Switch Mode

အပိုင်း(၁၄၆၃)

ပုံမှန်မဟုတ်သော

နဂါးဟိန်းဟောက်သံက နဂါးချောက်ကမ်းပါးအတွင်းမှ ထွက်ပေါ်လာသည်။ များပြားလှသော နဂါးကလန်တန်ခိုးရှင်များသည် ထိုနေရာသို့ တစ်ချိန်တည်းတွင် ဦးတည်လိုက်ကြသည်။

တောင်များသည် ဆက်လက်တုန်ခါနေပြီး နဂါးအော်မြည်သံက လောကတစ်ခွင်တွင် အချိန်အတော်ကြာမြင့်သည်ထိ မြည်ဟီးနေခဲ့သည်။

ထိုအသံသည် နတ်နဂါးကလန်၏ တားမြစ်နယ်မြေမှ လာသည်ဟု ထင်မှတ်ရသည်။

ကောလာဟလများက ပြောကြသည်မှာ နတ်နဂါးနယ်မြေ၏ အပြစ်သားနဂါးတစ်ကောင်ကို ထိုတားမြစ်နယ်မြေတွင် အကျဉ်းချထားသည်ဟူ၍ ဖြစ်သည်။ ထိုနဂါးအပြစ်သားက အလွန်အရည်အချင်းရှိပြီး သူ၏ ခေတ်အခါက သူသည် နတ်နဂါးကလန်၏ ခေါင်းဆောင်ဖြစ်လာရန်ပင် အခွင့်အရေး ရခဲ့သည်ဟု ဆိုသည်။ သူ၏ ခွန်အားက အလွန်ပင် ထိတ်လန့်ဖွယ်ဖြစ်၏။ နတ်နဂါးကလန်မှ အကြီးအကဲတို့၏ အပြောအရ သူ၏ ခွန်အားသည် နတ်နဂါးကလန်ခေါင်းဆောင်ထက် မနိမ့်ကျဟူ၍ ဖြစ်လေသည်။

သူ ကျုးလွန်ခဲ့သည့် ပြစ်မှုအကြောင်းကိုတော့ နဂါးငယ်လေးများက အနည်းငယ်သာ သိရှိပေသည်။အစစ်အမှန်နဂါးများတွင် ရှည်ကြာလှသော သက်တမ်းရှိပြီး နဂါးကြီးများက နှစ်ပေါင်းများစွာ ရှင်သန်လာကြသည့်အတွက် အတိတ်၌ မည်သည်တို့ ဖြစ်ခဲ့သည်ကို သူတို့က ပို၍ နားလည်ပေသည်။ အချို့သော နဂါးငယ်လေးများကတော့ သူတို့၏ အကြီးအကဲများထံမှ အကြောင်းအရာတချို့ ကြားဖူးနားဝရှိကြပေသည်။

ပြောကြသည်မှာ ထိုအချိန်၌ သူက ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ စီးတော်ဖြစ်ခဲ့သည်ဟူ၍ ဖြစ်သည်။ ကောင်းကင်ဒေသတွင် ကြီးမားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သေည့်အချိန်က သူ့ကို တားမြစ်နယ်မြေတွင် ဖမ်းချုပ်ထားခဲ့ပြီး ယခုထိတိုင် အပြင်သို့ ထွက်ခွင့်မရှိတော့ပေ။

သို့သော် နှစ်ရာချီ၍ အကျဉ်းချခံရပြီးနောက်တွင် သူ၏ နဂါးဟိန်းဟောက်သံက တားမြစ်နယ်မြေမှ ထွက်ပေါ်လာခဲ့သည်။ နတ်နဂါးကလန်က မည်သို့ မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။

တားမြစ်နယ်မြေအပြင်ဘက်တွင် ယူချင်းနှင့်အတူ ရောက်လာသော နတ်နဂါးကလန်၏ အစွမ်းထက် ပုဂ္ဂိုလ်က ထိုနေရာတွင် ရပ်၍နေကာ အောက်သို့ ငုံ့ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။ မည်သည်တို့ ဖြစ်နေခဲ့သနည်း။

ကြီးမားသည့် နတ်ဆိုးနဂါးများက အသံကို ကြားလိုက်ရပြီး ကောင်းကင်မှ ဆင်းလာကာ ရှာဖွေကြည့်ရှုလာကြသည်။

နဂါးအော်မြည်သံ၏ ပဲ့တင်ထပ်မှုက တဖြည်းဖြည်း ပျောက်ပြယ်သွားပြီး ကြီးမားသည့် မျက်လုံးကြီးများက တားမြစ်ချောက်ကမ်းပါးသို့ ကြည့်နေကြသည်။

သို့သော် ထိုအခိုက်တွင် တိတ်ဆိတ်နေသည့် တားမြစ်နယ်မြေမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ “ဒီနေ့ကနေစပြီး ကျုပ်က ဒီနေရာမှာ သူ့ရဲ့ ကျင့်ကြံမှုကို လမ်းညွှန်သင်ပြပေးမှာမို့လို့ မနှောက်ယှက်ကြနဲ့”

ချောက်နက်အတွင်းမှ ထွက်ပေါ်လာသည့် အသံက ကောင်းကင်တွင် ပဲ့တင်ထပ်လာပြီး နဂါးတန်ခိုးရှင်များကို တုန်ယင်လာစေသည်။ မည်သူက ကျင့်ကြံခြင်းတွင် သူ၏ လမ်းညွှန်မှုကို ရရှိသွားခဲ့သနည်း။

မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သူတို့ သိရှိခြင်း မရှိကြပေ။

“ကောင်းတယ်” ယူချင်းနှင့်အတူ လာခဲ့သည့် နဂါးကလန်၏ အစွမ်းထက် ပုဂ္ဂိုလ်က ခေါင်းညိတ်လိုက်သည်။ ဤသူက နှစ်ပေါင်းသုံးရာကျော်ကြာသည်ထိ တိတ်ဆိတ်စွာ နေထိုင်ခဲ့ပြီးနောက်၌ တပည့်လက်ခံရန် သဘောတူခဲ့သည်လား။

ထိုသည်က ကောင်းမွန်သည့်အရာပင် ဖြစ်သည်။ ကြည့်ရသည်မှာ ယူချင်းသည် တကယ့်ကို အရည်အချင်းရှိပုံရလေသည်။

မဟုတ်လျှင် ထိုသူက ဤမျှ ပြင်းထန်သည့် တုန့်ပြန်မှု ရှိလာလိမ့်မည် မဟုတ်ပေ။

ထိုသို့ မဟုတ်လျှင် သူက ယူချင်းထံမှ ထိုပုဂ္ဂိုလ်၏ သဲလွန်စကို ခံစားမိခဲ့၍ ဖြစ်ပေမည်။

သူသည် ထိုပုဂ္ဂိုလ်နှင့် အဆက်အသွယ် အများကြီး မရှိခဲ့သလို သိပ်လည်း မရင်းနှီးခဲ့ပေ။ သို့သော် သူက ယူချင်း၏ ပြင်းထန်လှသော နတ်ဆိုးတိုက်ကွက်နှင့် ထူးချွန်ပြောင်မြောက်သည့် ပါရမီကို မြင်သည့်အခါ ယူချင်းက ထိုနတ်ဆိုးနဂါးကြီးနှင့် ပတ်သတ်မှု ရှိနိုင်သည်ဟု တွေးမိသည့်အတွက် ဤနေရာသို့ ခေါ်ဆောင်လာခြင်း ဖြစ်ပေသည်။

ယခု ကြည့်ရသည်မှာ သူ၏ ခန့်မှန်းချက်က မှန်ကန်ပုံရသည်။

“ဒီမှာနေဖို့ ဘယ်သူကိုမှ ခွင့်မပြုဘူး။ တားမြစ်နယ်မြေကို ဘယ်သူမှ လာခွင့်မရှိဘူး” သူက နတ်နဂါးကလန်မှ တန်ခိုးရှင်များကို မော့ကြည့်ကာ နတ်နဂါးကလန်မှ တန်ခိုးရှင်များအား အော်လိုက်သည်။ ချက်ချင်းပင် အထက်တွင် ရစ်ဝဲနေကြသည့် နတ်နဂါးကလန်မှ တန်ခိုးရှင်များက အောက်သို့ စူးစိုက်ကြည့်နေကြပြီး မကြာခင်၌ မပျော်မရွှင်အမူအရာနှင့် ထွက်ခွာသွားပေတော့သည်။

သူတို့က မည်သည်တို့ ဖြစ်နေသည်လည်း မသိရှိရသေးခင် အဝေးသို့ မောင်းထုတ်ခံလိုက်ရသည်။

သို့သော် ဤနေရာသည် တားမြစ်နယ်မြေ ဖြစ်သည့်အတွက် သူတို့က စည်းမျဉ်းများကို မချိုးဖောက်ဝံ့ကြပေ။ အကြီးအကဲနဂါးများ ပြောကြသည်က ဤနေရာ၌ ဖမ်းချုပ်ထားသည့် နဂါးကြီးက အလွန် ရက်စက်ကြမ်းကြုတ်သည်ဟူ၍ ဖြစ်သည်။ သူတို့က သူ့ကို ရန်မစရဲကြပေ။

တန်ခိုးရှင်များ ထွက်သွားပြီးသည့်နောက် နတ်နဂါးကလန်၏ အစွမ်းထက်ပုဂ္ဂိုလ်များသည် အောက်သို့ တစ်ချက် ငုံ့ကြည့်လိုက်ပြီးနောက် လျင်မြန်လှစွာ ထွက်ခွာသွားခဲ့သည်။

ယူချင်းက နတ်ဆိုးစွမ်းအား အသုံးပြုရာ၌ ကောင်းမွန်ပြီး ထိုအချိန်က နဂါးအိုကြီး လိုက်ပါခဲ့သည့် ထိုပုဂ္ဂိုလ်သည်လည်း နတ်ဆိုးကျင့်စဉ်၌ ထူးချွန်သည့် လူသားတန်ခိုးရှင် ဖြစ်သည်။

ထို့ပြင် သူက ယူချင်းကို ဤနေရာသို့ ခေါ်ဆောင်လာပြီးသည့်အတွက် နတ်နဂါးစွမ်းအားကို သင်ကြားပေးနိုင်ပေသည်။

သူက ဤနေရာ၌ အရာအားလုံးကို စိုးရိမ်နေရန်မလိုအပ်ပေ။

အနာဂတ်တွင် ကောင်းကင်အာဏာစက်ဘုံ၌ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ပိုမို ထွက်ပေါ်လာမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

ဤလူငယ်မျိုးဆက်အတွင်း ဖြစ်ပျက်မည့် အရာများက စိတ်လှုပ်ရှားဖွယ်ပင် ဖြစ်သည်။

သူ ထွက်သွားပြီးနောက် တားမြစ်နယ်မြေအပေါ်၌ လှည့်ပတ်နေသည့် နတ်ဆိုးတိမ်တိုက်များက ယခင် တိတ်ဆိတ်ငြိမ်သက်မှုကို ပြန်လည်ရရှိသွားခဲ့သည်။

အော်မြည်နေသည့် နတ်ဆိုးတိမ်တိုက်များအောက်ခြေ နက်ရှိုင်းသည့် ချောက်ကမ်းပါးထဲတွင် မည်သည်တို့ ဖြစ်ပျက်နေသည်ကို မည်သူမှ မသိရှိကြပေ။ သူတို့သည် နတ်နဂါးကလန်၏ ထိုရက်စက်သည့် နတ်ဆိုးနဂါးကြီး ဆိုသူက မြေပြင်တွင် ဒူးထောက်ကာ အားနည်းလှသော လူသားတန်ခိုးရှင်တစ်ဦးအား အရိုအသေပြုနေသည်အား မည်သည့်အခါမှ သိရှိကြလိမ့်မည်မဟုတ်ပေ။

အချိန်များကုန်လွန်သွားပြီး ယူချင်းသည် နတ်နဂါးကလန်၏ တားမြစ်နယ်မြေတွင် ကျင့်ကြံနေခဲ့သည်။ ရီဝူချင်းသည် ဟောက်ထျန်းမြို့၏ ဝမ်မိသားစုတွင် ထူးခြားလမ်းစဉ်ကို ကျင့်ကြံနေနေစဉ်၌ ရီဖူရှင်းနှင့် ရှားရှင်းယွန်က အထက်ကောင်းကင်နတ်တံခါး၌ ကျင့်ကြံနေကြသည်။

ဤအချိန်အတောအတွင်း ကောင်းကင်အာဏာစက်ဘုံသည် ထူးခြားစွာ ငြိမ်သက်နေသည်ဟု ထင်ရသော်လည်း အောက်ခြေ၌ လှိုင်းထန်နေကာ အပြင်ပန်း၌သာ တည်ငြိမ်နေခြင်း ဖြစ်ပေသည်။

မကြာခင်၌ ကောင်းကင်ပြက္ခဒိန် ၁၀၀၃၀ ခုနှစ်သို့ ရောက်ရှိလာခဲ့သည်။

ရီဖူရှင်းနှင့် အခြားသူများ ကောင်းကင်အာဏာစက်ဘုံသို့ ရောက်ရှိလာသည်မှာ နှစ်နှစ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အလွန်များပြားသော ကိစ္စများ ဖြစ်ပွားခဲ့ပုံပေါ်သည်။ ထိုအရာအားလုံးက အိပ်မက်ပမာပင် ဖြစ်သည်။

ဤအချိန်အတွင်းတွင် ကောင်းကင်အာဏာစက် ပြည်ထောင်၌ ကြီးမားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်၏ တန်ခိုးရှင်များက သူတို့၏ ဘိုးဘေးသင်္ချိုင်းသို့ အရိုအသေပြုရန် သွားခဲ့သည့်အခါတွင် သူတို့ ဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် လျှို့ဝှက်ချက်အချို့အား ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် အသေးစိတ်ကို မရှင်းလင်းဘဲ ကောင်းကင်အာဏာစက် ပြည်ထောင်က သတင်းများကို အမှောင်ချထားခဲ့သည်။ အတွင်းမှလူအချို့သာလျှင် အနည်းအကျဉ်းသိရှိကြပေသည်။

သို့သော် အပြင်တွင်ပြန့်နေသော ကောလာဟလများအရ ဤတစ်ကြိမ်၌ ကောင်းကင်အာဏာစက် ပြည်ထောင်၏ ရှာဖွေတွေ့ရှိမှုသည် အလွန် ထူးခြားကာ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အင်အားကို အကြီးအကျယ်ပင် တိုးမြှင့်ပေးနိုင်သည်ဟူ၍ ဖြစ်သည်။ ယခုတွင် ကောင်းကင်အာဏာစက် ပြည်ထောင်သည် သူတို့၏ တော်ဝင်မျိုးနွယ် တန်ခိုးရှင်များကို ဘိုးဘေးသင်္ချိုင်းသို့ အဖွဲ့လိုက် စေလွှတ်နေကြပေသည်။

ဤသည်မှာ လူအများအား အခွင့်အရေးကောင်း ဖြစ်စေသည်ကို သတိပြုမိလာစေပြီး များပြားလှသည့် ထိပ်သီးတန်ခိုးရှင်များသည် အချက်အလက်များ ပိုရရှိရန် နှိုက်ထုတ်လိုကြပေသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်သာ ပို၍ သန်မာအားကောင်းလာလျှင် ထိုသည်က ကောင်းကင်အာဏာစက်ဘုံ၏ အခြေအနေကို တိုက်ရိုက်သက်ရောက်မှု ရှိလာစေလိမ့်မည် ဖြစ်ကာ သူတို့ကိုလည်း သက်ရောက်မှုရှိလာစေပေလိမ့်မည်။

ကောင်းကင်နတ်တံခါးသည် သက်ရောက်မှုအခံရဆုံး ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ ထိလွယ်ရှလွယ်သည့် အချိန်ကာလမျိုးတွင် ကောင်းကင်အာဏာစက် ပြည်ထောင်သာ ပို၍ အားကောင်းလာပါက ကောင်းကင်နတ်တံခါးက ပျက်စီးခြင်းဆိုက်ရောက်လာပေလိမ့်မည် ဖြစ်သည်။

လူအများသည် ကောင်းကင်နတ်တံခါးဂိုဏ်း၏ အခြေအနေ သတင်းအသစ်များကို အာရုံစိုက်ကာ စောင့်ကြည့်နေသော်လည်း ကောင်းကင်နတ်တံခါးသည် ယခင်ကကဲ့သို့ တည်ငြိမ်နေကာ မည်သည့် တုန့်ပြန်မှုမှ မရှိပေ။

သို့သော် ကောင်းကင်အာဏာစက် ပြည်ထောင်တွင်တော့ တစ်ခုခု ဖြစ်နေသည်ဟု ထင်မှတ်ရသည်။

ယနေ့တွင် များပြားလှသော တန်ခိုးရှင်များသည် ကောင်းကင်အာဏာစက် ပြည်ထောင်၏ နန်းတော်ခန်းမအရှေ့၌ များပြားလှသော တန်ခိုးရှင်များ ရောက်ရှိနေကြပြီး သူတို့က တစ်ခုခုကို စောင့်ဆိုင်းနေဟန်တူသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံမင်းသား ရီထျန်းယွိသည်လည်း ထိုနေရာ၌ ရှိနေခဲ့သည်။ ကောင်းကင်အာဏာစက်ဘုံမှ အခြားသောသူများ ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့က အလွန် သံသယဖြစ်ကြလိမ့်မည် ဖြစ်သည်။ ကောင်းကင်အာဏာစက်ဘုံတွင် ကောင်းကင်ဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံမင်းသားကို စောင့်ဆိုင်းစေနိုင်သူမှာ မည်သူဖြစ်မည်နည်း။

ထိုသို့သော သူများမှာ များများစားစား မရှိလှပေ။

တခဏကြာပြီးနောက် ကောင်းကင်တစ်ခွင်ကို လွှမ်းမိုးထားသော တောက်ပသည့် နတ်အလင်းတန်းများ ကျဆင်းလာပြီး လင်းလက်နေသည့် အလင်းတန်းတစ်ခုက အထက်မှ အောက်သို့ ဖြာကျလာနေသည်။ နောက်ခဏတွင် ကောင်းကင်အာဏာစက်ပြည်ထောင်၏ အဓိကခန်းမရှေ့တွင် လူတစ်စု ပေါ်ပေါက်လာသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်သည် အစောင့်အကြပ်ထူထပ်သော်လည်း ယခုတွင် မည်သည့် တန်ခိုးရှင်ကမှ သူတို့အား မတားဆီးခဲ့ပေ။ သူတို့က ဤသူများ လာမည်ကို သိပြီးသား ဖြစ်ပေလိမ့်မည်။

ဤအဖွဲ့အတွင်းမှ လူအားလုံးမှာ အလွန်ထူးချွန်လှပုံပေါ်ကာ အထူးသဖြင့် ရှေ့ဆုံး၌ ရှိနေသူ ဖြစ်သည်။ သူတို့ အားလုံးသည် အလွန် ငယ်ရွယ်ကြသည်။ သူတို့၏ အသက်ဓာတ်များက အလွန် အားကောင်းသော်လည်း အသက်အားဖြင့် ကြီးကြလိမ့်ဦးမည် မဟုတ်ပေ။

သူတို့ ထွက်ပေါ်လာသည်ကို မြင်ပြီးနောက် ရီထျန်းယွိ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ သူက ထိုနေရာသို့ လျှောက်သွားခဲ့ကာ သူ့နောက်မှ တန်ခိုးရှင်အားလုံး လိုက်ပါလာသည်။

“မင်းတို့အားလုံးနဲ့ မတွေ့ရတာတောင် ကြာပြီ။ ကြည့်ကောင်းနေကြတုန်းပဲနော်” ရီထျန်းယွိက အပြုံးနှင့် ပြောလိုက်သည်။ သူ့နောက်မှ လူများက ကောင်းကင်အာဏာစက်ပြည်ထောင် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပြီး အများစုမှာ ရန်ဟောင်အဆင့်တန်ခိုးရှင်များပင် ဖြစ်သော်လည်း ထိုသူတို့က မည်သည့်နေရာမှ လာကြသည်ကို သိရှိသည့်အတွက် သူတို့က လျစ်လျူရှုရဲခြင်း မရှိကြပေ။

“ညီလေးရီလည်း အတူတူပါပဲ။ မင်းက ထူးခြားတောက်ပနေတုန်းပဲ။” အခြားတစ်ယောက်က အပြုံးနှင့် ပြောလိုက်သည်။

“ဘုံကို ဖြတ်ပြီး ဒီနေရာထိရောက်လာပေးလို့ ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့” ရီထျန်းယွိက ပြောလိုက်သည်။ ထိုသူများသည် ကောင်းကင်အာဏာစက်ဘုံမဟုတ်သည့် အခြားဘုံဖြစ်သော အထွတ်အထိပ်ဘုံကိုးခုရှိ တစ်ခုမှ ရောက်လာကြခြင်း ဖြစ်သည်။

“ကျုပ် ကြားတာတော့ ညီလေးရီက ကောင်းကင်အာဏာစက် ပြည်ထောင်မှာ မွေးဖွားခဲ့ပြီး ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်သီးပုဂ္ဂိုတ်တစ်ဦးလည်း ဖြစ်တဲ့အပြင် ကောင်းကင်အာဏာစက် ပြည်ထောင်ရဲ့ ဘုရင်လောင်းလျာအဖြစ် လျာထားခြင်းလည်း ခံရတယ်တဲ့။ ကျုပ်က မင်းဆီ လာလည်ချင်နေခဲ့တာ အခုတော့ အခွင့်အရေး ရလာခဲ့ပြီ။ အနှောက်အယှက် ပေးမိတဲ့အတွက် ကျုပ်တို့ကို ဗွေမယူဖို့ မျှော်လင့်ပါတယ်” နောက်တစ်ယောက်က ရယ်ရယ်မောမောနှင့် ပြောဆိုလိုက်သည်။ သူတို့က ကျောင်းတော်ဟု ဆိုရမည့် တူညီသော နေရာတွင် သင်ကြားပို့ချမှုများကို နာယူကာ ကျင့်ကြံခဲ့သော်လည်း မတူညီသည့် အင်အားစုများမှ လာကြခြင်း ဖြစ်သည်။

သံသယဖြစ်ဖွယ်မရှိ အထွတ်အထိပ်ဘုံကိုးဘုံလုံး၌မှာပင် ရီထျန်းယွိ၏ ကောင်းကင်အာဏာစက် ပြည်ထောင်က ထိပ်တန်းအင်အားစု တစ်ခု ဖြစ်ပေသည်။

“အဲဒီလိုမဟုတ်ပါဘူး။ ဒီတစ်ခေါက် ကောင်းကင်အာဏာစက် ပြည်ထောင်က ဘိုးဘေးသင်္ချိုင်းကနေ ရှာတွေ့ခဲ့တာ ရှိလို့ ကျုပ်တို့ရဲ့ ကျင့်ကြံမှုကို အကူအညီဖြစ်မလား တွေးမိပြီး” အားလုံးကို ဖိတ်လိုက်တာပါ။” ရီထျန်းယွိက ပြုံးကာ ပြောလိုက်သည်။ သူတို့က စကားပြောရင်း ရှေ့သို့ လျှောက်သွားကြသည်။ နန်းတော်ခန်းမအရှေ့ တစ်ဖက်တစ်ချက်စီတွင် သံချပ်ကာဝတ် တပ်စားများ စီတန်းရပ်နေကာ လေထုက အလွန်ပင် လေးနက်နေသည်။

ကြည့်ရသည်မှာ ရီထျန်းယွိက အလွန် မာနကြီးသော်လည်း အခြားသူများနှင့် အဆက်အဆံမရှိဘဲ အပေါင်းအသင်း ဝင်မဆန့်သည့်ပုံ မပေါ်ပေ။ သိသာစွာပင် သူက အပြင်၌ ကျင့်ကြံရင်း မိတ်ဆွေများစွာ ဖွဲ့နိုင်ခဲ့ပေသည်။

“အရှင်မင်းကြီးကို အရင်သွားနှုတ်ဆက်ရအောင်” တစ်ယောက်က အကြံပေးလိုက်သည်။ သူတု့ိက ဤနေရာသို့ ရောက်လာသည့်အတွက် သူတို့သည် ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင် ရီထျန်းယွိ၏ ဖခင်ထံ အရင်ဆုံး သွားရောက် နှုတ်ဆက်သင့်ပေသည်။ ထိုသည်က အခြေခံယဉ်ကျေးမှုပင် ဖြစ်၏။

“အဖေက မင်းတို့ကို စောင့်နေတာ” ရီထျန်းယွိက ပြောလိုက်ပြီး သူတို့နှင့်အတူ ဆက်လျှောက်နေခဲ့သည်။

သူတို့က တော်ဝင်ခန်းမအတွင်းသို့ ရောက်ရှိလာကြသည်။ သူတို့သည် ထိုနေရာတွင် လက်ကို နောက်ပစ်ကာ ရပ်နေသည့် ပုဂ္ဂိုလ်တစ်ဦးကို မြင်လိုက်ရကာ သူက ပြုံးရင်း သူတို့အား ကြည့်၍ ပြောလိုက်သည်။ “ကျုပ်တို့ရဲ့ ကောင်းကင်အာဏာစက် ပြည်ထောင်ကနေ ကြိုဆိုပါတယ် မိတ်ဆွေလေးတို့”

သူတို့က ရပ်တန့်လိုက်ကာ ပြည်ထောင်ဘုရင်အား အရိုအသေပြုလိုက်ကြသည်။ သူတို့၏ ပြောလိုက်၏။ “ကျွန်တော်တို့က အရှင်မင်းကြီးကို အရိုအသေပေးပါတယ်”

“မင်းတို့အားလုံးက ကျုပ် သားရဲ့ ညီအစ်ကိုတွေဆိုတော့ အရမ်းကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။ ထိုင်ကြပါ” ပြည်ထောင်ဘုရင်က အပြုံးနှင့် ပြောလိုက်သည်။ သူက ရီထျန်းယွိအား အဝေးသို့ ပို့ရသော အခြား အရေးကြီးသည့် အကြောင်းပြချက် ရှိနေသေးသည်။ သူက ရီထျန်းယွိကို အကောင်းဆုံးသော လူများနှင့် ပေါင်းသင်းဆက်ဆံစေသည်။ သူ့အနီး၌ ထူးချွန်သော လူများရှိေိပါက သူ၏ ကျင့်ကြံမှုကို ပိုမို တွန်းအား ဖြစ်စေပေလိမ့်မည်။

ကောင်းကင်အာဏာစက် ပြည်ထောင်၌ မည်သည်တို့ ဖြစ်ပျက်ခဲ့သည်မှာ မကြာခင်၌ ပျံ့နှံ့သွားပြီး ကောင်းကင်အာဏာစက်ဘုံ၏ လူများ သိရှိသွားကြတော့မည် ဖြစ်သည်။

နောက်ဆုံး၌ ရီထျန်းယွိအား မည်သည့် နေရာသို့ ကျင့်ကြံရန် စေလွှတ်ခဲ့သည်ကို လောကကြီး သိရှိသွားကြတော့မည်မှာ အချိန်သိပ်မကြာတော့ပေ။ ထိုအချိန်တွင် လူအများသည်လည်း ကောင်းကင်အာဏာစက် ပြည်ထောင်၏ ဆုံးဖြတ်ချက်ကို ထူးဆန်းအံ့သြနေကြပေသည်။ သူတို့က ကောင်းကင်အာဏာစက် ပြည်ထောင်၏ ဘိုးဘေးနယ်မြေ တော်ဝင်သင်္ချိုင်းသို့ အပြင်လူများကိုပင် ဝင်ခွင့်ပြုခဲ့သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်က ရှာတွေ့ခဲ့သည်မှာ မည်သည့်အရာ ဖြစ်နေသနည်း။

သူတို့က အပြင်လူများနှင့်ပင် မျှဝေရန် ဆန္ဒရှိကြသည်။

ကောင်းကင်အာဏာစက်ပြည်ထောင်၏ သတင်းကို အတိအကျ မသိရှိကြရသေးသည့် အချိန်တွင် ကောင်းကင်အာဏာစက်ဘုံ၏ အခြားသော ထိပ်တန်းအင်အားစု ဖြစ်သည့် ဗြဟ္မာ့သန့်စင်ကောင်းကင်တွင်လည်း အရေးကြီးသည့် သတင်းထွက်ပေါ်လာသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်သည် ကောင်းကင်အာဏာစက်ဘုံရှိ တန်ခိုးရှင်များကို သူတို့ထံ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်လိုနေပြီး သူတို့က ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံကိုပင် ဖိတ်ခေါ်ရန် စီစဉ်နေကြသည်။

အချို့သော သူများက ခန့်မှန်းနေသည်မှာ ဗြဟ္မာ့သန့်စင်ကောင်းကင်သည် နံပါတ်တစ်နတ်မိမယ် ချင်းဟယ်အတွက် ဝိညာဉ်ဖက် ရှာဖွေပေးရန် ရည်ရွယ်နေသည်ဟူ၍ ဖြစ်လေသည်။

ထိုသတင်းက ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးကို ငလျင်လှုပ်သလို ဖြစ်သွားစေသည်။ လတ်တလော၌ မည်သည်တို့ ဖြစ်ပျက်နေကြသနည်း။

များပြားလှသည့် အံ့သြဖွယ် သတင်းများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်သည် မည်သည့်အခါက နတ်မိမယ်များအတွက် လက်တွဲဖော် ရှာဖွေပွဲ ကျင်းပပေးခဲ့သနည်း။

မည်သည့်အခါကမှ မလုပ်ဖူးခဲ့ပေ။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နတ်မိမယ်များက သန့်စင်မြင့်မြတ်ကာ ပြိုင်ဘက်ကင်းကြပြီး ကျိုထျန်းနတ်မိမယ်များထဲမှ မည်သူကမှ ထိမ်းမြားလက်ထပ်ခဲ့ခြင်း မရှိပေ။

နတ်မိမယ်ချင်းဟယ်သည် အနာဂတ်၌ ကျိုထျန်းနတ်မိမယ် ကိုးပါးမှ တစ်ပါး ဖြစ်လာမည့်သူ ဖြစ်ပြီး ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ဆက်ခံသူပင် ဖြစ်နိုင်သော်လည်း ယခုတွင် ဗြဟ္မာ့သန့်စင်ကောင်းကင်က သူမအတွက် လက်တွဲဖော် ရှာဖွေနေသည်။ သူတို့က ရူးများ သွားကြပြီလား။

ဗြဟ္မာ့သန့်စင်ကောင်းကင်က နိုင်ငံရေး လက်ထပ်ပွဲ စီစဉ်လိုနေသည်များ ဖြစ်နိုင်သလား။

ဗြဟ္မာ့သန့်စင်ကောင်းကင်က ကောင်းကင်နတ်တံခါးနှင့် ပူးပေါင်းကည ပဋိပက္ခနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် လူများက အံ့သြမိမည်မဟုတ်သော်လည်း ယခုတွင် ဗြဟ္မာ့သန့်စင်ကောင်းကင်က မည်သည့် အခက်အခဲတွင်းမှ ဝင်ပါ၍ ရင်ဆိုင်လိုပုံမရပေ။

သို့ဆိုလျှင် သူတို့က ဤကိစ္စကို မည်သည့်အတွက် လုပ်ဆောင်ရသနည်း။ လူအများ ခန့်မှန်းချက်က မှားယွင်းသည်လည်း ဖြစ်နိုင်သည်။ သို့သော် ထိုခန့်မှန်းချက် မှားယွင်းနေပါက ဗြဟ္မာ့သန့်စင်ကောင်းကင် ထိုသို့ ပြုလုပ်ရသည့် အကြောင်းရင်းက မည်သည်နည်း။

အရာအားလုံးက အတော်ပင် ပုံမှန်နှင့် သွေဖယ်နေခဲ့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset