Switch Mode

အပိုင်း(၁၄၂၈)

ဒါပဲလား …

ခရမ်းရင့် ကောင်းကင်နန်းတော်၏ ကျယ်ပြောလှသည့် မြေပေါ်မှ မရေတွက်နိုင်သည့် မျက်လုံးများက တစ်နေရာထဲသို့ ကြည့်နေကြသည်။

ထိုသည်မှာ ရီဖူရှင်းရှိ နေရာကိုပင် ဖြစ်၏။ ရီဖူရှင်း မျက်နှာက ပြောင်းလဲသွားပြီး သူ၏ မူလအသွင်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ များပြားလှသည့် လူများက သူ့ကို မြင်ဖူးကြသည်။ သူသည် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးကို ရရှိခဲ့သူ ဖြစ်ပြီး ထို့အတွက်ကြောင့်ပင် မူလတောင်တန်း၌ အခြားသူများ၏ အမဲလိုက်ခြင်းကို ခံခဲ့ရသည်။

ခရမ်းရင့်ကောင်းကင် နန်းတော်မှ အထွတ်အထိပ် ဆရာသခင် သည်လည်း သူ့ကို လိုက်ဖမ်းခဲ့သူများ၌ တစ်ဦးအပါအဝင်ဖြစ်သည်။

နောက်ပိုင်းတွင် သူက နတ်ဆင်အင်ပါယာနှင့် ကျန်နေခဲ့ပြီး နတ်ဆင်ကလန်သို့ သွားခဲ့သည်။ ယခု သူက ဤနေရာ၌ ထွက်ပေါ်လာ၏။

သူ၏ ရုပ်ဖျက်မှု နည်းစနစ်က အလွန် ထူးကဲလှပြီး ရန်ဟောင်များပင်လျှင် သူ့ကိုယ် သတိပြုမိခြင်း မရှိကြပေ။ ထိုသည်မှာ ထူးခြားသည့် စွမ်းရည်အချို့ ဖြစ်ပေလိမ့်မည်။

ထို့ပြင် ပိုပြီး ထိတ်လန့်ဖွယ် ကောင်းသည်မှာ သူ၏ ခွန်အားပင် ဖြစ်၏။

ထိုအခိုက်တွင် သူက ကျန်းယွမ်နှင့် ထိပ်တိုက် ရင်ဆိုင်ရင်း ကောင်းကင် အာဏာစက်ဘုံ၏ မဟာလမ်းစဥ်တိုက်ပွဲတွင် သူ့အတွက်လည်း နေရာရသင့်သည်ဟု ဆိုသည်။

ကောင်းကင်အာဏာစက်ဘုံ၏ ပြိုင်ဘက်ကင်း ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦး အနေနှင့် ရီဖူရှင်းသည် နေရာတစ်ခု လိုချင်နေပေသည်။

ရီဖူရှင်း၏ မျက်နှာကို မြင်သည့်အခါ အင်ပါယာကျီမင်က ရန်ဟောင် စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ သူ၏ မျက်လုံးများက အလွန် အေးစက်နေ၏။ သူက နောက်ဆုံး၌ ရီဖူရှင်းသည် အဘယ့်ကြောင့် အင်ပါယာကျီမင် နယ်မြေမှ တပည့်အဖြစ် ပြိုင်ပွဲဝင်ခဲ့ကြောင်း နားလည်သွားပြီ ဖြစ်သည်။

ရီဖူရှင်းက သူ့အား ထောင်ချောက် ဆင်ခဲ့သည်။

ဂုဏ်သိက္ခာကြီးသည့် အင်ပါယာကျီမင် အနေဖြင့် သူက ရီဖူရှင်း၏ ထောင်ချောက်ဆင်မှုကို ခံခဲ့ရသည်။

ရီဖူရှင်းသည် ခရမ်းရင့်ကောင်းကင် နန်းတော်ကို စိန်ခေါ်ရန်လာခြင်းမှာ ရှင်းလင်းနေပြီး အင်ပါယာကျီမင်နှင့် အင်ပါယာကျီမင် နယ်မြေသည် သူတို့ကိုယ် သူတို့ ရီဖူရှင်း၏ အသုံးချခံများအဖြစ် ဖော်ပြခံနေရသည်။ ယခုချိန်မှစကာ သူတို့သည် လောကအလယ်၌ လူရယ်ဖွယ် ဖြစ်ရပေတော့မည်။

“ရီဖူရှင်း”

ကျန်းချန်ချင်က အော်လိုက်သည်။ သူ၏ မျက်လုံးများက အလွန် အေးစက်နေပြီး ဒေါသအပြည့်နှင့် မိုးကြိုးစွမ်းအားများကို ထုတ်လွှတ်နေသည်။

ဤအကောင် ရီဖူရှင်းက အစမှနေ၍ အဆုံးထိ သူတို့ကို အခွင့်အရေး ယူသွားခြင်း ​ဖြစ်လေသည်။

သူက နောက်ဆုံးအခေါက်က ဖြစ်ခဲ့သည့် ကိစ္စအတွက် လက်စားချေခဲ့ခြင်း ဖြစ်လေသည်။ သူက သူ့လူများကို ဦးဆောင် ဂူတုံးလျှိုကို ဖမ်းဆီးကာ အင်ပါယာကျီမင် နယ်မြေတွင် အကျဥ်းချထားခဲ့ပြီး မုန်တိုင်းကို အစပျိုးပေးခဲ့သည်။

ဤတစ်ကြိမ်၌ အင်ပါယာကျီမင် နယ်မြေသည် သူ့ကြောင့် ရှုပ်ထွေးသည့် အခြေအနေသို့ ကျရောက်ခဲ့သည်။ သူတို့၏ ဂုဏ်သတင်း ပျက်စီးရခြင်းကို မဆိုထားနှင့် ခရမ်းရင့်ကောင်းကင် နန်းတော်၏ သူတို့အပေါ် အမြင်ကလည်း ဆိုးဝါးသွား ရပေလိမ့်မည်။

အင်ပါယာကျီမင် နယ်မြေသည် ခရမ်းရင့်ကောင်းကင် နန်းတော်၏ အမွေအနှစ် ရှစ်ခုမှ တစ်ခုကို ဆက်ခံထိန်းသိမ်း ပေးရရုံသာ ဖြစ်ပြီး သူတို့က ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဆန့်ကျင်ပါက ကောင်းကင်နန်းတော်သည် အခြားအင်အားစုတစ်ခုကို အစားထိုး လိုက်ပေလိမ့်မည်။

ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် ကျန်းချန်ချင်သည် ပို၍ ဒေါသတကြီး ဖြစ်လာသော်လည်း သူသည် အစွမ်းမဲ့နေသည်။ သူသည် အစကတည်းကပင် ရီဖူရှင်းအား သတိမပြုမိခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုတွင် ရီဖူရှင်းကသာ သူ့ကို ဂရုမထားခြင်း ဖြစ်ပုံပေါ်လေသည်။

သူက ရီဖူရှင်းနှင့် ရင်ဆိုင်ရသည့် အခါတိုင်း၌ အစမှ အဆုံးထိ သူ့ကို ​အမြဲ ဂရုမစိုက် မောက်မာဟန်ဖြင့် ဆက်ဆံခဲ့သည်။ ခွန်အားအနေနှင့် ဆိုလျှင် သူက ရီဖူရှင်းနှင့် လုံးဝ ယှဥ်နိုင်ခြင်းမရှိပေ။

ရီဖူရှင်းက သူ့ကို အရေးစိုက်ခြင်း မရှိပေ။ ခရမ်းရင့်ကောင်းကင် နန်းတော်သည် သူ့ကို လိုက်ဖမ်းရုံမျှမက ခရမ်းရင့် ကောင်းကင်နန်းတော်မှ ရန်ဟောင်အဆင့် ပုဂ္ဂိုလ်သည်ပင် သူတို့ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ ထို့အတွက်ကြောင့်ပင် ရီဝူချင်းနှင့် ရာရာသည် မူလတောင်တန်း၌ သေဆုံးရတော့မလို ဖြစ်ခဲ့ရသည်။

ခရမ်းရင့်ကောင်းကင် နန်းတော်သည် သူတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်နှင့် ဤအခမ်းအနားကို ကျင်းပခြင်း ဖြစ်သည်။ သူတို့က အားလုံးသော တန်ခိုးရှင်များကို စုစည်း၍ ကောင်းကင် နတ်တံခါးဂိုဏ်းနှင့် ရီဖူရှင်း၏ အစ်ကိုသုံးကို ရင်ဆိုင်လိုသည်။

ယခု အခွင့်အရေး ရသည်ဖြစ်ရာ ရီဖူရှင်းသည် သူတို့၏ အကြံအစည်ကို ဖျက်ဆီးပစ်ရန် တွေဝေနေမည် မဟုတ်ပေ။

ထပ်ပေါင်းပြောရလျှင် ဂူထျန်းရှင်းသည် အစ်ကိုသုံးကို ထောက်ပံ့ကာ နတ်ဆိုးဘုံ၏ အရှင်သခင်အသစ် ဖြစ်စေလိုပြီး နတ်ဆိုးဘုံရှိ တန်ခိုးရှင်များကလည်း စောင့်ကြည့်နေသည်။ ယခု ကောင်းကင် အာဏာစက်ဘုံမှ လူသားတန်ခိုးရှင်များ အကြားတွင် ကောင်းကင်အာဏာစက် ပြည်ထောင်မှ အိမ်ရှေ့စံနှင့် ခရမ်းရင့် ကောင်းကင်နန်းတော်၏ အထွတ်အထိပ် ဆရာသခင် ကဲ့သို့ ပုဂ္ဂိုလ်မျိုး ရှိနေသည်။ အစ်ကိုသုံးက မူလလမ်းစဥ်ကို ဆက်ခံခဲ့သည်ဟု ဆိုသော်ငြား နတ်ဆိုးဘုံမှ လူများ၏ ထောက်ခံ ခွင့်ပြုမှုကို ရရှိရန်မှာ လွယ်ကူမည် မဟုတ်ပေ။

ထို့ကြောင့် ယခု သူသည် နတ်ဆင်ကလန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိထားပြီး သူ၏ ပြိုင်ဘက်ကင်း အရည်အချင်းကို ပြသခဲ့လျှင် နတ်ဆိုးဘုံ၏ သဘောထားကို ပြောင်းလဲရန် အခွင့်အရေး ရလာနိုင်ပေသည်။ သူတို့က အစ်ကိုသုံးကို အရှင်သခင်အဖြစ် ချက်ချင်း မခစားနိုင်လျှင်ပင် အနည်းဆုံးတော့ သူက သူတို့၏ အာရုံစိုက်မှုကို ပိုမိုရရှိလာအောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ထိုသည်က သူ မည်သည့်အတွက် ကောင်းကင် အာဏာစက်ဘုံ၏ မဟာလမ်းစဥ် တိုက်ပွဲတွင် တစ်နေရာ ရသင့်သည်ဟု ပြောခဲ့ရသလဲ ဆိုသည်ပင် ဖြစ်၏။

သူက နတ်ဆင်ကလန်ကို ကိုယ်စားပြု၍ တစ်နေရာ ရရှိရန် လိုအပ်သည်။

သူက ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဆန့်ကျင်မိသည်ဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမကြီးပေ။ အစကတည်းက ကောင်းကင်နတ်ဆိုးမြို့၌ သူသည် ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဆန့်ကျင်ခဲ့ပြီးဖြစ်ရာ ပြန်လှည့်မရနိုင်သည့် အခြေအနေကို ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ထိုသည်မှာ နောက်ပိုင်းဖြစ်ခဲ့သော ရန်ဟောင်၏ ဝင်စွက်ဖက်မှုနှင့် အမဲလိုက်ခြင်းကဲ့သို့ ဖြစ်ရပ်များ မပါဝင်သေးပေ။

နောက်ခံမရှိလျှင် ခရမ်းရင့်ကောင်းကင် နန်းတော်သည် သူ့ကို ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ နင်းချေဖျက်ဆီးကာ အကြောင်းပြချက်မရှိ သတ်ပင် သတ်ပစ်နိုင်သည်။

သို့သော် သူက ယခုတွင် နတ်ဆင်ကလန်ကို သူ၏ နောက်ခံအဖြစ် အသုံးပြုထားသည်။ သူက ကောင်းကင်အာဏာစက် ​အင်အားစုများ အချင်းချင်း တိုက်ခိုက်မည့် တိုက်ပွဲတွင် နတ်ဆင်ကလန်ကို ကိုယ်စားပြုထားသည်ဖြစ်ရာ ပြဿနာမရှိနိုင်ပေ။ နတ်ဆိုးဘုံ၏ များပြားလှသော ထိပ်သီး ပုဂ္ဂိုလ်များက သူ့ဘေးတွင် ရှိနေသည်။

သို့သော် သူက သတ္တမဓားအဖြစ် ဟန်ဆောင်စဥ်အခါက ကောင်းကင် အာဏာစက်ဘုံကို ပို၍ ရန်စနိုင်ပြီး အရှက်ရစေနိုင်ခဲ့သည်။ ဤနည်းလမ်းဖြင့် ခရမ်းရင့်ကောင်းကင် နန်းတော်ကို အားနည်းစေရန် လုပ်ဆောင်နိုင်ပြီး ဤအခမ်းအနား၌ သူတို့၏ လွှမ်းမိုးမှုကို အားနည်းစေသည်။

ဗြဟ္မာ့သန့်စင် ကောင်းကင်မှ များပြားလှသည့် နတ်မိမယ်များနှင့် ရှန့်ထိုများကလည်း ရီဖူရှင်းကို ကြည့်နေကြသည်။ သူတို့သည် ရီဖူရှင်းနှင့် ပတ်သက်သည့် မှတ်ဉာဏ်များ အခုထိ ရှိနေသေးသည်။ သူက ခရမ်းရင့်ကောင်းကင် နန်းတော်ကို ပြန်လှန်ပြီး မူလတောင်တန်း၌ အသက်အန္တရာယ်နှစ်ခုမှ ရှင်သန်လာနိုင်ခဲ့ကာ အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးကိုပင် ရရှိခဲ့သည်။ ထို့ပြင် သူသည် ဗြဟ္မာ့သန့်စင် ကောင်းကင်မှ လူများထံ၌ အမျိုးသမီးတစ်ဦး၏ အကြောင်းကို နှစ်ခါတိတိ စုံစမ်းခဲ့သည်။

သို့သော် ထိုသို့သော ပုဂ္ဂိုလ်မှာ ဗြဟ္မာ့သန့်စင် ကောင်းကင်၌ မရှိပေ။

သူ့ကို ထိုမျှထိ အစွမ်းထက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြောင်း ဗြဟ္မာ့သန့်စင် ကောင်းကင်မှ အမျိုးသမီးများက တွေးနေကြသည်။ အချိန်တိုင်း သူတို့ သူ့ကို တွေ့သည့်အခါတွင် ယခင်တစ်ခေါက်ကထက် ပို၍ သန်မာလာပုံ ရလေသည်။

ယခုတွင် ရီဖူရှင်းသည် ပြိုင်ဘက်၏ မျက်နှာချင်းဆိုင်တွင် ရပ်နေပြီး ကျန်းယွမ်၏ ခန္ဓာကိုယ်မှ မိုးကြိုးလမ်းစဥ် စွမ်းအားများက အော်မြည်နေသည်။ သူ့မျက်လုံးများက အေးစက်မှုတို့ဖြင့် လင်းလက်နေပြီး သတ်ဖြတ်လိုသည့် ခံစားမှုများ ပေါ်လွင်နေသည်။ သေဆုံးခြင်း သစ်ပင်၏ ဝါးမျိုခြင်းအား ခံရပြီး ဖျက်ဆီးခြင်း ချောက်နက်အတွင်းသို့ ကျသွားပြီးနောက်၌ပင် သူက အသက်ရှင်နေဆဲဖြစ်ကာ နတ်ဆင်အင်ပါယာ၏ ခေါ်ဆောင်သွားခြင်းကို ခံရသည်။ ထိုသည်က သူ့အတွက် အခွင့်အရေးအသစ်ပင် ဖြစ်သွားသည်ဟု ထင်မှတ်ရ၏။

သိသာစွာပင် နတ်ဆင်အင်ပါယာက သူ့အား မည်သို့မှ မပြုလုပ်ခဲ့ပေ။

“မင်းက အဆင့်တက် သွားတာလား”

ကျန်းယွမ်က ပြောလိုက်သည်။ ရီဖူရှင်းသည် သူ့ကဲ့သို့ သံသယကင်းစင်ခြင်း အဆင့်သို့ ဝင်ရောက် သွားခဲ့တာကြောင့် သူက ခရမ်းရင့်ကောင်းကင် နန်းတော်သို့ လာကာ ကောင်းကင်နန်းတော်၏ လူများအား ရန်စရဲခြင်း ဖြစ်ပေသည်။

“ကောင်းကင် အာဏာစက်ဘုံရဲ့ မဟာလမ်းစဥ် ပြိုင်ပွဲမှာ မင်း နေရာရနိုင်မရနိုင် မသိသေးဘူးလေ”

ကျန်းယွမ်က ပြောလိုက်သည်။

“ဒါပေမဲ့ မင်းက နောက်တစ်ခါ ရန်ဟောင်အရိုးနဲ့ တိုက်ခိုက်မယ် ဆိုရင် မင်းကို သက်ညှာမှာ မဟုတ်တော့ဘူး”

ထို့နောက်တွင် သူက ကောင်းကင်မှ မိုးကြိုးများကို သူ့လက်ဆီသို့ စုစည်းလိုက်သည်။ အဆုံးမဲ့ နတ်မိုးကြိုးများက သူ့အနီးတွင် အော်မြည်နေပြီး သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။

ရီဖူရှင်း၏ ခေါင်းထက်တွင် ကောင်းကင်မိုးကြိုး ရှစ်သွယ်က စုစည်းလာပေသည်။ အဆုံးမဲ့ နတ်မိုးကြိုးအလင်းတို့က ထိုးထွက်လာကာ အရာအားလုံးကို ရှင်းလင်း သုတ်သင်ပစ် တော့မယောင် ထင်မှတ်ရသည်။

“ရန်ဟောင်တစ်ပါးကသာ မင်းကို ကာကွယ်ပေးမနေရင် မင်း မူလတောင်တန်းမှာ ကတည်းက သေနေလောက်ပြီ။ ကျုပ်က ရန်ဟောင်နဲ့တောင် တိုက်ခိုက်နိုင်သေးတာ။ မင်းရဲ့ သက်ညှာမှုကို လိုလိမ့်မယ်လို့ ထင်နေလား”

ရီဖူရှင်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။ သူက လေထဲသို့ ခြေချလိုက်ကာ အဆုံးမဲ့နတ်ဆင်များက ကောင်းကင်ထက်တွင် ပေါ့ပေါက်လာပြီး ကောင်းကင်တွင် လျှောက်လာကာ အဆုံးမဲ့ ကြီးမားသည့် နတ်ဆင်အရိပ်က ပေါ်ပေါက်လာသည်။

ခရမ်းရင့်မိုးကြိုးက နတ်ဆင်၏ ခန္ဓာကိုယ်ပေါ် ကျရောက်ထိမှန် လာသော်လည်း ခုခံမှုကို မချိုးဖျက်နိုင်ပေ။

ရီဖူရှင်းသည် လမ်းလျှောက်လာပြီး နတ်ဆင်များသည် ကောင်းကင်ကို ဖိနှိပ်ကာ ယင်းတို့၏ ရှေ့မှ ကျန်းယွမ်ကို မဆိုထားနှင့် ကောင်းကင်တစ်ခုလုံးကိုပေ မှုန့်မှုန့်ကြေသွား စေတော့မတတ် ထင်မှတ်ရပေသည်။

မိုးကြိုးပစ်သံများက ကျန်းယွမ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာကာ မိုးကြိုးနတ်ဘုရား တစ်ပါးက ပေါ်ထွက်လာသည်။ မိုးကြိုးနတ်ဘုရား၏ ရှေ့တွင် ကမ္ဘာဖျက်မိုးကြိုးဝင်္ကပါ တစ်ခု ပေါ်ပေါက်လာသည်။ ကောင်းကင်ထက်တွင် အဆုံးမဲ့ မိုးကြိုးစွမ်းအားများက ပျံသန်းနေသည်။ ခရမ်းရင့်ကောင်းကင် နန်းတော်၏ အထက်ကောင်းကင်တွင် မိုးကြိုးများ အပြည့် စီးဆင်းနေပြီး ဝင်္ကပါသို့ ပေါင်းစပ်နေကာ လောကကြီးသည် ပျက်စီးတော့မလို မှောင်မိုက်လာသည်။

ကမ္ဘာဖျက်ဝင်္ကပါက ကြီးမားသထက် ကြီးမားလာသည်။ ထိုမှ နတ်ဓားများက ထိုးဖောက် ထွက်ပေါ်လာသည်။ ထိုကမ္ဘာ ဖျက်ဓားများက ရှောင်းရန် အသုံးပြုခဲ့သည်ထက် ပိုမို အားကောင်းပေသည်။

ဘန်း … ဘန်း … ဘန်း … နတ်ဆင်များက လေထဲသို့ လျှောက်လာပြီး ကျန်းယွမ်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။ ဆင်များ၏ ခြေနင်းခြင်း ဖိအားအောက်တွင် ကျန်းယွမ်သည် သူ၏ ခန္ဓာကိုယ်က တုန်နေပြီး ကိုယ်တွင်း ကလီစာများကလည်း တုန်ယင်နေကာ သွေးများက ဆူပွက်လာသလို ခံစားလိုက်ရသည်။

ထိုသည်က ခရမ်းရင့်ကောင်းကင် နန်းတော်၏ ကမ္ဘာဖျက်မိုးကြိုး ဝင်္ကပါကဲ့သို့ပင် နတ်ဆင်ကလန်၏ အစွမ်းထက်ဆုံး နည်းစနစ်တစ်ခု ဖြစ်ကာ အလွန်ပြင်းထန်သည့် တိုက်ခိုက်မှု စွမ်းအားရှိသည်။

နောက်ဆုံးတွင် ကမ္ဘာဖျက်ဓားက ထွက်ပေါ်လာပြီး ကောင်းကင်သို့ ဖြတ်သန်းကာ အရာအားလုံးကို ရှင်းလင်းပစ်လိုက်သည်။ ယင်းသည် ချီတက်လာသည့် နတ်ဆင်များနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ကြောက်မက်ဖွယ် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ လေဟာနယ်က ပြင်းထန်စွာ ပေါက်ကွဲထွက်လာ၏။ မုန်တိုင်းသည် အားလုံးကို နစ်မြုပ်သွား စေသော်လည်း ရီဖူရှင်းက ရှေ့သို့ဆက်လက် သွားနေဆဲ ဖြစ်ကာ ကျန်းယွမ်သည်လည်း ပြင်းထန်သည့် မိုးကြိုးစွမ်းအားများကို စုစည်းနေသည်။

“သူက ကျန်းယွမ်ရဲ့ ကမ္ဘာဖျက်မိုးကြိုးဓားကို ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိတယ်။ အဲဒါက အတော် ထူးခြားတယ်။ ဒီလူရဲ့ အရည်အချင်းက အတော်ထူးခြားတာပဲ”

လူတိုင်းက ထိတ်လန့် သွားကြသည်။ သူတို့သည် ရီဖူရှင်းက ထိုမျှထိ ခြိမ်းခြောက်နိုင်စွမ်း ရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူ၏ ပြိုင်ဘက်သည် ဤမျိုးဆက်တွင် အထူးချွန်ဆုံး ဖြစ်သည့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ အထွတ်အထိပ် ဆရာသခင် ဖြစ်သည်။

သူ၏ မိုးကြိုးလမ်းစဥ်သည် အခြားသူများထက် အားကောင်းလှသည်။

“ကောင်းဟွမ် မင်း ဘယ်လိုထင်လဲ”

ထောင်ချီနတ်တောင်မှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက မေးလိုက်သည်။

“သူက လမ်းစဥ်အမျိုးမျိုးမှာ ထူးချွန်ပြီး သူ့ရဲ့ တိုက်ပွဲစွမ်းရည်က ထိပ်တန်းပဲ။ သူ၏ တိုက်ခိုက်မှု ခွန်အားကလည်း ပြိုင်ဘက်ကင်းတယ်။ လူသားတန်ခိုးရှင် တစ်ယောက် အနေနဲ့ သူက နတ်ဆင်ကလန်ရဲ့ နည်းစနစ်ကိုတောင် ဒီလောက် အဆင့်မြင့်အောင် ကျင်ကြံနိုင်တယ်။ နတ်ဆင်အင်ပါယာ အရိုးရဲ့ အကူအညီနဲ့ဆိုရင် သူ့ရဲ့ ပင်ကိုပါရမီက ပိုပြီးတောင် အစွမ်းထက် ထူးခြားသွားလိမ့်မယ်။ ဒီနေ့တိုက်ပွဲ ကနေပြီးတော့ ကျွန်တော် ပြောနိုင်တာက ကောင်းကင် အာဏာစက်ဘုံရဲ့ မဟာလမ်းစဥ် တိုက်ပွဲမှာ သူ့အတွက်လည်း တစ်နေရာရသင့်တယ် ဆိုတာပဲ” ကောင်းဟွမ်က ပြောလိုက်သည်။

ကောင်းကင် အာဏာစက်ဘုံမှ ခရမ်းရင့်ကောင်းကင် နန်းတော်၏ အထွတ်အထိပ် ဆရာသခင် ကို လူမည်မျှများများ ယှဥ်ပြိုင် တိုက်ခိုက်နိုင်မည်နည်း။

များပြားသည့် အဓိက အင်အားစုများမှ ကျင့်ကြံဆင့် တူညီသူများသည်ပင် ကျန်းယွမ်ရှေ့၌ အားနည်းချက် ပေါ်သွားပါက သူက တစ်ချက်တည်းနှင့် သတ်ပစ်နိုင်ပေသည်။

သို့သော် လက်ရှိတွင် ကျန်းယွမ်သည် ရီဖူရှင်းအား ရိုက်နိုင်မည့်ပုံမရှိပေ။

ဘုန်း …

ကောင်းကင်မှ ကျယ်လောင်သည့်အသံ ထွက်ပေါ်လာသည်။ ရီဖူရှင်းသည် မုန်တိုင်းကို ဖြတ်ကာ လျှောက်လာသည်။ ကောင်းကင်သည် တုန်ခါသွားပြီး အော်မြည်နေသည်။ ကျန်းယွမ်၏ တိုက်ခိုက်မှုက ဆင်ပုံရိပ်အများအပြားကို ပျက်စီးသွား စေသော်လည်း ဆင်များ၏ ခြေလှမ်းတို့အောက်၌ ဝိညာဥ်စွမ်းအားတို့က ပို၍ သန်မာ အားကောင်းလာသည်။ ဒုန်းစိုင်းလာသည့် ဆင်များသည် အဆုံးမဲ့နေပြီး ရှင်းထုတ်ပစ် မနိုင်တော့ပေ။ ကျန်းယွမ်သည် ရီဖူရှင်း ရှေ့တိုးလာနေခြင်းအား ရပ်တန့်ရန်အတွက် နည်းလမ်းမရှိပေ။

ကျန်းယွမ်က သာမန်မျှ ကြည့်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ရုတ်တရက် ရီဖူရှင်း ခေါင်းအထက် ကောင်းကင်တွင် နောက်ထပ် ချောက်ချားဖွယ် မုန်တိုင်းက စုစည်း ဖြစ်တည်လာ၏။ ကြည့်ရသည်မှာ ကမ္ဘာဖျက် မိုးကြိုးဝင်္ကပါ ဖြစ်ပုံရလေသည်။ အဆုံးမဲ့ နတ်မိုးကြိုးများက ထိုနေရာသို့ စုစည်းလာပြီး ကြောက်မက်ဖွယ် မည်းမှောင်နေသော တိမ်တိုက်များက ရီဖူရှင်း၏ ခေါင်းအထက်တွင် ပေါ်ပေါက်လာသည်။

“သူက နှစ်ထပ်ဝင်္ကပါကို စုစည်းချင် နေတာလား”

လူအများ​က ထိတ်လန့် တုန်လှုပ်စွာဖြင့် ကျန်းယွမ်ကို စူးစိုက် ကြည့်နေကြသည်။ ထိုသည်က အထွတ်အထိပ် ဆရာသခင်၏ စွမ်းအားပေလား။ သူ၏ လမ်းစဥ်မိုးကြိုးက မည်မျှ ခြိမ်းခြောက်နိုင်သနည်း။ သူသည် ကောင်းကင်နှင့် မြေကြီးကြားမှ စွမ်းအားများကို စိတ်ကြိုက် အသုံးပြုနိုင်ပေသည်။

ကျန်းယွမ်၏ နောက်တွင် အဆုံးမဲ့ မိုးကြိုးတိမ်တိုက် မုန်တိုင်းများက အစစ်အမှန် မိုးကြိုးဓားဆီသို့ စုစည်းလာကာ အဆုံးမဲ့ ဖျက်ဆီးခြင်း စွမ်းအားများဖြင့် လွှမ်းခြုံထားသည်။ သတ်ဖြတ်ခြင်း စွမ်းအားသည် အလွန် ဖိနှိပ်လွှမ်းမိုး နိုင်ပေသည်။ ပြန်လည် မွေးဖွားခြင်း အဆင့်ပင်လျှင် ပျက်စီး ပျောက်ကွယ် သွားရနိုင်ပေသည်။

ဓားက ထွက်ပေါ်မလာခင် လောကကြီးက အရောင်ပြောင်း သွားခဲ့သည်။ တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ် မိုးကြိုးအလင်းများက ရီဖူရှင်း၏ ခေါင်းအထက်တွင် ပေါ်ပေါက်လာပြီး ကောင်းကင်မှ ကျဆင်းလာကာ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်ဟန် ရှိသည်။

မိုးကြိုးဝင်္ကပါ နှစ်ခုမှ တိုက်ခိုက်မှု စွမ်းအားနှစ်ခုက တစ်ချိန်တည်းတွင် ထွက်ပေါ်လာသည်။ မည်သူက ရပ်တန့်နိုင်မည်နည်း။

ဘုန်း …

ဆင်များ၏ ခြေနင်းသံက ကောင်းကင်ကို တုန်ခါစေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော နတ်ဆင်များက လင်းလက်ကာ တောက်ပနေသည်။ သူက လက်ရှိ သွားနေသည့် နေရာနှင့် ဆန့်ကျင်၍ အထက်သို့ ခြေလှမ်းလိုက်သည်။ ဒုန်းစိုင်းနေသည့် ဆင်များသည် လောကကို ဖိနှိပ်ထားပြီး မရေတွက်နိုင်သည့် ဆင်ပုံရိပ်များက ဦးတည်ချက် ပြောင်းသွားကာ ကောင်းကင်တက်သို့ ဦးတည်ကာ သွားလိုက်ကြသည်။

ဘုန်း …

နတ်ဓားက သူ့အရှေ့တွင် ပေါ်ပေါက်လာသည်။ လောကကြီးက တုန်ခါနေပြီး လေဟာနယ်က ပြိုပျက်တော့မလို ဖြစ်လာသည်။

ဘုန်း …

ရီဖူရှင်းက လေဟာနယ်ကို ဖြတ်ကာ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက ခြေနှစ်လှမ်း လှမ်းလိုက်လျှင် တစ်လောကလုံးကို တုန်ခါသွားစေသည်။ သူ၏ လက်သီးက ရှေ့သို့ ထိုးထွက်လာကာ လက်သီးအလင်းက ဆင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ရှိ မဟာလမ်းစဥ်ကို ဖျက်ဆီးလိုက်သည်။

ဓားက တစ်ဖန် ထပ်လာသော်လည်း ရီဖူရှင်းက သူ၏ လက်သီးဖြင့် ထိုးပစ်လိုက်သည်။ မည်မျှ ထူးခြားလှသော မြင်ကွင်းနည်း။

ဤလက်သီးအောက်တွင် လေဟာနယ်က ဖျက်ဆီးခံလိုက်ရသည်။ မဟာလမ်းစဥ်က ကျိုးပျက်သွားပြီး လေဟာနယ်က အပိုင်းပိုင်း စုတ်ပြဲသွားသည်။ အဆုံးမဲ့ တောက်ပသော ဓားက တစ်ဝက်ပိုင်းခံလိုက်ရပြီး ပျက်စီးသွားလေသည်။

တစ်ချိန်တည်းတွင် ရီဖူရှင်းသည် ရှေ့သို့ ဆက်သွားနေသည်။ သူက လေဟာနယ်သို့ တိုက်ရိုက် ဖြတ်သန်းသွားပြီး သူ့လက်သီးက ရှေ့သို့ ဆက်လက် တိုးဝင်သွားသည်။

ကျန်းယွမ်သည် ထိုသို့ ဖြစ်လာမည်ဟု ထင်မှတ်မထားခဲ့ပေ။ သူ၏ ခန္ဓာကိုယ်ကို လျှပ်စီးကဲ့သို့ လျင်မြန်စွာ ခုန်ရှောင်ရန် ကြိုးစားလိုက်သည်။ သူက ရှောင်တိမ်းလိုက်ချင် သော်လည်း လက်သီးချက်သည် လေထဲတွင် ပေါက်ကွဲထွက်ကာ လေဟာနယ်ကို ကျိုးပဲ့ သွားစေခြင်းအား မြင်လေသည်။

ဘုန်း …

ချောက်ချားဖွယ် အသံက ထွက်ပေါ်လာပြီး ကျန်းယွမ် ရှိနေခဲ့သည့် နေရာက ပေါက်ကွဲသွားသည်။ သူက လက်သီးချက်၏ ရိုက်ခတ်မှုကြောင့် အဝေးသို့ လွင့်စဉ် သွားလေသည်။

“အထွတ်အထိပ် ဆရာသခင် မင်း လုပ်နိုင်တာ ဒါအကုန်ပဲလား”

ရီဖူရှင်းက နောက်ထပ် ခြေတစ်လှမ်း လှမ်းရင်း ပြောလိုက်သည်။ သူ၏ အသံက တစ်လောကလုံးကို ပဲ့တင်ထပ် သွားလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset