နောက်နေ့မိုးလင်းသောအခါ ပိုင်ရှောင်ချန်းမှာ စောစောနိုးနေလေသည်။ သစ်သားအိမ်ထဲကထွက်လိုက်ပြီး ဆောင်းဝိညာဥ် ဝါးပင်ကိုကြည့်လိုက်သောအခါ လူတစ်ယောက်အရပ်၏ တစ်ဝက်လောက်အထိရောက်နေသည်ကိုမြင်လိုက်ရလေသည်။ သူ ကျေနပ်စွာခေါင်းငြိမ့်လိုက်ကာ ခြံဝန်းထဲမှထွက်ပြီး ဆေးတစ်သောင်းအဆောင်ဖက်သို့ သွားလေသည်။
မိုးကုတ်စက်ဝိုင်းမှ နေလုံးကြီးထွက်လာပြီး လင်းလက်ပြိုးပြက်နေသော ရောင်ချည်တန်းများကို အရပ်မျက်နှာပေါင်းစုံသို့ ဖြန့်ကျက်လိုက်သည်။ မြူခိုးများထဲတွင် အရောင်စုံနေရောင်ခြည်များက ရွှေရောင်ငါးကြင်းငါးလေးများသဖွယ် ကခုန်နေသည်မှာ ရင်သက်ရှုမောဖွယ် မြင်ကွင်းတစ်ခုပင်။ အခြား အပြင်စည်းဂိုဏ်းသားများစွာနှင့်အတူ ပိုင်ရှောင်ချန်းလည်း လမ်းတစ်လျှောက် အလျင်အမြန် လျှောက်လာလေသည်။ ထိုသူများနှင့် မသိသည့်အတွက် ပိုင်ရှောင်ချန်းမှာ စားဖိုဆောင်မှ ဂိုဏ်းတူအစ်ကိုများကိုပင် လွမ်းလာတော့သည်။
“အစ်ကိုအကြီးဆုံးနဲ့ အမှတ်သုံးဖက်တီးဟီ တို့ ဒီအချိန်ဘာများလုပ်နေမလဲ။” ဟု သက်ပြင်းချကာဆိုရင်း ၁နာရီလောက်လမ်းလျှောက်လာသည်မှာ နေမြင့်လာသည်အထိပင်။ နောက်ဆုံးတွင်မူ ခပ်လှမ်းလှမ်းတွင် ဆေးတစ်သောင်းအဆောင်နှင့် ထိုအဆောင်ရှေ့တွင်စိုက်ထူထားသော ကြောက်မက်ဖွယ် ကျောက်တိုင် ၁၀တိုင်တို့ကို လှမ်းမြင်လိုက်သည်။
ထိုကျောက်တိုင်များသည် ဆေးတစ်သောင်းအဆောင်၏ ပြယုဂ်များဖြစ်သည်။ ထိုကျောက်ဆောင်များမှ အစိမ်းရောင်အလင်းတန်းများက မီတာတစ်ရာမက ထွက်ပေါ်နေလေသည်။ ဘီလူးကြီး ၁၀ကောင် မတ်တတ်ရပ်ကာခြိမ်းခြောက်နေသကဲ့သို့ အံ့သြဖွယ်ကောင်းလှပေသည်။
ကျောက်တိုင်များပေါ်တွင် အဆင့်၁မှ ၁၀၀အထိသတ်မှတ်ထားသော စာကြောင်းများကိုမြင်နိုင်သည်။
ထိပ်ဆုံးတွင်မူ နာမည်များမရှိပဲ ဆေးတစ်သောင်းအဆောင်မှ ထင်ရှားသောသမားတော်များ ဖြစ်သွားကြသည့် လက်ရွေးစင်အပြင်စည်းဂိုဏ်းသားများ၏ အမှတ်တံဆိပ်ပုံများသာ ရှိသည်။
သမားတော်တိုင်းတွင် သူတို့ဖော်စပ်ခဲ့သော ဝိညာဥ်ဆေးဝါးများအပေါ်တွင် မှတ်သားရသည့် ကိုယ်ပိုင်အမှတ်တံဆိပ်များရှိလေသည်။ ထိုအရာမှာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသော ထုံးတမ်းတစ်ခုဖြစ်၍ သမားတော်အားလုံးအတွက် အရေးကြီးသော ဂုဏ်အင်္ဂါရပ်တစ်ခု ဖြစ်လေသည်။
နောက်ဆုံးအကြိမ် သူဒီကိုလာစဥ်တုံးက ဟိုယွင်ဖေးက ဤအရာအားလုံးကို အကြမ်းဖျင်းရှင်းပြထားပြီးဖြစ်လေသည်။ သို့သော်လည်း ယခုတစ်ယောက်ထဲလာရသောအခါ ပိုင်ရှောင်ချန်းမှာ ထိုကျောက်တိုင်၁၀တိုင်ကို ငေးကြည့်နေမိလေတော့သည်။
သူပထမဆုံးသတိထားမိလိုက်သည်မှာ ရှေ့ဆုံးကျောက်တိုင်ရှိ အဆင့်၁ နေရာ၏ အပေါ်ရှိ အမြင်ဆန်းသော အမှတ်အသားပင်ဖြစ်သည်။
ထိုအမှတ်အသားမှာ မှော်ပုလင်း ပုံစံဖြစ်လေသည်။
ဟိုယွင်ဖေး၏ စကားအရ ထိုမှော်ပုလင်း သည် ကျိုးရှင်းချီ၏ အမှတ်အသားဖြစ်သည်။
ထိုနာမည်ကို ပိုင်ရှောင်ချန်းက မကြားဖူးသည်တော့မဟုတ်ချေ။ အစေခံဖြစ်ခဲ့စဥ်တုံးက သူလရောင်အောက်တွင်ထိုင်နေစဉ် ဖက်တီးကျန်းက ဂျင်ဆင်းအမြစ်တစ်ခုကိုဝါးနေရင်း ကျိုးရှင်းချီအကြောင်း သက်ပြင်းချပြောဆိုနေသည်ကို ကြားခဲ့ရသည်။
သူမသည် လူသားမျိုးနွယ်တစ်ယောက်ဖြစ်ပြီး လွန်ခဲ့သောနှစ်များစွာက ဂိုဏ်းမှအကြီးတစ်ယောက်က သူမဆီမှပုန်းကွယ်နေသော အရည်အချင်းအများကို သတိထားမိ၍ ဂိုဏ်းထဲသို့ခေါ်လာခြင်းဖြစ်သည်။ ဂိုဏ်းသို့ရောက်လာချိန် သူမကိုစမ်းသပ်လိုက်သောအခါ သူမ၏ အရည်အချင်းများကြောင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံး အုပ်အော်သောင်းနင်းဖြစ်သွားသည်အထိပင်။
သူမတွင် အပင်များနှင့်ပတ်သတ်သည့် ရှားပါးသော ဝိညာဥ်သွေးကြောရှိနေသောကြောင့် ပုံမှန်လူထက် ကျင့်ကြံခြင်းနှုန်းမြန်ရုံသာမက ဆေးဖော်စပ်ရာတွင်လည်း မှင်သက်ဖွယ်ကောင်းလောက်အောင် ထူးချွန်လေသည်။ မွှေးရနံ့တိမ်တောင်သို့ ဝင်ပြီးနောက် လီချင်းဟောက်၏ တစ်ဦးတည်းသောတပည့် ဖြစ်လာခဲ့လေသည်။ လီချင်းဟောက်ပြီးလျှင် အရေးအပါဆုံး သမားတော်နှင့် ဂိုဏ်း၏အနာဂတ်တွင် အရေးပါမည့်ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခံခဲ့ရလေသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ စည်းကမ်းအရ ဘယ်လောက်ပင် အရည်အချင်းရှိစေကာမူ အတွင်းစည်းဂိုဏ်းသားအဖြစ်သို့ ချက်ချင်းမရောက်နိုင်ပေ။ ထို့ကြောင့် ကျိုးရှင်းချီသည်လည်း တောင်ဘက်ကမ်းရှိ အခြားတောင်များမှ လက်ရွေးစင်များကဲ့သို့ပင် အပြင်စည်းဂိုဏ်းသား အဖြစ်စတင်ကာ ကြိုးစားခဲ့ရလေသည်။ သို့သော်လည်း သူတို့သုံးဖို့ ကျင့်ကြံခြင်းအထောက်အကူ ပစ္စည်းများကိုမူ အတွင်းစည်းဂိုဏ်းက ထောက်ပံ့ပေးခြင်းဖြစ်လေသည်။
လူတိုင်းကတော့ အချိန်အနည်းငယ်အတွင်း ကျိုးရှင်းချီက သူမကိုယ်သူမ သက်သေပြကာ အတွင်းစည်းဂိုဏ်းသားဖြစ်သွားမည်ကို သိနေကြသည်။
ထိုအချက်များအပြင် သူမသည် မှင်သက်ဖွယ်ကောင်းအောင် လှပလွန်းသဖြင့် ဂိုဏ်းသားယောကျ်ားထုကြီး၏ သဘောကျခြင်းကို ခံခဲ့ရလေသည်။
ထိုအကြောင်းအရာများကြောင့် သူမသည် မွှေးရနံတိမ်တောင်ပေါ်တွင် အလွန်ထင်ရှားလေသည်။ အမှန်တိုင်းဆိုရလျှင် အတွင်းစည်းဂိုဏ်းသားများက သူမကို အစထဲက အပြင်စည်းဂိုဏ်းသား အဖြစ် မသတ်မှတ်ခဲ့ချေ။ ရှေးရိုးစွဲသော အတွင်းစည်းဂိုဏ်းတစ်ခုလုံးပင်လျှင် သူမကိုကြောက်ရွံ့ခဲ့ကြရလေသည်။
ထိုအရာများကို စဥ်းစားရင်း ပိုင်ရှောင်ချန်းက ကျိုးရှင်းချီအကြောင်းကို လွန်စွာသိချင်နေလေတော့သည်။ ထို့နောက် ကျောက်တိုင်တစ်တိုင်ချင်းစီကို လိုက်ကြည့်လိုက်သောအခါ စကားမပြောနိုင်လောက်အောင် တုန်လှုပ်သွားလေတော့သည်။
“ကျိုးရှင်းချီက အံ့သြဖို့ကောင်းလိုက်တာ။ ဒီကျောက်တိုင်၁၀တိုင်မှာ ၈တိုင်က သူ့နာမည်ထိပ်ဆုံးကချည်းပဲ။ တစ်ခြား၂တိုင်မှာတော့ သူ့နာမည်ရှာမတွေ့ဘူး။ ကြည့်ရတာတော့ အဲ့၂ခုအတွက် ဝင်မပြိုင်သေးပုံပဲ။” ဟုဆိုကာ ပိုင်ရှောင်ချန်းက ကျောက်တိုင်များကို ကြည့်ရင်းကြည့်ရင်း မျက်လုံးများမှာ ပန်းကန်ပြားများသဖွယ်ပြူးလာလေသည်။
ထိုအချိန်တွင် ဆေးတစ်သောင်း အဆောင်အနားသို့ ဂိုဏ်းသားများ တစ်စတစ်စဖြင့် ရောက်ရှိလာလေသည်။
ပိုင်ရှောင်ချန်းလည်း ကျောက်တိုင်များမှအကြည့်ကိုလွှဲလိုက်ကာ သူ၏ကျောက်စိမ်းပုရပိုက်နှင့် အပင်များအကြောင်းအတွဲ၂ ပုရပိုက်ကို လဲလှယ်ပေးမည့်နေရာကို ကြည့်လိုက်လေသည်။ ထို့နောက် ဘေးဘီသိို့ကြည့်လိုက်သောအခါ အကြောင်းတစ်ခုခုကြောင့် စုဝေးနေပုံရသော လူများစွာကိုတွေ့လိုက်ရလေသည်။ ရုတ်တရက် လူတစ်ချို့ စိတ်လှုပ်ရှားစွာပြောဆိုနေသံများကို ကြားလိုက်လေသည်။
” ဂိုဏ်းတူအစ်မကျိုး လာမှာတဲ့။”
” ဟားဟားဟား။ အဲ့တာဆိုကောလဟာလတွေက မှန်နေတာပေါ့။ ဂိုဏ်းတူအစ်မကျိုး ဒီနေ့လာမှာဆိုတော့ ငါတို့လာတာ အလကားမဖြစ်တော့ဘူးကွ။”
“ဂိုဏ်းတူအစ်မကျိုးက အပင်တွေနဲ့ပတ်သတ်တဲ့ အတွဲ၅ခုနဲ့ ဝိညာဥ်သတ္တဝါတွေနဲ့ပတ်သတ်တဲ့ အတွဲ၃ခု မှာ ပထမရထားပြီးသားကွ။ ဒီတစ်ခေါက်တော့ ဝိညာဥ်သတ္တဝါတွေနဲ့ပတ်သတ်တဲ့ ၄ခုမြောက်အတွဲကို စိန်ခေါ်မှာ အသေအချာပဲ။ ”
စကားပြောသံများမှ တိုးလိုက်ကျယ်လိုက်ဖြင့် လူအုပ်ကြီးမှာလည်း ပို၍များများလာလေသည်။ ပိုင်ရှောင်ချန်းသည် အလယ်မှာ ညှပ်မိနေသော်လည်း ဟိုအရင်ကလောက်မဝတော့သဖြင့်ကံကောင်းသည်ဟုဆိုရပေမည်။ အနည်းငယ်တိုးဝှေ့ပြီးနောက် ရှေ့နားသို့ရောက်သွားလေသည်။ ထိုအချိန်မှာပဲ သူမော့ကြည့်လိုက်သောအခါ တောက်ပသောအလင်းတန်းတစ်ခု လေထဲတွင်ပျံဝဲနေသည်ကို မြင်လိုက်ရလေသည်။
အပြာရောင်ပိုးအဝတ်စ၏ အထက်တွင် အပြင်စည်းဂိုဏ်းဝတ်စုံနှင့် မိန်းကလေးတစ်ယောက်က မတ်တတ်ရပ်နေလေသည်။ သူမ၏နောက်တွင် ရှည်လျားနက်မှောင်သည့် ဆံကေသာများက လေထဲတွင် ပျံဝဲနေ၏။ သူမမှာ လေးကိုင်းသဏ္ဍာန် ဇင်ယော်တောင် မျက်ခုံးမွှေးများနှင့် လမင်းကြီးသဖွယ် ရွှန်းစိုတောက်ပသော ဝိုင်းစက်နေသည့် မျက်လုံးများရှိသည်။ အသားအရေမှာ နှစ်လိုဖွယ်ရှိပြီး ခန္ဓာကိုယ်အချိုးအစားမှာ သေးသေးသွယ်သွယ်နှင့် ပျော့ပျော့ပြောင်းပြောင်းရှိလေသည်။
ကျောက်တိုင်တစ်တိုင်ဆီသို့ သူမ ပျံသန်းသွားသောအခါ ဘေးပတ်ပတ်လည်ရှိ အပြင်စည်း ဂိုဏ်းသားများက အားပေးကြလေသည်။ မြေပြင်ပေါ်သို့ သူမဆင်းသက်လိုက်ပြီး ဘေးကိုတစ်ချက်မျှပင်မကြည့်ဘဲ ကျောက်တိုင်များ၏အောက်ရှိ သစ်သားအိမ်တစ်ခုဆီသို့ ဦးတည်သွားလိုက်လေသည်။
ထိုအခါမှသာ ပိုင်ရှောင်ချန်းက ကျောက်တိုင် ၁၀တိုင်လုံး၏အောက်တွင် သစ်သားအိမ်တစ်အိမ်စီ ရှိကြောင်းသိလိုက်လေသည်။ ထိုအိမ်သို့ ဝင်ထွက်သွားလာနေကြသူများလည်း ရှိပြီး ထိုမိန်းကလေးမှာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ပတ်ပတ်လည်ရှိ ဂိုဏ်းသားများကမူ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ ဘေးဘီသို့ကြည့်လိုက်သောအခါ သူ့ထက်ပိန်ကာ ပို၍အားနည်းဟန်တူသည့် ဂိုဏ်းသားတစ်ယောက် သူ့ဘေးနားရောက်လာသည်ကို သတိထားမိလိုက်လေသည်။
ထို့နောက်က ထိုဂိုဏ်းသားက ကျယ်လောင်စွာဖြင့်
“နောက်ဆုံးတော့ ဂိုဏ်းတူအစ်မကျိုးကို နောက်တစ်ကြိမ်ထပ်ပြီး ကြည့်နိုင်ခဲ့ပြီလေ။ ဒီတစ်ခေါက်တော့ ၉ခုမြောက်ကျောက်တိုင်ပေါ်မှာ သေချာပေါက် သူမပဲ နံပါတ်၁နေရာကို ယူဦးမှာ ” ဟု အော်လိုက်လေသည်။
ထို့နောက် ပိုင်ရှောင်ချန်းက ထို ပိန်ပိန်နှင့်လူဖက်ကို လှည့်၍ အကြောင်းအရာအသေးစိတ်ကိုမေးလိုက်လေသည်။ ထိုလူသည်လည်း စိတ်ပျော်နေသဖြင့် လျှင်မြန်စွာ အသေးစိတ်ရှင်းပြလိုက်လေသည်။
“ဂိုဏ်းတူအစ်မကျိုးက ဟိုးအရင်ကထဲက အခုထိ ဘယ်သူမှမဖြစ်သေးဖူးတဲ့ ကျောက်တိုင်၁၀တိုင်လုံးမှာ နံပါတ်၁ရတဲ့ ပထမဆုံးလူဖြစ်ချင်နေတာလေ။ သူမ တစ်ယောက်ပဲ အဲ့လိုမျိုးရအောင် လုပ်နိုင်တဲ့လူရှိတာပဲ။ သူလုပ်စရာရှိတာ ၄ခုမြောက်နဲ့ ၅ခုမြောက် ဝိညာဥ်အတွဲ စမ်းသပ်ပွဲကိုဖြေရုံပဲ။ သေချာပေါက်နှစ်ခုလုံးမှာ နံပါတ် ၁ ရမှာပဲ။”
ပိုင်ရှောင်ချန်းက အပင်များနှင့်ပတ်သတ်သော ဒုတိယမြောက်အတွဲကိုယူရန်မှာ အရေးကြီးဆုံးအချက်ဟု ဆုံးဖြတ်လိုက်လေသည်။ ထိုဟာကိုယူရန် သက်ဆိုင်ရာ သစ်သားအိမ်ထဲမှ စာမေးပွဲကို သွားဖြေရမည်ဖြစ်သည်။ ဖြေဆိုတာအောင်မြင်လျှင် ထိုအတွဲ၂ မှာ သူ့အပိုင်ဖြစ်မည် ဖြစ်လေသည်။ ထို့ကြောင့်သူက လူအုပ်ကိုတိုးကာ ပထမမြောက် ကျောက်တိုင်ဆီသို့သွားလေသည်။ ခက်ခက်ခဲခဲတိုးပြီးနောက် ရောက်သွားသောအခါ သစ်သားအိမ်အားလုံးက လူပြည့်နေသည်ကို တွေ့လိုက်ရလေသည်။
အနည်းငယ်စောင့်လိုက်ပြီးနောက် အိမ်တစ်လုံးထဲမှ ညှိုးနွမ်းနေသောမျက်နှာထားဖြင့် စိတ်ပျက်လက်ပျက်ထွက်လာသော ဂိုဏ်းသားတစ်ယောက်ကိုမြင်လိုက်ရသောလည်း ပိုင်ရှောင်ချန်းသည်ကား စိတ်ဓာတ်မကျသွားပေ။ ချက်ချင်းပင် သစ်သားအိမ်ထဲသို့ ဝင်လိုက်လေသည်။
အထဲရောက်သွားသည်နှင့် အပြင်ဘက်က ပွက်ပွက်ညံနေသောအသံများက လုံးဝပျောက်သွားလေသည်။ အရာအားလုံးက ငြိမ်းချမ်းကာ တိတ်ဆိတ်နေသည်။ သစ်သားအိမ်လေးမှာ အရွယ်အစား သိပ်မကြီးပဲ အလယ်ရှိ ကျောက်တိုင်အသေးလေးတစ်တိုင်၏ ရှေ့တွင် ဖျာလေးတစ်ချပ်ခင်းထားသည်။
ပိုင်ရှောင်ချန်းလည်း ညွှန်ပြထားသော ပုံစံအတိုင်း တင်ပျဥ်ခွေထိုင်လိုက်ပြီး အပင်များနှင့်ပတ်သတ်သော ပထမအတွဲပါသည့် ကျောက်စိမ်းပုရပိုက်ကို ဆွဲထုတ်လိုက်သည်။ ကျောက်တိုင်ပေါ်သို့တင်လိုက်သောအခါ ထိုပုရပိုက်က အောက်သို့ နစ်ကျသွားသည်။ ကျောက်တိုင်သည် တုန်လာကာ အလင်းရောင်များ တောက်ပစွာ ထွက်ပေါ်လာသည်။
“အပြင်က ဂိုဏ်းတူအစ်ကိုတွေပြောတာတော့ အခုက ငါ့ကိုသမားတော်အဖြစ် သတ်မှတ်ပေးမဲ့ အမှတ်အသား ဆုံးဖြတ်ရမယ့်အချိန်တဲ့ ”
ခေတ္တမျှ စဥ်းစားလိုက်ပြီးနောက် သူကပြုံးလိုက်ကာ လိပ်ပုံလေးဆွဲလိုက်လေသည်။ သူက လိပ်ကိုချစ်သည်။ သူဆွဲလိုက်သောပုံကား ပုံပျက်ကာ အရုပ်ဆိုးနေသော်လည်း သူ၏မျက်လုံးထဲတွင်မူ ကြည့်ရတာအဆင်ပြေနေသည်။
လိပ်ပုံအမှတ်အသားမှာ အကြိမ်အနည်းငယ် မှိတ်တုတ်မှိတ်တုတ်ဖြစ်သွား သောအခါ ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်လေသည်။ သူ့ချီကိုစုစည်းပြီး စိတ်ကိုရှင်းလိုက်သောအခါ မျက်လုံးမှာ အလင်းရောင်များတောက်ပစွာထွက်ပေါ်လာသည်။ နောက်ဆုံးတွင် လက်ကိုထုတ်လိုက်ကာ ကျောက်တိုင်ပေါ်သို့ ဖြေးဖြေးချင်း တင်လိုက်လေသည်။ ကျောက်တိုင်ကို သူထိမိသွားသောအခါ စိတ်ထဲတွင် မိုးချုန်းသံများပေါ်လာပြီး သူ၏အမြင်မှာ ဝေဝါးသွားလေသည်။ အမြင်ပြန်ရှင်းသွားသောအခါ သူသည် သစ်သားအိမ်ထဲတွင် ရှိမနေတော့ပဲ၊ စိတ်ကူးယဥ် ကမ္ဘာတစ်ခုထဲသို့ ရောက်သွားကြောင်း တွေ့မြင်လိုက်ရသည်။
ပတ်ဝန်းကျင်ကို သေချာမကြည့်လိုက်မိခင်မှာပင် သူရှေ့တွင် အလင်းရောင်တစ်ခု ဖြတ်ခနဲလင်းလာပြီး သူ့မြင်ကွင်းအပြည့်တွင် မရေမတွက်နိုင်သော ဆေးပင်များပေါ်လာလေသည်။
ဆေးပင်အကုန်လုံးမှာ မူလပကတိအတိုင်းမရှိချေ။ ၁၀ခုထက်ပိုသော အစိတ်အပိုင်းများအဖြစ် ကျိုးပြတ်နေပြီး နေရာတိုင်းသို့ ပြန့်ကျဲနေလေသည်။
ကြည့်လိုက်ရုံဖြင့် အပင်စုစုပေါင်းမည်မျှရှိကြောင်း ပြောရန်မဖြစ်နိုင်ချေ။
ဆေးတစ်သောင်းအဆောင်၏ စစ်ဆေးသည့်နည်းလမ်းကို မရေမတွက်နိုင်သော မွှေးရနံ့တိမ်တောင်၏ အပြင်စည်းဂိုဏ်းသားများက ကြောက်ရွံ့ကြသည်။ နှစ်ပေါင်းများစွာတစ်လျှောက် များစွာသော ဂိုဏ်းသားများက စစ်ဆေးမှုခံယူလျှင် အဆုံး၌ ခြေကုန်လက်ပမ်းကျကာ အလျှော့ပေးခဲ့ရသည်။ထို့အတွက်ကြောင့် ကိုယ့်နာမည်သာ ကျောက်တိုင်ပေါ်ရှိ ထိပ်ဆုံးအမည်၁၀၀ ထဲတွင်ပါလျှင် လူအများက အားကျထောက်ခံကြခြင်းဖြစ်သည်။
ပထမနေရာရလျှင်မူ လျှမ်းလျှမ်းတောက် ကျော်ကြားမည်မှာ အမှန်ပင်။
အေးစက်ကာခံစားချက်မဲ့သော အသံတစ်သံပေါ်ထွက်လာပြီး
“အမွှေးတိုင်တစ်တိုင် ကုန်ုဖို့ လိုတဲ့အချိန်အတွင်း ဝိညာဥ်အပင်တွေကို အစီစဥ်တကျပြန်ဆက် ပေးရမယ်။ မင်းရဲ့ရလဒ်က မင်းဘယ်နှစ်ပင်ထိ ပြန်ဆက် လည်းဆိုတာ အပေါ် မူတည်နေတယ်။ အခု စလို့ရပြီ။” ဟုပြောလေသည်။
“ဒါလေးပဲလား ” ဟုပိုင်ရှောင်ချန်းကတွေးလိုက်လေသည်။ ယုံပင်မနိုင်ချေ။ ကျောက်စိမ်းပုရပိုက်ရှိဆေးပင်များကို သူသေချာလေ့လာထားသဖြင့် အခုချက်ချင်းပင် ကောက်ကာဆက်နိုင်သော အပင်ရာဂဏန်းလောက်ကိုပင် သူမြင်နေပြီဖြစ်လေသည်။
သူကဤစစ်ဆေးမှုကို စိတ်ပူခဲ့သော်လည်း ယခုလုပ်ခိုင်းသည့်အရာကို မြင်သောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။ သို့သော်လည်း လုံးဝကြီးတော့ စိတ်မအေးနိုင်သေးပေ။
“ဒီလောက်ထိတော့လွယ်နိုင်မှာမဟုတ်ဘူး။ ဒီစစ်ဆေးမှုက ဒီလောက်ရိုးရှင်းနေတာကို ကြည့်ရင် နောက်ဆုံးစစ်ဆေးမယ့် အရာကအတော်ကိုခက်လောက်တယ်။” ဟုထိတ်လန့်စွာ တွေးလိုက်လေသည်။ ထို့နောက် လက်ချောင်းများကို လျှင်မြန်စွာဝှေ့ယမ်းလိုက်ကာ တစ်ဒါဇင်လောက်ရှိသော ဆေးပင်အပိုင်းအစများကို ညွှန်ပြလိုက်လေသည်။ ချက်ချင်းပင် ထိုအပိုင်းအစများက ဆက်သွားကာ ဆေးပင်၂ပင်ပေါ်လာလေသည်။
ထို့နောက် တစ်ခဏမျှမနားပဲ လက်နှစ်ဖက်လုံးဝှေ့ယမ်းကာ မရေမတွက်နိုင်သော အပင်အစိတ်အပိုင်းများကို ဆက်နေလေတော့သည်။ တစ်ပင်ပြီးတစ်ပင်ဆက်နေသည်မှာ ခဏအကြာ အပင်၁ရာသို့ ရောက်သွားသည်အထိပင်။
သူသည် တစ်ချက်တွေးရင်းမော့ကြည့်လိုက်သောအခါ သူ၏ စိတ်ဓာတ်များ တက်ကြွလာလေသည်။ အခြားသောအတွေးများကို ခေါင်းထဲမှထုတ်လိုက်ကာ လက်များကိုဝှေ့ယမ်းရင်း အပင်အပိုင်းအစများကိုသာ အာရုံစိုက်လိုက်လေသည်။ ထို့နောက် ဤစစ်ဆေးမှုကို ကျရှုံးလျှင် တော်တော်ဆိုးမှာပဲ ဟုတွေးကာ ပို၍ပြင်းထန်သော အားမာန်ဖြင့် အစွမ်းကုန်လုပ်နေလေတော့သည်။ မျက်ထောင့်များနီလာကာ လက်များမှာ လျှင်မြန်စွာရွေ့လျားနေသည်။
…..အပင်၁ရာ။ အပင်၂ရာ။ အပင်၃ရာ။ အပင်၅ရာ။ အပင်၁ထောင်။…….
မျက်နှာတစ်လျှောက်ချွေးများကျလာပြီး ခေါင်းထိပ်မှ အဖြူရောင်အခိုးအငွေ့များပင် ထွက်လာလေသည်။ ဘေးဘီကိုကြည့်လိုက်ရင်း သူထပ်ကာဆက်နိုင်မည့် အပင်အပိုင်းအစများကို မှတ်သားနေလေသည်။
ကျောက်စိမ်းပုရပိုက်ရှိ ဆေးပင်များကိုသူလေ့လာစဥ်တုံးက သူစိတ်ပါဝင်စားလွန်းလှသည့် အတွက် ထိုအပင်များကိုအမှုန့်ကြိတ်ကာ ပိို၍လေ့လာချင်သည့်စိတ်များပေါ်လာသည်အထိပင်။
သို့သော် ထိုကဲ့သို့လုပ်ရန်မဖြစ်နိုင်သည့်အတွက် နားလည်သည်အထိပဲ အသေးစိတ် လေ့လာခဲ့ရသည်။
အပြင်ဘက်က ဂိုဏ်းသားများသာ ထိုအရာကိုမြင်မည်ဆိုလျှင် မယုံကြည်မှုများနှင့်အတူ မှင်သက်မိလေမည်ဖြစ်လေသည်။ သူတို့အတွက်ထိုစစ်ဆေးမှုမှာ ကြောက်စရာကောင်းလွန်းလှ၍ လည်ပင်းပေါ်ရှိ ကြက်သီးမွှေးညင်းများ ထလာရသည်အထိပင်။ မည်သူကမှ ပိုင်ရှောင်ချန်းသည်ကျောက်စိမ်းပုရပိုက်ရှိ ဆေးပင်များကို အသေးစိတ် လေ့လာထားမည်ဟု ထင်မိမည်မဟုတ်ချေ။
အချိန်များကုန်သွားကာ သူလည်း အပင်၂ထောင်မှ ၃ထောင်အထိဆက်ပြီးသွားလေပြီ။
ပိုင်ရှောင်ချန်း၏မျက်လုံးများလည်းနီရဲလာကာ သူကြိုတွေးထားသည့်အတိုင်း လက်များကို ဝှေ့ယမ်းနေလေသည်။ စိတ်နောက်သို့ ကိုယ်မလိုက်နိုင်မည်စိုးသဖြင့် ချီစုစည်းမှု အဆင့်၄၏ စွမ်းအားများကိုပင် ထုတ်သုံးနေသည်။
သူလျှင်မြန်စွာလုပ်နေသော်လည်း အောင်မအောင် မသေချာသဖြင့် အံကြိတ်ကာ ထပ်၍ကြိုးစားနေလေသည်။
အပင်၄ထောင်။၅ထောင်။ ၆ထောင်။ ၇ထောင်….
အချိန်ဘယ်လောက်ကုန်သွားသည်ကို သူသေချာမသိချေ ။ အပင်အပိုင်းအစတစ်ချို့က ကျန်နေသေးသည်။ ရုတ်တရက် နေရာတိုင်းလင်းထိန်သွားကာ သူ၏အမြင်များဝေဝါးသွားသည်။ သစ်သားအိမ်ကလေးများ ပြန်ပေါ်လာပြီး ကျောက်စိမ်းပုရပိုက်မှာ ကျောက်တိုင်ပေါ်တွင်ပြန်ပေါ်လာသည်။ သူစောစောကတင်ထားသည့် အပင်များနှင့်ပတ်သတ်သော အတွဲ၁ ပါသည့် ကျောက်စိမ်းပုရပိုက်ပင်ဖြစ်သည်။
“ငါနည်းနည်းလေးပဲ ကျန်တော့တာလေကွာ ” စိုးရိမ်တကြီးတွေးနေလေတော့သည်။ ထိုကျောက်စိမ်းပုရပိုက်ကို ယူပြီး စိတ်ပျက်လက်ပျက်ဖြင့် သစ်သားအိမ်အပြင်ဘက်သို့ထွက်လိုက်လေသည်။ ထိုအချိန်တွင် အပြင်ဘက်မှ အားပေးသံများကိုကြားလိုက်ရလေသည်။
ကျိုးရှင်းချီဝင်သွားသော သစ်သားအိမ်ဖက်သို့မော့ ကြည့်လိုက်သည်။ သူမအိမ်ထဲက ထွက်လာသောအခါ သူမနာမည်က ပထမနေရာတွင်ပေါ်လာလေသည်။