“အဲဒါ ကျန်းယွမ်လား”
အင်ပါယာကျီမင်နယ်မြေမှ လူများက မဟာလမ်းစဥ် မိုးကြိုးခန္ဓာကိုယ်နှင့် လူကို ကြည့်လိုက်သည်။ သူ့ခန္ဓာပေါ်တွင် မိုးကြိုးစွမ်းအားများ စီးဆင်းနေပြီး နတ်အလင်းများဖြင့် လွှမ်းခြုံထားသည်။ ခရမ်းရင့်ကောင်းကင် နန်းတော်မှ မိုးကြိုးစွမ်းအားများက သူ့ပေါ်သို့ အဆက်မပြတ် ကျဆင်းနေသည်။ ကြည့်ရသည်မှာ သူက ဆက်တိုက် ကျင့်ကြံနေပုံ ရသည်။
“ဟုတ်တယ်။ ခရမ်းရင့်ကောင်းကင် နန်းတော်က အရည်အချင်းအရှိဆုံး ကျန်းယွမ်ပဲ။ သူက သံသယကင်းစင်ခြင်းအဆင့် ဖြစ်ပေမဲ့ ပြန်လည်မွေးဖွားခြင်း အဆင့်ကိုတောင် တိုက်ခိုက်နိုင်တယ်”
အင်ပါယာကျီမင်နယ်မြေမှ သက်လတ်ပိုင်း လူကြီးက တီးတိုး ပြောလိုက်သည်။ ထိုဒဏ္ဍာရီပုဂ္ဂိုလ်အား တွေ့ရသည့်အခါ သူတို့၏ နှလုံးသားများက ပြင်းထန်စွာ ခုန်လှုပ် လာကြသည်။ သူတို့သည် သူ၏ မဟာလမ်းစဥ် ထူးခြားခန္ဓာကိုယ်နှင့် အတော်လေး ရင်းနှီးပေသည်။ သူတို့သည် ထိုအကြောင်းကို ကြိမ်ဖန်များစွာ ကြားဖူးကြပေသည်။
သို့သော် သူတို့က သူ့အား မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။
“ဒီနေရာမှာ အစွမ်းထက် ပုဂ္ဂိုလ်တွေ အများကြီး ရှိတာပဲ”
အင်ပါယာကျီမင်နယ်မြေမှ လူတစ်ယောက်က သက်ပြင်းချလိုက်သည်။ သူတို့ ကလန်၏ ခေါင်းဆောင်သာလျှင် ဤနေရာတွင် ရပ်နိုင်သည့် အဆင့်အတန်း ရှိမည့် ဖြစ်သော်လည်း သူပင်လျှင် အလယ် ရပ်တည်နိုင်မည် မဟုတ်ပေ။
ဤနယ်မြေအတွင်း ပုဂ္ဂိုလ်ကြီးများ တစ်ဝက်လောက်က ဤနေရာ၌ ရောက်ရှိနေကြသည်။
ထို့ပြင် သူတို့အားလုံးက ခရမ်းရင့်ကောင်းကင် နန်းတော်မှ မဟုတ်ကြပေ။ သူတို့ နန်းတော် ဝန်းကျင် နေရာအနှံ့အပြားမှ ရောက်လာကြခြင်း ဖြစ်ပေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များက ခရမ်းရင့်ကောင်းကင် နန်းတော်၏ ညာဘက်တွင် ရှိပြီး သူတို့၏ အလယ်မှ လူတွင် အလွန် ထိတ်လန့်ကြောက်ရွံ့ဖွယ် အရှိန်အဝါများ ရှိသည်။ သူတို့ကို တစ်ချက် ကြည့်မိလျှင်ပင် မည်သည့် အခါမှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့ထဲက တစ်ယောက်သည် နှစ်ပေါင်းများစွာကပင် ကောင်းကင် အာဏာစက်ဘုံ၌ နာမည်ကျော်ကြားသူ ဖြစ်သည်။ အခြားတစ်ယောက်မှာ ကောင်းကင် အာဏာစက်ဘုံ၌ လတ်တလောမှ ကျော်ကြားလာသူ ဖြစ်၏။
ပထမတစ်ယောက်သည် ကောင်းကင်အာဏာစက် ပြည်ထောင်တွင် ဘုရင်ဘေးမှ အစွမ်းထက်ဆုံးသူ ဖြစ်သည့် စစ်သူကြီး ဖြစ်သည်။ အခြားတစ်ယောက်မှာ ကောင်းက င်အာဏာစက် ပြည်ထောင်၏ မင်းသား ဖြစ်သည်။
သူတို့နှစ်ယောက်သည် ကောင်းကင် အာဏာစက် ပြည်ထောင်တွင် အရေးကြီးဆုံး လူများ ဖြစ်သည်။
ကျိုထျန်းနတ်မိမယ်၏ များပြားလှသော လူများလည်း ထိုနေရာတွင် ရောက်ရှိနေပြီး သူတို့အားလုံးမှာ မူးမေ့လောက်အောင် လှပပေသည်။ ချင်ဟယ်သည်လည်း ထိုနေရာတွင် ရှိနေကာ သူမ၏ ပြိုင်ဘက်ကင်း အသွင်က လူတိုင်း၏ အကြည့်များကို ဖမ်းစားထားသည်။
လူတိုင်းသည် ကောင်းကင် အာဏာစက် ပြည်ထောင် မင်းသားနှင့် ချင်ဟယ်ကို ကြည့်လိုက်ကြသည်။ ယခင်က သတင်းများအရ ကောင်းကင် အာဏာစက် ပြည်ထောင်၏ ဘုရင်သည် သူ၏ သားကို သူမနှင့် လက်ထပ်စေလိုသော်လည်း ဗြဟ္မာ့သန့်စင် ကောင်းကင်က ထိုသည်ကို လက်မခံခဲ့ပေ။ သူတို့သည် သူတို့၏ အနာဂတ် ဆက်ခံသူကို အပြင်လူနှင့် လက်ဆက်ခွင့် ပြုလိမ့်မည် မဟုတ်ပေ။
ထောင်ချီနတ်တောင်သည်လည်း ရောက်ရှိနေသည်။ တောင်မှ လူအုပ်၏ အလယ်တွင် ရှိနေသော လူငယ်တစ်ယောက်သည် စိတ်ဝင်စားမှု အများအပြားကို ဖမ်းစားထားသည်။ သူ၏ ဆံပင်ရှည်မှာ မင်နက်ရောင်ဖြစ်ပြီး သူ၏ မျက်လုံးနက်နက်တို့က နက်ရှိုင်းလှသည်။ သူသည် အရပ်မြင့်ကာ အစွမ်းထက်သည့် အရှိန်အဝါကို ပေးစွမ်းနေသည်။
သူ၏ အမည်မှာ ကောင်းဟွမ် ဖြစ်သည်။ သူက ကောင်းကင် အာဏာစက် ပြည်ထောင် မင်းသားကဲ့သို့ လူများ၏ အဝေးတွင် နှစ်ပေါင်းများစွာ မနေခဲ့သော်လည်း သူက လူရှေ့သူရှေ့သို့ ခဏခဏ ထွက်ပေါ်လာခြင်းမျိုး မရှိပေ။ သို့သော် နတ်တောင်တစ်ဝိုက်တွင်တော့ သူက အလွန် ကျော်ကြားပြီး လူအများ၏ ရိုသေလေးစားမှုကို ခံရပေသည်။
ပြောကြသည်မှာ ကောင်းဟွမ်တွင် အလွန် ကြောက်မက်ဖွယ် အရည်အချင်းရှိပြီး မတူညီသော စွမ်းရည်များစွာကို ကျင့်ကြံနိုင်သည် ဟူ၍ ဖြစ်သည်။ သူက စွမ်းရည်တစ်ခုချင်းစီကို အမြင်ဆုံးထိ ရောက်အောင် ကျင့်ကြံခဲ့သည်။ သူက ထိုစွမ်းရည် အားလုံးကို ပေါင်းစပ် အသုံးပြုနိုင်သည်။ သူက အပြင်လောကသို့ ထွက်ခွာသည့်အခါ အခြားလူများကို ကျင့်ကြံခြင်းနှင့် ပတ်သက်၍ပင် ညွှန်ကြားပြပေးနိုင်သည်။ နတ်တောင်တဝိုက်ရှိ လူများမှာ သူ၏ ကျေးဇူးရှိသူများ ဖြစ်တာကြောင့် သူ့တွင် ကောင်းမွန်သည့် ဂုဏ်သတင်းရှိသည်။
ထောင်ချီနတ်တောင်သည် ကောင်းကင်အာဏာစက် ပြည်ထောင်ကဲ့သို့ပင် သူ၏ အဆင့်အတန်းကို အပြင်လောကသို့ အတိအလင်း ကြေညာထားခြင်း မရှိသော်လည်း သူ့သား၏ ကျွမ်းကျင်လိမ္မာမှုတို့ကြောင့် မင်းသား အမည်ဖြင့် ဝံ့ကြွားစေခဲ့သည်။ သူသည် မဟာလမ်းစဥ် ထူးခြားခန္ဓာကိုယ်ရှိသည့် ကျန်းယွမ်နှင့် အကျော်ဇေယျ ချင်ဟယ်ကဲ့သို့ ကျော်ကြားပေသည်။
ကောင်းဟွမ်သည် သူ့အပေါ်တွင် ထိုမျှထိ မြင့်မားသော မျှော်လင့်ချက် ထားရှိခြင်း မရှိသော်လည်း သူ၏ လမ်းကြောင်း၌ ကောင်းမွန်စွာ လျှောက်လှမ်း နိုင်ပေသည်။ ယခု ထောင်ချီနတ်တောင်၏ တန်ခိုးရှင် အားလုံးက ကောင်းဟွမ်သည် တစ်ချိန်၌ တောင်၏ ဆက်ခံသူ ဖြစ်လာလိမ့်မည်ဟု ယူဆကြပေသည်။ ထိုသည်က သူ့အတွက် ချင်းဟယ်နှင့် ကျန်းယွမ်ကဲ့သို့ လူများထက်ပိုပြီး ခက်ခဲလိမ့်မည် ဖြစ်သည်။
သို့သော် ကောင်းဟွမ်သည် သူတို့ထက် အနည်းငယ် ပို၍ အသက်ကြီးကာ ပြန်လည်မွေးဖွားခြင်း အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ သူ ထောင်ချီနတ်တောင်ရှိ ရန်ဟောင်အဆင့် အောက်၌ အစွမ်းထက်ဆုံးသူ ဖြစ်သည်။
ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီး လူသားအင်အားစု ငါးခုတွင် ကောင်းကင်နတ်တံခါးဂိုဏ်းသာ ရောက်မလာခြင်း ဖြစ်သည်။
ထိုသည်က သူတို့ကို ကိုးရိုးကားရားနိုင်သည့် ခံစားချက်ကို ပေးသည်။ ကြည့်ရသည်မှာ ခရမ်းရင့်ကောင်းကင် နန်းတော်က ကောင်းကင်နတ်တံခါးဂိုဏ်းနှင့် သီးခြားရပ်တည်ချင်ပုံ ရလေသည်။
အခြားထက် သူတို့၏ ရည်မှန်းချက်သည် ကောင်းကင် နတ်တံခါးဂိုဏ်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလေသည်။
ကောင်းကင် နတ်တံခါးဂိုဏ်း၏ ဂူမိသားစုသည် နောက်ထပ် ဂူထျန်းရှင်းကို မည်သည့်အခါမှ ဖန်တီးနိုင်လိမ့်မည် မဟုတ်ပေ။
အခြားသော အစွမ်းထက် လူသားတန်ခိုးရှင်များထက် နတ်ဆိုးကလန်များမှ အစွမ်းထက် တန်ခိုးရှင်များလည်း ရောက်လာကြပေသည်။ သို့သော် ကောင်းကင်အာဏာစက်ဘုံမှ လူသားများသည် နတ်ဆိုးဘုံမှ တန်ခိုးရှင်များနှင့် ရင်းနှီးမှု မရှိသည့်အတွက် သူတို့က နတ်ဆိုး တန်ခိုးရှင်များ အပေါ်တွင် ခံစားချက်မရှိကြပေ။ သူတို့သည် ကောင်းက င်အာဏာစက် ပြည်ထောင်မင်းသားနှင့် မဟာလမ်းစဥ် ထူးခြားခန္ဓာပိုင်ရှင် ကျန်းယွမ်ကို မြင်သည့်အခါမှ သာလျှင် အလွန်အမင်း အံ့အားသင့်မှုကို ခံစားရပေသည်။
သို့သော် ကောင်းကင်နတ်ဆိုး နန်းတော်မှ ရွှေရောင်ငှက်ကဲ့သို့ အစွမ်းထက် နတ်ဆိုး၊ ခွန်ပန်၊ ရွှေတောင်ပံငှက်၊ ဖီးနစ်နှင့် နတ်နဂါးကလန်နှင့် နတ်ဆင်တို့ကဲ့သို့ ထိပ်တန်း တန်ခိုးရှင်များက အစွမ်းထက်ဆုံး လူသားတန်ခိုးရှင်များထက် အားနည်းခြင်း မရှိပေ။
သူတို့သည် နတ်ဆိုးဘုံမှ လူသားတန်ခိုးရှင် လောကသို့ လာကြခြင်း ဖြစ်သည်။ အချို့သော ခံစားချက်များအရ သူတို့သည် ကောင်းကင် အာဏာစက်ဘုံ၏ ကြီးမားသော အပြောင်းအလဲများအတွက် ကြိုတင်ပြင်ဆင်ရန် ရောက်လာကြခြင်း ဖြစ်သည်။
သူတို့အားလုံး၏ အောက်တွင် မိုးကြိုးကိုးသွယ်ဖြင့် ဝန်းရံထားသည့် ကြီးမားသော စင်မြင့်တစ်ခု ရှိသည်။ ထိုစင်မြင့်၏ အောက်ဘက်တွင်ပင် စောင့်ကြည့်ရန် လာရောက်သည့်သူ အများအပြား ရှိပေသည်။ လူပင်လယ်ကြီးသည် ထိုနေရာတစ်ခုလုံးကို ပြည့်နှက်နေသည်။
“အင်ပါယာကျီမင် နယ်မြေက ကျုပ်တို့ လူတွေကို မတွေ့မိဘူးလား” တစ်ယောက်က မေးလိုက်သည်။
“အစ်ကိုချန်ချင် ဟိုမှာပဲ”
ကျီကျွင်းက အံ့အားတသင့် ပျော်ရွှင်စွာ ပြောလိုက်သည်။ သူတို့အားလုံးက မိုးကြိုးကိုးသွယ် စင်မြင့်သို့ ကြည့်လိုက်ပြီး ထိုနေရာတွင် လူတစ်ယောက်ကို မြင်လေသည်။ ထိုသူမှာ အမှန်တကယ်ပင် အင်ပါယာကျီမင် နယ်မြေ၌ အထူးချွန်ဆုံး ပါရမီရှင် ကျန်းချန်ချင် ဖြစ်ပေသည်။
“သွားကြစို့”
သူတို့ အားလုံးက လူအုပ်ကြီးကို ဖြတ်သန်းကာ ထိုနေရာသို့ သွားလိုက်ကြသည်။ မကြာခင်၌ သူတို့သည် သွားလိုသည့် နေရာသို့ ရောက်သွားကြပေသည်။
“မင်းတို့အားလုံး ဘာလို့ ဒီရောက်နေကြတာလဲ”
လူအုပ်ကို ဖြတ်ကာ သူတို့ဆီ လာနေသော သူများကို မြင်လိုက်ရသည့် တစ်စုံတစ်ယောက်က မေးလိုက်သည်။ အင်ပါယာကျီမင် နယ်မြေမှ လူအများအပြား ဤနေရာ၌ စုစည်းနေပေသည်။
“ကျုပ်တို့ အားလုံး အခမ်းအနားကို လာကြည့်ချင်ကြတာ။ အဲဒါကြောင့် အတူတူလာမယ် ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်”
သက်လတ်ပိုင်းလူကြီးက ပြောလိုက်သည်။ ထိုသူက ခေါင်းညိတ် လိုက်ပြီးနောက် ရီဖူရှင်းကို အေးစက်စွာ ကြည့်ကာ မေးလိုက်သည်။
“သူက ဘယ်သူလဲ”
“သူက အင်ပါယာကျီမင် ပိုင်နက်ထဲက တန်ခိုးရှင် တစ်ယောက်ပဲ။ သတ္တမဓားလို့ ခေါ်တယ်။ သူက ဝူထူနတ်တောင်ကို ဝင်ခဲ့ဖူးတာကြောင့် အရည်အချင်း ရှိတယ်လို့ ပြောလို့ရတယ်” သက်လတ်ပိုင်း လူကြီးက ပြောလိုက်သည်။
“သတ္တမဓား ဒီမှာ အင်ပါယာကျီမင်နယ်မြေက အစ်ကို အစ်မတွေ အကုန် ရှိတယ်”
ထိုအချိန်၌ သူက ရီဖူရှင်းကို အင်ပါယာကျီမင် လက်အောက်သို့ ဝင်ရောက်လာစေရန် စည်းရုံးသိမ်းသွင်းရန် ကြိုးစားနေပေသည်။
သို့သော် ရီဖူရှင်းက ထို့သို့ လုပ်ဆောင်ရန် ရည်ရွယ်ချက် မရှိပေ။ သူက သက်လတ်ပိုင်းလူကြီး မည်သည့်စိတ်ကူး ရှိနေသည်ကို သိသော်လည်း စိတ်ဝင်စားပုံ မရှိဟန်ဖြင့် ပုံမှန်သာ ခေါင်းညိတ်ပြခဲ့သည်။
အင်ပါယာကျီမင် နယ်မြေမှ တန်ခိုးရှင်များသည်လည်း သက်လတ်ပိုင်း လူကြီး၏ ရည်ရွယ်ချက်ကို သတိပြုမိကြသည်။ သို့သော် ဤသတ္တမဓားက အလွန် မောက်မာပြီး သူတို့နှင့် ပတ်သက်ချင်ပုံမရပေ။
သူတို့က ရီဖူရှင်းကို ကြည့်လိုက်သော်လည်း မည်သည့်စကားမှ မဆိုကြပေ။ ခဏအကြာ၌ သူတို့က အကြည့်များကို လွှဲဖယ်သွားကြသည်။ ထိုအချိန်တွင် တန်ခိုးရှင်များသည် တိမ်များကဲ့သို့ စုဝေးနေသည်ဟူ ပြောနိုင်ပေသည်။ အင်ပါယာကျီမင် နယ်မြေကဲ့သို့ အစွမ်းထက် အင်အားစုများသည် ထိုနေရာ၌ မှိုလိုပေါက်နေသည်ဖြစ်ရာ သူတို့ကဲ့သို့ အလယ်အလတ် စွမ်းအား အဆင့်မျိုးမှာ မျက်လုံး ဖမ်းစားနိုင်ခြင်း မရှိပေ။
ထိုသို့သော အခြေအနေမျိုးတွင် လူအများက သူတို့ကို အာရုံမစိုက်သည်မှာ ပုံမှန်ပင် ဖြစ်သည်။ ထို့ကြောင့် သတ္တမဓားကဲ့သို့ အရည်အချင်းရှိသည့် တန်ခိုးရှင်က မာနမကြီးဘဲ မည်သို့ ရှိနေနိုင်မည်နည်း။
“အစ်ကို ချန်ချင်ရဲ့ ပြိုင်ဘက်က ဘယ်သူဖြစ်လာမှာလဲ”
ကျီကျွင်းက တိုက်ပွဲစင်မြင့်ကို မော့ကြည့်ကာ မေးလိုက်သည်။ ကျန်းချန်ချင်နှင့် မျက်နှာချင်းဆိုင်တွင် အလွန် ထူးခြားသည့် အရှိန်အဝါနှင့် လူတစ်ယောက် ရပ်နေသည်။
“အခမ်းအနား ကျင်းပတာ ရက်အတော်လေးကြာပြီ။ အဲဒီ တိုက်ပွဲစင်မြင့်ကို တက်သွားရဲတဲ့ လူတိုင်းက အစွမ်းထက် ပုဂ္ဂိုလ်တွေချည်းပဲ။ ဒီလူက မိုးကြိုးလမ်းစဥ်ကို ထူးထူးဆန်းဆန်း နည်းလမ်းနဲ့ ကျင့်ကြံထားပြီး အရင်တိုက်ပွဲတွေမှာတုန်းက လူအများကြီးကို ရှုံးနိမ့်စေခဲ့တယ်။ သူက အရမ်း အစွမ်းထက်တယ်” အင်ပါယာကျီမင် နယ်မြေမှ လူကြီးက ပြောလိုက်သည်။
“အစ်ကိုချန်ချင်က သူ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားမှာမို့ စိတ်ပူစရာ မလိုလောက်ပါဘူး”
ကျီကျွင်းက လေးနက်စွာ ပြောလိုက်သည်။ သူမက ကျန်းချန်ချင်ကို အလွန် လေးစားမှု ရှိပေသည်။
“စောင့်ကြည့်ရအောင်”
အင်ပါယာကျီမင် နယ်မြေမှ လူက ပြောလိုက်သည်။ ခဏချင်း အတွင်းတွင် တိုက်ပွဲက ဖြစ်ပွားလာပြီ ဖြစ်သည်။ ကျန်းချန်ချင်၏ ဝူထူမိုးကြိုးလမ်းစဥ်သည် အပြီးပြည့်စုံဆုံး အဆင့်ထိ အမြင့်ဆုံး ဖော်ထုတ်နိုင်ပြီ ဖြစ်သည်။ မိုးကြိုးလုံးတစ်ခုပြီး တစ်ခု ပေါက်ကွဲ ထွက်လာကာ လူတိုင်း၏ ဝိညာဥ်ကိုပင် တုန်ခါသွားစေသည်။
သို့သော် သူ၏ ပြိုင်ဘက်ကို ရင်ဆိုင်ရန်မှာ အတော်ခက်ခဲလှသည်။ သူ၏ မိုးကြိုးလမ်းစဥ် တိုက်ခိုက်မှုသည် ထူးထူးဆန်းဆန်း စွမ်းရည်မျိုး ရှိသည်။ သူ၏ အလျင်က အလွန် ကြောက်မက်ဖွယ် ဖြစ်ကာ သူ၏ မိုးကြိုးလမ်းစဥ်ကလည်း အကြိမ်တိုင်းတွင် မတူညီသည့် သဏ္ဌာန်များ ပြောင်းလဲနေသည်။ အကြိမ်ပေါင်းများစွာပင် သူက ကျန်းချန်ချင်ကို ခြိမ်းခြောက်မှု ဖြစ်ပေါ်စေသည်။
သံသယကင်းစင်ခြင်း အဆင့် နှစ်ယောက်ကြားမှ တိုက်ပွဲသည် အလွန် ရက်စက်ပြင်းထန်လှပြီး ခြေလှမ်းအနည်းငယ် မှားသွားလျှင်ပင် တန်ဖိုးကြီးကြီးမားမား ပေးဆပ်လိုက်ရမည် ဖြစ်သည်။ တိုက်ပွဲသည် ထူးဆန်းပြီး အချိန် အများကြီး မကြာညောင်းခဲ့ပေ။ ကျန်းချန်ချင်သည် သူ၏ ပြိုင်ဘက်အား အနိုင်ရနိုင်မည့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ တိုက်ခိုက်မှုကို အဆုံးသတ်ခဲ့သည်။
“အစ်ကို ချန်ချင်က တကယ် အစွမ်းထက်တာပဲ။ ဒီလို အခြေအနေမှာတောင် သူက ပြိုင်ဘက်ကို အနိုင်ယူနိုင်စွမ်း ရှိတယ်” ကျီကျွင်းက ပြုံးကာ ပြောလိုက်သည်။
“သူလည်း ဒဏ်ရာ ရလိမ့်မယ်” ရီဖူရှင်းက ပြောလိုက်သည်။
ကျီကျွင်းက ကြက်သေသေ သွားကာ ရီဖူရှင်းကို ကြည့်လိုက်သည်။
အင်ပါယာကျီမင် နယ်မြေမှ တန်ခိုးရှင်များသည်လည်း အံ့အားတသင့်နှင့် ပြန်လှည့်ကြည့် လိုက်ကြသည်။ သူက ထိုသည်ကို မြင်နိုင်စွမ်း ရှိသည်လား။
“မိုးကြိုးလမ်းစဥ် တိုက်ခိုက်မှုကို ခုခံရတာ အရမ်းခက်ခဲတယ်။ ထိခိုက်မှု အသေးအမွှား ဖြစ်တာက ပုံမှန်ပါပဲ” တစ်စုံတစ်ယောက်က ပြောလိုက်သည်။
ရီဖူရှင်းက ထိုသူ့ကို သာမန်ကာလျှံကာ ကြည့်လိုက်ဝည်။ ဒဏ်ရာ အသေးအမွှားတဲ့လား။
“ကျန်းချန်ချင်က အရမ်းပါးနပ်တယ်။ သူသာ အဲဒီ ထူးဆန်းတဲ့ မိုးကြိုးလမ်းစဥ်ကနေ ထိခိုက်ခံမှု ရည်ရွယ်ချက် မရှိခဲ့ရင် သူက ပြိုင်ဘက်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ သူတို့သာ ဆက်ပြီး တိုက်ခိုက်နေရင် ရလဒ်က သံသယဖြစ်စရာပဲ။ အဲဒါကြောင့် သူက တိုက်ပွဲကို မြန်မြန်အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တာ။ ဒါပေမဲ့ အဲဒီအတွက် သူ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက အဲဒီ မိုးကြိုးလမ်းစဥ်ကို အထိမှန်ခံလိုက်ရတာပဲ။ အဲဒါက ဆက်တိုက်ခိုက်ဖို့ရာ သူ့အတွက် ခက်ခဲလိမ့်မယ်”
ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။ သူက သူ့အား ပြောလိုက်သည့် ပုဂ္ဂိုလ်ကို မည်သည့် မျက်နှာသာပေးမှုမှ မထားရှိခဲ့ပေ။
“အဓိပ္ပာယ်မရှိတာ” ကျီကျွင်းက လှောင်လိုက်သည်။ အစ်ကိုချန်ချင်က ဆက်ပြီး တိုက်ခိုက်ဖို့ ခက်ခဲလိမ့်မယ်လို့ သူက ပြောနေသည်လား။
သို့သော် အင်ပါယာကျီမင် နယ်မြေမှ ပြန်လည် မွေးဖွားခြင်းအဆင့် တစ်ယောက်က ရီဖူရှင်းအား စူးစိုက်ကြည့်လိုက်သည်။ သူက ရီဖူရှင်း ပြောလိုက်သည်မှာ အမှန်တရားနှင့် မကွာခြားလှကြောင်း မြင်နိုင်ပေသည်။ ကျန်းချန်ချင်၏ ပြိုင်ဘက်သည် အလွန်ပင် ကိုင်တွယ်ရ ခက်လှပေသည်။
“မင်း ဘယ်သူလဲ”
အသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်းက လှည့်ကြည့်လိုက်လျှင် လူတစ်ဦး လာနေသည်ကို မြင်လိုက်ကြသည်။
“အစ်ကိုချန်ချင်”
ကျီကျွင်းက လေးစားကြည်ညိုမှု အပြည့်ဖြင့် ခေါ်လိုက်သည်။
“ဒီလူက ကျွန်မတို့နဲ့ လမ်းမှာ တွေ့ခဲ့တာပါ။ သူ့ရဲ့ မဟုတ်တမ်းတရား စကားတွေကို နားမထောင်ပါနဲ့”
“ကျုပ်က သတ္တမဓား”
ရီဖူရှင်းက ပုံမှန်အတိုင်းပင် ပြန်ဖြေလိုက်သည်။
“မင်းက တကယ်ပဲ အင်ပါယာကျီမင် နယ်မြေမှာ အစွမ်းထက်ဆုံး မှန်ပါတယ်။ ဒါပေမဲ့ ခရမ်းရင့်ကောင်းကင် နန်းတော်ရဲ့ အုပ်ချုပ်မှုအောက်က လူတွေ အကုန်လုံး ဒီကို ရောက်နေကြတယ်။ သူတို့အားလုံးက အရမ်း အစွမ်းထက်ပြီး အထူးသဖြင့် အခုချိန်မှာ သူတို့က ရှေ့ဆက်ရမဲ့ လမ်းကြောင်းအတွက် တိုက်ခိုက်နေကြတာ။ လူတိုင်းက ထိပ်တန်း အရည်အချင်းကို ပြသချင်နေကြသူချည်းပဲ။ မင်းက ဒီတိုက်ပွဲမှာ ဒဏ်ရာရသွားတယ်ဆိုတော့ နောက်ထပ် အများကြီး လုပ်ပြနိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် မင်းက ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဝင်ဖို့ ထိုက်တန်ကြောင်း သက်သေပြဖို့ ဖြစ်နိုင်ပါသေးတယ်”
ကျန်းချန်ချင်က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူက သတ္တမဓားဟူသည့် အမည်ကို မည်သည့် အခါကမှ ကြားဖူးခဲ့ခြင်း မရှိပေ။
သို့သော် သူက လမ်းညွှန်ထောက်ပြရဲပြီး သူ မည်မျှ မောက်မာသည်ကို ပြသနေသည်။
သို့သော် သူက ရီဖူရှင်းပြောသည်မှာ အမှန်ဖြစ်ကြောင်း ဝန်ခံရပေမည်။
“နေရာအနှံ့မှာ တိုက်ခိုက်နေကြတဲ့ ဘယ်သူမဆို အစွမ်းထက်လွန်းကြတယ်။ ဒါကြောင့် ကျုပ်တို့ အခမ်းအနား နောက်ဆုံးအဆင့်ထိ ရောက်ဖို့တော့ လိုတယ်” ရီဖူရှင်းက ရေရွတ်လိုက်သည်။
“ဒါပေမဲ့ သူတို့က ခရမ်းရင့်ကောင်းကင် နန်းတော်ကို ဝင်ရောက်နိုင်ရင် အဲဒါက လုံလောက်ပြီ။ အမှန်တကယ် အနိုင်ရသလိုတော့ တောက်ပမှမဟုတ်ဘူး”
“မင်းက မိုးကြိုးလမ်းစဥ်ကို ကျင့်ကြံတာလား”
ကျန်းချန်ချင်က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူက အဆုံးမှာ ဒဏ်ရာရခဲ့ပါက ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ဝင်ရောက်ခွင့် ရလျှင်ပင် နောက်ဆုံး တိုက်ခိုက်မှုကို လုပ်ဆောင်နိုင်မည် မဟုတ်ဘဲ ရှုံးနိမ့်ဦးမည် ဖြစ်သည်။ အခြားသော မိုးကြိုးလမ်းစဥ် ကျင့်ကြံသည့် အင်အားစုရှစ်ခုက သူ့ထက်ပိုပြီး ထူးချွန်သွားပါက သူ့ဆရာ မျက်နှာပျက်ရပေမည်။
သို့သော် သူ သိသလောက် လူအများထဲတွင် မည်သူကမှ သူ့ထက်ပို၍ မတော်နိုင်ပေ။
“ဟုတ်တယ်” ရီဖူရှင်းက ပြောလိုက်သည်။
“ဒါဆို မင်းရဲ့ မိုးကြိုးလမ်းစဥ်ကို ကြည့်လို့ရမလား” ကျန်းချန်ချင်က ပြောလိုက်သည်။
“အစ်ကို”
လူအများက သူ့ကို ကြည့်လိုက်ပြီး သူ မည်သည်အား ရည်ရွယ်နေသည်ကို မသိကြပေ။ သူ့ထက် အကြီးများ၏ မျက်နှာထက်တွင် အံ့သြမှုတို့ ပေါ်ပေါက်လာကြသည်။
ရီဖူရှင်းက လက်ကို ဆန့်ထုတ်ကာ သူ၏ လက်ဝါးမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါကို ထွက်ပေါ်လာစေသည်။ သေခြင်းစွမ်းအားများနှင့် ပြည့်နေသော အနက်ရောင်မိုးကြိုးက အော်မြည်နေပြီး လူတိုင်းကို အေးစက်တောင့်တင်း သွားစေသည်။
ကျန်းချန်ချင်သည် ထိုစွမ်းအားကို ခံစားမိသည့်အခါ မျက်လုံးများက ကျဥ်းမြောင်း သွားခဲ့သည်။ သူက ရီဖူရှင်းအား ကြည့်လိုက်၏။ သူ့ မျက်စိရှေ့မှ ဤလူက ယခင်က သူနှင့် အကြိမ်ကြိမ် ဆုံတွေ့ခဲ့ဖူးသူ ဖြစ်ကြောင်း သိရှိရန် နည်းလမ်းမရှိပေ။
***