အပိုင်း(၁၄၂၁)

လီပါး

အင်ပါယာကျီမင်သည်လည်း ရီဖူရှင်းကို အံ့အားတသင့် ကြည့်လိုက်သည်။ သူက ဓားနှင့် မိုးကြိုးစွမ်းအားကို ခုခံခဲ့သည်။ ထိုသည်က ကျင်းကလန်မှ စွမ်းရည်နှင့် တူပေသည်။ သူ၏ ဓားရှိ မိုးကြိုးစွမ်းအားများတွင် အလွန်လွှမ်းမိုးနိုင်သော ဝူထူမိုးကြိုးလမ်းစဥ် တိုက်ခိုက်မှု စွမ်းအားနှင့် အလွန် ကြောက်မက်ဖွယ် သေဆုံးခြင်း မိုးကြိုးတို့ ပါဝင်နေသည်။

သို့သော် ထိုသည်က မိုးကြိုးလမ်းစဥ်ရှစ်ခုမှ တစ်ခုဖြစ်သော ရှန့်မေ၏ ခရမ်းရင့်မိုးကြိုး မဟုတ်ပေ။

သူက သူအုပ်စိုးသည့် နယ်မြေတွင် ထိုကဲ့သို့ ထူးချွန်လှသော တစ်စုံတစ်ယောက် ရှိနေမည်ဟု မည်သည့်အခါကမှ တွေးထင်မထားခဲ့ပေ။ လောကတစ်ခွင်တွင် အလွန်အစွမ်းထက်သည့် တန်ခိုးရှင်များစွာ ရှိသည်။ ဤတစ်ယောက်သည် အတိတ်က သူ၏ စွမ်းရည်ကို ကွယ်ဝှက်ထားခဲ့ခြင်း ဖြစ်နိုင်ပြီး ယခု ထုတ်ဖော် ပြသခြင်းမှာ ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ဝင်ရောက်လိုခြင်းကြောင့် ဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူက ထွက်လာခဲ့ပြီး သူ့အတွက် အကျိုးရှိစေရန် အင်ပါယာကျီမင် နယ်မြေ အင်အားကို အသုံးချသွားခြင်း ဖြစ်သည်။

သို့သော် သူက ဂရုမစိုက်ပေ။ သတ္တမဓားက သူ၏ စွမ်းရည်ကို လုံလောက်အောင် ပြသနိုင်ပါက အင်ပါယာကျီမင် နယ်မြေက ဂုဏ်တက်ရမည် ဖြစ်သည်။

သူ့ ဘေးမှ နတ်ဘုရားသတ်ဖြတ်ခြင်း တောင်သခင်သည်လည်း သူ့တပည့် ထိခိုက်သွားသည်ကို ကြည့်နေသည်။ သူက အင်ပါယာကျီမင်ကို ကြည့်ကာ ပြောလိုက်သည်။

“ကြည့်ရတာ ခင်ဗျားက အဲဒီတစ်ယောက်ကို ကောင်းကောင်းကြီး ဖွက်ထားတာပဲ”

“သတ္တမဓားက အင်ပါယာကျီမင်နယ်မြေ တန်ခိုးရှင်တွေ အများကြီးထဲက တစ်ယောက်ပါ။ ကျုပ်က ဘာလို့ သူ့ကို ဖွက်ထားရမှာလဲ။ ဒါပေမဲ့ သူ၏ ခွန်အားက နည်းနည်းတော့ အံ့အားသင့်စရာပဲ။ ကြည့်ရတာတော့ ခင်ဗျားတပည့်က ပြန်တိုက်ဖို့ အခွင့်အရေးတောင် မရှိခဲ့တဲ့ပုံဘဲ” အင်ပါယာကျီမင်က နတ်ဘုရား သတ်ဖြတ်ခြင်း တောင်သခင်၏ စကားကို အားရဝမ်းသာ တုံ့ပြန်လိုက်ပြီး ဒေါသကို ဆွပေးလိုက်လေသည်။

ဤလူက ပုံမှန်ဆိုလျှင် မောက်မာပြီး မာနကြီးသည်။ သူ၏ သိက္ခာကို အနည်းငယ် ချနိုင်စွမ်းရှိခဲ့သည်မှာ ခံစား၍ အတော်ကောင်းပေသည်။

“ခင်ဗျားတပည့် ကျန်းချန်ချင်က လက်လျှော့ပြီး သူ့နေရာမှာ တခြားတစ်ယောက်ကို အစားထိုးခဲ့တယ်။ သူက ပြိုင်ဘက်တွေ ခြေကုန်လက်ပန်း ကျသွားတဲ့အထိ ထိုင်စောင့်နေရုံပဲ။ ဒါက အတော်ကောင်းတဲ့ လှည့်ကွက်ပါလား”

နတ်ဘုရားသတ်ဖြတ်ခြင်း တောင်သခင်က သရော်လိုက်သည်။ အမှန်မှာတော့ ထိုတန်ခိုးရှင်နှစ်ယောက် ပြသသွားသည့် စွမ်းအားအရ သတ္တမဓားသည် ပြိုင်ဘက်အား ခြေကုန်လက်ပန်းကျအောင် စောင့်မနေလျှင်ပင် တိုက်ပွဲက တူညီနေလိမ့်ဦးမည် ဖြစ်သည်။ ရလဒ်က သံသယဝင်ရန်မရှိ သေချာလှပေသည်။

ရီဖူရှင်းသည် သူ့ဓားကို တိမ်တိုက်များ မျောလွင့်နေသော ကောင်းကင်သို့ မြှောက်လိုက်သည်။ သူက ဓားဝင်္ကပါ တစ်ခုကို ဖြစ်တည်လာစေပြီး မဟာလမ်းစဥ် စွမ်းအားများက သူ့ ဓားအတွင်း ဝင်ရောက်လာစေသည်။ သူက ဓားကို ကျဆင်းလာစေပြီး နတ်ဘုရား သတ်ဖြတ်ခြင်းတောင်မှ ဝမ်ရှောင်းကို ဖိနှိပ်တိုက်ခိုက်လိုက်သည်။

ဘုန်း …

ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာပြီး ဝမ်ရှောင်းသည် နောက်သို့ လွင့်ပျံသွား၏။ သူက မိုးကြိုးစင်မြင့်ထက်ရှိ အလင်းနံရံနှင့် ရိုက်ခတ်မိသွားခဲ့သည်။ ဓားအားလုံးက ဆက်လက် ရွေ့လျားနေပြီး ချောက်ချားဖွယ် အသံများပြုကာ သူ့ဆီသို့ တရကြမ်း ပြေးဝင်လာသည်။

ဤတိုက်ပွဲ၏ ရလဒ်က သံသယဝင်စရာ မရှိပေ။ သူက သေချာပေါက် ဖျက်ဆီးခံရတော့မည် ဖြစ်၏။

လူတိုင်းက ရီဖူရှင်းကို တအံ့တသြ ကြည့်လိုက်ကြသည်။

“ဒီလူက ဘယ်သူလဲ။ နတ်ဘုရား သတ်ဖြတ်ခြင်း တောင်က ဝမ်ရှောင်းကိုတောင် လွှမ်းမိုးနိုင်တယ်။ သူက ပြန်တောင် မတိုက်ခိုက်နိုင်ခဲ့ဘူး”

“သူက အင်ပါယာကျီမင် နယ်မြေက တစ်ယောက် ဖြစ်မယ်”

ထိုအကြောင်းကို ဆွေးနွေးနေကြသည့် သူများထဲမှ ပြောလိုက်သည်။

“ကျန်းချန်ချင် လက်လျှော့လိုက်ပြီးတော့ သူ ထွက်လာတာပဲ။ သူက ဒီကို နောက်ကျမှ ရောက်လာတာ ဖြစ်ရမယ်။ ဒါပေမဲ့ သူက လမ်းစဥ်စွမ်းအား မျိုးစုံမှာ အရည်အချင်းရှိပြီး အစွမ်းထက်တယ်” ဤတိုက်ပွဲက လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

မိုးကြိုးစင်မြင့်၏ အောက်တွင် လူအုပ်ကြား ရပ်နေသည့် ကျန်းချန်ချင်က ရီဖူရှင်း၏ တောက်ပသော အရည်အချင်း ပြသမှုကို စောင့်ကြည့်နေသည်။ သူက ထိုမြင်ကွင်းနှင့် ပတ်သက်၍ အနည်းငယ် စိတ်ရှုပ်နေပေသည်။ သူက ရီဖူရှင်း အစွမ်းကုန် ကြိုးစား၍ လုပ်ဆောင်သည်အား လိုချင်သော်လည်း ရီဖူရှင်း လုပ်ဆောင်ခဲ့သည်များကို သူ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ယခု ရီဖူရှင်းက တောက်ပမှုအားလုံးကို ယူဆောင်သွားတော့မည် ဖြစ်၏။

သူက ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ဝင်ရောက်ကာ မကျင့်ကြံနိုင်တော့သည်လည်း ဖြစ်သွားနိုင်သည်။ သတ္တမဓားက သူ့နေရာကို အစားထိုးသွားတော့မည် ဖြစ်၏။

သို့သော် သူက နောင်တရခြင်း မရှိပေ။ သူက ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ဝင်ရောက်ရန် အတင်းအကျပ် ဖိအားပေး လုပ်ဆောင်ရင်း အရှက်ကွဲရသည်ထက် အင်ပါယာကျီမင် နယ်မြေမှာ ဆက်လက် ကျင့်ကြံရခြင်းက ပို၍ ကောင်းလေသည်။ ထို့​ကြောင့် သူက ဤအခွင့်အရေးအား သတ္တမဓားကို ပေးခဲ့ခြင်း ဖြစ်ပြီး ထိုသို့ လုပ်ခြင်းဖြင့် အင်ပါယာကျီမင်ကိုလည်း မျက်နှာပန်း လှသွားစေသည်။ သူက သတ္တမဓားသည် သူတို့အတွက် ကြီးမားသော ဂုဏ်သရေကို ဆောင်ကြည်းပေးနိုင်ရန် မျှော်လင့်မိလေသည်။

ရီဖူရှင်း ဆင်းလာပြီးနောက် ကျန်းချန်ချင်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။

“မဆိုးဘူး။ ကြည့်ရတာ မင်းက ကြိုတင် ပြင်ဆင်ပြီးသား ဖြစ်ရမယ်”

အင်ပါယာကျီမင် နယ်မြေမှ လာသော လူများသည် ရီဖူရှင်းအား တုန်လှုပ်စွာ ကြည့်နေကြသည်။ သတ္တမဓားက သူတို့နှင့်အတူ လာခဲ့ပြီး ဤအခမ်းအနားသို့ ဝင်ရောက်ရန် သူတို့၏ အဆင့်အတန်း အင်အားကို အသုံးပြုကာ ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ဝင်ရောက်ရန် အခွင့်အရေးပင် ရရှိခဲ့သည်။

ထိုသည်ကို ကြည့်လျှင် သူက သူတို့အားလုံးကို အသုံးချသွားခြင်းသာ ဖြစ်၏။

ကျီကျွင်း၏ မျက်နှာက မည်းမှောင်နေခဲ့သည်။ သူက ထိုမျှထိ အားကောင်းနေမှတော့ ထိုကဲ့သို့ အေးစက်၍ မောက်မာနေသည်မှာ အံ့အားသင့်ဖွယ် မရှိပေ။ သူ အလွန်အားကောင်းသည်ကို ကျန်းချန်ချင်နှင့် အခြားသူများ အားလုံးလည်း မျက်မြင် တွေ့ခဲ့ရသည်ဖြစ်ရာ သူမ၌ မည်သည့်စကားမှ ပြောစရာမရှိတော့ပေ။

“သံသယကင်းစင်ခြင်း အဆင့်က လူဘယ်လောက်မှ မကျန်တော့ဘူး။ မင်းသာ နောက်ထပ် တိုက်ပွဲ သုံးခုမှာ ထပ်နိုင်ရင် နောက်ဆုံးတိုက်ပွဲ ရောက်ပြီပဲ။ အနိုင်ရမယ်လို့ ယုံကြည်ချက်ရှိလား” ကျန်းချန်ချင်က ရီဖူရှင်းကို မေးလိုက်သည်။

ဤနေရာတွင် မိုးကြိုးစင်မြင့် ကိုးခု ရှိသည်။ ဘေးမှ လေးခုသည် ရှန့်ထိုအဆင့် လေးခုကို ကိုယ်စားပြုပြီး အဆင့်လေးဆင့်လုံးကို တစ်ချိန်တည်း တိုက်ခိုက်စေသည်။ များပြားလှသော လူများမှာ ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် ရှုံးနိမ့်သွားခဲ့ပြီဖြစ်ရာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များသာ ကျန်တော့သည်ဟု ပြောနိုင်ပေသည်။

အဆုံးတွင် စင်မြင့်တစ်ခုစီမှာ နောက်ဆုံး အောင်နိုင်သူများသည် အလယ်ရှိ နောက်ဆုံး စင်မြင့်ထက်တွင် ရင်ဆိုင်ကြရပေလိမ့်မည်။

ဤအခြေအနေက မည်မျှ ခမ်းနား ကောင်းမွန်သည်ကို အခြေခံပြီး လူအများ ခန့်မှန်းကြသည်မှာ နောက်ဆုံး တိုက်ပွဲသို့ ရောက်ရှိနိုင်သော တန်ခိုးရှင် လေးယောက်ကို အနည်းဆုံးတော့ ခရမ်းရင့်ကောင်းကင် နန်းတော်က အမည်ခံတိုက်ရိုက်အဖြစ် လက်ခံလိမ့်မည် ဖြစ်သည်။ သူတို့ မည်မျှ နှစ်သက်မှု ခံရသလဲ ဆိုသည်ကတော့ သူတို့ မည်မျှ အရည်အချင်း ရှိသလဲ ဟူသည့်အပေါ်တွင် မူတည်ပေသည်။

“ကျုပ် သေချာတယ်” ရီဖူရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းချန်ချင်သည် ရီဖူရှင်း၏ သာမန်ဆန်လှသော စကားများကြောင့် ရှုံ့မဲ့သွားသည်ဟု ခံစားလိုက်ရပေသည်။ သူက ရူးလောက်အောင်ပင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အလွန်ပြင်းထန်ပေသည်။ သူက အနိုင်ရရန် သေချာသည်ဟုပင် ပြောရဲပေသည်။

သို့သော် ရီဖူရှင်းက အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။

“နောက်ဆုံးတိုက်ပွဲကို မရောက်ခင်ထိ မင်း သတိထားရမဲ့ ပြိုင်ဘက်က မိုးကြိုးပြစ်ဒဏ်မြို့ လီကလန်က လီပါး ဖြစ်လိမ့်မယ်။ ပြောကြတာတော့ သူက ကျင့်ကြံခြင်းမှာ ပါရမီရှင်တဲ့။ သူက ရှန့်ထိုအဆင့်ကို ရောက်နေပေမဲ့ သူ့ရဲ့ အချိန်တွေ အားလုံးကို ကျင့်ကြံခြင်းမှာပဲ မြှုပ်နှံထားတာကြောင့် အတွေ့အကြုံ သိပ်မရှိဘူး ပြောတယ်။ သူ ငယ်ငယ်ကတည်းက မိုးကြိုးလမ်းစဥ်မှာ ကျွမ်းကျင်တယ်။ လောကကြီးအကြောင်း အတွေ့မကြံမရှိဘူး။ ပြီးတော့ သူ့မိသားစုက ခရမ်းရင့် ကောင်းကင်နန်းတော် လက်အောက်က မိုးကြိုးပြစ်ဒဏ်မြို့မှာ ရှိ​နေရင်တောင် သူ့မိသားစုက သူ့ကို အဲဒီမှာ သွားလေ့လာဖို့ ဘယ်တော့မှ ပို့မှာမဟုတ်ဘူး။ ဒါပေမဲ့ အခုဟာက ဒီအခွင့်အရေးမှာ လီမိသားစုက လီပါးကို ခရမ်းရင့်ကောင်းကင် နန်းတော်ဆီ တိုက်ရိုက်ဝင်ခွင့်ရပြီး သူ့ရဲ့ မိုးကြိုးလမ်းစဥ် ပါရမီ အရည်အချင်းကို လောကသိအောင် ကြေညာချင်နေတာ။ သူက အဲဒီလိုလုပ်နိုင်မယ် ဆိုရင် သူက တခြားဟာတွေကို ဘာမှ အာရုံမစိုက်ဘဲ ကျင့်ကြံခြင်းကိုပဲ တစ်ခါထပ်ပြီး ဇောက်ချလုပ်လိမ့်မယ်” ကျန်းချန်ချင်က ရီဖူရှင်းကို ပြောလိုက်သည်။

“ငါ့မှာ စွမ်းအားပြည့်နေရင်တောင် လီပါးကိုတော့ နိုင်မှာ မဟုတ်ဘူး”

လီပါးက သာမန်လူမျိုး မဟုတ်ပေ။ သူက သူတို့ကြားမှ ကွာခြားမှုကို ကောင်းကောင်း သတိပြုမိလေသည်။

လီပါးသည် ဤနေရာရှိ သံသယကင်းစင်ခြင်း အဆင့် ရှန့်ထိုများထဲတွင် အစွမ်းထက်ဆုံး ဖြစ်သည်။ သူ့နှင့် နှိုင်းယှဥ်နိုင်သူ မည်သူမှ ရှိလိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းက နောက်ဆုံး တိုက်ပွဲထိ ရောက်ချင်သည်ဆိုပါက သူက လီပါးနှင့် ရင်ဆိုင်ရလိမ့်မည်။ ထိုသည်က အလွန် ခက်ခဲလှသည်။

“ကျုပ်ကို သတိပေးနေတာလား” ရီဖူရှင်းက ကျန်းချန်ချင်ကို ကြည့်လိုက်သည်။

“ခင်ဗျား ခွန်အား အပြည့်ရှိနေတဲ့ အချိန်မှာ ကျုပ်နဲ့ ရင်ဆိုင်ရရင်တောင် ခင်ဗျားမှာ အခွင့်အရေး ရှိမှာမဟုတ်ဘူး”

“ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတာ ကောင်းပါတယ်။ မင်း နောက်ဆုံးတိုက်ပွဲထိ လုပ်နိုင်မယ်လို့ ငါ မျှော်လင့်နေမယ်။ ပြီးတော့ မင်း နောက်ဆုံးတိုက်ပွဲကို နိုင်မယ်ဆို ပိုတောင် ကောင်းလိမ့်ဦးမယ်”

ကျန်းချန်ချင်က ပြောလိုက်သည်။ အင်ပါယာကျီမင် နယ်မြေမှ တစ်ယောက်ယောက်သာ ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ဝင်ရောက်သွားနိုင်ပါက ထိုအကြောင်းက ဒဏ္ဍာရီတွင်ကာ သူတို့အတွက်လည်း အကျိုးရှိပေလိမ့်မည်။

သတ္တမဓားသည် အင်ပါယာကျီမင်၏ တိုက်ရိုက်တပည့် မဟုတ်သော်လည်း သူက နောက်ဆုံး တိုက်ပွဲတွင် သူ့နေရာ၌ အစားထိုးသည်ဟူသော နာမည်ကို ယူထားခြင်း ဖြစ်ရာ သိပ် ကွာခြားမှု ရှိမည် မဟုတ်ပေ။

ရီဖူရှင်းက အလွန်အေးစက်ကာ စည်းခြားထားဆဲ ဖြစ်သည်။ သူက ကျန်းချန်ချင်ကို လျစ်လျူရှုကာ မိုးကြိုးစင်မြင့်ထက်မှ တိုက်ပွဲများကိုသာ ကြည့်နေသည်။ ထိုသည်က အင်ပါယာကျီမင် နယ်မြေမှ အခြားသော တပည့်များကို မပျော်မရွှင် ဖြစ်စေသည်။ ဤလူက အလွန်အစွမ်းထက်သော်လည်း သူ၏ မောက်မာမှုက ပေါ့သေးသေး မဟုတ်ပေ။ သူက သူတို့ အားလုံးကို နည်းနည်းလေးမျှပင် အရေးမစိုက်ချေ။

ကျန်းချန်ချင်သည် အလွန် အရည်အချင်း ရှိသော်လည်း ရီဖူရှင်း၏ မျက်လုံးထဲတွင်တော့ သူက လုံးဝ မတည်ရှိသလိုပင် ဖြစ်သည်။ သူက ကျန်းချန်ချင်ကို လုံးဝ လျစ်လျူရှု၍ ထားသည်။

ခဏအကြာတွင် ရီဖူရှင်းက သူ၏ ဒုတိယတိုက်ပွဲကို တိုက်ခိုက်ရလေသည်။ သူ့ဓားက ကောင်းကင်ကို ဖြတ်သန်း လင်းလက်သွားပြီး သူက ပြိုင်ဘက်ကို တစ်ခါထပ်ကာ အနိုင်ရလိုက်သည်။ ထိုသည်မှာ ပထမတိုက်ပွဲကဲ့သို့ပင် ဖြစ်သည်။

ထိုသည်က လူအများအား ရီဖူရှင်းကို ပို၍ သတိထားမိ လာစေသည်။ ယခင်က လူအများစုသည် မိုးကြိုးစင်မြင့်ထက်၌ လီပါးကို ယှဥ်၍ တိုက်ခိုက်နိုင်သူ မည်သူမှ မရှိဟု တွေးထားခဲ့ကြသည်။

ယခု အင်ပါယာကျီမင် နယ်မြေမှ သတ္တမဓားက လီပါးနှင့် ကောင်းကောင်း ယှဥ်တိုက်နိုင်မည့်ပုံ ပေါ်လေသည်။

ရီဖူရှင်းသည် လီပါး မည်သို့ တိုက်ခိုက်သည်အား စောင့်ကြည့်နေသည်။

သူက အမှန်တကယ်ပင် အလွန် အားကောင်းလှသည်။ သူက တိုက်ခိုက်မှု တစ်ချက်နှင့်ပင် ပြိုင်ဘက်အား အလဲထိုးနိုင်သည်။ ကျန်းချန်ချင် ကဲ့သို့ လူမျိုးကပင် သူ ခွန်အား အပြည့်ရှိချိန်၌ တိုက်ခိုက်လျှင်လည်း အနိုင်ရရန် အခွင့်အရေး မရှိဟု ဆိုခြင်းမှာ အံ့သြစရာမရှိပေ။

လီပါးသည် အင်ပါယာကျီမင် နယ်မြေမှ တန်ခိုးရှင်များထက် သာလွန်သည်ဖြစ်ရာ သူသာလျှင် အနိုင်ကို ဆွတ်ခူးနိုင်ပေလိမ့်မည်။ သူ၏ ခွန်အားကို ကြည့်ရလျှင် သူသည် ခရမ်းရင့်ကောင်းကင် နန်းတော်၏ တပည့်တစ်ဦး ဖြစ်လာမည်မှာ ပြောနေရန်ပင် မလိုချေ။

မိုးကြိုးပြစ်ဒဏ်မြို့မှ လီမိသားစုသည် သူ့ကို ခရမ်းရင့်ကောင်းကင် နန်းတော်သခင် ကိုယ်တိုင် သင်ပြပေးရန် မျှော်လင့်ထားကြသည်။ သူက ထိုသို့ အခွင့်အရေးကို မရနိုင်ခဲ့လျှင်ပင် ဒုတိယနန်းတော်သခင်ထံ၌ ကျင့်ကြံနိုင်ပေသေးသည်။ လီပါး၏ ကိုယ်ရည်ကိုယ်သွေးအရ သူတို့က သူ့အား ဆန့်ကျင်မိခြင်းမှ ရှောင်ကြဥ်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေပြီး မိုးကြိုးလမ်းစဥ် ရှစ်ခုကို ဆက်ခံသော အင်အားစုများမှ ပြိုင်ပွဲဝင်များသည် သူတို့၏ စွမ်းရည်များကို ပြသခဲ့ကြပြီး အင်ပါယာကျီမင် နယ်မြေမှ သတ္တမဓားသည်လည်း အတူတူပင် ဖြစ်သည်။

အင်ပါယာကျီမင် နယ်မြေမှ တန်ခိုးရှင်များပင်လျှင် အခုချိန့၌ ရီဖူရှင်းအား အာရုံစိုက်နေကြပြီ ဖြစ်သည်။ ဒုနန်းတော်သခင်က အင်ပါယာကျီမင်အား ကြည့်ကာ မေးလိုက်သည်။

“သတ္တမဓားက အတော်လေး အားကောင်းတယ်။ သူက ခင်ဗျား လက်အောက်မှာ သင်ယူနေတာလား”

အင်ပါယာကျီမင်သည် အနည်းငယ် သောက ဖြစ်သွားတာကြောင့် မည်သို့မှ မတုံ့ပြန်ခဲ့ပေ။ ယခင်က ရီဖူရှင်းသည် အင်ပါယာကျီမင်၏ အမည်ကို သုံးကာ တိုက်ပွဲတွင် ပါဝင်ခဲ့သည်။ သူက သတ္တမဓားအား သူ့တပည့်အဖြစ် ရှုမြင်ကြောင်း လူတိုင်းကို ပြောခဲ့သည်။ အကယ်၍ သူကသာ ဒုနန်းတော်သခင်ကို သတ္တမဓားက သူ့တပည့်မဟုတ်ကြောင်း ပြောလိုက်ပါက ခရမ်းရင့်ကောင်းကင် နန်းတော်မှ ရန်ဟောင်အဆင့် တန်ခိုးရှင်များကို လှည့်စားသည့် အဓိပ္ပာယ် ဖြစ်သွားပေလိမ့်မည်။

သတ္တမဓားက အလွန် အားကောင်းပြီး ဒုနန်းတော်သခင်ကပင် သူ့အကြောင်း မေးလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

“သတ္တမဓားက အပြင်လောကမှာ လှည့်လည်ကျင့်ကြံ နေတာကြောင့် ကျုပ် သူ့ကို အများကြီး သင်မပေးခဲ့ရပါဘူး”

အင်ပါယာကျီမင်က အလိမ်တစ်ဝက်နှင့် ဖြေလိုက်သည်။

“အာ … သူက မင်းရဲ့ နန်းတော်ကို ဝင်လာတာနဲ့တင် လုံလောက်နေပါပြီ” ဒုနန်းတော်သခင်က ပြောလိုက်သည်။

“ဂုဏ်ယူပါတယ် အင်ပါယာကျီမင်”

အခြားသော ခေါင်းဆောင်များကလည်း ပြောလိုက်ကြ၏။ ဒုနန်းတော်သခင်က ပြောလာပြီဖြစ်ရာ သတ္တမဓားက နန်းတော်သို့ ဝင်ခွင့်ရမရမှာ ထပ်၍ မေးနေစရာပင် လိုတော့မည် မဟုတ်ပေ။

ထို့ပြင် အခြားသော ရန်ဟောင်အဆင့် တန်ခိုးရှင် အများအပြားကလည်း သူ့အား သင်ကြားပေးခွင့်ရရန် ဆန္ဒရှိကြပေလိမ့်မည်။

အခြားသော အင်ပါယာများက မပျော်မရွှင် ဖြစ်သွားသော်လည်း သူ့ကို ဂုဏ်ပြုပေးကြပေသည်။ အဆုံးမှာတော့ သတ္တမဓား၏ အဆင့်အတန်းက မကြာခင်၌ ပြောင်းလဲတော့မည် မဟုတ်ပါလား။

“ကျန်းယွမ် မင်း သူ့ကို ဘယ်လိုထင်လဲ”

ဒုနန်းတော်သခင်က သူ့ဘေးမှ လူငယ်လေးကို မေးလိုက်သည်။

“သူက မတူညီတဲ့ စွမ်းရည် အများအပြားကို အသုံးပြုပေမဲ့ သူ့စွမ်းအားတွေက သမမျှတမှုရှိတယ်။ သူ အရမ်း အားကောင်းတာက ဒီလောက် တိုက်ပွဲ အများကြီးမှာ အနိုင်ရလဲဆိုတဲ့ အကြောင်းရင်းပဲ။ ဒါပေမဲ့ သူက အနိုင်ရဖို့ သေချာနိုင်တဲ့ ဘယ်လိုစွမ်းရည်ကိုမှ ထုတ်မပြသေးဘူး။ ဒီလိုပဲ ကြည့်ရရင်တော့ လီပါးက သူ့ထက်ပိုပြီး အစွမ်းထက်လိမ့်မယ်”

“အင်း” ခရမ်းရင့်ကောင်းကင် နန်းတော်၏ ဒုနန်းတော်သခင်က ခေါင်းညိတ်လိုက်သည်။ ကျန်းယွမ်က အကဲဖြတ်မှုတွင် ထူးချွန်ပေသည်။ သတ္တမဓားက အရာအားလုံး၌ ကောင်းမွန်သော်လည်း သူက ရေရာသေချာသည့် စွမ်းရည်မျိုးကို ပြသခြင်းမရှိချေ။ သူ့တွင် ရှိသေည ထိုစွမ်းရည်မျိုးက ကြီးမားသည့် အားသာချက် ​ဖြစ်သည်ကိုသာ ပြောနိုင်သည်။ သို့သော် အမှန်တကယ်ပင် အရာအားလုံး၌ အမှန်တကယ် ထူးချွန်နေပါက လေးစားဖွယ်ပင် ဖြစ်၏။

သူတို့နှစ်ယောက်သည် သာမန် ထွေရာလေးပါး ဆက်ပြောနေကြသည်။

“တခြားအဆင့်က တန်ခိုးရှင်တွေရော ဘယ်လိုလဲ”

ဒုနန်းတော်သခင်က မေးလိုက်သည်။

ခဏအကြာတွင် မိုးကြိုးစင်မြင့်ထက်မှ တိုက်ပွဲများမှာ အထွတ်အထိပ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သူတို့အားလုံးသည် အစွမ်းကုန် ထုတ်သုံး တိုက်ခိုက်နေကြ၏။

“မိုးကြိုးပြစ်ဒဏ်မြို့က လီပါးနဲ့ အင်ပါယာကျီမင် နယ်မြေက သတ္တမဓား စင်ပေါ်တက်လာပါ” ထွက်လာသည့် အသံက လူတိုင်း၏ အကြည့်များကို ဆွဲခေါ်သွားသည်။

စင်မြင့်ထက်သို့ ထွားကျိုင်း၍ လွှမ်းမိုးနိုင်သည့် ပုံရိပ်တစ်ခုက ပျံသန်းတက်လာသည်။ ကြောက်မက်ဖွယ် ခရမ်းရင့်မိုးကြိုးများက သူ့ကို ရစ်ပတ်ထားသည်။ သူ၏ ဗလာကျင်းသော လက်မောင်းတွင် ကျစ်လစ်သန်မာသည့် ကြွက်သားများ ရှိနေသည်။ အကြည့်တစ်ချက်နှင့်ပင် လွှမ်းမိုးနိုင်သည့် ခံစားချက်မျိုးကို ပေးစွမ်းပေသည်။

လူတိုင်းက စောင့်ကြည့် နေကြသည်။ သူတို့က ဤတိုက်ပွဲကို အလွန် စိတ်ဝင်စား နေကြပေသည်။ လီပါး၏ ကိုယ်ရည်ကိုယ်သွေးက အလွန် ထူးခြားပေသည်။ သူ၏ အဆင့်တွင် သူ့ကဲ့သို့သော လူမျိုးမှာ အနည်းငယ်သာ ရှိပေမည်။ ထို့ကြောင့် သူသည် လူအများ၏ အာရုံကို ဖမ်းစား ထားနိုင်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset