ပိုင်ရှောင်ချန်းသည် အပြင်ဘက်တွင် လဲလျောင်းရင်း အနာဂတ်အတွက် မျှော်မှန်းချက် ပန်းတိုင်များကို ချမှတ်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသော်လည်း ယခင်ကထက် မာကျောနေသော အရေပြားကိုကြည့်ရင်း သမားတော်ဖြစ်လာရန်အိမ်မက်မှာ ခိုင်မြဲသည်ထက်ခိုင်မြဲလာခဲ့သည်။
အပြင်ဘက်တွင် တစ်နာရီကြာမျှ နားနေပြီးနောက် တုန်ရီလှုပ်ခက်ပြီး နာကျင်နေသော ခံစားချက်များ ပျောက်ကွယ်သွားသည်။ ရှောင်ချန်းသည် ချက်ချင်းထထိုင်လိုက်ပြီး အိတ်ထဲမှ ဆေးလုံးများနှင့် ဆေးအမွှေးတိုင်ကို ထုတ်ယူလိုက်သည်။
အနီးကပ်စစ်ဆေးကြည့်ပြီးနောက် သက်ပြင်းရှည်တစ်ချက်ချကာ ဘေးဘီဝဲယာကို မသိမသာလေး အခြေအနေကြည့်ရင်း သစ်သားအခန်းငယ်ဆီ ပြန်လာခဲ့သည်။ အခန်းထဲရောက်သည်နှင့် လိပ်ဒယ်အိုးကို ထုတ်လိုက်ပြန်သည်။
“ငါ ဒီဆေးလုံးကို သောက်ရမယ်။ ဒါပေမယ့် စိတ်စွမ်းအင် အဆင့်မြှင့်တာပြီးရင် ချီစုစည်းမှု အဆင့်သုံးကနေ အဆင့်လေးရောက်အောင် ကူညီနိုင်တဲ့ထိ ဒီဆေးကစွမ်းပါ့မလား၊ နှစ်ရောင်ခြယ်ထင်းတွေက စျေးကြီးတာက တစ်မှောင့်၊ စားဖိုဆောင်မှာဆိုရင်တော့ ရှိတယ်၊ ခက်တာက ငါကလည်းစားဖိုဆောင်အစေခံ မဟုတ်တော့ဘူးဆို အဆင်မပြေပြန်ဘူး”
ဆေးလုံး၏ အစွမ်းအပေါ် ပိုင်ရှောင်ချန်းသံသယ ဝင်လာသည်။ ခတ္တခဏမျှတွေးပြီးနောက် တွေဝေနေမှုတွေကို ရပ်တန့်လိုက်ပြီး တစ်ရောင်ခြယ်ထင်းတစ်ချောင်းကို ထုတ်လိုက်သည်။
” အရင်ဆုံး အခြေခံမြှင့်တင်တာတစ်ခုလောက်ပဲ လုပ်ကြည့်ရမယ်၊ ဒီလောက်ဆိုရင်တော့ လုံလောက်ကောင်းပါရဲ့” ထင်းကိုမီးရှို့လိုက်၍ ထွက်လာသော တစ်ရောင်ခြယ်မီးတောက်ကြောင့် လိပ်ဒယ်အိုးမှ အင်းကွက်များ ထွက်ပေါ်လာသည်။ ရှောင်ကျန်းလဲ ဆေးပုလင်းကို ဖွင့်ကာ ကြက်မောက်သီး အရွယ်လောက်ရှိသော ဆေးလုံးသုံးသုံးကို ဒယ်အိုးထဲထည့်လိုက်သည်။
စိတ်စွမ်းအင်အဆင့်မြှင့်တင်မှု သုံးခါလောက်လုပ်ပြီးနောက် ဆေးလုံးများ၏ မျက်နှာပြင်တွင် ငွေရောင်တောက်နေသော အင်းကွက်များ ပေါ်လာသည်။ ထို့နောက် အစိမ်းရောင် အမွှေးတိုင်ကိုလဲ အစွမ်းမြှင့်တင်လိုက်သည်။ ဝိညာဉ်ဆေးလေးခုလုံးကို မြှင့်တင်ပြီးနောက် အမွှေးတိုင်ကို သူ့ရှေ့မှာ ထားလိုက်ပြီး ဆေးသုံးလုံးကို မော့သောက်လိုက်သည်။
ထို့နောက် ဒယ်အိုးအတွင်း ခရမ်းရောင်ချီထိန်းချုပ်နည်းပညာ လက်စွဲမှ ရုပ်ပုံများကိုမှတ်သားပြီးနောက် စာအညွှန်းများအတိုင်း ကျင့်ကြံမှုကို စတင်ခဲ့သည်။ မကြာမီပင် ခန္ဓာကိုယ်အတွင်းမှ စိတ်စွမ်းအင်များ ဆူတက်လာသလိုဖြစ်လာသည်။ လက်စွဲထဲမှ ကိုယ်နေဟန်ထားကို အရင်ကထက် ပိုကြာကြာ ထိန်းထားလာနိုင်ပြီး ကျင့်ကြံမှုအဆင့်လဲ လျင်လျင်မြန်မြန်တက်လာသည်ကို ခံစားမိနေသည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်မျှအကြာတွင် စိတ်စွမ်းအင်က ခန္ဓာကိုယ်အတွင်းမှာ မြစ်ငယ်တစ်စင်းပမာ စီးဆင်းလာပြီး အဆင့်လေးသို့ ကူးပြောင်းတက်လှမ်းရန် နီးစပ်သောအခြေအနေသို့ ရောက်လာခဲ့သည်။
” ငါ အကြိမ်တစ်ရာလောက်ပဲ အသက်အရှူ အထုတ်ကို ထိန်းထားနိုင်ရင် နောက်တစ်ဆင့်ကိုတက်ပြီပဲ…” သူအံကိုတင်းတင်းကြိတ်၍ ကိုယ်နေဟန်ကို ဆက်ထိန်းရန်ကြိုးစားလေသည်။ သူ့ခန္ဓာကိုယ်ကြီးက ဘောလုံးကြီးတစ်ခုလို ဖောင်းကြွလာသလို ခံစားလာရပြီး ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်ကျယ်လောင်သော အသံများကို ကြားလာရသည်။ ချွေးသီးပေါက်များသည် နဖူးမှ ခြေမအထိ တပေါက်ပေါက်ကျနေသည်။
နောက်ဆုံးတွင် စိတ်စွမ်းအင်များ ယုတ်လျော့လာသလို ဖြစ်လာသည်။ ရှောင်ချန်းသည် အာရုံစူးစိုက်လိုက်ပြီး သူ့ရှေ့က အမွှေးတိုင်ပေါ်သို့ စိတ်စွမ်းအင် အချို့ကို မှုတ်ထုတ်လိုက်သည်။
အစိမ်းရောင်အမွှေးတိုင်သည် စိတ်စွမ်းအင်နှင့်ထိတွေ့လိုက်သည့် ခဏချင်းမှာပင် မီးညှိပြီးသားဖြစ်သွားပြီး မြွေစိမ်းလေးများပမာ အစွမ်းရောင်မီးခို့ငွေ့လေးများ လူးလွန့်ထွက်ပေါ်လာသည်။ မီးခိုးများသည် လေထဲတွင် ဝေ့ဝဲရင်းဖြင့် ရှောင်ချန်း၏ မျက်စိ၊ နား၊ နှာခေါင်းများထဲသို့ ဝင်ရောက်လာပြီး အားကောင်းလှသော စိတ်စွမ်းအင်ဖြစ်လာကာ တမုဟုတ်ချင်းမှာပင် မူလစွမ်းအင်ထက် နှစ်ဆတက်လာသည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ပိုင်ရှောင်ချန်းဆီမှ ဖြာထွက်လာသော စွမ်းအင်လှိုင်း များသည် အခန်းငယ်မှလွန်၍ အပြင်ဘက်အထိ ပျံနှံသွားသည်။
“အဆင့်လေး ချီစုဆောင်းမှု ….. အောင်ပြီကွ…..”ပိုင်ရှောင်ချန်းသည် ရယ်မောရင်း အံသြတကြီးပြောလိုက်သည်။
သူ့ကိုယ်တွင်းမှ လှိုင်းလုံးကြီးများပမာ တက်နေသော စိတ်စွမ်းအင်နှင့်အတူ အားကောင်းလှသော သက်စောင့်စွမ်းအင်ကိုပါခံစားနေရသည်။ ယခင်ခန္ဓာကိုယ်ထက် ခံနိုင်ရည်လည်း ပိုမိုအားကောင်းလာပြီး ကိုယ့်ခန္ဓာကိုယ်ကို ပြန်ငုံ့ကြည့်လိုက်သောအခါ ကိုယ်တွင်းမသန့်စင်မှုများကြောင့် ထွက်လာသော အမည်းရောင် အညစ်အကြေးများဖြင့် ညစ်ပတ်နေသည်။
အခန်းအတွင်းမှထွက်ပြီး သန့်စင်ဆေးကြောပြီးနောက် လန်းဆန်းတက်ကြွလာသည်။ ဆင့်ခေါ်ပုံ လက်ဟန်ကို ပြုလုပြီးနောက် လက်ချောင်းကို ဝေ့ယမ်းလိုက်ရာ အိတ်တွင်းမှ သစ်သားဓားသည် အလင်းတန်းလေးတစ်ခုပမာ ပျံထွက်လာသည်။
ကျေနပ်အားရစွာဖြင့် သစ်သားဓားကို ရှေ့နောက်ဝဲပျံစေသည်။ သစ်သားဓား၏ ပင်ကိုစွမ်းဆောင်ရည်ကပင် အံမခန်းဖြစ်ပြီး အဆင့်လေး ချီစုစည်းမှုနှင့် ပေါင်းစပ်လိုက်ပါက အချိုပေါ်သကာလောင်းသကဲ့သို့ ဖြစ်သွားသည်။
“စိတ်စွမ်းအင် အဆင့်မြှင့်တင်မှုက အရမ်းအကျိုးဖြစ်ထွန်းတာပဲ။ သုံးရောင်ခြယ်ထင်းသာ သုံးလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အခုဆေးလုံးကလည်း တော်တော်ကို အစွမ်းထက်တယ် ” ဆေး၏အစွမ်းမှာ အံသြမဆုံးနိုင်ပေ၊ ဆေးလုံးအသွင်နှင်ဖြစ်ဖြစ် အမွှေးတိုင် အသွင်နှင့်ဖြစ်ဖြစ် ကျင့်ကြံမှုအတွက် များစွာအထောက်အပံဖြစ်ပေသည်။
“ငါ တစ်နေ့မှာ သေချာပေါက် ထူးချွန်ထက်မြက်တဲ့သမားတော်တစ်ယောက် ဖြစ်လာရမယ်။ ပြီးရင် ထာဝရအသက်ရှည်ဆေးဖော်ပြီး ဆယ်ဆ…အို..မဟုတ်ဘူး… အဆတစ်ရာအထိ..အဆင့်မြှင့်တင်ပြမယ်….” ရှောင်ချန်း၏ သမားတော်အိမ်မက်သည် တစ်ဆတစ်ဆ အမြစ်ခိုင်မာလာသည်။ ထို့နောက် အိတ်ထဲမှ ကျောက်စိမ်းပုရပိုက် ကိုထုတ်ယူလိုက်သည်။
ဆေးတစ်သောင်းအဆောင်ကို အတူသွားတုန်းက ဟိုယွင်ဖေးပေးထားသော ကျောက်စိမ်းပုရပိုက် ထဲတွင် သစ်ဥသစ်ဖု အမျိုးပေါင်း တစ်သောင်းအကြောင်း ပါဝင်သည်။ မွှေးရနံတိမ်တောင်ထိပ်တွင်သာရှိတတ်သော ရှေးဟောင်းမှတ်တမ်းမျိုးဖြစ်ပြီး ရည်မှန်းချက်ကြီးမားသည့် လက်ထောက်သမားတော်တိုင်း ထမင်းစားရေသောက် ကျေညက်ထားရန် လိုအပ်သည်။
တကယ်တော့ တစ်သောင်းသော သစ်ဥသစ်မြစ်များမှာအခြေခံသာရှိသေးပြီး ဟိုယွင်ဖေး ပြောစကားအရ တစ်သောင်းလုံး အလွတ်ကျေညက်ပြီးလျင် နောက်တစ်တွဲ ရမည်ဖြစ်သည်။
စိတ်ကိုရှင်းထုတ်ပြီးနောက် သူ၏စိတ်စွမ်းအင်ကို လှည့်လည်စေလိုက်ရာ သစ်ဥသစ်ဖု အမျိုးမျိုး၏ ရုပ်ပုံများ စိတ်တွင်ပေါ်ပေါက်ထင်ဟပ်လာသည်။ သူ့ရှေ့တွင် ဘဝစာမျက်နှာအသစ်တစ်ခု ပွင့်လင်းလာသလို ခံစားရပြီး အသက်ရှည်ဆေးဖော်စပ်ရန် လိုအပ်သောဆေးပင်များ၏ အညွှန်းများကိုပါတွေ့ရသည်။
ကျောက်စိမ်းပုရပိုက် ကို နှံ့စပ်အောင် ကြည့်ရှုစစ်ဆေးပြီးနောက် ဆေးပင်အမျိုးတစ်သောင်းလုံးကို မှတ်သားရန်မှာ ခက်ခဲသောအရာတစ်ခု မဟုတ်ကြောင်းသိလာရသည်။ သို့သော် သူက သာမန်လူတစ်ယောက်သာ ဖြစ်ပြီး သူ၏ရည်မှန်းချက်ကသာ ထာဝရအသက်ရှည်ဆေး ဖော်စပ်နိုင်သောသမားတော် တစ်ယောက်ဖြစ်လိုနေခြင်းပင်။
သူ၏ပင်ကိုယ်စရိုက်ထဲမှာ ဖုံးကွယ်နေခဲ့သည့် ခိုင်မာပြတ်သားသော စိတ်ဓာတ်တို့က တဖန်ပြန်လည် ပေါ်ထွက်လာသည်။ ဤအရာက သာမန်စာရင်းတစ်ခုကို မှတ်ရခြင်းမဟုတ်ရာ သူ့အနေဖြင့် သစ်ပင်တစ်ပင်စီ၏ အကြောင်းကိစ္စများကို စေ့စပ်သေချာစွာ နားလည်နေရမည်။ သို့မှသာ နောက်တစ်ဆင့်သို့ သူတက်လှမ်းနိုင်မည် ဖြစ်သည်။
အရင်က ရွှီပေါက်ချိုင်ကို ကြောက်ရသောကြောင့် နှစ်ဝက်နီးပါး ကျင့်ကြံခြင်းကို အသည်းအသန်အရူးအမူး ကျင့်ခဲ့ရသည်။ ယခုအခါ ပို၍ ကြီးမားလှသော ရည်မှန်းချက်ကြီးတစ်ခုနောက်သို့ တစ်စိုက်မှတ်မှတ်လိုက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည့်အတွက် အလားတူ စိတ်ဓာတ်မျိုး ပြန်လည်ပေါ်ထွက်လာသည်။
ဆေးပင် တစ်မျိုးစီ၏ အသေးစိတ်အချက်အလက်များကို မျက်စိမှိတ်ပြောနိုင်သည် အထိ သူလေ့လာခဲ့သည်။
သို့သော် ရှောင်ချန်းမှာ အားမရနိုင်သေး တကယ်လက်တွေ့မှာ သုတေသနလုပ်နိုင်ရန် အတွက် ဆေးပင်များကို အစစ်လိုချင်လာသည်။ ဤအရာမှာ သူ၏လုပ်နိုင်စွမ်းကို ကျော်လွန်နေေသာကြောင့် ရှိသမျှနှင့်သာ ရောင့်ရဲကာ အကောင်းဆုံးပြင်ဆင်ရသည်။ ဆေးပင်တစ်ပင်စီ၏ အရွက်ပုံစံ၊ အကြောများ၏ ကွာခြားပုံများကို ခွဲခြားသိနိင်သည်အထိ စာတွေ့ဖြင့်ပင် လေ့လာနိုင်ခဲ့သည်။
ထိုမျှနှင့် မလုံလောက်သေးသဖြင့် သစ်ပင်တစ်ပင်တွေ့လျှင် တူးကြည့်စရာမလိုအောင်ပင် အပင်များ၏ အမြစ်ဖွဲစည်းပုံများကို ခရေစေ့တွင်းကျ လေ့လာပြန်သည်။ နောက်ဆုံး မကျေနပ်နိုင်သည့်အဆုံး အပင်များပေါ် တွေ့တတ်သော အမွှေးအမျှင် သေးသေးလေးတွေနှင့် အပေါက်လေးများကိုပါ လေ့လာတော့သည်။
တစ်လုံးလုံးနှင့် နေ့စဉ်နေ့တိုင်း အဆင့်လေးခရမ်းရောင်ချီ ထိန်းချုပ်နည်းပညာရပ်ကို လေ့ကျင့်ခြင်း၊ ထာဝရရှင်သန်နည်း ပညာရပ် လေ့ကျင့်ခြင်း၊ ဆေးပင်တစ်သောင်းလေ့လာခြင်းဖြင့်ပင် အချိန်ကုန်ဆုံးစေသည်။
ရံဖန်ရံခါတော့ သူစိုက်နေသော ဆေးပင်ဆယ်ပင်ကို သွားကြည့်တတ်သည်။ ဆေးပင်များမှာ ပြီးခဲ့သည့်လဝက်လောက်က မွှေးရနံတိမ်တောင် အပြင်စည်းဂိုဏ်း၏ စီမံရေးရာဆောင်မှ တာဝန် ပေးထားသော ဆောင်းဝိညာဉ် ဆေးပင်များဖြစ်သည်။
ဂိုဏ်းသားတိုင်း ခြောက်လတွင် အနည်းဆုံး တာဝန်တစ်ခု ထမ်းဆောင်ရမည်ဆိုသော လီချင်းဟောက်၏ စကားကို မလွန်ဆန်ရဲသောကြောင့်သာ စည်းကမ်းအတိုင်း တာဝန်ယူခြင်းဖြစ်သည်။
တာဝန်ပြီးဆုံးလျှင် ပြန်လည်အပ်နိုင်သော ပစ္စည်းများအပေါ် မူတည်ပြီး စွမ်းဆောင်မှုရမှတ် များပေးသည်မှာ ထုံးစံဖြစ်သည်။ရှောင်ချန်း၏ တာဝန်မှာ လွယ်ကူရိုးရှင်းသော်လည်း အချိန်တော့ကုန်သည်။ တာဝန်ပြန်အပ်ရမည့် နောက်သုံးလမတိုင်ခင်အထိ အပင်များကို စောင့်ရှောက်ရပေဦးမည်။ လောလောဆယ်တော့ အညှောင့်ပင်မပေါက်ကြသေး။
ကျင့်ကြံသူတစ်ယောက်အနေဖြင့် စိတ်စွမ်းအင်ကိုသုံး၍ ဆောင်းဝိဉာဉ်ပင်များ၏ ကြီးထွားမှုကို မြန်အောင်လုပ်နိုင်သော်လည်း ရှောင်ချန်းမှာ အချိန်မရသောကြောင့် ထိုအတိုင်းပစ်ထားရသည်။
“တော်တော်ကို မသန်ရှာတဲ့ ကောင်လေးတွေပဲ” ငုံကြည့်ရင်းပြောလိုက်သည်။ ကျောက်စိမ်းပုရပိုက် မှလေ့လာချက်များအရ ဆောင်းဝိညာဉ်ဝါးပင်များသည် စိတ်စွမ်းအင် လုံလုံလောက်ရမှသာ ရင်သန်ကြီးထွားနိုင်ကြသည်။ စိုက်ပျိုးထားသော မြေတွင် စွမ်းအင်အလုံအလောက်မရှိပါက ကျင့်ကြံသူကိုယ်တိုင်က စိတ်စွမ်းအင် ထောက်ပံပေးရန်လိုသည်။
ရှောင်ချန်းသည် ထိုင်ချလိုက်ပြီး ဝိဉာဉ်မြေမှ မြေကြီးလက်တစ်ဆုပ်စာကို ယူလိုက်သည်။ “ဒီမြေကြီးက စွမ်းအင်လုံလုံလောက်လောက် မရှိတာပဲ ဖြစ်မယ်။ ဒါကြောင့်လဲ ဝါးပင်တွေ မဖြစ်တာ နေမှာ ”
” အင်း…ဒီမြေကြီးကို ဘယ်လိုပြင်ရင် ကောင်းမလဲ…” ခနအကြာ ဉာဏ်ထုတ်ပြီးနောက် ရုတ်တရက် ညာဘက်လက်ကို ဆန့်တန်းလိုက်ပြီး လိပ်ဒယ်အိုးကို ထုတ်လိုက်သည်။
“ဒီဒယ်အိုးက ဘာကိုဖြစ်ဖြစ် အဆင့်မြှင့်နိုင်တာဆိုတော့ ဒီဝိညာဉ်မြေကိုလဲ မြှင့်ပေးနိုင်ကောင်းပါရဲ့..” သိလိုစိတ် ပြင်းပြစွာဖြင့် ဆောင်းဝိညာဉ်ဝါးစေ့များကို ပြန်တူးယူလိုက်ပြီးနောက် ဝိဉာဉ်မြေများကို ဒယ်ထဲထည့်လိုက်သည်။ ထို့နောက် စမ်းသပ်ချက် အသစ်တစ်ရပ်အတွက် တစ်ရောင်ခြယ်ထင်းစကို မီးရှို့လိုက်သည်။
မကြာမီမှာပင် ငွေရောင်အလင်းများ ဖြာထွက်လာပြီး ဒယ်ထဲမှ မြေများသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း အခြေခံအဆင့်၏ အင်းကွက်ပုံပေါ်လာသည်။ အလင်းရောင် ပြန်လည်မှိန်သွားပြီးနောက် စွမ်းအင်မြှင့်တင်ပြီးသော မြေကြီးများတင်ကျန်ခဲ့သည်။
ပိုင်ရှောင်ချန်းသည် မညည်းမညူ ဖြင့် တစ်ဒယ်ပြီးတစ်ဒယ် ဝိညာဉ်မြေများကို အဆင့်မြှင့်နေလိုက်သည်။ နောက်ဆုံးတစ်နာရီလောက် ကြာသွားပြီးနောက် ထင်းလဲကုန်ကာ ဝိညာဉ်မြေကွက်တစ်ခုလုံးကိုလဲ စွမ်းအင်မြှင့်တင်ခြင်း ပြီးဆုံးလေသည်။ ထင်းမလုံလောက်သဖြင့် အပေါ်ယံမြေလောက်သာ မြှင့်နိုင်လိုက်သည်။ အောက်ခံမြေမှာ အခြေအနေဆိုးသောကြောင့် ကြာလျှင် စွမ်းအင်လဲ ပျက်ပြယ်လာပေမည်။
မည့်သို့ဖြစ်ကာမူ လက်ရှိဝိညာဉ်မြေမှာ အရင်ကနှင့် နည်းနည်းမှမတူ မိုးနှင့်မြေအလား ပြောင်းလဲသွားခဲ့သည်။ မြင့်မားလာသော စွမ်းအင်များကြောင့် မွှေးကြိုင်သော မြေသင်းနံ့များပင် ထုံနေသည်။
ဝါးစေ့များကို မြေကြီးထဲ ပြန်စိုက်လိုက်သည့် အခိုက်မှာပင် ဝါးစေ့များ အညှောင့်ထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြီးထွားလာသည်။ အဖြစ်အပျက်ကို ဂိုဏ်းသားများ မြင်လျှင် အံသြဆုံးကြမည်မဟုတ်ပေ။ ကျင့်ကြံသူတစ်ရောက်အနေဖြင့် စိတ်စွမ်းအင်သုံး၍ ကျွမ်းကျင်ပိုင်နိုင်စွာ စိုက်ပျိုးတတ်လျှင်ပင် ဤမျှမြန်သော အဖြစ်မျိုးတော့ ကြုံဖူးကြမည်မဟုတ်ပေ။
တကယ်တော့ မည်သည့်ကျင့်ကြံသူမှလည်း ဝါးပင်ဆယ်ပင်အတွက် မြေကြီးကို စိတ်စွမ်းအင်မြှင့်တင်ပေးရန် စဉ်းစားကြမည်မဟုတ်၊ နာမည်ကျော် စိတ်စွမ်းအင်မြှင့်တင်ရေး ဆရာကြီးများပင် ယခုလိုအကြံမျိုးကို တွေးမိမည်မဟုတ်၊ စိတ်စွမ်းအင်နှင့် အချိန်ကို ဖြုန်းတီးသည် ဟုသာ အပြစ်တင်ပေလိမ့်မည်။
ဝါးပင်များကြီးထွားလာသည်ကို မြင်ပြီးနောက် ပိုင်ရှောင်ချန်းသည် ကျေနပ်အားရစွာ နှင့် အခန်းသို့ ပြန်လာခဲ့ပြီး ရောက်ရောက်ချင်းပင် ကျောက်စိမ်းပုရပိုက် ကိုလေ့လာပြန်သည်။
ညရောက်သောအခါမှ ကျောင်စိမ်းပုရပိုက် ကိုလက်မှချသည်။ အပတ်တကုတ် ကြိုးစားခဲ့ပြီးနောက် ဆေးပင် တစ်သောင်းလုံးကို ကျေညက်အောင် လေ့လာပြီးစီးလေပြီ။ အချို့ အပိုင်းများမှာဆိုလျှင် တစ်မျိုးနှင့်တစ်မျိုး ဓာတ်မတည့်သော အပင်များကိုပင် လေ့လာတွေ့ရှိရသည်။
“မနက်ဖြန်မနက်ကျရင် ဆေးပင်သစ်ဥသစ်ဖုတွေနဲ့ ပတ်သတ်တဲ့ ဒုတိယအပိုင်းကို သွားယူရမယ်။ ဆေးတစ်သောင်းအဆောင်ကစစ်တဲ့ စမ်းသပ်ချက်ကဘယ်လိုများပါလိမ့်….. ငါအောင်ကောအောင်ပါ့မလား..”
ရှောင်ချန်းသည် ထူးထူးဆန်းဆန်း စကားလုံးများ ရေရွတ်နေပြီး စိတ်လှုပ်ရှားလာသည်။ တံတွေးမျိုချလိုက်ပြီး ကျောက်စိမ်းပုရပိုက်ကိုထပ်ယူလိုက်ကာ လေ့လာပြန်သည်။ စမ်းသပ်ချက် တွင် တစ်စုံတစ်ခု အမှားအယွင်း တစ်ခုခုဖြစ်ခဲ့လျှင်ဆိုသည့် စိုးရိမ်ကြောက်လန့်မှုကိုကား သူ့ခေါင်းထဲမှ ထုတ်မရချေ။
ကြိုက်ပြီ