ဟောက်ထျန်းမြို့ရှိ တောင်ကြားကို သက်ရှည်တောင်ကြားဟု ခေါ်သည်။
တောင်ကြားအဆုံးတွင် လူအိုကြီးတစ်ဦးသည် မိသားစုနှင့်အတူ နေထိုင်နေသည်။ တောင်ကြားမှ လူများ အပြောအရ ထိုလူအိုကြီးသည် ထိုနေရာ၌ နေထိုင်နေသည်မှာ နှစ်ပေါင်းရာချီနေပြီ ဟူ၍ ဖြစ်သည်။ တောင်ကြားတွင် နေထိုင်နေသည့် လူများသည် မျိုးဆက်ပေါင်းများစွာ ရှိပြီ ဖြစ်သော်လည်း လူအိုကြီးကတော့ ယခင်က အတိုင်းပင် ဖြစ်သည်။
သူ အသက်ရှင်နေသည်မှာ နှစ်ထောင်ချီကာ ရှိနေပြီဟုလည်း ပြောကြသည်။
တဖြည်းဖြည်း တောင်ကြားအတွင်းမှ အဘိုးအိုအကြောင်းသည် ဒဏ္ဍာရီများစွာ ရှိလာပြီး အားလုံးက ထိုအဘိုးအိုကို နတ်တစ်ပါးဟုပင် ပြောကြသည်။
ထို့ပြင် မကြာခဏ အလည်လာကြသော ကျော်ကြားသည့် ပုဂ္ဂိုလ် အများအပြားသည်လည်း ထိုအဘိုးအိုကို သိပေမဲ့ သူတို့အများစုသည် စိတ်ပျက်လက်ပျက် လှည့်ပြန်သွားကြရသည်။
အချိန်များ ကုန်လွန်သွားသည့်အခါ အဘိုးအိုနှင့် ပတ်သက်သော ကောလာဟလများ အများအပြား ထွက်ပေါ်လာသည်။ အကြီးမားဆုံး ကောလာဟလတစ်ခုမှာ တောင်ကြားအတွင်းမှ အဘိုးအိုသည် တစ်စုံတစ်ခုကို စောင့်ကြပ်နေသည်ဟူ၍ ဖြစ်သည်။ ပြောကြသည်မှာ ကောင်းကင်နတ်တံခါးဂိုဏ်းမှ ဖန်တီးထားသည့် ထူးခြားလမ်းစဉ်သည် သခင်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်ဟူ၍ ဖြစ်လေသည်။
နှစ်ပေါင်းများစွာ ကုန်လွန်သွားသော်လည်း ယင်းသည် သခင်ကို စောင့်ဆိုင်းနေဆဲပင် ဖြစ်သည်။
တောင်ကြားသည် ဟောက်ထျန်းမြို့မှ အလွန်ဝေးကွာသော အစွန်အဖျားတွင် တည်ရှိလေသည်။ ထိုနေရာတွင် နေထိုင်သည့် သူများမှာ ဟောက်ထျန်းမြို့၏ အာရုံစိုက်မှုကို ကျိန်းသေ ခံရမည်မဟုတ်ပေ။ သို့သော် ဤတောင်ကြားမှနေ၍ အစွမ်းထက်ပုဂ္ဂိုလ် အများအပြား ပေါ်ထွက်လာပေသည်။ နှစ်အနည်းငယ်ကြာတိုင်း အလွန် အရည်အချင်းရှိသည့် ပုဂ္ဂိုလ်များ ထိုတောင်ကြားမှ ထွက်ပေါ်လာသည်။
မျိုးဆက်တစ်ခုပြီးတစ်ခု ထိုတောင်ကြားမှ ထွက်ပေါ်လာသည့် လူများတွင် ရန်ဟောင်အဆင့်များ ဖြစ်လာသူ အများအပြား ရှိလေသည်။
ထို့ကြောင့် ဤတောင်ကြားက ပို၍ လူသိများကာ သက်ရှည်တောင်ကြားဟု ကျော်ကြားလာပေသည်။
လူအများသည် ထိုအဘိုးအိုကို တစ်စုံတစ်ယောက်က အခက်တွေ့အောင် လုပ်ခဲ့တာ ဖြစ်နေမလားဟု သိချင်နေကြပေသည်။
မည်သည့်အရာက သူ့အား ဤမျှ နှစ်များစွာအထိ နေ၍ စောင့်ကြပ်ရအောင် လုပ်နေရသနည်း။
ထိုသို့သော အထီးကျန်မှုသည် အချို့သော သာမန်လူတို့ သည်းခံနိုင်မည့် အရာမျိုးမဟုတ်ပေ။
လက်ရှိတွင် ဤတောင်ကြားသည် တစ်ဖန် လှုပ်လှုပ်ရှားရှား ဖြစ်လာကာ နေ့စဉ်ပင် များပြားလှသည့် လည်ပတ်သူများ ရောက်လာနေကြသည်။
ထို့ပြင် လာလည်သည့် သူအားလုံးသည် ထူးခြားသော အရှိန်အဝါ ရှိကြ၏။
ထိုအချိန်တွင် တောင်ကြားအဆုံး၌ ချောမောသည့် လူငယ်လေးတစ်ယောက်က အဘိုးအိုနှင့်အတူ စစ်တုရင် ကစားနေပေသည်။ ထိုလူငယ်လေးသည် စစ်တုရင်ခုံကိုသာ စူးစိုက်ကြည့်နေကာ နည်းနည်းမှပင် အာရုံမလွှဲရဲပေ။ အဘိုးအို၏ လက်က ကျားစေ့များကို ကစားနေသည်။ သူ၏ မျက်နှာထက်တွင် နူးညံ့သော အပြုံးတို့ ရှိနေကာ လူငယ်လေး စဉ်းစားနေသည်အား ကြည့်နေပေသည်။ သူ့ကို ကြည့်ရသည်မှာ ထိုအခြေအနေကို အလွန် နှစ်သက်ပုံရလေသည်။
လူငယ်၏ အရှိန်အဝါက ထူးခြားလှသော်လည်း အဘိုးအိုကတော့ ရိုးရှင်းပေသည်။ သူက သူ၏ အဝတ်များကို နှစ်ပေါင်းမည်မျှ ကြာအောင် ဝတ်ဆင်ခဲ့လဲ မသိရှိပေ။ ကြည့်ရသည်မှာ လူပေါင်းများစွာတို့၏ မှတ်ဉာဏ်များအတွင်း၌ တူညီနေသည်ဟုပင် ထင်မှတ်ရပေသည်။
“စီနီယာ ဘာမှလုပ်စရာ မလိုတော့ပါဘူး။ ဒီဂျူနီယာလေးရဲ့ စစ်တုရင်ကျွမ်းကျင်မှုက ရှက်စရာပါပဲ” အနက်ရောင်ဝတ် လူငယ်က ကျားစေ့တို့ကို စစ်တုရင်ခုံပေါ် ချလိုက်ကာ သူ၏ ခေါင်းကို စိတ်ပျက်လက်ပျက် ယမ်းလိုက်သည်။
“ဒီလောက် ကြာအောင် ကစားနိုင်တာပဲ အတော်ကောင်းနေပါပြီ” အဘိုးအိုက ပြုံးကာ အလွန် ကြင်နာစွာ ကြည့်လိုက်သည်။
“ဒီကစားပွဲက ဖြေရှင်းဖို့ ခက်တာလား ဒါမှမဟုတ် အဲဒီက ကစားပွဲကို အဆုံးသတ်ဖြေရှင်းဖို့ ခက်တာလား” အနက်ရောင်ဝတ်လူငယ်က တစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။ ကျယ်ပြောသည့် တောင်ကြားအဆုံးတွင် ရုပ်တုလေးခုက တောင်ကြားကို စောင့်ကြပ်နေသည်။
ထို ရုပ်တုလေးခုတွင် စိတ်ဝိညာဉ်လေးခု ရှိလေသည်။
နဂါး၊ ဖီးနစ်၊ ချီလင်၊ လိပ်နက်။
ရုပ်တုလေးခုသည် ထိုနေရာတွင် စောင့်ကြပ်နေပြီး တောင်ကြားတစ်ခုလုံးကို ထူးခြား ဆန်းကြယ်သည့် အငွေ့အသက်တို့က လွှမ်းခြုံထားသည်။
သို့သော် ထိုအချိန်တွင် ရုပ်တုလေးခုရှေ့၌ အပြာရောင်ဝတ်ဆင်ထားသော ထူးချွန်သည့် လူငယ်လေးတစ်ဦးက ကု့ချင်း တီးခတ်နေသည်။ သူ၏ အရည်အချင်းက အလွန် သိမ်မွေ့ကောင်းမွန်လှကာ ကု့ချင်းအသံက ကောင်းကင်နှင့် မြေကြီးမှ မဟာလမ်းစဉ် လှုပ်ရှားမှုများကို ဆွဲဆောင်နိုင်သည်။ ရုပ်တုများထဲမှ တစ်ခုသည် ကု့ချင်းသံစဉ် တည်ရှိမှုကို ခံစားသိရှိနိုင်သကဲ့သို့ အလင်းတန်း ဖျော့ဖျော့ကို ထုတ်လွှတ်ကာ တုံ့ပြန်မှုတို့ ဖြစ်ပေါ်လာသည်။
“ခန့်မှန်းကြည့်လေ” အဘိုးအိုက ပြုံးကာ လူငယ်အား မေးခွန်းထုတ်လိုက်သည်။
“ကျွန်တော်ကတော့ အဲဒီကစားပွဲက ဖြေရှင်းက ပိုခက်လိမ့်မယ် ထင်တယ်” လူငယ်လေးက အပြုံးနှင့် ပြောလိုက်သည်။ သူ့အကြည့်က ထိုနေရာသို့ စူးစိုက်နေပြီး မေးလိုက်သည်။ “စိတ်ဝိညာဉ်လေးခုက တကယ် အသက်ရှိတာလား”
“ဖြစ်နိုင်ပါတယ်” အဘိုးအိုက ပြန်ဖြေလိုက်၏။
“ဘယ်လိုလုပ် ရုပ်တုတွေက အသက်ရှိနေနိုင်ရတာလဲ” လူငယ်က ရေရွတ်လိုက်သည်။ သူသည် မေးခွန်းမေးနေခြင်းမဟုတ်ဘဲ သူ့ကိုယ်သူ ရေရွတ်နေခြင်းသာ ဖြစ်၏။
လူအိုကြီးက မည်သည့်စကားမှ မဆိုဘဲ ပြုံး၍သာနေပြီး ကု့ချင်းအသံမှ ဖော်ပြလာသော ခံစားမှုက ပို၍ပင် ထူးခြား ဆန်းကြယ်လာသည်။ ကြည့်ရသည်မှာ ယင်းသံစဉ်သည် လောကနှင့် ဆက်သွယ်ကာ မဟာလမ်းစဉ်နှင့် တသားတည်း ဖြစ်သွားပုံရသည်။ နဂါးနှင့် ဖီးနစ်အရိပ်များက လူငယ်၏ ဘေးတွင် အော်မြည်နေပြီး ကြိုးကြာနှင့် ရွှေရောက်ငှက်ကြီးတို့က အမြင့်တွင် ပျံသန်းနေသည်ဟု ထင်မှတ်ရသည်။ မြက်ကွင်းက အလွန် ထူးခြားဆန်းကြယ်လှကာ ဒုတိယရုပ်တုကို နိုးထလာစေသည်။
ကျယ်ပြောလှသည့် လောကအတွင်း မွန်းကျပ်ဖွယ်ဖိအားက ဤနေရာကို ရုတ်တရက် ဖုံးလွှမ်းလာကာ တိုးသဲ့သဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။ ယင်းသည် နဂါးဟိန်းသံ ဖြစ်ကာ ကောင်းကင်ထက်၌ ကြီးမားသော နဂါးအရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ကြီးမားသည့် မျက်လုံးက ရှေ့သို့ စူးစိုက်ကြည့်နေ၏။ ယင်းသည် တောင်ကြားတစ်ခုလုံးကိုပင် လွှမ်းမိုးနိုင်ပေသည်။
ထိုအချိန်တွင် သက်ရှည်တောင်ကြားရှိ လူတိုင်းက ကြောက်မက်ဖွယ် ဖိအားကို ခံစားမိနိုင်ကြပေသည်။
ဒုန်း … … …
ကြည်လင်သည့် အသံတစ်ခု ထွက်ပေါ်လာကာ ကု့ချင်းမှ ဖန်တီးထားသည့် ခံစားချက်ကို နှောက်ယှက်၍ ရုတ်တရက် ရပ်တန့်လိုက်သည်။ လူငယ်သည် ညည်းညူလိုက်ကာ စိတ်ပျက်သည့် အကြည့်တို့ ထွက်ပေါ်လာ၏။ သူက ကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ နဂါးအရိပ်က တဖြည်းဖြည်း ပျောက်ကွယ်နေပြီ ဖြစ်သည်။ သို့သော် ရုပ်တုက မည်သည့်အခါကပင် ပြောင်းလဲမသွားသကဲ့သို့ ထိုနေရာ၌ ရှိနေခဲ့ပေသည်။
သို့ပေမဲ့ ဖြစ်ပျက်ခဲ့သော ထိုမြင်ကွင်းက အလွန် စစ်မှန်လှသည်။ သူသာလျှင် ထိုသို့ ခံစားရသည်မဟုတ်ဘဲ သက်ရှည်တောင်ကြား အတွင်းမှ လူတိုင်းသည်လည်း ခံစားလိုက်ရပေသည်။
ထိုနေရာသို့ လူအများ လှမ်းလာနေသည်။ သက်ရှည်တောင်ကြားမှ လူများ၏ နှလုံးသားတို့က အနည်းငယ် တုန်ယင်နေပြီး အနည်းငယ် ချောက်ချားနေသည်။
သူတို့ သိထားခဲ့ကြသည်မှာ ရုပ်တုများ မည်သည့်တုံ့ပြန်မှုမှ မရှိတော့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သည်။
မည်သူက နတ်နဂါးရုပ်တုကို အသက်ဝင်လာအောင် လုပ်နိုင်ခဲ့သနည်း။
ကြည့်ရသည်မှာ အရေးကြီးသည့် တစ်စုံတစ်ယောက် သက်ရှည်တောင်ကြားသို့ ရောက်လာလိမ့်မည်ဟု ထင်ရသည်။
သူတို့က ကု့ချင်းတီးခတ်နေသည့် လူငယ်က အလွန်ငယ်ရွယ်နေသည်ကို မြင်ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားကြသည်။ ထို့ပြင် လူငယ်၏ အရှိန်အဝါက အလွန် ကျက်သရေရှိကာ ခန့်ညားလှသည်။ သူက သက်ရှည်တောင်ကြားမှ တပည့်တစ်ဦး ဖြစ်လေသလား။
“ဝိညာဉ်လေးခုထဲမှာ နဂါးဝိညာဉ်က အသက်ဝင်လာတယ်။ ဟွားကလန်က ဟွားချင်းယွင်အတွက် ဘယ်လောက် အဆင်သင့်လိုက်သလဲ”
ထိုအချိန်၌ အသံတစ်ခုက ပြောလိုက်သည်။ ရုတ်တရက် အလွန် ထက်ရှသော အသက်ဓာတ်က တောင်ကြားမှ ပေါ်ပေါက်လာသည်။ လူအုပ်ကြီး၏ အကြည့်က ရှေ့မှ လာနေသော ပုံရိပ်တစ်ခုစီသို့ ရောက်သွားခဲ့သည်။ သူ၏ လမ်းလျှောက်ပုံက အလွန် သာမန်ဆန်သော်လည်း သူ့အနားရှိ လူများသည် ထက်မြက်သော အရှိန်အဝါကို ခံစားမိပေသည်။ သူက ပြိုင်ဘက်ကင်း နတ်စစ်သည်တော် တစ်ဦးကဲ့သို့ ထင်မှတ်ရပေသည်။
တစ်ချိန်တည်းမှာပင် များပြားသော လူများသည် အနည်းငယ် ထိတ်လန့် သွားကြသည်။ ကု့ချင်းတီးခတ်နေသည့် ချောမောသော လူငယ်လေးက ကောင်းကင်နတ်တံခါးဂိုဏ်းက တီထွင်ဖန်တီးနိုင်စွမ်း အရှိဆုံး ဟွာချင်းယွင်ဖြစ်သည်။
အထက်ကောင်းကင်နတ်တံခါးမှ ကျန်းထိုက်ချူးနှင့် ဟွားချင်းယွင်ကို လူအများက မမြင်ဖူးဘဲ နာမည်ကိုသာ ကြားဖူးကြလေသည်။
ဟွားချင်းယွင်က အသစ်ရောက်လာသူကို ကြည့်ကာ တစ်ဖက်လူကို ချက်ချင်း သတိပြုမိသွားသည်။ သူက သာမန်အတိုင်းပင် ပြောလိုက်၏။ “မင်းက နတ်တံခါးကို ဝင်ဖို့ လုပ်နေရမှာ မဟုတ်ဘူးလား။ ဒီကို ဘာလာလုပ်တာလဲ။ မင်းကရော ဒါကို ကြိုးစားကြည့်ချင်တာလား”
ရောက်လာသည့်သူမှာ ဝမ်ယန်ပင်း ဖြစ်ပြီး သူက နောက်ရက်အနည်းငယ်၌ ကောင်းကင်နတ်တံခါးဂိုဏ်းတွင် စမ်းသပ်စစ်ဆေးမှု ဖြေဆိုရပေမည်။
လက်ရှိ ရှိနေသည့် လူအများသည်လည်း သူ့ကို သတိပြုမိက အနည်းငယ် အတွေးတို့ ပြည့်နှက်သွားပေသည်။
အထက်ကောင်းကင်နတ်တံခါးမှ ဟွားချင်းယွင်နှင့် အောက်ကောင်းကင်နတ်တံခါးမှ ဝမ်ယန်ပင်းတို့ နှစ်ယောက်လုံး ဤနေရာသို့ ရောက်ရှိနေသည်။ ကျန်းထိုက်ချူးက မရှိပေ။ မဟုတ်လျှင် တူညီစွာ ကျော်ကြားသည့် လူသုံးယောက်ကို တစ်နေရာတည်းတွင် တွေ့မြင်ရပေမည်။
“လျှောက်ကြည့်ရင်း ဒီကို ရောက်လာတာ” ဝမ်ယန်ပင်းက ပြောလိုက်သည်။ ဝမ်ကလန်သည် တစ်ချိန်က ကောင်းကင်နတ်တံခါးဂိုဏ်း၏ အုပ်ချုပ်သူမိသားစု ဖြစ်ခဲ့ဖူးရာ သူသည်လည်း ဤနေရာ၌ မည်သည့်အရာ ချိပ်ပိတ်ထားသည်အား သိရှိပေသည်။
ကံမကောင်းစွာနှင့် ယနေ့ထိတိုင် မည်သူမှ ရရှိသွားခြင်း မရှိသေးပေ။
ဂူထျန်းရှင်းနှင့် ဂူကျန်းနန်ကဲ့သို့ ဟိုးအချိန်များက ထူးခြားသာလွန်ခဲ့သည် ပုဂ္ဂိုလ်များပင်လျှင် ရှန့်ထိုအဆင့်၌ ရှိစဉ်က ထိုအရာကို ရယူနိုင်ခြင်း မရှိခဲ့ပေ။
ဤထူးခြားလမ်းစဉ်က ယနေ့ထိတိုင် ဤနေရာ၌ ချိပ်ပိတ်ခြင်းကို ခံထားရပေသည်။
သို့သော် ကောင်းကင်နတ်တံခါးဂိုဏ်း အုပ်ချုပ်သူမိသားစု၏ ဆက်ခံသူက ဤထူးခြားလမ်းစဉ်ကို ရရှိသင့်ပေသည်။
မည်သူက တာဝန်ကို ပြီးမြောက်၍ မည်သည့်အချိန်၌ ပြီးဆုံးမည်ကို မည်သူကမှ သိရှိခြင်းမရှိပေ။
“မင်းလည်း ဒီမှာ ရောက်နေတယ်ဆိုတော့ အတူ ကြိုးစားကြည့်ကြတာပေါ့” ဟွားချင်းယွင်က အဘိုးအိုရှေ့သို့ ရောက်အောင် လျှောက်လာနေသည့် ဝမ်ယန်ပင်းကို ပြောလိုက်သည်။ ဝမ်ယန်ပင်းက အနည်းငယ် ဦးညွှတ်လိုက်၏။ “ဝမ်ယန်ပင်းက လေးစားရတဲ့ စီနီယာကို ဂါရဝပြုပါတယ်”
“ဝမ်ကလန်ရဲ့ မျိုးဆက်လည်း ရောက်လာပြီကိုး” အဘိုးအိုက ပြုံးလိုက်သည်။ “ငါတို့ နှစ်ပေါင်း ဘယ်လောက်ကြာအောင် စောင့်ပြီးပြီလဲ မသိတော့ပါဘူး။
“အချိန်ကျလာတဲ့အခါကျရင် ဖြေရှင်းနိုင်သွားမှာပါ” ဝမ်ယန်ပင်းက တုံ့ပြန်လိုက်သည်။ သူက အဘိုးအို၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် စစ်တုရင်ကစားသမားကို ကြည့်လိုက်၏။
“ကောင်းဟွမ်” ထိုသူက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။
ဝမ်ယန်ပင်း၏ မျက်လုံးများတွင် ထူးဆန်းသည့် အရောင်တို့ လက်သွားသည်။ သူက ပြန်ဖြေလိုက်၏။ “တွေ့ရတာ ဝမ်းသာပါတယ်”
ထောင်ချီနတ်တောင်မှ ကောင်းဟွမ်က မဟာလမ်းစဉ်အထွတ်အထိပ်ခန္ဓာ ကျန်းယွမ်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံလောက် ကျော်ကြားခြင်း မရှိသော်လည်း သူသည် ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးပုဂ္ဂိုလ်ဖြစ်နေဆဲပင် ဖြစ်သည်။ ကောင်းဟွမ်က ရိုးရှင်းသောသူ မဟုတ်ပေ။ သူက သူ့ကိုယ်တိုင်တော့ ကျော်ကြားသူသာ ဖြစ်သည်။
သူ၏ အောင်မြင်မှုက မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာပိုင်ရှင် ကျန်းယွမ်အောက်ကို သေချာပေါက် လျော့နည်းလိမ့်မည် မဟုတ်ပေ။
“အတူတူပါပဲ” ကောင်းဟွမ်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ ကောင်းကင်နတ်တံခါးဂိုဏ်း၏ အကျော်ကြားဆုံး သုံးယောက်ထဲမှ နှစ်ယောက်က ယနေ့ ဤနေရာသို့ ရောက်ရှိနေသည်။ သူက ဟွားချင်းယွင်နှင့် ဝမ်ယန်ပင်းသည် သူတို့ မြင်တွေ့ရသည်ထက် ရှုပ်ထွေးသည်ကို ခံစားမိသည်။
ထိုအချိန်တွင် အသံများက လေကို ဖြတ်ကာ ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။ သူတို့က လေထဲမှ ထွက်ပေါ် လာနေသည့် လူတစ်စုကို မြင်လိုက်ရသည်။ သူတို့တွင် ထူးခြားသာလွန်သော အရှိန်အဝါရှိပြီး အထူးသဖြင့် သူတို့ကြားမှ အမျိုးသမီးက အသက်ရှူမှားလောက်အောင် လှပပေသည်။ သူမ၏ ပုံရိပ်က အားလုံးကို ဖမ်းစားသွားသည်။
“ဘယ်လောက်လှလိုက်သလဲ” များပြားလှသည့် လူများက သူတို့၏ ချစ်ခင်နှစ်သက်မှုကို ဖုံးဖိမထားနိုင်ကြပေ။ ထပ်ပြောရလျှင် အခြား အမျိုးသမီး နှစ်ဦးကလည်း အလွန်တရာ လှပပေသည်။ သူတို့ထဲမှ ယောက်ျားလေး အဝတ်အစား ဝတ်ဆင်ထားသည့် တစ်ယောက်သည်လည်း သန့်စင်သော အလှလေး ဖြစ်ပေသည်။
“နတ်မိမယ်လည်း ဒီကို ရောက်နေမယ်လို့ မထင်မိဘူး” ကောင်းဟွမ်က ပြောလိုက်သည်။ ယနေ့သည် အလွန် အသက်ဝင်လှပေသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ်နတ်မိမယ် ချင်းဟယ်သာ မဟုတ်ဘဲ မဟာလမ်းစဉ် အထွတ်အထိပ်ခန္ဓာပိုင်ရှင်ကို ရှုံးနိမ့်စေခဲ့သော ရီဖူရှင်းလည်း သူမနှင့်အတူ လိုက်ပါလာပေသည်။
ဝမ်ယန်ပင်းလည်း ချင်းဟယ်ကို နှုတ်ဆက်သည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။ အခြားတစ်ဖက်တွင် ဟွားချင်းယွင်က ထိုနေရာသို့ အပြုံးနှင့် ကြည့်ကာ ပြောလိုက်သည်။ “ဒီနေ့တော့ သက်ရှည်တောင်ကြားက နတ်မိမယ်ကြောင့် အသက်ဝင်သွားခဲ့ပြီ”
ရီဖူရှင်းက ရှိနေသည့် သူများကို ကြည့်လိုက်သည်။ ဝမ်ယန်ပင်းသာမကဘဲ ကောင်းဟွမ်လည်း ဤနေရာသို့ ရောက်ရှိနေသည်။ သူသာ မှတ်မိတာ မမှားလျှင် ဤလူက ထောင်ချီနတ်တောင်၏ ထိပ်တန်းပါရမီရှင် ဖြစ်ပေမည်။ သို့သော် ခရမ်းရင့်ကောင်းကင် နန်းတော်တွင် ရှိစဉ်က ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ကျန်းယွမ်တို့နှင့် ယှဉ်ပါက ကောင်းဟွမ်သည် အနည်းငယ် နိမ့်ကျကာ ထိန်းချုပ် ကန့်သတ်ထားသည်ဟု ထင်ရပေသည်။
မမျှော်လင့်ထားသည်က သက်ရှည်တောင်ကြားသို့ ပထမဆုံး ရောက်ရှိသူက သူဖြစ်နေမည်ဟူ၍ ဖြစ်သည်။ သူက သိသာစွာပင် ဟောက်ထျန်းမြို့နှင့် အတော်လေး ရင်းနှီးပေသည်။
ထို့နောက် သူက အရပ်လေးမျက်နှာအား စောင့်ကြပ်နေသည့် စိတ်ဝိညာဉ်များ၏ ရုပ်တုတို့ကို တစ်ဖန်ကြည့်လိုက်သည်။ ယင်းတို့က ရုပ်တုများသာ ဖြစ်သော်လည်း သူသည် ထိုရုပ်တုများထံမှ မမြင်နိုင်သည့် စွမ်းအားကို ခံစားမိလေသည်။
မကြာသေးခင် သူတို့ တောင်ကြားကို ဝင်ရောက်လာစဉ်က သူသည် နတ်နဂါး ဆင်းသက်လာသည်ကို မြင်ရလေသည်။
အဲဒါက ထိုရုပ်တုများ ဖြစ်နေသည်လား။
“သက်ရှည်တောင်ကြားက စိတ်ဝိညာဉ်လေးခု။ ကောလာဟလတွေက ပြောတာတော့ ရုပ်တုလေးခုက ထူးခြားလမ်းစဉ် ထွက်ပေါ်မလာခင် နိုးထလာနိုင်တယ်လို့ ပြောတယ်။ နှစ်ပေါင်းများစွာအတွင်း အဲဒီလို ဘယ်သူမှ မလုပ်နိုင်ခဲ့ကြဘူး” ချင်းဟယ်က စိတ်ဖြင့် ရီဖူရှင်းထံသို့ သူမ၏ အသံကို ပို့လွှတ်လိုက်သည်။
ရီဖူရှင်းက ညင်သာစွာ ခေါင်းညိတ်လိုက်၏။ စိတ်ဝိညာဉ်လေးခုကြား နဂါးဝိညာဉ်ရ နိုးထလာခဲ့ပေမဲ့ ထိုသည်က အချိန်ခဏလေးသာ ဖြစ်သည်။
အဘိုးကြီးက ဘေးမှာ ရပ်နေရင်း လူများကို ကြည့်နေသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ရင်း သူ့ခန္ဓာမှ မည်သည့် အသက်စွမ်းအင် လက္ခဏာမှ ပေါ်မနေပေ။ နေရာအားလုံးမှ ပါရမီရှင်များ တစ်ချိန်တည်း ရောက်ရှိလာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့အားလုံးထဲတွင် မည်သူက အံ့အားသင့်စရာများ ယူလာနိုင်မလဲ သေချာတော့ မသိရှိပေ။
***