အပိုင်း(၁၄၄၇)

လက်နက်ပျက်စီးခြင်း

“ပင်း … ဖျက်ဆီးခြင်းစွမ်းအား”

လေထဲသို့ မော့ကြည့်နေသည့် မရေတွက်နိုင်သော လူများသည် သူတို့၏ စိတ်များ သိမ့်သိမ့်တုန်သွားသည်ဟု ထင်မှတ်လိုက်ရသည်။ သူတို့ကို တစ်စုံတစ်ခုဖြင့် ရိုက်ခတ်လိုက်သလိုမျိုး ဖြစ်သည်။

ဝမ်ယန်ပင်း … ပင်း … ဖျက်ဆီးခြင်းစွမ်းအား။

ထိုသူသည် အောက်ကောင်းကင်နတ်တံခါး၏ ရန်ဟောင်အဆင့်အောက် နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်ပြီး သူသည် ကျန်းထိုက်ချူး ဟွားချင်းယွင် တို့ကဲ့သို့ တူညီစွာ ကျော်ကြားသော်လည်း  သူက ထိုလှုပ်ရှားမှုအား ကောင်းကင်နတ်တံခါးသို့ ဝင်ရောက်နိုင်ရန် အသုံးပြုခဲ့သည်။

သူက စကားအတိုင်း အကောင်းဆုံး သက်သေပြသွားပေသည်။

သူက ကောင်းကင်နတ်တံခါးသို့ ဝင်ခွင့်မရပါက အိမ်သို့ ပြန်လိမ့်မည်မဟုတ်ပေ။

သို့သော် လူအများသည် သူက ထိုလှုပ်ရှားမှာကို အသုံးပြုပြီး ကောင်းကင်နတ်တံခါးသို့ ဝင်ခွင့်ရလျှင်ပင် မည်သို့ အိမ်ပြန်နိုင်မည်နည်းဟု တွေးတောနေကြပေသည်။

သူတို့သည် တစ်စုံတစ်ယောက်၏ စိတ်ထဲမှာ အိမ်ဟူသော ဝေါဟာရအကြောင်းကို တွေးတောနေကြပေသည်။

ထို့ပြင် သူတို့သည် ဝမ်ယန်ပင်းနှင့် ပတ်သက်၍ မည်သို့ ဖြစ်လာလိမ့်မည်ကို အံ့အားသင့်နေကြပေသည်။

မည်သူမှ ထင်မှတ်မထားခဲ့သည်က ဝမ်ယန်ပင်းကဲ့သို့ ပြိုင်ဘက်ကင်း ဒဏ္ဍာရီပုဂ္ဂိုလ်က အဆုံးစွန်ထိ ဖိအားပေးခံရလိမ့်မည် ဆိုခြင်းကို ဖြစ်လေသည်။ ထိုတိုက်ကွက်သည် ယန်ပင်းပညာရပ်၏ အဆုံးစွန် သတ်ဖြတ်မှုတိုက်ကွက် ဖြစ်ကာ အသုံးပြုသူကို နတ်လက်နက်အဖြစ် အပြီးတိုင် ပြောင်းလဲလိုက်ကာ ပင်းလမ်းစဉ်၏ ပြုယုဂ် ဖြစ်လာစေပြီး နောက်ထပ်အဆင့်တစ်ခုသို့ ဝင်ရောက်သွားစေသည်။

သို့သော် ပေးဆပ်ရမည့် တန်ဖိုးမှာ သူ၏ အသက် ဖြစ်သည်။

“ဝမ်ယန်ပင်း” ဝမ်ကလန်ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ သူက ဝမ်ယန်ပင်း ဓားတစ်လက်ကို ကိုင်ဆောင်ကာ ကောင်းကင်နတ်တံခါးသို့ ဝင်ရောက်နိုင်ရန် မျှော်လင့်ခဲ့သော်လည်း ဝမ်ယန်ပင်းက ထိုသို့သော တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်လိုက်လိမ့်မည်ဟု မည်သည့်အခါကမှ တွေးထင်မထားခဲ့ဖူးပေ။

ဝမ်ယန်ပင်းသည် မျိုးဆက်အားလုံး အကြားတွင်မှ မွေးထုတ်ပေးနိုင်ခဲ့သည့် အထူးချွန်ဆုံး တန်ခိုးရှင်ဖြစ်ကာ  လူတိုင်းက သူတို့၏ မျှော်လင့်ချက်များကို သူ့အပေါ်တွင် ပုံအပ်ထားပြီး သူတို့ ကောင်းကင်နတ်တံခါးသို့ ပြန်ရာမှာ အကူအညီ ဖြစ်နိုင်စေလိမ့်မည်ဟု မျှော်လင့်ထားကြပေသည်။ အကယ်၍ ကလန်က ကောင်းကင်နတ်တံခါးသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိလျှင်ပင် သူသာ ကျန်ရှိနေပါက သူသည် ကလန်အတွက် ကောင်းကင်အာဏာစက်ဘုံတွင် ကြီးမားသော အောင်မြင်မှုတို့ကို ယူဆောင်ပေးနိုင်လိမ့်ပေမည်။

သူက ကလန်အား ကောင်းကင်နတ်တံခါးသို့ ပြန်လည် ဝင်ရောက်နိုက်ရန် ဝမ်ယန်ပင်း အသက်နှင့် အလဲအလှယ် ပြုရသည်ကို မလိုလားပေ။ ဝမ်ကလန်သည် ကောင်းကင်နတ်တံခါးသို့ ဝင်ရောက်ရန် ဆန္ဒရှိခဲ့သော်လည်း ဝမ်ယန်ပင်းသည် ကလန်၏ မျှော်လင့်ချက် ဖြစ်လေသည်။

“အဖေ … သူ့ကို တစ်ခါလောက် သူ့ ဆန္ဒအတိုင်း လုပ်ခွင့်ပေးလိုက်ပါ” ကလန်ခေါင်းဆောင်၏ တုန်ယင်နေသော ခန္ဓာကိုယ်ကို နောက်မှ ဖေးမပေးလိုက်သည့် သက်လတ်ပိုင်းလူကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။ ထိုသူသည် ကောင်းကင်မှ နတ်လက်နက်မုန်တိုင်းကို ကြည့်ကာ မျက်လုံးထောင့်တွင် မျက်ရည်စတို့ တွဲခိုနေ၏။ ထိုသည်က သူ့သား ဖြစ်သည်။

သို့သော် အနိုင်အရှုံး ရလဒ်နှင့် မသက်ဆိုင်ဘဲ သူက သားဖြစ်သူအတွက် ဂုဏ်ယူမိပေသည်။

ဝမ်ကလန်၏ သား ဝမ်ယန်ပင်းသည် သူ့အချိန်အခါ၌ ကျော်ကြားခဲ့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ဝမ်ကလန် တန်ခိုးရှင်များသည် လေထဲမှ မြင်ကွင်းကို ကြည့်နေရင်း သူတို့အားလုံး၏ နှလုံးသားများက လေးလံကာ တုန်ယင်နေသည်။ ဝမ်ကလန်၏ အဖိုးတန် ဝမ်ယန်ပင်းက ကလန်အတွက်ကြောင့် သေဆုံးရပေတော့မည်။

လုအများ၏ မျက်လုံးများသည် နီရဲလာပြီး ရန်ဟောင်များပင်လျှင် ခံစားချက်တို့ ဖြစ်ပေါ်လာသည်။

မည်သူ၏ နှလုံးသားထဲ၌မဆို မျက်ရည်များ ကျဆင်းလာစေနိုင်ပေသည်။

ထို လူငယ်လေးသည် သူ့ပခုံးပေါ်၌ အလွန် များပြားသော တာဝန်များကို ထမ်းထားရသည်။ ကလန်တစ်ခုလုံး၏ ကံကြမ္မာနှင့် အောင်မြင်မှုတို့မှာ လူတစ်ယောက်တည် အပေါ်တွင်သာ မူတည်နေခဲ့သည် မဟုတ်ပါလား။

သူ၏ ကလေးဘဝသည် ပြီးပြည့်စုံခဲ့ခြင်းမရှိဘဲ များပြားလှသည့် တာဝန်များကိုသာ ပုခုံးထမ်း၍ ရှင်သန်ခဲ့ရပေသည်။  သူ၏ အမည် ယန်ပင်း ပင်လျှင် ဝမ်ကလန်၏ ထူးခြားလမ်းစဉ်ကို ကိုယ်စားပြုပေသည်။

သူ၏ အမည်သည် ယန်ပင်းသာ ဖြစ်သည် မဟုတ်ပါလား။

ကျန်းကလန်နှင့် ဟွားကလန် အပါအဝင် ကောင်းကင်နတ်တံခါးရှိ များပြားသော တန်ခိုးရှင်များသည်လည်း တိတ်ဆိတ်စွာ ရပ်နေခဲ့ကြသည်။ သူတို့၏ အဝတ်အစားများက တလူလူလွင့်နေပြီး သူတို့သည် ဝမ်ယန်ပင်း၏ အသေခံတိုက်ကွက်ကို ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။

သူက အမှန်တကယ် ထိုမျှထိ လုပ်ရန် လိုအပ်ပါရဲ့လား။

ကလန်အားလုံးတွင် သူတို့၏ ကိုယ်ပိုင် ကံတရားနှင့် ကံကြမ္မာ ရှိပြီး သူတို့၏ ကလန်က အမြဲတစေ ထိပ်ဆုံး၌သာ ရှိနေနိုင်မည်ဟု မည်သူမှ အာမခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ထိုသို့ အဖြစ်အပျက်မျိုးက သမိုင်းတွင် များစွာ ဖြစ်ပျက်ခဲ့ပေသည်။

လွန်ခဲ့သည့် နှစ်များစွာက ဂူထျန်းရှင်းသည် ဂူကလန်ကို အောင်မြင် အတောက်ပဆုံး အချိန်များ ရောက်စေရန် လုပ်ဆောင်ပေးခဲ့ပြီး ကလန်က အထွတ်အထိပ်သို့ ရောက်ခဲ့ရသော်လည်း ကလန်က အဖြစ်ဆိုးနှင့် အဆုံးသတ်ခဲ့ရပေသည်။ ဂူကလန်တွင် နောက်ဆုံး မျိုးဆက်တစ်ဦးသာ ကျန်ရစ်ခဲ့ပြီး ဂူတုံးလျှိုသည် ကလန်၏ တစ်ဦးတည်းသော အသက်ရှင်ကျန်သူ ဖြစ်ခဲ့သည်။

သူတို့ အမြင့်ကို ရောက်သည့်အခါ ထိုမှ ရလာမည့် ဖိအားကို ခံနိုင်ရည် ရှိရမည် ဖြစ်သည်။ သူတို့သည် ကောင်းကင်နတ်တံခါး အထွတ်အထိပ်တွင် ရပ်နေခဲ့ကြပြီး သာမန်လူတို့ မမြင်တွေ့နိုင်သော ဖြစ်ရပ်တို့ကို တွေ့ကြုံခဲ့ရပေမဲ့ သူတို့သည် အချိန်တိုင်း ရေခဲပြင် ခပ်ပါးပါးထက်တွင် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်ကာ သာမန်လူတို့ ခံနိုင်ရည်မရှိနိုင်သည့် ဖိအားများနှင့် တာဝန်တို့ကို ပခုံးထမ်းထားရပေသည်။ သူတို့သည် အခြား များပြားလှသည့် တာဝန်တို့အပြင် ကလန်၏ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းတို့ကို ပုခုံးထမ်းထားရပေသည်။

ဂူတုံးလျှိုကို ကောင်းကင်နတ်တံခါးသို့ ပြန်ခေါ်လာသည့် အပြုအမူမှာ သူတို့အပေါ် အလွန် ဖိအားများစေပြီး အခန့်မသင့်ပါက စစ်ပွဲကို သူတို့၏ တံခါးရှေ့ သယ်ဆောင်ခဲ့သလိုပင် ဖြစ်သွားနိုင်ပေသည်။

ထို့ပြင် ယခုတွင် ဝမ်ယန်ပင်းက အသက်ကို စွန့်လွှတ်ကာ တိုက်ခိုက်ခဲ့လျှင်ပင် ကလန်၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်မရှိပေ။

သူ့ ပုခုံးထက်တွင် ရှိနေသည့် များစွာသော တာဝန်များက ဂူတုံးလျှိုကဲ့သို့ပင် ဖြစ်သည်။ သို့သော် ဝမ်ယန်ပင်းနှင့် မတူသည်က သူသည် အဘိုးနှင့် အဖေအတွက် ကလဲ့စားချေရန် ဖြစ်ကာ သူသည် ဂူကလန်၏ မျှော်လင့်ချက် ဖြစ်သည်။ ဝမ်ကလန်နှင့် မတူသည်က သူသည် ဂူကလန်၏ တစ်ဦးတည်းသော ကျန်ရစ်သူ ဖြစ်သည်။

ဝမ်ယန်ပင်းသည် ရှုံးနိမ့်မှုကို မရလိုလျှင် ဂူထျန်းရှင်းက ထို့ထက်ပင်ပို၍ ခံစားနေရပေမည်။

သူတို့ထဲက မည်သူမှ ရှုံးနိမ့်၍ မရနိုင်ပေ။

“ဘာကြောင်လဲ။ တကယ်ပါပဲ” ရီဖူရှင်းသည်လည်း သက်ပြင်းချလိုက်မိသည်။ သူသည် တစ်ခါက ဝမ်ယန်ပင်းအား ကောင်းကင်အာဏာစက်ဘုံ အထွတ်အထိပ်တွင် ရပ်တည်နိုင်လိမ့်မည် မဟုတ်ဟု ပြောခဲ့ဖူးသော်လည်း သူသည် ဝမ်ယန်ပင်းက သူတို့ပင် ဘုံ၏ အထွတ်အထိပ်အတွက် တိုက်ခိုက်ခြင်း မပြုရသေးမီ ထိုသို့ တိုက်ကွက်မျိုးကို အသုံးပြုလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ပေ။

ရီဖူရှင်းသည် တိုက်ပွဲနေရာသို့ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက သူ့အစ်ကိုသုံးပေါ်တွင် ကျရောက်နေသည်။ ဂူတုံးလျှိုသည်လည်း ထိုသို့သော တိုက်ကွက်ကို အသုံးပြုရလျှင်ပင် သူက နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။ ဤတိုက်ပွဲက သူ့အစ်ကိုအတွက် မည်မျှ အရေးကြီးသည်ကို သူ ကောင်းစွာ သိရှိပေသည်။

ထိုသည်က ဂူထျန်းရှင်း၏ အမွေအနှစ်အား ဆက်ခံပြီးနောက် ပထမဆုံး တိုက်ခိုက်သော တိုက်ပွဲ ဖြစ်လေသည်။

သူသာ တိုက်ပွဲ၌ ရှုံးနိမ့်ခဲ့လျှင် ဂူထျန်းရှင်းနှင့် ကောင်းကင်နတ်တံခါးဂိုဏ်းမှ လုပ်ပေးခဲ့သမျှ အားလုံးသည် သဲထဲရေသွန် ဖြစ်သွားရပေလိမ့်မည်။

ကျယ်ပြောသော လေဟာနယ်၌ မရေတွက်နိုင်သည့် နတ်ဓားများ ပေါ်ပေါက်လာသည်။ ဓားတစ်ချောင်းစီတိုင်းတွင် ဝမ်ယန်ပင်း၏ အသိစိတ်များ ပါဝင်နေ၏။ သူက သူ့ကိုယ်သူ ဓားအဖြစ်သို့ အပြီးတိုင် ပြောင်းလဲကာ မဟာလမ်းစဉ်နှင့် ပေါင်းစပ်လိုက်သည်။

ထိုနတ်ဓားများ အားလုံးက ဝမ်ယန်ပင်းကိုယ်တိုင်ပင် ဖြစ်တော့သည်။

ဂူတုံးလျှိုက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး သူက အတော်လေး တုန်ယင်နေသည်။ အကယ်၍ ပုံမှန်အချိန်၌သာ ဆိုပါက သူက ဝမ်ယန်ပင်း၏ ခေါင်းမာလှသော အခြေအနေကို ကြည့်ကာ နောက်ဆုတ်ပေးလိုက်မည် ဖြစ်သော်လည်း ယခုတွင် သူက ထိုသို့ လုပ်ဆောင်နိုင်စွမ်းမရှိပေ။

ဝမ်ယန်ပင်းသည် မည်သည့် နည်းလမ်းဖြင့်မဆို အနိုင်ရရန် ဆုံးဖြတ်ထားသည်ကို ကြည့်ရင်း ထိုတိုက်ပွဲကို အနိုင်ရရန်မှာ သူ့အတွက် ပိုအရေးကြီးလာပေသည်။

ကံတရားသည် လူအများကို နည်းလမ်းမျိုးစုံဖြင့် ဆော့ကစားနေပေသည်။ နှမြောစရာ ကောင်းသည်က ဝမ်ယန်ပင်းသည် အချိန် မှားယွင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူက စောစောသာ လာခဲ့ပါက သူသည် ကိုယ့်ကိုယ်ကိုယ် စတေးခံတိုက်ခိုက်လျှင် ကျန်းထိုက်ချူးကို နောက်ဆုတ်သွားအောင် လုပ်ဆောင်နိုင်ပေမည်။ ကျန်းထိုက်ချူးသည် အသက်ကို စွန့်လွှတ်ကာ တိုက်ခိုက်ရန် ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။ သူက ဝမ်ကလန်ကို ကောင်းကင်နတ်တံခါးသို့ ဝင်ခွင့်ပြုလိုက်နိုင်ပေသည်။

သို့သော် သူသည် ဤအချိန်မျိုးကိုမှ ရွေး၍ ရောက်လာခဲ့သည်။ ထို့ပြင် သူက ဂူထျန်းရှင်းနှင့် ကောင်းကင်နတ်တံခါးဂိုဏ်းမှ လုပ်ခဲ့သည့် အပြုအမူတို့အား သံသယဝင်ကြောင်းကိုပင် ဖော်ပြခဲ့သေး၏။ ထိုအချက်များကို စုစည်းကြည့်ရလျှင် သူသည် နောက်ပြန်ဆုတ်ပေးရန် မဖြစ်နိုင်တော့ပေ။

လူတိုင်းတွင် သူတို့၏ ရည်မှန်းချက်နှင့် ရပ်တည်မှုတို့ ရှိကြပြီး ဂူတုံးလျှို၏ တာဝန်မှာ ဝမ်ယန်ပင်း၏ ခြေလှမ်းတို့အား ဟန့်တားရန် ဖြစ်သည်။ ထို့အပြင် အခြားနည်းလမ်း မရှိတော့ပေ။

ကျွယ်ရှန်းဝင်္ကပါက လှည့်ပတ်လာပြီး အားလုံးသော လမ်းစဉ်များက အသက်ဝင်လာသည်။ ဂူတုံးလျှိုသည် လက်ဟန်သင်္ကေတများကို လုပ်ဆောင်လိုက်ပြီး သင်္ကေတကိုးခုက လင်းလက်လာသည်။ နတ်အလင်းများက ကျွယ်ရှန်းဝင်္ကပါအထက် ကောင်းကင်ကို လွှမ်းခြုံကာ လက်သင်္ကေတများနှင့် တစ်ချိန်တည်းတွင် နတ်ပုံရိပ်အများအပြား ဖြစ်ပေါ်လာသည်။ နတ်ပုံရိပ်မျက သူတို့၏ စွမ်းအားများကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်သည်။ သူတို့အနီးမှ မဟာလမ်းစဉ် စွမ်းအား အော်မြည်သံက သူတို့၏ ဝန်းကျင်တွင် ကြားနေရကာ မယုံကြည်နိုင်လောက်အောင် ခမ်းနားသည့် မြင်ကွင်း ဖြစ်စေရန် ပြုလုပ်ပေးနေသည်။

ဘုန်း … ထောင်သောင်းချီသည့် နတ်လက်နက်များက လေထဲကို ဖြတ်သန်းကာ သူတို့၏ ပန်းတိုင်ကို ရောက်အောင် ခရီးဆက်နေကြသည်။

အစွမ်းထက် နတ်လက်နက်များက နတ်ပုံရိပ်များအား ဖျက်ဆီး မြှုပ်နှံပစ်ရန် ထွက်ပေါ်လာပေသည်။

ထောင်သောင်းချီသည့် နတ်လက်နက်များက တစ်ချိန်တည်းတွင် ကျဆင်းလာကာ အခြားမည်သည့် အရာနှင့်မှ မတူညီသည့် မြင်ကွင်းကို ဖြစ်ပေါ်လာစေ၏။ သို့သော် တစ်ချိန်တည်းမှာပင် လက်သင်္ကေတ ချိပ်စည်းသဏ္ဌာန်များက လေထဲကို ဖောက်ထွင်း ဖြတ်သန်းလာသည်။ တုန်ခါနေသည့် အသံကို ကောင်းကင်ဆီ ဖြတ်ထွင်း၍ ကြားလိုက်ရသည်။  မဟာလမ်းစဉ်သည် တုန်ခါနေပြီး ရန်ဟောင်များက သူတို့၏ စွမ်းအားများကို ထုတ်လွှတ်ကာ တိုက်ပွဲ၏ ရိုက်ခတ်မှုကို တားဆီးလိုက်ကြသည်။

ထိုအချိန်၌ တိုက်ပွဲသည် မယုံကြည်နိုင်လောက်အောင် တောက်ပနေသည်။ ထောင်သောင်းချီသည့် နတ်ဓားအားလုံးက ဝမ်ယန်ပင်း၏ ကိုယ်စားပြု များဖြစ်ကာ သူသည် ရှေ့မှ နတ်နှင့် နတ်ဆိုးများအား သုတ်သင်ရှင်းလင်း ပစ်နေလေသည်။

ချိပ်စည်းသင်္ကေတများက တစ်ခုပြီးတစ်ခု ပျက်စီးသွားကာ မည်သည်မှ ကျန်ရစ်ခဲ့ခြင်း မရှိတော့ပေ။ သို့သော် အစွမ်းထက် နတ်ဝင်္ကပါဖြစ်သော ကျွယ်ရှန်းဝင်္ကပါကတော့ ရပ်တန့်သွားခြင်း မရှိသေးပေ။ ယင်းတို့၏ ပတ်ဝန်းကျင်၌ ရှေးဟောင်း သင်္ကေတကိုးခုနှင့် တသားတည်း ဖြစ်လာပေသည်။ မဟာလမ်းစဉ်သည် အော်မြည်နေပြီး နတ်နှင့် နတ်ဆိုးတို့ ထွက်ပေါ်လာကာ ကောင်းကင်၌ နတ်လက်နက်တို့နှင့် ရိုက်ခတ်သွားပေသည်။

ဝမ်ယန်ပင်း၏ သတ်ဖြတ်မှု တိုက်ကွက်က လေထဲတွင် မုန်တိုင်းကို ဖြစ်ပေါ်လာစေသော်လည်း ဂူတုံးလျှို၏ ကျွယ်ရှန်းဝင်္ကပါကို ချိုးဖျက်နိုင်ခြင်း မရှိပေ။

“ဒီလိုလုပ်တာတောင် ဘာမှ အသုံးမဝင်ဘူးလား” လူအများက သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့ပေသည်။

ဝမ်ယန်ပင်းသည် တိုက်ခိုက်ရန် အရာအားလုံးကို ပေးဆပ်ခဲ့သော်လည်း လုံလောက်မှုမရှိသေးပေ။

ဂူတုံးလျှို၏ တိုက်ပွဲစွမ်းရည်က ရိုးရှင်းစွာပင် ပြိုင်ဘက်ကင်း ပေသည်။

ထောင်သောင်းချီသည့် နတ်လက်နက်များက ဖျက်ဆီးပစ်လိုက်ခြင်းကို ခံရသည်။

လေထဲတွင် ဓားတစ်လက်သာ ကျန်ရစ်ခဲ့သည့်အခါ ထိုလက်နက်က ဝမ်းနည်းမှုကြောင့် ငိုကြွေးမြည်တမ်းနေခဲ့သည်။

ထိုဓားသည် ဆက်လက်၍ တိုက်ခိုက်ခြင်း မရှိတော့ပေ။ ထို့အစား လှည့်ထွက်ကာ ကောင်းကင်နတ်တံခါးဆီသို့ ဦးတည်ကာ အထက်သို့ ထိုးတက်သွားပေသည်။

သူသည် ကောင်းကင်နတ်တံခါးကို နောက်ဆုံးအကြိမ် သွားကြည့်ချင်နေဟန် တူသည်။

လူအများသည် ထိုအထီးကျန်ဓား၏ နောက်ဆုံးမြင်ကွင်းကြောင့် သက်ပြင်းချမိကြပြန်သည်။ သူတို့သည် အမှန်တကယ် ဝမ်းနည်းမှုကို ခံစားနေရသည်။

ဂူတုံးလျှိုသည်လည်း အဖြစ်အပျက်တို့အား ကြည့်ကာ ဝမ်းနည်းမိပေမဲ့ နတ်အလင်းတို့က ကျဆင်းလာကာ ဓား၏ လမ်းကြောင်းကို ပိတ်စေလိုက်ပြီး ရှေ့ဆက်သွားရန် ခက်ခဲအောင် လုပ်ဆောင်လိုက်သည်။

ကံတရားက လူအများကို အမြဲ ကျီစားနေကာ ဝမ်ယန်ပင်းသည် မှားယွင်းသော အချိန်ကာလ၌ မွေးဖွားလာခဲ့သည်။

လူအုပ်ကြီးသည် အံ့သြထိတ်လန့်စွာဖြင့် ဆွံ့အနေခဲ့သည်။

“ဝမ်ယန်ပင်း” ဝမ်ကလန်မှ လူများသည်လည်း ဝမ်းနည်းမှုကို ခံစားနေရကာ ပြောစရာစကား ကင်းမဲ့နေခဲ့သည်။

လူတိုင်းသည် ပြင်းထန်သည့် ဝမ်းနည်းမှုကို ခံစားနေကြရပေသည်။ ဝမ်ကလန်၌ ဝမ်ယန်ပင်းဆိုသည်မှာ ထပ်၍ ရှိလိမ့်တော့မည် မဟုတ်ပေ။

“ငါနဲ့အတူ ပြန်လိုက်ခဲ့ပါ” ဝမ်ကလန်ခေါင်းဆောင်က အထီးကျန် ဓားကို ကြည့်ကာ ပြောလိုက်သည်။

ထိုအချိန်တွင် လေထဲသို့ ပုဂ္ဂိုလ်တစ်ဦး ခြေချလာပြီး သူ၏ မျက်လုံးများက ကြောက်မက်ဖွယ်ပင် ဖြစ်၍ နေသည်။

နတ်အလင်းများက အလုပ်လုပ်နေဆဲ ဖြစ်ကာ ရီဖူရှင်းက ဓားကို ကြည့်၍ ပြောလိုက်သည်။ “တကယ့်ကို ဘာကြောင့်များလဲ”

***


Comment

Leave a Reply


Options

not work with dark mode
Reset