အခန်း ( ၁၅ )

ထာဝရအသက်ရှည်နည်း ပညာရပ်

စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းပေါ်သို့ လရောင်သည် မြူများအပေါ်မှ ဖြာကျလျက်ရှိရာ ပတ်ဝန်းကျင်တစ်ခွင်လုံး အံ့ဘနန်း လှပနေသည်။

အရှေ့ဘက်ခြမ်းမှ တောင်အလယ်လောက်ရှိ လမ်းသွယ်လေးတစ်ခု၏အဆုံးသည် ရှောင်ချန်းနေရမည့်နေရာ ဖြစ်သည်။ ထိုနေရာသည် ကွင်းပြင်ကျယ်ကြီးဖြစ်ပြီး အမွှေးနံ့ သင်းသင်းလေးရှိသော ပန်းများ၊ အပင်များနှင့် ပြည့်နှက်နေသည်။ ရှောင်ချန်းသည် သစ်လုံးအိမ်လေးတွင် နေရာချထားပေးခြင်းခံရပြီး စားပွဲတစ်လုံးနှင့် ခုတင်တစ်လုံးပါဝင်လေသည်။ ထို စားပွဲနှင့် ခုတင်များကို ပန်းခရမ်းရောင် အသွေးရှိသော သစ်သားနှင့် ပြုလုပ်ထားပြီး ချစ်စရာကောင်းသော အမွှေးရနံ့လေးကလည်း လွင့်ပျံ့နေသည်။ သည်နေရာသည် အစေခံတန်းလျားထက် အစစ အရာရာ သာလွန်ကောင်းမွန်လေသည်။

ကွင်းပြင်ကျယ်ကြီးတွင် အပင်များ စိုက်ပျိုးရန် အဆင်သင့် ရှင်းလင်းထားပြီးသား ဖြစ်နေသည်။ ထောင့်တစ်ထောင့်တွင်လည်း ရေတွင်းတစ်တွင်းရှိသေးသည်။ လရောင်လျှမ်းနေသော ရှုခင်းကို ခံစားနေရင်း ရှောင်ချန်းမှာ အင်မတန် ပီတိဖြာနေသည်။

“စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ တရားဝင် အပြင်စည်းဂိုဏ်းသားတွေ နေရတာက အစေခံတန်းလျားကထက် တော်တော်လေးကောင်းတာပဲ။ ခုနေနေရတဲ့နေရာက တော်တော်လေးမဆိုးဘူး။ အကိုကြီးတွေပြောတာမှတ်မိသလောက် အတွင်းစည်းဂိုဏ်းသားတွေက အင်မော်တယ်ဂူတွေထဲမှာ နေတာတဲ့။ အဲ့ဒီနေရာတွေဆိုရင်တော့ သောက်ရမ်းကောင်းမှာပဲ” ရှောင်ချန်းက မွှေးနံ့သာတောင်ထိပ်ကို လှမ်းမျှော်ကြည့်ရင်းပြောသည်။ အတွင်းစည်းဂိုဏ်းသားတွေသာလျှင် တောင်ထိပ်ပေါ်တွင် နေခွင့်ရလေသည်။

ခဏကြာတော့ သူ့သစ်လုံးအိမ်လေးထဲသို့ ပြန်ဝင်သွားသည်။ အပျင်းကြောဆန့်လိုက်ပြီးနောက် ချိတ်ထားသော အိတ်ကို ကြည့်လိုက်သည်။ အိတ်ထဲက ပစ္စည်းများကို ဂရုတစိုက် ဖွဖွလေး ဆွဲထုတ်လိုက်ရာ ဆေးပုလင်းတစ်လုံးနှင့် အစိမ်းရောင် အမွှေးတိုင်တစ်ချောင်း ထွက်လာသည်။

“ဝိုး… ဒီပစ္စည်းတွေက တော်တော်လေး အံ့သြစရာကောင်းတာပဲ။” သူ့အိတ်လေးကို မြတ်မြတ်နိုးနိုး ပွတ်သပ်နေရင်းနှင့် ပြောသည်။ ထို့နောက် သူ့မျက်လုံးတွေက ဆေးပုလင်းနှင့် အစိမ်းရောင် အမွှေးတိုင်ဆီသို့ ရောက်သွားသည်။ ဆေးပုလင်းပေါ်တွင် အညွှန်းစာတစ်ခုကပ်ထားပြီး ချီစုစည်းခြင်းဟု ရေးထားသည်။ အမွှေးတိုင်ပေါ်တွင်မူ ‘အစိမ်းရောင် ပေါ်ထွက်ခြင်း’ ဟု ထွင်းထားသည်။ အစေခံတန်းလျားကို ရောက်ကာစကဲ့သို့ပင် ပစ္စည်းများကို လက်ခံရရှိခြင်း ဖြစ်သည်။ ဆေးလုံးများကို သောက်လျှင် ကျင့်ကြံခြင်းအခြေခံကို တိုးတက်စေပြီး အမွှေးတိုင်များအနံ့များကို ရှူရှိုက်လျှင်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။

“ပထမဆုံး စိတ်စွမ်းအင်အဆင့် မြှင့်တင်ခြင်းတုန်းက ဒါတွေကို မသုံးခဲ့ရတာက တော်တော်လေး အလဟဿဖြစ်ခဲ့တာပဲ။ အဲ့တုန်းကသာ သုံးခဲ့ရမယ်ဆိုရင် နောက်တစ်ဆင့်ကို ငါရောက်နေလောက်ပြီ ”
ခဏလောက် ချင့်ချင့်ချိန်ချိန်တွေးပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ သို့သော်လည်း သူ့ဆီတွင် တစ်ရောင်ခြယ် ထင်းပဲရှိသည်။ မနက်မိုးလင်းလျှင် တောင်အောက်ဆင်းပြီး ပိုကောင်းသော ထင်းများသွားယူရန် စိတ်ပိုင်းဖြတ်လိုက်သည်။

ဆုံးဖြတ်ချက်ချပြီးနောက် ခြေချိတ်ထိုင်လိုက်ပြီး စတင်ကျင့်ကြံလေသည်။ သူသည် ကျင့်ကြံမှုနှင့် ပတ်သက်ပြီး ဘယ်တုန်းကမှ ဇွဲမလျှော့ပေ။ သူ့တိုးတက်မှုက ယခုတလော နှေးကွေးနေသော်လည်း နေ့တိုင်းဆက်ကျင့်မြဲ ကျင့်ကြံနေသည်။

ကျင့်ကြံချင်း၏ အဓိက ရည်ရွယ်ချက်မှာ ထာဝရရှင်သန်ခြင်းဖြစ်သဖြင့် ကျားကုတ်ကျားခဲ ကျင့်နေခြင်းဖြစ်သည်။

သမားရိုးကျ ညတစ်ည ကုန်ဆုံးသွားပြီး အရုဏ်တက်ချိန်သို့ ရောက်လာပြန်ပြီ။ နေရောင်သည် မြူများပေါ် ဖြာကျနေပုံမှာ အဖိုးတန်ရတနာများ ကောင်းကင်ပေါ်မှ ကျလာသကဲ့သို့ ဖြစ်သည်။ ရှောင်ချန်းသည် တစ်ညလုံး ကျင့်စဉ်ကျင့်ကြံနေသည်။ မျက်လုံးများကို ဖွင့်လိုက်ပြီး အပြင်ဂိုဏ်းဝတ်ရုံကို ဝတ်လိုက်သည်။ ထို့နောက် မနေ့က အကိုဟိုပြောထားသည့် ကဗျာကို ရှာဖွေရန် သစ်လုံးအိမ်လေးထဲမှ ကဗျာကယာထွက်လိုက်သည်။

ကျမ်းစာဆောင် သည် သူနေသည့်နေရာမှ ဆန့်ကျင်ဘက် အခြားတောင်ခြမ်းတွင် ရှိသည်ဖြစ်ရာ တော်တော်ဝေးလေသည်။ တစ်နာရီလောက် လမ်းလျှောက်ပြီးနောက် ဘုံကျောင်းများစုဝေးနေသည်ကို တွေ့လိုက်ရသည်။ ထိုဘုံကျောင်းများသည် တလက်လက်တောက်ပနေပြီး နွေးထွေးသော ခံစားချက်များ ဖြစ်ပေါ်စေနေသည်။

သူသည် အပြင်ဂိုဏ်းသားအချို့ကို တွေ့လိုက်ရပြီး အားလုံးက ရှုပ်ခတ်နေအောင် အလုပ်များလျက်ရှိသည်။ ရှောင်ချန်းသည် ချီစုစည်းခြင်း အဆင့်သုံးအထိပဲ အောင်မြင်သေးသည်ဖြစ်ရာ သူ့ကို ဘယ်သူကမှ သောက်ဂရုမစိုက်ပေ။

ပိုင်ရှောင်ချန်းကလည်း သူတို့ဂရုမစိုက်သည်ကို သောက်ဂရုမျှမစိုက်။ သို့သော်လည်း တွေ့သမျှဂိုဏ်းသားများသည် သူ့ထက် ချီစုစည်းမှုအဆင့်မြင့်မားသည့်သူများသာ ဖြစ်နေရာ သတိတော့ထားနေရလေသည်။ တချို့ဆိုလျှင် အင်မတန်မှ တန်ခိုးအဆင့် မြင့်မားနေသည့်အတွက် ဘယ်အဆင့်ကိုရောက်နေမှန်းပင် ရှောင်ချန်းမသိပေ။ နေရာအနှံ့တွင် ဂိုဏ်းသားများသည် သူ့အုပ်စုနှင့်သူ ရယ်လိုက်မောလိုက် စကားပြောလျက် ရှိကြသည်။

ကျမ်းစာဆောင်နှင့် နီးလာလေ ဂိုဏ်းသားတွေ ပိုများလာလေ ဖြစ်သည်။ ထိုအဆောက်အဦးထဲသို့ ဝင်လိုက်သည်နှင့် တောင်ထိပ်တစ်ခုမှဖြာကျနေသော အလင်းရောင်များကို တွေ့လိုက်ရသည်။ ထိုအလင်းရောင်အောက်တွင် လေပေါ်ပျံနေသည့် အပြားတစ်ခုပေါ်၌ မတ်တပ်ရပ်နေသော လူရွယ်တစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူသည် မွှေးရနံ့တိမ်တောင်ကို လှည့်လည်ပျံသန်းနေပြီး ထိုနေရာသို့ ပြန်လာရပ်ပြန်သည်။

“ဒါက တရားစီရင်ရေးဆောင်က ချန်သကျင်း ပဲ။ အကိုကြီး ချန်!”
“အကိုကြီး ချန်က အတွင်းစည်းဂိုဏ်းသားတစ်ယောက်လည်းဖြစ် တရားစီရင်ရေး ဆောင်က အဖွဲ့ဝင်လည်းဖြစ်လို့ တော်တော်လေး ကျော်ကြားတာပဲ။ ကြားမိသလောက် ချီစုစည်းမှု အဆင့်ရှစ်ကိုတောင် အောင်မြင်ထားပြီးတော့ အရာဝတ္ထုတွေကိုတောင် လေပေါ်မှာ စီးနင်းသွားနိုင် တယ်တဲ့။ ငါတော့ တော်တော် မနာလိုဖြစ်နေမိပြီ။ ”
ရှောင်ချန်းသည် တခုတ်တရ လိုက်ငေးကြည့်နေသည်။ ချန်သကျင်းပျောက်သွားသောအခါ ကျိတ်ပြီးသက်ပြင်းချလိုက်လေသည်။

“ငါ ပျံနိုင်သွားရင် မွှေးရနံ့တိမ်တောင်ထိပ်ကို နေ့တိုင်းကို ပတ်ပျံဦးမှာ” သူ့ဘာသာကြုံးဝါးလိုက်သည်။ ထို့နောက် လူအုပ်ကြီးထဲမှ တိုးထွက်ကာ ကျမ်းစာဆောင်ဆီသို့ အသော့နှင်တော့သည်။

အဆောက်အဦးကြီးမှာ အင်မတန် ကြီးကျယ်လှသည်။ ပထမထပ်တွင် စားပွဲရှည်ကြီးသာရှိပြီး ပြောင်ရှင်းနေသည်။ ထိုစားပွဲ၏အဆုံးတွင် အဖိုးအိုတစ်ယောက်သည် မျက်လုံးများကို မှိတ်ပြီး ကျင့်ကြံနေသည်။ ဂိုဏ်းသားအားလုံးသည် ထိုအဖိုးအိုနှင့် ဆုံကြရမည် ဖြစ်ပြီး မိမိ၏ ဂိုဏ်းသားတံဆိပ်ပြားကို ခုံပေါ်တွင် ထပ်ကြရသည်။ ထိုတံဆိပ်ပြားက တစ်လက်လက်လင်းပြီးလျှင် အဖိုးအိုကို အရိုအသေပေးကာ ထွက်ခွာကြရသည်။

အခြားသူများကဲ့သို့ ပိုင်ရှောင်ချန်းလည်း သူ့တံဆိပ်ပြားကို စားပွဲပေါ်တင်လိုက်သည်။ တံဆိပ်ပြား လင်းသွားအောင် ခဏမျှစောင့်လိုက်ရပြီးနောက် တံဆိပ်ပြားကို ပြန်ကောက်ယူကာ အခြားဂိုဏ်းသားများကဲ့သို့ ဒုတိယထပ်ကို တက်သွားသည်။

ထိုအထပ်တွင် စင်များ အများအပြားရှိပြီး ကျောက်စိမ်းတံဆိပ်ပြားများ ဝါးလိပ်များနှင့် ပြည့်ကြပ်နေသည်။ ထိုတံဆိပ်ပြားများသည် တလက်လက်တောက်ပနေသဖြင့် ကျမ်းစာဆောင် ဒုတိယအထပ်ကို သာမန်ထက်ထူးခြားနေစေသည်။

ရှောင်ချန်းသည် လှည့်ပတ်ကြည့်ရှုနေပြီး အပေါ်ထပ်တက်သည့် လှေကားဆီသို့ သွားရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ့ခြေလှမ်းမှာ နောက်ဘက်သို့ ပြန်ကန်ထွက်လာလေသည်။
လက်ထဲတွင် ဝါးလိပ်တစ်လိပ်ကိုင်ထားသော မျက်ခုံးခပ်တန်းတန်းနှင့် လူရွယ်တစ်ယောက်သည် သူ့ဘေးနားမှာထိုင်နေရင်း ဘာတွေဖြစ်နေတာလဲဟု လှမ်းကြည့်နေသည်။

ပိုင်ရှောင်ချန်းသည် အချိုသာဆုံးသော မျက်နှာပေးဖြင့် စပ်စပ်စုစု မေးလေသည်။
“အကိုကြီး…ဒီနေရာကို ဖြတ်သန်းနိုင်ဖို့ ဘယ်လို ကြီးကျယ်တဲ့ သတ်မှတ်ချက်တွေ လိုသေးတာလဲဗျ”

“ဘာ…မင်းက လူသစ်လား” လူရွယ်က လိုရင်းမရောက်ဘဲ တုံ့ပြန်သည်။ “ချီစုစည်းမှုအဆင့်ငါးရောက်မှ ဖြတ်လို့ရတာလေ” ဟုပြောပြီး ဝါးလိပ်ကို မျက်နှာအပ်ကာ စာကို ဆက်ဖတ်နေသည်။

ရှောင်ချန်းသည် လူရွယ်က သူ့ကို ဆက်ပြီး မနှောက်ယှက်စေချင်တော့သည့် အရိပ်အယောင်ကြောင့် တတိယထပ်အကြောင်းကို မေ့လိုက်သည်။ တတိယထပ်မရရင် ရတဲ့ဒုတိယထပ်ပေါ့ဟု နှလုံးသွင်းကာ တံဆိပ်ပြားတွေကို ကောက်ကြည့်လိုက် ဝါးလိပ်တွေကို လျှောက်ဖတ်လိုက်နှင့် စမွှေလေသည်။ ထူးဆန်းသောပညာရပ်အမျိုးမျိုးအကြောင်းကို တွေ့ရပြီး အချို့မှာ အလွန်စိတ်ဝင်စားစရာကောင်းလေသည်။

အထူးသဖြင့် မီးတာအိုအံ့ဖွယ်ပညာရပ် ဟုခေါ်သည့် ကျင့်စဉ်မှာ အင်မတန်စိတ်ဝင်စားစရာ ကောင်းလေသည်။

ခဏလောက်ကြာတော့ ဒယ်စောက်အိုး ခရမ်းရောင်ချီထိန်းချုပ်နည်းပညာရပ်အတွက် ကျောက်စိမ်းပြားကို တွေ့လေသည်။ ထိုကျောက်စိမ်းပြားတွင် အဆင့်လေးမှ အဆင့်ရှစ်အထိ ကျင့်စဉ်များကို ဖော်ပြထားသည်။ ချက်ချင်းကောက်သိမ်းလိုက်ပြီး ဟိုဟိုသည်သည် ဆက်ပြီးလျှောက်ကြည့်နေသည်။

အချိန်တွေကုန်သွားပြီး ညနေပင်စောင်းသွားလေသည်။ ရှောင်ချန်းလည်း ဒုတိယထပ်ကို ခုနစ်ဆယ်ရာနှုန်းလောက်မွှေနှောက်ပြီး ဖြစ်ပြီး လူလည်း တော်တော်ကျဲပါးသွားပြီဖြစ်သည်။

“အဆင့်ရှစ်အထိတဲ့ မယုံနိုင်စရာပဲ” ဟုတွေးလိုက်ပြီး သူရောက်နေသော အဆင့်ကို ဖတ်ကြည့်လိုက်သည်။ တစ်ခုသော ယိုယွင်းနေသည့် ဝါးလိပ်တစ်ခုကို မြင်လိုက်ရသောအခါ ရှောင်ချန်းသည် စိတ်လှုပ်ရှားမှုများကြောင့် မျက်လုံးများပြူးသွားသည်။

“ ထာဝရအသက်ရှည်နည်း ပညာရပ် ”
သူသည် အသက်ကို ပြင်းပြင်းရှိုက်လိုက်ပြီးမိတ်ဆက်ကို လေ့လာလိုက်သည်။ ကြည့်ရသည်မှာ ကျင့်ကြံခြင်း၏ အမြင့်ဆုံးအဆင့်သည် လူတစ်ယောက်ကို ထာဝရရှင်သန်အောင် ဖန်တီးပေးလိုက်ခြင်း ဖြစ်မည်။

ပညာရပ်၏ နာမည်ကို ထပ်မံစစ်ဆေးလိုက်ပြီး ၎င်းသည် သူ့အတွက်ဟု ဆုံးဖြတ်လိုက်သည်။

ထာဝရရှင်သန်နိုင်ရန် ထိုပညာရပ်ကို စတင်လေ့ကျင့်တော့မည်။ ကံတရားက သူ့ကို မျက်နှာသာ ပေးလွန်းသဖြင့် သည်လိုမျိုးပညာရပ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ရမည်။ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ဝါးလိပ်ကို ကိုင်ကာ လှေကားမှ ပြေးဆင်းသွားသည်။

ပထမထပ်က ခန်းမကြီးထဲသို့ ပြန်ရောက်သွားသောအခါ အဖိုးအိုသည် စားပွဲအဆုံးတွင် မျက်လုံးများမှိတ်ကာ ထိုင်နေဆဲဖြစ်သည်။ သို့သော်လည်း ရှောင်ချန်းက ဒယ်စောက်အိုး ခရမ်းချီ ထိန်းချုပ်နည်းပညာရပ် ကျောက်စိမ်းပြားနှင့် ထာဝရအသက်ရှည်နည်း ပညာရပ် ဝါးလိပ်ကို စားပွဲပေါ်တင်လိုက်စဉ်မှာတော့ အဖိုးအိုက မျက်လုံးပွင့်လာသည်။

အဖိုးအိုက တုန်တုန်ယင်ယင်နှင့် ပြေးလာသော ရှောင်ချန်းကို ခြေဆုံးခေါင်းဆုံး ကြည့်သည်။ ထိုအဖိုးအို၏ စူးစိုက်သော အကြည့်သည် မိုးကြိုးသွားကဲ့သို့ ပြင်းထန်လှသည်။ ကျောချမ်းသွားသော ရှောင်ချန်းသည် ချက်ချင်းပင် အလွန်လေးစားဟန် ပြုမူလိုက်သည်။

ကျေးဇူးတင်ဖွယ်ပင် အဖိုးအိုက ရှောင်ချန်းတံဆိပ်ပြားကို အရေးတယူ လျင်မြန်စွာ စစ်ဆေးပေးသည်။

“အခုမှ အသစ်ဝင်လာတဲ့ ဂိုဏ်းသားက ပထမဆုံးရှစ်ဆင့် ဒယ်စောက်အိုး ခရမ်းချီ ထိန်းချုပ်နည်း ပညာရပ်ရဲ့ မူရင်းကို ငှားခွင့်မရှိဘူး” အက်ကွဲနေသော အသံဖြင့် ဖြည်းညင်းစွာပြောသည်။

“ပြီးတော့ ကြိုက်နှစ်သက်ရာ ပညာရပ်ကို ငှားခွင့်ရှိတယ်။”
ရှောင်ချန်း လက်ထဲက ထာဝရအသက်ရှည်နည်း ပညာရပ် ဝါးလိပ်ကို မြင်သောအခါ

“နာမည်က စိတ်ဝင်စားဖို့ကောင်းပေမယ့် မပြည့်စုံသေးဘူးကွ။ မင်းသိအောင်ထပ်ပြောပြရရင် မင်းကျင့်လေလေ ပိုခက်လေလေ ဖြစ်လာမှာ။ ကျင့်နေရင်းရတဲ့ နာကျင်မှုက ပြင်းထန်လွန်းလို့ သာမာန်လူတွေဆို ကြံ့ကြံ့မခံနိုင်ကြဘူးကွ။ အတွင်းစည်းဂိုဏ်းသားတွေတောင် အောင်မြင်အောင် မကျင့်နိုင်ကြဘူး။ လုံးဝလက်မြှောက်ထားရတဲ့ ကျင့်စဉ်လေ။ ကျမ်းစာဆောင်မှာရှိနေတာ တော်တော်လေးတောင် ကြာနေပြီပေါ့။ ခုရော ဒီကျင့်စဉ်ကို ဆက်ယူချင်သေးလား ”
အဖိုးအိုက ရှောင်ချန်းကို ကြည့်လိုက်သည်။

အဖိုးအို၏ စကားများကို ကြားရပြီးနောက် ထိုပညာရပ်သည် သူ့ကို နှစ်ပေါင်းများစွာကြာအောင် သည်မှာစောင့်နေခြင်းဖြစ်မည်ဟု ခံစားမိလာသည်။ ထို့နောက် “မသေခြင်း” နှင့် “ထာဝရ ရှင်သန်ခြင်း” ဟူသော စကားလုံးများအကြောင်း ထပ်တွေးမိသောအခါ သွေးတွေဆူပွက်လာသကဲ့သို့ ခံစားရသည်။

“ ဘဘကြီး ကျွန်တော်တကယ် ဒါကို လိုချင်တာပါ” ဟု ချက်ချင်းပြန်ပြောလိုက်သည်။
အဖိုးအိုသည် နောက်ထပ်ထပ်ပြီး ရှည်ရှည်ဝေးဝေး ဖြောင်းဖြ မနေတော့ပေ။ ညာလက်ကို ဝှေ့ရမ်းလိုက်ရာ အမည်းရောင် ကျောက်စိမ်းပြားနှစ်ပြားက ပျံသန်းလာပြီး စာတွေကူးပေးလေသည်။ (အဲ့လယ် မိတ္တူစက်တွေဘာတွေနဲ့ ဂေါ်လိုက်တာ)။ စာတွေကို ကူးပြီးသောအခါ ရှောင်ချန်းကိုပေးလိုက်သည်။ ထို့နောက် ပြန်လည်ကျင့်ကြံနေပြီး ရှောင်ချန်းကို အဖက်မလုပ်တော့ပေ။

ရှောင်ချန်းသည် မူရင်း ကျောက်စိမ်းပြားများကို သူ့နေရာတွင်သူ ပြန်ထားလိုက်သည်။ သူ့မျက်လုံးများမှာ မျှော်လင့်ချက်တွေနဲ့တောက်ပနေပြီး ကျမ်းစာဆောင်ကနေ သူ့နေထိုင်ရာဝန်းထဲသို့ ပြန်ခဲ့လေသည်။

သူပြန်ရောက်သောအခါ ညအချိန်ပင်ဖြစ်နေပြီ။ သစ်လုံးအိမ်သို့ရောက်သည်နှင့် ခြေချိတ်ထိုင်ကာ အသက်ကို ပြင်းပြင်းရှူရင်း ထာဝရအသက်ရှည်နည်း ပညာရပ် ကျောက်စိမ်းပြားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် စိတ်စွမ်းအင်ကို လှည့်လည်စေပြီး ကျောက်စိမ်းပြားဆီသို့ ပို့လွှတ်လိုက်သည်။ မျက်လုံးများကို မှိတ်လိုက်သောအခါ ပညာရပ်၏ ထူးဆန်းသောမန္တာန်များသည် စိတ်ထဲတွင် ပေါ်လာသည်။

တစ်နာရီလောက် ကြာသောအခါ မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး တွေးတောနေပြန်သည်။

အဖိုးအို၏ပြောစကားအရ ထာဝရအသက်ရှည်နည်း ပညာရပ်သည် ပြည့်စုံခြင်းမရှိပေ။ ဖော်ပြထားချက်များအရဆိုလျှင် ဤပညာရပ်ကို အတွင်းနည်းနှင့် အပြင်နည်းဟူ၍ နည်းလမ်းနှစ်မျိုးနှင့် ကျင့်ကြံနိုင်လေသည်။ အပြင်နည်းကို ကျင့်ကြံလိုက်လျှင် ပြင်ပ လက္ခဏာများဖြစ်ကြသော အရေပြား၊ အသားနှင့် ကြွက်သားများကို ပျက်စီးစေနိုင်သည်။ အတွင်းနည်းကမူ အရိုးများနှင့် သွေးများကို ပျက်စီးစေနိုင်သည်။

မပြည့်စုံသော ဤကျင့်စဉ်တွင် အပြင်နည်းဖြစ်သော အရေပြားအတွက် ကျင့်ကြံခြင်းနည်းသာ ပါဝင်သည်။ ကျင့်စဉ်ကို ကျင့်ရသည်မှာ တော်တော်လေး ညှဉ်းပန်းခံရမည့်ပုံလည်း ပေါ်သည်။ ထို့ပြင် ကျင့်ကြံရန် အားအင်တွေ အများကြီးသုံးဖို့လည်း လိုအပ်သည်။ သို့သော်လည်း များစွာသော အံ့ဖွယ်လျှို့ဝှက်ပညာရပ်များကို အတွင်းမှာအကျဉ်းဖော်ပြထားပုံရသည်။ ဥပမာပြောရသော် အဆိုအရ လည်မျိုကိုဆုပ်ကိုကာ ချေမွခြင်း ဆိုတာမျိုးဖြစ်သည်။

ရှောင်ချန်းသည် တွန့်ဆုတ်နေသည်။ ထို့နောက် “မသေခြင်း” နှင့် “ထာဝရ ရှင်သန်ခြင်း” ဟူသော စကားလုံးများကို တစ်ခေါက်ထပ်ကြည့်လိုက်သည်။ နောက်ဆုံး မျက်ဝန်းထဲတွင် ဆုံးဖြတ်လိုက်ဟန်ကို မြင်ရသည်။ ဖော်ပြထားသည့်အတိုင်း လက်နှစ်ဖက်လုံးသုံးကာ ပုံစံအမျိုးမျိုးနှင့် သူ့ခန္တာကိုယ်ကိုသူ ထိုးနှက်ရင်း စတင်ကျင့်ကြံတော့သည်။

ရှောင်ချန်းသည် မသေခြင်းနှင့် ထာဝရရှင်သန်ရေးကို အခြားသူများနှင့် စာလျှင် အင်မတန် မက်မောသည်ဖြစ်ရာ ပညာရပ်တွင် လိုအပ်သည့် မိမိကိုယ်ကို ထိုးနှက်မှုများကို အတိအကျ တစ်ညလုံး လုပ်နေသည်။

နောက်တနေ့တွင် သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။ ထိုင်နေ ထနေစဉ်တွင် ဘာမှမဖြစ်သော်လည်း လက်မောင်းကို မလိုက်လျှင် အလွန်နာကျင်လေသည်။ သူသည် အံတင်းနေအောင် ကြိတ်ပြီး လမ်းညွှန်ထားသည့်အတိုင်း ဆက်ကျင့်ရန် သူ့ကိုယ်သူ တွန်းအားပေးလျက်ရှိသည်။

“အာာာာား…ခဏနား ခြေထောက်ဆန့်…ရိုးးးးးးးးရိုးးးးးးးးး ခြေထောက်ဆန့်ပြီးနား…” ဆန့်ငင် ဆန့်ငင် ညည်းညူရင်း သူကပြောသည်။

ပညာရပ်ထဲက စာတစ်ကြောင်းကို ထပ်ကာထပ်ကာ အော်ရင်း ခြေတပေါင်ကျိုးခုန်လျက် ဝန်းထဲတွင်လျှောက်ပတ်သွားနေသည်။ တစ်နေရာပြီးတစ်နေရာ မသက်မသာခံစားနေရသည်များကို ဖြေလျှော့နေရာမှ သူ့မျက်နှာပေါ်တွင် မျက်ရည်များပင် စီးကျလာသည်။

နောက်ဆုံးတော့ သွားများကို တင်းနေအောင်စေ့ပြီး ဝိညာဉ်ကျောက်တုံးများကို ဆုပ်ကိုင်ကာ တောင်အောက်သို့ဆင်းသွားလေသည်။

သူပုံကြည့်ရသည်မှာ အသက်ဆက်ဆေးအတွက် လိုအပ်သော ဆေးပင်များကို သွားဝယ်ပုံရသည်။ ထိုကဲ့သို့ ဈေးဝယ်ထွက်ခြင်းသည် ဝန်းထဲတွင် ဘာမှမလုပ်ရဘဲ လေ့ပဲလေ့ကျင့်နေရသည်ထက် တော့ ပိုကောင်းသေးသည်။

မကြာမီပင် မွှေးရနံ့တိမ်တောင်ထိပ်တွင် အလွန်ထူးဆန်းသောမြင်ကွင်းကို အပြင်စည်းဂိုဏ်းသားများစွာ မြင်နေရသည်။ ရုပ်ဖြောင့်ဖြောင့်နှင့် လူငယ်တစ်ယောက်သည် ခုန်ဆွခုန်ဆွနှင့် ထူးခြားစွာပြုနေသည်။ ရင်ခေါင်းသံကြီးနှင့် အော်ငိုနေပြီး ထို့အတွက်လည်း ဝမ်းသာပီတိဖြစ်နေပုံရသည်။

“အား…အား…အိုး…အိုး…အားးးးးးးးး…အိုးး…အိုးးး…အ.အ..အ…အားးးးးးး”
ရှောင်ချန်းသည် မငိုချလိုက်ချင်ပေ။ သို့သော် နာကျင်မှုမှာ ဆိုးရွားပြင်းထန်လွန်းလှသည်။ တကယ်တော့ လှုပ်ရှားနေမှသာ နာခြင်းမဟုတ်။ ငြိမ်နေလျှင်လည်း နာသည်။ မည်သို့ပင်ဆိုစေကာမူ အချိန်ပြည့် သူတွေးနေသည်က “မသေခြင်း” နှင့် “ထာဝရ ရှင်သန်ခြင်း” ဟူသော စကားလုံးများအကြောင်း သာဖြစ်သဖြင့်ဆုံးဖြတ်ချက်မှာ ဆက်လက်ပြင်းထန်ဆဲပင်ဖြစ်သည်။ ဤသို့ဖြင့် ဂိုဏ်းအပြင်ဘက်ရှိဈေးသို့ စိတ်ပြေလက်ပျောက်သွားလေသည်။ (သူလည်း တို့လို ရှော့ပင်ထွက်တာပေါ့ xD)

တုန်တုန်ယင်ယင်ဖြင့် သူလိုအပ်သော ဆေးပင်များ အားလုံးကို ဝယ်သည်။ တစ်ရောင်ခြယ်ထင်းများလည်း ဝယ်သည်။ နှစ်ရောင်ခြယ်ထင်းများသည် ဈေးပိုကြီးသဖြင့် တစ်ရောင်ခြယ်ထင်းကိုသာ ဝယ်သည်။ (စားဖိုဆောင်မှာဆို အလကားရတာသနားပါတယ် ရွှတ်ရွှတ်) ထို့နောက်တွင်မူ ဝိညာဉ်ကျောက်တုံးတွေ အကုန်ကုန်သွားလေသည်။

အံကြိတ်ကာ စားဖိုဆောင် အစေခံဘဝတုန်းက တာဝန်ယူခဲ့သည့် စီမံရေးရာအဆောင် သို့ပြန်သွားသည်။ ဆုလာဘ်အဖြစ် အသက်ဆက်ဆေးကို ပြန်ရလာသည်။

ဆေးလုံးသည် အဝါရောင်ရှိပြီး လက်သည်းခွံလောက်ရှိသည်။ ပြီးတော့ ထူးဆန်းသော ဆေးရနံ့တစ်မျိုးကလည်း ထွက်ပေါ်နေသည်။ ဆေးလုံးကိုကြည့်နေစဉ်မှာပင် တစ်ကိုယ်လုံး အသေအလဲနာကျင်လာပြီး စကားပင်မပြောနိုင်တော့ပေ။ ချွေးတွေကလည်း ရေသွန်ချထားသည့်အလား ဒလဟောထွက်နေပြီး သူ့တစ်ကိုယ်လုံး ရွှဲရွှဲစိုနေသည်။

အံကြိတ်ထားရင်း မွှေးရနံ့တိမ်တောင်ထိပ်သို့ ပြန်တက်ခဲ့သည်။ သူသွားသည့် လမ်းတစ်လျှောက်တွင် ချွေးတွေကျထားသော လမ်းကြောင်းရာက ကျန်ရှိနေသည်။ အခြား အဆိုးမြင်ဝါဒီ ဂိုဏ်းသားများသည် အံ့သြသည့် သံသယအကြည့်များနှင့် ကြည့်ကြသည်။ ခဏကြာတော့ ချွေးထွက်လွန်တာ ရပ်သွားပြီး ပုံမှန် ပြန်ဖြစ်သွားသည်။

သူ့ကိုယ်သူ ဘာဖြစ်သွားလဲ သူကိုယ်တိုင်ပင်မသိပေ။ သူနေထိုင်ရာ ဝန်းထဲသို့ ပြန်ရောက်ချိန်တွင် ညသန်းခေါင်ချိန်သို့ပင် ရောက်နေပြီ။အခန်းထဲသို့ရောက်သည်နှင့် သတိလစ်ပြီး မေ့မြောသွားသည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော်ငြားလည်း နာကျင်မှုက တစ်ညလုံး သူ့ကို လှုပ်နှိုးနေသည်။ ကောင်းကင်ယံတွင် ရောင်နီသမ်းလာချိန်တွင်မူ လုံး၀ သတိပြန်ရလာသည်။ မည်သည့်နာကျင် ကိုက်ခဲမှုမျှမရှိတော့သည်ကိုလည်း သတိပြုမိလိုက်သည်။

“မပြည့်စုံတဲ့ စက်ဝိုင်းငယ် ” သူတွေးနေသည်။ ပညာရပ်မိတ်ဆက်ကို ပြန်စဉ်းစားနေသည်။ တစ်နေ့လုံးနှင့်တစ်ညလုံးကျင့်ကြံလျှင် ပြည့်စုံသော စက်ဝိုင်းငယ်ပေါ်လာမည်။ ရှစ်ဆယ့်တစ်ခုတိတိ ပြည့်စုံသော စက်ဝိုင်းငယ်လေးများပြည့်လျှင် အသေးစား လှည့်လည်ခြင်းပေါ်လာမည်။ ထို့နောက် အရေပြားတွင် ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ထိုဖြစ်စဉ်က အင်မတန် အသည်းခိုက်အောင်နာကျင်မည်ဖြစ်သည်။

“ကျင့်စဉ်က သောက်ရမ်းလွယ်နေရင် လူတိုင်းကျင့်ကုန်ပြီး ပရမ်းပတာတွေ ဖြစ်ကုန်မှာပေါ့။ တစ်ကမ္ဘာလုံးက လူတွေ အနိစ္စသဘောနဲ့ ကိစ္စမချောဘဲ ဖြစ်ကုန်ကြမှာပေါ့။ ပိုခက်လေလေ ပိုလေ့ကျင့်သင့်လေလေပဲမဟုတ်လား။ ဒါမှ ငါက မသေတော့ဘဲ ထာဝရ ဒူးနှန့်ပြီးနေနိုင်တော့မှာပေါ့။ ဟဲဟဲ…။”

ရှောင်ချန်း မျက်ဝန်းထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်နှင့် ပြည့်နှက်နေသည်။ ထာဝရ ရှင်သန်ခြင်းကို စွဲလမ်းရူးသွပ်နေသည်ဖြစ်ရာ တကယ့်ကို အံ့အားသင့်ဖွယ်အဆင့်သို့လည်း သူရောက်ရှိပြီးနေပြီဖြစ်သည်။

ခုတော့ သူ့ကိုယ်သည် ထပ်ပြီး မနာကျင်တော့။ အသက်ဆက်ဆေးကို ဆွဲထုတ်လိုက်ပြီး လေ့လာနေသည်။ စားတော့မလိုလုပ်ပြီးမှ တစ်စုံတစ်ခုကို ချက်ချင်းခေါ်တော့မည့်ဟန်ပြင်လိုက်သည်။ ဘယ်သူမှ မရှိတာ သေချာအောင် ဘေးဘီဝဲယာကို စစ်ဆေးလိုက်ပြီး သူ့ညာဘက်လက်နှင့် လက်ကွက်ကို ပုံဖော်လိုက်ရာ လိပ်ဒယ်အိုးထွက်ပေါ်လာသည်။

“ဒီဆေးကို လော့ပန်စတိုင်ဖမ်းပြီးစားမှ တန်မှာကွ။ အကောင်းဆုံးအလုပ်ကတော့ စိတ်စွမ်းအင် အဆင့်တိုးမြှင့်ခြင်း လုပ်ပြီးမှ စားတာပေါ့။” နှုတ်ခမ်းကို အားရပါးရသပ်ကာ နှစ်ရောင်ခြယ် ထင်းကို ဆွဲထုတ်ပြီး လိပ်ဒယ်အိုးအောက်မှာ မီးမွှေးလိုက်သည်။ ရုတ်တရက် ထင်းတွေက မီးတောက်အဖြစ်သို့ပြောင်းလဲသွားသည်။ ခဏအကြာမှာပဲ ပြာတွေဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် အင်းကွက်နှစ်ကွက် တလက်လက်တောက်ပကာ လိပ်ဒယ်အိုးပေါ်မှာ ပေါ်လာသည်။

ခဏလောက်တွန့်ဆုတ်နေပြီး အသက်ဆက်ဆေးကို အိုးထဲထည့်လိုက်သည်။ ဝိညာဉ်ဆေးကို အိုးထဲသို့ထည့်လိုက်သည်နှင့် ငွေရောင်လျှပ်ပြက်သွားသည်။ ရှေ့တွင်ကြုံခဲ့ဖူးသော အဖြစ်အပျက်များကြောင့် ရှောင်ချန်းသည် သိပ်မအံ့ကြတော့သော်လည်း မျက်တောင်မခတ်ငေးစိုက်ကြည့်နေသည်။

ခဏကြာတော့ ငွေရောင်ပြန်မှိန်သွားပြီး အံ့အားသင့်ဖွယ်ပင် အသက်ဆက်ဆေးပေါ်၌လည်း ငွေရောင် အင်းကွက် နှစ်ကွက်ပေါ်လာသည်။ ဆေးနံ့မှာလည်း ခုနလောက်မပြင်းတော့ဘဲ သိချင်လို့ နမ်းကြည့်မှသာ ဆေးနံ့ရှိသေးမှန်း သိရသည်။

“သုံးရောင်ခြယ်ထင်းမရှိတာ အတော်ဆိုးကွာ”
ဝိညာဉ်ဆေးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ရာ အထဲရောက်သည်နှင့် ပူပူလောလော အရည်ပျော်သွားသည်။ ထို့နောက် ခန္ဓာကိုယ် တစ်ခုလုံး ပြန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ရှောင်ချန်းစိတ်ထဲ၌ တစ်ကိုယ်လုံး မီးဖိုလို ပူနေပြီး ဖြိုးဖြိုးဖျစ်ဖျစ် မြည်နေသည်။ မီးကင်ခံထားရသလိုဖြစ်နေသော်လည်း အဖြူရောင်ဆံပင်က အနက်ရောင်သို့ ပြန်ပြောင်းသွားသဖြင့် ရှောင်ချန်းမှာ အသက်ထပ်ဖြည့်ခြင်း အောင်မြင်သွားခြင်းကြောင့် အားတက်အူမြူးသွားသည်။ ခဏကြာတော့ အရင်ကထက် ပိုပြီးကြံ့ခိုင်လာသည်ဟု သူအတပ် ပြောနိုင်လာသည်။ နှာခေါင်းသွေးတော့ အနည်းငယ်ယိုသွားသည်။

“ဧရာမ အောင်မြင်မှုကြီးပဲကွ” ဟုမျက်လုံးကြီး ပြူးကာပြောသည်။ ချက်ချင်းပင် ဒယ်စောက်အိုးခရမ်းရောင်ချီ ထိန်းချုပ်နည်းပညာရပ်ကို စတင်ကျင့်ရာ အနည်းငယ် ထူးခြားနေသည်ကို တွေ့ရသည်။ တကယ်တော့ ဝိညာဉ်ဆေးသည် အသက်ကိုပဲ ပြန်လည်ဖြည့်တင်းပေးတာဖြစ်ပြီး စိတ်စွမ်းအင်နှင့် မဆိုင်ပေ။ နှာခေါင်းသွေးများ ပိုယိုလာပြီး ကိုယ်တွင်း၌ ပူလောင်နေသော စီးကြောင်းက တဖြည်းဖြည်းကျယ်ပြန့်လာသည်။ လေအပြည့်တင်းနေသော ဘောလုံးကို လမ်းပေါ်တွင် ပုတ်နေ သကဲ့သို့ ခံစားနေရသည်။ (ဘတ်စကတ်ဘောကစားသလိုမျိုးတဲ့)။ အံ့အားသင့်စရာများနှင့် သူ့ကိုယ်က ပြည့်နေသည်။။

တကယ်တော့ ရလာဒ်သည် နှစ်ဆဖြစ်သွားပြီး ဝိညာဉ်ဆေးက အရင်ကထက် အလွန့်အလွန် အစွမ်းထက်သွားခြင်းဖြစ်သည်။ ရှောင်ချန်၏ကျင့်ကြံခြင်းအခြေခံမှာ ချီအဆင့်သုံးသာ ရှိသေးသဖြင့် ထိုကဲ့သို့ လုပ်ဆောင်မပေးနိုင်သေးပေ။

အတိမ်းအစောင်းမခံသောအဆင့်တွင် ရုတ်တရက် ထာဝရအသက်ရှည်နည်း ပညာရပ် ကို စကျင့်သည်။ ချက်ချင်း သူ့ကိုယ်သူ အတင်းအကြပ်စေခိုင်းကာ တဟုန်ထိုးကျင့်ကြံသည်။

ဖောက်ခနဲမြည်သံများ ထွက်ပေါ်လာသည်။ ပူလောင်နေသော စီးကြောင်းက စပြီးယုတ်လျော့လာသည်။ ရှောင်ချန်း ကျင့်ကြံမှုကို မရပ်ရဲပေ။ တစ်နာရီမပြည့်ခင်မှာပင် စီးကြောင်းက တဖြည်းဖြည်းအားလျော့လာပြီး လုံးဝပျောက်ကွယ်သွားသည်။ သို့သော် သူ့ကိုကြည့်ရသည်မှာ အရင်ကထက် စိတ်လှုပ်ရှားနေပုံပေါ်ပြီး မျက်လုံးများတွင် ပြင်းထန်သော ဝင်းလက်မှုက တောက်ပနေသည်။

“စိတ်စွမ်းအင် မြှင့်တင်ခဲ့တာပဲ။ အဓိကကတော့ ဝိညာဉ်ဆေးနဲ့ပဲ။ ဝိညာဉ်ဆေးကတော့ အာဂပဲ။ စိတ်စွမ်းအင်ကိုရော အသက်ကိုရော ဆွဲဆန့်ပေးခဲ့တာ။ ဒီဆေးက လူတွေကို ထာဝရအသက်ရှည်နိုင်အောင်လုပ်ပေးတဲ့ ဆေးမျိုးလား ငါသိချင်တယ်။” ထိုအကြောင်းကို တွေးလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်ကာ မျက်လုံးများမှာ အရောင်များလက်လာသည်။

“မွှေးရနံ့တိမ်တောင်က သမားတော်တွေကို မွေးထုတ်ပေးတယ်တဲ့။ ကောင်းပြီလေ ငါလည်း သမားတော်လုပ်ရတာပေါ့။ ထာဝရရှင်သန်နိုင်ပြီးဘယ်တော့မှမသေနိုင်တဲ့ဆေးကို ကိုယ်တိုင်ဖော်စပ်ပစ်လိုက်ဦးမယ် ” ရှောင်ချန်း တစ်ယောက် အတွေးကြောထဲ နစ်မြောနေသည်မှာ အော်မကြားခေါ်မကြားပင်ဖြစ်နေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset