Switch Mode

အပိုင်း(၁၄၅၆)

တိုက်ပွဲ

သူတို့ထဲက မည်သူမှ တစ်ယောက်ချင်း တိုက်ခိုက်နိုင်ခြင်း မရှိပေ။

တန်ခိုးရှင်ကိုးယောက်၏ နတ်ဘုရားအသံ ချိန်သားကိုက်မှုသည် ရီဖူရှင်း၏ ဖျက်ဆီး ခံလိုက်ရပြီးနောက် သူတို့ထဲက မည်သူမှ ရီဖူရှင်း၏ ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိခဲ့ဘဲ သူတို့ အားလုံး နင်းချေခံခဲ့ရပေသည်။

အခြားထူးခြားသည့် ပါရမီရှင်များပင်လျှင် ရီဖူရှင်းက ထူးခြားလမ်းစဉ်နှင့် နတ်ဆင်ကောင်းကင်ချနင်းကို ပေါင်းစပ်ထားသည့် အချိန်တွင် သူ့အား တိုက်ခိုက်ရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။

ထိုတိုက်ပွဲတစ်ခုသည် အခြားသူများက ရီဖူရှင်း၏ စွမ်းအားအကြောင်း အသစ်အဆန်း ထပ်သိခွင့် ရရှိလိုက်ကြရပေသည်။

သူတို့သည် နတ်ဆင်တို့၏ စွမ်းရည်ဖြစ်သော နတ်ဆင်ကောင်းကင်ချနင်း နှင့် နတ်ဆင်လေဟာနယ်ခွဲ လက်သီးသည် ထူးခြားလမ်းစဉ်နှင့် ပေါင်းစပ် အသုံးပြုလိုက်သည့်အခါ မည်မျှ ထိတ်လန့်ဖွယ် အစွမ်းထက်သွားသည်အား သိရှိခဲ့ကြရသည်။

“အဲဒီ နတ်ဝိညာဉ်ဆွဲဆောင်ခြင်းက နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တာမလား” ဟောက်ထျန်းမြို့မှ သက်ကြီးပိုင်း တချို့က ရီဖူရှင်းအား စိတ်လှုပ်တရှား ကြည့်လိုက်ကြသည်။ သူက ထူးခြားလမ်းစဉ်ကို ဆက်ခံနိုင်ရုံမျှမက ပြီးပြည့်စုံစွာပင် အသုံးပြုနိုင်ပြီး ဟောက်ထျန်းမြို့မှ လူများကို ထိုပျောက်ဆုံးနေခဲ့သည့် ထူးခြားလမ်းစဉ်က မည်မျှ အစွမ်းထက်ကြောင်း သိစေခဲ့သည်။

သူတို့က ထိုအခိုက်အတန့်ကိက မျက်မြင်တွေ့ခွင့်ရခဲ့ခြင်းမှာ အမှန်တကယ် ကံကောင်းလှပေသည်။

သူသည် ကောင်းကင်နတ်တံခါးမှ မဟုတ်သော်လည်း ယနေ့တွင် သူက ကောင်းကင်နတ်တံခါးကို ကိုယ်စားပြုပေသည်။ သူသည်လည်း အခြားသူများကို ထိုထူးခြားလမ်းစဉ် သင်ကြားပေးလိုသည်။ ထိုသည်က သူ၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု ဖြစ်သွားနိုင်ပေသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူအများသည် သူ့ကို မည်သို့မှ ရပ်တန့်နိုင်စွမ်း မရှိခဲ့ပါက သူနှင့် ဂူတုံးလျှိုတို့က ဘုံ၏ အထွတ်အထိပ် တန်ခိုးရှင်များ ဖြစ်လာလေမလားဟု သိချင်နေကြပေသည်။

ခရမ်းရင့် ကောင်းကင်နန်းတော်မှ မဟာလမ်းစဉ် အထွတ်အထိပ်ခန္ဓာပိုင်ရှင်က ရှုံးနိမ့်ခဲ့ပြီး ဖြစ်ကာ ထိုသည်က ရီဖူရှင်း ထူးခြားလမ်းစဉ်ကို မရရှိခင်ကပင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်၌ သူက ရီဖူရှင်းနှင့် တိုက်ခိုက်ရန်ပင် ထိုက်တန်ပါရဲ့လား။

ရီဖူရှင်းအား မည်သူက ရင်ဆိုင်နိုင်မည်ကို လူအများက သိချင်နေကြသည်။

ထိုသူသည် အစွမ်းထက်ဆုံး စွမ်းရည်နှစ်ခုကို သင်ယူခဲ့ပြီး သူက အစွမ်းထက်သည်ထက် အစွမ်းထက်လာကာ သူ၏ အောင်မြင်နိုင်ချေက အကန့်အသတ်မဲ့ပင် ဖြစ်သည်။

ကောင်းကင်အာဏာစက် ပြည်ထောင်မှ မင်းသားက ရီဖူရှင်းအား ကြည့်လိုက်သည်။ သူသည် ချင်းဟယ်၏ နန်းတော်သို့ သွားလည်စဉ်က တစ်စုံတစ်ယောက်၏ စွမ်းအားက အကန့်အသတ်ရှိနိုင်ကြောင်း ပြောဆိုခဲ့ပြီး သူ့ဘေးမှ တန်ခိုးရှင်ကိုးယောက်ကို ယူချင်းနှင့် ယှဉ်ပြိုင်စေခဲ့သည်။ ယခုတွင် ရီဖူရှင်းက တန်ခိုးရှင်ကိုးယောက်ကို လက်တစ်ဖက်တည်းဖြင့် ရှုံးနိမ့်စေခဲ့ပြီး တစ်စုံတစ်ယောက်၏ တိုးတက်နိုင်စွမ်းကို မေးမြန်းဆွေးနွေးနေသည်။

သူတို့ နေထိုင်ရသည့် အချိန်ကာလက အမှန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ဂူထျန်းရှင်းနှင့် တွေ့ခဲ့ပြီး ဂူထျန်းရှင်း စုစည်းထားသည့် ဖန်တီးခြင်းစွမ်းအားများကို ဆက်ခံခဲ့ရသည့် ဂူတုံးလျိုနှင့် ဆုံရလိမ့်မည်ဟု သူ မည်သည့်အခါကမှ မတွေးခဲ့ဖူးပေ။ ထို့နောက် သူသည် နေရာအနှံ့၌ အထွတ်အထိပ် စွမ်းအားများ ဖော်ထုတ်နိုင်သော ရီဖူရှင်းနှင့် တွေ့ဆုံခဲ့ပြန်သည်။ သူသည် ထိုကဲ့သို့ မယုံကြည်နိုင်ဖွယ် စွမ်းဆောင်ရည်ရှိသော ညီအစ်ကို နှစ်ဦးနှင့် တွေ့ဆုံခဲ့ရမည်ဟု မည်သည့်အခါမှ တွေးထားခဲ့ဖူးခြင်း မရှိပေ။

သို့သော် ထိုသည်က စိတ်ဝင်စားဖွယ် ကောင်းသည်ဟု သူ ယူဆပေသည်။ တစ်စုံတစ်ယောက်သည် အမြင့်ကို ရောက်လေ အေးစက်မှုကို ခံစားရလေ ဖြစ်သည်။ မည်သူမှ အံမတုနိုင်သော အနိုင်ရသူ ဖြစ်ရခြင်းမှာ အလွန် ပျင်းရိဖွယ်ကောင်းမည်မှာ အသေအချာ ဖြစ်သည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည် ရီဖူရှင်းကို ကြည့်ကာ စိတ်မသက်မသာ ခံစားနေကြရသည်။ ထိုသည်က ကျန်းယွမ်အတွက် ခက်ခဲစေသည်။ ခရမ်းရင့်ကောင်းကင်နန်းတော် အခမ်းအနား၌ ကျန်းယွမ်၏ ဂုဏ်သတင်းကို ထိခိုက်စေခဲ့သော သူသည် သူ မည်မျှ အစွမ်းထက်ကြောင်းကို ဆက်တိုက် သက်သေပြနေပြီး သူက ရပ်တန့်၍ မရနိုင်သော ဒီရေအလားပင် ဖြစ်သည်။

သူသည် ထူးခြားသာလွန်သည့် စွမ်းအားတို့ကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ပြသကာ ကောင်းကင်အာဏာစက်ဘုံရှိ လူများ သူ့အမည်အား အမှတ်ရနေစေရန် လုပ်ဆောင်နေသည်။ သူက ဘုံ၏ မဟာလမ်းစဉ် အထွတ်အထိပ် တန်ခိုးရှင် ဖြစ်ရန်ပင် တိုက်ခိုက်ဦးမည် ဖြစ်သည်။

ကျန်းယွမ်သည် ရီဖူရှင်းအား ရှုံးနိမ့်ခဲ့ရသည့်အတွက် သူက ဒုတိယတန်း၌သာ ကျန်ရှိနေတော့မည် ဖြစ်ကြောင်း ကောင်းစွာ သိရှိပေသည်။ သူတို့နှစ်ဦးကို မြင်တိုင်း လူအများသည် တိုက်ပွဲတစ်ခုအကြောင်းကိုသာ အမှတ်ရကြမည် ဖြစ်သည်။

သို့သော် ထိုထူးခြားလမ်းစဉ်၏ အစွမ်းထက်ပုံကို ကြည့်ရင်း ကျန်းယွမ်သည် ရီဖူရှင်းအား အနိုင်ယူပြီး သူ၏ ဂုဏ်သိက္ခာကို အဖက်ဆယ်ရန် အချိန် မည်မျှယူရမည်အား သိချင်လာမိသည်။

“တစ်စုံတစ်ယောက်ရဲ့ စွမ်းအားလား” အသံတစ်ခုက ပြောလိုက်သည်အား ကြားလိုက်ကြရသည်။ လူအုပ်ကြီးက လှည့်ကာ ရီဖူရှင်းအား ကြည့်ကာ ပြန်ဖြေလိုက်သည့် အိမ်ရှေ့စံကို ကြည့်လိုက်ကြသည်။

“မင်းက အထွတ်အထိပ်ကို မရောက်ခင်အထိတော့ အကန့်အသတ်ရှိနေပြီး အားနည်းနေဦးမှာပဲ”

နတ်အလင်းတို့က သူ၏ ကိုယ်ပေါ်တွင် တောက်ပနေပြီး သူက ပြောပြီးသည်နှင့် ရှေ့သို့ ခြေလှမ်းလိုက်ကာ သူ့ကို ကြည့်ရသည်မှာ အလွန် တောက်ပနေပေသည်။

သန့်စင်သည့်အလင်းများက သူ့မျက်လုံးများမှ ထိုးထွက်လာသည်။ ထိုသည်က သူ့ကို အလွန် ကြောက်မက်ဖွယ်ကောင်းသလို ထင်မှတ်ရစေသည်။ သူ၏ ဖြစ်တည်မှု တစ်ခုလုံးမှ လွှမ်းမိုးနိုင်သော စွမ်းအားတို့ ထွက်ပေါ်လာသည်။ သူသည် အထွတ်အထိပ်၌ ရပ်တည်ရန် မွေးဖွားလာခြင်း ဖြစ်သည်။

လူအုပ်ကြီးသည် ထိုမြင်ကွင်းကို ကြည့်ရင်း တုန်ယင်လာကြသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံက အဆုံးတွင် လှုပ်ရှားလာတော့မည် ဖြစ်သည်။

အိမ်ရှေ့စံသည် လျှောက်လာနေရင်းက သူ၏ လက်ဝါးကို ဆန့်ထုတ်လိုက်သည်။ အဆုံးမဲ့ သတ်ဖြတ်ခြင်း စွမ်းအင်လှိုင်းများက ကောင်းကင်တွင် ပြည့်နှက်သွားသည်။ သတ်ဖြတ်ခြင်း လမ်းစဉ်က တစ်ဖန် အော်မြည်လာကာ ချန်းချိုးစုတ်တံက ပေါ်ပေါက်လာပြီး သူ၏လက်ဝါးအတွင်း ကျဆင်းလာသည်။ ယင်း၏ စွမ်းအားများသည် နတ်ဘုရားအသံကို အသုံးပြုသည့် တန်ခိုးရှင် ကိုးယောက်ကဲ့သို့ပင် စွမ်းအားပြင်းထန်လှသည်။

သူက ပြန်လည် မွေးဖွားခြင်းအဆင့် ဖြစ်ကာ ထိုသို့ အဆင့်တစ်ခု ကွာခြားခြင်းကြောင့် သူ၏ စွမ်းအားများက သံသယကင်းစင်ခြင်း အဆင့်ထက် ဆယ်ဆ ပိုမိုအစွမ်းထက်သည်ဟု ဆိုနိုင်သည်။ ထို့ပြင် သူ၏ ထူးခြားသည့် စွမ်းအားကြောင့် သူ၏ ချန်းချိုးစုတ်တံ စွမ်းအားက မည်မျှ အစွမ်းထက်မည်ကို ခန့်မှန်းနိုင်ကြပေသည်။

စုတ်တံသည် သူ့လက်ထဲတွင် ရှိနေပြီး သူ့အနီးရှိ မဟာလမ်းစဉ် စွမ်းအားများကို အမိန့်ပေးနိုင်ပေသည်။ ယင်းသည် စုတ်ချက်တစ်ခုတည်းနှင့်ပင် လေဟာနယ်ကို ထိုးခွဲနိုင်စွမ်းရှိသည်။ ရီဖူရှင်းက နေရာ၌ပင် ရပ်နေကာ သူ၏ ဝတ်စုံက အနောက်တွင် လွင့်ဝဲနေခဲ့သည်။ သတ်ဖြတ်ခြင်း စွမ်းအားတို့က အော်မြည်နေပြီး သူတို့၏ ပတ်ဝန်းကျင်သည် ချောက်ချားဖွယ် ကောင်းလာသည်။ ထိုအချိန်၌ သူက ထူးခြားလမ်းစဉ်ကို အသုံးပြုလျှင်ပင် သတ်ဖြတ်ခြင်းစွမ်းအားများ၏ ဖိနှိပ်ခြင်းကို ခံရပြီး အဆုံးသတ်ရလိမ့်ဦးမည် ဖြစ်ပေသည်။

ထိုသည်မှာ မတူညီသည့် အဆင့်များကြားက ကွာခြားမှု ဖြစ်သည်။ ထို့ပြင် ရီဖူရှင်းနှင့် ဆန့်ကျင်ဘက်၌ ရပ်နေသူမှာ အိမ်ရှေ့စံ ဖြစ်သည်။ သူသည် အထွတ်အထိပ်၌ ရပ်တည်ရန် မွေးဖွားလာသူ ဖြစ်၏။

ဘုံအတွင်း သူနှင့် တူညီသည့် အဆင့်မှ အခြားသူများကိုပင် ဖိနှိပ်ကာ လွှမ်းမိုးနိုင်သော ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံ ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်နတ်တံခါးမှ နောက်ထပ် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ အဝတ်အစားများသည် နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေကာ လေမတိုက်ပါဘဲ သူ့အဝတ်များက လွင့်ဝဲနေပေသည်။ အဖြူရောင်ဝတ်စုံနှင့် စာပေပညာရှင်ကဲ့သို့ သူသည် ရှေ့သို့ ထွက်လာကာ ပြောလိုက်သည်။

“အစ်ကို့ကို တိုက်ခွင့်ပြု … ညီငယ်လေး”

ယခု လာမည့်တိုက်ခိုက်မှုက သူ့အလှည့်ဖြစ်ကြောင်းကို ဂူတုံးလျှို နားလည်ပေသည်။

လွန်ခဲ့ပြီးသည့် နှစ်များက ရန်ငြိုးဟောင်းများအရ သူနှင့် အိမ်ရှေ့စံသည် ကမ္ဘာမကြေရန်သူများ ဖြစ်ကြပေသည်။ ဤတိုက်ပွဲသည် မလွဲမသွေ တိုက်ရမည့် တိုက်ပွဲဖြစ်သည်။

ထိုသည်မှာ သူတစ်ယောက်တည်းသာ နားလည်ထားခြင်း မဟုတ်ပေ။ သူ၏ ဖခင်က ကောင်းကင်အာဏာစက် ပြည်ထောင်၏ ယခင် အိမ်ရှေ့စံ လက်ထဲတွင် သေဆုံးခဲ့ရကြောင်း လူတိုင်း နားလည်ထားကြပေသည်။ ထိုသူသည် လက်ရှိ အိမ်ရှေ့စံနှင့် ညီအစ်ကို တော်စပ်ပေသည်။ ဂူကလန်သည် ကောင်းကင်အာဏာစက် ပြည်ထောင်ကြောင့် အမြစ်ပြတ် သုတ်သင်ခံခဲ့ရကာ ဂူတုံးလျှိုတစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

သို့သော် တစ်ချိန်တည်းမှာပင် ဂူထျန်းရှင်းတစ်ယောက်တည်းမှ ကောင်းကင်အာဏာစက် ပြည်ထောင်၏ တန်ခိုးရှင် တစ်ဝက်ကျော်မျှကို သတ်ဖြတ်ပစ်ခဲ့သည်။ ယခင် ပြည်ထောင်ဘုရင်နှင့် အိမ်ရှေ့စံက သူ့လက်ချက်ဖြင့် အသတ်ခံခဲ့ရသည်။ သူတို့ကြားမှ ရန်ငြိုးရန်စက အလွန်တရာ နက်ရှိုင်းလှသည်။

ယခု ထိပ်တိုက် တွေ့ဆုံကြရာတွင် တစ်ယောက်သည် ဂူထျန်းရှင်း နှစ်ပေါင်းများစွာ စီစဉ်ထားခဲ့သည့် အရာအားလုံးကို ဆက်ခံခဲ့ရသော ဂူကလန်၏ တစ်ဦးတည်အသက်ရှင် ကျန်ရစ်သူ ဖြစ်ကာ နောက်တစ်ယောက်သည် ပြည်ထောင်ဘုရင်က အထွတ်အထိပ်၌ ရပ်တည်ရန် မွေးဖွားလာသူဟု ဆိုခဲ့သော အိမ်ရှေ့စံအသစ် ဖြစ်သည်။

သူတို့၏ ကံကြမ္မာသည် တစ်ယောက်က သေပေးမှရမည့် ကံကြမ္မာမျိုးပင် ဖြစ်သည်။ သူတို့နှစ်ယောက်တွင် ထိုသို့သော ကံတရားမျိုး ရှိနေခဲ့သည်။

တန်ခိုးရှင် ကိုးယောက်က ဂူတုံးလျှိုအား စိန်ခေါ်စဉ်တွင် အိမ်ရှေ့စံက သူနှင့်မဆိုင်သကဲ့သို့ ဘေးထွက်ရပ်နေကာ ကောင်းကင်နတ်တံခါးနှင့် သူ့ကို ခံစစ်အနေအထားသို့ တွန်းပို့ခဲ့သည်။ ရီဖူရှင်းသည် သူ့အတွက် ထိုတိုက်ပွဲအား ဖြေရှင်းပေးကာ သူ့အစ်ကိုအတွက် ကိစ္စများကို ချောမွေ့စေခဲ့သည်။ ထို့ကြောင့် ယခု လာမည့်တိုက်ပွဲက ဂူတုံးလျှို၏ တိုက်ပွဲဖြစ်လေသည်။

ကျန်းကလန်ခေါင်းဆောင်က သူ့ကို နောက်မှ ကြည့်လိုက်ပြီး မည်သည့် စကားမှမဆိုပေ။ ထိုတိုက်ပွဲက အနှေးနဲ့အမြန် ဖြစ်လာမည်ကို အားလုံး သိသော်လည်း ကလန်ခေါင်းဆောင်သည် ထိုတိုက်ပွဲအား မြန်မြန် ဖြစ်မလာစေချင်ခဲ့ပေ။ ဂူတုံးလျှိုသည် အမွေအနှစ်အား ဆက်ခံရရှိခဲ့ပြီးနောက် တစ်ကိုယ်တည်း ကျင့်ကြံကာ အဆင့်များ ဆက်တိုက်တက်၍ ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်လာခြင်း ဖြစ်ပေသည်။

သို့သော် အလွန်များပြားသည့် စွမ်းအားတို့ကို ဆက်ခံရရှိခဲ့သည့်အတွက်ကြောင့် သူအဆင့်များက ခုန်ပေါက်တက်သွားသော်လည်း တည်ငြိမ်ခြင်းမရှိသေးပေ။ ထို့ကြောင့် ယခုတွင် သူသည် ဆက်ခံရရှိခဲ့သမျှ စွမ်းအားတို့ကို အကုန် ထုတ်သုံးနိုင်ရန် မဖြစ်နိုင်သေးချေ။ သူ့ခန္ဓာအတွင်းမှ ဖန်တီးခြင်းစွမ်းအားများက အချိန်တိုအတွင်း စနစ်တကျ ဖြစ်သွားစေနိုင်မည့် အရာမျိုး မဟုတ်ခဲ့ပေ။ အမှန်တကယ်တွင် စွမ်းအားများ အားလုံးကို စနစ်တကျ ဖြစ်သွားစေရန်မှာ သူ့အတွက် ခက်ခဲနိုင်ပြီး ထိုသို့ပြုလုပ်ရန် ဆယ်စုနှစ်ထိ ကြာသွားသည်လည်း ဖြစ်နိုင်ပေသည်။ ဂူတုံးလျှိုက ရတနာသိုက်ကို ဆက်ခံရရှိခဲ့သည်ဟု ဆိုလျှင် သူသည် ထိုရတနာသိုက်ကို ဖြည်းဖြည်းချင်း တူးဖော်ပြီး ပုန်းကွယ်နေသည့် ရတနာများကို ရှာဖွေရန်မှာ အချိန်များများ လိုအပ်ပေသည်။ သူက အရာအားလုံးထက်ပို၍ အချိန်လိုအပ်သည်။

သူ့အတွက် အချိန်ပိုရလေ သူက ပို၍ အားကောင်းလာလေ ဖြစ်ပေလိမ့်မည်။

ဆန့်ကျင်ဘက်အနေနှင့် အိမ်ရှေ့စံကတော့ ကွဲပြားပေသည်။ သူက ကျင့်ကြံခဲ့သည့် နှစ်များတလျှောက် အခြေခိုင်အောင် တည်ဆောက်ခဲ့သည်ဖြစ်ရာ သူ၏ ခြေလှမ်းတိုင်းက လှုပ်ခါနိုင်ခြင်း ရှိမည်မဟုတ်ပေ။ သူ၏ အချိန် ဆယ်စုနှစ်များစွာကို ကျင့်ကြံခြင်း၌ သုံးစွဲခဲ့သည့်အတွက် သူ၏ စွမ်းအားများသည် အရောင်တင်ပြီးသား ဖြစ်နေကာ သူ၏ စွမ်းအားကို ပြီးပြည့်စုံစွာ အသုံးချနိုင်စွမ်း ရှိပေသည်။

တိုက်ပွဲဖြစ်ပွားသည့် အချိန် နောက်ကျပါက သူတို့ တိုက်ခိုက်သည့်အချိန်တွင် ဂူတုံးလျိုက အရေးသာပေလိမ့်မည်။

သို့သော် ကောင်းကင်အာဏာစက် ပြည်ထောင်မှ တိုက်ပွဲဆင်နွှဲရန် အလွန် စိတ်အား ထက်သန်နေကြသည်။ သူတို့က ဂူထျန်းရှင်းမှ ဆင်းသက်လာသည့် ဂူတုံးလျှို မည်မျှ အစွမ်းထက်သည်အား မြင်တွေ့ရန် စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် သူတို့သည် ကောင်းကင်နတ်တံခါးကို ဖိအားပေးရန် အင်အားစုစည်းကာ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်က လူများ ဤနေရာတွင် ရောက်နေပြီဖြစ်ရာ ကောင်းကင်နတ်တံခါးမှ လူများလည်း လုပ်သင့်သည်ကို လုပ်ရန် လိုအပ်ပေသည်။ ထိုသည်က ဂူတုံးလျှိုတိုက်ခိုက်ရန် လိုသည့် တိုက်ပွဲ ဖြစ်သည်။

သူက ရှုံးနိမ့်ခဲ့လျှင်ပင် ကလန်ခေါင်းဆောင်သည် ဂူတုံးလျိုက အရှုံးကို လက်ခံနိုင်စွမ်းရှိမည် ဖြစ်ကြောင်း သေချာသိပေသည်။ မဟုတ်လျှင် သူသည် ထိုမျှော်လင့်ချက်များအား ပခုံးထမ်းထားနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

တစ်ဖန် ကလန်ခေါင်းဆောင်သည် တိုက်ခိုက်ရာ၌ သူ ရှုံးနိမ့်မည်ကို မြင်တွေ့လိုခြင်းမရှိပေ။

ထို့ကြောင့် ထွက်ပေါ်လာသည့် ပုံရိပ်ကို ကြည့်နေသော သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်တို့ ပြည့်နေသည်။ သူသည် ယခင်နေ့ရက်များ၌ အလွန် ကျော်ကြားခဲ့သော ဒဏ္ဍာရီပုဂ္ဂိုလ် ဂူထျန်းရှင်းနှင့် ဂူကျန်းနန်တို့၏ မျိုးဆက် ဂူတုံးလျှို ပြန်လည်မွေးဖွား လာသည်ကို မြင်တွေ့လိုပေသည်။

ထို့ပြင် ဂူတုံးလျိုသည် ဆက်ခံထားခဲ့သည့် စွမ်းအားများကို စနစ်တကျ ထုတ်ဖော် အသုံးပြုနိုင်သည့် အချိန်သို့ ရောက်ပါက သူ၏ ယခင်မျိုးဆက်များထက် ပို၍ အစွမ်းထက်လာပေလိမ့်မည်။

သူ့ အစ်ကိုသုံး ထွက်ပေါ်လာသည်ကို မြင်ပြီးနောက် ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက အစ်ကိုသုံးအတွက် လမ်းဖယ်ပေးလိုက်ပေသည်။

ထိုသည်က သူ့အစ်ကိုသုံးနှင့် သက်ဆိုင်သော တိုက်ပွဲဖြစ်သည်။

ထိုသည်က ကံကြမ္မာတိုက်ပွဲ ဖြစ်သည်။

သူ့အစ်ကိုသုံးက ယနေ့တိုက်ပွဲတွင် ရှုံးနိမ့်သည်ဖြစ်စေ အနိုင်ရသည်ဖြစ်စေ သူ့အစ်ကိုသုံးက ဆက်ခံရရှိခဲ့သည့် စွမ်းအားများကို အသုံးချနိုင်လာကာ ဘုံ၏ အထွတ်အထိပ်ဆီ ဆက်လက် လျှောက်လှမ်းနိုင်မည်ဟု ယုံကြည်ပေသည်။

ဂူတုံးလျှိုသည် ရှေ့သို့ လျှောက်လာကာ အိမ်ရှေ့စံ၏ ရှေ့၌ ရပ်လိုက်သည်။ လက်ရှိ ဘုံတွင် လူပြောအများဆုံး ဖြစ်နေသည့် သူတို့နှစ်ယောက်သည် ဆန့်ကျင်ဘက်တွင် ရပ်နေခဲ့ကြသည်။

သူတို့နှစ်ယောက်လုံးသည် ကမ္ဘာမကြေရန်သူများ ဖြစ်ကာ သူတို့ကြားမှ တိုက်ခိုက်မှုသည် ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးမှ လူများ၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ပေသည်။

ယခုလာမည့် တိုက်ပွဲသည် ဘုံအတွက် သမိုင်းတွင် ရေးထိုးရမည့် တိုက်ပွဲဖြစ်လာပေလိမ့်မည်။

သူတို့၏ ကျော်ကြားမှုသည် သူတို့  မည်မျှ အစွမ်းထက်သည် မထက်သည်ကြောင့် မဟုတ်ဘဲ သူတို့ ပခုံးထမ်းထားရသည့် တာဝန်များနှင့် သူတို့ကြားမှ ရန်ငြိုးရန်စများကြောင့် ဖြစ်လေသည်။

ကျယ်ပြောသည့် နေရာတစ်ခုလုံးက သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေသည်။ မည်သူမှ စကားမဆိုကြဘဲ မရေတွက်နိုင်သည့် မျက်လုံးများက မည်သည့်စကားမှ မဆိုဘဲ မျက်နှာချင်းဆိုင် ရပ်နေသော လူနှစ်ယောက်ကို ကြည့်နေကြပေသည်။ ခရမ်းရင့်ကောင်းကင် နန်းတော်နှင့် ကောင်းကင် အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များသည်လည်း တူညီစွာပင် ဖြစ်သည်။ သူတို့အားလုံး၏ မျက်လုံးများက တိုက်ပွဲကွင်းပြင်ကို ကြည့်နေခဲ့ပြီး အလွန် အရေးပါသည့် တိုက်ပွဲအား စောင့်ကြည့်နေခဲ့ကြသည်။

တစ်ယောက်သည် ဂူထျန်းရှင်းထံမှ အရာအားလုံးကို ဆက်ခံရရှိခဲ့သူ ဖြစ်ပြီး တစ်ယောက်ကတော့ အထွတ်အထိပ်၌ ရပ်တည်ရန် မွေးဖွားလာသူ ဖြစ်သည်။

သူတို့အားလုံးအနီးတွင် သဏ္ဌာန်မဲ့ လေပွေလှိုင်းများ ဖြစ်ပေါ်လာသည်။ ထိုအတွင်း၌ မဟာလမ်းစဉ် အရှိန်အဝါများ ပါဝင်နေသည်။ ခဏချင်းအတွင်း၌ လေဟာနယ်သည် အလွန် မွန်းကျပ်ဖွယ် ကောင်းလာပြီး ရှန့်ထိုများကို အလွန် မသက်မသာ ခံစားရစေသည်။ ထိုပြန်လည် မွေးဖွားခြင်းအဆင့် နှစ်ယောက်သည် ကောင်းကင်အာဏာစက်ဘုံတွင် ရန်ဟောင်အဆင့်အောက် အစွမ်းအထက်ဆုံး သူများ ဖြစ်ပေလိမ့်မည်။

“ကောင်းကင်အာဏာစက် ပြည်ထောင်က ရီထျန်းယွိ” ပြန်ထောင် အိမ်ရှေ့စံက ပြောလိုက်သည်။ သူ၏ အမည်မှာ ရီထျန်းယွိ ဖြစ်သည်။ ဝမ်ယန်ပင်းသည် ထူးခြားလမ်းစဉ်မှ ယူထားသည့် အမည် ဖြစ်ကာ ရီထျန်းယွိသည်လည်း ကောင်းကင်အာဏာစက်ဟု အဓိပ္ပာယ်ရှိသည့် ထျန်းယွိကို အမည်အဖြစ် ပေးထားခြင်း ဖြစ်လေသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်၏ ဆန္ဒက နေ့ကဲ့သို့ ရှင်းလင်းထင်ရှားပေသည်။

“ဂူကလန်က ဂူတုံးလျှို” ဂူတုံးလျှိုက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ သူတို့ နှစ်ဖက်လုံးသည် ပုံမှန် တိုက်ပွဲများ တိုက်ခိုက်သည့်အတိုင်း သူတို့၏ အမည်များကို အရင် မိတ်ဆက်လိုက်ကြသည်။ သူတို့ကြားတွင် ရန်သူဖြစ်သည်ဟူသော လက္ခဏာမျိုး တစ်စွန်းတစ်စမှ မတွေ့ရပေ။ သို့သော်လည်း ထိုသည်က ပို၍ လေးနက်စေသည်။

သူတို့၏ ပတ်ဝန်းကျင်က အော်မြည်နေပြီး လေက ပြင်းထန်စွာ တိုက်ခတ်လာသည်။ မဟာလမ်းစဉ်စွမ်းအား မုန်တိုင်းများ ဖြစ်ပေါ်လာကာ အလွန်တောက်ပနေသည့် ကောင်းကင်အာဏာစက် နတ်ပန်းချီက ပေါ်ထွက်လာသည်။ ပန်းချီသည် သူတို့ ဝန်းကျင်မှ မဟာလမ်းစဉ် စွမ်းအားများကို ဝါးမျိုနေသည်။ မဟာလမ်းစဉ် စွမ်းအင်လှိုင်းများသည် ပန်းချီအတွင်း အရူးအမူး စုပ်ယူခံနေရကာ အဆက်မပြတ် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ ယင်းသည် အရာအားလုံးကို ပြောင်းလဲနိုင်စွမ်း ရှိသကဲ့သို့ပင် ဖြစ်သည်။

ကောင်းကင်အာဏာစက် ပြည်ထောင် အဓိကမျိုးဆက်များ၏ သက်စောင့်ဝိညာဉ်သည် အဆင့်ဆင့် ပြောင်းလဲပြီးနောက် နောက်ဆုံးသဏ္ဌာန်မှာ ကောင်းကင်အာဏာစက် နတ်ပန်းချီ ဖြစ်သည်။ ယင်းသည် ကောင်းကင် အာဏာစက်ဘုံတွင် အစွမ်းထက်ဆုံး သက်စောင့်ဝိညာဉ် တစ်ခုအဖြစ် ချီးမြှောက်ခံရပေသည်။

ထိုအချိန်တွင် ရီထျန်းယွိနှင့် ဆန်ကျင်ဘက်တွင် ရပ်နေသည့် ဂူတုံးလျှို၏ နောက်မှ ပြိုင်ဘက်ကင်း စွမ်းအားများနှင့် သက်စောင့်ဝိညာဉ် ပေါ်ပေါက်လာသည်။ ယင်းသည် ဝင်္ကပါတစ်ခုဖြစ်သည်။ ထိုဝင်္ကပါသည် ယင်ယန်အယူအဆဖြင့် ရုပ်လုံးဖော်ထားပြီး သင်္ကေတစာလုံး ကိုးခုက လှည့်ပတ်နေ၍ နတ်အလင်းတို့ဖြင့် လွှမ်းခြုံခံထားရသည့် မဟာဝင်္ကပါတစ်ခု ဖြစ်လေသည်။

ထိုသည်က ကျွယ်ရှန်းဝင်္ကပါ ဖြစ်သည်။ ယင်းသည် ဂူထျန်းရှင်းမှ ဂူတုံးလျှိုထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပြီး ဂူတုံးလျှို၏ သက်စောင့်ဝိညာဉ် နိုးထလာစေရန် ထောက်ကူနေကာ ကျွယ်ရှန်းဝင်္ကပါနဲ့ ပေါင်းစပ်၍ ပြောင်းလဲတိုးတက်လာစေသည်။

လူအများသည် ဘုံအတွင်း၌ မည်သည့် သက်စောင့်ဝိညာဉ်က အားအကောင်းလည်း ဆိုသည်ကို သိချင်နေကြသည်။

သူတို့သည် အကျော်ကြားဆုံး အင်အားစုကြီးနှစ်ခုမှ မျိုးဆက်များဖြစ်သည့် သူတို့နှစ်ယောက်တွင် မည်သူက အားအကောင်းဆုံး ဖြစ်သည်ကို သိချင်နေကြပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset