အခန်း ( ၁၈ )

လူအုပ်ကြီး၏အာရုံကို ဆွဲဆောင်ခြင်း

“ဟေး….. ဟေး…. အစ်မကျိုး ထပ်ပြီးအောင်မြင်ပြန်ပြီကွ။ ငါမပြောဘူးလား ၊ သူ နောက်ထပ် ပထမနေရာတွေ ဆက်ပြီး ယူနိုင်ဦးမှာပါလို့ ”

” တကယ်ကို အပင်နဲ့ပတ်သက်ပြီး ဝိညာဥ်သွေးကြောရှိသူလို့ ခေါ်လောက်ပါပေတယ်။ သူရဲ့အောင်မြင်ကျော်ကြားမှုတွေကတော့ လုံးဝအတောမသတ်နိင် ဘူးကွာ…”

” အစ်မကြီးကျိုးရေ… နောက်ထပ်စံချိန်တွေလဲ ဆက်တင်နိုင်ပါစေဗျာ။ ကျောက်တိုင်ဆယ်တိုင်လုံးမှာ ပထမစွဲပြီးလို့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကြီးရဲ့ ခေါင်းလောင်းကြီးကနေ တီးခတ်ဂုဏ်ပြုခံရတဲ့ အချိန်ထိ ကျွန်တော်တို့ စောင့်ပြီး အားပေးနေမယ်ဗျာ ” အပြင်စည်းဂိုဏ်းသား အပေါင်း၏ ချီးကျူ းထောပနာသံများ ညံနေပေရာ မနာလိုညူ စူသူတချို့၏ အသံများနှင့် မကျေမနပ်မျက်နှာများကို လွှမ်းခြုံထားေတာ့သည်။ ကျိုးရှင်းချီမှာ ဂိုဏ်းသားများအလယ်တွင် ကောင်းကင်ယံမှ နေမင်းကြီးပမာ တောက်ပလင်းလက်နေသည်။ တကယ်တော့ မွှေးရနံတိမ်တောင် တစ်ကြောလုံးတွင် ကျိုးရှင်းချီ၏ အရည်အချင်းကို အသိအမှတ်မပြုသူ မရှိပေ။

သူမသည် ပုံမှန်အားဖြင့် အေးတိအေးစက်အသွင်ရှိသော်လည်း ဂိုဏ်းသားများ၏ အားပေးသံများကြောင့် သူ့ကိုယ်သူ ကျေနပ်အားရကာ အနည်းငယ်ပြုံးပြမိသည်။ ထိုအပြုံးကြောင့်ပင် အားပေးသံများ ပို၍ပင် ကျယ်လာသည်။

ပိုင်ရှောင်ချန်းမှာ လူအုပ်ကြီးထဲတွင် ရပ်ရင်း ကျိုးရှင်းချီကို မနာလိုနေမိသည်။ တစ်ယောက်တည်း ပွစိပွစိပြောရင်း ပထမကျောက်တိုင်ကို ကြည့်မိသောအခါ သူမျက်လုံးများ ပြူ းကျယ်လာသည်။ ထို့နောက် အပင်နှင့်အသီးအရွက်ကျမ်း ပထမတွဲတွင်ပါသော ကျောင်စိမ်းပုရပိုက် ကိုသေချာ ပြန်ကြည့်လိုက်ရာ အရင်အပင်မျိုးပေါင်း တစ်သောင်းအပြင် နောက်ထပ်အပင်အမျိုးစားအသစ် တစ်သောင်းထပ်မံတိုးလာသောကြောင့် ပျော်သွားလေသည်။

ပထမကျောက်တိုင်ကို ထပ်ပြီးလှည့်ကြည့်လိုက်ရာ မှော်ပုလင်းသင်္ကေတနေရာတွင် လိပ်ကလေးက အစားထိုးဝင်ရောက်ထားသည်ကို မြင်ရသောအခါ ရှောင်ချန်းမှာ အလွန်အံ့အားသင့်သွားသည်။

အစက ချက်ချင်းပြန်ရန် စိတ်ကူးထားသော်လည်း ခုတော့ သူ့အောင်မြင်မှုကို လူများဘယ်လို တုံ့ပြန်မည်ဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလေသည်။ သို့သော် လူအုပ်ကြီးမှာ ကျိုးရှင်းချီးကိုသာ အာရုံရနေကြပြီး အမည်စာရင်းအပြောင်းအလဲဖြစ်သည်ကို သတိမထားမိကြပေ။

ကျိုးရှင်းချီပြန်မည်လုပ်မှ ရှောင်ချန်းလည်း မနေနိုင်တော့ဘဲ အံသြနေသောအသံ ပြု၍
” ကြည့်ကြပါဦး…… ကျောက်တိုင် ပထမနေရာမှာ မမရှင်းချီမဟုတ်တော့ဘူး။ တစ်ယောက်ကတော့ ကျော်တက်သွားပြီ။ အဲ့ဒီ ခပ်လန်းလန်းလိပ်ပုံပိုင်ရှင်က ဘယ်သူများပါလိမ့် “

သူ့အသံက အားပေးသံများကိုကျော်သွားပြီး ထူးထူးဆန်းဆန်းစကားကြောင့် လူအများ ကျောက်တိုင်ကို ပြန်လှည့်ကြည့်လိုက်ရာ ခနအကြာ မှင်သက်သွားကြပြီးနောက် အံသြစွာရေရွတ်သံများပေါ်ထွက်လာသည်။

” တကယ်… တကယ်ပဲ တစ်ယောက်က ပထမကျောက်တိုင်မှာ အစ်မကျိုးကို ကျော်တက်သွားတာပါလား…”

” မဖြစ်နိုင်လိုက်တာ….. အစ်မကျိုးကို ယှဉ်နိုင်တဲ့သူ ရှိတယ်လား။ ပြီးတော့ အဲ့ဒီ ရုပ်ဆိုးဆိုးလိပ်ပုံကြီးနဲ့လေ ”

” အပင်နဲ့ ပတ်သက်တဲ့အတွဲမှာ အစ်မကျိုးကို ကျော်တတ်နိုင်တယ်ဆိုတာ ခေသူတော့မဟုတ်ဘူးပဲ။ဒါပေမယ့် အစ်မကျိုးက ကိုးခုမြောက်ကျောက်တိုင်မှာ ပထမရထားတာဆိုတော့ အားလုံးပေါင်းရင် ပထမရထားတဲ့ကျောက်တိုင် ရှစ်တိုင်ထိ ရှိသေးတယ်လေ… ”
လူတိုင်းမှာ တအံတသြဖြစ်နေပြီး အပြိုင်အဆိုင်ငြင်းခုံဆွေးနွေးနေကြသည်။ မကြာသေးမီကပင် ကျိုးရှင်းချီကို ဝိုင်းဝန်းချီးကျူ းနေကြရာ ခုလို မထင်မှတ်ထားသော အလှည့်အပြောင်းများ ဖြစ်ပေါ်လာလိမ့်မည်ဟု တွေးပင်မတွေးဖူးကြချေ။

ပိုင်ရှောင်ချန်းမှာ လူအုပ်ကြီးထဲတွင် ရပ်နေရင်း သူ့ကိုယ်သူ ကျေနပ်အားရနေပြီး လူများကိုကြည့်ကာ ရယ်ချင်လာသည်။သို့သော် မသင့်တော်သဖြင့် ချော်လဲရောထိုင်ကာ လူအုပ်ကြီးနှင့်အတူ လိုက်အော်နေလိုက်သည်။

တကယ်တော့ သူ့ကိုယ်သူပင် ပထမရနိုင်သည်ဟု မထင်ဖူးပေ။

လူအုပ်ကြီး၏ အသံများပိုကျယ်လာမှ ပြန်ရန်ပြင်နေသော ကျိုးရှင်းချီသည် ကျောက်တိုင်ကို တစ်ချက်လှည့်ကြည့်မိသည်။

အစမှာ မသိမသာ မျက်မှောင်ကျုံ့လိုက်သော်လည်း ချက်ချင်းပြန်တည်ငြိမ်သွားသည်။ တကယ်တမ်းတွင် သူ့ပုံမှာ အံသြဟန်ပင်မပြ။ သူ အပြင်စည်းဂိုဏ်းသူ ဖြစ်ပြီးပြီးချင်းမှာပင် ပထမတွဲတွင် ပထမစစွဲခဲ့ခြင်းဖြစ်သည်။ ပထမရသည်ဆိုသော်လည်း သူ့အတွက် ပြင်းပြင်းထန်ထန်လေ့လာခဲ့ရသည်တော့မဟုတ်ပေ။

” မဆိုးပါဘူး…… ဂိုဏ်းသားထဲမှာ ပါရမီရှင်တစ်ယောက် ထပ်တိုးလာတာပေါ့ ” အေးဆေးစွာပင်ပြောလိုက်ပြီး ပထမကျောက်တိုင်အနီးသို့ တိုးလိုက်သည်။

သူစိတ်ထဲမှာတော့ ဒါက ရိုးရိုးရှင်းရှင်းလေးဟုသာ ယူဆသည်။ တစ်ယောက်ယောက်က သူ့ကိုကျော်တက်သွားလျှင် သူက သူနေ့ရာကိုသူ ပြန်ယူလိုက်ရုံပင်။

သူမ လျှောက်လှမ်းလာသည်ကို ငေးကြည့်ရင်း လူတိုင်းမှာ ပြန်ပြီး စိတ်လှုပ်ရှားလာကြသည်။ ကျိုးရှင်းချီသည် အပင်နှင့်ပတ်သက်သည့် ပထမတွဲကို ပြန်လည်စစ်ဆေးခံရန် သစ်သားအိမ်လေးထဲသို့ ပြန်ဝင်သွားလေသည်။

” အစ်မကျိုးက သူရဲ့နေရာအမှန်ကို ပြန်ယူတော့မယ်။ လိပ်ပုံနဲ့ ဂိုဏ်းတူညီငယ်လည်း တော်ပါတယ်။ ဒါပေမယ့် သူရဲ့ ပထမနေရာလေးက အမွှေးတိုင်တစ်တိုင်စာလောက်တောင် မခံရှာတာတော့ နှမြောစရာပဲကွာ ”

” ဒီလိုပဲဖြစ်ရမှာပေါ့……. ခုနကလူလည်း လက်ရွေးစင်တစ်ယောက် အဆင့်တော့ ရှိပါတယ်။ ဒါပေမယ့် အစ်မကျိုးနဲ့ ယှဉ်မိရင်တော့ ကံဆိုးပြီပဲဟေ့ ”

ထိုစကားသံများကို နားထောင်ရင်း ပိုင်ရှောင်ချန်းမှာခြေမကိုင်မိ လက်မကိုင်မိဖြစ်နေပြီး ချက်ချင်းပင် နေရာမှ ထွက်ပြေးချင်စိတ်ပေါ်လာသည်။ ကျိုးရှင်းချီ၏ ကျော်ကြားမှုမှာ သက်ရောက်မှုကြီးလှသည်။ သူကိုယ်တိုင်ပင် ဒုတိယလူ အဖြစ်ကို လက်ခံချင်သလို ဖြစ်လာသည်။

“အာ….ဘာမှမဖြစ်ပါဘူးလေ…” သူ့ကိုယ်သူဖြေသိမ့်လိုက်သည်။
” ဒုတိယဆိုလည်း ဒုတိယပဲပေါ့။ ပြီးတော့ ယောက်ျားဆိုတာလည်း မိန်းမတွေနဲ့ မပြိုင်တာ အကောင်းဆုံးပါပဲလေ ”
ရှောင်ချန်းသည် စိတ်လျော့ထားသော်လည်း သူအခုမှ ယူထားသော ပထမနေရာလေး ပေးလိုက်ရမှာကို နှမြောမိတာတော့အမှန်ပင်။

အမွှေးတိုင်တစ်တိုင် ကုန်လောက်သော အချိန်အထိ နာမည်စာရင်းမှာ အပြောင်းအလဲ မဖြစ်သေးချေ။ ထိုအချိန်တွင် ကျိုးရှင်းချီသည် အိမ်လေးအတွင်းမှ ပြန်ထွက်လာသည်။ ဆေးပင် တစ်သောင်းအနက် ဆေးပင် လေးထောင်လောက်အထိ ဖြေလာခဲ့သောကြောင့် သူမပုံမှာ တည်တည်ငြိမ်ငြိမ်ဖြင့် ယုံကြည်ချက်ပြည့်ဝနေသည်။

သူမအမြင်တွင် ပါရမီရှိလှပါသည်ဆိုသည့် မည်သည့် ဂိုဏ်းသားကိုမဆို အနိုင်ပိုင်းခဲ့ပြီဟု ယုံကြည်နေသည်။

သို့သော် သူမအပြင်ရောက်သည်အထိ ဘာသံမှ ထွက်ပေါ်မလာဘဲ လူတိုင်းမှာ တအံ့တသြနှင့်သာ ကြောင်ကြည့်နေကြသည်။

သူမလည်း ကျောက်တိုင်ကို ပြန်လှည့်ကြည့် လိုက်မှ သူ့မှော်ပုလင်း သင်္ကေတမှာ ရုပ်ဆိုးဆိုးလိပ်ပုံ၏ အောက်မှာသာ ဆက်ရှိနေသည်ကို သတိထားမိသွားသည်။

အရာအားလုံး တိတ်ဆိတ်နေပြီး ပိုင်ရှောင်ချန်း အပါအဝင် ဂိုဏ်းသားအားလုံးမှာ ပါးစပ်အဟောင်းသားဖြင့်သာ စိုက်ကြည့်နေမိကြသည်။ ပိုင်ရှောင်ချန်းသည် ကျိုးရှင်းချီကိုကြည့်ရင်း ရုပ်ကလေးလှတာကလွဲလို့ ထင်ထားသလောက် သိပ်မတော်ဘူးဟု တွေးမိသည်။

ကျိုးရှင်းချီသည် မျက်လုံးကိုမှေးစင်း၍ စဉ်းစားပြီးနောက်
” ဒီလူက အပင်နဲ့ပတ်သက်တဲ့ပညာရပ်မှာ ပါရမီရှိတာအမှန်ပဲ…. သူဘယ်သူလဲတောင်သိချင်လာပြီ ”
သူမခန္ဓာကိုယ်က ပြန်လည်လှုပ်ရှားလာပြီး သစ်သားအိမ်လေးထဲသို့ ထပ်ဝင်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင် ရှောင်ချန်းမှာ သိပ်ရင်မခုန်တော့ပေ။ လူအုပ်ထဲမှာပင် ကျိုးရှင်းချီပြန်ထွက်အလာကို စောင့်နေလိုက်သည်။ ဘေးပတ်လည်မှ ဂိုဏ်းသားများမှာ အရင်လို အသံကျယ်ကျယ်ဖြင့် မဆွေးနွေးတော့ဘဲ သူတို့ရှေ့တွင် ဖြစ်ပျက်နေသော ထူးထူးဆန်းဆန်း အဖြစ်ကိုသာ စောင့်ကြည့်နေကြသည်။

ထို့ပြင် လူတော်တော်များများမှာ သူတို့ကို အံအားသင့်စေခဲ့သော လိပ်ပုံသင်္ကေတကို တစ်ချက်တစ်ချက် လှမ်းကြည့်နေကြသည်။ အချိန်ပြည့်သွားပြီး ကျိုးရှင်းချီ ပြန်ထွက်လာချိန် မှာတော့ ပြန်ပြီး စိတ်လှုပ်ရှားလာကြပြန်သည်။

လိပ်ကလေးမှာ…… နေမြဲအတိုင်းပင်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများ ပြူ းသွားပြီး တစ်ခြားဂိုဏ်းသားများကို တပ်လှန့်ရန် အော်ပြောလိုက်သည်။
” ဘုရားရေ ဒီလူ ဘယ်သူပါလိမ့်……”

ထိုအခါမှ မှင်သက်ငြိမ်ကျနေသော လူအုပ်ကြီးမှာ စကားသံများဖြင့် ပြန်ဆူလာသည်။
” အစ်မတော်ကျိုး နှစ်ကြိမ်တိတိ ပြန်ကြိုးစားတာတောင် ဒီလိပ်ကို မကျော်နိုင်သေးဘူး။ ဘယ်လိုတွေဖြစ်ကုန်တာပါလိမ့်…… ဒီလူ ဆေးပင် ဘယ်နှပင်လောက်များ ဖြေခဲ့တာပါလိမ့်…..”

” ဒီလူ ဖြေသွားတာကို တစ်ယောက်ယောက်များ မတွေ့လိုက်ကြဘူးလား…..”

ကျိုးရှင်းချီ မျက်မှောင်ကလေးကြုံ့ရင်း ကျောက်တိုင်ကိုပဲ စိုက်ကြည့်နေလေသည်။ ခုလေးတင် အစွမ်းကုန် အပင်ခြောက်ထောင်လောက်ထိ ဖြေခဲ့သော်လည်း ဒုတိယနေရာမှာပင် ဆက်ရှိနေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

သူမ၏မျက်လုံးများကျဥ်းမြောင်းသွားပြီး လေးလေးနက်နက်တွေးလိုက်ရင်း သစ်သားအိမ်လးထဲသို့ နောက်တစ်ခါ ဝင်ပြန်သည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းလောက်သော အချိန်ကြာပြီးနောက် ပြန်ထွက်လာပြီး ကြည့်လိုက်သော်လည်း စိတ်ပျက်ရပြန်သည်။ သို့သော် လက်မလျော့သေး နောက်ထပ် ထပ်ဝင်ပြန်သည်။

တစ်ကြိမ်…နှစ်ကြိမ်…သုံးကြိမ်…လေးကြိမ်….

ရပ်ကြည့်နေသူများမှာ ထပ်တလဲလဲကြိုးစားနေသော ကျိုးရှင်းချီကို ကြည့်ရင်း ကြားကနေ ရင်မောနေကြသည်။ သို့သော် အဆုံးသတ်ရလဒ်မှာ အတူတူပင်ဖြစ်နေရာ လူအုပ်ကြီးကို ငြိမ်သက်သွားစေခဲ့သည်။

သူတို့ရှေ့မှောက်ရှိ အဖြစ်အပျက်မှာ ကြောက်စရာပင်ကောင်းလာသည်။ လိပ်သင်္ကေတနှင့်ပုဂ္ဂိုလ် ဘယ်လောက်တော်တော် ကျိုးရှင်းချီကို ခုလောက်ထိ အရှက်တကွဲ အကျိုးနည်းဖြစ်အောင်ထိ လုပ်နိုင်သည်မှာအံဖွယ်ဖြစ်သည်။ လိပ်ကလေး၏ လုပ်ပုံမှာ နွေလယ်ခေါင် မိုးကြိုးပစ်ခံနေရသလို ခံစားကြရသည်။

မိုးကြိုးပစ်ခံရသည်ဆိုလျှင် မီးအကျွမ်းဆုံးသူမှာ ကျိုးရှင်းချီပင် ဖြစ်မည်။ နောက်တစ်ခေါက် ပြန်ထွက်ချိန်တွင် ကျိုးရှင်းချီ၏ မျက်လုံးများပင် နွမ်းလျမှုကြောင့် နီရဲနေသည်။

ပိုင်ရှောင်ချန်းမှာ ဟန်မဆောင်နိုင်တောဘဲ ချောင်းတစ်ဟန့်ဟန့်လုပ်နေသည်။ ပထမနေရာမှ လူမှာသူဖြစ်ကြောင်း ဖွင့်ပြောနေရန် မဖြစ်နိုင်သေးသော်လည်း ပြောချင်လွန်းလို့ ပါးစပ်တွေပင် ယားနေသည်။

” အချိန်မတန်သေးဘူး…” ပိုင်ရှောင်ချန်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ရင်း ဆက်လက်တွေးလိုက်သည်။
” နောင်တစ်ချိန်မှာ လူအားလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားအောင်လုပ်ဖို့ အခွင့်ကောင်းတစ်ခုကို ငါရှာရမယ်။ အဲ့ဒီအချိန်ရောက်မှပဲ ပထမကျောက်တိုင်မှာ ထိပ်ဆုံးကလိပ်ကလေးက ငါပိုင်ရှောင်ချန်းကလွဲပြီး တခြားသူမဟုတ်ဘူးဆိုတာ အားလုံးသိသွားစေရမယ် ”

မှောင်လာပြီဖြစ်သောကြောင့် ရှောင်ချန်းသည် အထီးကျန်သူရဲကောင်းတစ်ယောက်၏ အသွင်မျိုးဖြင့် ” ငါ့လက်ဖျောက် တစ်ချက်တီးလိုက်ရုံနဲ့ ကျိုးရှင်းချီဆိုတဲ့ မိန်းမ ပြာကျသွားစေရမယ်ကွ ” ဟု တွေးတောရင်း အင်္ကျီီလက်ကိုရုတ်ကာ လူအုပ်ထဲမှတိုးဝှေ့ပြီး ပြန်လာခဲ့သည်။

သူပြန်ထွက်လာချိန်မှာ ခေါင်းမာလွန်းသောကျိုးရှင်းချီလဲ အံတကြိတ်ကြိတ်ဖြင့် အိမ်လေးထဲသို့ ထပ်ဝင်ပြန်သည်။

နောက်ဆုံး ကောင်းကင်ယံတွင် လထွက်လာသောအခါမှ ကျိုးရှင်းချီမှာ ခြေကုန်လက်ပန်းကျ၍ လိပ်ကလေး ကိုစိုက်ကြည့်နေသည်။ ယခုလိုနေ့မျိုး ယခုလိုအဖြစ်အပျက်မျိုး သူမဘဝမှာ ကြုံလာလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားဖူးခဲ့။

နောက်ဆုံး လူအုပ်ကြီးလည်း ပြန်သွားကြပြီး လိပ်ကလေး၏ သတင်းမှာ မွှေးရနံ့တိမ်တောင်၏ စကားဝိုင်းတွေတွင် မပါမဖြစ် အကြောင်းအရာ ဖြစ်လာခဲ့သည်။

ဤကိစ္စ ပြီးပြီဟု ထင်မှတ်ထားကြသော်လည်း နောက်နေ့မနက် နေထွက်ချိန် ဆေးတစ်သောင်းဆောင်တွင် ကျိုးရှင်းချီသည် သစ်သားအိမ်ထဲသို့ ဝင်လိုက်ထွက်လိုက် လုပ်နေသည်ကို အပြင်စည်းဂိုဏ်းသားများ တွေ့မြင်သွားသည်။ သို့သော် မည်မျှပင် ကြိုးစားသော်လည်း ရှုံးနိမ့်နေသည်။

တစ်ရက် နှစ်ရက်…. သုံးရက်….သုံးရက်မြောက်နေ့အထိလည်း လက်မလျော့သေး။

လိပ်ကလေး၏ အကြောင်းမှာ မွှေးရနံတိမ်တောင်ထိပ်တစ်ခုလုံးတွင် ကလေးအစ ခွေးအဆုံးမသိသူမရှိတော့ပေ။ နောက်ဆုံးအတွင်းစည်းဂိုဏ်းသားများ အထိပါ သတင်းပျံ့သွားသည်။

၇ ရက်ကြာပြီးနောက်တွင် ကျိုးရှင်းချီသည် ပထမကျောက်တိုင်ရှေ့တွင် ရပ်ကာ လိပ်ကလေးကို စိုက်ကြည့်နေသည်။ တစ်ပတ်လုံးလုံး အပြင်းအထန်ကြိုးစားခဲ့သော်လည်း ဘာမှ အကျိုးမထူးလာခဲ့ပေ။ နောက်ဆုံး အပင်ပေါင်း ခုနှစ်ထောင်လောက်ဖြေခဲ့သော်လည်း ထူးဆန်း သော ဂိုဏ်းသားကို မကျော်နိုင်သေး။

” သူက ဘယ်လိုလူများပါလိမ့်….”
သူမ ညည်းညူလိုက်သည်။ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်ပြီး အံကိုတင်းတင်းကြိတ်ကာ လှည့်ပြန်လာခဲ့သည်။ ပထမကျောက်တိုင်နေရာအတွက် ထပ်မပြိုင်ရန် ဆုံးဖြတ်ချက်ချက်ချလိုက်သော်လည်း လိပ်ပုံသင်္ကေတမှာ သူမ နှလုံးသားကို လောင်ကျွမ်းစေပြီး အမာရွတ်ထင်ကျန်စေခဲ့ပြီဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset