Switch Mode

အပိုင်း(၁၄၅၂)

ဖိအား

မွန်းကျပ်ဖွယ် ဖိအားက ကောင်းကင်နတ်တံခါးဂိုဏ်း အပြင်ဘက် အဝေးတစ်နေရာမှ ကြောက်မက်ဖွယ် ထွက်ပေါ်လာသည်။

မရေတွက်နိုင်သည့် မျက်လုံးများက ကောင်းကင်နတ်တံခါး အပြင်ဘက် ကောင်းကင်သို့ မော့ကြည့်လိုက်ကြကာ မိုးကြိုးလျှပ်စီးများဖြင့် နတ်အလင်းတို့နှင့် တောက်ပနေသည်အား တွေ့ရှိလိုက်ကြရသည်။ နတ်တံထားမှ လွှမ်းမိုးနိုင်စွမ်းရှိသည့် နတ်အရှိန်အဝါတို့ ထွက်ပေါ်လာသည်ဟု ထင်မှတ်ရသည်။ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိလိုက်ပြီး ထိုအရှိန်အဝါသည် တမင်သက်သက် ထုတ်လွှတ်လိုက်ပုံရသည်။

အထက်မှနေ၍ မိုးကြိုးလျှပ်စီးအလင်းတို့ ကျဆင်းလာပြီး ကမ္ဘာပျက်သည့်နေ့ နီးကပ်လာသကဲ့သို့ပင် အရပ်မျက်နှာပေါင်းစုံမှ လင်းလက်နေသည်။ မိုးကြိုးသွားများသည် အောက်ဘက်ရှိ လူအုပ်ကြီးကို တည်မတ်စွာ ရိုက်ခတ်သွားပြီး လူအများ၏ စိတ်တို့အား တုန်ယင်သွားစေသည်။ လူတိုင်းသည် ထိုစွမ်းအား၏ ထိတ်လန့်ဖွယ် ကောင်းပုံကို ခံစားမိကြပေသည်။

မိုးကြိုးသွားများက ကောင်းကင်တွင် အော်မြည်လှုပ်ရှားနေပြီး နေရာတစ်ခုလုံးကို အမှောင်ကျသွားစေ၏။

လူတစ်စုသည် ကောင်းကင်တွင် ပေါ်ပေါက်လာကာ ဖြည်းညင်းစွာ ဆင်းသက်လာကြပြီး သူတို့သည် လေထဲတွင် ရစ်ဝဲနေရင်း အရှေ့ဘက် ကောင်းကင်နတ်တံခါးကို ကြည့်နေကြသည်။

အခြားတစ်ဖက်တွင်လည်း ကောင်းကင်ထက်တွင် တောက်ပသည့် နတ်အလင်းများနှင့် လင်းလက်နေ၏။ ယင်းသည် ကောင်းကင်ဘုံစစ်တပ် ကောင်းကင်မှ ဆင်းသက်လာသကဲ့သို့ ဖြစ်နေကာ ခရမ်းရင့် ကောင်းကင်နန်းတော်မှ လူများ ရှေ့သို့ ရွေ့လျားလာနေသည်။ ပြင်းထန်သည့် အရှိန်အဝါက ကောင်းကင်နတ်တံခါးကို ချက်ချင်း လွှမ်းခြုံသွားကာ ကောင်းကင်နတ်တံခါး၏ အဆုံးမဲ့ ကျယ်ပြောသည့် နေရာတစ်ခုလုံးအား ဖုံးလွှမ်းသွားသည်ဟု ထင်မှတ်ရပေသည်။

ရီဖူရှင်းက ကောင်းကင်ကို မော့ကြည့်လိုက်လျှင် သူ့ရှေ့တွင် ရှိနေသော ဦးဆောင်လာသည့် ပုဂ္ဂိုလ်နှစ်ဦးကို တွေ့ရှိလိုက်ရသည်။ ထိုသူတို့မှာ ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင်၏ အခြားစစ်သူကြီးတစ်ဦး ဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် သက်ဆိုင်ရာ အင်အားစုများ၌ ဒုတိယသြဇာအာဏာ အရှိဆုံးသူများ ဖြစ်ကြပေသည်။

“အဲဒီတော့ နန်းတော်သခင်နဲ့ ပြည်ထောင်ဘုရင် မဟုတ်ဘူးပေါ့” အဝေးရှိ ကောင်းကင်နတ်တံခါး အတွင်းမှ အသံတစ်ခုကို ကြားလိုက်ရသည်။ ခရမ်းရင့်ကောင်းကင် နန်းတော်သခင်နှင့် ကောင်းကင်အာဏာစက်ပြည်ထောင် ဘုရင်တို့သည် မူလတောင်တန်းတွင် ဂူထျန်းရှင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သူတို့ ပြန်ကောင်းမကောင်းမှာ မသိရှိကြပေ။

“နန်းတော်သခင်က နှုတ်ဆက်ဂါရဝ ပို့ဆောင်လိုက်ပါတယ်” ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်က ပြန်ဖြေလိုက်သည်။

“တကယ့်ကို ဝမ်းမြောက်မိပါတယ်” အေးစက်သည့် အသံက ပြန်တုံ့ပြန်သည်ကို ကြားလိုက်ရသည်။

“ဟိုးအရင်နှစ်တွေတုန်းက ကောင်းကင်နတ်တံခါးဂိုဏ်း ဂူကလန်ရဲ့ ဂူထျန်းရှင်း ဘုံအတွင်းမှာ စစ်ပွဲဖန်တွေများခဲ့လို့ များပြားလှတဲ့ အသက်တွေ သေခဲ့ရတယ်။ များပြားလှသည့် အင်အားစုတွေ ကောင်းကင်နတ်တံခါးကို ပူးပေါင်းဝင်ရောက်ပြီး ကောင်းကင်နတ်တံခါးက ဂူကလန်ကို ချေမှုန်းဖို့ သဘောတူခဲ့တယ်။ လက်ရှိမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်သူအဖြစ်နဲ့ ဂူတုံးလျှိုတစ်ယောက် ရှိနေသေးတယ်။ ကောင်းကင်နတ်တံခါးက ဘာကြောင့် သူ့ကို ကာကွယ်ပေးထားတာလဲ” ကောင်းကင်ပြစ်ဒဏ်နန်းတော်သခင်က ပြောလိုက်သည်။ သူ စကားပြောသည့်အတိုင်း နတ်ဘုရားပြစ်ဒဏ်မိုးကြိုးတို့က လင်းလက်နေသည်ဟု ထင်မှတ်ရသည်။

“အဲဒီနှစ်တွေတုန်းက မင်းတို့တွေရဲ့ လက်တွေမှာလည်း သတ်ဖြတ်မှုကြောင့် ညီမျှတဲ့ သွေးတွေ စွန်းထင်းခဲ့ရတယ်။ မျိုးဆက်အဆင့်ဆင့် ကမ်းခဲ့တဲ့ ရန်ငြိုးဟောင်းတွေက ဖြေရှင်းသင့်တဲ့ ကိစ္စပဲ။ ဂူထျန်းရှင်းက သူ့ မျိုးဆက်ရဲ့ ကျင့်ကြံခြင်းကို ချိပ်ပိတ်ခဲ့ပြီး သူ့သွေးသားမျိုးဆက်ကို အရှုပ်အထွေးတွေကြား ပါဝင်မပတ်သက်စေလိုဘူးလို့ ပြောခဲ့တယ်။ ဆိုးတာက မင်းတို့ ခရမ်းရင့်ကောင်းကင်နန်းတော်ရဲ့ လူတွေက ဒီကိစ္စကို လက်မလွှတ်နိုင်ဘဲ သူ့ကို ခေါ်ဆောင်သွားခဲ့တာပဲ။ အဲဒါက ဂူထျန်းရှင်းရဲ့ အကြွင်းအကျန်ဝိညာဉ်ကို လှုပ်ရှားလာအောင် လုပ်ဆောင်ခဲ့တယ်”

ကောင်းကင် နတ်တံခါးအတွင်းမှ အသံသည် ကြည်လင်ပြတ်သားစွာ တည်တည်ငြိမ်ငြိမ် ထွက်ပေါ်လာသည်။ ယင်းသည် လောကတစ်ခွင်ကို ပျံ့နှံ့သွားလေသည်။

“ဒီကိစ္စကို စာရင်းရှင်းဖို့ ဆုံးဖြတ်ပြီးပြီလား” ကောင်းကင်အာဏာစက် ပြည်ထောင် စစ်သူကြီး၏ မျက်လုံးတို့က ချောက်ချားဖွယ် တောက်ပနေသည်။

“ဂူကလန်ရဲ့ တစ်ဦးတည်းသော မျိုးဆက်က အရာအားလုံးကို ဒီအတိုင်း အဆုံးသတ်လိုက်ဖို့ ဆန္ဒရှိပါ့မလား။ ကျုပ်တို့က သူ့ဆန္ဒအတိုင်း လုပ်ခွင့်ပြုလိုက်ရင် သူက နောက်ထပ် ဂူထျန်းရှင်းအဖြစ် ကြီးပြင်းလာပြီး သူ့လက်မှာ မရေတွက်နိုင်တဲ့ လူတွေရဲ့ သွေးစွန်းလာဦးမှာပဲ”

“ဒါဆို ကြည့်ရတာ ကျုပ်တို့ တစ်ဖက်နဲ့တစ်ဖက် ဘယ်သူ့ဘယ်သူကိုမှ မစည်းရုံးနိုင်ကြဘူး ထင်ပါရဲ့” ကောင်းကင်နတ်တံခါးမှ ထွက်ပေါ်လာသည့်အသံက ပို၍ လေးနက်လာသည်။

“ဒီလိုဆိုမှတော့ ဒီနေ့ မင်းတို့အားလုံး ဘာလာလုပ်တာလဲ သိပါရစေ”

ထိုသို့သော အခြေအနေမျိုး၌ စကားစမြည်ပြောဆိုနေရန် မရှိပေ။ အားလုံးသည် နောက်ဆက်တွဲ မည်သည်ကို ဆက်ဖြစ်မည်ကိုသာ ပြောဆိုရန် လိုအပ်ပေ၏။

“ကျုပ်တို့က ဒီမှာ ဒီကိစ္စရဲ့ အရေးကြီးမှုကို စဉ်းစားဖို့ လေးလေးနက်နက် အကြံပေးဖို့ လာခဲ့တာပါ။” စစ်သူကြီး၏ အသံက အမြဲလိုပင် စူးရှစွာ ထွက်ပေါ်လာပြီး သူ့ရှေ့ လေဟာနယ်ကို ထိုးဖောက်သွားကာ နတ်တံခါးဂိုဏ်းမှ လူအားလုံး သူ့စကားကို ရှင်းလင်းစွာ ကြားရစေသည်။

“အဲဒီအတွက်ဆိုရင်တော့ မလိုပါဘူး။ ကျုပ်တို့က စိတ်ဆုံးဖြတ်ထားပြီးသားပါ။ ခင်ဗျားတို့မှာ တခြားကိစ္စမရှိရင် ပြန်သွားပါတော့။ ကျုပ်တို့နယ်မြေက လေထုက ခင်ဗျားတို့ အားလုံးအတွက် ဆိုးဝါးစေမှာ စိုးမိပါတယ်” အသံတစ်ခုကို ကြားလိုက်ရပြီး ထိုအသံသည် ဧည့်သည်ကို နှင်နေသည်ဟု ထင်မှတ်ရပေသည်။

ကောင်းကင်နတ်တံခါးသည် ခရမ်းရင့်ကောင်းကင် နန်းတော်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများကို မကြိုဆိုပေ။ သူတို့သည် မကျေနပ်မှုကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိပေ။

ကျန်းကလန် ခေါင်းဆောင်က ထိုစကားအား ပြောပြီးနောက် လေထုသည် ပိုမွန်းကျပ်လာသည်။ ဖျက်ဆီးခြင်း မိုးကြိုးသွားများက အထက်ကောင်းကင်တွင် ဆက်လက် လင်းလက်နေသည်။ အဆုံးမဲ့ နတ်အလင်းတို့က ကောင်းကင်နတ်တံခါးကို ရိုက်ခတ်သွားသည်။ အပြင်ဘက်တွင် ရပ်နေသူတို့မှာ လေထဲရှိ မွန်းကျပ်ဖွယ် လေးလံမှုကို ခံစားမိကြသည်။ ယင်းသည် တိုက်ပွဲမဖြစ်ပွားခင် အချိန်ကာလဖြစ်နေကြောင်း အသိပေးနေသည်။

ထိုအချိန်တွင် မည်သည်တို့ ဖြစ်ပျက်မည်ကို ကြည့်ရန်လာသည့် လူအများ ကြားတွင် လက်ရှိ ဘုံ၏ အခြား ထိပ်တန်းအင်အားစုများမှ လူများလည်း ပါဝင်သည်။  ခရမ်းရင့်ကောင်းကင် နန်းတော်တွင် ပါဝင်ရန် လာကြသည့် လူများသည် ဤနေရာ၌လည်း လာရောက်စုဝေးကြဟန် တူသည်။ လက်ရှိ နတ်ဆိုးဘုံမှ ထိပ်သီးနတ်ဆိုးများပင် ပါဝင်သည်။

သူတို့၏ မျက်လုံးများက လေထဲသို့ မမှိတ်မသုန် ကြည့်နေကာ တောက်ဖြစ်မည့် အရာတို့အား မြင်တွေ့ချင်နေကြပေသည်။ ထိုကတောက်ကဆက မည်သို့ အဆုံးသတ်လိမ့်မည်နည်း။

သူတို့အားလုံးသည် ထိုထိပ်သီးအင်အားစုနှစ်ခုမှ သူများက ကောင်းကင်နတ်တံခါးကို အမှန်တကယ် တိုက်ခိုက်ရဲလိမ့်လားဟု သံသယဝင်မိပေသည်။

သူတို့သာ ချက်ချင်း တိုက်ခိုက်မည်ဆိုလျှင် ကောင်းကင်အာဏာစက်ဘုံ တစ်ခုလုံးကိုပင် တုန်လှုပ်စေမည့် တိုက်ပွဲ ဖြစ်လာပေလိမ့်မည်။ ဤသို့သော တိုက်ပွဲတွင် တန်ခိုးရှင် မည်မျှများများ သေကြေပျက်စီးရမည်ကို မည်သူမှ မသိရှိပေ။

“ကျုပ်တို့ ဒီမှာ ရောက်နေမှတော့ ဒီခရီးကို အလဟဿ ဖြစ်သွားစေမှာတော့ မဟုတ်ဘူး။ ကျုပ်တို့ရ့ အရှင်မင်းကြီးက ကောင်းကင်နတ်တံခါးနဲ့ စစ်ကြေညာဖို့တော့ ဆန္ဒမရှိဘူး။ ဒါပေမဲ့ ကျုပ်တို့က ဒီအရေးကြီးတဲ့ အခြေအနေကို ခင်ဗျားတို့ နောက်တစ်ခါ လေးလေးနက်နက် ပြန်တွေးစေချင်တယ်။ ကောင်းကင်အာဏာစက် ပြည်ထောင် စစ်သူကြီးက ဆက်ပြောလိုက်သည်။

“ပြောကြတာတော့ ကောင်းကင်နတ်တံခါးရဲ့ မျိုးဆက်လူငယ်တွေကြားမှာ ကျန်းထိုက်ချူးနဲ့ ဟွားချင်းယွင်က အားအကောင်းဆုံးတဲ့။ ဒီနေ့မှာ ကျုပ်တို့ကလည်း လူငယ်မျိုးဆက်လေးတွေ ခေါ်လာခဲ့တယ်။ ဒါကြောင့် ကောင်းကင်နတ်တံခါးရဲ့ ထိပ်တန်းပါရမီရှင်တွေနဲ့ ပညာဖလှယ်ချင်ပြီး ဂူတုံးလျှိုက ဘယ်လောက် အစွမ်းထက်သလဲဆိုတာလည်း သိချင်မိတယ်။ အဲဒီနောက်ကျမှ ကောင်းကင်နတ်တံခါးက ဆုံးဖြတ်ကို ပြင်မပြင် စဉ်းစားပေါ့လေ”

“ကျုပ်တို့ ကောင်းကင်နတ်တံခါးက စိတ်ပြောင်းဖို့ ရည်ရွယ်ချက် မရှိဘူး” ကျန်းကလန်ခေါင်းဆောင်၏ အသံက ဆက်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ ကောင်းကင်အာဏာစက် ပြည်ထောင်က ကျုပ်တို့ မျိုးဆက်သစ်လူငယ်တွေက ဘယ်လောက် စွမ်းဆောင်နိုင်တယ် ဆိုတာ ကြည့်ချင်တယ်ဆိုမှတော့ ခင်ဗျားတို့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ကျန်းထိုက်ချူးနဲ့ ဟွားချင်းယွင် အပြင် ကျုပ်တို့မှာ ထူးချွန်တဲ့ လူနည်းနည်းလည်း ရှိပါသေးတယ်။ အဲဒါကြောင့် ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံမင်းသားနဲ့ ခရမ်းရင့်ကောင်းကင်နန်းတော်က မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာပိုင်ရှင်ကများ စိတ်ဝင်စားမလားလို့ ကျုပ် သိချင်မိတယ်”

“ကောင်းကင်အာဏာစက် ပြည်ထောင်မှာ အိမ်ရှေ့စံအပြင် တခြား ထူးချွန်လူငယ်တွေ အများကြီး ရှိတယ်။ ကျုပ်တို့က သူ့ကို ကိုယ်တိုင် တိုက်ခိုက်စေဖို့ မလိုအပ်ဘူး” စစ်သူကြီးက တဲ့တိုးပြောဆိုလိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်လျှင် တန်ခိုးရှင်ကိုးဦး ထွက်ပေါ်လာသည်။ သူတို့ ကိုးယောက်လုံးထံမှ နတ်အလင်းများက တောက်ပနေပြီး ရန်ဟောက်စွမ်းအားများက သူတို့၏ ခန္ဓာတွင် မပီဝိုးတဝါး စီးဆင်းလွှမ်းခြုံနေကာ ထိုသူများက ထူးခြားသည့် လူများဖြစ်ကြောင်း သိနိုင်ပေသည်။

ပို၍ အံ့သြဖွယ်ကောင်းသည်က ထိုကိုးယောက်၏ အရှိန်အဝါတို့က တစ်ခုတည်းအဖြစ် ပူးပေါင်းနိုင်ပြီး ကြောက်မက်ဖွယ် အရှိန်အဝါအား ဖော်ထုတ်နိုင်ခြင်း ဖြစ်ပေသည်။

ထို့ပြင် အံ့အားသင့်စရာကောင်းစွာပင် သူတို့သည် တူညီသော အဆင့်တွင် ရှိနေသည်။ သူတို့အားလုံးသည် ပြန်လည်မွေးဖွားခြင်း အဆင့်များ ဖြစ်ကြကာ အဆုံးမရှိ နက်ရှိုင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထား၏။

“ဒါက ကောင်းကင်အာဏာစက်ဘုံရဲ့ လူငယ်မျိုးဆက် ကိုးယောက်ဖြစ်ပြီးတော့ သူတို့က ထူးခြားလမ်းစဉ်ဆိုတာ ဘယ်လောက် အစွမ်းထက်လဲ သိချင်နေကြတယ်။ ကောင်းကင် နတ်တံခါးဂိုဏ်းက သူတို့ကို အဖော်ပြု ပြီး တိုက်ခိုက်ပေးနိုင်တဲ့ သူများရှိရင် ဝမ်းမြောက်မိမှာပါပဲ။ ကျန်းထိုက်ချူး၊ ဂူတုံးလျှိုဆိုရင်တောင် သူတို့ ဆန္ဒရှိရင် တိုက်ခိုက်လို့ရပါတယ်”

စစ်သူကြီးက ပြောလိုက်သည်ကို ကြားရသည့်အခါ သူ့အနားမှ လူတိုင်းသည် လေးနက်စွာကြည့်လိုက်ကြသည်။

မည်သူကမှ ကောင်းကင်အာဏာစက် ပြည်ထောင်မှ ကိုးယောက်ကို စိန်ခေါ်ရန် ကျန်းထိုက်ချူးနှင့် ဂူတုံးလျှိုကို အဆိုပြုလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်မိခဲ့ကြပေ။

“ကျုပ် ကြားတာတော့ ယူချင်းက သူတို့ လူတွေနဲ့ ဗြဟ္မာ့သန့်စင်ကောင်းကင် နန်းတော် အပြင်ဘက်မှာ တိုက်ခိုက်ခဲ့သေးတယ်ဆို” နတ်ဆင်ကလန်မှ တန်ခိုးရှင် တစ်ဦးက ရီဖူရှင်း၏ ဘေးသို့ လာကာ ပျော့ပြောင်းစွာ မေးလိုက်သည်။

“ဟုတ်တယ်။ အဲဒီလို ကိုးယောက်ပါပဲ။ လူကိုးယောက်က တစ်ယောက်တည်းလို မဟာလမ်းစဉ်နဲ့ တသားတည်း ပေါင်းစည်းပြီး လူကိုးယောက် ဖော်ထုတ်နိုင်မယ့် စွမ်းအားထက် များပြားတဲ့ စွမ်းအားတွေကို ဖော်ထုတ်နိုင်တယ်။ ပြီးတော့ သူတို့ ကိုးယောက်လုံးမှာ ကြောက်မက်ဖွယ် အရှိန်အဝါတွေ ရှိပြီး အကုန်လုံးက ပြန်လည်မွေးဖွားခြင်း အဆင့်တွေချည်းပဲ။ အဆိုးဆုံးက အခုသူတို့တွေ အရင်က ယူချင်းကို တိုက်ခဲ့တဲ့ လူတွေထက် အများကြီး အစွမ်းထက်လိမ့်မယ်လို့ ခံစားမိနေတယ်။ အခု ကျွန်တော်တို့ ရှေ့က လူတွေက အိမ်ရှေ့စံနဲ့ အဆင့်ချင်း အတူတူ ဖြစ်ပြီးတော့ သူတို့တွေက အိမ်ရှေ့စံ လက်သပ်မွေးထားတဲ့ အစွမ်းထက်ဆုံး လက်အောက်ခံတွေ ဖြစ်နေမှာစိုးမိတယ်” ရီဖူရှင်းသည် အသံနိမ့်နိမ့်နှင့် ပြောလိုက်သည်။

“အဲဒါက မင်း ခန့်မှန်းတဲ့အတိုင်း ဖြစ်လောက်တယ်။ အစွမ်းထက် ထိပ်သီးပုဂ္ဂိုလ်တိုင်းမှာ သူတို့ ကြီးပြင်းလာတဲ့ တစ်လျှောက် သူတို့ကို အမှုထမ်းတဲ့ အရည်အချင်းရှိ လူတွေ ရှိတတ်တယ်။ ဂူထျန်းရှင်းလည်း အဲဒီနှစ်တွေမှာ သူ့ လက်အောက်ခံ အစွမ်းထက်ပုဂ္ဂိုလ်တွေ အများကြီး ရှိခဲ့တယ်။ ကောင်းကင်နတ်တံခါးရဲ့ ဆယ့်နှစ်ယောက်က ပြည်ထောင်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး အဲဒီ စစ်သူကြီးကလည်း ဘုရင့်ဘေးမှာ အမြဲလိုက်ရင်း နှစ်တွေ တစ်လျှောက်လုံး အတူတူ ဖြတ်သန်း ကြီးပြင်းခဲ့ကြတာ။ ပြီးတော့ ဒီနေ့ရဲ့ ဒုတိယအာဏာအရှိဆုံးလူ ဖြစ်လာခဲ့တာပဲ။ သူတို့က အဲဒီလူတွေ အကုန်လုံးကိုသာ အိမ်ရှေ့စံအတွက် ပျိုးထောင်ပေးထားတယ် ဆိုရင် သူ့ကို သူ့ကို ထိပ်ဆုံးထိရောက်အောင် ရည်ရွယ်ချက်ရှိနေတာ ဖြစ်ပြီး အဲဒီကိုးယောက်လုံးကလည်း အရမ်း အစွမ်းထက်လိမ့်မယ်”

နတ်ဆင်ကလန်မှ တန်ခိုးရှင်က ဆက်ပြောလိုက်သည်။

“သူတို့ထဲက တစ်ယောက်ပ၌ အစွမ်းထက်တာမဟုတ်ဘူး။ တစ်ယောက်ချင်းစီ အစွမ်းထက်ကြတယ်။ ပြီးတော့ သူတို့တွေက ပေါင်းစပ်ပညာရပ်ကို တတ်ကျွမ်းထားတယ်ဆိုရင် ပိုပြီးတောင် ကြောက်ဖို့ ကောင်းလိမ့်ဦးမယ်။ အိမ်ရှေ့စံက သူတို့ရဲ့ စွမ်းအားတွေကို ထက်မြက်လာအောင် သူတို့နဲ့ မကြာခဏ ပညာဖလှယ်တာလည်း ဖြစ်နိုင်တယ်”

ထိုတန်ခိုးရှင်သည် ရီဖူရှင်း၏ ဘေးမှ လူများကို ပြန်စဉ်းစားကြည့်လိုက်သည်။ ခွန်အားအရာတွင် ပြိုင်ဘက်ကင်းသည်ဟု ကျော်ကြားသော ယူချင်းက နတ်နဂါးကလန်ကို ကျင့်ကြံရန် ဝင်ရောက်မည် ဖြစ်သည်။ ရီဝူချင်းသည်လည်း ဟန်ကျိုးဓားအင်ပါယာ၏ အမွေအနှစ်ကို ရရှိခဲ့ကာ ဝမ်ကလန်၏ ယန်ပင်းပညာရပ်ကိုလည်း ကျင့်ကြံခွင့် ရခဲ့သည်။ ထိုနှစ်ဦးအပြင် အခြားသော သူ အများအပြားလည်း ရှိသေးပေသည်။

သူတို့အားလုံးသည် အနာဂတ်၌ ရီဖူရှင်း၏ ဘေးမှ အစွမ်းထက်ဆုံးသူများ ဖြစ်လာပေလိမ့်မည်။

ရီဖူရှင်းသည် တိုက်ပွဲဖြစ်လာတော့မည့် ဘက်သို့ အလွန် လေးနက်သည့် အမူအရာနှင့် ကြည့်လိုက်သည်။ ယခင်က ယူချင်းသည် ပြည်ထောင်မှ လူများနှင့် တိုက်ခိုက်ခဲ့သည့်အခါတွင် သူသည် ထိုလူများထံမှ အလွန် ထူးခြားထက်မြက်သည့် စွမ်းအားကို ခံစားမိပေသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်သည် ရှည်လျားသည့် သမိုင်းကြောင်း ရှိကာ ပြည်ထောင်အတွင်း များပြားလှသည့် အင်အားစုတို့ ရှိသည်။ ယင်းတို့ ကြားမှ အကောင်းတကာ့ အကောင်းဆုံးများကို ရွေးချယ်ကာ အထူးပြုစုပျိုးထောင်၍ ကောင်းကင်အာဏာစက်ဘုံ အပြင်ဘက်သို့ စေလွှတ်ကာ ကျင့်ကြံစေခဲ့သည်။ သူတို့အတွက် များပြားလှသည့် အရင်းအနှီးတို့အား မြှုပ်နှံခဲ့ရသည့်အတွက် သူတို့က အလွန် အစွမ်းထက်နေမည်မှာ သံသယဝင်ရန်မရှိပေ။

ထို့ကြောင့် ကောင်းကင်နတ်တံခါးသည် သူတို့နှင့် ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်ဟု ထင်မှတ်ရပေသည်။

ကောင်းကင်နတ်တံခါးမှ လူတစ်စု ပေါ်ထွက်လာပြီး စင်မြင့်ထက် ရပ်လိုက်ကြသည်။ သူတို့အားလုံးသည် ထက်ရှ၍ မာကြောသည့် အမူအရာများ ရှိနေပြီး သူတို့ရှေ့မှ ကိုးယောက်ကို ကြည့်နေကြသည်။

သူတို့အကြားတွင် မကြာသေးခင်က ကောင်းကင်နတ်တံခါးသို့ ဝင်ရောက်ခဲ့သည့် ဝမ်ယန်ပင်းရှိနေဝည်။ ရှေ့ကို ကြည့်နေသည့် သူ၏ မျက်လုံးများက အလွန် ထက်ရှနေသည်။ သူ့ခန္ဓာပေါ်တွင် နတ်အလင်းများဖြင့် တောက်ပနေသည်။ သူ၏ စွမ်းအားများက သူ့အနီးတွင် မုန်တိုင်းကဲ့သို့ အော်မြည်နေသည်။ သူတို့အနီးမှ နတ်အလင်းများနှင့် နတ်ဓားများ ပေါ်ပေါက်လာကာ သူတို့ကို အလွန်အမင်း ထက်ရှသည်ဟု မြင်ရစေရန် ပြုလုပ်နေသည်။

နတ်အလင်းများနှင့် လွှမ်းခြုံထားသည့် ထိုနတ်လက်များသည် ကောင်းကင်သို့ ထိုးထွက်သွားက သူ့ရှေ့မှ ကိုးယောက်ထံ တည့်မတ်စွာ တိုးဝင်သွားလေသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်မှ ကိုးယောက်သည် တစ်ချိန်တည်းတွင် ရှေ့သို့ တိုးလာခဲ့သည်။ သူတို့က ခြေတစ်လှမ်းသာ ရွေ့လျားခဲ့ခြင်း ဖြစ်သော်လည်း သူတို့ရှေ့တွင် ကြောက်မက်ဖွယ် ရွှေရောင်အလင်းလွှာ ပေါ်ပေါက်လာသည်။ နတ်လက်နက်များက သူတို့ကို အုပ်မိုးနေပြီး လှည့်ပတ်နေသော်လည်း ထိုးဖောက်နိုင်ခြင်း မရှိပေ။

ထိုကိုးယောက်၏ မျက်လုံးများက အေးစက်နေပြီး အလယ်မှ တစ်ယောက်သည် ရွှေရောင်အလင်းများဖြင့် တောက်ပနေကာ မည်သို့ဖြစ်၍ တစ်ယောက်တည်းက သူတို့ကိုးယောက်လုံးကို တိုက်ခိုက်ရဲသည်အား တွေးလိုက်သည်။

“ကောင်းကင်နတ်တံခါးက ဝမ်ယန်ပင်း” အိမ်ရှေ့က ကြည့်ကာ တဲ့တိုးပြောလိုက်သည်။

“သူက ခေါင်းပြတ်တော့မှာပဲ”

ထိုကိုးယောက်၏ အလယ်မှတစ်ယောက်သည် ပြည်ထောင်တွင် လူသိနည်းပြီး ကျော်ကြားခြင်းတော့ မရှိပေ။ သူ့ကို လူအနည်းငယ်သာ သိကြပေမဲ့ ခရမ်းရင့်ကောင်းကင်နန်းတော် တိုက်ပွဲတွင် ထွက်ကာ တိုက်ခိုက်ခဲ့လျှင် သူက ရီဖူရှင်းကဲ့သို့ပင် နောက်ပွဲနည်းနည်းဖြင့် ကျော်ကြားမှု ရရှိလိမ့်မည် ဖြစ်သည်။

ထိုသူသည် အိမ်ရှေ့စံ၏ အရိပ်အဖြစ် သတ်မှတ်နိုင်ပေသည်။ သူသည် အိမ်ရှေ့စံ၏ လက်အောက်ခံများအား အစွမ်းထက်ဆုံးဖြစ်သည်။ ဝမ်ယန်ပင်းက အဖွဲ့လိုက်တိုက်ခိုက်ရန် မဆိုနှင့် ထိုသူ တစ်ယောက်တည်းနှင့် တိုက်ခိုက်ပါလျှင်ပင် ခက်ခဲလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် အိမ်ရှေ့စံသည် ဝမ်ယန်ပင်းက တစ်ယောက်တည်း တိုက်ခိုက်ရန် ရွေးချယ်ပါက ခေါင်းပြတ်လိမ့်မည်ဟု ပြောခြင်း ဖြစ်ပေသည်။

သူတို့ ကိုးယောက်လုံးသည် ဝမ်ယန်ပင်းအစား ဂူတုံးလျှိုနှင့် တိုက်ခိုက်ရန် ရွေးချယ်ထားခြင်း ဖြစ်ပေသည်။

နတ်လက်နက်များက လေထဲမှ ကျဆင်းလာနေပြီး ရွှေရောင်အလင်းလွှာကို ခက်ခက်ခဲခဲ ထိုးဖောက်နေသည်။ နေရာတစ်ခုလုံးကို ချိပ်ပိတ်တိုက်ခိုက်နေသော်လည်း ထိုသူများ၏ ခုခံမှုကို လှုပ်ခါနိုင်စွမ်း မရှိပေ။

ဝမ်ယန်ပင်းက ရှေ့ထွက်လိုက်ပြီး နတ်အလင်းများက သူ့ကို လှည့်ပတ်နေသည်။ သူ၏ ခန္ဓာတစ်ခုလုံးက ဖျက်ဆီး၍ မရနိုင်သော နတ်လက်နက်အဖြစ် ပြောင်းလဲသွားသည်။ ပြင်းထန်သည့် အလင်းများ ပေါက်ကွဲထွက်လာပြီး သူသည် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ သူ့နောက်မှ ထောင်သောင်းချီသည့် နတ်လက်နက်တို့ကို ဦးဆောင်ကာ လေဟာနယ်ကို စုတ်ဖြဲလုနီးပါး ဖြတ်သန်းလာပေသည်။

ကောင်းကင်အာဏာစက်ပြည်ထောင်မှ ကိုးယောက်သည် ရှေ့သို့ တစ်ဖန် ထွက်လာပြန်သည်။ ရုတ်တရက် သူတို့ ဝန်းကျင်မှ တည်ငြိမ်သည့်အသံကို ကြားလိုက်ကြရသည်။ ထိုသည်က မဟာလမ်းစဉ် အော်မြည်သံ ဖြစ်လေသည်။

ထိုအသံများက သဏ္ဌာန်မရှိဘဲ သူတို့၏ အနီးမှ ချောက်ချားဖွယ် ဖြတ်သန်းကာ ကောင်းကင်ရှိ မဟာလမ်းစဉ်နှင့် ပေါင်းစပ်သွားသည်။ သူတို့ကိုးယောက်လုံးသည် စွမ်းအားများကို ပေါင်းစပ်ကာ ရက်စက်ပြင်းထန်သည့် စွမ်းအားတို့ကို ထုတ်ဖော်၍ ပြန်လည်မွေးဖွားခြင်းအဆင့် အကန့်အသတ်ကို ချိုးဖောက်ရန် ကြိုးစားနေသည်ဟု ထင်မှတ်ရပေသည်။

“ဝမ်ယန်ပင်းက ရှုံးမှာပဲ” နတ်ဆင်များက ရေရွတ်လိုက်ကြသည်။ ထိုအရှိန်အဝါက အလွန် အစွမ်းထက်လှသည်။

ထို့ပြင် ယခင်က ထိုသို့ စွမ်းအားမျိုး သူ ကြားဖူးသလို ရှိပေသည်။

နတ်အလင်းတစ်ခုက ပေါက်ကွဲထွက်လာသည့်အခါ နတ်လက်ဝါးတစ်ခုက ရိုက်ခတ်လိုက်သကဲသို့ ထင်မှတ်ရပေသည်။ ထို့နောက် လူအုပ်ကြီးသည် ဝမ်ယန်ပင်း၏ ဓားသဏ္ဌာန်က နောက်သို့ ဆုတ်ခွာသွားသည်အား မြင်လိုက်ကြရပြီး လူအများ၏ စိတ်တို့ကို တုန်ခါသွားကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset