ရီဖူရှင်း၏ စကားလုံးများက ချက်ချင်းပင် လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်သည် ယနေ့တွင် ကြီးမားသော အင်အားစုကို ယူဆောင်လာခဲ့ပြီး သူတို့၏ နတ်ဘုရားအသံက မည်မျှ အစွမ်းထက်သည်ကို ဝမ်ယန်ပင်းပင်လျှင် တစ်ချက်တည်းနှင့် ရှုံးနိမ့်သွားသည်အား ကြည့်ကာ သိနိုင်ပေသည်။
သို့သော် ရီဖူရှင်း ထွက်ပေါ်လာပြီး သူ့ ဆန္ဒအလျောက် ကိုးယောက်လုံးကို တိုက်ခိုက်ရန် ရဲရင့်သည့် ရည်ရွယ်ချက်ကို ထုတ်ပြခဲ့သည်။
လူတိုင်းသည် သူက ကောင်းကင်အာဏာစက် ပြည်ထောင်၏ နတ်ဘုရားအသံ ကျင့်ကြံထားသူ ကိုးယောက်ကို ရှုံးနိမ့်စေနိုင်မလား သိချင်နေကြပေသည်။
လူအုပ်ကြီးသည် ရီဖူရှင်း၏ စွမ်းအားများကို သိရှိကြပြီး သူ့တွင် တောက်ပသည့် မှတ်တမ်း ရှိလေသည်။ သို့သော် ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များက ထိုမျှ ရက်စက်ကာ နတ်ဘုရားအသံကို ကျင့်ကြံထားသည့်အတွက် ရိုးရှင်းလွယ်ကူမည့် ပြိုင်ဘက်မျိုး မဟုတ်ပေ။ သူတို့ အားလုံးသည် ထိပ်သီးပါရမီရှင်များ ဖြစ်ကြပေလိမ့်မည်။
သို့သော် ရီဖူရှင်း၏ ထွက်ပေါ်လာမှုက ဂူတုံးလျှိုကို သေချာသည့် အကူအညီမျိုး ပေးလိုပြီး သူ့အစ်ကိုသုံး၏ အခြေအနေကို လွယ်ကူသွားစေရန်အတွက် ဖြစ်ပေသည်။
ထိုသို့ဆိုလျှင်ပင် ရီဖူရှင်း ရှုံးနိမ့်သွားပါက ရလဒ်သည် အတူတူပင် ထွက်ပေါ်လာဦးမည် ဖြစ်သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များသည် ဂူတုံးလျှိုကို နတ်ဘုရားအသံနှင့် တိုက်ခိုက်ရန် စိန်ခေါ်နေဦးမည်ဖြစ်ကာ အိမ်ရှေ့စံက တိုက်ခိုက်လိမ့်မည် မုတ်ပေ။
မည်သူကမှ နတ်ဘုရားအသံကို မရှုံးနိမ့်စေနိုင်ပါက အိမ်ရှေ့စံအား စိန်ခေါ်ရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။
ဖိအားများက တစ်ဖက်သတ် ဖြစ်သည်။ ထိုဖိအား အားလုံးက ကောင်းကင်နတ်တံခါးသို့ ကျရောက်နေပေသည်။
ရီဖူရှင်းက ရှေ့ထွက်လိုက်ကာ ကောင်းကင်နတ်တံခါး ရှေ့တွင် ရပ်တန့်လိုက်သည်။
“ပိုအစွမ်းထက်တဲ့ တိုက်ပွဲဝင်က အနိုင်ရမှာပါ” ရီဖူရှင်းက ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များအား လေးစားမှုအပြည့် အမူအရာနှင့် ပြောလိုက်သည်။
ထိုအချိန်တွင် အားလုံးသော မျက်လုံးများက သူ့အပေါ် ကျရောက်လာသည်။ စစ်သူကြီး၏ မျက်လုံးများကလည်း စူးရှသွားသည်။ သူက တစ်ဖက်လူကို ထွင်းဖောက်တော့မတတ် စူးစိုက်ကြည့်နေပေသည်။ အခြားတစ်ဖက်မှ အိမ်ရှေ့စံသည် တုံ့ဆိုင်းခြင်းမရှိဘဲ ကြည့်ကာ ပြောလိုက်သည်။
“ညီအစ်ကိုရီက ထူးခြားသာလွန်တဲ့ အရည်အချင်းနဲ့ အစွမ်းထက် တိုက်ပွဲစွမ်းရည် ရှိတယ်။ သူက မင်းတို့ ကိုးယောက်ကို သူ့ဆန္ဒအလျောက် တိုက်ခိုက်ချင်တယ်ဆိုမှတော့ တိုက်ခိုက်ပေးလိုက်ကြပေါ့”
သူ ပြောပြီးသွားသည်နှင့် တိုက်ပွဲဝင်တန်ခိုးရှင် ကိုးယောက်က သူ့နောက်မှ ထွက်ပေါ်လာသည်။ သူတို့အားလုံးသည် သံသယကင်းစင်ခြင်းအဆင့်များ ဖြစ်ကြသည်။
ထိုကိုးယောက်က ရီဖူရှင်းအား ပမာမထားသည့် အမူအရာနှင့် ကြည့်လိုက်ကြသည်။
သူတို့အားလုံးသည် ငယ်စဉ်ကပင် ရွေးချယ်ခံရကာ အဝေးသို့ စေလွှတ်ခံခဲ့ကြရသည်။ သူတို့က ဤနှစ်များအတွင်း အခက်အခဲများစွာ ဖြတ်သန်းခဲ့ရပြီး အတူသွားလာခဲ့သည့် တန်ခိုးရှင် အများအပြားကြားတွင် ဆယ်ယောက်သာလျှင် နတ်ဘုရားနန်းတော်သို့ ရောက်ခဲ့ကြပေသည်။
နတ်ဘုရားနန်းတော်၌ မည်သူ့ကိုမှ အလွန် ထူးခြားသာလွန်သော ထိပ်တန်းပါရမီရှင်ဟု ယူဆ၍ မရပေ။ အိမ်ရှေ့စံကဲ့သို့ သူမျိုးပင်လျှင် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းဟု ပြောရဲခြင်း မရှိပေ။ နတ်ဘုရားနန်းတော်မှ ထိပ်သီး ပါရမီရှင်များသည် ကောင်းကင်အာဏာစက်ဘုံတွင် တွေ့ရသူများထက် အဆများစွာ အစွမ်းထက်ပေသည်။ သူတို့သည် အလွန်များပြားသော အကျော်အမော်များကို မြင်တွေ့ခဲ့ရပြီး သူတို့အားလုံးသည် ပါရမီရှင်များအဖြစ် ကိုယ်ပိုင်အမည်နှင့်အညီ စွမ်းဆောင်ရည်ရှိကြပေသည်။
ရီဖူရှင်းက ခရမ်းရင့်ကောင်းကင်နန်းတော် တိုက်ပွဲအပြီးမှသာ တစ်ဟုန်ထိုး ကျော်ကြားလာခြင်း ဖြစ်ပြီး ထိုသည်က သူတို့၏ စိတ်ကို နည်းနည်းလေးမှ လှုပ်ခါသွားစေနိုင်ခြင်း မရှိပေ။
ရီဖူရှင်းသည် သူတို့ ထွက်ပေါ်လာသည့် အချိန်တွင်ပင် သူတို့အားလုံးထံမှ မွန်းကျပ်ဖွယ်ဖိအားကို ခံစားမိသည်။ ထိုသည်မှာ နန်းတော်အပြင်၌ ယူချင်းက ထိုကိုးယောက်ဖြင့် တိုက်ခိုက်စဉ်ကနှင့် တူညီပေသည်။
သူတို့၏ မျက်လုံးများက အေးစက်ကာ နောက်မတွန့်သော စိတ်ဓာတ်တို့အား ပြသနေသည်။ သူတို့က မောက်မာမှုအား မပြသကြသော်လည်း ရီဖူရှင်းသည် သူတို့ထံမှ အလွန်ပြင်းထန်သည့် ယုံကြည်မှုကို ခံစားမိပေသည်။
သေချာသည့် အဆင့်တစ်ခုကို ရောက်ရှိပြီးနောက်က မိမိကိုယ်ကိုယ် ယုံကြည်မှုသည် အရိုးထဲမှာပင် စွဲထင်ကျန် နေတတ်ပေသည်။ ထို့ပြင် ထိုသို့ တန်ခိုးရှင် ကိုးယောက်က တစ်ပြိုင်တည်း တိုက်ခိုက်မည့်အခါ၌ ပို၍ပင် ယုံကြည်မှု မြင့်မားနေမည် ဖြစ်သည်။
“ပိုအစွမ်းထက်သူက အနိုင်ရလိမ့်မယ်” သူတို့က ရီဖူရှင်း ရှေ့သို့ ရောက်သည့်အခါ အရိုအသေပြုဟန် လက်သီးဆုပ်ရင်း ပြောလိုက်သည်။ သူတို့ စကားပြောသည့် လေသံတွင် သူတို့၏ မည်သည့်ခံစားချက်မှ နစ်မြုပ်နေခြင်း မရှိပေ။
ဘုန်း … သန့်စင်သည့် အလင်းက ချက်ချင်းပင် သူ့ခန္ဓာကို လွှမ်းခြုံသွားသည်။ ပညာရှိကျမ်း၏ စွမ်းအားများက ပေါက်ကွဲထွက်လာပြီး လောကရှိ လမ်းစဉ်အားလုံးက သူ၏ ဖြစ်တည်မှုတွင် ပျော်ဝင်လာသည်။ မဟာလမ်းစဉ် လေပွေက ကျယ်ပြောသည့် လေဟာနယ်တွင် ဖြစ်ပေါ်လာ၏။ မဟာလမ်းစဉ် ရှေးဟောင်းစာလုံးများသည် သူ့ကို လှည့်ပတ်နေကာ လောကတစ်ခွင်နှင့် တသားတည်း ဖြစ်လာပေသည်။
ရီဖူရှင်း၏ အရှိန်အဝါက ခဏချင်းအတွင်း အကြိမ်များစွာ ပေါက်ကွဲထွက်လာသကဲ့သို့ ထင်မှတ်ရပေသည်။ ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်က အလွန် ပြင်းထန်နေရသည့် အကြောင်းရင်းမှာ ပညာရှိကျမ်း၏ စွမ်းအားများက သူ၏ မဟာလမ်းစဉ် စွမ်းအားများနှင့် တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်စွမ်း ရှိခြင်းကြောင့် ဖြစ်ပေသည်။ ထိုသည်က လမ်းစဉ်တစ်ခုကို အထူးပြုကာ သူ၏ စွမ်းအားများကို အဆများစွာ တိုးမြှင့်ပေးပေသည်။ ထို့ကြောင့်ပင် သူက သူ့အဆင့်မှ လူအားလုံးကို လွယ်ကူစွာ လွှမ်းမိုးနိုင်စွမ်းရှိပေသည်။
သို့သော် ထိုသည်က သူ၏ အဆင့်ပေါ်တွင်သာ အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်ပေသည်။ အားလုံးသော ထိပ်သီး ပါရမီရှင်များသည် သူတို့၏ တိုက်ပွဲစွမ်းရည်ကို တိုးမြှင့်ပေးနိုင်သည့် နည်းလမ်းများကို ကျင့်ကြံထားကြပြီး သူတို့၏ ကျင့်ကြံဆင့်ထက်မြင့်သော တိုက်ပွဲစွမ်းရည်ကို ဖော်ထုတ်နိုင်စွမ်းရှိကြပေသည်။ သူတို့အားလုံး အစွမ်းထက်ကြခြင်းမှာ သူတို့၏ စွမ်းအားကို မြှင့်တင်နိုင်ခြင်းကြောင့် ဖြစ်ပေသည်။
ထိုသို့ဆိုပါက တန်ခိုးရှင်တစ်ယောက်၏ တိုက်ပွဲစွမ်းရည်သည် သူ၏ စွမ်းအားကို ပိုအစွမ်းထက်အောင် မည်မျှ တိုးမြှင့်နိုင်သည်ဟူသော အခြေအနေတွင် မူတည်နေပေသည်။
တိုးမြှင့်ထားသည့် စွမ်းအားများကြားတွင် ပင်ကိုစွမ်းရည်များကို တိုးမြှင့်ခြင်း၊ မဟာလမ်းစဉ် စွမ်းအားများကို တိုးမြှင့်ခြင်း၊ ကျင့်စဉ်ပညာရပ်များကို တိုးမြှင့်ခြင်း၊ ဝင်္ကပါမှတဆင့် တိုးမြှင့်ခြင်းအပြင် အခြားသော နည်းလမ်းများစွာ ရှိသည်။ မည်သူမဆို အစွမ်းထက် တိုက်ခိုက်ရေးနည်းစနစ် ပညာရပ်တို့ကို သင်ယူရန် ပျင်းရိနေကြမည်သည်။
နတ်ဘုရားအသံသည် တစ်စုံတစ်ယောက်၏ ကျင့်စဉ်စွမ်းအားပေါ် မူတည်ကာ မဟာလမ်းစဉ်စွမ်းအားတို့အား တစ်သားတည်း ဖြစ်စေပြီး အကြိမ်များစွာ တိုးမြှင့်ပေးနိုင်သောကြောင့် ကြောက်မက်ဖွယ် ကောင်းသည်ဟု ယူဆနိုင်သည်။ ပေါက်ကွဲထွက်လာသည့် စွမ်းအားများသည် ထိတ်လန့်အံ့သြဖွယ် ကောင်းလောက်အောင် ပြင်းထန်လှပေသည်။
ပညာရှိကျမ်း စွမ်းအားများကို ထုတ်ဖော်ပြီးနောက်၌ ဆင်အော်သံများကို ကြားလိုက်ရပေသည်။ မဟာလမ်းစဉ်စွမ်းအားများမှ နတ်ဆင်ပုံရိပ်များ ဖြစ်ပေါ်လာကာ လေဟာနယ်ကို ဖျက်ဆီးစုတ်ဖြဲတော့မလို ဖြစ်လာပေသည်။ ရီဖူရှင်း၏ စွမ်းအားများသည် ပို၍ပင် မွန်းကျပ်ဖွယ် ကောင်းလှသော ဖိအားကို ခံစားမိစေသည်။
သူက တန်ခိုးရှင်ကိုးယောက်နှင့် တိုက်ခိုက်ရသည့်အခါ နည်းနည်းလေးမှပင် ပေါ့ဆရဲခြင်းမရှိပေ။ သူက နတ်ဆင်တို့၏ အစွမ်းထက်ပညာရပ်ကို ပညာရှိကျမ်း စွမ်းအားများနှင့် ပေါင်းစပ်လိုက်သည်။
ကိုးယောက်သည် တစ်ချိန်တည်း၌ ရှေ့သို့ တိုးလာခဲ့သည်။ မဟာလမ်းစဉ် စွမ်းအားများ၏ အသံတို့၏ ပဲ့တင်သံကို ကြားနေရပြီး ထိုခဏ၌ ကောင်းကင်ပင် တုန်ခါနေကာ သူတို့၏ ဝန်းကျင်တွင် ကြီးမားသော အပြောင်းအလဲတို့ ဖြစ်ပေါ်လာစေသည်။ ခဏချင်းအတွင်းပင် လူအုပ်ကြီးသည် ပြင်းထန်သည့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်တို့အား ခံစားလိုက်ရပေသည်။
“သတ်ဖြတ်ခြင်းလမ်းစဉ်” လူအုပ်ကြီးက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထိုကိုးယောက်သည် တစ်ယောက်ကို ဗဟိုပြုကာ အဓိကထောက်တိုင် ဖြစ်စေခဲ့သည်။ သူက မဟာလမ်းစဉ် စွမ်းအားများကို တသားတည်းဖြစ်စေကာ သူနှင့် ပေါင်းစပ်စေခဲ့သည်။
“ပေါင်းစည်းစမ်း” အသံတစ်ခုက ပြောလိုက်သည်။ ထိုအသံတွင် မဟာလမ်းစဉ်စွမ်းအား ပဲ့တင်သံတို့ ပါဝင်နေသည်။ အလွန် တောက်ပသည့် နတ်အလင်းများက လေထဲတွင် ပေါက်ကွဲထွက်လာကာ ကြီးမားသည့် စုတ်တံတစ်ခုအတွင်း ပေါင်းစည်းသွားသည်။ သတ်ဖြတ်ခြင်း မုန်တိုင်းများက ထိုစုတ်တံအနီး တစ်ခုနှင့်တစ်ခု စုစည်းလာကာ ထိုစုတ်တံအတွင်း ရောယှက်လာသည်။
“ချန်းချိုးစုတ်တံ” (Note: ဆောင်းဦးထောင်ချီစုတ်တံ)
အောက်ဘက်ရှိ တန်ခိုးရှင်များသည် ထိုမြင်ကွင်းကို မြင်သည့်အခါ တုန်လှုပ် သွားကြပေသည်။ ယင်းသည် ကောင်းကင်အာဏာစက်ပြည်ထောင်၏ သတ်ဖြတ်ခြင်းလမ်းစဉ်များမှ တစ်ခုဖြစ်သော ချန်းချိုးစုတ်တံ ဖြစ်သည်။
ထိုနည်းစနစ်တွင် ခိုင်မာသည့် သတ်ဖြတ်ခြင်းစွမ်းအားတို့ ပါဝင်နေပေသည်။
“ကျစမ်း”
ထိုတန်ခိုးရှင်တစ်ယောက်က လက်ဖြင့် ချိပ်စည်းသင်္ကေတများ ပုံဖော်လိုက်ကာ နတ်ဘုရားအသံ နည်းစနစ် အောက်တွင် ချန်းချိုးစုတ်တံက ကြောက်မက်ဖွယ် ပြင်းထန်သည့် သတ်ဖြတ်ခြင်းလမ်းစဉ်တို့နှင့် ပြည့်ဝလာသည်။ ကောင်းကင်ကို လွှမ်းခြုံလာသည့် သတ်ဖြတ်ခြင်းမုန်တိုင်းက လူတိုင်းကို မွန်းကျပ်လာစေသည်။
ကောင်းကင်တွင် ချန်းချိုးစုတ်တံက ရေးဆွဲနေပြီး ဓားသွားထက် ထက်ရှပြီး လှံသွားထက် အေးစက်သည့် စွမ်းအားတို့က ရီဖူရှင်း၏ အထက်မှ ကျဆင်းလာသည်။
ထိုအခိုက်တွင် စုတ်တံမှ စွမ်းအားတို့က လွှမ်းခြုံကျဆင်းလာပြီး အဆုံးမဲ့ သတ်ဖြတ်ခြင်းလမ်းစဉ် စွမ်းအားစီးကြောင်းတို့က လေဟာနယ်ကို စုတ်ဖြဲကာ ယင်းတို့ လမ်းကြောင်းရှိ အရာအားလုံးကို သတ်ဖြတ်ချေမှုန်း ပစ်တော့မည်ဟု ထင်ရပေသည်။
ရီဖူရှင်းသည် ထိုပြင်းထန်သည့် သတ်ဖြတ်ခြင်းစွမ်းအားတို့ကို ခံစားမိကာ လေထဲသို့ ခြေလှမ်းလိုက်ပြီး နတ်ဆင်ကောင်းကင်ချနင်း နည်းစနစ်ကို အသုံးပြုလိုက်လျှင် သူ၏ ဝန်းကျင်က ချက်ချင်း တုန်ခါကာ အော်မြည်လာသည်။ မရေတွက်နိုင်သည့် နတ်ဆင်ပုံရိပ်များက ပြေးဆင်းလာကာ ယင်းစွမ်းအားတို့နှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ထိုထိပ်တိုက်တွေ့မှုက ချက်ချင်းပင် ပြင်းထန်သည့် စွမ်းရည်စီးကြောင်းများကို ရှင်းလင်းပစ်လိုက်သည်။
နတ်ဆင်များနှင့် သတ်ဖြတ်ခြင်း စွမ်းအင်လှိုင်းများက တစ်ချိန်တည်းလိုတွင် ပျက်စီးသွားသော်လည်း မဟာလမ်းစဉ် နတ်ဘုရားအသံတို့ကို လေထဲတွင် ဆက်လက် ကြားနေရပြီး ထိုစွမ်းအားများက ပို၍ပင် အစွမ်းထက်လာမည် ဖြစ်သည်။ ရီဖူရှင်းအထက်မှ ထိုချန်းချိုးစုတ်တံသည် အသက်ဝင်နေသကဲ့သို့ ထင်မှတ်ရကာ သတ်ဖြတ်ခြင်းစွမ်းအားတို့ကို ကျဆင်းလာစေပြီး လေထုကို တုန်ခါစေသည်။ မြစ်များ တောင်များသည် ပြိုကျပျက်စီးသွားသလို ထင်မှတ်ရသကဲ့သို့ သူတို့ အနီး လေဟာနယ်ကလည်း ပျက်စီးပြိုကွဲလာတော့မယောင် ထင်မှတ်ရသည်။
အခြားသော တိုက်ခိုက်မှုတစ်ခု ထပ်ကာ ကျဆင်းလာပြီး သတ်ဖြတ်ခြင်း စွမ်းအားတို့က ပြင်းထန်စွာ လှည့်ပတ်နေသည်။ လေထုထဲတွင် အက်ကွဲရာတစ်ခု ပေါ်ပေါက်လာပြီး နတ်ဆင်တို့၏ အရိပ်များအား တစ်ခုပြီးတစ်ခု ပျက်စီးသွားစေသည်။ ချန်းချိုးစုတ်တံ၏ စွမ်းအားများက ရီဖူရှင်းကို ဆက်လက်တိုက်ခိုက်နေသည်။
လေထဲမှ ကျဆင်းလာသည့် ထိုသတ်ဖြတ်ခြင်း တိုက်ခိုက်မှုနှင့် ရီဖူရှင်း၏ နတ်ဆင်ကောင်းကင်ချနင်း နည်းစနစ် တို့သည် ပြိုင်ဘက်များအား အနည်းငယ်သာ ဖိအားပေးနေပုံရလေသည်။ ထိုသတ်ဖြတ်ခြင်း စုတ်တံ၏ အင်အားက သူ၏ ကြောက်မက်ဖွယ် စွမ်းအားများကို ဖျက်ဆီးနိုင်စွမ်းရှိသည်ဟု ထင်မှတ်ရသည်။
နတ်ဆင်များက ဆက်လက်၍ ပျက်စီးနေပြီး လေထုကိုပင် တုန်ခါအောင် အော်မြည်နေသည့် ချန်းချိုးစုတ်တံသည် ဆက်လက်၍ စုတ်ချက်များကို ရေးဆွဲနေသည်။ စုတ်ချက်တိုင်းသည် ကမ္ဘာကို တုန်ခါစေကာ ယင်း၏ လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးချေမှုန်းနိုင်စွမ်း ရှိပေသည်။
“အားကောင်းလိုက်တာ” လူအုပ်ကြီးသည် မဟာလမ်းစဉ် နတ်ဘုရားအသံ၏ စွမ်းအားကို ခံစားမိကာ ချန်းချိုးစုတ်တံကို ကြည့်ကာ ပြောလိုက်သည်။ လေထဲတွင် ပြင်းထန်သည့် သတ်ဖြတ်ခြင်းစွမ်းအားမုန်တိုင်းက လွှမ်းမိုးနေကာ နတ်ဆင်ကောင်းကင်ချနင်း နည်းစနစ် စွမ်းအားများက ဖိနှိပ်ခံထားရသည်။ ယင်း သတ်ဖြတ်ခြင်း စွမ်းအားများက သူ့ကို ချက်ချင်းပင် သတ်ဖြတ်သုတ်သင်ပစ်တော့မလို ထင်မှတ်ရပေသည်။
ထို့ပြင် ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူတိုင်းသည် ထိုသည်က ရီဖူရှင်းအား တစ်ချက်တည်း သတ်ဖြတ်နိုင်မည့် အခွင့်အရေးဟု တွေးထင်ထားကြသည်။ ရီဖူရှင်းကသာ ကောင်းကင်အာဏာစက် ပြည်ထောင်ကို တိုက်ခိုက်ရန် အရင်ဆုံး စတင် ပြောဆိုခဲ့သည်။ ရီဖူရှင်းသည် သူ၏ နိမ့်ကျသည့် စွမ်းအားကြောင့် သေဆုံးခြင်းဖြင့် အဆုံးသတ်ခဲ့ရလျှင် နတ်ဆင်ကလန်က မည်သည့်အရာမှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းသည် ကောင်းကင်သို့ ဆက်လက် တက်နေခဲ့သည်။ နတ်ဆင်တို့၏ ခြေလှမ်းများက ကောင်းကင်ကို ဆက်လက်တုန်ခါနေစေကာ ကောင်းကင်ကိုပင် အပိုင်းပိုင်း စုတ်ဖြဲတော့မလို ဖြစ်နေပေသည်။ ထို့နောက် သူက လက်သီးကို မြှောက်လိုက်ကာ အထက်မှ ကျဆင်းလာနေသည့် သတ်ဖြတ်ခြင်းလမ်းစဉ် စွမ်းအားတို့နှင့် ထိပ်တိုက်တွေ့လိုက်သည်။ နတ်ဆင်လေဟာနယ်ခွဲ လက်သီးက လေဟာနယ်ကို ထိုးခွဲကာ တိုးဝင်လာနေသည့် သတ်ဖြတ်ခြင်းစွမ်းအင်လှိုင်းတို့ကို ဖျက်ဆီးလိုက်သည်။
စွမ်းအားမုန်တိုင်းက ပတ်ဝန်းကျင်ကို ပျံ့နှံ့လာသည့်အခါ ရန်ဟောင်များက သူတို့၏ စွမ်းအားများနှင့် အတားအဆီးများ ချလိုက်ကြသည်။ တိုက်ပွဲတွင် လွှမ်းခြုံထားသည့် မုန်တိုင်းသည် ထိုစွမ်းအားလှိုင်းများနှင့် ထိတွေ့မိသည့် မည်သူ့ကိုမဆို သတ်ဖြတ်နိုင်တော့မလို ထင်မှတ်ရပေသည်။
တန်ခိုးရှင်ကိုးယောက်က ရှေ့သို့ ဆက်လက်တိုးလာကာ မဟာလမ်းစဉ် နတ်ဘုရားအသံများကို ဆက်လက်ကြားနေရပြီး ရီဖူရှင်း၏ နားများပင် နာကျင်လာသည်ဟု ခံစားရပေသည်။ ခေါင်းဆောင်ဖြစ်သူသည် ချန်ချိုးစုတ်တံသို့ သူ၏ လက်ချောင်းဖြင့် ညွှန်ပြလိုက်ကာ အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်း စွမ်းအင်လှိုင်းတို့ကို ဖြစ်ပေါ်လာစေသည်။
ပြည်ထောင် တန်ခိုးရှင်ကိုးဦးမှ ခေါင်းဆောင်ဖြစ်သူက သူ၏ လက်ဝါးကို အောက်သို့ ရိုက်ချလိုက်သည်။ ထိုအချိန်တွင် ချန်းချိုးစုတ်တံသည် ရီဖူရှင်းထံသို့ သတ်ဖြတ်ခြင်း စွမ်းအင်လှိုင်းများနှင့်အတူ ကျဆင်းလာသည်။
ရီဖူရှင်းသည် ကောင်းကင်သို့ ခြေလှမ်းကာ အလွန်ပြင်းထန် လျင်မြန်သည့် လက်သီးချက်ကို ဖော်ထုတ်၍ ချန်းချိုးစုတ်တံနှင့် ထိပ်တိုက်ရင်ဆိုင်စေလိုက်သည်။ သူတို့အနီးရှိ လေထုက ပြင်းထန်စွာ တုန်ခါနေသည်။ သို့သော် လကိသီးသည် ချန်းချိုးစုတ်တံကို ဖျက်ဆီးပစ်နိုင်ခြင်း မရှိသော်လည်း သတ်ဖြတ်ခြင်းစွမ်းအင်လှိုင်းတို့ကို အရူးအမူး ဖျက်ဆီးပစ်လေသည်။ စုတ်တံမှနေ၍ သတ်ဖြတ်ခြင်းလမ်းစဉ် စွမ်းအား နတ်ဘုရားအလင်းတို့ ဆက်လက် ပေါက်ကွဲထွက်လာနေသည်။
“စွမ်းရည်တစ်ခုကို အဆုံးစွန်ထိ ကျင့်ကြံထားတဲ့အခါမှာ စွမ်းအားတွေက ပြိုင်ဘက်ကင်း လာလိမ့်မယ်”
လူအုပ်ကြီးသည် ထိုမြင်ကွင်းကို ကြည့်ပြီး တုန်ယင်နေမှုအား ခံစားလိုက်ကြရပေသည်။ ထိုစုတ်တံသည် စစ်တပ်တစ်ခုလုံးကိုပင် အမှန်တကယ် သုတ်သင်နိုင်စွမ်း ရှိပေလိမ့်မည်။
ကိုးယောက်ထဲမှ ခေါင်းဆောင်သည် သူ၏ လက်ဝါးရိုက်ချက်ကို လေထဲသို့ ဆက်လက် ထုတ်ဖော်နေသည်။ ချန်းချိုးစုတ်တံက လှည့်ပတ်နေကာ ရီဖူရှင်း၏ ခေါင်းတည့်တည့်သို့ ကျဆင်းလာသည်။ သတ်ဖြတ်ခြင်းမုန်တိုင်းသည် ကြောက်မက်ဖွယ် လေပွေအတွင်းသို့ ပေါင်းစည်းသွားသည်။ လူအုပ်ကြီး၏ နှလုံးသားများက ခုန်ပေါက်နေပြီး သူတို့သည် ထိုစုတ်တံက ရီဖူရှင်းကို သတ်ဖြတ်ရန် ရည်ရွယ်နေသည်အား သိရှိသွားလေသည်။
အိမ်ရှေ့စံသည် ထိုမြင်ကွင်းကို မမှိတ်မသုန် ကြည့်၍ နေသည်။ ထိုတန်ခိုးရှင် တစ်ယောက်ချင်းစီတိုင်းသည် ရှန့်ထိုအဆင့်သာ ဖြစ်သော်လည်း နတ်ဘုရားအသံကို အသုံးပြု၍ တိုက်ပွဲကို ဦးဆောင်နိုင်သော ထိပ်သီးတိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။
ထို့ကြောင့် ဝမ်ယန်ပင်းပင်လျှင် တိုက်ခိုက်မှုတစ်ချက်ကို တောင့်ခံနိုင်မှု မရှိခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ရီဖူရှင်းက ထိုမျှ အကြာကြီး တိုက်ခိုက်နိုင်ခဲ့သည်ဖြစ်ရာ သူက အထင်ကြီးနေနှင့်ပြီ ဖြစ်သည်။
“မင်းက သေချင်နေတာလား” ထိုအချိန်တွင် မဟာလမ်းစဉ် နတ်ဘုရား အသံအတွင်းမှ အေးစက်၍ မာထန်သော အသံတစ်ခုကို ကြားလိုက်ရသည်။ ယင်းသည် ပြည်ထောင်၏ ခေါင်းဆောင် တန်ခိုးရှင်တစ်ဦးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူက လက်ချောင်းများကို ချန်းချိုးစုတ်တံကို ညွှန်ပြထားရင်း ရီဖူရှင်းကို စူးစူးရဲရဲ ကြည့်နေသည်။
ရှင်းလင်းကာ ပြတ်သားသည့် အသံသည် အောက်ခြေတွင် ငုပ်လျှိုးနေသည့် ပြင်းထန်သော ယုံကြည်မှုနှင့် မောက်မာမှုတို့ကို ဖော်ပြနေပေသည်။
သူက အမှန်တကယ်ပင် ရီဖူရှင်းအား သေချင်နေသည်လားဟု မေးလိုက်ပေသည်။
အကယ်၍ ရီဖူရှင်းသာ ဆက်လက် တိုက်ခိုက်နေပါက ထိုဦးဆောင်သူက သူ့အား သတ်ဖြတ်ရပေလိမ့်မည်။
ရီဖူရှင်းက သူ့အား ပြောလိုက်သည့် တစ်ယောက်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အေးစက်နေ၏။ ရီဖူရှင်းသည် သူ့ ပြိုင်ဘက်၏ မျက်လုံးများက မည်မျှ နက်ရှိုင်းသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအသံတွင် မောက်မာမှုတို့သာ ပျော်ဝင်နေသည် မဟုတ်ဘဲ သူ၏ ပင်ကိုယ်ယုံကြည်ချက်နှင့် ပြင်းထန်သည့် သဘာဝကိုလည်း သိရှိနိုင်ပေသည်။
ထိုအချိန်တွင် ပညာရှိကျမ်း၏ အလင်းတို့က ပိုမိုတောက်ပစွာ ပေါက်ကွဲထွက်လာပြီး နတ်အလင်းများက သူ့ကို ကာကွယ်ပေးထားသည်ဟု ထင်မှတ်ရပေသည်။ ယင်းသည် ဝတ်စုံအဖြူအတွင်းမှ ပုံရိပ်ကို ပိုမိုသန့်စင်မြင့်မြတ် လာစေရန် လုပ်ဆောင်ပေးနေပြီး သူ့အား နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရစေသည်။
ရီဖူရှင်းသည် သူ့ ပြိုင်ဘက်၏ မတွန့်မဆုတ် အကြည့်များကို ကြည့်ကာ ရှေ့သို့ လှမ်းလိုက်သည်။ ထို့နောက် သူက တစ်ကြောင်းတည်းသာ ပြောလိုက်၏။
“အဟုတ်ပဲ။ ကျုပ် သေချင်နေတာ”
***