂါးကလန်အား အတည်ပြုပေးခဲ့သည်။ လုံချန်က သူ၏ ကျင့်ကြံခြင်း ပြီးပြည့်စုံပြီးနောက် သူသည်လည်း နတ်နဂါးကလန်၏ အပြင်သို့ တရားဝင် ထွက်လာကာ လူသားလောကသို့ ခြေချလာခြင်း ဖြစ်သည်။
ထိုအချိန်တွင် လုံချန်သည် ရီဖူရှင်းနှင့် ကျန်းထိုက်ချူး ကို ကြည့်နေသည်။ သူသည် နတ်နဂါးတွင် ရှိစဉ်က အချိန်အတော်ကပင် ကျန်းထိုက်ချူး အကြောင်းကို အများအပြား ကြားဖူးခဲ့သော်လည်း ရီဖူရှင်းက လတ်တလောမှ ကျော်ကြားလာခြင်းဖြစ်ကာ လတ်တလောတွင် ကောင်းကင်အာဏာစက်ဘုံ၌ ရေပန်းအစားဆုံး ဖြစ်နေခဲ့သည်။
ဤလူသားတန်ခိုးရှင်သည် အလွန် မြင့်မားသည့် ချီးမြှောက်မှုများကို ရရှိခဲ့ပြီး လူအများသည် ရီဖူရှင်းက သေသာမသေခဲ့လျှင် ကောင်းကင်အာဏာစက်ဘုံ၏ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာမည်ဟု ခန့်မှန်းနေကြပေသည်။
“ရပါတယ်ကွာ” သူ့ဘေးမှ နတ်နဂါးကလန်ခေါင်းဆောင် နဂါးအင်ပါယာက ရီဖူရှင်းကို ပြောလိုက်သည်။ “ကျုပ် ဒီနေ့ရောက်လာတာက ယူချင်းရဲ့ သတင်း မင်းကို ပြောပြချင်လို့။ သူက အခု နတ်နဂါးကလန်ရဲ့ ဘိုးဘေးနယ်မြေ နဂါးချောက်နက်မှာ ကျင့်ကြံနေပြီး နတ်နဂါးကလန်ရဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက လမ်းညွှန်ပေးနေတယ်။ မင်း သူ့အတွက် စိတ်ပူနေစရာမလိုပါဘူး”
“ဟုတ်ကဲ့” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “နတ်နဂါးကလန်က သူ့ကို ကိုယ်တိုင်ခေါ်သွားတာဆိုတော့ ကျွန်တော် သူ့အကြောင်းကို စိတ်ပူစရာ ဘာမှမရှိပါဘူး”
သူက ယူချင်းအား လိုက်သွားခွင့် ပြုခဲ့သည်မှာ နတ်နဂါးကလန်သည် ယူချင်း၏ လွှမ်းမိုးနိုင်သော စွမ်းအားကြောင့် သူတို့၏ အာရုံကို ဖမ်းစားနိုင်ကာ ယူချင်းအား ကူညီရန် ရည်ရွယ်ချက် ရှိသည်ကို သူ သိနေသောကြောင့် ဖြစ်သည်။ ယခု နတ်နဂါးကလန်မှ နဂါးအင်ပါယာကိုယ်တိုင် သူ့ကိုလာ၍ သတင်းပေးသည်ဖြစ်ရာ ယူချင်းကို သင်ကြားပေးနေသည့် နဂါးကလန် တန်ခိုးရှင်သည် နတ်နဂါးကလန်တွင် ထူးခြားသော အဆင့်အတန်းရှိသည့် အရေးကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်ရပေမည်။
သို့သော် နတ်နဂါးကလန်မှ တန်ခိုးရှင်များသည် ထိုနဂါးကြီးက ပြစ်မှုကျူးလွန်၍ နတ်နဂါးကလန်၏ တားမြစ်နယ်မြေတွင် အကျဉ်းချခံထားရသည်ဆိုခြင်းကို ရီဖူရှင်းအား ပြောပြကြလိမ့်မည် မဟုတ်ပေ။ သူသည် နတ်နဂါးကလန်က ထောက်ထားညှာတာခဲ့သောကြောင့် ကွပ်မျက်ခြင်း မခံခဲ့ရသော်လည်း သူက အများနှင့် ထိတွေ့ရန် တားဆီးပိတ်ပင် ချုပ်နှောင်ထားခံရပေသည်။ သူက နဂါးချောက်နက်မှာ အကျဉ်းချခံထားရပြီး ထိုနေရာတွင်ပင် ထာဝရနေနေရသည်လည်း ဖြစ်သွားနိုင်ပေသည်။
“သူက ကျုပ်တို့ နတ်နဂါးကလန်က လုံချန်” နဂါးအင်ပါယာက မိတ်ဆက်ပေးလိုက်သည်။ ကျန်းထိုက်ချူး နှင့် ဟွားချင်းယွင်တို့သည် ထိုလူငယ်၏ အဆင့်အတန်းကို ခန့်မှန်းခဲ့ပြီး ဖြစ်သော်လည်း သူတို့က သူ့နာမည်ကို ကြားသည့်အခါ အံ့သြထိတ်လန့်သွားမိဆဲပင် ဖြစ်သည်။ သူက ဒဏ္ဍာရီ ခရမ်းသွေးတော်ဝင်မိသားစု၏ ဆက်ခံသူပေလား။ ထိုသူက ခရမ်းသွေးနဂါးအင်ပါယာ သေဆုံးပြီး နှစ်ရာပေါင်းများစွာအကြာတွင်မှ ပေါ်ထွက်လာခြင်း ဖြစ်သည်။
“ခရမ်းသွေးတော်ဝင်မိသားစုက နတ်နဂါးကလန်ရဲ့ မျိုးရိုးစဉ်ဆက် တော်ဝင်မိသားစုပဲ။ သူတို့က နတ်နဂါးကလန်က နဂါးတွေ အားလုံးရဲ့ အထက်မှာ ရှိပြီး ဘုရင်ဖြစ်ဖို့ မွေးဖွားလာကြတယ်” ဝမ်ယန်ပင်းက သူ၏ အသံကို ရီဖူရှင်းထံ ပို့လွှတ်ကာ ခရမ်းသွေးတော်ဝင်မိသားစု အကြောင်း ရှင်းပြလိုက်သည်။ ရီဖူရှင်းသည်လည်း အနည်းငယ် အံ့အားသင့်စွာ ခံစားလိုက်ရသည်။
ယခုတွင် ကောင်းကင်အာဏာစက်ဘုံအတွင်း ပုန်းကွယ်နေသည့် ထိပ်သီးပုဂ္ဂိုလ်များအားလုံး ထွက်ပေါ်လာနေကြသည်။
“ကျွန်တော်က ရီဖူရှင်းပါ” ရီဖူရှင်းက အရိုအသေပြုဟန် လက်ဆုပ်ရင်း လုံချန်ကို ပြောလိုက်သည်။
“မင်းအကြောင်း အများကြီး ကြားဖူးခဲ့ပါတယ်” လုံချန်က ခေါင်းကို အနည်းငယ် ညွှတ်ကာ ရီဖူရှင်းကို ပြန်ပြောလိုက်သည်။ လုံချန်သည် မြင့်မားကာ ထွားကျိုင်းသူ ဖြစ်သည်။ သူက နတ်နဂါးကလန်၌ ရှိနေသော်လည်း ကောင်းကင်အာဏာစက်ဘုံ၏ အပြောင်းအလဲများအကြောင်း သိရှိနေဆဲ ဖြစ်သည်။
အထူးသဖြင့် မူလတောင်တန်းတွင် ဖြစ်ပျက်ခဲ့သည် ကိစ္စများပင် ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်ကသာ သူ၏ လုံခြုံရေးကို စိတ်ပူသောကြောင့် မူလတောင်တန်းသို့ မသွားရန် ဖြောင်းဖျတားမြစ်ခဲ့ခြင်း မဟုတ်ပါက သူသည်လည်း ထိုနေရာ၌ ရှိနေခဲ့ပေလိမ့်မည်။
နတ်နဂါးကလန်အတွက် လုံချန်၏ ဘေးကင်းလုံခြုံရေးက အဓိကဦးစားပေး ဖြစ်သည်။ သူ့တွင် ရှားပါးပြီး ထူးခြားသည့် သွေးဆက်ကို ပိုင်ဆိုင်ထားပြီး နဂါးဘုရင် ဖြစ်ရန် မွေးဖွားလာခြင်း ဖြစ်သည့်အတွက် နတ်နဂါးကလန်က ပေါ့သေးသေးမကိုင်တွယ်ရဲကြပေ။
နတ်ဆိုးဘုံတွင် လုံချန်၏ အဆင့်အတန်းနှင့် ကောင်းကင်နတ်ဆိုးနန်းတော်မှ ကျွင့် တို့သည် ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံ၊ ကောင်းကင်နတ်တံခါးဂိုဏ်း၏ ဂူတုံးလျှိုတို့နှင့် အခြေခံအားဖြင့် တူညီသော အဆင့်အတန်း ရှိသည်။
“ဝမ်းမြောက်မိပါတယ်” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ကျင့်ကြံဆင့်အရ ဆိုရလျှင် လုံချန်သည် ပြန်လည်မွေးဖွားခြင်းအဆင့် ဖြစ်ပြီး ရီဖူရှင်းက သူ့အား စီနီယာဟု ခေါ်သင့်ပေသည်။
“အထဲဝင်ပြီး ထိုင်ကြပါဦး” ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်တစ်ဦးက အကြံပေးလိုက်သည်။
“ရပါတယ်။ ကျုပ်တို့က ဒီကို ယူချင်းရဲ့ သတင်းပဲ လာပြောပြတာမို့ အခု ပြန်သင့်ပြီ” နတ်နဂါးကလန်မှ နဂါးအင်ပါယာက ပြောပြီးနောက် နှုတ်ဆက်လိုက်သည်။ ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များသည် ဆက်နေဖို့ မပြောတော့ဘဲ ထွက်သွားသည်ကိုသာ ကြည့်နေကြသည်။
ကောင်းကင်နတ်တံခါးသည် နတ်နဂါးကလန်နှင့် မိတ်ဆွေဖြစ်ရန် ဆန္ဒရှိသော်လည်း ယခုတွင် ကောင်းကင်နတ်တံခါးက မုန်တိုင်းအလယ်၌ ရှိနေသည့်အတွက် နတ်နဂါးကလန်က ဤအရေး၌ တိုက်ရိုက်ပတ်သတ်ဖို့ရာ စိတ်ကူးရှိမည် မဟုတ်ပေ။ သူတို့က ယူချင်းကို သင်ကြားပေးရန် စိတ်ကူးရှိပေမဲ့ ကောင်းကင်နတ်တံခါး အရေးကိစ္စကတော့ လုံးဝကွဲပြားကြောင်း ရီဖူရှင်းက ရှင်းလင်းစွာ သိရှိပေသည်။
ထို့ပြင် မူလတောင်တန်း၌ ဂူထျန်းရှင်းသည် နတ်ဆိုးဘုံအတွက်
အရှင်သခင်အသစ်တစ်ပါး ဖန်တီးချင်ခဲ့သည်။ သို့သော် လုံချန်က လက်ခံမည်မဟုတ်ဘဲ သူတို့က ပြိုင်ဘက်များပင် ဖြစ်လာနိုင်ပေသည်။
“ဗြဟ္မာ့သန့်စင်ကောင်းကင်က တွေ့ခွင့်တောင်းပါတယ်” လုံချန် ထွက်သွားပြီးနောက် တစ်ယောက်က လာ၍ တင်ပြလာပြီး ကောင်းကင်နတ်တံခါးမှ လူများကို အတော်လေး အံ့အားသင့်သွားစေသည်။
“ဝင်ခွင့်ပြုလိုက်ပါ” နတ်တံခါးဂိုဏ်းမှ တန်ခိုးရှင်များက ပြောလိုက်သည်။ မကြာခင်၌ ကျက်သရေရှိ တင့်တယ်သည့် လူတစ်စု ဝင်ရောက်လာသည်။ ဤတစ်ကြိမ်၌ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လာရောက်သူများမှာ အားလုံး ငယ်ရွယ်လှပသည့် မိန်းမပျိုလေးများ ဖြစ်ပြီး ရန်ဟောင်အဆင့်များ မပါဝင်ပေ။ ထို့ပြင် ဦးဆောင်လာသူမှာ ရီဖူရှင်း ယခင်က မြင်ဖူးခဲ့သော ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ကျင့်ရီးနတ်မိမယ် ဖြစ်သည်။
“ကျင့်ရီးက ကောင်းကင်နတ်တံခါးရဲ့ စီနီယာတွေကို အရိုအသေပြု ပါတယ်” ကျင့်ရီးက အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။
“နတ်မိမယ်တို့ ဘာကိစ္စများ ရှိလို့လဲ” ကောင်းကင်နတ်တံခါးမှ ရန်ဟောင်တစ်ပါးက မေးလိုက်သည်။
“ကျင့်ရီးက စီနီယာတို့ဆီ သတင်းလာပေးတာပါ။ နောက်ခုနစ်ရက်နေရင် ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ နတ်မိမယ်ချင်းဟယ်က နတ်မိမယ်အားလုံးကို ဦးဆောင်ပြီး ဗြဟ္မာ့ကောင်းကင်မြို့ ရွှမ်ထျန်းစံအိမ်မှာ ရွှမ်ထျန်းဝင်္ကပါ ခင်းကျင်းမှာမို့ ကောင်းကင်အာဏာစက်ဘုံက တန်ခိုးရှင်တွေ အားလုံး စိန်ခေါ်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်” ကျင့်ရီးက ပြောလိုက်သည်။ ကောင်းကင်နတ်တံခါးမှ လူများက အံ့သြသွားကြသည်။
ဗြဟ္မာ့သန့်စင်ကောင်းက နံပါတ်တစ်နတ်မိမယ် ကိုယ်တိုင် ထွက်ပေါ်လာမည်လား။
ထိုအချိန်၌ သူမက အားလုံးသော တန်ခိုးရှင်များ၏ ခွန်အားကို တိုက်ရိုက်စမ်းသပ်ချင်နေပုံရသည်။
ချင်းဟယ်က ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များကို ဦးဆောင်ကာ တိုက်ပွဲဝင်္ကပါကို ခင်းကျင်းလိမ့်မည် ဖြစ်သည်။
“ကောင်းပြီ။ ကျုပ်တို့ သိပြီ” ကောင်းကင်နတ်တံခါးမှ ရန်ဟောင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
နတ်မိမယ်ကျင့်ရီးက သူတို့ကို မော့ကြည့်ပြီးနောက် သူမ၏ မျက်လုံးများက ရီဖူရှင်းထံ ကျရောက်သွားသည်။ သူမ ညင်သာစွာ ပြောလိုက်၏။ “သခင်လေးရီလည်း ဒီတစ်ကြိမ် သွားသင့်တယ်”
ရီဖူရှင်းသည် အေးခဲသွားပြီး သူ၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ လူတိုင်းကလည်း သူ့ကို လှည့်ကြည့်လိုက်ကြသည်။ အမှန်တွင် သူက မည်သို့ဖြစ်စေ သွားမည်ဖြစ်သောကြောင့် နတ်မိမယ်ကျင့်ရီးက သူ့အား သတိပေးရန်မလိုပေ။ သို့သော် သူမက အထူးတလည် တောင်းဆိုသည့် အသံမှာ အလွန် အဓိပ္ပာယ်ပြည့်ဝနေသည်။
“ကျုပ် လာမှာပါ” ရီဖူရှင်းက ခေါင်းညိတ်၍ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ ဒါဆို ကျွန်မတို့ ပြန်ပြီး အစီရင်ခံလိုက်ပါ့မယ်” ကျင့်ရီးက အပြုံးနှင့် ခေါင်းညိတ်ကာ ပြောလိုက်ပြီးနောက် ပြန်ခွင့်တောင်းကာ ထွက်ခွာသွားခဲ့သည်။
သူမ ထွက်သွားပြီးနောက် လူတိုင်းက ရီဖူရှင်းအား ကြည့်နေကြသည်။
“ရှင် ခံစားမိတာ မှန်တဲ့ ပုံပဲ” ရှားရှင်းယွန်က ပြောလိုက်သည်။ သိသာစွာပင် သူမသည် သူတို့ နောက်ဆုံးတစ်ခေါက်က ပြောခဲ့သည့် ဤအခမ်းအနားက ရီဖူရှင်းကြောင့် ဖြစ်နိုင်သည်ဟူသော အကြောင်းအရာကို ရည်ညွှန်းနေခြင်း ဖြစ်သည်။
ယခု ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နတ်မိမယ်ကျင့်ရီးက ရီဖူရှင်းကို ကိုယ်တိုင်တောင်းဆိုသွားသည်။ ထိုသည်မှာ ပို၍ နက်နဲသော အဓိပ္ပာယ်ရှိနေနိုင်သည်။
ရီဖူရှင်းသည် ရှားရှင်းယွန်ကို ကြည့်ကာ ပြောလိုက်သည်။ “ဒီခံစားချက်က မှန်နိုင်ပေမဲ့ မင်း တွေးသလိုတော့ မရိုးရှင်းဘူး’
ယခု သူက ဤကိစ္စ၌ မည်သည့်အရာများ ကွယ်ဝှက်ထားသည်အား မတွေးတတ်ပေ။ သူက မြူနှင်းများအလယ်၌ ရှိနေသကဲ့သို့ ခံစားနေရသည်။
သူက ဤတစ်ကြိမ်၌ ဗြဟ္မာ့သန့်စင်ကောင်းကင်က ချင်းဟယ်အတွက် လက်တွဲဖော်ရွေးချယ်လိုသည်မှာ အပေါ်ယံသာ ဖြစ်ကြောင်း နားလည်သည်။ ချင်းဟယ်က ရီဖူရှင်းအား ချစ်ခင်နှစ်သက်သည်ဟု ဆိုသော်လည်း အမှန်တကယ် ဖြစ်နိုင်ပါ၏လား။ မဖြစ်နိုင်ပေ။
မကြာခင်၌ ထိပ်တန်းအင်အားစုအားလုံးသည် နတ်မိမယ်တို့၏ ဖိတ်ကြားချက်ကို လက်ခံရရှိကြသည်။ ရုတ်တရက် ဗြဟ္မာ့ကောင်းကင်မြို့ရှိ မရေတွက်နိုင်သော လူများသည် ထိုအကြောင်းကို ဆွေးနွေးနေကြသည်။
ဤတစ်ကြိမ်၌ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နတ်မိမယ်ချင်းဟယ် ကိုယ်တိုင်ဦးဆောင်ကာ ကောင်းကင်အာဏာစက်ဘုံ၏ အင်အားစုအသီးသီးမှ တန်ခိုးရှင်များအားလုံးကို စိန်ခေါ်စေသည်။
သို့ဆိုလျှင် လူတိုင်းသည် ထိပ်တန်းအင်အားစုများရှိ လူငယ်တန်ခိုးရှင်လေးများ မည်သည့်အဆင့်တွင် ရှိနေကြောင်း သိမြင်နိုင်ကြပေသည်။
ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နတ်မိမယ်ချင်းဟယ် ကိုယ်တိုင် နတ်မိမယ်များကို ဦးဆောင်၍ ရွှမ်ထျန်းဝင်္ကပါကို ခင်းကျင်းမည်ဆိုခြင်းက သိသာစွာပင် တစ်ဦးတစ်ယောက်တည်းက ဝင်ရောက်စိန်ခေါ်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ နံပါတ်တစ်နတ်မိမယ်တစ်ယောက် အနေနှင့် ချင်းဟယ်သည် ထင်ရှားပြီး အလွန် အစွမ်းထက်သည်။ သူမကိုယ်တိုင် ဝင်္ကပါကို အားဖြည့်ပေးပါက မည်သူ ချိုးဖျက်နိုင်မည်နည်း။
ဤတစ်ကြိမ်တွင် သိသာစွာပင် သူမက ထိပ်သီးအင်အားစုမှ လူငယ်မျိုးဆက် တန်ခိုးရှင်များ၏ ခွန်အားကို စမ်းသပ်လိုကြောင်း ဆိုလိုနေသည်။
***