ကောင်းကင် နတ်ဆိုးနန်းတော်မှ ရွှေတောင်ပံငှက်ကြီးသည် ရွှေတောင်ပံ အင်ပါယာ၏ မျိုးဆက်ဖြစ်သည်။ သူ့တွင် အလွန် ခြိမ်းခြောက်နိုင်သည့် စွမ်းအား ရှိသည်။
သူက တောင်ပံများကို ဖြန့်ကားလိုက်ပြီး ရုတ်တရက် ရွှေရောင် တောက်ပနေသော နတ်အမွေး အတောင်များက တစ်ချိန်တည်းတွင် ထိုးထွက်လာကာ တောင်ချီသည့် ရွှေတောင်ပံငှက်များအဖြစ် ပြောင်းလဲသွားပြီး သူ့ဆီ ချဥ်းကပ် လာနေသည့် ပုံရိပ်ယောင်များနှင့် ထိပ်တိုက် ထိတွေ့မိသွားခဲ့သည်။
ကြီးမားသည့် နတ်ငှက်တစ်ကောင် ပေါ်ပေါက်လာကာ သူ၏ မူလသဏ္ဌာန်သို့ ပြောင်းလဲသွားသည်။ သူ၏ ရွှေရောင် အမွေးအတောင် တစ်ခုချင်းစီက ဓားသွားကဲ့သို့ ထက်ရှနေကာ လေထုကို ထိုးဖောက်သွားပြီး ကောင်းကင်တွင် ရွှေရောင်အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံသည် သူ့ကို ကြည့်လိုက်ကာ တစ်လှမ်း ထပ်လှမ်းလိုက်ပြန်ပြီး သူ့အနောက်တွင် နတ်ပန်းချီတစ်ခု ပေါ်ပေါက်လာသည်။ ယင်းက ဖြစ်တည်လာပြီး မှော်စာလိပ်အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။
“ကောင်းကင်အာဏာစက် နတ်ပန်းချီ”
ကျယ်ပြောသည့် အဆုံးမဲ့ လေဟာနယ်အတွင်း မရေတွက်နိုင်သည့် လူများမှာ တိုက်ပွဲဆီသို့ ကြည့်နေကြသည်။ ကောင်းကင် အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံသည် အမှန်တကယ်ပင် ထိပ်သီးပုဂ္ဂိုလ်ဖြစ်ရန် မွေးဖွားလာခြင်း ဖြစ်ပေသည်။ သူက ဘိုးဘေးများ၏ အားအကောင်းဆုံး သက်စောင့်ဝိညာဥ်ဖြစ်သော ကောင်းကင်အာဏာစက် နတ်ပန်းချီကို ဆက်ခံခဲ့ရသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်၏ သက်စောင့်ဝိညာဥ်သည် အသန်မာဆုံးသော ဖြစ်တည်မှု ဖြစ်လာစေရန် အကြိမ်ကြိမ် နိုးထရန် လိုအပ်ပြီး ကောင်းကင် အာဏာစက် နတ်ပန်းချီက အကြိမ်ပေါင်းများစွာ ပြောင်းလဲပြီးနောက် ဖြစ်ပေါ်လာသည့် အမြင့်ဆုံး သက်စောင့်ဝိညာဥ် ဖြစ်သည်။ ကောင်းကင် အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံသည်ယင်းကို အကြိမ်ပေါင်းများစွာ ပြောင်းလဲ၍ အမြင့်ဆုံးထိ မြှင့်တင်နိုင်ခဲ့ပေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်သည် ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဥ်များကို အစိုးရပြီး နတ်ပန်းချီအတွင်းမှ မှော်စာလိပ်သည် ကောင်းကင်နှင့် မြေကြီး၏ မြင်ကွင်း အစစ်အမှန်အဖြစ် ပြောင်းလဲသွားသည်။ ပုံရိပ်ယောင်နှင့် အစစ်အမှန်ကို တစ်ခုတည်းအတွင်း ရောမွှေထားသည်။ ထိုနတ်ပန်းချီစာလိပ်အတွင်း ရွှေတောင်ပံနတ်ငှက်ကြီးသည် ကောင်းကင်ကို ဖြတ်သန်း ပျံသန်းလာကာ ရွှေတောင်ပံငှက် အသုံးပြုသော နည်းစနစ်ကို အသုံးပြု၍ ကောင်းကင်ကို ထိုးခွဲသွားသည်။
နတ်ပန်းချီက တောက်ပသည့် အလင်းများကို ထုတ်လွှတ်နေပြီး အရာအားလုံးက အစစ်အမှန် ဖြစ်လာသကဲ့သို့ ထင်မှတ်ရကာ အဆုံးမဲ့ လေဟာနယ်ကို ခမ်းနားထည်ဝါသည့် ရှုမြင်ကွင်းက ဖုံးလွှမ်းသွားသည်။
“အဆုံးသတ်စမ်း”
ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံကို ကြည့်ရသည်မှာ ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ သူ့ စကားပြီးနောက် မရေတွက်နိုင်သည့် ရွှေတောင်ပံငှက်များသည် မဟာလမ်းစဥ်ကို ဖြတ်ကာ ပျံသန်းသွားပြီး နတ်ငှက်အစစ်ဆီသို့ ထိုးဖောက် ဝင်ရောက်သွားသည်။
ရွှေတောင်ပံနတ်ငှက်က လှည့်လိုက်ကာ သူ့ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခြင်း မရှိတော့ပေ။ လှည့်ပတ်နေသည့် ခန္ဓာကိုယ်သည် ရွှေရောင်တောက်ပနေသည့် အလင်းတန်းကဲ့သို့ ဖြစ်ကာ ဖြစ်တည်မှု အားလုံးကို ဖျက်ဆီး၍ သူ့ဆီ တိုက်ခိုက်လာသည့် ရွှေတောင်ပံငှက် ပုံရိပ်များကို အဆက်မပြတ် ဖျက်ဆီးပစ်နေသည်။
သို့သော် မဟာလမ်းစဥ် နတ်ပန်းချီ၏ တိုက်ခိုက်မှုက အဆုံးမရှိသကဲ့သို့ ထင်မှတ်ရကာ အဆုံးမဲ့ လေဟာနယ်သည် ထိုတိုက်ခိုက်မှုအောက်တွင် ဖျက်ဆီးခံရတော့မည်ဟု ထင်မှတ်ရပေသည်။
ဘန်း … ဘန်း … ဘန်း …
ထိခတ်မ်သည့် အသံများက တစ်ခါပြီးတစ်ခါ ထွက်ပေါ်လာနေသည်။ နောက်ဆုံး၌ နတ်ငှက်သည် အဝေးကြီးသို့ လွင့်စဉ်သွားခဲ့သည်။ ထိုအချိန်တွင် သူက သွေးများဖြင့် လွှမ်းနေသည်။
သူက လေထဲရှိ မှော်စာလိပ်အတွင်းမှ ရွှေတောင်ပံငှက်ကို ကြည့်ကာ အနည်းငယ် ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ မည်သူက ရွှေတောင်ပံနတ်ငှက် အစစ်နည်း။ မည်သည့် အတွက်ကြောင့် ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံက ရွှေတောင်ပံငှက်တို့၏ တိုက်ခိုက်မှုကို ထိုမျှ မြင့်မားသည်ထိ အသုံးပြုနိုင်ပြီး သူ ပြန်၍ မတိုက်ခိုက်နိုင်အောင်ပင် ဖြစ်သွားရသနည်း။
ဘုန်း … သူ့ တောင်ပံများသည် အပိုင်းပိုင်း ပျက်စီးသွားပြီး ချက်ချင်းပင် သူသည် မတိုက်ခိုက်ခင်က မူလအခြေအနေသို့ ပြန်ရောက်ရှိသွားသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်မှ အိမ်ရှေ့စံသည် ကျယ်ပြောသည့် နေရာတစ်ခုလုံးကို ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။
“ဘယ်သူ ကြိုးစားကြည့်ချင်သေးလဲ”
အခြားနတ်ဆိုးကလန်မှ နတ်ဆိုးတစ်ကောင်က အလွန် လျင်မြန်လှသော အရှိန်ဖြင့် လှမ်းထွက်လာသည်။ တောက်ပသည့် ငွေရောင်လှံက သူ့လက်ထဲတွင် ပေါ်ပေါက်လာကာ ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဥ် လေစီးကြောင်းက လှံအတွင်းသို့ ပေါင်းစပ်လာသည်။ ယင်းကျောင်းတောင်မှ တန်ခိုးရှင် ထွက်လာခြင်း ဖြစ်ကာ သူသည်လည်း အိမ်ရှေ့စံကို စိန်ခေါ်ချင်နေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံသည် သူ့ကို တစ်ချက် ကြည့်လိုက်သည်။ ကောင်းကင်အာဏာစက် နတ်ပန်းချီသည် နတ်လက်နက်များ၏ ပန်းချီပုံအဖြစ် ပြောင်းလဲသွားသည်။ ဤပန်းချီအတွင်းတွင် မရေတွက်နိုင်သော နတ်လက်နက်များ ရှိနေပြီး ထောင်ချီသည့် လက်နက်စာလိပ် တစ်ခုကဲ့သို့ပင် ဖြစ်သည်။
အလွန်ထက်ရှသည့် အသက်ဓာတ်က ထွက်လာပြီး ကောင်းကင်အာဏာစက် နတ်ပန်းချီက ပြန့်ကားလာသည်။ အဆုံးမဲ့ နတ်လက်နက်များက ကောင်းကင်ကို လွှမ်းမိုး၍ ထိုးထွက်လာကာ အခြားတစ်ဖက်ဆီသို့ တည့်တည့် တိုးဝင်သွားလေသည်။
ယင်းကျောင်းတော်၏ တန်ခိုးရှင်က သူ့လှံကို ထုတ်ဖော်လိုက်ကာ ငွေရောင် အလင်းတန်းက ကောင်းကင်ကို ထိုးဖောက်သွားသည်။ မရေတွက်နိုင်သည့် နတ်လက်နက်များက အဆုံးမရှိသကဲ့သို့ ထိုးထွက်လာနေသည်။
“ဒါက …”
မရေတွက်နိုင်သည့် လူများသည် တိုက်ပွဲကွင်းပြင်ကို ကြည့်နေရင်းနှင့် သူတို့၏ နှလုံးသားများက တုန်ယင်နေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်၏ နတ်ပန်းချီက အလွန် ကြောင်မက်ဖွယ် ဖြစ်ကာ ကောင်းကင် အာဏာစက်ဘုံ၏ နံပါတ်တစ် သက်စောင့်ဝိညာဥ်ဟူ၍ ကျော်ကြားခြင်းမှာ အံ့သြစရာမရှိပေ။
ဤသက်စောင့်ဝိညာဥ်သည် အမှန်တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။
အဆုံးမဲ့ လက်နက်များ ထွက်ပေါ်လာပြီး လှံများနှင့် အဆက်မပြတ် ရိုက်ခတ်မိခဲ့သည်။ ယင်းကျောင်းတောင်မှ တန်ခိုးရှင်သည် အလွန် အားကောင်းလှသော်လည်း သူက ထိုအချိန်၌ ပင်ပန်းလာသလို ခံစားရပေသည်။ နတ်လက်နက်များဖြင့် သူ၏ ခန္ဓာကိုယ်ကို မထိုးဖောက်မိစေရန် ကြိုးစားနေသော်လည်း သူက ဒဏ်ရာအများအပြား ရရှိထားသည်။ သူ၏ ငွေရောင်တောင်ပံများက လေထဲတွင် တဖျတ်ဖျတ် ခတ်ကာ သူသည် ယင်းကျောင်းတောင် လူအုပ်ထဲသို့ ပြန်လည် ဆုတ်ခွာသွားသည်။
“ကြောက်စရာပဲ”
လူအများက အထိတ်တလန့်ဖြင့် ရေရွတ်လိုက်ကြသည်။ သူတို့က လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် ပုံရိပ်ကို ကြည့်လိုက်ကြသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံကို ‘ပြိုင်ဘက်ကင်း’ အဖြစ် ဖော်ပြနိုင်ပေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများအတွက် အိမ်ရှေ့စံ၏ တိုက်ပွဲစွမ်းရည်အား လူတိုင်းကို မြင်တွေ့စေသည်မှာ ပထမဆုံး ဖြစ်လေသည်။ သူက လက်နှစ်ဖက်ကိုပင် အသုံးမပြုခဲ့သော်လည်း အရည်အချင်းရှိ တန်ခိုးရှင် နှစ်ဦးကို ရှုံးနိမ့်စေခဲ့ကာ သူ၏ ကြောက်မက်ဖွယ် စွမ်းရည်ကို ပြသခဲ့သည်။
သူနှင့် ယှဥ်တိုက်ရန် အဆင့်မီသူတို့မှာ အထွတ်အထိပ် ဆရာသခင်နှင့် ချင်းဟယ်တို့ သာလျှင် ဖြစ်နိုင်ပေသည်။
သို့သော် သူတို့ကဲ့သို့ စွမ်းရည်မှာ လူမည်မျှများများ ရှိနိုင်မည်နည်း။
ထိုအချိန်တွင် ပုံရိပ်တစ်ခုက လျှောက်ထွက်လာသည်။ သူ လမ်းလျှောက်လာသည့် အခါတွင် နတ်ဆိုးဘုံ၏ တန်ခိုးရှင်များ အားလုံးက သူ့ကို စူးစိုက် ကြည့်နေကြပေသည်။ နတ်ဆိုးဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များပင်လျှင် သူ လျှောက်လှမ်းလာသည်အား ကြည့်နေခဲ့သည်။
ထိုသူသည် မီးလျှံများဖြင့် လွှမ်းခြုံထားသလို ဖြစ်ကာ ခမ်းနားသည့် နေမင်းကဲ့သို့ ခမ်းနား ထည်ဝါလှသည်။ ရွှေရောင်မီးလျှံများက အဆုံးမဲ့ ထက်ရှမှုများဖြင့် ပြည့်နေသည်။
သူသည် နေမင်းနတ်ငှက် ခြေသုံးချောင်းရွှေကျီး ဖြစ်သည်။ သူသည် ကောင်းကင်နတ်ဆိုး နန်းတော်၏ မျိုးဆက်ဖြစ်ကာ သူ့အမည်က ကျွင့် ဖြစ်သည်။
ကျွင့်သည် ရှေ့သို့ တက်လာပြီး ကောင်းကင်အာဏာစက်ပြည်ထောင် အိမ်ရှေ့စံ၏ မျက်နှာချင်းဆိုင်သို့ လျှောက်သွားခဲ့သည်။ နေကိုးစင်းက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာပြီး တစ်ခုချင်းစီမှ
နတ်မီးလျှံ ရွှေရောင်လှံတစ်ချောင်း ပေါ်ပေါက်လာပြီး တောက်ပသည့် အလင်းများကို ဝါးမျိုနေပြီး ကောင်းကင်သို့ ထိုးခွဲရန် ကြိုးစားနေသည်။
အိမ်ရှေ့စံသည် ထိုနေရာသို့ ကြည့်လိုက်၏။ သူသည်လည်း ထိုသူကို သိရှိလေသည်။
ဤ နတ်ဆိုးအရှင်၏ မျိုးဆက်တွင် ပြင်းထန် ထက်မြက်သည့် စွမ်းအားရှိသည်ဟု ကောလာဟလများက ပြောကြပြီး ယခုတွင် သူက ထိုသူနှင့် တိုက်ခိုက်ရန် အခွင့်အရေး ရပြီ ဖြစ်သည်။
ကောင်းကင်အာဏာစက် နတ်ပန်းချီသည် တောက်ပသထက် တောက်ပလာသည်။ မရေတွက်နိုင်သည့် နတ်လက်နက်များက ဖြစ်တည်လာပြီးနောက် တစ်ဖက်လူထံသို့ တိုးဝင်သွားသည်။
သန့်စင်သည့် မီးလျှံများက ကျွင့်၏ မျက်လုံးများမှ ထိုးထွက်လာကာ သန့်စင်မီးလျှံလှံသည် နေအလင်းတန်းကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းသွားသည်။ ကောင်းကင်ကို မီးလျှံများဖြင့် တိုက်ရိုက် လောင်ကျွမ်း ပစ်လိုက်သည်။ မီးလျှံများသည် ကောင်းကင်အာဏာစက် နတ်ပန်းချီမှ ထွက်ပေါ်လာနေသော ထက်ရှသည့် နတ်လက်နက်များနှင့် ထိခတ်သွားသည်။ ယင်းတို့သည် လေထုအလယ်၌ အချင်းချင်း ထိခတ်သွားပြီးနောက် ပျက်စီး ပျောက်ကွယ်သွားလေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံသည် အလွန်ထက်ရှစွာ ကြည့်လိုက်ပြီး နတ်ပန်းချီအတွင်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ကောင်းကင်တွင် မရေတွက်နိုင်သည့် ရွှေတောင်ပံငှက်များ အော်မြည်နေပြီး လေဟာနယ်ကို ဖြတ်ကာ ထို နတ်မီးလျှံလှံများကို ဝါးမျိုသွားသည်။
ကျွင့်၏ မျက်လုံးထဲမှ နေမင်းများ ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရပြီး သူ့နောက်တွင် လှည့်ပတ်နေသည့် နေမင်းကိုးစင်းက တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားသည်။ ထိုမှနေ၍ ရွှေရောင်နတ်မီးလျှံများ၏ အလင်းကို ထုတ်လွှတ်နေပြီး ကောင်းကင်ကို ယန်မီးပြင်းဖိုအဖြစ် ပြောင်းလဲသွားစေသည်။ ယင်းသည် လေဟာနယ်အတွင်း တိုက်ခိုက်မှုများကို အရည်ဖျော်လိုက်ကာ မည်သည်မှ မကျန်ရစ်သည်အထိ လောင်ကျွမ်းပစ်လိုက်သည်။
ဒဏ္ဍာရီများအရ ခြေသုံးချောင်းရွှေကျီး၏ မီးလျှံက နေမင်း၏ နတ်မီးလျှံများနှင့် အနီးစပ်ဆုံး ဖြစ်သည်။ ကောင်းကင်နတ်ဆိုး နန်းတော်၏ ရွှေကျီးနတ်ဆိုးအရှင် မီးလျှံက ရန်ဟောင်များ အားလုံး၏ အကြားတွင် အသန်မာဆုံး ဖြစ်သည်။ ထိုသည်က အစစ်အမှန် နေမင်း၏ နတ်မီးလျှံပင် ဖြစ်တော့သည်။
သန့်စင်သည့် မီးလျှံက ကောင်းကင်ကို လောင်ကျွမ်းနေသည့်အခါ များပြားလှသည့် နေများက ကျွင့်၏ ခန္ဓာကိုယ် အနီးတွင် ပေါ်ပေါက်လာပြီး သူက နေမင်းအရှင်သခင်တစ်ဦး ဖြစ်လာသကဲ့သို့ပင် ဖြစ်သည်။
ကောင်းကင်အာဏာစက်ပြည်ထောင် အိမ်ရှေ့စံ၏ တိုက်ခိုက်မှုများပင်လျှင် သူနှင့် အဝေးမှ ရင်ဆိုင်ရန် နည်းလမ်းမရှိဘဲ သူတို့က အချင်းချင်း လက်ရည်ညီသည်ဟု ပြောနိုင်လေသည်။
သူတို့က မရွေ့လျားသော်လည်း လေထုအတွင်းရှိ ဖျက်ဆီးခြင်း စွမ်းအားများ ထိခတ်မှုမှာ အံ့အားသင့်ဖွယ်ပင် ဖြစ်သည်။
“ဒီနတ်ဆိုးတန်ခိုးရှင်က ဘယ်သူလဲ”
ကောင်းကင်အာဏာစက်ဘုံမှ လူသားတန်ခိုးရှင်များက မေးလိုက်သည်။ ဤခြေသုံးချောင်း ရွှေကျီးသည် ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံနှင့်ပင် ယှဥ်နိုင်စွမ်း ရှိလေသည်။
သူတို့က အလွန် အားကောင်းလှသည်။ သူတို့၏ စွမ်းအားများကို ထုတ်လွှတ်လိုက်သည့် အခါတွင် များပြားလှသည့် ရှန့်ထိုအဆင့်များကို မွန်းကျပ်မှုတို့ ခံစားရစေသည်။ သူတို့သာ ဤသို့သော တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရပါက သူတို့ အသတ်ခံရပေမည်။
“ကောင်းကင်နတ်ဆိုး နန်းတော်က နတ်ဆိုးအရှင်ရဲ့ မျိုးဆက်ပဲ။ အဲဒါကြောင့် ကျွင့်ကို ကောင်းကင်နတ်ဆိုး နန်းတော်ရဲ့ အိမ်ရှေ့စံလို့ ပြောလို့ရတယ်”
တစ်ယောက်ယောက်က ကျွင့်၏ သရုပ်ကို သတိပြုမိလိုက်သည်။ ထိုမြင်ကွင်းကို ကြည့်၍ ကောင်းကင်နတ်ဆိုး နန်းတော်အကြောင်း သိသည့် မည်သူမဆို သူမည်သည် ဖြစ်ကြောင်း သိရှိလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် လူနှစ်ယောက်၏ တိုက်ခိုက်မှုက တစ်ချိန်တည်း ရပ်တန့်သွားခဲ့သည်။ မည်သူကမှ ဆက်မတိုက်ခိုက်တော့ဘဲ သူတို့၏ မျက်လုံးများက တစ်ယောက်ပေါ် တစ်ယောက် ကျရောက်နေသည်။ သူတို့ နှစ်ယောက်လုံးတွင် ပြင်းထန်ထက်ရှသည့် မျက်လုံးများ ရှိကြသည်။
“ကျုပ်က ကောင်းကင်နတ်ဆိုး နန်းတော်ကို အမြဲ လေးစားခဲ့တယ်။ ခြေသုံးချောင်းရွှေကျီး အရှင်ကလည်း ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ပဲ။ အခွင့်အရေးသာ ရရင် ခင်ဗျားတို့ဆီ လာလည်ပါဦးမယ်”
ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံက ပြောလိုက်သည်။ များပြားလှသည့် လူများက ထိတ်လန့် သွားကြသည်။ တစ်နေ့တွင် ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံမင်းသားက နတ်ဆိုးဘုံ၏ ခြေသုံးချောင်း ရွှေကျီးအရှင် ထံသို့ သွားလည်ပါက ထိုသည်က တစ်စုတစ်စည်းတည်း ဖြစ်လာစေဖို့ရာ စည်းရုံးရန် ဖြစ်ပေလိမ့်မည်။
မဟုတ်လျှင် သူက ထိုနေရာသို့ မည်သည့်အတွက် သွားလိမ့်မည်နည်း။
“အချိန်မရွေး ကြိုဆိုပါတယ်”
ကျွင့်က ဖြည်းညင်းစွာ တုံ့ပြန်လိုက်သည်။ သူတို့က ဆက်၍ တိုက်ခိုက်ခြင်း မရှိတော့ဘဲ သူတို့၏ မူလနေရာသို့ ပြန်လာခဲ့ကြသည်။
“ကောင်းတယ်”
ထိုအချိန်၌ အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်သည် လူအုပ်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒီနေ့ရဲ့ အခမ်းအနားကတော့ ကျုပ်ထင်မှတ်ထား သလိုပါပဲ။ ကျုပ်က ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေနဲ့ တိုက်ပွဲစွမ်းရည်တွေ လေ့ကျင့်ရတာ သဘောကျတယ်။ ကျုပ်တို့ ကောင်းကင်အာဏာစက်ဘုံက ထိပ်သီးပုဂ္ဂိုလ်တွေ ဘယ်လောက် ထူးချွန်ထက်မြက်လဲ ဆိုတာ ကြည့်ကြရအောင်။ အိမ်ရှေ့စံမင်းသား နှစ်ပါးကြား တိုက်ပွဲက အံ့သြစရာပဲ။ နောက်ပိုင်းမှာ ကောင်းကင် အာဏာစက်ဘုံကမင်းတို့ လက်ထဲမှာ ရှိပါလိမ့်မယ်”
“ဂူထျန်းရှင်းက တန်ခိုးရှင် တစ်ယောက် ဖန်တီးခဲ့တာက သူ့ကို ကောင်းကင် အာဏာစက်ဘုံကို လွှမ်းမိုးပြီး နတ်ဆိုးလောကရဲ့ အရှင်သခင်အသစ် ဖြစ်လာစေချင်လို့ပဲ။ ဒါပေမဲ့ ဒီနေရာမှာ ကောင်းကင် အာဏာစက်ဘုံရဲ့ ထူးချွန်ထက်မြက်တဲ့ လူအများအပြား ရောက်ရှိနေတယ်။ ဂူထျန်းရှင်းက မူလတောင်တန်းမှာ ပြဿနာတွေ ဖန်တီးဖို့ ကြိုးစားခဲ့ပေမဲ့ ကျုပ်တို့ သူ့ကို အဲဒီလို ဖြစ်လာဖို့ ခွင့်မပြုသင့်ဘူး”
သူက အတော်လေး စိတ်ပျက်နေသည့် အသံဖြင့် ဆက်ပြောလိုက်သည်။
“ဒီနေ့မှာ ဒီအခွင့်အရေးကို ယူပြီး ကောင်းကင် အာဏာစက်ဘုံရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေက ဘယ်လောက်ထိ အားကောင်းတယ်ဆို ပြပေးရမယ်”
သူ၏ စကားများက လူတိုင်း၏ နားအတွင်းသို့ ဝင်ရောက်လာလျှင် လူအချို့က ရှေ့သို့ ထွက်လာကြသည်။ သူတို့သည် ခရမ်းရင့်ကောင်းကင် နန်းတော်မှ လူများ ဖြစ်ပြီး ကောင်းကင်နန်းတော်၏ အထွတ်အထိပ်ဆရာသခင် ကျန်းယွမ်က ဦးဆောင်လာလေသည်။
ကျန်းယွမ်က လူအုပ်ကို ဝေ့ဝဲကြည့်လိုက်ကာ မောက်မာစွာဖြင့် ပြောလိုက်သည်။
“လမ်းစဥ်ကို သက်သေပြတဲ့လမ်းမှာ ဘယ်သူက ကျုပ်ရဲ့ ရန်သူ ဖြစ်ချင်လဲ”
ဤစကားများတွင် မောက်မာမှုများနှင့် အထင်းသေးမှုတို့ဖြင့် ပြည့်နှက်နေပေသည်။
များပြားလှသည့် ထိပ်သီးပုဂ္ဂိုလ်များက ကျန်းယွမ်ကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ မကြာခင်၌ များပြားလှသည့် ပုဂ္ဂိုလ်များ ထွက်လာကြသည်။ သူတို့အားလုံးမှာ အများကြားမှာ အစွမ်းထက်ဆုံး လူစွမ်းကောင်းများ ဖြစ်ကြလေသည်။
နတ်ဆိုးကလန်၏ များပြားလှသော တန်ခိုးရှင်များ သည်လည်း ရှေ့သို့ လျင်မြန်စွာ ထွက်လာကြသည်။
မည်သူက နောက်ကောက်ကျ ကျန်ခဲ့ရန် ဆန္ဒရှိမည်နည်း။
နတ်နဂါးကလန်၊ ကောင်းကင်နတ်ဆိုးနန်းတော်၊ နတ်ဆင်ကလန်၊ ခရမ်းရွှေကြွက်ကလန်၊ ယင်းကျောင်းတောင်နှင့် အခြားနတ်ဆိုးကလန်များ အားလုံးမှ တန်ခိုးရှင်များလည်း ရှေ့သို့ ထွက်လာခဲ့သည်။ ချက်ချင်းပင် နတ်ဆိုးစွမ်းအားများက လောကကို ဖုံးလွှမ်းသွားပြီး တိုက်ခိုက်ခြင်း စွမ်းအားများက ပြင်းထန်စွာ ထွက်ပေါ်လာသည်။
ကျန်းယွမ်က လမ်းစဥ်ကို သက်သေပြသည့် လမ်း၌ မည်သူက သူ့ရန်သူ ဖြစ်ရဲသနည်းဟု မောက်မာစွာ မေးခဲ့သည်။
ကောင်းကင်အောက်ဘက်ရှိ လူအုပ်ကြားထဲမှ ရီဖူရှင်းသည် လေထဲသို့ မော့ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ကောင်းကင်သို့ ပျံသန်းသွားသည်။ ရုတ်တရက် သူက အထက်ကောင်းကင်တွင် ပေါ်ပေါက်လာသည်။
သို့သော် သူ့နောက်တွင် မည်သည့် အင်အားကြီး တန်ခိုးရှင်မှ ကာကွယ်၍ ကျောထောက် နောက်ခံပြုပေးထားခြင်း မရှိဘဲ သူက တစ်ဦးတည်းသာ ရပ်၍ နေသည်ဖြစ်ရာ အထီးကျန်နေသကဲ့သို့ ထင်မှတ်ရသည်။
မရေတွက်နိုင်သည့် မျက်လုံးအစုံတို့က သူ့ထံသို့ ကြည့်လာသည်။ သူသည် ယခင်က ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်၏ ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့သူ ဖြစ်လေသည်။
သူသည်လည်း ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးပုဂ္ဂိုလ်နှင့် ယှဥ်ပြိုင်လိုသည်လား။
ခရမ်းရင့်ကောင်းကင် နန်းတော်မှ များပြားလှသော တန်ခိုးရှင်များက ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်ကြသည်။ သူက မည်သို့ ရှေ့ထွက်လာရဲသနည်း။
“စိတ်ကြီးဝင်နေတဲ့ကောင်”
များပြားလှသည့် လူများက သူ့တို့ ရင်ထဲတွင် တီးတိုး ပြောလိုက်ကြသည်။ ထိုအချိန်၌ သူက ရှေ့ထွက်ရန် ရွေးချယ်လိုက်သည်မှာ အလွန် အဓိပ္ပာယ် ပြည့်ဝလှသည်။ လူတိုင်းကလည်း သူဆိုလိုချင်သော အဓိပ္ပာယ်ကို နားလည်ကြပေသည်။
သို့သော် ယနေ့ ရောက်လာသည့် ပုဂ္ဂိုလ်များမှာ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်သည်။
ကျန်းယွမ်၏ မျက်လုံးများကလည်း ရီဖူရှင်းထံသို့ ရောက်ရှိလာသည်။ သူက အေးစက်စွာ ကြည့်လိုက်၏။ ရီဖူရှင်း၏ ခေါင်းထက်တွင် အော်မြည်နေသော မိုးကြိုးများက စတင် စုစည်းလာသည်။ နတ်မိုးကြိုးရှစ်သွယ်က စုစည်းလာပြီး လွှမ်းမိုးမှု အထွတ်အထိပ်ထိ ရောက်ရှိလာ၏။ ကျန်းယွမ်သည် လက်ညှိုးထိုးလိုက်ပြီး ရုတ်တရက် ကောင်းကင်မိုးကြိုးများက ကျဆင်းလာသည်။
“ဒီမှာ မင်းအတွက် နေရာမရှိဘူး”
သူ့အသံက အော်မြည်နေသည့် မိုးကြိုးများနှင့်အတူ ကျဆင်းလာသည်။
***