Switch Mode

အပိုင်း(၁၄၂၄)

ငြင်းပယ်ခြင်း

“သတ္တမဓား … ကျိုးယွမ်”

ထိုအချိန်တွင် စင်မြင့်ထက်၌ ခရမ်းရင့်ကောင်းကင် နန်းတော်၏ ဒုနန်းတော်သခင်က လူအုပ်၏ အလယ်ဗဟိုတွင် ထိုင်နေပြီး မြင်ကွင်းတစ်ခုလုံးကို ခြုံကာ ကြည့်နေပြီးနောက် လူတိုင်းကို ကြေငြာလိုက်သည်။

ထိုအဖြစ်က လူပေါင်းများစွာကို တုန်လှုပ်သွားစေသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ဗြဟ္မာ့သန့်စင် ကောင်းကင်၏ ထိပ်သီး အင်အားစုများမှ ပုဂ္ဂိုလ်များသည် ရီဖူရှင်းနှင့် ကျိုးယွမ်ကို အာရုံစိုက်ကြည့်လိုက်ကြသည်။ ထိုသူနှစ်ဦးသည် လီပါးကဲ့သို့ပင် သံသယ ကင်းစင်ခြင်း အဆင့်တွင် သူတို့၏ ထူးချွန်သော ပါရမီကို ​ပြသခဲ့ပြီး ခရမ်းရင့် ကောင်းကင်နန်းတော်သို့ ဝင်ခွင့် သေချာပေါက် ရရှိလိမ့်မည် ဖြစ်သည်။

ယနေ့တွင် ခရမ်းရင့်ကောင်းကင် နန်းတော်၏ ဒုနန်းတော်သခင်က ကိုယ်တိုင် ကြေညာလေသည်။

“မင်း မှန်းထားသလိုပဲ”

အခြားတစ်ဖက်တွင် ထောင်ချီနတ်တောင်မှ ပုဂ္ဂိုလ်တစ်ဦးက ရီဖူရှင်းကို ကြည့်နေရင်းမှ ကောင်းဟွမ်ကို ပြောလိုက်သည်။

ဤလူသည် ဓားပညာတွင် ထူးချွန်သလို မိုးကြိုးလမ်းစဥ်ကို ကျင့်ကြံထားသည့်အပြင် အခြားသော လမ်းစဥ် အများအပြားကိုလည်း တတ်ကျွမ်း၏။ အနာဂတ်တွင် သူက ခရမ်းရင့်ကောင်းကင် နန်းတော်တွင် မိုးကြိုးလမ်းစဥ်ကို ပိုမို တိုးတက်လာအောင် ကျင့်ကြံပါက သူက ကျယ်ပြန့်သည့် စွမ်းရည်များကို ဖမ်းဆုပ်နိုင်ကာ ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။ ထိုအချိန်တွင် သူက ထူးခြားခန္ဓာပိုင်ရှင် ကျန်းယွမ်နှင့် အနီးကပ်ဆုံး ဖြစ်လိမ့်မည်။

ရီဖူရှင်းနှင့် ကျိုးယွမ်က ခရမ်းရင့်ကောင်းကင် နန်းတော်၏ ဒုနန်းတော်သခင်ကို မော့ကြည့်လိုက်သည်။ သူက ပြုံးကာ သူတို့ကို ငုံ့ကြည့်၍ ပြောလိုက်သည်။

“မင်းတို့ ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဝင်ပြီး ကျင့်ကြံချင်ကြလား”

ကျိုးယွမ်က ထိုဘက်သို့ အနည်းငယ် ဦးညွှတ်ရင်း ပြောလိုက်သည်။

“ဟုတ်ကဲ့ စီနီယာ … ဒါက ကျွန်တော့်အတွက် ဂုဏ်ယူဖွယ်ရာပါပဲ”

မိုးကြိုးလမ်းစဥ် တန်ခိုးရှင်တစ်ယောက် အနေနှင့် သူ၏ အကြီးမားဆုံး ရည်ရွယ်ချက်မှာ ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ဝင်ရောက်နိုင်ရန် ဖြစ်သည်။ ယခု ခရမ်းရင့်ကောင်းကင် နန်းတော်၏ ဒုနန်းတော်သခင်ကပင် သူ့ကို ကိုယ်တိုင် ဖိတ်ခေါ်နေသည်ဖြစ်ရာ သူက မည်သို့ ငြင်းဆန် ပေလိမ့်မည်နည်း။

ဒုနန်းတော်သခင်က ထိုအကြောင်းကို ကိုယ်တိုင် ကြေညာခဲ့သည်မှာ သူတို့က သူ့အား အာရုံစိုက်သည်ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။

ကျိုးယွမ် ခေါင်းညိတ်လိုက်သည်ကို မြင်လျှင် ဒုနန်းတော်သခင်သည် ပြုံးရင်း ရီဖူရှင်းဘက်သို့ လှည့်လိုက်သော်လည်း ရီဖူရှင်းက ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်ကာ မည်သည့်အဖြေကိုမှ ချက်ချင်း မပေးခဲ့ပေ။

သူက ပြုံးရင်းနှင့် ဆက်ပြောလိုက်သည်။

“သတ္တမဓား … မင်းရော ဘယ်လိုလဲ။ မင်း ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဝင်ပြီး ကျုပ်ရဲ့ လမ်းညွှန်မှုအောက်မှာ အရင် ကျင့်ကြံနိုင်တယ်”

လူအများသည် ထိုအကြောင်းကို ကြားသည့်အခါ အနည်းငယ် အံ့သြထိတ်လန့် သွားကြသည်။ သူတို့အားလုံးက ရီဖူရှင်းကို မနာလိုစွာ ကြည့်လိုက်ကြသည်။ သူက ဒုနန်းတော်သခင်၏ လမ်းညွှန်မှုအောက်၌ပင် ကျင့်ကြံနိုင်မည် ဖြစ်သည်။

ယခင်က မည်သူမှ ထိုသို့ အခွင့်အရေးမျိုး မရခဲ့ကြပေ။

ထို့အပြင် သူသည် တိုက်ပွဲအများအပြား၌ မပါဝင်ခဲ့ဘဲ လမ်းတစ်ဝက်မှ ဖြတ်ဝင်လာခြင်း ဖြစ်သော်လည်း ယခုတွင် သူသည် အလွန် တန်ဖိုးထား ဆက်ဆံခံနေရသည်။

ခရမ်းရင့်ကောင်းကင် နန်းတော်၏ ဒုနန်းတော်သခင်က ရီဖူရှင်းကို ပြုံးကာ ကြည့်နေသည်။ ရီဖူရှင်းက မည်သည့်စကားမှ မဆိုသည်မှာ သူ့ဘက်က ကတိပေးသည်အား ကြားချင်၍ဟု တွေးနေခဲ့ခြင်း ဖြစ်သည်။ အဆုံးမှာတော့ ပါရမီရှင်များမှာ အလွန်မာနကြီးကြပြီး ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ဝင်ရောက်ခြင်းက သူတို့အတွက် လုံလောက်မည် မဟုတ်ပေ။

ထို့ကြောင့် သူကသာ တိုက်ရိုက်တပည့်အဖြစ် လက်ခံပေးလျှင် သတ္တမဓားက ကျေနပ်လိမ့်မည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။

မရေတွက်နိုင်သည့် မျက်လုံးများက ရီဖူရှင်းထံသို့ ရောက်ရှိလာသည်။ ယနေ့ပြီးသည့်နောက်တွင် ကောင်းကင် အာဏာစက်ဘုံ၌ နောက်ထပ် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာမည် ဖြစ်သည်။

ရီဖူရှင်းသည် ခရမ်းရင့်ကောင်းကင် နန်းတော်၏ ဒုနန်းတော်သခင်ဘက်သို့ အနည်းငယ် ဦးညွှတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“ကျွန်တော် ဒီနေ့ အခမ်းအနားကို တက်ရောက်တယ် ဆိုတာ ကောင်းကင် အာဏာစက်ဘုံက ထိပ်သီးပုဂ္ဂိုလ်တွေ ဘယ်လောက် အားကောင်းတယ်ဆိုတာ မြင်ချင်လို့ပါ။ ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဝင်ဖို့ ကျွန်တော့်မှာ ရည်ရွယ်ချက် မရှိပါဘူး။ ပြီးတော့ ကျွန်တော်က မိုးကြိုးလမ်းစဥ်ကို အထူးပြုကျင့်ကြံတာ မဟုတ်လို့ ခရမ်းရင့်ကောင်းကင် နန်းတော်မှာ ကျင့်ကြံရင်းနဲ့ အချိန်တွေကို မဖြုန်းတီးပစ်ချင်ဘူး”

ရီဖူရှင်း၏ စကားလုံးများကို ကြားပြီးနောက် ကျယ်ပြောလှသည့် နေရာတစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်သွားသည်။ စိတ်လှုပ်တရှားနှင့် ပွက်လောရိုက်နေသည့် လူအုပ်သည် စင်မြင့်ထက်တွင် အဖြူရောင် ဝတ်ထားသည့် လူကို ကြည့်ကာ ကြက်သေသေ သွားကြသည်။ သူတို့ အားလုံးသည် မွှန်ထူသွားခဲ့ကြသည်။

မည်သည်တို့ ဖြစ်နေသနည်း။

သတ္တမဓားက ငြင်းဆန်လိုက်သည်လား။

ခရမ်းရင့်ကောင်းကင် နန်းတော်၏ ဒုနန်းတော်သခင်က သူ့အား ခရမ်းရင့်ကောင်းကင် နန်းတော်၌ ကျင့်ကြံရန် ကိုယ်တိုင် ဖိတ်ခေါ်သည်ကိုပင် သူက တိုက်ရိုက်တပည့် ဖြစ်လာရန် ငြင်းဆန်ခဲ့သည်။

ထိုသည်က …

ထိုထိပ်တန်းအင်အားစုများမှ လူများသည်လည်း ဇဝေဇဝါ ဖြစ်သွားကြသည်။ အချို့သော လူများထံ၌ စိတ်ဝင်စားသည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ ကိစ္စများက ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာပြီ ဖြစ်သည်။

ခရမ်းရင့်ကောင်းကင် နန်းတော်၏ ပွဲကြည့်စင်ထက်တွင် အင်ပါယာကျီမင်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူက ရီဖူရှင်းရှိရာဆီသို့ စူးစိုက်ကြည့်လိုက်သည်။

သူက ကျန်းချန်ချင်၏ နေရာတွင် အင်ပါယာကျီမင် နယ်မြေကို ကိုယ်စားပြုခဲ့ပြီး ယခုတွင် ခရမ်းရင့်ကောင်းကင် နန်းတော်၏ ဖိတ်ကြားချက်အား ငြင်းဆန်သည်မှာ မည်သည့် အဓိပ္ပာယ်နည်း။

သူက ခရမ်းရင့်ကောင်းကင် နန်းတော်အား အရှက်ရစေသည်။ သူက အချို့လူများကို ဆန့်ကျင်မိသည်ပင် ဖြစ်သွားနိုင်သည်။

ဒုနန်းတော်သခင်က ရီဖူရှင်းကို ကြည့်လိုက်သည်။ ဤသတ္တမဓားက နန်းတော်သခင်၏ လမ်းညွှန်မှုအောက်၌ ကျင့်ကြံချင်သည် ဖြစ်နိုင်သလား။

ထိုသို့ တွေးပြီးနောက် သူက ဆက်ပြောလိုက်သည်။

“မင်း ကောင်းကင်နန်းတော်ကို ဝင်ပြီးနောက်မှာ မင်း ဘယ်လောက် ထူးချွန်လဲဆိုတဲ့ အပေါ် မူတည်ပြီး နန်းတော်သခင်ရဲ့ လမ်းညွှန်မှုကိုလည်း ရနိုင်ပါတယ်”

ခရမ်းရင့်ကောင်းကင် နန်းတော်၏ နန်းတော်သခင်သည် ကောင်းကင် အာဏာစက်ဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များ ကြားတွင် စစ်မှန်သည့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ ဒုနန်းတော်သခင်သည် ရီဖူရှင်းက အနာဂတ်၌ နန်းတော်သခင်၏ တပည့်ဖြစ်လာနိုင်သည့် အခွင့်အရေးရှိသည်ကို ရည်ညွှန်းနေသည်။

သို့သော် သတ္တမဓားက ချက်ချင်းတိုက်ရိုက် နန်းတော်သခင်၏ တပည့် ဖြစ်လာချင်ပါက နန်းတော်သခင်က မတက်ရောက်သည့်အတွက် နန်းတော်သခင်ကိုယ်စား ဆုံးဖြတ်ချက် ချမပေးနိုင်ပေ။

“အခုလို စဥ်းစားပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က မိုးကြိုးလမ်းစဥ် ကျင့်ကြံခြင်းကို စိတ်မဝင်စားလို့ပါ”

ရီဖူရှင်းက ဦးညွှတ်ကာ တစ်ဖန်ထပ်၍ ငြင်းဆန်လိုက်ခြင်းက ခရမ်းရင့်ကောင်းကင် နန်းတော်မှ တန်ခိုးရှင် အများအပြားတို့အား အရှက်ရစေခဲ့သည်။

ရီဖူရှင်းသည် ခရမ်းရင့်ကောင်းကင် နန်းတော်၏ ကမ်းလှမ်းမှုအား ငြင်းဆန်ခဲ့သည့် ပထမဆုံးသောသူ ဖြစ်သည်။

မည်သူမှ ထိုသို့သော အခြေအနေကို မထင်ထားခဲ့ပေ။ ခရမ်းရင့်ကောင်းကင် နန်းတော်က ငြင်းဆန်ခဲ့ရပြီး ထိုသည်မှာလည်း သူတို့ အလွန် တန်ဖိုးထားသည့် ပြိုင်ဘက်ကင်း ပါရမီရှင်က ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

“သတ္တမဓား”

ထိုအချိန်တွင် အင်ပါယာကျီမင်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။

“ခရမ်းရင့်ကောင်းကင် နန်းတော်က မင်းကို ဖိတ်ခေါ်တယ်ဆိုတာ မင်းအတွက် ဂုဏ်ယူစရာပဲ။ ကောင်းကင်နန်းတော်ကို ဝင်ပြီး မိုးကြိုးလမ်းစဥ်ကို သင်ယူတာကပဲ မင်းကို သန်မာစေမှာ ဖြစ်ပြီးတော့ အဲဒါက မင်းရဲ့ ဓားလမ်းစဥ် ကျင့်ကြံခြင်းကို သက်ရောက်စေမှာ မဟုတ်ဘူး”

သတ္တမဓားသည် တိုက်ပွဲအတွင်း အင်ပါယာကျီမင် နယ်မြေကို ကိုယ်စားပြုကာ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ယခု သူက ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဆန့်ကျင်ခဲ့သည်ဆိုခြင်းက သတ္တမဓားက အမှန်တကယ်ပင် သူ့အား ပြဿနာဖြစ်စေရန် ဖန်တီးရဲသလား။

“အစ်ကိုချန်ချင်”

အောက်ဘက်ရှိ အင်ပါယာကျီမင် နယ်မြေ လူများထဲမှ ကျီကျွင်းက ကျန်းချန်ချင်ကို ကြည့်လိုက်သည်။ ထိုအဖြစ်သည် လူတိုင်း၏ မျှော်မှန်းချက်နှင့် လွဲချော်နေခဲ့သည်။

ကျန်းချန်ချင်သည် မျက်လွှာချလိုက်မိသည်။ ယခင်က သူသည် ရီဖူရှင်းက ကျန်းယွမ်ကို အနိုင်ယူစဥ်တွင် သူက အနည်းငယ် အထီးကျန်သလို ခံစားရပေမဲ့ ပျော်မိပေသည်။ အနည်းဆုံးတော့ ထိုသည်က အင်ပါယာကျီမင် နယ်မြေ ဂုဏ်တက်ရမည် ဖြစ်သည်။

သို့သော် ယခုတွင် ဂုဏ်တက်စရာ ဖြစ်ရမည့်အစား အင်ပါယာကျီမင်၏ မျက်နှာအား ဖြတ်ရိုက်လိုက် သကဲ့သို့သာ ဖြစ်သွားခဲ့ပေသည်။

သူက မည်သည့်အရာအား လုပ်ဆောင်ခဲ့သနည်း။

သူက အခြားသူများ၏ အသုံးချခံလိုက်ရသည်လား။

သို့သော် ဤအကောင်က ခရမ်းရင့်ကောင်းကင် နန်းတော်သို့ မဝင်ပါက ဤနေရာကို မည်သည့်အတွက် လာခဲ့သနည်း။

“တစ်လောကလုံးက မိုးကြိုးလမ်းစဥ် ကျင့်ကြံမှုတွေက ခရမ်းရင့်ကောင်းကင် နန်းတော်ကနေ ဆင်းသက်လာတယ် ဆိုတာ ကြားဖူးတာကြောင့် ကျွန်တော်ကလည်း ဒီမြင့်မြတ်နယ်မြေကို လေးစားပါတယ်။ ဒီတစ်ခေါက် ကျွန်တော် တိုက်ပွဲကို ပါဝင်ခဲ့တယ်ဆိုတာ ကောင်းကင်နန်းတော် အကြောင်း ကျွန်တော် ကြားဖူးထားသလို ဟုတ်မဟုတ် သိချင်လို့ပါ။ ကျွန်တော် အဲဒါကို အတည်ပြုပြီးပြီ ဆိုတော့ ကောင်းကင်နန်းတော်မှာ မကျင့်ကြံတော့ပါဘူး” ရီဖူရှင်းက အင်ပါယာကျီမင်ကို ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော့်ကို ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ပြုခဲ့တဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”

သူ့စကားကို ​ကြားပြီးနောက် အင်ပါယာကျီမင်သည် အကြည့်များက မည်းမှောင်သွားသည်။ သတ္တမဓားက သူ့အား အသုံးချခဲ့ရုံသက်သက်ပေလား။

ကျန်းချန်ချင်သည်လည်း အတူတူပင် ဖြစ်သည်။ သူက သူ့အနီးမှ လူများကို အေးစက်စွာ ကြည့်၍ မေးလိုက်သည်။

“သူ့ကို ဘယ်လိုသိခဲ့ကြတာလဲ”

ကျီကျွင်းနှင့် အခြားလူများသည်လည်း သတိပြုမိလိုက်ကာ သူတို့၏ မျက်နှာများက ဖြူဖျော့သွားကြသည်။

သူတို့သည် အခွင့်ကောင်းယူခံခဲ့ရပုံ ပေါ်လေသည်။

ကျယ်ပြောလှသည့် ကောင်းကင်နန်းတော် စင်မြင့်ထက်၌ မရေတွက်နိုင်သည့် လူများက ဆွေးနွေးနေကြသည်။

သတ္တမဓားသည် အင်ပါယာကျီမင်အား အားမနာတမ်း တိုက်ရိုက် ပြောဆိုခဲ့သည်။ သူက အင်ပါယာကျီမင် နယ်မြေမှ တပည့် မဟုတ်သည်လား။

ထိုသို့ဆိုပါက သူက ဤနေရာသို့ လာခဲ့ခြင်းမှာ တစ်လောကလုံးရှိ မိုးကြိုးလမ်းစဥ် ကျင့်ကြံသူများကို စိန်ခေါ်လို၍ ပေလား။

အခြားစကားနှင့် ဆိုရလျှင် သူက ခရမ်းရင့်ကောင်းကင် နန်းတော်ကို ပစ်မှတ်ထားခြင်း ဖြစ်ပေသည်။

သို့သော် သူက မည်သို့ဖြစ်၍ ထိုသို့ လုပ်ရဲရသနည်း။

ကောင်းကင်အာဏာစက်ဘုံ၏ ဂုဏ်သိက္ခာက ကြီးမားကာ အင်အားစုများ အားလုံးရှေ့တွင် ဖြစ်နေသည့် အတွက် သူ့ကို မည်သို့မှ မလုပ်လျှင်ပင် ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဆန့်ကျင်ပြီး ကောင်းကင်နန်းတော်၏ ရန်သူဖြစ်လာလျှင် သူ့ကဲ့သို့ ရှန့်ထိုအဆင့်မျိုးကို လွယ်လွယ်ကူကူပင် သတ်ပစ်နိုင်လေသည်။ ခရမ်းရင့်ကောင်းကင် နန်းတော်က မည်သို့မှ မလှုပ်ရှားလျှင်ပင် အင်ပါယာကျီမင်က အလွတ်ပေးပါမည်လား။

“စိတ်ဝင်စားစရာပဲ”

ထိပ်တန်းအင်အားစုမှ လူများသည် ထိုမြင်ကွင်းကို ကြည့်ကာ စိတ်လှုပ်ရှားနေကြသည်။

“သတ္တမဓားက မင်းရဲ့ တပည့်မဟုတ်ဘူးလား”

ထိုအချိန်တွင် အင်ပါယာကျီမင်၏ ဘေးမှ နတ်ဘုရားသတ်ဖြတ်ခြင်း တောင်သခင်က မေးလိုက်သည်။ မကြာသေးခင်က အင်ပါယာကျီမင်သည် အလွန် ဂုဏ်ယူဝံ့ကြွားနေခဲ့ပေသည်။

“ဒါဆို အင်ပါယာကျီမင်က ပထမဆုံးတွေ့ဖူးတဲ့ သူကို အင်ပါယာကျီမင် နယ်မြေတပည့် အနေနဲ့ ကျန်းချန်ချင်အစား ပြိုင်ခိုင်းတာလား”

အခြားတစ်ယောက်က ခပ်ချဥ်ချဥ် အသံ​ဖြင့် မေးလိုက်သည်။ ယခုမတိုင်ခင်တွင် အင်ပါယာကျီမင်သည် သတ္တမဓားက နတ်ဘုရား သတ်ဖြတ်ခြင်းတောင်က တန်ခိုးရှင်အား အနိုင်ယူခဲ့သောအခါ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေခဲ့သည်။

သို့သော် ယခုတွင် သတ္တမဓားက အင်ပါယာကျီမင် နယ်မြေက တပည့်မဟုတ်ဘဲ တခြားနေရာမှ ဖိတ်ခေါ်ထားခြင်းသာ ဖြစ်သည်။ ထို့ပြင် သူက ခရမ်းရင့်ကောင်းကင် နန်းတော်မှ ဖိတ်ကြားချက်ကိုပင် ငြင်းဆန်ခဲ့သည်။

ဤအခမ်းအနားမှ အနိုင်ရသူက ခရမ်းရင့်ကောင်းကင် နန်းတော်၌ ကျင့်ကြံရန် မလိုသော်လည်း ထိုသို့ လုပ်ရန် ဆုံးဖြတ်သူက ရှားပါးလေသည်။ ခရမ်းရင့်ကောင်းကင် နန်းတော်က ဤအခမ်းအနားအား ကျင်းပသည်မှာ ကောင်းကင်နန်းတော်၌ ကျင့်ကြံစေရန် အရည်အချင်းရှိသည့် သူများကို ရွေးချယ်ပြီး သူတို့ကို တပည့်များအဖြစ် ကျင့်ကြံစေလို၍ ဖြစ်သည်။

ရီဖူရှင်းက ကမ်းလှမ်းချက်ကို လူအများရှေ့၌ ငြင်းပယ်ခဲ့သည်မှာ သူတို့၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်။ အထူးသဖြင့် သူက အဖိုးတန်ဆုံးသော ပါရမီရှင် ဖြစ်ပြီး ဒုနန်းတော်သခင်ကပင် သူ့ကို တိုက်ရိုက်တပည့် လက်ခံချင်နေသည်။

ဤနည်းလမ်းဖြင့် ရီဖူရှင်းက သူတို့ကို ပို၍ အရှက်ရစေခဲ့ပေသည်။

အင်ပါယာကျီမင်၏ အမူအရာက တည်ငြိမ်နေပြီး သူ့ မျက်လုံးများ ကတော့ အေးစက်နေသည်။ သူက ရီဖူရှင်းအား စူးစိုက်ကြည့်နေသည်။ သို့သော်လည်း ကိစ္စများက ဖြစ်ပြီးသွားပြီ ဖြစ်ရာ ခရမ်းရင့်ကောင်းကင် နန်းတော်က သူ့အား မည်သို့မှ မလုပ်နိုင်ကြတော့ပေ။ သူသည် ရှန့်ထိုအဆင့်မှ လူတစ်ယောက်၏ အခွင့်ရေးယူခံခဲ့ရပြီး လူအများကြား၌ အရှက်ရခဲ့ကာ ယခုတွင် လူအများက သူ့ကို ဟာသအဖြစ် သဘောထားနေကြပြီ ဖြစ်၏။ သူ၏ ခံစားချက် မည်သို့ ဖြစ်နေမည်ကို လူတိုင်း ခန့်မှန်းနိုင်ကြပေသည်။

“ဒါဆို အခု မင်း ဒီကို လာခဲ့တာက မိုးကြိုးလမ်းစဥ် ကျင့်ကြံတဲ့ တခြားလူတွေကို ပညာစမ်းဖို့ပဲလား”

ခရမ်းရင့်ကောင်းကင်နန်းတော်၏ ဒုနန်းတော်သခင်က ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။ သူသည် ခရမ်းရင့်ကောင်းကင် နန်းတော်ရှိ ထိပ်သီးပုဂ္ဂိုလ်ကြီး နှစ်ဦးမှ တစ်ဦးဖြစ်ပြီး ရီဖူရှင်းသည်လည်း ခရမ်းရင့်ကောင်းကင် နန်းတော်၏ စည်းမျဥ်းများကို ချိုးဖောက်ခဲ့ခြင်း မရှိပေ။ သူ၏ အနေအထားနှင့် သူသည် ရီဖူရှင်းအား အများပြည်သူရှေ့တွင် မည်သို့မှ မလုပ်နိုင်ခဲ့ပေ။

သူက ဤနေရာ၌ ရီဖူရှင်းအား တစ်ချက်တည်း ရိုက်သတ်ခဲ့ပါက သူသည် လူရယ်စရာသာ ဖြစ်လာပေလိမ့်မည်။

ခရမ်းရင့်ကောင်းကင် နန်းတော်သည် ဤနေရာသို့ တစ်လောကလုံးမှ တန်ခိုးရှင်များကို ဖိတ်ကြားခဲ့သည်။ သို့သော် ယခုမှ တစ်ယောက်ယောက်က ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ဝင်ရန် ငြင်းဆန်သည်ကို မည်သို့ အပြစ်ပေးနိုင်ပါမည်နည်း။

“ဟုတ်ပါတယ် စီနီယာ”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“နားလည်ပေးတာ ကျေးဇူးတင်ပါတယ်”

“ကောင်းပြီ။ မင်းက ဆန္ဒမရှိမှတော့ ကောင်းကင်နန်းတော်က မင်းကို ဖိအားမပေးတော့ပါဘူး။ မင်း သွားလို့ရပြီ”

ခရမ်းရင့်ကောင်းကင် နန်းတော်၏ ဒုနန်းတော်သခင်က ဒေါသထွက်မှု တစ်စွန်းတစ်စမှု မဖော်ပြဘဲ ယဥ်ကျေးစွာပင် ပြောလိုက်သည်။ သူက စိတ်ထဲ မကျေနပ်သော်လည်း သိသာအောင် ပြသ၍ မဖြစ်ပေ။

သူက အိမ်ရှင်ပီသစွာ ပြုမူရပေမည်။

ကောင်းကင်ထက်မှ မဟာလမ်းစဥ်ခန္ဓာပိုင်ရှင် ကျန်းယွမ်က ရီဖူရှင်းအား အေးစက်စွာ ကြည့်နေသည်။ သူက ခရမ်းရင့်ကောင်းကင် နန်းတော်ကို ရည်ရွယ်ချက်ရှိရှိ ရိုက်ချရဲသည်လား။

“နောက်ဆုံးတိုက်ပွဲက ပြန်လည် မွေးဖွားခြင်းအဆင့် ရှန့်ထိုကြားက တိုက်ပွဲပါ”

ဒုနန်းတော်သခင်က ကြေညာလိုက်သည်။ ချက်ချင်းပင် နောက်ဆုံးကျန်သည့် တန်ခိုးရှင်နှစ်ဦးက ကြီးမားသော စင်မြင့်ထက်သို့ တက်လာကြသည်။

ဤတိုက်ပွဲကလည်း အလွန်ပြင်းထန်ပြီး တန်ခိုးရှင်နှစ်ဦးသည် လက်ရည်ညီ ကြပေသည်။ ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်များ၏ စွမ်းအားက အလွန် အားကောင်းကြပေသည်။ စင်မြင့်က ဆက်လက် တုန်ခါနေပြီး မိုးကြိုးအလင်းများက ကျယ်ပြန့်သည့် နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။

သို့သော် ပြီးခဲ့သည့် ဖြစ်ရပ်ကြောင့် တိုက်ပွဲက စိတ်လှုပ်ရှားဖွယ် ကောင်းနေလျှင်ပင် လူအများက အာရုံမစိုက်နိုင်ဘဲ အစောပိုင်းက အဖြစ်ကိုသာ တွေးနေကြပေသည်။

ဖြစ်နိုင်သည်က ထိုကိစ္စက ပြီးဆုံးမသွားသေးဘဲ ခရမ်းရင့်ကောင်းကင် နန်းတော်မှ ကျင်းပသည့် ဤအခမ်းအနားကသာ ပြီးဆုံးရန် နီးကပ်လာခြင်း ဖြစ်ပေမည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset