ကောင်းကင်နတ်တံခါးဂိုဏ်းသည်လည်း အပြင်ဘက်မှ သတင်းများ ရရှိကြသည်။
ယခုတွင် ကောင်းကင်ာအာဏာစက်ဘုံအတွင်း အရေးအခင်းများစွာ ဖြစ်ပေါ်နေပြီး အားလုံးသော သတင်းများက ထိလွယ်ရှလွယ် ဖြစ်နေသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ဗြဟ္မာ့သန့်စင်ကောင်းကင်တို့တွင် ယနေ့ ဖြစ်ပျက်နေသည့် အဖြစ်တို့က ကောင်းကင်အာဏာစက်ဘုံ၏ နိုင်ငံရေးအနေအထားကို သက်ရောက်မှုရှိစေသည့် အရေးကြီးဖြစ်ရပ်များ ဖြစ်တာကြောင့် သူတို့သည် လျစ်လျူရှုမထားနိုင်ကြပေ။
မြူထူထပ်နေသော တောင်ထွတ်တွင် ရီဖူရှင်း ထိုင်နေခဲ့ပြီး သူ့အနီးတွင် လူများစွာ ရှိနေခဲ့သည်။ ဂူတုံးလျှိုသည်လည်း သူ့ဘေးသို့ ရောက်လာပေသည်။
“ညီငယ်လေး” ဂူတုံးလျှိုက ရီဖူရှင်းဘေးသို့ လျှောက်လာနေရင်း ပြောလိုက်သည်။
“အစ်ကိုသုံး”
“ဗြဟ္မာ့သန့်စင်ကောင်းကင်က ကိစ္စကို မင်း ကြားပြီးပြီဟုတ်တယ်မလား။ အခုလေးပဲ ဗြဟ္မာ့သန့်စင်ကောင်းကင်က လူလွှတ်ပြီး မင်းကို လာဖို့ ဖိတ်ခိုင်းလိုက်တယ်။” ဂူတုံးလျှိုက ပြောလိုက်သည်။ ရီဖူရှင်းက ဂူတုံးလျှိုကို ကြည့်ကာ မေးလိုက်၏။ “အစ်ကို.. ဗြဟ္မာ့သန့်စင်ကောင်းကင်က ဘာလို့ ဒီပွဲကို ကျင်းပတာလဲဆိုတာ ခေါင်းဆောင်ကျန်းဆီက ကြားမိသေးလား”
ယခင်က ဗြဟ္မာ့သန့်စင်ကောင်းကင်သည် ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံကို ဖိတ်ကြားကာ ယခုလည်း သူ့ကို ဖိတ်ကြားနေပြန်သည်။
ဂူတုံးလျှိုက ခေါင်းခါကာ ပြောလိုက်သည်။ “ခေါင်းဆောင်ကျန်း ပြောတာတော့ အရှင်မက ဗြဟ္မာ့သန့်စင်ကောင်းကင်ကို တည်ထောင်ပြီးကတည်းက နတ်မိမယ်တွေအတွက် လက်တွဲဖော် ရှာဖွေတာမျိုး လုံးဝ မလုပ်ခဲ့ဘူးတဲ့။ ဒီတစ်ခေါက် လုပ်ရတဲ့ အကြောင်းပြချက်ကို ဘယ်သူမှ မသိပေမဲ့ ဖြစ်နိုင်တာက အရှင်မက ကောင်းကင်အာဏာစက်ဘုံမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီး ကောင်းကင်အာဏာစက်ဘုံမှာ ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ နေရာကို ခိုင်ခိုင်မာမာ ဖြစ်စေချင်လို့ လက်ထပ်ခြင်းနဲ့ မဟာမိတ်ရှာနေတာလို့ ပြောတယ်။ သူတို့က ကောင်းကင်အာဏာစက်ဘုံရဲ့ အပြောင်းအလဲကြားမှာ ရှင်သန်ချင်တာ ဖြစ်ရမယ်”
ရီဖူရှင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထိပ်သီးအင်အားစုများ၏ လှုပ်ရှားမှုတိုင်းက လူများစွာ၏ နှလုံးသားကို လှုပ်ခတ်နိုင်သည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ပုံမှန်မဟုတ်သော အပြုအမူက အလွန် သံသယဖြစ်စရာကောင်းသည်။
“အဲဒါက ရှင့်အတွက်လို့ ထင်တယ်”ထိုအချိန်၌ သူ့ဘေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ရီဖူရှင်းက လှည့်ကြည့်လိုက်လျှင် သူ့ကို ကြည့်နေသည့် ရှားရှင်းယွန်နှင့် မျက်လုံးချင်း ဆုံခဲ့သည်။
“ကျုပ်လား” ရီဖူရှင်းက မေးလိုက်သည်။
“အရင်တုန်းက လက်ထပ်ပွဲ မဟာမိတ်ပြုလိုတဲ့ သဘောထားကို ကောင်းကင်အာဏာစက် ပြည်ထောင်က ထုတ်ဖော်ခဲ့ဖူးပေမဲ့ ဗြဟ္မာ့သန့်စင်ကောင်းကင်က လျစ်လျူရှုခဲ့တယ်။ နောက်တော့ ရှင်နဲ့ ချင်းဟယ်က အချိန်အကြာကြီး အတူတူရှိနေခဲ့တယ်။ ဖြစ်နိုင်တာက နံပါတ်တစ်နတ်မိမယ်က ရှင့်ကို ချစ်မိသွားပြီး လက်တွဲဖော်ရှာတယ်ဆိုတာကို ဆင်ခြေလုပ်လိုက်တာ ဖြစ်မယ်။ သူတို့က ရှင့်သဘောထား ဘယ်လိုရှိလဲ သိချင်နေကြတာ ဖြစ်နိုင်တယ်” ရှားရှင်းယွန်က အေးစက်စွာ ပြောလိုက်သည်။
ရီဖူရှင်းက သူမကို ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်တို့ ဖြစ်ပေါ်လာသည်။
ရှားရှင်းယွန်က သူမအား စိုက်ကြည့်နေသည့် သူ့ကို မြင်သည့်အခါ မေးလိုက်သည်။ “ဘာကြည့်တာလဲ”
“အရှင်မင်းသမီး ပြောတာ မှန်နိုင်ပါတယ်” ရီဖူရှင်းက တီးတိုးပြောလိုက်သည်။
“…..”
ရှားရှင်းယွန်က စိတ်ရှုပ်ထွေးသွားကာ သူ့အား ကြည့်လိုက်သည်။
“တကယ့်ကို အရှက်မရှိတာပဲ”
သူ့ဘေးမှ လူများသည်လည်း ကြက်သေသေသွားကြသည်။ ဤအကောင်က အမှန်ပင် လူပါးဝလှသည်။
သို့သော် ရီဖူရှင်းက အခြားတစ်ခုအား စဉ်းစားနေခြင်း ဖြစ်သည်။ ချင်းဟယ်က သူ့ကို ချစ်မသွားဟု မပြောနိုင်ပေ။ သူတို့က အချိန်တိုလေးသာ အတူတကွ ရှိနေခဲ့ခြင်း ဖြစ်သည်။ အများဆုံး သူမက သူ့ကို သဘောကျသွားရုံလောက်သာ ဖြစ်လိမ့်မည်။ ချစ်သွားသည်ဟု ပြောရန်မှာ ကြမ်းတမ်းလွန်းသည်။ သူတို့အားလုံးသည် ရှန့်ထိုအဆင့်သို့ ရောက်ပြီးသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ရာ သူတို့သည် မီးကောင်ပေါက်အရွယ် ခံစားချက်မျိုး ရှိတော့မည် မဟုတ်ပေ။ သူတို့၏ စိတ်အခြေအနေက အလွယ်တကူ မပြောင်းလဲတတ်သလို တစ်စုံတစ်ယောက်ကိုလည်း လွယ်လွယ်ကူကူ ချစ်လိမ့်မည် မဟုတ်ပေ။
သို့သော် သူက ထိုကိစ္စနောက်ကွယ်၌ တစ်ခုခု ရှိနေသည်ဟု ခံစားနေရပေသည်။
ဥပမာအနေနှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ထိုတိုက်ပွဲ၌ ကျန်းယွမ် ရှုံးနိမ့်သွားခဲ့သော်လည်း သူက ကောင်းကင်အာဏာစက်ဘုံတွင် မျက်စိအဖမ်းစားနိုင်ဆုံးလူတော့ မဟုတ်ခဲ့ပေ။ ထိုနေရာ၌ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံလည်း ရှိနေခဲ့သေးသည်။ ချင်းဟယ်က မည်သည့်အတွက် သူ့အား မတူညီစွာ ဆက်ဆံရသည်လဲ။
ချင်းဟယ်က သူနှင့် အဆက်အသွယ် ပြုခဲ့သော်လည်း သူက အကြောင်းရင်းကို သိပင် မသိခဲ့ရပေ။ သူက သူမနှင့် နန်းတော်တစ်ခုတည်း၌ပင် အတူနေခဲ့သေးသည်။ ထိုသို့သော ကိစ္စမျိုးကို ချင်းဟယ်၏ ပင်ကိုစရိုက်အတိုင်း လုပ်ဆောင်သည်ဆိုပါက ဝမ်ယန်ပင်းနှင့် ရီထျန်းယွိ လာရောက်လည်ပတ်သည့် အချိန်၌ မည်သည့်အတွက်ကြောင့် နန်းတော်အပြင်ဘက်၌သာ လက်ခံတွေ့ဆုံခဲ့သနည်း။
ထိုသည်မှာ ချင်းဟယ်၏ ပင်ကိုယ်စရိုက်က ထိုသို့မဟုတ်ဟု ဆိုလိုနေခြင်း ဖြစ်သည်။ ချင်းဟယ်က သူနှင့် ရင်းနှီးစွာ နေခဲ့ရသည့်ရည်ရွယ်ချက်က မည်သည်နည်း။
ဤအဖြစ်အပျက်က သူနှင့် သက်ဆိုင်နေနိုင်သည်ဟု ရှားရှင်းယွန်က သူ့အား သတိပေးခဲ့သည်။
ထိုခန့်မှန်းချက်က ယုတ္တိမတန်သော်လည်း အလွန်သိမ်မွေ့သည့် ပင်ကိုသိစိတ်ပင် ဖြစ်သည်။
သူက ဗြဟ္မာ့သန့်စင်ကောင်းကင်အနီးရှိ ကိစ္စရပ်များက မြူနှင်းများကဲ့သို့ပင် ဖြစ်သည်ဟု ခံစားမိပေသည်။
“အစ်ကိုသုံး.. ဒီတစ်ခေါက် သွားဖို့ အစီအစဉ်ရှိလား” ရီဖူရှင်းက ဂူတုံးလျှိုကို မေးလိုက်သည်။
“ညီလာခံခန်းမကို အရင်သွားရအောင်” ဂူတုံးလျှိုက ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး သူတို့က တစ်နေရာသို့ ဦးတည်သွားခဲ့ကြသည်။ သူတို့က ထိုခန်းမသို့ ရောက်သည့်အခါ ကောင်းကင်နတ်တံခါးဂိုဏ်းမှ များပြားလှသည့် တန်ခိုးရှင်များ ရောက်ရှှိနေပြီ ဖြစ်သည်။
ကျန်းကလန်နှင့် ဟွားကလန် ခေါင်းဆောင်များလည်း ထိုကိစ္စကို ဆွေးနွေးနေကြသည်။ ဟွားကလန်မှ ခေါင်းဆောင်သည် ဂူတုံးလျှို နှင့် ရီဖူရှင်းဝင်လာသည်ကို မြင်သည့်အခါ သူ့အကြည့်များက သူတို့ထံ ကျရောက်လာ၍ မေးလိုကသည်။”မိတ်ဆွေလေးရီ.. တုံးလျှိုက ပြောပြပြီးပြီလား”
“ဟုတ်ပါတယ်” ရီဖူရှင်းက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
“ဒီတစ်ခေါက် ဗြဟ္မာ့သန့်စင်ကောင်းကင်က ဖိတ်ကြားလွှာ ပို့လိုက်တယ်။ ကျုပ်တို့က အနာဂတ်မှာ တုံးလျှိုကို ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ နတ်မိမယ်နဲ့ လက်ထပ်စေချင်ခဲ့တာ။ ဒါပေမဲ့ တုံးလျှိုက သူ့မှာ ဇနီးရှိပြီးသားလို့ ပြောတာကြောင့် ကျုပ်တို့က လက်လျှော့ဖို့ပဲ ရှိတော့တယ်။ ပြီးတော့လည်း သူက အခု အပြင်မသွားသေးတာ ပိုကောင်းလိမ့်မယ်” ဟွားကလန် အကြီးအကဲက ပြောလိုက်သည်။ ယခုတွင် ဂူတုံးလျှို၏ အဆင့်အတန်းက အလွန် မတည်မငြိမ် ဖြစ်နေဆဲ ဖြစ်ကာ သူက လုပ်ကြံခံရမည်ကိုလည်း စိုးရိမ်နေရမည့် အခြေအနေ ဖြစ်သည်။
ဖြစ်နိုင်ချေက အလွန် နိမ့်သော်လည်း သူတို့က သတိထားနေသင့်ပေသည်။
“ဗြဟ္မာ့သန့်စင်ကောင်းကင်က နတ်မိမယ်ချင်းက မိတ်ဆွေလေးရီနဲ့ သာမန်ဆက်ဆံရေး မဟုတ်ဘူးလို့ သိကြတယ်။ အရင်ကလည်း မင်းတို့ နှစ်ယောက်က နန်းတော်တစ်ခုတည်းမှာ နေခဲ့ဖူးတယ်။ အခု ဗြဟ္မာ့သန့်စင်ကောင်းကင်က သူမအတွက် လက်တွဲဖော်ရွေးချယ်ဖို့ ပြင်ဆင်နေတယ်ဆိုတော့ မိတ်ဆွေလေးရီကရော ချင်းဟယ်ကို ဘယ်လိုထင်လဲ” ဟွားကလန် ခေါင်းဆောင်က ဆက်ပြောလိုက်သည်။
ရီဖူရှင်းနှင့် ချင်းဟယ်ကြားမှ ပတ်သတ်မှုကိုသာ အဆင့်တက်နိုင်ခဲ့လျှင် ထိုသည်က သေချာပေါက် အကျိုးရှိပေလိမ့်မည်။
ရီဖူရှင်းက အနည်းငယ် ဆွံ့အသွားခဲ့သည်။ သူက ကောင်းကင်နတ်တံခါး၏ စိတ်ကူးကို နားလည်နိုင်သည်။ သူသာ ချင်းဟယ်နှင့် စုံဖက်နိုင်ခဲ့ပါက ထိုသည်က ကောင်းကင်နတ်တံခါးအတွက်လည်း အကျးိများစွာ ရပေလိမ့်မည်။
သို့သော် ချင်းဟယ်နှင့် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
“စီနီယာ၊ ချင်းဟယ်နဲ့ ကျွန်တော်က ဒီတိုင်း မိတ်ဆွေတွေပါ။ စီနီယာတွေးနေသလို မဟုတ်ရပါဘူး” ရီဖူရှင်းက ပြောလိုက်သည်။
ခေါင်းဆောင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒီလိုဆိုရင်တော့ ကျုပ်တို့က တစ်ခုခု လုပ်ရဦးမှာပဲ။ ချင်းဟယ်က ရီထျန်းယွိနဲ့ ရသွားလို့ မဖြစ်ဘူး”
လူတိုင်းက ထိုသည်ကို နားလည်ပေသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်မှ အိမ်ရှေ့စံကသာ ဗြဟ္မာ့သန့်စင်ကောင်းကင် နံပါတ်တစ်နတ်မိမယ်နှင့် လက်ဆက်ခဲ့ပါက ကောင်းကင်နတ်တံခါး ကပ်ဘေးဆိုက်ရပေလိမ့်မည်။
ထို့ကြောင့် ဤသို့သော အခြေအနေမျိုးကို မည်သည့်အခါမှ ဖြစ်ပွားစေ၍ မရနိုင်ပေ။
“ဂူတုံးလျှိုက ဒီတစ်ခေါက်လိုက်ဖို့ မဖြစ်နိုင်တာကြောင့် ကျန်းထိုက်ချူး ၊ ဟွားချင်းယွင်နဲ့ မိတ်ဆွေလေးရီတို့ပဲ ဒီခရီးကို သွားကြပါ” ကျန်းကလန်ခေါင်းဆောင်က ပြောလိုက်သည်။ ရီဖူရှင်းက ချင်းဟယ်နှင့် မဖြစ်နိုင်ခဲ့လျှင်ပင် သူတို့က ရီထျန်းယွိအား ရပ်တန့်ရပေမည်။
ထို့နောက် သူတို့သည် ဗြဟ္မာ့သန့်စင်ကောင်းကင်သို့ ခရီးထွက်ကြရမည် ဖြစ်သည်။
“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ တွေဝေခြင်းမရှိ သဘောတူလိုက်သည်။ သူသည်လည်း ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ရည်ရွယ်ချက်က မည်သည်ဖြစ်နိုင်သလဲဆိုသည်ကို သိလိုပေသည်။ သူ၏ ပင်ကိုသိစိတ်က ခံစားမိသည့်အတိုင်း ထိုသည်က သူနှင့် သက်ဆိုင်ခြင်းရှိမရှိကိုလည်း သိချင်ပေသည်။
“အပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” သူက ပြောလိုက်သည်။ သူတို့အားလုံးက ခေါင်းညိတ်လိုက်ကြပြီးနောက် ခေါင်းဆောင်က ပြောလိုက်သည်။ “ဒီကိစ္စက နှောင့်နှေးဖို့ မသင့်တော်ဘူး။ မင်းတို့ လူစုပြီး ဖြစ်နိုင်သမျှ မြန်မြန် သွားကြပါ။ အခု ပြန်ပြီး အသင့်ပြင်လို့ ရပြီ”
“ဟုတ်ကဲ့” သူတို့အားလုံးက ပြန်ဖြေလိုက်ကြပြီး ညီလာခံခန်းမမှ ထွက်ခွာကာ ပြင်ဆင်ရန် ပြန်သွားခဲ့ကြသည်။
ခဏကြာပြီးနောက်၌ အထက် ကောင်းကင်နတ်တံခါးမှ အလင်းတစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားခဲ့ကာ လူတစ်စုက ကောင်းကင်ပေါ်သို့ တက်လာပြီး အဝေးသို့ ဦးတည်လိုက်ကြသည်။
သူတို့၏ ဦးတည်ရာက ဗြဟ္မာ့သန့်စင်ကောင်းကင် ဖြစ်သည်။
ဗြဟ္မာ့သန့်စင်ကောင်းကင်သည် ကောင်းကင်အာဏာစက်ဘုံ၏ မြောက်ပိုင်းတွင် တည်ရှိပြီး ကောင်းကင်နတ်တံခါးနှင့် သိပ်မဝေးလှပေ။ သို့သော် နယ်မြေနှစ်ခုကြားတွင် ကောင်းကင်အာဏာစက် ပြည်ထောင်ကို ဖြတ်သန်းသွားရန် လိုသည်။ ကောင်းကင်နတ်တံခါးမှ လူများက ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများကို ရှောင်တိမ်းသွားကြသည်။ မဟုတ်ပါက မည်သို့ ဖြစ်ပျက်မည်ကို မည်သူ သိရှိမည်နည်း။
ယခုတွင် ဗြဟ္မာ့ကောင်းကင်မြို့သို့ နေရာအနှံ့မှ အစွမ်းထက်တန်ခိုးရှင်များ ရောက်လာနေကြသည်။ ထိုမြို့သည် ဗြဟ္မာ့သန့်စင်ကောင်းကင် နယ်မြေမှ အဓိကမြို့ ဖြစ်သလို ဗြဟ္မာ့သန့်စင်ကောင်းကင်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်၌လည်း ရှိနေသည်။ ထိုမြို့အတွင်း မည်သည်တို့ ဖြစ်ပျက်သည်အား သူတို့ထံမှ ဖုံးကွယ်ထားနိုင်ရန် ခက်ခဲပေသည်။
ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အရှင်မက မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သနည်း။ သူမ၏ စိတ်က ဘုံသုံးထောင်နှင့် ဆက်သွယ်နိုင်ပြီး ဗြဟ္မာ့ကောင်းကင်မြို့သည် သူမ၏ မျက်စိအောက်၌ ရှိသော အဓိကမြို့ ဖြစ်လေရာ သူမကို ဖုံးကွယ်ထားနိုင်ရန် မဖြစ်နိုင်ပေ။
မည်သူကမှ ဤနေရာ၌ တစ်ခုခုလုပ်ဆောင်ရန် မတွေးဖူးသလို မည်သူကမှ အရှင်မ၏ နားများကို လိမ်ညာမရနိုင်ပေ။
ထို့ကြောင့် ဤအဓိကမြို့အတွင်း လူတိုင်းသည် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ ချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာရပေမည်။
လတ်တလောတွင် ကောင်းကင်အာဏာစက်ဘုံ နေရာအသီးသီးမှ ထိပ်သီးပုဂ္ဂိုလ်များ အလျှိုလျှို ရောက်လာနေကြသည်။
ဤအချိန်အတွင်း ဗြဟ္မာ့ကောင်းကင်မြို့၌ စည်ကားသိုက်မြိုက်နေသည်။
ထိုအခိုက်တွင် ဗြဟ္မာ့ကောင်းကင်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် သာမန်မဟုတ်သည့် လူတစ်စုရောက်ရှိလာပြီး တစ်ဆိုင်လုံး ငှားယမ်းလိုက်ကြသည်။ အခြားသူများမှာ အဝေးကနေသာ ကြည့်၍ လေးစားနေကြသည်။
ထိုလူစုရှိ လူများအားလုံးတွင် ထူးခြားလှသော အရှိန်အဝါတို့ ရှိနေသည်။ သူတို့က စားသောက်ဆိုင်အတွင်း ထိုင်၍ စကားစမြည်ပြောနေကြသည်။ သူတို့နှင့် မနီးမဝေးတွင် မတူညီသည့် နေရာများ၌ ရပ်နေသည့် တန်ခိုးရှင်များရှိကာ အားလုံးမှာ ရန်ဟောင်အဆင့်များ ဖြစ်ကြသည်။ သူတို့သည် မတူညီသည့် ထောင့်များတွင် ပုန်းကွယ်နေကာ စားသောက်ဆိုင်အတွင်းမှ အရာအားလုံးကို ထောက်လှမ်းနေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်အိမ်ရှေ့စံ ရီထျန်းယွိသည်လည်း ဤစားသောက်ဆိုင်အတွင်း ရှိနေသည်။ သူနှင့်အတူ လိုက်ပါလာသူများမှာ သူ့ ညီအစ်ကိုများ ဖြစ်ကြသည်။
“သူတို့တွေက နတ်ဘုရားနန်းတော်ကပဲ” အဝေးမှ လူများသည် သူတို့ကို ကြည့်ကာ အချင်းချင်း စိတ်လှုပ်ရှားစွာ ပြောနေကြသည်။ ယခုတွင် ရီထျန်းယွိ၏ ကျင့်ကြံခြင်း သတင်းအချက်အလက်များက အများသူငှာ သိအောင် ထင်သာမြင်သာ ဖြစ်သွားခဲ့ပြီ ဖြစ်ရာ ထိုသူများ မည်သည့်နေရာက လာသည်ဆိုခြင်းမှာလည်း လျှို့ဝှက်ချက် မဟုတ်တော့ပေ။
သူတို့အားလုံးသည် အခြားသော အထွတ်အထိပ်ဘုံမှ လာခြင်းဖြစ်ကာ ထူးချွန်ထက်မြက်သော သူများ ဖြစ်ကြသည်။
ထိုနေရာမှ ရှေးဟောင်းကု့ချင်း တီးခတ်သံတစ်ခု ထွက်ပေါ်လာသည်။ အားကောင်းလှသည့် စွမ်းအားက လူတိုင်း၏ နားစည်အတွင်း တိုးဝင်လာကာ သူတို့ကို ကု့ချင်းဂီတ၌ အပြည့်အဝ ပျော်ဝင်သွားစေပြီး အလွန်လှပသည့် မြင်ကွင်းကို ဖြစ်ပေါ်စေသည်။
ထိုအချိန်တွင် စားသောက်ဆိုင်အတွင်း၌ အလွန် တိတ်ဆိတ်နေပြီး လူများက အရက်ကို မြည်းစမ်းရင်း တေးသွားကို နားဆင်နေကာ စိတ်လက်ပေါ့ပါးစွာ စကားစမြည်ပြောနေကြသည်။
ကု့ချင်းတီးခတ်နေသည့် အမျိုးသားက ချောမောလှသည်။ သူ့တွင် ထူးချွန်ထက်မြက်သည့် အရှိန်အဝါရှိသည်။ သူက ကု့ချင်းကို လက်နှစ်ဖက်နှင့် တီးခတ်နေသောအခါ မဖော်ပြနိုင်လောက်အောင် ထည်ဝါသည့် အရှိန်အဝါကို ပေးစွမ်းသည်။
ကု့ချင်းတေးသွားက တဖြည်းဖြည်းနှင့် သိမ်မွေ့ရာမှ ကြမ်းတမ်းပြင်းထန်သည့်အသွင် ကူးပြောင်းလာကာ မရေတွက်နိုင်သည့် သတ္တုလက်နက်များ၊ သံမဏိမြင်းများနှင့် ရဲရင့်သော စိတ်ဝိညာဉ်နှင့် စစ်သားများ ရှိနေသည့် တိုက်ပွဲမြင်ကွင်းတစ်ခုကို ထင်ဟပ်လာစေသည်။ သူ၏ ပြင်းပြသော စိတ်ဝိညာဉ်က ကောင်းကင်သို့ တစ်ဟုန်ထိုး ပြေးဝင်သွားကာ မြင့်မားသည့် ကောင်းကင်ကို အံတုချင်နေသကဲ့သို့ ထင်မှတ်ရသည်။ တေးသွားက အဝေးရှိ လူများ၏ သွေးကို ဆူပွက်လာစေအောင် လှုံ့ဆော်ပေးနေသည်။ သူက ဂီတမှော်ကို ထုတ်လွှတ်ထားခြင်း မရှိသော်လည်း သူ၏ ဖျော်ဖြေမှာတစ်ခုတည်းကပင် အားကောင်းသော လွှမ်းမိုးမှု ရှိနေဆဲ ဖြစ်သည်။
အချိန်တစ်ခု ကြာပြီးနောက် တေးသွားက တစ်ဖန် ပြန်လည် ငြိမ်းချမ်းကာ ရပ်တန့်သွားခဲ့သည်။
တေးသွားအဆုံးသတ်သွားသည့်အခါမှ စားသောက်ဆိုင်အတွင်းရှိ လူတိုင်း ဖမ်းစားခံထားရမှုမှ လွတ်မြောက်လာသည်။ သူတို့ထဲမှ တစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။ “ကောင်းတယ်”
“ညီလေး မင်းရဲ့ ဂီတကျွမ်းကျင်မှုကတော့ ဆရာဦးလေးရဲ့ စွမ်းရည်ကိုတောင် မီလုနီးပါးပဲ။ နတ်ဘုရားနန်းတော်မှာ လူအနည်းငယ်ကပဲ မင်းနဲ့ ယှဉ်နိုင်လိမ့်မယ်” လူတစ်ယောက်က ပြုံးကာ ချီးကျူးလိုက်ပြီး လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။
“မင်းက နတ်ဂီတနန်းတော် ဆက်ခံသူ ဖြစ်လာတာ မအံ့သြတော့ပါဘူး။ ကောင်းကင်အာဏာစက်ဘုံက ကျုပ်နဲ့ တန်းတူတွေ ကြားထဲမှာ မင်းကို ယှဉ်နိုင်တဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး” ရီထျန်းယွိက မှတ်ချက်ပြုလိုက်သည်။ လူငယ်လေးသည် တည်ငြိမ်စွာ ကြည့်နေပြီး မည်သည့် ခံစားချက်မှ မပြခဲ့ပေ။ သူက လက်များကို ချကာ ရီထျန်းယွိကို မော့ကြည့်ကာ ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်တော့်ရဲ့ နတ်ဘုရားအသံစွမ်းရည်ကို ပျက်ပြားစေနိုင်တဲ့သူ တစ်ယောက်တော့ ရှိတယ်ဆို”
“နတ်ဘုရားအသံကို ဖျက်ဆီးနိုင်တဲ့ အဲဒီလူက ဂီတမှာ ကျွမ်းကျင်တာလား” လူငယ်လေးတစ်ယောက်က မေးလိုက်သည်။
ရီထျန်းယွိက သူ့ခေါင်းကို ခါယမ်းလိုက်၏။ “သူက ထူးချွန်တဲ့ အရည်အချင်း ရှိပေမဲ့ ဘယ်လို ဂီတစွမ်းရည် နားလည်သဘောပေါက်မှုကိုမှ မပြခဲ့ဖူးဘူး။ သူက နတ်ဘုရားအသံကို ဘာလို့ ဖြိုခွဲနိုင်ရတာလဲဆိုတော့ သူ ပိုင်ဆိုင်ထားတဲ့ ထူးခြားလမ်းစဉ် ကန့်သတ်ကျင့်စဉ်ကြောင့်ပဲ။ ကောင်းကင်နတ်တံခါးဂိုဏ်းမှာ ထူးခြားပြောင်မြောက်တဲ့ ထူးခြားလမ်းစဉ်တွေ ရှိတယ်။ မင်းသာ ရှိမယ်ဆိုရင် အဲဒါက ဖျက်ဆီးခံရမှာ မဟုတ်ဘူး”
“ဂီတကို မသိတဲ့လူက နတ်ဘုရားအသံကို ဖြိုခွဲနိုင်တယ်ဆိုတော့ သူက တကယ့်ကို သာမန်မဟုတ်တာပဲ။ ကောင်းကင်အာဏာစက်ဘုံမှာ အစ်ကိုကြီးနဲ့ ယှဉ်နိုင်တဲ့သူ တစ်ယောက်ယောက် ရှိနေမယ်လို့ ထင်မထားမိဘူး။ သူက အတော့်ကို ထူးချွန်သူ ဖြစ်ရမယ်” လူငယ်လေးက ဆက်ပြောလိုက်သည်။ နတ်ဘုရားနန်းတော်တွင် တိုက်ရိုက်တပည့်နှင့် သာမန်တပည့် ဟူ၍ တပည့်အမျိုးအစား နှစ်မျိုးရှိသည်။
ဤလူများမှာ နတ်ဘုရားနန်းတော်၏ တိုက်ရိုက်တပည့်များ ဖြစ်ကြသည်။ သူတို့သည် နတ်ဘုရားနန်းတော်၏ တပည့်များ မှတ်တမ်းတွင် နာမည်ရေးထွင်းထားနိုင်သူများ ဖြစ်ကာ ဤတပည့်များ၏ ဘဝကို သမိုင်း မှတ်တမ်းတင်ထားပေသည်။ လူတိုင်းတွင် ထူးချွန်သည့် ပါရမီအရည်အချင်းရှိကြသည်။ မဟုတ်လျှင် သူတို့က သာမန်တပည့်အဖြစ်သို့ လျှောကျသွားပေလိမ့်မည်။
ထို့ပြင် ဤလူများအားလုံးက တိုက်ရိုက်တပည့်များ ဖြစ်ကြပြီး တိုက်ရိုက်တပည့်များ အကြားတွင် ရီထျန်းယွိက ထိပ်ဆုံးအဆင့်၌ ရပ်တည်နိုင်သော ထူးချွန်သူ ဖြစ်သည်။ သူနှင့် ယှဉ်နိုင်သောသူမှာ များများစားစား မရှိလှပေ။
***