အပိုင်း(၁၄၂၀)

အစားထိုးခြင်း

ကျန်းချန်ချင်သည် ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်ပြီး အနက်ရောင် မိုးကြိုးတို့ထံမှ ပေါ့ပါးမှုကို ခံစားမိပေသည်။ သူက ပြောလိုက်သည်။

“မင်းရဲ့ အဆင့်က မလုံလောက်သေးဘူး”

ရီဖူရှင်းက သူ့ကို တည်ငြိမ်စွာ ပြန်ကြည့်ကာ သူ၏ အတွင်းစိတ်စွမ်းအားကို ဖြန့်ထုတ်လိုက်သည်။ ခဏချင်း အတွင်းတွင် အလင်းများက သူ့ကို လွှမ်းခြုံသွားသည်။ သူ၏ စွမ်းအားများက အနည်းငယ်ပင် အပြစ်အနာအဆာ မရှိဘဲ စင်းလုံးချော ကျောက်စိမ်းကဲ့သို့ လှပသည့် အစိတ်အပိုင်း ဖြစ်ပေသည်။ ထိုသည်က ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

နတ်ဆင်များနှင့် ကျင့်ကြံပြီး ပြန်လာသည့်အခါတွင် သူက ယခု သံသယကင်းစင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ကျီကျွင်းနှင့် အခြားသူများက သူ့ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများက ကျဥ်းမြောင်း သွားသည်။ ဤလူသည် သူတို့၏ မျက်လုံးများကို လှည့်စား၍ သူ၏ စွမ်းအားများကို ဖုံးကွယ်ထားသည်။ သူတို့က သူ မည်မျှ အစွမ်းထက်သည်လဲ မသိရှိကြပေ။

သူက အလွန်ငယ်ရွယ်သော်လည်း သံသယကင်းစင်ခြင်း အဆင့် ဖြစ်နေပြီ ဖြစ်သည်။ သူက အလွန် ထူးချွန်၍ အရည်အချင်း ရှိသည်မှာ ထင်ရှားပေသည်။ ထို့ပြင် သူက ဓားသမား ဖြစ်သော်လည်း မဟာလမ်းစဥ် သေဆုံးခြင်း မိုးကြိုးစွမ်းအားကို ကျင့်ကြံထားပေသည်။

သူက များပြားလှသည့် နည်းစနစ်များစွာကို ကျင့်ကြံထားပြီး လမ်းစဥ်စွမ်းအား များစွာကို နားလည်ထားသည်။

ကျန်းချန်ချင်က ရီဖူရှင်း၏ စွမ်းအားကို ခံစားမိပေသည်။ သူက သံသယကင်းစင်ခြင်း အဆင့်ဖြစ်သည်မှာ သိပ်မကြာသေးသည့်အတွက် သူ့အရှိန်အဝါက သိပ်မထူထပ်သေးပေ။ သို့သော် အလွန် ပြင်းထန်သည့် စွမ်းအားကို ခံစားမိဆဲ ဖြစ်၏။

သူက လက်ကို မြှောက်လိုက်ပြီး ချောက်ချားဖွယ် မိုးကြိုးစွမ်းအားက သူ့လက်မှ ပေါက်ကွဲထွက်လာသည်။ သူက ရှေ့သို့ လှမ်းလိုက်ပြီး သူ့လက်ကို ရီဖူရှင်းဆီသို့ ဆန့်ထုတ်လိုက်သည်။

ရီဖူရှင်းသည်လည်း သူ့လက်ကို မြှောက်လိုက်ပြီး သူတို့က လက်ဝါးချင်း ရိုက်ခတ်လိုက်ကြသည်။ ချောက်ချားဖွယ် မိုးကြိုးစွမ်းအားက သူတို့၏ လက်များမှ ဖြတ်ကာ တိုက်ခိုက်မှုများကို ဖိနှိပ်လိုက်သည်။ ချောက်ချားဖွယ် စွမ်းအားများက သူတို့၏ လက်များမှ ဖြစ်တည်လာသည်။ဤသို့ ကျဥ်း​မြောင်းသည့် နေရာမျိုးတွင် များစွာသော စွမ်းအားတို့ကို ထိန်းချုပ်ရန်မှာ ခက်ခဲလှပေသည်။ သူတို့သည် တတ်နိုင်သမျှ စွမ်းအားအများဆုံးကို ဖော်ထုတ်ပြီး ဖျက်ဆီးခြင်း စွမ်းအားများက ပို၍ ရက်စက်ပြင်းထန်လာသည်။

အင်ပါယာကျီမင် နယ်မြေမှ တန်ခိုးရှင်များသည် အနီးတွင် စောင့်ကြည့်နေကြပြီး သူတို့၏ အရှိန်အဝါများကို တစ်ယောက်ပြီး တစ်ယောက် ထုတ်လွှတ်လိုက်ကာ ကြောက်မက်ဖွယ် စွမ်းအားများကို ဖြတ်တောက် တားဆီးလိုက်သည်။ သူတို့သည် ထိုနှစ်ယောက်၏ ဝတ်စုံများက လေမတိုက်ဘဲ လွင့်ပျံလာသည်ကို မြင်ရပေသည်။

“အဟွတ် …”

သွေးစီးကြောင်းက ကျန်းချန်ချင်၏ ပါးစပ်ထောင့်မှ စီးကျလာသည်။ သူ၏ အတွင်းကလီစာများက ပြင်းထန်စွာ တုန်ယင်နေသည်။ သူက နောက်ပြန်ဆုတ်သွားပြီး ညည်းညူသံသဲ့သဲ့ ထွက်ပေါ်လာသည်။ သူက လက်များကို ကြည့်လိုက်လျှင် ယင်းတို့ကို သေဆုံးခြင်း စွမ်းအားများက ဖုံးလွှမ်းထားပြီး အနက်ရောင်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။

သူက ရီဖူရှင်းကို တစ်ဖန် ကြည့်လိုက်ပြီး သူ၏ အမူအရာက မပြောင်းလဲသွားပေ။ သူ့မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက် ဖြစ်သည့် အရိပ်အယောင် အနည်းငယ်မျှပင် ရှိမနေပေ။

ထိုသည်က အင်ပါယာကျီမင် နယ်မြေမှ လူများ၏ နှလုံးကို အခုန်မြန်လာစေရန် ပြုလုပ်နေသည်။ သတ္တမဓားက မည်မျှ အားကောင်းသနည်း။

ကျီကျွင်း၏ အမူအရာသည်လည်း ပြောင်းလဲသွားသည်။ ကျန်းချန်ချင်သည် အင်ပါယာကျီမင် နယ်မြေတွင် အရည်အချင်းအရှိဆုံး ဖြစ်ပြီး သူမက သူ့ကို အလွန် လေးစားတန်ဖိုးထားပေသည်။ သူ၏ မိုးကြိုးလမ်းစဥ်ကလည်း အစွမ်းထက်သည် မဟုတ်ပါလား။

“မင်း မြင်လား” ရီဖူရှင်းက ကျန်းချန်ချင်ကို ပြောလိုက်သည်။

“လောကကြီးက ကျယ်ပြောတယ်။ မင်း မသိတဲ့ တန်ခိုးရှင်တွေ အများကြီး ရှိနေပေမဲ့ အဲဒီလူတွေက အားနည်းနေတာတော့ မဟုတ်ဘူး။ ကောင်းကင်အာဏာစက်ဘုံရဲ့ တန်ခိုးရှင်တွေ အများကြီး ခရမ်းရင့်ကောင်းကင် နန်းတော်မှာ လာစုဝေးနေကြတယ်။ မင်း ဒီမှာ တခြား အစွမ်းထက် ပုဂ္ဂိုလ်အများကြီးနဲ့ တွေ့ရလိမ့်မယ်။ အဲဒါကြောင့် မင်း အရေးသာဖို့အတွက် ခက်ခဲလိမ့်မယ်”

ကျန်းချန်ချင်က ရီဖူရှင်းကို စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။

“မင်း ခရမ်းရင့်ကောင်းကင်နန်းတော်ကို ဝင်ချင်လား”

ရီဖူရှင်းက အဖြေပြန်မပေးပေ။ သူက ထိပ်သီးပုဂ္ဂိုလ်များ ထိုင်နေရာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူတို့သည် အပေါ်စီးမှ နေ၍ မြင်ကွင်းတစ်ခုလုံးကို မြင်တွေ့နိုင်ပေသည်။

သူက ရီဖူရှင်း၏ အမူအရာကို မြင်သည့်အခါ ကျန်းချန်ချင်က နားလည်သွားသည်။ မိုးကြိုးလမ်းစဥ်ကို ကျင့်ကြံသည့် တန်ခိုးရှင်အားလုံးတွင် မည်သူကများ ခရမ်းရင့်ကောင်းကင် နန်းတော်သို့ မဝင်ရောက်ချင်ဘဲ ရှိနေမည်နည်း။

တစ်လောကလုံးရှိ မိုးကြိုးလမ်းစဥ် ပညာရပ်များမှ ကောင်းကင်နန်းတော်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

ထိုသည်က မိမိ၏ စွမ်းရည်ကို ဖော်ပြနိုင်ပြီး ခရမ်းရင့်ကောင်းကင် နန်းတော်၏ နှစ်သက်မှုကို ရရှိနိုင်မည့် အလွန် ရှားပါးလှသော အခွင့်အရေးဖြစ်သည်။

ထိုအကြောင်းရင်းကြောင့်သာလျှင် သတ္တမဓားကဲ့သို့ လောကတစ်ခွင် ခြေဆန့်နေသူများက ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်ပေသည်။

“မင်းက အင်ပါယာကျီမင် နယ်မြေနာမည်နဲ့ ဝင်ရောက်နိုင်တယ်။ ငါ ဆရာ့ဆီသွားပြီး ခြွင်းချက်အနေနဲ့ မင်းကို ငါ့နေရာမှာ အစားထိုးနိုင်မလား မေးကြည့်လိုက်ဦးမယ်”

ကျန်းချန်ချင်က ရီဖူရှင်းကို ပြောလိုက်သည်။

ရီဖူရှင်းက မည်သည့် ခံစားချက်မှ မရှိသည့် သူ၏ နက်ရှိုင်းသော မျက်လုံးများဖြင့် ကျန်းချန်ချင်ကို ​ကြည့်လိုက်သည်။

“သိပ်ကောင်းတာပေါ့” သူက ညင်သာစွာ ပြောလိုက်သည်။

ကြည့်ရသည်မှာ ကျန်းချန်ချင်က ကိုယ့်အတိုင်းအဆကိုယ် သိသော သူ ဖြစ်ပေလိမ့်မည်။

ဤနည်းလမ်းကပဲ သူက ဤနေရာသို့ အင်ပါယာကျီမင် နယ်မြေက လူများနှင့်အတူ လိုက်လာသည့် ရည်ရွယ်ချက် ပြည့်ဝသွားလိမ့်မည် ဖြစ်သည်။

“ချန်ချင်” အင်ပါယာကျီမင် နယ်မြေမှ ပြန်လည်မွေးဖွားခြင်းအဆင့် တစ်ယောက်က ခေါ်လိုက်သည်။ ထိုသည်က အလွန် ရခဲလှသော အခွင့်အရေး ဖြစ်သည်။ ကျန်းချန်ချင်က ဒဏ်ရာရရှိထားလျှင်ပင် သူက ဆက်၍ တိုက်ခိုက်နိုင် သေးပေသည်။ ထိုသည်က ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ဝင်ရောက်ခွင့် ရနိုင်မည့် အခွင့်အရေး ဖြစ်သည်။ သူက အခုလို လက်လွှတ်လိုက်ပါက နှမြောစရာ ကောင်းပေလိမ့်မည်။

“မင်း မှန်တယ်” ကျန်းချန်ချင်က ပြောလိုက်သည်။

“ငါက နောက်တိုက်ပွဲမှာ ကိုယ့် အင်အားကို ထုတ်ပြနိုင်ဖို့ ခက်ခဲလိမ့်မယ်။ အဲဒါကြောင့် ဒီလိုမျိုး နောက်ဆုတ်ပေးပြီး ထိုက်တန်တဲ့ တန်ခိုးရှင်တွေကို စင်ပေါ်တက်စေတာကမှ သူတို့ ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဝင်ခွင့်ရစေမဲ့ နည်းလမ်းကောင်းပဲ”

သူက ရီဖူရှင်းကို ကြည့်လိုက်သည်။

“ငါ့ကို စိတ်ပျက်အောင်တော့ မလုပ်နဲ့ပေါ့”

ထိုသို့ ပြောပြီးနောက် သူက လှည့်ကာ ထွက်သွားတော့သည်။

တိုက်ခိုက်မှုများက နောက်ပိုင်း တိုက်ပွဲများသို့ ရောက်ရှိနေပြီ ဖြစ်ကာ နောက်ထပ်ပိုပြီး တိုက်ပွဲများ ရှိလာတော့မည် မဟုတ်ပေ။ သူ နောက်ထပ် ရင်ဆိုင်ရမည့် တန်ခိုးရှင်များမှာ သူနှင့် ရင်းနှီးသူများ ဖြစ်သည်။ သူတို့က မိုးကြိုးလမ်းစဥ် ရှစ်ခုကို ဆက်ခံသည့် အခြားအင်အားစုများမှ လာခြင်းဖြစ်သည်။ သူက ထိုသူများ၏ စွမ်းအားကို အသေအချာ သိရှိပေသည်။ သူ့တွင် ခွန်အားအပြည့် ရှိနေလျှင်ပင် သူက အနိုင်ရရန် သေချာလိမ့်မည် မဟုတ်ပေ။ ယခု သူက ဒဏ်ရာ ရရှိထားသည်ဖြစ်ရာ အနိုင်ရရန်မှာ ပို၍ ခက်ခဲပေလိမ့်မည်။

သူက ဆက် တိုက်ခိုက်ရန် စီစဥ်ပါက ခရမ်းရင့်ကောင်းကင် နန်းတော်က သူနှင့် တွဲဖက်ပေးမည့် နောက်ပြိုင်ဘက်သည် မိုးကြိုးလမ်းစဥ် ရှစ်ခုကိင ဆက်ခံသည့် အခြားအင်အားစုများမှ တစ်ယောက်ယောက် ဖြစ်ပေလိမ့်မည်။ သူသာ ရှုံးနိမ့်သွားခဲ့လျှင် သူက နန်းတော်သို့ ဝင်ခွင့် ရှိတော့မည် မဟုတ်သလို သူ့ဆရာ အင်ပါယာကျီမင်သည်လည်း မျက်နှာပျက် ရပေလိမ့်မည်။

ဤအခမ်းအနားသည် ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးအင်အားစုများ ​အကြား တွေ့ဆုံမှု ဖြစ်သော်လည်း မိုးကြိုးလမ်းစဥ် ရှစ်ခုအား ဆက်ခံသည့် အင်အားစုများ ကြားမှ ပြိုင်ဆိုင်မှုလည်း ဖြစ်ပေသည်။

ရီဖူရှင်းက တည်ငြိမ်စွာ ရပ်နေပြီး ကြီးမားသည့် မိုးကြိုးစင်မြင့်ကို ကြည့်နေပေသည်။

ကောင်းကင်အာဏာစက်ဘုံ တစ်ခုလုံးတွင် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ အတော်ဆုံးသော လူသားများနှင့် နတ်ဆိုး တန်ခိုးရှင်များသည် တိုက်ခိုက်ရန် တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြသည်။ ကောင်းကင် အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင် နန်းတော်သည် မဟာမိတ်ဖွဲ့ကာ ကောင်းကင် နတ်တံခါးဂိုဏ်းကို ရင်ဆိုင်နေချင် ကြသည်။ ကောင်းကင် အာဏာစက်ဘုံတွင် ကံဆိုးမိုးမှောင်ကျမှုတို့ ဖြစ်ပေါ်လာနိုင်ပေသည်။

သူက ထိုကံဆိုး မိုးမှောင်ကျမှုများ ဖြစ်မလာခင် ထိုအစွမ်းထက် ပုဂ္ဂိုလ်များအကြား နေရာတစ်ခု ရနေရန် လိုအပ်ပေသည်။

ဤနည်းလမ်း တစ်ခုတည်းကသာ လွှမ်းမိုးနိုင်သည့် စွမ်းအားအချို့ ရရှိနိုင်မည် ဖြစ်သည်။

“ရှင်က ဘာလို့ ခရမ်းရင့်ကောင်းကင် နန်းတော်ကို မဝင်တာလဲ”

ကျီကျွင်းက ရီဖူရှင်းကို မေးလိုက်သည်။ သူက နတ်တောင်ကို သွားခဲ့သည်ဟု ပြောပြီး ဤနေရာ၌ ထိုမျှ ထူးချွန်သော အရည်အချင်းကို ပြသခဲ့သည်။ ထိုသို့ဆိုလျှင် သူက မည်သည့်အတွက် ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ဝင်ရောက်ပြီး မဖြစ်ရသနည်း။

“ဘာကြောင့် ကျုပ်က အဲဒီနန်းတော်ကို ဝင်ချင်ရမှာလဲ”

ရီဖူရှင်းက ပြန်မေးလိုက်သည်။ ကျီကျွင်း၏ မျက်နှာက ဖြူဖျော့သွားပြီး သူမက မည်သည်ကိုမဇ မတုံ့ပြန်ခဲ့ပေ။

အစ်ကိုချန်ချင်က ဤလူအတွက် သူ့နေရာကိုပင် လက်လွှတ်ပေးရန် ဆန္ဒရှိနေသည်ဖြစ်ရာ သူမက မည်သည်ကို ဆက်ပြောနိုင်လိမ့်မည်နည်း။

ရီဖူရှင်းက သူ၏ အကြည့်တို့ကို လွှဲဖယ်လိုက်ပြီး သူမအား ထပ်မကြည့်တော့ပေ။ ခဏကြာပြီးနောက် ကျန်းချန်ချင်က ပြန်လာပြီး ပြောလိုက်သည်။

“ဆရာက ငါ့ရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်တယ်။ ဒါပေမဲ့ ဟိုဘက်က လူတွေ သဘောတူပါ့မလားတော့ မသိသေးဘူး။ ခဏလောက် စောင့်ကြရအောင်”

ထိုအချိန်တွင် ရီဖူရှင်းသည် တစ်စုံတစ်ယောက်က သူ့အား ကြည့်နေသည်ဟု ခံစားလိုက်ရသည်။ သူက စင်မြင့်ထက်သို့ မော့ကာ ကြည့်လိုက်သည်။ လူတစ်ယောက်က သူ့အား တည့်တည့် စူးစိုက်ကြည့်နေပေသည်။ ထိုသူက အင်ပါယာကျီမင်ပင် ဖြစ်သည်။

“မင်း တိုက်ခိုက်ချင်တယ် ဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။ မင်းမှာ ရှိသမျှ စွမ်းအားကို အစွမ်းကုန်သာ ထုတ်သုံးပြီး တိုက်ခိုက်ပါ”

အင်ပါယာကျီမင်က ပြောလိုက်သည်။ သူက ရီဖူရှင်း၌ အကြံအစည် တစ်ခုခု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စိတ်ပူခြင်းမရှိပေ။ သူက အလွန် အရည်အချင်း ရှိနေလျှင်ပင် ရှန့်ထိုအဆင့်သာ ရှိနေသေးသည် မဟုတ်ပါလား။ သူက ရန်ဟောင်တစ်ပါးကို ဆန့်ကျင်ရန် အမှန်တကယ် ကြံစည်နိုင်ပါမည်လော။

သူက ထိုသို့ လုပ်နိုင်မည့် မည်သူ့ကိုမှ မမှန်းဆမိပေ။

ထိုအချိန်၌ မိုးကြိုးစင်မြင့်ထက်မှ အကြီးအကဲ တစ်ဦးက ပြောလိုက်သည်။

“ပထမ တိုက်ခိုက်သူက နတ်ဘုရား သတ်ဖြတ်ခြင်း တောင်က ဝမ်ရှောင်း။ အင်ပါယာကျီမင် နယ်မြေ ကျန်းချန်ချင်က ဒဏ်ရာရသွားတာမို့ သူ့ရဲ့ တိုက်ခိုက်မယ့် အခွင့်အရေးကို လက်လျှော့ပြီး သူ့ရဲ့ ဂျူနီယာလေး သတ္တမဓားကို အစားထိုးဖို့ တောင်းဆိုထားတယ်”

“သူ့ကို အစားထိုးမယ်တဲ့လား”

လူတိုင်းက အံ့အားသင့် သွားကြသည်။ ဝမ်ရှောင်းနှင့် ကျန်းချန်ချင်သည် မိုးကြိုးလမ်းစဥ်ရှစ်ခု ဆက်ခံသည့် အင်အားစုများအနက် အားအကောင်းဆုံး နှစ်ယောက်ဖြစ်သည်။

ဝမ်ရှောင်းသည် နတ်ဘုရား သတ်ဖြတ်ခြင်းတောင်မှ ရှန့်ထိုအဆင့် တန်ခိုးရှင်များတွင် အတော်ဆုံးတပည့် ဖြစ်ပြီး လုရှန်းနတ်ဆိုးမိုးကြိုးကို အလွန် အစွမ်းထက်မြက်စွာ အသုံးပြုနိုင်သည်။ ထို့ပြင် ကျန်းချန်ချင်သည်လည်း အင်ပါယာကျီမင် နယ်မြေမှ ပါရမီရှင် ဖြစ်သည်။

ယခု ကျန်းချန်ချင်က သူ၏ အခွင့််အရေးကို လက်လွှတ်ပြီး အင်ပါယာကျီမင် နယ်မြေမှ တစ်ယောက်အား သူ့နေရာတွင် အစားထိုးရန် တောင်းဆိုခဲ့သည်။ မည်သူကမှ သူတို့နေရာတွင် အစားထိုး တိုက်ခိုက်စေသည်ဟု မကြားဖူးခဲ့ကြပေ။

ကျန်းချန်ချင်က လူကြောက်ပေလော။

မဟုတ်ပါက သူ ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ပြီး ဆက်လက် တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း သိရှိသည့်အတွက် သူ့အခွင့်အရေးကို လက်လွှတ်လိုက် သည်လည်း ဖြစ်နိုင်ပေသည်။

ကျန်းချန်ချင် တိုက်ခိုက်ရန် စွန့်လွှတ်လိုက်ခြင်းသည် အင်ပါယာကျီမင် နယ်မြေက လက်လျှော့လိုက်သည်ဟု ဆိုလိုခြင်းနှင့် တူပေသည်။ ဤသတ္တမဓားက ကျန်းချန်ချင် လက်လျှော့ လိုက်သည့်အတွက် အရှက်ရမှုကို လျှော့ချရန် သက်သက် အသုံးချထားခြင်း ဖြစ်ရပေမည်။

နတ်ဘုရား သတ်ဖြတ်ခြင်းတောင်၏ တပည့်ပေါင်းများစွာက စင်မြင့်ထက်ကို ကြည့်လိုက်ကြသည်။ နတ်ဘုရားသတ်ဖြတ်ခြင်း တောင်သခင်သည်ပင် အင်ပါယာကျီမင်ထံသို့ ကြည့်ကာ မေးလိုက်၏။

“ကျန်းချန်ချင် ဒီကို လာတာက သူ လက်လျှော့လိုက်ဖို့အတွက် ခွင့်ပြုချက် လာတောင်းတာလား”

“ကျန်းချန်ချင်က ဒဏ်ရာရထားပေမဲ့ သူ့နေရာမှာ အစားထိုးဖို့ လူကို ရှာတွေ့ခဲ့တယ်။ ဒါကြောင့် အကုန် အတူတူပါပဲ” အင်ပါယာကျီမင်က ပြောလိုက်သည်။

“ဒါပေမဲ့ သတ္တမဓားဆိုတာ ကျုပ် ဘယ်တုန်းကမှ မကြားဖူးဘူး။ မျက်နှာမပျက်ရအောင် တစ်ယောက်ယောက်ကို လွှတ်လိုက်တာလား”

နတ်ဘုရား သတ်ဖြတ်ခြင်း တောင်သခင်က မေးလိုက်သည်။

“စောင့်ကြည့်ရအောင်”

အင်ပါယာကျီမင်၏ အမူအရာက ပြောင်းလဲမသွားခဲ့ပေ။ ကြီးမားသည့် မိုးကြိုးစင်မြင့်ပေါ်တွင် ရပ်နေသည့် ဝမ်ရှောင်း၏ ကိုယ်ပေါ်၌ အစွမ်းထက် နတ်ဆိုးမိုးကြိုးများ စီးဆင်းနေပြီး ဝင်္ကပါဖြင့် တားဆီးထားသော တိုက်ပွဲစင်မြင့်ပေါ်တွင် ကြမ်းတမ်း ပြင်းထန်သည့် မိုးကြိုးစွမ်းအားများ ပေါက်ကွဲထွက် လာစေသည်။ ထိုသည်က အလွန် ကြောက်မက်ဖွယ်ပင် ဖြစ်သည်။

ရီဖူရှင်းက မိုးကြိုးစင်မြင့်ထက်သို့ ခြေချလာသည်။ လူအုပ်ထဲမှ လူအနည်းငယ်သာလျှင် သူ့ကို ကြည့်နေပေသည်။

“ကျန်းချန်ချင်က နောက်တစ်ပွဲ ထပ်တိုက်ဖို့တောင် အင်အားမရှိတော့ဘူး။ သူက လက်လျှော့လိုက်ပြီ ဆိုမှာတော့ ဘာလို့ ဒီအတိုင်း လက်မလျှော့လိုက်တာလဲ။ ဘာလို့ သူက မင်းကို လာပြီး အချိန်ဖြုန်းခိုင်းရတာလဲ”

ဝမ်ရှောင်းက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ အနက်ရောင် နတ်ဆိုးမိုးကြိုးများက အော်မြည်နေပြီး ရီဖူရှင်းအနီးသို့ ကျဆင်းလာကာ သူ့အနီးတွင် ဖျက်ဆီးခြင်း မိုးကြိုးလှောင်အိမ် ဖြစ်ပေါ်လာသည်။

ရီဖူရှင်းက ဓားကို ဆွဲထုတ်လိုက်သည်။ ယင်းက ထွက်လာသည်နှင့် ကောင်းကင်၌ မိုးကြိုးလျှပ်စီးတို့ လင်းလက်သွားသည်။

ဘန်း ရီဖူရှင်းက ရှေ့သို့ လှမ်းလာပြီး ဓားကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားသည်။ ရုတ်တရက် သေဆုံးခြင်း စွမ်းအားများ ဖုံးလွှမ်းထားသော လေးလံပြီး နက်မှောင်သည့် ဓားများက သူ့အနီးတွင် ပျံသန်းလာသည်။ နတ်ဆိုးမိုးကြိုးက ကောင်းကင်မှ ကျဆင်းလာပြီး ချောက်ချားဖွယ် ထိခတ်သံများကို ထွက်ပေါ်လာစေသည်။

ဘုန်း …

နတ်ဆိုးမိုးကြိုးများက သူ့ခန္ဓာအတွင်း ဝင်ရောက်လာပြီး ကျယ်လောင်သော အော်မြည်သံများနှင့်အတူ သူ့ခန္ဓာကိုယ်ကို ဖြတ်သန်း စီးဆင်းနေသည်။ သို့သော် ထိုအရာများက သူ့ကို ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။

သူက ကောင်းကင်ကို ဖြတ်၍ ဓားကို ဝှေ့ယမ်းကာ ထောင်သောင်းချီသည့် နတ်ဘုရားပြစ်ဒဏ် မိုးကြိုးများကို ဓားဆီသို့ ဆွဲယူလိုက်သည်။ လေထဲတွင် လျှပ်စီးများ လင်းလက်နေပြီး စောင့်ကြည့်နေသူများကို မျက်စိကျိန်း သွားစေသည်။ မရေတွက်နိုင်သည့် ဓားများ ပေါ်ပေါက်လာပြီး ရီဖူရှင်း၏ အနီးတွင် မျောလွင့်နေသည်။ ဓားတစ်ချောင်းစီတွင် ကြောက်မက်ဖွယ် သေဆုံးခြင်း စွမ်းအားများ စီးဆင်းနေ၏။

ဝမ်ရှောင်းသည် ရီဖူရှင်းထံမှ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ သူက လေထဲသို့ တက်ကာ ကောင်းကင်မှ မိုးကြိုးများ ကျဆင်းလာစေရန် အမိန့်ပေးလိုက်သည်။ ဆူညံနေသော ချောက်ချားဖွယ် နတ်ဆိုးမိုးကြိုးများက တစ်စုံတစ်ယောက်၏ စိတ်ဝိညာဥ်ကိုပင် ဖျက်ဆီးပစ်နိုင် လောက်အောင် ပြင်းထန်သော စွမ်းအားများနှင့် ကျဆင်းလာသည်။

ရီဖူရှင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဓားကို ဆန့်ထုတ်ကာ နတ်ဆိုးမိုးကြိုးများကို ဖြိုခွင်းလိုက်သည်။

မိုးကြိုးများက အလယ်မှ နှစ်ပိုင်းကွဲ သွားခဲ့သည်။ ထိုသည်က လေဟာနယ်စွမ်းအားပင် ဖြစ်သည်။

“သွား”

ရီဖူရှင်းက အော်လိုက်သည်နှင့် တစ်ပြိုက်နက် ထောင်ချီသော ဓားများက ဝမ်ရှောင်းထံသို့ ပြေးဝင်သွားသည်။

“ဘုန်း” ဝမ်ရှောင်းသည် သူ့ကိုယ့်သူ နက်မှောင်သော နတ်ဆိုးမိုးကြိုးများဖြင့် အကာအကွယ် ပြုလုပ်လိုက်သည်။ သူက ကြောက်မက်ဖွယ် ခွန်အားများ ပါဝင်သည့် လက်သီးကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်သည် အက်ကွဲသွားကာ ဓားများက သူ့ကို ဖျက်ဆီးရန် ပျံသန်းလာခဲ့သည်။

သို့သော် အဆုံးမဲ့ ဓားစွမ်းအားများက ကောင်းကင်ကို ဖြတ်ကာ ပျံသန်းသွားနေသည်။ ဝမ်ရှောင်းက ဟစ်ကြွေးလိုက်ပြီး မိုးကြိုး စစ်နတ်ဘုရား၏ အရိပ်က သူ့နောက်တွင် ပေါ်ပေါက်လာသည်။ ယင်းက လက်သီးကို ဆန့်ထုတ်လိုက်သည့်အခါ ကောင်းကင်က တုန်ခါသွားပေသည်။

ဓားများက သူ့ကို အဆုံးမရှိ ဝန်းရံထားသည်။ သေဆုံးခြင်း စွမ်းအားများက ကောင်းကင်ကို ဖုံးလွှမ်းထားပြီး မည်သည့် အသက်ကိုမှ တည်ရှိရန် ခွင့်မပြုထားသကဲ့သို့ ဖြစ်သည်။ ဝမ်ရှောင်း၏ မျက်နှာက မည်းမှောင်လာသည်။ ထိုသည်က သူ့အတွက် တောင့်ခံရန် ခက်ခဲလှသည်။

သူက ကောင်းကင်သို့ ခြေလှမ်းလိုက်ပြီးနောက် အထက်သို့ တက်သွားပြီး ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ရီဖူရှင်းက သူ့ထံသို့ လက်ညှိုးညွှန်လိုက်သည်။ မဟာလမ်းစဥ် စွမ်းအားများ ပါဝင်နေသည့် ဓားများက သူ့ထံသို့ တိုးဝင်လာသည်။

အက်ကွဲသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ဓားတစ်ချောင်းစီက နောက်ဆုံးတစ်ခုထက် ပို၍ အစွမ်းထက်လာခဲ့သည်။ ဝမ်ရှောင်းက ဓားဝင်္ကပါအတွင်း ပိတ်ထားလိုက်သည်ဟု ထင်မှတ်ရသည်။ ထိုသည်က ချိုးဖျက်ရန် သူ့အတွက် ခက်ခဲပေသည်။

“ဒါက …”

လူတိုင်းက ရီဖူရှင်းနှင့် ဝမ်ရှောင်းကြားမှ တိုက်ပွဲကို တုန်ယင်နေသည့် နှလုံးသားများနှင့် မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြသည်။

အင်ပါယာကျီမင် နယ်မြေမှ အရည်အချင်း အရှိဆုံး ပါရမီရှင်က လက်လျှော့လိုက်ပြီ မဟုတ်သည်လား။

သူ၏ အစားထိုးခံက မည်သည့် အတွက်ကြောင့် သူ့ထက် အားကောင်း နေရသနည်း။ သူက ဝမ်ရှောင်းကို တိုက်ခိုက်ခဲ့ပြီး ဝမ်ရှောင်းက ပြန်တိုက်ခိုက်ရန် စွမ်းအားပင် မရှိခဲ့ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset