မဟာလမ်းစဥ် ထူးခြားခန္ဓာက မည်သို့မှ မဟုတ်သည်လား။
မရေတွက်နိုင်သော မျက်လုံးများသည် ထိုနေရာသို့ ကျရောက်သွားပြီး တိုက်ပွဲဆီ ကြည့်နေကြသည်။
ခရမ်းရင့်ကောင်းကင် နန်းတော်၏ လူငယ်မျိုးဆက်တွင် အားအကောင်းဆုံးသူ ဖြစ်သည့် မဟာလမ်းစဥ် အထွတ်အထိပ် ဆရာသခင် ကျန်းယွမ်က ရီဖူရှင်း၏ သရော်ခြင်းကို ခံနေရသည်။
အနိုင်ရသူကို အဆုံးအဖြတ် မပေးနိုင်သေးသော်လည်း ခရမ်းရင့်ကောင်းကင် နန်းတော်၏ အနာဂတ် မဟာလမ်းစဥ် ထူးခြားခန္ဓာပိုင်ရှင် ဖြစ်နေသည့်အတွက် ထိုဖြစ်ရပ်က လူအများကို ထိတ်လန့် တုန်လှုပ် သွားစေသည်။
လောက၏ မိုးကြိုးလမ်းစဥ် အားလုံးက ကောင်းကင်နန်းတော်မှ ဆင်းသက်လာပြီး ကောင်းကင်နန်းတော်၏ မျိုးဆက်များ အားလုံးကြားတွင် ကျန်းယွမ်၏ အဆင့်အတန်းက ထိပ်ဆုံးပင် ဖြစ်သည်။
ထိုအဓိပ္ပာယ်က မည်သည်နည်း။
ဆိုလိုသည်မှာ ကျန်းယွမ်သည် သူနှင့် တူညီသည့် ကျင့်ကြံဆင့်များကြား၌ အရှုံးမရှိသူ ဖြစ်သည်။ သူက တူညီသည့် ကျင့်ကြံဆင့်မှ တန်ခိုးရှင်များနှင့် ရင်ဆိုင်ရသည့်အခါ ကောင်းကင် အာဏာစက်ဘုံ၏ ကျော်ကြား ပုဂ္ဂိုလ် အနည်းငယ်မှအပ ဤလောကရှိ တန်ခိုးရှင် အားလုံးကို အနိုင်ရရှိသင့်ပေသည်။ မည်သူက သူ့ကို ပြန်ဆုတ်ခွာရအောင် လုပ်ရဲမည်နည်း။
သို့သော် ယခုတွင် မည်သူမှ ကြားသိဖူးခဲ့ခြင်းသော လူတစ်ယောက်က လက်သီး တစ်ချက်တည်းနှင့် သူ့ကို လွှမ်းမိုးသွားခဲ့သည်။
ရီဖူရှင်းသည် တစ်ချိန်က အင်ပါယာကျီမင် နယ်မြေသို့ ခြေချခဲ့ပြီး အင်ပါယာကျီမင်ကို လျစ်လျူရှု၍ အင်ပါယာကျီမင် နယ်မြေ၌ ကျင့်ကြံရန် ငြင်းဆန်ခဲ့ပေသည်။ သူက ယခုတွင် ကောင်းကင်အာဏာစက်ဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
သူ ပြောသလိုပင် သူက ကောင်းကင် အာဏာစက်ဘုံ၏ မဟာလမ်းစဥ် တိုက်ပွဲတွင် နေရာတစ်နေရာ ရသင့်ပေသည်။
ဤတိုက်ပွဲတွင် သူ ပြောခဲ့သည့် စကားက မှန်ကန်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။
သူက ကောင်းကင် အာဏာစက်ဘုံ၏ ထိပ်တန်းပုဂ္ဂိုလ်များနှင့် ရပ်၍ လောကကြီး၏ ရှုမြင်ကွင်းအား ကြည့်နိုင်ရန် အရည်အချင်း ပြည့်မီပေသည်။
အခြားသော ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦးဟု များပြားလှသော လူများက တွေးနေသည်။ မည်သူက ထိုသို့ မျှော်လင့်ထားမည်နည်း။ မူလတောင်တန်းမှာ ရှိစဥ်က ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်က ထိုမျှထိ အားကောင်းနိုင်မည်ဟု မည်သူကမှ မျှော်လင့်မထားခဲ့ကြပေ။
ထိုဝန်းကျင်တွင် ရှိနေသော ကောင်းကင် အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံ၊ ကောင်းကင်နတ်ဆိုး နန်းတော်မှ တန်ခိုးရှင်များနှင့် ဗြဟ္မာ့သန့်စင် ကောင်းကင်မှ နတ်မိမယ်များ စသည့် များပြားလှသော ထိပ်သီးအင်အားစုမှ ပုဂ္ဂိုလ်များသည် ရီဖူရှင်းထံသို့ ကြည့်နေကြသည်။
ဤလူက မဟာလမ်းစဥ် တိုက်ပွဲတွင် ပြိုင်ဘက်ဖြစ်လာပေလိမ့်မည်။
အင်ပါယာကျီမင် နယ်မြေ လူစုကြားမှ ကျန်းချန်ချင်သည် အိပ်မက်မက် နေသကဲ့သို့ ခံစားရပေသည်။ ရီဖူရှင်းက ကျန်းယွမ်ကို အနိုင်ရနိုင်လိမ့်မလား။
ထိုအချိန်က သူသည် ဤညီအစ်ကို နှစ်ယောက်ကို နည်းနည်းလေးမှ အရေးမစိုက်ဘဲ ဂူတုံးလျှိုကို တိုက်ရိုက် ဖမ်းဆီးခဲ့သည်။ ယနေ့တွင် ဂူတုံးလျှိုသည် ဂူထျန်းရှင်း၏ သင်ပြပေးမှုကို ရရှိခဲ့ပြီး ကောင်းကင် အာဏာစက်ဘုံအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာကာ သူတို့သည် အရေးသာနိုင်ရန် ကြိုတင် ပြင်ဆင်မှုများပင် ပြုလုပ်နေသည်။ ရီဖူရှင်းသည်လည်း ပြင်းထန် အားကောင်းသည့် ထုတ်ဖော်ပြသခဲ့ပြီး ထိုအဖြစ်က အိပ်မက်ကဲ့သို့ပင် ထင်မှတ်ရပေသည်။
ခရမ်းရင့်ကောင်းကင် နန်းတော်သည် အရှက်အရဆုံး ဖြစ်ခဲ့ပေသည်။ သူတို့၏ မဟာလမ်းစဥ် ထူးခြားခန္ဓာပိုင်ရှင်သည် သရော်ခံခဲ့ရပြီး ကောင်းကင်နတ်ဆိုးမြို့၌လည်း ခရမ်းရင့်ကောင်းကင် နန်းတော်၏ ရှန့်ထိုအဆင့် လေးဆင့်မှ သူများကို ရှုံးနိမ့်စေခဲ့သည်။ ယခုတွင် ရီဖူရှင်းက ကျန်းယွမ်ကို သရော်ခဲ့သည်ဖြစ်ရာ ကျန်းယွမ်သာ ရှုံးနိမ့်သွားပါက ခရမ်းရင့်ကောင်းကင် နန်းတော်သည် လုံးလုံးလျားလျား ရှုံးနိမ့်သွားရတော့မည် ဖြစ်သည်။
ကောင်းကင် အာဏာစက်ဘုံတွင် ခရမ်းရင့်ကောင်းကင် နန်းတော်၏ မိုးကြိုးလမ်းစဥ်၌ အထွတ်အထိပ် စွမ်းအား ရှိသည်ဟူသော အဆင့်အတန်းကိုပင် မေးခွန်းထုတ်စရာ ဖြစ်လာပေလိမ့်မည်။
ထိုအချိန်တွင် လူများသည် ရီဖူရှင်းက မည်သည့်အတွက်ကြောင့် ကောင်းကင်နန်းတော်သို့ မဝင်သည်လဲ စတင် နားလည်လာကြပြီ ဖြစ်သည်။ သူက ကောင်းကင် နန်းတော်သို့ ဝင်ရောက်ကာ ကျင့်ကြံရန် မလိုအပ်ခဲ့သည်လား။
ကောင်းကင်နန်းတော်မှ ကြပ်မတ်သင်ကြား ပေးခဲ့သည့် ထူးခြားခန္ဓာပိုင်ရှင်သည်ပင် ထိုမျှ စွမ်းရည်မျိုးသာ ရှိနေသည်။
“နတ်ဆင် လေဟာနယ်ခွဲလက်သီး”
ဤအေးစက်သော စကားလုံးများက ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်၏ နှုတ်ဖျားမှ ထွက်ကျလာသည်။ သာမန်လူများက မပြောနိုင်သော်လည်း သူ့ အနေနှင့် မည်သို့ သတိမပြုမိဘဲ နေပါမည်နည်း။
ရီဖူရှင်းက ကျန်းယွမ်ကို ရင်ဆိုင်ရန် အသုံးပြုခဲ့သည့် လက်သီးစွမ်းရည်သည် လေဟာနယ်ကို တိုက်ရိုက်ထိုးခွဲကာ အရာအားလုံးကို သုတ်သင်ချေမှုန်းခဲ့သည်။ ကျန်းယွမ်က ပြန်ဆုတ်ခွာပြီး နောက်ပင်လျှင် လက်သီး၏ သက်ရောက်ခြင်းကို ခံခဲ့ရသေးသည်။ ထိုသည်က နတ်ဆင်ကလန်၏ ထိပ်တန်းတိုက်ခိုက်မှု နည်းစနစ်ဖြစ်သည့် နတ်ဆင်လေဟာနယ်ခွဲလက်သီး သာ ဖြစ်လေသည်။
များပြားလှသော တန်ခိုးရှင်များသည် ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်၏ စကားကို ကြားသည့်အခါ တုန်ယင် သွားကြသည်။ လူအများတို့သည် ယခင်က ထိုတိုက်ခိုက်မှုမျိုးကို ယခင်က မမြင်ဖူးသော်လည်း နတ်ဆင်လေဟာနယ်ခွဲ လက်သီးသည် သူတို့အတွက် စိမ်းသက်နေသည်တော့ မဟုတ်ပေ။ ထိုသည်က နတ်ဆင်ကလန်၏ လျှို့ဝှက်တိုက်ခိုက်ရေး နည်းစနစ်တစ်ခု ဖြစ်ကာ အစွမ်းထက်လှသည်။
“နတ်ဆင်ကလန်က သူတို့ရဲ့ အစွမ်းထက်နည်းစနစ် နှစ်ခုကို လူသားတန်ခိုးရှင်ဆီ သင်ကြားပေးခဲ့တယ်လား”
ကောင်းကင်အာဏာစက် ပြည်ထောင်၏ နတ်စစ်သူကြီးက ပြောလိုက်သည်။ သူ၏ ထက်ရှသော မျက်လုံးများက နတ်ဆင်ကလန်မှ သူများဆီသို့ ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
“အခု ရီဖူရှင်းက ဘာလဲ”
သူတို့ အားလုံးသည် ရီဖူရှင်းက အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးကို ရရှိခဲ့ခြင်းအား သိရှိကြပေသည်။ နတ်ဆင်အင်ပါယာက သူ့ကို ခေါ်ဆောင် သွားပြီးနောက်၌ သူက ရီဖူရှင်းကို အပြည့်အဝ သတိထားမိသွားပြီး နတ်ဆင်ကလန်၏ လျှို့ဝှက်ပညာရပ်များကို သင်ကြား ပေးလိုက်သည်လား။
“ရီဖူရှင်းက ကျုပ်တို့ ဘိုးဘေးရဲ့ ရန်ဟောင်အရိုးကို ဆက်ခံခဲ့တယ်။ အခု သူက နတ်ဆင်ကလန်ရဲ့ ဆက်ခံသူပဲ။ သူက ကျင့်ကြံခြင်းလမ်းစဥ် အမျိုးမျိုးကို ကျွမ်းကျင်တာမို့လို့ ကျုပ်တို့က သူ့ကို အထွတ်အထိပ်လမ်းစဥ် ဆက်ခံသူ ဆိုတဲ့ ဘွဲ့ကို ပေးမယ်
နတ်ဆင်ကလန်၏ သြဇာရှိသူ တစ်ဦးက ပြောလိုက်သည်။
ခရမ်းရင့် ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည် ဆွံ့အသွားခဲ့ကြသည်။ ကျန်းယွမ်သည် ခရမ်းရင့်ကောင်းကင် နန်းတော်၏ အထွတ်အထိပ် ဆရာသခင် ဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းကို နတ်ဆင်ကလန်က ထိုသို့ဘွဲ့ပေးခဲ့သည်လား။
ထို့ပြင် သူက ‘အထွတ်အထိပ်’ ဟူသော စကားလုံးကိုပါ ဖြည့်ထည့်ထား သေးသည်။ မဟာလမ်းစဥ် အထွတ်အထိပ် ဆက်ခံသူ တဲ့လား။
ထိုသည်က မည်သည်ကို ဆိုလိုသနည်း။
ပြောရလျှင် အခြားလူများက မမေးခဲ့လျှင် နတ်ဆင်ကလန်မှ ပုဂ္ဂိုလ်များသည် ရီဖူရှင်းကို ဘွဲ့အမည် ပေးလိမ့်မည် မဟုတ်ပေ။ ရီဖူရှင်း ထွက်မသွားခင်တွင် နတ်ဆင်အင်ပါယာက တစ်ခုခု ပြောခဲ့သော်လည်း ဘွဲ့မည် အပ်နှင်းပေးခဲ့ခြင်း မရှိပေ။
သို့သော် သူတို့သည် ရီဖူရှင်းက ထိုမျှ အကြင်နာ ကင်းမဲ့မည်ဟု ထင်မှတ်မထားခဲ့ပေ။ လောကအလယ်၌ ခရမ်းရင့်ကောင်းကင် နန်းတော်၏ မျက်နှာကို ဖြတ်ရိုက်ခဲ့ပြီး လူရယ်စရာ ဖြစ်အောင် လုပ်ဆောင်ခဲ့သည်။
ဤအခြေအနေ၌ သူ့ကို လွှမ်းမိုးနိုင်သည့် ဘွဲ့မည် မပေးခဲ့လျှင်ပင် လူတိုင်းက ထိုသည်ကို မှတ်မိနေလိမ့်မည် ဖြစ်သည်။
ခရမ်းရင့်ကောင်းကင် နန်းတော်က ကျင်းပသည့် အခမ်းအနားတွင် သူတို့သည် ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်လာစေရန်သာလျှင် တိုက်ခိုက်လိမ့်မည်ဟု ဆိုခဲ့ကြသည်။
ထို့ကြောင့် နတ်ဆင်ကလန်၏ မဟာလမ်းစဥ် အထွတ်အထိပ် ဆက်ခံသူသည်လည်း တိုက်ခိုက်ရန် လာခဲ့ခြင်း ဖြစ်၏။ ထိုသည်က မည်သည့်အမှားမှ မရှိပေ။
“လူသားကို နတ်ဆင်ကလန်ရဲ့ မဟာလမ်းစဥ် အထွတ်အထိပ် ဆက်ခံသူအဖြစ် ထားတယ်လား”
ခရမ်းရင့်ကောင်းကင် နန်းတော်မှ ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်က အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။ နတ်ဆင်ကလန်က သူတို့ကို ပစ်မှတ်ထားနေသည်လား။
“မကြာသေးခင်က ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင် ပြောခဲ့တာ ကောင်းကင် အာဏာစက်ဘုံအတွင်းက နတ်ဆိုးတွေနဲ့ လူသားတန်ခိုးရှင်တွေ စည်းစည်းလုံးလုံး နေကြမယ်လို့ မဟုတ်ဘူးလား”
နတ်ဆင်ကလန်မှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက ပြောလိုက်သည်။
“ကျုပ်တို့က ဘာလို့ လူသားတစ်ယောက်ကို မဟာလမ်းစဥ် အထွတ်အထိပ် ဆက်ခံသူ အဖြစ် မအပ်နှင်းနိုင်ရမှာလဲ။ ပြီးတော့လည်း ရီဖူရှင်းက ကျုပ်တို့ ဘိုးဘေး အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အရိုးကို ဆက်ခံခဲ့တယ်လေ။ သူ့ရဲ့ ဘွဲ့မည်က မဟာလမ်းစဥ် အထွတ်အထိပ် ဆက်ခံသူ ဟုတ်ဟုတ် မဟုတ်ဟုတ် ဘာအရေးလဲ။ ခင်ဗျားက စီနီယာကျမှု အကြောင်း ပြောနေတာဆိုရင် နတ်ဆင်ကလန်မှာ ရီဖူရှင်းရဲ့ စီနီယာကျမှုက ကျုပ်ထက် ပိုမြင့်တယ်”
သူဆိုလိုသည်ကို အခြားသော တန်ခိုးရှင်များအားလုံး နားလည်သွားကြသည်။ ရီဖူရှင်းက သူ့ ဘိုးဘေးထံမှ တစ်ခုခုကို ဆက်ခံခဲ့သည်ဖြစ်ရာ စီနီယာကျမှု အနေနှင့် ပြောပါက သူ့ အဆင့်က မည်မျှထိ မြင့်သွားမည်နည်း။
များပြားလှသော လူများသည် ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်၏ မျက်နှာထက်မှ ရှက်ရွံ့မှုကို မြင်လိုက်ရသည်။ ထိုသည်က စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ မကြာသေးခင်ကပင် ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်သည် လူသားများနှင့် နတ်ဆိုးတို့ စည်းလုံးရန် ပြောဆိုခဲ့သည်။
သူတို့သည် နတ်ဆင်ကလန်မှ အစွမ်းထက် ပုဂ္ဂိုလ်များ ပြောသည့်စကားကို မယုံသင်္ကာ မဖြစ်ကြပေ။ သူတို့က ရီဖူရှင်းကို အကြွင်းမဲ့ ယုံကြည်ပြီး သူတို့၏ ကလန်သားကဲ့သို့ ဆက်ဆံခြင်းသာ မဟုတ်ခဲ့ပါက သူတို့က နတ်ဆင်ကလန်၏ အစွမ်းထက်ဆုံး နည်းစနစ် နောက်တစ်ခုအား မည်သို့ သင်ကြားပေးပါမည်နည်း။
ယနေ့တွင် ရီဖူရှင်းသည် နတ်ဆင်ကလန်၏ အစွမ်းထက်ဆုံး နည်းစနစ်နှစ်ခုကို ပိုင်ဆိုင်ထားပြီး အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးကိုလည်း ရရှိထားသည်။ ထိုသည်က ရီဖူရှင်းသည် နတ်ဆင်ကလန်မှ အခြားသော တန်ခိုးရှင်များထက် ပို၍ သာလွန်သည်ဟု ပြောနိုင်ပေသည်။
“သူက နတ်ဆင်ကလန်ရဲ့ မဟာလမ်းစဥ် အထွတ်အထိပ် ဆက်ခံသူ ဖြစ်မှတော့ ဘာလို့ သူ့ကို အခမ်းအနားကို တိုက်ရိုက် မတက်ရောက်စေတာလဲ။ ဘာလို့ သူ့ရဲ့ သရုပ်မှန်ကို ဖွက်ပြီး ဒီလိုနည်းလမ်းနဲ့ ရောက်လာရတာလဲ”
ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်က နှာမှုတ်ကာ မေးလိုက်သည်။ ယခင်က ရီဖူရှင်း လုပ်ခဲ့သည်များမှာ ခရမ်းရင့်ကောင်းကင် နန်းတော်ကို အရှက်ရစေရန် ဖြစ်သည်က ရှင်းလင်းပေသည်။
“နတ်ဆိုးဘုံ နယ်မြေမှာတုန်းက ခရမ်းရင့်ကောင်းကင် နန်းတော်က သူ့ကို ခက်ခဲတဲ့ အခြေအနေထဲ ကျရောက်အောင် တွန်းအားပေးခဲ့ပြီး ခင်ဗျားတို့ဆီက ရန်ဟောင်အဆင့် ပုဂ္ဂိုလ်က သူ့ကို သတ်လုနီးပါး ဖြစ်ခဲ့တယ်။ အဲဒါကြောင့် ရီဖူရှင်းက အရမ်း ဒေါသ ထွက်သွားတယ်။ ခရမ်းရင့်ကောင်းကင်နန်းတော် လုပ်ခဲ့တာနဲ့စာရင် အခု သူက ကောင်းကင်နန်းတော်က လူတွေကို စိန်ခေါ်ပြီး သူ့ ဒေါသကို ဖြေတာ ပုံမှန်ပဲလေ။ ကျုပ်တို့ နတ်ဆင်ကလန်ကလည်း အသေးစိတ်တော့ သိပ်မသိဘူး”
နတ်ဆင်ကလန်မှ အစွမ်းထက်ပုဂ္ဂိုလ်က ဖြည်းညင်းစွာ ပြောလိုက်သည်။ နတ်ဆင်ကလန်၏ အစွမ်းထက်ဆုံး နည်းစနစ်နှစ်ခုသည် လောကကို တုန်လှုပ်စေခဲ့ပြီး ခရမ်းရင့်ကောင်းကင် နန်းတော်၏ မဟာလမ်းစဥ် အထွတ်အထိပ် ဆရာသခင်ကိုပင် ရှုံးနိမ့်စေခဲ့သည်။
ခရမ်းရင့်ကောင်းကင် နန်းတော်သည် ဤအခမ်းအနားကို ဦးဆောင် ကျင်းပခဲ့ပြီး သူတို့သည် အားလုံးသော တန်ခိုးရှင်များကို ဤနေရာ၌ တိုက်ခိုက်ရန် ခွင့်ပြုထားခဲ့သည်။ သူတို့တွင်ရော ရည်မှန်းချက် မရှိခဲ့သည်လား။
သူတို့သည် သူတို့၏ မဟာလမ်းစဥ် အထွတ်အထိပ် ဆရာသခင်က နတ်ဆိုးဘုံမှ နတ်ဆိုးများ အားလုံးကို ဖိနှိပ်ကာ တွန်းအား ဖန်တီးပြီး သူတို့၏ ဂုဏ်သရေနှင့် ခွန်အားကို ပြသ၍ နတ်ဆိုးဘုံမှ သူများကို ကြောက်ရွံ့မှု ဖြစ်ပေါ် လာစေချင်သည်။ အနည်းဆုံးတော့ သူတို့သည် ဂူတုံးလျှိုနှင့် ရင်းနှီးသွားကြတော့မည် မဟုတ်ပေ။
သို့သော် ခရမ်းရင့်ကောင်းကင် နန်းတော်သည် ယနေ့တွင် ရီဖူရှင်း ထွက်ပေါ်လာမည်ဟု ထင်မှတ်မထားခဲ့ပေ။ ရီဖူရှင်းသည် သူတို့၏ မဟာလမ်းစဥ် အထွတ်အထိပ်ဆရာသခင် ကျန်းယွမ်ကိုပင် ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
“ခင်ဗျားတို့ နတ်ဆင်ကလန်က စိတ်ဝင်စားနေတယ် ဆိုမှတော့ ကျုပ်တို့ကလည်း အဖော်ပြုပေးရမှာပေါ့”
ထိုအချိန်တွင် အေးစက်သည့် အသံက ကောင်းကင်တစ်ခွင်ကို ပျံ့နှံ့လာသည်။ လူတိုင်းက သူတို့၏ အကြည့်များကို ရီဖူရှင်း ရှေ့မှ ပုဂ္ဂိုလ်ထံ ပို့လိုက်ကြသည်။
အဝေးသို့ လွင့်စဉ်သွားသည့် ကျန်းယွမ်သည် လေထဲတွင် ရပ်နေပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ဖုံးလွှမ်းနေသည့် မိုးကြိုးများ၏ အော်မြည်သံက လောကကို ပဲ့တင်ထပ် လာစေသည်။ ကြောက်မက်ဖွယ် မိုးကြိုးများက သူ့ခန္ဓာကိုယ်ကို တုန်ယင်လာစေပြီး မိုးကြိုး အလင်းတန်းများက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်နေကာ အဆုံးမဲ့ နတ်အလင်းများက ပေါက်ကွဲထွက်လာသည်။
ထိုအချိန်တွင် ကျန်းယွမ်၏ အသွင်က ပြောင်းလဲလာသည်ဟု ထင်မှတ်ရသည်။ သု့ခန္ဓာကိုယ် အထက်တွင် အဆုံးမဲ့ မဟာလမ်းစဥ် မိုးကြိုးများက ပေါက်ကွဲထွက်နေပြီး ထိုမိုးကြိုးတန်းများက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်နေကာ ကျယ်ပြောသည့် အဆုံးမဲ့ လေဟာနယ်ဆီသို့ ဦးတည်သွားသည်။
“သူ ဘာလုပ်နေတာလဲ” တန်ခိုးရှင်များက ကျန်းယွမ်ကို ကြည့်ကာ မေးလိုက်ကြသည်။
ထိုမြင်ကွင်းသည် ကောင်းကင်အာဏာစက် ပြည်ထောင်မှ အိမ်ရှေ့စံ၏ မျက်လုံးများကို အနည်းငယ် ဖမ်းစား သွားခဲ့ကြသည်။ ယခုတွင် ကျန်းယွမ်က သူ့ကို ခြိမ်းခြောက်နိုင်သော ခံစားမှု အနည်းငယ် ပေးစွမ်း၏။
ခရမ်းရင့် ကောင်းကင်နန်းတော်၏ ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်သည် တည်ငြိမ်စွာ ကြည့်နေသည်။ ကျန်းယွမ်သည် မဟာလမ်းစဥ် ထူးခြားခန္ဓာပိုင်ရှင် ဖြစ်ပြီး အထွတ်အထိပ် ဆရာသခင် ဘွဲမည် အပ်နှင်းခံရခြင်းမှာ မရိုးရှင်းလှပေ။ သူက မဟာလမ်းစဥ်၏ ထူးခြားခန္ဓာကိုယ်နှင့် မွေးဖွားလာခြင်း ဖြစ်သည်။ ယခု လူတိုင်းသည် ထူးခြားခန္ဓာ အစစ်အမှန်က မည်သို့ ဖြစ်သည်ကို မြင်တွေ့နိုင်တော့မည် ဖြစ်သည်။
မဟာလမ်းစဥ် အထွတ်အထိပ်ခန္ဓာသည် မဟာလမ်းစဥ် ခန္ဓာများ ကြားတွင် ထိပ်တန်းပင် ဖြစ်သည်။
ကျန်းယွမ်က သူ၏ ဝှက်ဖဲကို ဖော်ပြတော့မည်လား။
တောက်ပသည့် မိုးကြိုးအလင်းတန်းတို့က သူ့ခန္ဓာကိုယ်ကို ကောင်းကင်နှင့် မြေကြီးကြားရှိ မဟာလမ်းစဥ်နှင့် ဆက်သွယ်ပေးသည်။ မိုးကြိုးအော်မြည်သံက လောကတစ်ခွင်ကို ပဲ့တင်သွားသည်။ ကျန်းယွမ်၏ ခန္ဓာကိုယ်သည် ကောင်းကင်တွင် ရပ်နေပြီး အဆုံးမဲ့ ခမ်းနားထည်ဝါသော မြင်ကွင်းက အံ့အားသင့်ဖွယ်ပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က သေမျိုးခန္ဓာ မဟုတ်တော့ဘဲ မဟာလမ်းစဥ်မိုးကြိုးများနှင့် ပေါင်းစပ်ထားသည့် သဏ္ဌာန် ဖြစ်တည်လာပေသည်။
ရီဖူရှင်းက သူ့ခေါင်းကို မော့ကာ ကြည့်လိုက်သည်။ ပညာရှိကျမ်း၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် မဟာလမ်းစဥ် မီးပြင်းဖိုတစ်ခု ပေါ်ပေါက်လာကာ လောက၏ လမ်းစဥ်များ အားလုံးကို သန့်စင်ပစ်နေသည်။ ရှေးဟောင်းစာလုံးများက သူ့ကို ဝန်းရံထားသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက မြင့်မြတ်သန့်စင်သည့် အလင်းတို့ဖြင့် တောက်ပနေသည်။ သူသည် လောကကြီးမှ ဖြစ်တည်မှုတစ်ခု မဟုတ်တော့သကဲ့သို့ ထင်မှတ်ရပေသည်။
ကျန်းယွမ်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးကြားမှ အဆုံးမဲ့မိုးကြိုးများက သူ့ခေါင်းအထက် ကောင်းကင်တွင် စုစည်းလာသည်။ ပိုမိုတောက်ပသည့် မိုးကြိုးဓားတစ်လက်က ကောင်းကင်နှင့် မြေကြီးကြားရှိ အဆုံးမဲ့ မိုးကြိုးများမှ မွေးဖွားလာခဲ့သည်။ သူက ရှေ့သို့ လက်ညှိုးညွှန်လိုက်ပြီး ဓားသည် ကောင်းကင်ကို ချိုးဖျက်ကာ ရီဖူရှင်းကို ခုတ်ပိုင်းလိုက်သည်။
ရီဖူရှင်းသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး နတ်ဆင်ခြေလှမ်း ပညာကို တစ်ဖန် ဖော်ထုတ်လိုက်ပြန်သည်။ မရေတွက်နိုင်သည့် နတ်ဆင်များက ရုတ်တရက် ပေါ်ပေါက်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ် ဒုန်းစိုင်းသွားသည်။ သူက လက်သီးကို မြှောက်ကာ တစ်ချက် ထိုးလိုက်လျှင် ကောင်းကင်က အော်မြည်ကာ တုန်ခါသွားသည်။
ဘုန်း နတ်ဓားနှင့် လက်သီးက ထိပ်တိုက်တွေ့မိ သွားသော်လည်း ချက်ချင်း ပျက်စီးမသွားခဲ့ပေ။ ဓားသည် ကောင်းကင်နှင့် မြေကြီးကြားမှ အဆုံးမဲ့ မိုးကြိုးများဖြင့် ဝန်းရံခံထားရကာ အဆုံးမဲ့ မိုးကြိုးအရှိန်အဝါများ ထုတ်လွှတ်နေသည်။ ရီဖူရှင်းသည် ရှေ့သို့ တစ်ဖန် ခြေလှမ်းလိုက်ကာ သူ၏ လက်သီးစွမ်းအားက ပေါက်ကွဲထွက်လာသည်။ ထို့နောက်တွင် နတ်ဓားများက ပျက်စီးကျိုးပဲ့ သွားလေသည်။
ကျန်းယွမ်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ့မျက်လုံးတွင် အဆုံးမဲ့မိုးကြိုးတို့ လင်းလက်နေကာ ကောင်းကင်ရှိ မိုးကြိုးတို့နှင့် တသားတည်း ဖြစ်သွားကြသည်။ မိုးကြိုးအလင်းက လေဟာနယ်ကို ဝါးမျိုသွားသည်။
မဟာလမ်းစဥ် ထူးခြားခန္ဓာကိုယ်သည် သဘာဝ၏ လမ်းစဥ်များနှင့် လိုက်လျောညီထွေ ရှိပေသည်။
“ကောင်းကင်နဲ့ မြေကြီးကြားက မိုးကြိုးလမ်းစဥ် အားလုံးက ကျုပ်ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ”
ကျန်းယွမ်က ကောင်းကင်သို့ ဟစ်ကြွေးလိုက်သည်။ မရေတွက်နိုင်သည့် မိုးကြိုးရိုက်ချက်များက ကောင်းကင်မှ ကျဆင်းလာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ကမ္ဘာဖျက်ဓားများ စုစည်းလာကာ ကောင်းကင်ကို လွှမ်းခြုံသွားသည်။
ထိုအချိန်တွင် တိုက်ပွဲသည် အစစ်အမှန် ကမ္ဘာပျက်နေ့ကဲ့သို့ ပြောင်းလဲ သွားလေသည်။
ထိုသည်က မဟာလမ်းစဥ် ထူးခြားခန္ဓာကိုယ်၏ စွမ်းအားပေလား။
မရေတွက်နိုင်သည့် တန်ခိုးရှင်များက ထိုပုံရိပ်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ ယခု ကျန်းယွမ်၏ ခန္ဓာကိုယ်သည် မူလဖြစ်တည်မှု မဟုတ်တော့ဘဲ မိုးကြိုးများ၏ ကိုယ်စားပြုပုံရိပ် ဖြစ်လာသည်။ သူက ကိုယ်တိုင်ပင် မိုးကြိုးလမ်းစဥ် ဖြစ်လာပြီး ယင်းအတွင်းသို့ ပေါင်းစပ်နေသည်။
ခရမ်းရင့်ကောင်းကင် နန်းတော်၏ အထွတ်အထိပ် ဆရာသခင်က မည်သို့ အလွယ်တကူ ရှုံးနိမ့်နိုင်ပါမည်နည်း။
သို့သော် မဟာလမ်းစဥ် အထွတ်အထိပ် ဆရာသခင်ကဲ့သို့ ပုဂ္ဂိုလ်မျိုးသည်ပင် ရီဖူရှင်း၏ ဖိအားပေးခြင်းကို ခံခဲ့ရကာ ဤအခြေအနေထိ စွမ်းအားကို ထုတ်ဖော်ခဲ့ရသည်။
ထို့ကြောင့်ပင်လျှင် ရီဖူရှင်းသည် ကောင်းကင် အာဏာစက်ဘုံမှ အခြားထိပ်သီး ပုဂ္ဂိုလ်များနှင့်အတူ ရပ်ရန် အရည်အချင်း ပြည့်မီပြီ ဖြစ်သည်။
ကျန်းယွမ်သည် သူ၏ ပြိုင်ဘက်ကင်း စွမ်းရည်ဖြင့် တိုက်ပွဲတွင် အခြားသူများကို အမြဲအနိုင်ပိုင်းနိုင်ခဲ့သည်။ မည်သူကမှ သူ့ကို အစစ်အမှန် စွမ်းအားနှင့် မဟာလမ်းစဥ် ထူးခြားခန္ဓာ စွမ်းအားကို ဖော်ထုတ်လာစေရန် မဆိုထားနှင့် တစ်ခါထက်ပင် ပိုမတိုက်ခိုက်နိုင်ခဲ့ပေ။
ခရမ်းရင့်ကောင်းကင် နန်းတော်မှ တန်ခိုးရှင်များသည် ပုံမှန်သာ ကြည့်နေကြသည်။ ယခင်က သူတို့ထင်ခဲ့သည်မှာ ထိုစွမ်းအားကို ကောင်းကင်အာဏာစက် ပြည်ထောင်မှ အိမ်ရှေစံနှင့် တိုက်ခိုက်သည့် အခါ၌သာ ထုတ်လွှတ်ရမည်ဟူ၍ ဖြစ်သည်။
သို့ပေမဲ့ ထိုသည်က အဆင်ပြေသည်။ ခရမ်းရင့်ကောင်းကင် နန်းတော်၏ ထူးခြားခန္ဓာကိုယ် ပိုင်ရှင်က မည်မျှ အားကောင်းသည်ကို သူတို့အားလုံး မြင်တွေ့စေရမည်။
***
စာစဉ်(၉၉) ပြီး၏။
***