ထိုအချိန်တွင် ရီဖူရှင်းသည် ကျန်းယွမ်ကို မဟာလမ်းစဉ် ထူးခြားခန္ဓာပိုင်ရှင် ကျန်းယွမ်ကို ကြည့်လိုက်သည်။ သူ့ကို မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာကိုယ်ဟု ပြောခြင်းမှာ သူက မဟာလမ်းစဉ် မိုးကြိုးစွမ်းရည်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေ၍ ဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးကြားမှ မိုးကြိုးလမ်းစဉ် အားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားခဲ့သည်။ ကောင်းကင်ထက်တွင် လေပြင်းနှင့် တိမ်တိုက်များက အော်မြည်နေပြီး အဆုံးမဲ့မိုးကြိုးစွမ်းအားများသည် ကောင်းကင်မှ ကျဆင်းလာပြီး သူ့စွမ်းအားများအဖြစ် ပြောင်းလဲလိုက်ကာ အဆုံးမဲ့လေဟာနယ်သည် မိုးကြိုးလောက ဖြစ်လာသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်၏ အချို့သော ရန်ဟောင်တန်ခိုးရှင်များက ခုခံရေး အတားအဆီးများကို ဖန်တီးလိုက်ပြီး ပွဲကြည့် ပရိသတ်များနှင့် ဖျက်ဆီးခြင်း စွမ်းအားများကို ခွဲခြားထားလိုက်သည်။
မိုးကြိုးလောက၏ အလယ်တွင် ရှိနေသည့် ရီဖူရှင်းသည် အဆုံးမဲ့ နတ်မိုးကြိုးများ၏ ဝါးမျိုခံရလုနီးပါး ဖြစ်သွားသည်။ ပိုပြီး ကြောက်မက်ဖွယ် ကောင်းသည်မှာ အဆုံးမဲ့ မိုးကြိုးဓားများက သူ့ကို ညွှန်ပြနေခြင်း ဖြစ်သည်။ ယင်းတို့ ကျဆင်းလာပါက လောကကြီးသည် အပျက်အစီးများအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ကျန်းယွမ်က ရီဖူရှင်း၏ ခုခံမှုက မည်မျှ အားကောင်းသည်ကို သိရှိရာ သူသည် အလျင်စလို မလှုပ်ရှားဘဲ မိုးကြိုးလမ်းစဉ် စွမ်းအားများကို ပိုမို စုဆောင်းနေသည်။ ကမ္ဘာဖျက် ကပ်ဘေး မိုးကြိုးတို့က ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းကာ အော်မြည်နေသော်လည်း သူ၏ တစ်ကိုယ်လုံးကို နတ်ဆင်များက ကာကွယ်ပေးထားသဖြင့် သက်ရောက်ခြင်း မရှိပေ။
ထိုအချိန်တွင် ရီဖူရှင်း၏ သက်စောင့်ဟော်နန်းအတွင်း ရှေးဟောင်းသစ်ပင်သည် မြင့်မားသည့် မြင့်မြတ်သစ်ပင်ကဲ့သို့ ယိမ်းထိုးနေသည်။
ယခု သူ၏ သက်စောင့်ဟော်နန်းသည် ကမ္ဘာအဖြစ် ပြောင်းလဲသွားပြီး သက်စောင့်ဝိညာဉ် စွမ်းအားတစ်ခုချင်းစီက အဆုံးမဲ့ စွမ်းအားများနှင့် ပေါင်းစပ်သွားသည်။ ရှေးဟောင်းသစ်ပင်က ယိမ်းထိုး အော်မြည်နေသည့်အခါ အားလုံးသော စွမ်းအားများက ရှေးဟောင်းသစ်ပင်ဆီသို့ ပျံသန်းလာကြသည်။ ထိုသည်က ရှေးဟောင်းသစ်ပင်သည် လောကကြီး၏ ကျောရိုးဖြစ်သည့်အတွက် ယင်းစွမ်းအားများကို ဖြန့်ဝေနိုင်သလို ပေါင်းစည်းပေး နိုင်လေသည်။
ကြောက်မက်ဖွယ် မုန်တိုင်း ထွက်ပေါ်လာသည့်အခါ ရှေးဟောင်းသစ်ပင် စွမ်းအားများကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီးနောက် နတ်ဆင်စွမ်းအားများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုအခိုက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ ဆင်များ၏ အော်မြည်သံက ကောင်းကင်ကို တုန်ခါသွားစေကာ ကျန်းယွမ်၏ ခန္ဓာကိုယ်အတွင်းမှ မိုးကြိုးပစ်သံများနှင့် ထိပ်တိုက် တွေ့သွားခဲ့သည်။ ထိပ်တိုက်တွေ့မှုကနေ၍ ချောက်ချားဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
လေဟာနယ်ဖျက်ဆီးခြင်း စွမ်းအားက လူတို့က ထိတ်လန့်သွားစေပြီး သူတို့သည် ပေါက်ကွဲသံမှ စွမ်းအားကို အခုထိ ခံစားမိနေဆဲ ဖြစ်သည်။ များပြားလှသည့် လူများ၏ နှလုံးသားတို့က တုန်ယင်နေသည်။ ထို ရှန့်ထိုအဆင့် တန်ခိုးရှင်နှစ်ဦး၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်လာသည့် ဆင်အော်သံနှင့် မိုးကြိုးအော်မြည်သံများက လေထဲတွင် ထိပ်တိုက်တွေ့ဆုံမိကာ ချောက်ချားဖွယ် ဖြစ်လာသည်။ များပြားလှသော လူများသည် ထိုသို့သော အံ့သြထိတ်လန့်ဖွယ်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ထိုအချိန်တွင် အခြားသော အံ့အားသင့်ဖွယ် မြင်ကွင်း ပေါ်ပေါက်လာသည်။ ပညာရှိကျမ်း၏ စွမ်းအားများသည် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ မဟာလမ်းစဉ်၏ မီးပြင်းဖိုအဖြစ်သို့ ပြောင်းလဲသွားသည်။ ကောင်းကင်ထက်တွင် အားလုံးသော စွမ်းအားမျိုးစုံ ပေါ်ပေါက်လာပြီးနောက် ရီဖူရှင်း၏ ခန္ဓာကိုယ်ဆီ အရူးအမူး စီးဆင်းသွားသည်။ အားလုံးသည် ပညာရှိကျမ်း၏ ရောင်ဝါအောက်၌ သန့်စင်ခံလိုက်ရသည်။ ဆင်များ၏ အော်မြည်သံက ပိုမို ချောက်ချားဖွယ် ကောင်းလာသည်။ ကြီးမားသည့် ဆင်များက တစ်ကောင်ပြီးတစ်ကောင် ပေါ်ပေါက်လာပြီး ရီဖူရှင်း၏ ကိုယ်ပေါ်မှ နတ်ဆင်စွမ်းအားများက ဆက်လက် အားကောင်းလာနေဆဲ ဖြစ်သည်။
ထိုသည်က သူသည် လောက၏ လမ်းစဉ်များကို သန့်စင်နိုင်သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။
ထိုသည်မှာ မိုးကြိုးလမ်းစဉ် အပါအဝင်ဖြစ်၏။
“ကျုပ်က မဟာလမ်းစဉ် အထွတ်အထိပ် ထူးခြားခန္ဓာကိုယ် ရှိတယ်။ အဲဒါက မဟာလမ်းစဉ်နဲ့ လိုက်လျောညီထွေ ဖြစ်နိုင်တယ်။ မိုးကြိုးလမ်းစဉ်တွေက မင်းရဲ့ ထိန်းချုပ်မှုအောက် ဘယ်လိုရောက်နိုင်မှာလဲ” ကျန်းယွမ်က ပြောလိုက်သည်။ ရီဖူရှင်း၏ မျက်လုံးများက ဖိနှိပ်လွှမ်းမိုးနိုင်လှသည်။ သူက ကျန်းယွမ်ဆီသို့ တစ်ချက် ကြည့်လိုက်သည်။ လောက၏ အားလုံးသော လမ်းစဉ်များက သူ့ခန္ဓာကိုယ်ပေါ်တွင် စုစည်းလာနေပြီး သူ့ကို နတ်ဆင်တို့၏ အားကောင်းသော စွမ်းအားများ ဖော်ထုတ်နိုင်ရန် ကူညီပေးနေသည်။
“မင်းက မိုးကြိုးလမ်းစဉ် တစ်ခုတည်းကို အသုံးချနိုင်တာ။ မင်းရဲ့ ခန္ဓာကိုယ်သဏ္ဌာန်က အထွတ်အထိပ်ပါလို့ ဘယ်လိုပြောရဲရတာလဲ။ ကျုပ်က လမ်းစဉ် အမျိုးအစားအားလုံးကို ကျင့်ကြံနိုင်တယ်။ ဒါကြောင့် မင်းက ကျုပ်ကို လမ်းစဉ်အားလုံးရဲ့ ဆရာသခင် ကောင်းကင်လမ်းစဉ် နတ်ခန္ဓာလို့ မခေါ်သင့်ဘူးလား” ရီဖူရှင်း၏ အသံက ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ မရေတွက်နိုင်သည့် လူများ၏ နှလုံးသားများသည် သူ့စကားတို့ကြောင့် တုန်ယင်သွားကြပေသည်။
ကောင်းကင်လမ်းစဉ် နတ်ခန္ဓာတဲ့လား။
ထိုသည်က အလွန်ကိုပင် … …
လောကတွင် မည်သူကများ သူတို့၏ ခန္ဓာကိုယ်ကို ကောင်းကင်လမ်းစဉ် နတ်ခန္ဓာဟု အမည်ပေးရဲလိမ့်မည်နည်း။
ကောင်းကင်လမ်းစဉ် နတ်ခန္ဓာလား။
ထိုသည်က သရော်လိုက်သည် ဖြစ်နိုင်သော်လည်း အသံကပင် မောက်မာလှကာ လွှမ်းမိုးလှပေသည်။
ထိပ်ဆုံး၌ ရပ်တည်နေကြသူများသည်ပင် ကောင်းကင်လမ်းစဉ် နတ်ခန္ဓာဟု ပြောရဲကြခြင်း မရှိပေ။
သူက သူ့ကိုယ်သူ အလွန်အမင်း မြှောက်စား နေပေသည်။
သူက သူ့ခန္ဓာကိုယ် မည်သည့်အတွက် ကောင်းကင်လမ်းစဉ် နတ်ခန္ဓာဟု ပြောရဲရသနည်း။
အတော်ပင် အရှက်မရှိရာ ကျလွန်းလှသည်။
သို့သော်လည်း သူတို့သည် ရီဖူရှင်း၏ အသံက မောက်မာလှသည်ကို ခံစားနေရလျှင်ပင် သူတို့၏ ရှေ့မှ မြင်ကွင်းသည် မယုံကြည်နိုင်စရာ အလွန် ခမ်းနားထည်ဝါလှပေသည်။ ရီဖူရှင်းသည် အမျိုးစုံသောလမ်းစဉ် အားလုံးကို သန့်စင်နိုင်ပေသည်။ လူများစွာသည် ထို အမျိုးအစား စုံလင်လှသည့် လမ်းစဉ်များက ပေါင်းစပ်နေသည်ကို ခံစားနိုင်ပြီး သူ့ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်နေကာ သူ၏ ကျင့်ကြံမှုလမ်းစဉ်ကို သန့်စင်ပေးနေသည်။
အဆုံးတွင် ယင်းတို့အားလုံးသည် နတ်ဆင်၏ ကြီးမားသော စွမ်းအားအတွင်းသို့ ပေါင်းစပ်သွားကာ သူ့အနီးတွင် အစွမ်းထက် ဆင်ပုံရိပ်များ ပေါ်ပေါက်လာသည်။ ယင်းတို့သည် မဟာလမ်းစဉ်ကိုပင် ဖြိုခွဲနိုင်သည့် အစစ်အမှန် နတ်ဆင်များ ဖြစ်ကြသည်။
ချင်ရွှမ်ကန်းသည်လည်း ကျယ်ပြောလှသည့် လူအုပ်ထဲတွင် ရှိနေခဲ့သော်လည်း သူက သိသာ ပေါ်လွင်ထင်ရှားခြင်း မရှိပေ။ သူက ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ့တပည့်က သူ့ကိုပင် သာလွန်သွားပြီ ဖြစ်သည်။ အချိန်မည်မျှသာ ကြာလိုက်သနည်း။ သူသည် ရီဖူရှင်း၏ နောက်ခံက မရိုးရှင်းသည်ကို သိနေသော်လည်း ရီဖူရှင်း၏ ကြီးထွားမှု အမြန်နှုန်းကို သူ မျှော်လင့်မထားမိဆဲပင် ဖြစ်သည်။
သို့သော် ထိုအချိန်က သူ၏ ဆုံးဖြတ်ချက်က တကယ့်ကို မှန်ကန်ခဲ့သည်။ ပညာရှိကျမ်းသည် ရီဖူရှင်း၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက် အသင့်တော်ဆုံး ဖြစ်ကာ သူ့အား လမ်းစဉ်အားလုံးကို သန့်စင်ပေးရန် ကူညီပေးသည်။
“မောက်မာလိုက်တာ” ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်က အေးစက်စွာ ပြောလိုက်သည်။ ကောင်းကင်လမ်းစဉ်ကို ချိုးဖျက်ကာ သူက ကောင်းကင်လမ်းစဉ် နတ်ခန္ဓာဟု အမည်တပ် ပြောဆိုရဲသည်လား။ ထိုသည်က သာမန် အရေးမလုပ်ခြင်း မဟုတ်တော့ဘဲ သူ၏ မောက်မာမှုသည် ဂရုမစိုက်မှုမှ လာခြင်းဖြစ်ကာ သူက လေးစားမှုဟူသည့် အရာကိုလည်း နားလည်ခြင်း မရှိပေ။
ထို့ပြင် သူက လမ်းစဉ်အားလုံးကို ကျင့်ကြံနိုင်စွမ်းရှိသည့် အတွက်ကြောင့်နှင့် သူ့ကိုယ်သူ ကောင်းကင်လမ်းစဉ် နတ်ခန္ဓာဟု ခေါ်ရဲသည်လား။
သို့ဆိုလျှင် ရှန့်ထိုအဆင့် တန်ခိုးရှင်အားလုံးသည် မဟာလမ်းစဉ်ခန္ဓာပိုင်ရှင်များ ဖြစ်ကုန်လိမ့်မည်လား။
ကျန်းယွမ်၏ မျက်လုံးများထဲမှ တောက်ပသော အလင်းတို့ ထွက်ပေါ်လာသည်။ သူက ရီဖူရှင်း၏ စကားလုံးတို့ကို လျစ်လျူရှုကာ လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ စွမ်းအားများက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသည်။ သူက ရီဖူရှင်းဆီသို့ လက်တစ်ချောင်း ညွှန်ပြလိုက်ကာ ရုတ်တရက် အားလုံးသော ဓားများက ကောင်းကင်ကို တစ်ချိန်တည်းတွင် ထိုးဖောက်လာသည်။
ဘုန်း!
ရီဖူရှင်းက လေထဲသို့ ခြေချလိုက်ပြီး နတ်ဆင်ခြေလှမ်း ကောင်းကင်ချနင်း နည်းစနစ်ကို အသုံးပြုလိုက်သည်။ များပြားလှသည့် နတ်ဆင်များက နတ်ဓားများဆီသို့ ဒုန်းစိုင်းသွားသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းက သူ့လက်ကို မြှောက်ကာ လက်သီးစွမ်းအားကို အဆက်မပြတ် ဖော်ထုတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးသည် ထိုးဖောက်ခံလိုက်ရသည်ဟု ထင်မှတ်ရကာ နေရာတစ်ခုလုံးက ရှုပ်ထွေးသွားသည်။ သူ၏ လက်သီးချက်တစ်ချက်ချင်းစီက လောကကြီး၏ အစွန်းတစ်ဖက်ကို ဖျက်ဆီးပစ်သည်။ နတ်ဓားသည် ပေါက်ကွဲပျက်စီးသွားပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကို မည်သည့် ဓားမှ ချဉ်းကပ်နိုင်ခြင်း မရှိတော့ပေ။
ဘန်း! သူက ဆက်လက်၍ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာနေပြီး မရေတွက်နိုင်သည့် ဆင်များသည် ကောင်းကင်ကို ဖိနှိပ်ကာ ပြိုကျစေသည်။
တစ်ချိန်တည်းမှာပင် ကျန်းယွမ်သည် မိုးကြိုးစစ်နတ်ဘုရားအဖြစ် ပြောင်းလဲသွားပြီး သူ့ ခန္ဓာကိုယ်မှ မိုးကြိုးအလင်းများ ထွက်ပေါ်လာကာ လေဟာနယ်အတွင်းရှိ ဆင်များဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့ကာ သူတို့ကို ပျက်စီး ကြေမွသွားစေခဲ့သည်။
သူသည်လည်း ရှေ့သို့ ဦးတည်သွားသည်။ သူ့နောက်တွင် ကမ္ဘာဖျက်မိုးကြိုးဝင်္ကပါကြီး တစ်ခု ပေါ်ပေါက်လာသည်။ ထိုအခိုက်တွင် ဝင်္ကပါသည် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေပြီး သူကိုယ်တိုင်ပင် ဝင်္ကပါ ဖြစ်သွားသကဲ့သို့ ထင်မှတ်ရပေသည်။
ရီဖူရှင်း၏ ရှေ့သို့ ကျန်းယွမ် ရောက်ရှိလာပြီး အနီးကပ် တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
ဤမြင်ကွင်းကို ကြည့်ကာ များပြားလှသည့် လူများ၏ နှလုံးသားများက တုန်ယင်သွားသည်။ ရီဖူရှင်း၏ နတ်ဆင်လေဟာနယ်ခွဲလက်သီး ကျင့်ကြံခြင်း လမ်းစဉ်က အလွန် အစွမ်းထက်လှသည်။ ကျန်းယွမ်က ချေပနိုင်ပါမည်လား။
ကျန်းယွမ်သည် မိုးကြိုးနတ်၏ သရုပ်သကန် ဖြစ်လာသည်။ သူက လက်တစ်ဖက်ကို မြှောက်ကာ ရှေ့သို့ တွန်းလွှတ်လိုက်သည်။ သူ၏ လက်သည် အသွေးအသားနှင့် ဖွဲ့စည်းထားခြင်း မဟုတ်တော့ဘဲ မိုးကြိုးသွားကဲ့သို့ ဖြစ်လာကာ ဖြစ်တည်မှုအားလုံးကို ရှင်းလင်းပစ်တော့မလိုပင် ဖြစ်သည်။
ရီဖူရှင်းက ရှောင်တိမ်းခြင်း မပြုပေ။ သူက ရှေ့သို့ ခြေချလိုက်ပြီး လက်ကို မြှောက်လိုက်သည်။ နတ်ဆင်များ၏ ကြီးမားသော ခွန်အားက သူ့လက်သို့ ပေါင်းစပ်လာသည်။ သူက လက်သီးဖြင့် ပစ်ထိုးလိုက်သည်။ နတ်ဆင်ပုံရိပ်က ပေါ်ပေါက်လာပြီး လေဟာနယ်ကို ဖျက်ဆီးကာ ကျန်းယွမ်၏ လက်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
သူတို့ နှစ်ယောက်၏ တိုက်ခိုက်မှုတို့ တွေ့ဆုံသွားသည့်အခါတွင် ကျန်းယွမ်သည် သူ့ခန္ဓာကိုယ်က ပေါက်ကွဲပျက်စီးတော့မလို ခံစားလိုက်ရပြီး ရီဖူရှင်းကတော့ သူ့လက်အတွင်းမှ နတ်ဆင်၏ ကြီးမားသော စွမ်းအားက သူ့ကို ကာကွယ်ပေးထားကြောင်း ခံစားလိုက်ရပေသည်။ ဖျက်ဆီးခြင်း မိုးကြိုးစွမ်းအားများက ထိုးဖောက်ကာ အရာအားလုံး ဖျက်ဆီးခံလိုက်သည်။
ကျန်းယွမ်သည် ပထမဆုံးတစ်ခါ စမ်းသပ်တိုက်ခိုက်ပြီးနောက် တစ်ဖက်လူကို ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။
အလွန် ပြင်းထန်သည့် ထိခိုက်မှုသည် သူတို့ထဲက မည်သူ့ကိုမှ ကျဆုံးသွားစေရန် မပြုလုပ်နိုင်ပေ။ သူတို့သည် လက်များကို မြှောက်ကာ အချင်းချင်း တစ်ဖန် ထပ်ကာ ထိုးလိုက်ကြပြန်သည်။
ဘန်း …. ဘန်း …. ဘန်း ….
သူတို့သည် တစ်ခါပြီးတစ်ခါ အချင်းချင်း တိုက်ခိုက်နေကြပြီး သူတို့၏ တိုက်ခိုက်မှုက ကမ္ဘာကိုပင် တုန်လှုပ်စေသည်။ များပြားလှသော လူများသည် အတွင်းထဲ၌ တုန်လှုပ်နေကြသည်။ သူတို့၏ အသွေးအသား ခန္ဓာကိုယ်များက ထိုမျှပြင်းထန်သော တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိကြသည်လား။
ထိုသည်က ရူးလောက်စရာပင် ဖြစ်သည်။
ကျန်းယွမ် တိုက်ခိုက်သည့်အခါ ကောင်းကင်ရှိ မိုးကြိုးများက ကျဆင်းလာပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းမိုးကာ တိုက်ပွဲသည် နတ်ဘုရားပြစ်ဒဏ် ကပ်ဘေးအတွင်း ရောက်ရှိနေသကဲ့သို့ပင် ဖြစ်သည်။ ရီဖူရှင်း တိုက်ခိုက်သည့်အခါ ပညာရှိကျမ်းသည် လင်းလက်တောက်ပနေပြီး သူ့ခန္ဓာကိုယ်ကို ရှေးဟောင်းစာလုံးများဖြင့် ဝန်းရံထားကာ နတ်ဆင်များက ကာကွယ်ပေးထားသည်။ နှစ်ဖက်လုံးသည် အလွန်ပြင်းထန်သည့် ရိုက်ချက်များကို ထုတ်ဖော်နေကြပေသည်။
ကျယ်လောင်သည့် အသံနှင့် သူတို့သည် အချင်းချင်း ခွဲထွက်သွားကာ သူတို့၏ မူလနေရာသို့ ပြန်လည် ရောက်ရှိသွားသည်။
ကျန်းယွမ်၏ ကိုယ်ပေါ်တွင် တောက်ပသည့် မိုးကြိုးများနှင့် တောက်ပနေသော်လည်း မိုးကြိုးနတ်ဘုရားကို လွှမ်းမိုးထားသည့် မိုးကြိုးစွမ်းအားများက အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။ သူက အထွတ်အထိပ် လမ်းစဉ်ခန္ဓာပိုင်ရှင် ဖြစ်ပြီး မိုးကြိုးလမ်းစဉ် စွမ်းအားများက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားကာ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို အားဖြည့်ပေးထားပြီး အရာအားလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအားရှိသည်ဆိုလျှင်ပင် ထိုသို့သော တိုက်ခိုက်မှုမျိုးက သူ၏ မျက်နှာကို ဖြူဖျော့စေကာ သူ့ခန္ဓာမှ မိုးကြိုးစီးဆင်းမှုကို ပိတ်ဆို့ ထားဆီးထားလိုက်သည်။
ရီဖူရှင်းသည်လည်း သက်သောင့်သက်သာ မရှိပေ။ ထိုအချိန်တွင် အဆုံးမဲ့ မိုးကြိုးအလင်းတန်းများက သူ့ခန္ဓာကိုယ်တွင် အော်မြည်နေသည်။ သို့သော် ရှေးဟောင်းသစ်ပင်၏ စွမ်းအားက ယင်းတို့ကို ဝါးမျိုသွားပြီး ထိုစွမ်းအားများကို ချေဖျက်ကာ သူ့ကို ခုခံကာကွယ်ပေး၍ အသက်ဓာတ်တို့အား တည်ငြိမ်လာစေသည်။
“ကျန်းယွမ်” ရီဖူရှင်းက သူ၏ မျက်လုံးများကို ပင့်မကာ ကျန်းယွမ်ကို ကြည့်၍ မေးလိုက်သည်။ “မင်း အဆင်ပြေလား”
ကျန်းယွမ်၏ မျက်လုံးများက အေးစက်သွားသည်။ ရီဖူရှင်း၏ ပြောလိုက်ပြီးနောက် မိုးကြိုးဓားများက ကောင်းကင်မှ တိုက်ရိုက် ကျဆင်းလာသည်။
ရီဖူရှင်းသည် သူ့လက်ကို မြှောက်လိုက်ပြီး လက်သီးတစ်ချက် ထိုးလိုက်သည်။ သူက ရှေ့သို့ လျှောက်သွားပြီး ကောင်းကင်ကို ဖိနှိပ်လိုက်သည်။
ဘုန်း …. ကျန်းယွမ်၏ ခန္ဓာကိုယ်က မိုးကြိုးအလင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းသည် ရီဖူရှင်းဆီသို့ အလွန် လျင်မြန်စွာ ပျံသန်းလာပြီး သူ့ကို သတ်ပစ်ရန် ရည်ရွယ်ပေသည်။
ရီဖူရှင်းသည် လေဟာနယ်ကို ခြေလှမ်းကာ လျှပ်စီးအလင်းတန်းကဲ့သို့ ပြောင်းလဲသွားသည်။ ယင်းတို့သည် လေထုအလယ်တွင် ထိပ်တိုက် တွေ့ဆုံခဲ့ကြသည်။
လူအုပ်သည် မြေပြင်မှ ကောင်းကင်သို့ ထိုးတက်သွားသည့် အလင်းတန်းနှစ်ခုကိုသာလျှင် မြင်နိုင်ပေသည်။ ထိုသည်မှာ ထူးခြားသည့် နည်းစနစ်များ မပါဝင်ဘဲ ပြင်းထန်သည့် စွမ်းအားများ ထိပ်တိုက်တွေ့ခြင်းသာ ဖြစ်လေသည်။ သို့ဆိုလျှင်ပင် ယင်းတို့၏ အထူးခြားဆုံးသော သဏ္ဌာန်ကို မြင်နိုင်ရန် ခက်ခဲလှသည်။ ကောင်းကင်ပေါ်ရှိ နတ်မိုးကြိုးများနှင့် နတ်ဆင်တို့၏ တိုက်ခိုက်မှုအား အလင်းနှစ်ခုသာလျှင် မြင်တွေ့နိုင်ပေသည်။
ဘုန်း ….
သူတို့၏ ခန္ဓာကိုယ်များက တစ်ဖန်ထပ်ကာ ခွဲခြားသွားခဲ့သည်။ ကျန်းယွမ်၏ ခန္ဓာကိုယ်ပေါ်မှ မိုးကြိုးအလင်းများက ကြမ်းတမ်းစွာ ကခုန်နေသည်။ သူ၏ မျက်နှာက ဖြူဖျော့ကာ သွေးများက သူ့ပါးစပ်မှ စီးဆင်းလာသည်။
ရီဖူရှင်း၏ အသက်ဓာတ်က တက်လိုက်ကျလိုက် ဖြစ်နေသည်။ ဖျက်ဆီးခြင်း မိုးကြိုးသွားက ပညာရှိကျမ်း၏ အရှိန်အဝါနှင့် ပေါင်းစပ်သွားသည်။ မကြာခင် ယင်းသည် ဝါးမျိုခံရကာ သန့်စင်သွားသည်။ သူ့ခန္ဓာမှ အရှိန်အဝါသည် မောက်မာဝင့်ကြွားနေဆဲပင် ဖြစ်သည်။ သူက ပြောလိုက်သည်။ “ကြည့်ရတာ မင်းရဲ့ မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာက ကျုပ်ရဲ့ ကောင်းကင်လမ်းစဉ် နတ်ခန္ဓာထက် နိမ့်ကျတဲ့ပုံပဲ။ ဘယ်လိုများ ဖြစ်ရတာလဲ”
ကျန်းယွမ်၏ ခန္ဓာကိုယ်မှ မိုးကြိုးများ ကျဆင်းလာပြီး မိုးကြိုးသံများမှ အော်မြည်နေသည်။ ယခုထိတိုင်အောင် လူတိုင်းက ကျန်းယွမ်၏ တိုက်ခိုက်မှုသည် ရီဖူရှင်းအား မည်သို့မှ မလုပ်နိုင်သည်ကို နားလည်ထားကြသည်။ ထိုသူ၏ ရုပ်ပိုင်းဆိုင်ရာသန်မာမှုက အလွန် အားကောင်းပေသည်။ အဆုံးစွန် အစွမ်းထက် တိုက်ခိုက်မှုသည်ပင် သူ့ကို မထိခိုက်နိုင်ပေ။
တိုက်ပွဲသည် ဤသို့သာ ဆက်လက်သွားနေပါက ခရမ်းရင့်ကောင်းကင်နန်းတော်၏ အထွတ်အထိပ်ဆရာသခင်က ရှုံးနိမ့်ရလိမ့်မည် ဖြစ်သည်။
ကျန်းယွမ်က သူ၏ အမြင့်ဆုံးစွမ်းအားကို ဖော်ထုတ်ခဲ့သော်လည်း ရီဖူရှင်းကို ရိုက်နိုင်ခြင်း မရှိသေးပေ။
များပြားလှသည့် လူများသည် ထို ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကို ကြည့်ကာ အတွင်းထဲမှ တုန်ယင်လာကြသည်။
အခြားသော ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာပြီ ဖြစ်သည်။
ဤတိုက်ပွဲပြီးနောက်တွင် ကောင်းကင်အာဏာစက်ဘုံ တစ်ခုလုံးသည် သူ့အမည်ကို သိရှိသွားကြမည် ဖြစ်သည်။
ဘုန်း! ကျန်းယွမ်၏ မျက်လုံးမှ တောက်ပသည့် အလင်းများ တောက်ပလာပြီး သူက တစ်ဖန် ရှေ့သို့ တည့်မတ်တိုးဝင်လာသည်။
ရီဖူရှင်းသည် သာမန်သာ ကြည့်လိုက်ပြီး သူသည်လည်း ကျန်းယွမ်ထံသို့ ဦးတည်လိုက်သည်။
သူ့လက်ကို မြှောက်ကာ ကျန်းယွမ်သည် လက်သီးတစ်ချက် ထိုးလိုက်သည်။ မိုးကြိုးအလင်းများသည် လေဟာနယ်ကို ချိုးဖျက်လာပြီး ရီဖူရှင်းထံ တစ်ဟုန်ထိုး ဝင်ရောက်လာသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်က ခုန်ရှောင်လိုက်ပြီး သူသည်လည်း လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။ ဤတစ်ကြိမ်၌ ကျန်းယွမ်၏ လက်သီးကို တိုက်ခိုက်ရမည့်အစား သူက ကျန်းယွမ်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်သည်။
ကျန်းယွမ်၏ မျက်လုံးများက အနည်းငယ် မှေးကျဉ်းသွားပြီး သူက ရီဖူရှင်း၏ ရည်ရွယ်ချက်ကို သတိပြုမိလိုက်သော်လည်း သူက ထိုအချိန်၌ မည်သို့ ရှောင်တိမ်းနိုင်ပါမည်နည်း။
ဘုန်း …. တောက်ပသည့် နတ်မိုးကြိုးအလင်းများသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လွှမ်းမိုးသွားပြီး ပြင်းထန်သည့် ဖျက်ဆီးခြင်းမိုးကြိုးများက အရာအားလုံးကို ဖျက်ဆီးသွားသည်။ သူ့ခန္ဓာကိုယ်မှ အရာအားလုံးသည် ဖျက်ဆီးခံရပေလိမ့်မည်။
တစ်ချိန်တည်းတွင် သူ၏ နတ်ဆင်လေဟာနယ်ခွဲလက်သီးက ကျန်းယွမ်၏ နတ်မိုးကြိုး ခန္ဓာကိုယ်ကို တစ်ချက်တည်းနှင့် ဖြတ်သန်း ထိုးနှက်နိုင်ခဲ့ပေသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်သွားကာ သူ၏ ပညာရှိကျမ်း အလင်းများက ပျောက်ကွယ်သွားသည်ဟု ထင်မှတ်ရသည်။ မိုးကြိုးစွမ်းအားများက သူ့ကို ဖျက်ဆီးပစ်ပြီး သူ့ပေါ်မှ ဖျက်ဆီးခြင်းမိုးကြိုးတို့က အော်မြည်နေသည်။ သူ့ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူ့ပါးစပ်မှ သွေးစတို့ စီးကျလာသော်လည်း သူသည် မတ်တတ်ရပ်နေဆဲ ရှိသေးသည်။
ကျန်းယွမ်သည်လည်း လက်သီးတစ်ချက်နှင့် အဝေးသို့ လွင့်စဉ်သွားကာ သူ့ခန္ဓာနှင့် ပေါင်းစည်းထားသော နတ်မိုးကြိုးသဏ္ဌာန်က ပေါက်ကွဲပျက်စီးသွားသည်။ သူ့ကိုယ်ပေါ်မှ မိုးကြိုးစွမ်းအားက ဆက်လက်အားနည်း သွားနေပြီး သွေးချောင်းတို့ အဆက်မပြတ်ဆိုးနေကာ သူ့ အသက်ဓာတ်က အားနည်းသွားခဲ့လေသည်။
***