အပိုင်း(၁၄၃၃)

အသာစီးယူခြင်း

နတ်နဂါးကလန်မှ တန်ခိုးရှင်များ အားလုံးက ယူချင်းကို ကြည့်လိုက်ကြသည်။ ခွန်ပန်နတ်ဆိုး မဟာအကြီးအကဲသည် နတ်ဆိုးဘုံတွင် ထိပ်သီးတန်ခိုးရှင်ပင် ဖြစ်သည်။

ကောင်းကင်နတ်ဆိုးနန်းတော်သည် အားအကောင်းဆုံး ငှက်မျိုးနွယ်များကို စုစည်းကာ မဟာမိတ်ဖွဲ့ခဲ့ပြီး ယနေ့တွင် သူတို့သည် ကောင်းကင်နတ်ဆိုးနန်းတော်၌ ထိပ်တန်းနတ်ဆိုးကလန်များစွာ ရှိသည်။

ခြေသုံးချောင်းရွှေကျီးနတ်ဆိုးသခင်၏ စွမ်းအားကို ပြောနေရန် မလိုအပ်သလို ခွန်ပန်နတ်ဆိုး မဟာအကြီးအကဲသည်လည်း ထိပ်တန်းတန်ခိုးရှင်ပင် ဖြစ်သည်။ သူ၏ ခွန်အားက ခြေသုံးချောင်းရွှေကျီး နတ်ဆိုးသခင်ထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။

ခွန်သည် ခွန်ပန် နတ်ဆိုးမဟာအကြီးအကဲ၏ သွေးသားဖြစ်သည်။ သူသည် အကောင်းဆုံးသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားမရှိသော်လည်း ခွန်ပန်၏ ပညာရပ် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသည် အလွန် လွှမ်းမိုးနိုင်စွမ်း ရှိပေမဲ့ ယူချင်းကိုတော့ သက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ ကြည့်ရသည်မှာ ရီဖူရှင်း၏ စကားများက အလွန်အကျူး ချဲ့ကားထားခြင်းမဟုတ်ဘဲ ယူချင်း၏ စွမ်းအားကိုက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းခြင်း ဖြစ်နိုင်သည်။

“သူက တကယ်ကို သန်မာတာပဲ။ ပြီးတော့ သူ့ရဲ့ နတ်ဆိုးစွမ်းရည်တွေက အရမ်း အထင်ကြီးလောက်စရာပဲ။ မင်းတို့ရဲ့ ဆရာက သာမန်လူတော့ မဟုတ်လောက်ဘူး” နတ်နဂါးကလန်မှ တန်ခိုးရှင်က ပြောလိုက်သည်။

“ယူချင်းရဲ့ နတ်ဆိုးပညာရပ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ အဘိုးကြီးတစ်ယောက်က သင်ပေးခဲ့တာပါ။ သူက ယူချင်းကို ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ ခွန်အား ရှိပြီး နတ်ဆိုးလမ်းစဉ် ကျင့်ကြံမှုနဲ့ သင့်တော်တယ်လို့ ပြောခဲ့တယ်။ အဲဒါလည်း ပြီးရော အဘိုးကြီးက ပျောက်သွားခဲ့ပြီးတော့ သူ့ကို ဘယ်သူကမှ ထပ်မသင်ပေးတော့ဘူး။ ကျွန်တော်ကတော့ ဆရာတွေ အများကြီး ရှိပြီး အခု ကျွန်တော်နဲ့အတူ ဆရာတစ်ယောက် ပါလာပါတယ်။ ကျွန်တော့်ရဲ့ ကျင့်စဉ်က သူ သင်ပေးခဲ့တာ။ အခု အခွင့်ကြုံပြီး ကျွန်တော်က အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာဆီကနေ ဆက်ခံနိုင်ခဲ့တဲ့အပြင် နတ်ဆင်အင်ပါယာရဲ့ သင်ပြပေးမှုကိုတောင် ရရှိခဲ့တယ်။ ကျွန်တော်က ကျင့်ကြံမှုလမ်းကြောင်းမှာ အရမ်းကံကောင်းလို့ ဆရာကောင်းတွေနဲ့ တွေ့ခဲ့ရတယ်။ မဟုတ်ရင် ကျွန်တော် ဒီနေ့လို အောင်မြင်မှု ရလိမ့်မှာ မဟုတ်ဘူး” ရီဖူရှင်းက သူတို့၏ အရည်အချင်း မည်မျှ ထူးချွန်သည်ကို ပညာသားပါပါ ရှင်းပြလိုက်သည်။

လူတိုင်းသည် အကြည့်တစ်ချက်နှင့်ပင် ယူချင်း၏ နတ်ဆိုးကျင့်စဉ်က ထူးခြားသာလွန်သည်အား မြင်နိုင်ပေသည်။ သူက ထိုသည်မှာ လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်ယောက်က သင်ပေးခဲ့သည်ဟုသာ ပြောနိုင်သည်။ သူက ထိုသည်မှာ ယူချင်း၏ ဖခင်ဟု ပြောနိုင်စရာ နည်းလမ်းမရှိခဲ့ပေ။

မဟုတ်လျှင် သူတို့သည် ယူချင်း၏ ဇစ်မြစ်ကို သိချင်လာကြပေလိမ့်မည်။

သူကိုယ်တိုင်အတွက်တော့ သူသည် သူသည် ကံကောင်းထောက်မစွာဖြင့် ဆရာကောင်းများနှင့် တွေ့ဆုံခဲ့ရသည့်အတွက်  အမျိုးမျိုးသော ဗဟုသုတများကို သိုမှီးနိုင်ခဲ့ခြင်း ဖြစ်သည်။ သူက မှားသော စကားကို ဆိုခဲ့ခြင်း မဟုတ်ပေ။

“ပထမဆုံးအနေနဲ့ မင်းမှာ အရည်အချင်းနဲ့ စွမ်းရည်ရှိရမယ်။ အဲဒါမှသာ ကံကြမ္မာက မျက်နှာသာ ပေးနိုင်မှာပေါ့။ မင်းက ကျော်ကြားတဲ့ ဆရာတွေနဲ့ တွေ့ဆုံဖို့ အခွင့်အရေး ရပြီး အရမ်းထူးခြားတဲ့ ကံတရား ရှိနေတယ်ဆိုကတည်းက မင်းက သာမန်လူ မဟုတ်တာကို ပြနေတာပဲ” နတ်နဂါးကလန်၏ အစွမ်းထက်ပုဂ္ဂိုလ်က ဖြေးဆေးစွာ ပြောလိုက်သည်။ “ယူချင်းအတွက်ကတော့ နတ်ဆိုးလမ်းစဉ် ကျင့်ကြံတာက အရမ်း ရှားပါးတယ်။ ကောင်းကင်အာဏာစက်ဘုံမှာ သူ့ကို သင်ပေးနိုင်တာ လူအနည်းငယ်လောက်ပဲ ရှိမယ်”

“စီနီယာကပဲ သူ့အတွက် ကျော်ကြားတဲ့ ဆရာတစ်ယောက် ရှာပေးနိုင်မလား။ ဒါက သူ့အတွက် အကြီးမားဆုံး ကံကောင်းခြင်း ဖြစ်ပါလိမ့်မယ်” ရီဖူရှင်းက ပြောလိုက်သည်။

သူက အလွန် အရှက်မဲ့လှသည်ဟု လူအများက တွေးတော့မိလိုက်ပြီး ရီဖူရှင်းအား စိုက်ကြည့်လိုက်ကြသည်။

ဒီအကောင်က … ….

သူက အရည်အချင်းများကို ပြသခဲ့လျှင်ပင် သူက အလွန် အရှက်မဲ့နေဆဲပင် ဖြစ်သည်။

သူ့တွင် နတ်ဆင်ကလန်က ကျောထောက်နောက်ခံအဖြစ် ရှိနေပြီး နတ်ဆင်ကလန်၏ အစွမ်းထက်ပုဂ္ဂိုလ်ကပင် မဟာလမ်းစဉ်အထွတ်အထိပ် ဆက်ဆံသူ အဖြစ် ချီးမြှောက်ခဲ့သည်။ ယခု သူသည် နတ်ဆင်ကလန် တစ်ခုတည်းက သူ၏ ကျောထောက်နောက်ခံ ဖြစ်နေခြင်းအား ကျေနပ်ခြင်း မရှိဘဲ အခြားသော အဆက်အသွယ်များလည်း ရှာဖွေချင်နေသည်လား။

သူက အလွန် မျက်နှာပြောင် တိုက်လှပေသည်။

နတ်ဆင်ကလန်နှင့် နတ်နဂါးကလန် နှစ်ခုလုံးက နတ်ဆိုးဘုံ၏ ထိပ်သီးနတ်ဆိုးကလန်များ ဖြစ်ကြသည်။ သူတို့ကသာ သူနှင့် နီးကပ်သွားလျှင် ကောင်းကင်အာဏာစက်ဘုံ၏ အချို့သော အင်အားစုများသည် သူတို့အား အမှန်တကယ် ထိရဲမည် မဟုတ်ပေ။ ခရမ်းရင့်ကောင်းကင် နန်းတော်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင်သည်ပင် နှစ်ခါပြန်ကာ စဉ်းစားရမည် ဖြစ်သည်။

“ကျုပ်တို့ နတ်နဂါးကလန်မှာ ယူချင်းကို လမ်းညွှန်ပေးနိုင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ် တကယ် ရှိတယ်။ ဒါပေမဲ့ သူက လူထူးဆန်းမို့လို့ ဘယ်တပည့်မှ လက်မခံဘူး။ ယူချင်းသာ ဆန္ဒရှိရင် နတ်ဆင်ကလန်ကို လာပြီး သူနဲ့ လာတွေ့လေ။ ကျုပ် ထောက်ခံပေးပါ့မယ်” နတ်နဂါးကလန်၏ အစွမ်းထက်ပုဂ္ဂိုလ်က ပြောလိုက်သည်။

ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးပုဂ္ဂိုလ် အများအပြား၏ မျက်လုံးများက လင်းလက်သွားသည်။ သူတို့ အများစုသည် သူက မည်သူ့အား ရည်ညွှန်းသည်ကို ခပ်ရေးရေး သိရှိကြပေသည်။ သူတို့သာလျှင် မဟုတ်ဘဲ နတ်ဆိုးဘုံအကြောင်း တီးမိခေါက်မိ ရှိထားသူတို့သည်လည်း မည်သူဖြစ်ကြောင်း ခန့်မှန်းမိကြသည်။

နတ်နဂါးကလန်၏ နတ်ဆိုးနဂါးသည် အလွန် အစွမ်းထက်သောသူ ဖြစ်ပြီး နတ်နဂါးကလန်၏ ခေါင်းဆောင်သည်ပင် အမိန့်မပေးနိုင်သော နတ်ဆိုးတစ်ကောင်ဖြစ်သည်။

နတ်နဂါးကလန်သည် ယူချင်းကို ထိုပုဂ္ဂိုလ်နှင့် မိတ်ဆက်ပေးလိုသည်လား။

“သူက ဆန္ဒမရှိဘဲ နေမှာ မဟုတ်ပါဘူး။ စီနီယာ အခုသွားတော့မှာလား။ သူ့ကို စီနီယာနဲ့အတူ ခေါ်သွားလိုက်ပါ။ ယူချင်းက အခုကစပြီး နတ်နဂါးကလန်က လူပါပဲ” ရီဖူရှင်းက ပြောလိုက်သည်။

”…”

အားလုံးသော တန်ခိုးရှင်များသည် ရီဖူရှင်းအား အံ့အားသင့်လွန်းစွာ ကြည့်လိုက်ကြသည်။ သူက မည်သို့ဖြစ်၍ ဤမျှ အရှက်မဲ့ရသနည်း။

နတ်နဂါးကလန်ရဲ့ လူတဲ့လား။

သူက ကျန်းယွမ်အား ရှုံးနိမ့်စေခဲ့သော ပြိုင်ဘက်ကင်း ရဲရင့်သော ပုဂ္ဂိုလ် ဟုတ်ရော ဟုတ်သေးရဲ့လား။

သူက မည်သည့်အတွက်ကြောင့် ရုတ်တရက်ကြီး ပြောင်းလဲသွားရသနည်း။

ယူချင်းသည်လည်း ရီဖူရှင်းအား တွေဝေစွာ ကြည့်လိုက်သည်။

သူသည်လည်း ဆွံ့အသွားခဲ့ရသည်။ ရီဖူရှင်းက သူ၏ အမြင်ကိုရော မေးခဲ့ရဲ့လား။

လူအုပ်အလယ်မှ ချင်ရွှမ်ကန်းသည် ပြုံးကာ သူ၏ ခေါင်းအား ခါယမ်းလိုက်သည်။ သိမ်းငှက်လေးက ရေရွတ်လိုက်သည်။ “သခင်က အရမ်းအရှက်မဲ့တာပဲ။ သူက သခင်ယူချင်းကို သိက္ခာကျအောင် လုပ်နေတယ်။”

“ကောင်းကင်အာဏာစက်ဘုံမှာ သိက္ခာဆိုတာ အသုံးမဝင်ဘူး။ မူလတောင်တန်းမှာ ဖူရှင်းက ခရမ်းရင့်ကောင်းကင်နန်းတော်ရဲ့ အတင်းအကျပ် ဖိအားပေးပြီး ရန်ဟောင်အရိုးရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ လုပ်တာကို ခံခဲ့ရတယ်။ သူက သေဆုံးခြင်း သစ်ပင်ဆီကနေ အသက်ရှင်လာခဲ့ပြီး ရှေးဟောင်းအင်ပါယာရဲ့ အလောင်းကို ရရှိခဲ့တယ်။ ဒါပေမဲ့ သူက အရမ်းအစွမ်းထက်တဲ့ ခရမ်းရင့်ကောင်းကင်နန်းတော်ရဲ့ မဟာလမ်းစဉ် အထွတ်အထိပ်ခန္ဓာပိုင်ရှင် ကျန်းယွမ်ရဲ့ နည်းလမ်းပေါင်းစုံနဲ့ အမဲလိုက်ခံခဲ့ရတယ်။”

ချင်ရွှမ်ကန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ ရီဖူရှင်းနှင့် ယူချင်းသည် ကျန်းယွမ်ထက် နိမ့်ကျနေခဲ့သလား။

ယနေ့ တိုက်ပွဲက များပြားလှသည့် အရာများအား သက်သေပြခဲ့သည်။ သူတို့သည် အစွမ်းထက် နောက်ခံအင်အားသာ လစ်လပ်နေခဲ့ခြင်းဖြစ်သည်။

စကားပုံအရဆိုလျှင် တောအတွင်းမှ အခြားသစ်ပင်များ၏ အပြင်ဘက်၌ ရှိသော သစ်တစ်ပင်သည် လေကြောင့် ကျိုးပဲ့ပျက်စီးခြင်း ရောက်ရှိနိုင်ပေသည်။ ရီဖူရှင်းသည် ထိုအချက်ကို သေချာပေါက် နားလည်ပေသည်။ သူက ယနေ့ ရှေ့ထွက်ကာ ခရမ်းရင့်ကောင်းကင်နန်းတော်ကို အရှက်ရစေခဲ့သည်။ ထို့ပြင် သူသည် ဂူတုံးလျှို၏ ညီငယ်လည်း ဖြစ်နေသေး၏။ သူက ထိုမျှ ပြိုင်ဘက်ကင်း စွမ်းရည်ကို ပြသခဲ့သော်လည်း သူ့တွင် နောက်ခံမရှိပါက ရလဒ်က ကောင်းမွန်လိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းကလည်း ထိုအချက်ကို သိသည့်အတွက် ယူချင်းကို ထွက်လာစေပြီး လူအများ၏ အာရုံစိုက်မှုကို ရစေကာ သူ့အား ကျောထောက်နောက်ခံပြုမည့် တစ်စုံတစ်ယောက်ကို ရှာစေခြင်း ဖြစ်သည်။

နတ်ဆင်ကလန်နှင့် နတ်နဂါးကလန်တို့ကို သူတို့၏ နောက်ခံဖြစ်စေပါက သူတို့ကို ဒုက္ခပေးလိုသည့် မည်သူမဆို နှစ်ခါပြန် စဉ်းစားရတော့မည် ဖြစ်သည်။

ထို့ပြင် သူက ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းမှာ သူ၏ အစ်ကိုသုံး အတွက်လည်း ဖြစ်ပေသည်။

ဂူတုံးလျှိုသည် မူလလမ်းစဉ်ကို ဆက်ခံထားခဲ့သည်။ ဂူထျန်းရှင်းသည် သူ့အား နတ်ဆိုးဘုံ၏ အရှင်သခင်အသစ် ဖြစ်စေလိုသော်လည်း သူက ပေးဆပ်ရမှု မြင့်မားပြီး အောင်မြင်နိုင်ချေက နည်းပါးပေသည်။ သူသာ ကျရှုံးခဲ့လျှင် သူက ကြမ္မာဆိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

သို့သော် ရီဖူရှင်းသည် နတ်ဆိုးဘုံမှ ထိပ်သီးအင်အားစု နှစ်ခုနှင့် မိတ်ဆွေကောင်း ပြုလုပ်ထားနိုင်ခဲ့ပါက အနာဂတ်၌ ဖိအားက နည်းပါးသွားလိမ့်မည် ဖြစ်သည်။

နတ်နဂါးကလန်၏ အစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း ရီဖူရှင်းကို ကြည့်ကာ ဆွံ့အသွားရသည်။ ဤအကောင်လေးက သူ၏ ကိုယ်ပိုင်ပုံရိပ်ကိုပင် ဂရုစိုက်ခြင်း မရှိပေ။ ကျန်းယွမ်ကို ရှုံးနိမ့်စေခဲ့သည့် မာနထပ်ကြီးကြီး ပုဂ္ဂိုလ်က မည်သည့် နေရာရောက်သွားသနည်း။

သို့သော်လည်း ကျန်းယွမ်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံမင်းသားသည် တူညီသော လူများဖြစ်သည်။ သူတို့သည် ထူးခြားပြီး အထွတ်အထိပ် စွမ်းအားများနှင့် မွေးဖွားလာကြသည်။ သူတို့သည် အထွတ်အထိပ်၌ ရပ်တည်ရန် မွေးဖွားလာကြသည်။ မည်သည့်အချိန်တွင်မဆို သူတို့တွင် မြင့်မြတ်သည့် အပြုအမူအရှိန်အဝါများ ရှိကြသော်လည်း ရီဖူရှင်းက ကွာခြားသည်။ သူသည် ဤနေရာသို့ ရောက်ရှိလာရန် သူ့ကိုယ်ပိုင်အားထုတ်မှုနှင့် ဖြတ်သန်းခဲ့ရပြီး သူက ကျန်းယွမ်နှင့် ရင်ဆိုင်ရသည့်အခါက အထက်စီးဆန်ဆန်နှင့် သူ၏ ပြိုင်ဘက်ကင်း အရည်အချင်းကို ထုတ်ပြခဲ့လျှင်ပင် မည်သည့်နည်းလမ်းကမှ အသက်ရှင်ကျန်လိမ့်မည်ကို သူ ကောင်းကောင်း သိရှိပေသည်။

သူသည် ရီဖူရှင်းကဲ့သို့သော လူမျိုးက ပို၍ ရည်မှန်းချက်ကြီးသည့် ဘဝ ရှိသည်အား သိရှိပေသည်။

ကောင်းကင်အာဏာစက်ဘုံ၏ အနာဂတ်သည် ပြောင်းလဲလိမ့်မည် ဖြစ်ပြီး ဤမျိုးဆက်အတွင်း ဖြစ်ပျက်လိမ့်မည်နှင့် တူပေသည်။ ထိုသည်မှာ ဂူထျန်းရှင်းကြောင့် ဖြစ်ပွားခဲ့ရသည်။ ထို့ပြင် ဤ ထိပ်သီးအရည်အချင်းရှိ လူများသည်လည်း အနာဂတ်အတွက် အရေးကြီးပေသည်။ နတ်နဂါးကလန်သည် သူတို့ကဲ့သို့ လူငယ်လေးများနှင့် ဆက်ဆံရေး တည်ဆောက်ရခြင်းကို သဘောမကျဘဲ နေလိမ့်မည်မဟုတ်ပေ။

“ကောင်းပြီလေ။ ဒီလိုဆိုရင် အခုချိန်ကစပြီး ကျုပ်တို့ နတ်နဂါးကလန်က ယူချင်းကို ဂရုစိုက်လိုက်ပါ့မယ်။ တကယ်လို့ အဲဒီ ပုဂ္ဂိုလ်က ယူချင်းကို သင်ပြပေးဖို့ ငြင်းခဲ့ရင် နတ်နဂါးကလန်က ယူချင်းကို နတ်နဂါးစွမ်းအား ဘယ်လိုအသုံးချရလဲဆိုတာ သင်ပေးမှာပါ။ ဒါပေမဲ့ အဲဒါက သူ့ရဲ့ ကိုယ်ပိုင်ကျင့်စဉ်နဲ့ ကိုက်ညီမှုတော့ မရှိလောက်ဘူး” နတ်နဂါးကလန်မှ အစွမ်းထက် ပုဂ္ဂိုလ်က ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ” ရီဖူရှင်းက ဦးညွှတ်ကာ ပြောလိုက်သည်။ “ယူချင်း လာပြီး ကျေးဇူးတင်ပါတယ် ပြောလိုက်လေ”

ယူချင်းသည် ရီဖူရှင်းအား ဆွံ့အစွာ ကြည့်လိုက်သည်။ သို့သော် သူက နတ်နဂါးကလန်မှ တန်ခိုးရှင်ဘက် လှည့်လိုက်သည့်အချိန်တွင် အလေးအနက် ဖြစ်သွားခဲ့သည်။ သူက အနည်းငယ် ဦးညွှတ်ရင်း ပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ”

“အရှက်မဲ့လိုက်တာ” အခြား တန်ခိုးရှင်များက ယူချင်း နတ်နဂါးကလန်သို့ ဝင်ရောက်ခွင့်ရသည်အား မနာလိုမှု ဝန်တိုမှု ခါးသီးမှု အပြည့်နှင့် ပြောလိုက်ကြပေသည်။

နတ်ဆင်ကလန်နှင့် နတ်နဂါးကလန်၏ ကာကွယ်ပေးမှုနှင့်ဆိုလျှင် ဤလူနှစ်ယောက်က အနာဂတ်တွင် မော်ကြွားနိုင်တော့မည် ဖြစ်၏။

“ဂုဏ်ပြုပါတယ်” ထိုအချိန်တွင် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။ သူ့ကို ကြည့်ရသည်မှာ ခံစားချက်ကင်းမဲ့နေသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်၏ ဤအခမ်းအနားကြီးသည် ရီဖူရှင်း၏ ဆန္ဒများကို ဖြည့်ဆည်းပေးသည့် နေရာ ဖြစ်လာခဲ့သည်လား။

ရီဖူရှင်းသည် အရှက်ကင်းမဲ့စွာဖြင့် ဤအခမ်းအနားမှ အကျိုးအမြတ်များကို ယူရုံမျှမက သူ့ကိုယ်ပိုင် အကျိုးအမြတ်ကိုလည်း ရအောင် ရိတ်သိမ်းသွားနိုင်သည်ဟု ဆိုရပေမည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset