အပိုင်း(၁၄၁၂)

တော်ဝင်အရိုးတိုက်ပွဲ

ကလန်သုံးခုက ကောင်းကင်နတ်တံခါးဂိုဏ်းကို အုပ်ချုပ်ခဲ့ပြီး ထိုနှစ်က သတင်းများ ထွက်လာသည့်အခါ လူတွေက ပြောကြသည်မှာ သူတို့ စိတ်ဝမ်းကွဲခဲ့ကြသည်ဟူ၍ ဖြစ်သည်။

ယခု ကြည့်ရသည်မှာ ထိုအဖြစ်က ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များအတွက် ပြကွက်တစ်ခု ဖန်တီးထားခြင်း ဖြစ်နိုင်ပေသည်။

ဂူထျန်းရှင်းနှင့် ကျန်းကလန်ခေါင်းဆောင်၏ ကြားမှ ဆက်ဆံရေးက လူများ မျှော်မှန်းထားသည်ထက် ကောင်းမွန်လေသည်။

ကျန်းကလန် ခေါင်းဆောင်က သူ့ကို ငြိမ်းချမ်းစွာ အနားယူရန် ပြောခဲ့သည်။

ပိုမိုတောက်ပပြီး သန့်စင်သည့် အလင်းများက တောက်ပနေကာ ဂူထျန်းရှင်း၏ ခန္ဓာကိုယ်က နတ်ဝင်္ကပါအတွင်းသို့ တဖြည်းဖြည်း ပေါင်းစပ်လာသည်။  ပြင်းထန်သည့် နတ်ဝင်္ကပါအတွင်း ထောင်သောင်းချီသည့် နတ်ဆိုးအသိစိတ်များက နတ်ဝင်္ကပါအလယ်ရှိ ဂူတုံးလျှိုထံသို့ ပြေးဝင်သွားနေသည်။

တခဏအတွင်း အလွန် တောက်ပသည့် နတ်အလင်းတို့က ဂူတုံးလျှို၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်လာပြီး ဂူထျန်းရှင်း၏ ခန္ဓာက သူ့ကို ကာကွယ်ရန် သူ့ဆီသို့ ပေါင်းစပ်လာသည်ဟု ထင်မှတ်ရပေသည်။

ကျန်းကလန်ခေါင်းဆောင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး နတ်အလင်းများကို သူ့ဆီသို့ ပို့​ဆောင်လိုက်၏။

ထိုအချိန်တွင် ဂူတုံးလျှိုထံ၌  ကိုးနတ်ဘုရားချပ်ဝတ်ဖြစ်ပေါ်လာသည်။ ဂူထျန်းရှင်းနှင့် ကျန်းကလန်ခေါင်းဆောင်သည် သူ့ကို ကာကွယ်ပေးနေကြ၏။ သူက မူလလမ်းစဥ်ကို ဆက်ခံနေပြီး သူ၏ စွမ်းရည်ကို နတ်ဝင်္ကပါမှ တိုးမြှင့်ပေးနေသည်။

သူသည် ကောင်းကင်နှင့်မြေကြီးမှ ဖန်တီးမှုစွမ်းအားများကို အမှန်တကယ် ရရှိနေပြီး ဂူထျန်းရှင်း၏ သူ့အပေါ်ထားသည့် မြင့်မားသော မျှော်လင့်ချက်ကို ရောင်ပြန်ဟပ်နေသည်။

ဂူထျန်းရှင်းသည် သူမသေဆုံးခင် မျှော်လင့်မိသည်က သူက အနာဂတ်တွင် ကောင်းကင်လမ်းစဥ်ကို စိန်ခေါ်နိုင်သည့် လူတစ်ယောက်ကို ဖန်တီးနိုင်ရန် ဖြစ်ပေသည်။ ထိုသည်က အမှန်တကယ် မဖြစ်နိုင်ဟု ထင်ရသော်လည်း သူသည် များပြားလှသည့် လမ်းစဥ်များစွာကို လက်ခံထားသည့် ဂူတုံးလျှိုအတွက် မျှော်လင့်ချက်များ ထားရှိပေသည်။

ထိုအနီးအနားရှိ ပုဂ္ဂိုလ်များမှာ ဂူထျန်းရှင်းက မည်သို့သော မကောင်းဆိုးဝါးမျိုးကို ဖန်တီးနေသည်အား နားလည်သွားကြသည်။ သူက မသေဆုံးခဲ့သည့်အတွက် ဂူတုံးလျှို၏ အနာဂတ်က တောက်ပနေပြီး ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးတစ်ဦး ဖြစ်လာပေလိမ့်မည်။

သူက ကောင်းကင်အာဏာစက် ပြည်ထောင်အား ဖျက်ဆီးရန် တာဝန်ကို ပုခုံးထမ်းထားရသည်။

“နတ်ဝင်္ကပါက သူနဲ့ ပေါင်းစပ်တော့မယ်” လူအများက အော်ဟစ်လိုက်ကြသည်။ လူတိုင်းသည် ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး စိတ်ထဲ၌ တုန်လှုပ်နေကြသည်။ မဟာ နတ်ဝင်္ကပါသည် ဂူတုံးလျှို၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်နေသည်။

ဂူတုံးလျှို၏ ခန္ဓာကိုယ်ပေါ်တွင် နတ်အလင်းများက တောက်ပနေပြီး ကောင်းကင်သို့ တစ်ဟုန်ထိုး တက်သွားခဲ့သည်။ နတ်ဘုရားကိုးပါး၏ ဝိညာဥ်များက လောင်ကျွမ်းနေသည်ဟု ထင်မှတ်ရသည်ယ

ကျန်းကလန်ခေါင်းဆောင်က တည်ငြိမ်နေသည်။ ကောင်းကင်အာဏာစက်ဘုံမှ ထိပ်သီးပုဂ္ဂိုလ်များပင် ထိတ်လန့်သွားကြသည်။ ဂူကလန်သည် အပြီးတိုင် ဖျက်ဆီးမခံလိုက်ရဘဲ သူတို့တွင် တစ်ယောက် ကျန်ရှိနေသေး၏။

ဤနောက်ဆုံး ကျန်ရှိသည့် လူက ဂူထျန်းရှင်း၏ မျှော်လင့်ချက်အလုံးစုံကို သယ်ဆောင်ထားပေသည်။

ထို ဂူကလန်မှ ထိပ်တန်းပုဂ္ဂိုလ်များသည် သူတို့၏ နောက်ဆုံးရည်ရွယ်ချက်ကို ပြည့်ဝသွားရန်မှာ ဂူတုံးလျှိုအပေါ်တွင် အရာအားလုံး ပုံအပ်ခဲ့ကြသည်။

သူတို့က အနာဂတ်ကို မမြင်နိုင်သော်လည်း အနာဂတ်အတွက် ဆန္ဒများ ထားရှိခဲ့သည်။ ဂူကလန်၏ ဂူတုံးလျှိုသည် ကောင်းကင်အာဏာစက်ဘုံတွင် ဦးဆောင်ပြီး ဂူကလန်၏ သွေးမျိုးဆက်က အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိ လာပေလိမ့်မည်။

ထို နတ်ဆိုးဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များသည် တစ်ခုခုကြောင့် စိတ်ဖိစီးလာကြသည်။ သူတို့က ဂူတုံးလျှိုကို မည်သို့ ဆက်ဆံသင့်သနည်း။

သူက မူလလမ်းစဥ်နှင့် ချည်နှောင်ထားသည်။ ဂူထျန်းရှင်း၏ စကားအရဆိုလျှင် ဂူတုံးလျှိုသည် နတ်ဆိုးဘုံ၏ မူလနယ်မြေနှင့် ဤနေရာမှ နတ်ဆိုးတို့၏ အသိစိတ်များကို ဆက်ခံခဲ့သော တစ်ဦးတည်းသော သူ ဖြစ်ပေလိမ့်မည်။ သူက မူလတောင်တန်း၏ ဖန်တီးခြင်းစွမ်းအားများကို ဂူတုံးလျှို တစ်ဦးတည်းထံသို့ လွှဲပြောင်းပေးနေသည်။

သူတို့က သူ့ကို အသိအမှတ်ပြုသင့်လား။ ဖျက်ဆီးပစ်သင့်လား။

နေရာတစ်ခုလုံးတွင် တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေသည်။ ရီဖူရှင်းနှင့် သူအဖွဲ့အပါအဝင် လူတိုင်းသည် မည်သည်တို့ ဖြစ်ပွားလာမည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

ထိုအချိန်တွင် ရီဖူရှင်းနှင့် ဓားသခင်တို့က ဂူတုံးလျှိုအတွက် ပျော်ရွှင်ခဲ့ကြပေသည်။ ကော့တေး၏ တတိယတပည့်က နောက်ဆုံး၌ ကောင်းကင်အာဏာစက်ဘုံ၌ တောက်ပနိုင်ပြီ ဖြစ်သည်။

သို့သော် သူတို့က ပျော်ရွှင်နေစဥ်မှာပင် စိုးရိမ်ပူပန်နေကြသည်။ ယခု ရရှိခဲ့သည့် ထိတ်လန့်မှုက အလွန် ကြီးမားပြီး သူတို့သည် နောက်ထပ် မည်သည်တို့ ဖြစ်လာမည်ကို ခန့်မှန်းနိုင်ခြင်းမရှိခဲ့ပေ။ နတ်ဆိုးဘုံနှင့် လူသားလောကမှ ထိပ်သီး တန်ခိုးရှင်များက သူ့ကို မည်သို့ ပြုမူဆက်ဆံမည်နည်း။

ယခင်က လူတိုင်းသည် သူ့ကို ပစ်မှတ်ထားနေပြီး အဆုံးသတ်မှာ ဂူကလန်နှင့် တူညီပေလိမ့်မည်။ ဂူတုံးလျှိုက အမဲလိုက်ခံရပြီး ဂူကလန်ကဲ့သို့ သတ်ဖြတ်ခံရပေလိမ့်မည်။

သို့သော် ယနေ့၏ အခြေအနေက ထိုအချိန်ကနှင့် မတူညီတော့ပေ။ အချိန်က ​ပြောင်းလဲသွားသလို လူများ၏ နှလုံးသားများကလည်း ပြောင်းလဲနေသည်။

“ရှေးတုန်းက နတ်ဆိုးအင်ပါယာအရှင်က နတ်ဆိုးဘုံကို တည်ထောင်ခဲ့တဲ့ မူလတောင်တန်းမှာ မြှုပ်နှံခံရပြီး အဲဒီနေရာက ကျုပ်တို့ နတ်ဆိုးကလန်တွေရဲ့ မူလနယ်မြေ ဖြစ်ခဲ့တယ်။ ဒါပေမယ့် အခုတော့ လူသားတန်ခိုးရှင်တွေက ကျုပ်တို့ မူလနယ်မြေရဲ့ မူလမ်းစဥ်ကို ခိုးယူပြီး နှစ်ထောင်ပေါင်းများစွာက ဖန်တီးခြင်းစွမ်းအားတွေကို ဖျက်ဆီးပစ်ချင်နေသည်။

တစ်စုံတစ်ယောက်က ထိုအကြောင်းကို ကျယ်လောင်စွာ ပြောလိုက်သည်။ တန်ခိုးရှင်များက အသံလာရာကို ကြည့်လိုက်လျှင် နတ်ဆိုးဘုံ၏ လူများကို ပြောနေသည့် ခရမ်းရွှေကြွက်ဘုရင်ကို မြင်လိုက်ကြရသည်။ “ခင်ဗျားတို့ရော ဘယ်လို ထင်လဲ”

“သူက မူလလမ်းစဥ်ကို ရသွားခဲ့တာမို့လို့ သူ့ကို နတ်ဆိုးဘုံသားတစ်ယောက်အဖြစ် အသိအမှတ်ပြုသင့်တယ်။ သူက ထောင်သောင်းချီတဲ့ နတ်ဆိုးစွမ်းအားတွေနဲ့ နတ်ဆိုးအင်ပါယာအရှင်ရဲ့ အသိစိတ်ကို ဆက်ခံခဲ့ရတယ်။ အခု သူက လူသားတန်ခိုးရှင် မဟုတ်တော့ဘူး” ကျန်းကလန်ခေါင်းဆောင်က ပြောလိုက်သည်။ အခြား တန်ခိုးရှင်များက ဂူတုံးလျှိုကို ကြည့်လိုက်ကြပြီး သူ၏ ချောမောသော မျက်နှာထက်တွင် နတ်ဆိုးသင်္ကေတစာလုံးများ ဖြစ်ပေါ်လာနေသည်။

ကျန်းကလန် ခေါင်းဆောင်က ပြောသလိုပင် ဂူတုံးလျှိုက မဟာနတ်ဆိုးလမ်းစဥ်ကို ဆက်ခံခဲ့ပြီး သူက နတ်ဆိုးတစ်ဝက် ဖြစ်သွားခဲ့ပြီဟု သတ်မှတ်နိုင်ပေသည်။

“ပြီးတော့ ခင်ဗျားတို့ သူ့ကို သတ်ရင် နတ်ဆိုးဘုံက နတ်ဆိုးအင်ပါယာအရှင်ရဲ့ အသိစိတ်နဲ့ မူလတောင်တန်းရဲ့ ဖန်တီးခြင်းလမ်းစဥ်စွမ်းအားတွေကလည်း အပြီးတိုင် ပျောက်ကွယ်သွားလိမ့်မယ်” ကျန်းကလန်ခေါင်းဆောင်က ဆက်ပြောလိုက်သည်။ “သူ့ကို အခွင့်အရေးပေးလိုက်တာက ပိုမကောင်းဘူးလား”

“သူက မူလတောင်တန်းရဲ့ ဖန်တီးခြင်းလမ်းစဥ်စွမ်းအားတွေကို ခိုးယူလိုက်ရုံနဲ့ ကျုပ်တို့နဲ့ အတူတူ ဖြစ်လာနိုင်မလား” ာင်းကျောင်းတောင်သခင်က အေးစက်စွာ ပြောလိုက်သည်။ သူက ရှည်လျားသည့် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ အလွန်ထက်မြက်သည့် အသက်ဓာတ်တို့က သူ့ခန္ဓာမှ ထုတ်လွှတ်နေသည်။ သူသည် အခြားသော ထိပ်သီးပုဂ္ဂိုလ်များဆီသို့ ကြည့်လိုက်သည်။

နတ်ဆင်အင်ပါယာ၊ နဂါးအင်ပါယာ၊ ကောင်းကင်နတ်ဆိုးနန်းတော်အရှင် နှင့် ခြေသုံးချောင်းရွှေကျီးနတ်ဆိုးအရှင်တို့ကို ကြည့်လိုက်သည်။

ထိုသူများသည် နတ်ဆိုးဘုံတွင် အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်များဖြစ်ကာ သူတို့၏ ခွန်အားသည် အလွန် အားကောင်းလှပေသည်။

“ကျုပ်ကတော့ ဝင်စွက်ဖက်ဖို့ မလိုအပ်ဘူး ထင်တယ်။ ဒီအတိုင်း သူ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲဘဲ စောင့်ကြည့်ရအောင်” ထိုအချိန်တွင် နတ်ဆိုးသားရဲကြီးတစ်ကောင်က ပြောလိုက်သည်။ နတ်ဆိုးတန်ခိုးရှင်များက နဂါးအင်ပါယာနောက်မှ စကားပြောသူကို ကြည့်လိုက်သည်။ ထိုသူက ကျူးယန့်နတ်ဆိုးအင်ပါယာ ဖြစ်သည်။ သူ၏ ဆက်ဆံရေးနှင့် နတ်နဂါးကလန်က ကောင်းမွန်ပုံရပြီး ထို့ကြောင့်ပင် သူက နဂါးအင်ပါယာနောက်၌ ရပ်နေခြင်း ဖြစ်သည်။

သို့သော်လည်း နတ်ဆိုးသားရဲများက အံ့သြခြင်းမရှိကြပေ။ နတ်မိုးကြိုးကလန်က နတ်နဂါးမျိုးနွယ်၏ သွေးဆက်​အခွဲ ဖြစ်သည်။ အတိတ်ကာလတွင် နတ်မိုးကြိုးကလန် ခေါင်းဆောင်သည် အင်ပါယာရီချင်၏ နောက်သို့ လိုက်ပါခဲ့သည့်အတွက် လူဝံကလန်၏ နှင်းလူဝံအင်ပါယာနှင့် ရင်းနှီးက နတ်နဂါးကလန်နှင့် လူဝံကလန်၏ ဆက်ဆံရေးသည်လည်း မဆိုးလှပေ။

ယနေ့ နတ်မိုးကြိုးနတ်ဆိုးအင်ပါယာသည်လည်း ကောင်းကင်နတ်ဆိုးမြို့၌ ကျင့်ကြံနေလေသည်။

“ကျုပ်လည်း အဲဒီလိုပဲ တွေးတယ်” နဂါးအင်ပါယာက ဖြေးညင်းစွာ ပြောလိုက်သည်။ ဂူတုံးလျှို၏ ရန်သူမှာ ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်တို့ ဖြစ်သည်။ နတ်ဆိုးကလန်များက သူ့ကို လွှတ်ပေးလျှင်ပင် ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများက သူနှင့် ရင်ဆိုင်မည် ဖြစ်ကာ ကောင်းကင်နတ်တံခါးဂိုဏ်းနှင့် သူတို့၏ ရန်ငြိုးအာဃာတများက ဆက်လက်ဖြစ်နေဦးမည် ဖြစ်သည်။

ကောင်းကင်အာဏာစက်ဘုံအတွင်းမှ လူသားများအကြား စည်းလုံးမှုမရှိခြင်းမှာ နတ်ဆိုးသားရဲများအတွက် ကောင်းပေသည်။

အနာဂတ်အတွက်ကတော့ သူတို့သည် ဂူတုံးလျှိုက မည်သည့်အဆင့်ထိ ရောက်ရှိနိုင်မည်ကို စောင့်ကြည့်ရပေမည်။

နတ်ဆင်အင်ပါယာက အနီးကို ကြည့်ကာ တစ်စုံတစ်ခုအား ရှာဖွေနေသည်။ သူသည် ဂူတုံးလျှိုထက် ရီဖူရှင်းကို ပို၍ အရေးစိုက်လေသည်။

မူလတောင်တန်း၏ အမွေအနှစ်များမှာ မျိုးဆက်ပေါင်းများစွာ ဖြတ်သန်းသွားပြီးနောက် ယခုတွင် ထိုအမွေအနှစ်များမှာ အမှတ်ရစရာအဖြစ် ပိုလေသည်။ နတ်ဆိုးဘုံသည် မူလတောင်တန်းမှ ခွဲထွက်လာသည်မှာ ကြာမြင့်ပြီ ဖြစ်ကာ နတ်ဆိုးကလန်များကလည်း တသီးတခြား တည်ရှိကြသည်။

သို့သော် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးမှာ သူတို့ ဘိုးဘေး၏ ပိုင်ဆိုင်မှု ဖြစ်သည်။

နတ်ဆိုးအင်ပါယာအရှင်၏ လမ်းစဥ်က ဂူတုံးလျှိုကို လွှဲပြောင်းပေးခဲ့ရသည့်အတွက် နတ်ဆင်ကလန်က သူတို့၏ ဘိုးဘွားပိုင်အမွေအနှစ်ကို ပြန်လည် ရယူသင့်သည် မဟုတ်ပါလား။

အဝေးမှ များပြားလှသော ပုဂ္ဂိုလ်များ ပေါ်ပေါက်လာသည်။ ထိုတန်ခိုးရှင်များသည် လွင့်ထွက်သွားခဲ့သော်လည်း တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာနေသည်။ ရီဖူရှင်းနှင့် သူ၏ အဖွဲ့သည်လည်း ရောက်လာပေသည်။

နတ်ဆင်အင်ပါယာသည် ရီဖူရှင်းကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး ဖြည်းညင်းစွာ လှုပ်ရှားလိုက်လျှင် ဤနေရာတစ်ခုလုံးက မွန်းကြပ်ဖွယ် စွမ်းအားများက လွှမ်းခြုံသွားသည်။

ဟန်ကျိုးဓားအင်ပါယာက မော့လိုက်ပြီး နတ်ဆင်အင်ပါယာက ကြည့်လိုက်သည်။

“ခင်ဗျားက လူဖြစ်ဖြစ် သရဲဖြစ်ဖြစ် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အရိုးကိုတော့ ကျုပ်တို့ရဲ့ အပိုင်မို့ ကျုပ်တို့ဆီကို ပြန်ပေးသင့်တယ်။” နတ်ဆင်အင်ပါယာ၏ အသံက လွှမ်းမိုးလာသည်။ လူတိုင်း၏ ခေါင်းထက်မှ လေထုက လွှမ်းခြုံလာပြီး အထူးသဖြင့် ရီဖူရှင်းထံသို့ အားကောင်းပြီး မွန်းကြပ်သည့် စွမ်းအားက တိုးဝင်လာသည်။

ရီဖူရှင်းက နတ်ဆင်အင်ပါယာဆီသို့ မော့ကြည့်ကာ ပြောလိုက်သည်။ “အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အရိုးကို ကျွန်တော် ပြန်မပေးဘဲ အပိုင်ယူထားချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် နတ်ဆင်အင်ပါယာရဲ့ အရိုးက ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစပ်သန့်စင်ထားပြီးသားဖြစ်တာမို့ ကျွန်တော်ရဲ့ အစိတ်အပိုင်း ဖြစ်လာခဲ့ပြီ”

“မင်းက အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အရိုးကို သန့်စင်တာ ဘယ်လို သန့်စင်နိုင်မှာလဲ” နတ်ဆင်အင်ပါယာက သူ့ကို ဟိတ်ဟန်ကြီးစွာဖြင့် ပြောလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ရီဖူရှင်းက ကြွားဝါနေခြင်းသက်သက်သာ ​ဖြစ်သည်။

“ကျွန်တော်က အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အရိုးနဲ့ ကံစပ်တာဖြစ်နိုင်တယ်။ မဟုတ်ရင် အဲဒီလို လုပ်နိုင်တဲ့ အခွင့်အရေး ရှိလိမ့်မှာ မဟုတ်ဘူး” ရီဖူရှင်းက ပြောလိုက်သည်။  သူ၏ ခန္ဓာကိုယ်အတွင်းမှ ဆင်အော်သံများ ထွက်ပေါ်လာပြီး နတ်ဆင်တစ်ကောင်၏ ပုံရိပ်က ထွက်ပေါ်လာသည်။ နတ်စွမ်းအားများက လေထုထဲတွင် လွှမ်းခြုံလာပြီး ကြောက်မက်ဖွယ် ရန်ဟောင်အလင်းတို့က သူ့ခန္ဓာကိုယ်မှ တောက်ပလာခဲ့သည်။

ထိုမြင်ကွင်းက လူအများကို ကျောက်ရုပ်ဖြစ်သွားစေခဲ့သည်။ သူက အရိုးကို သန့်စင်လိုက်သည်လား။

နတ်ဆင်အင်ပါယာသည်လည်း အံသြသည့်အကြည့်တို့ ဖြစ်ပေါ်လာ၏။ ရှန့်ထိုအဆင့်မှ လူသားတန်ခိုးရှင်တစ်ဦးက အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးကို သန့်စင်နိုင်သည်လား။

“နတ်ဆင်အင်ပါယာရဲ့ အရိုးကို ရခဲ့တဲ့ အချိန်မှာ အဲဒါက ဘာလဲဆိုတာ ကျုပ် မသိခဲ့တဲ့အပြင် အဲဒီအရိုးရဲ့ လျှို့ဝှက်ချက်ကိုတောင် မဖော်ထုတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒီလူငယ်လေးက အဲဒီအရိုးရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရုံမက သန့်စင်နိုင်ခဲ့တယ်။ ကြည့်ရတာ သူက အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ ရွေးချယ်ခံဖြစ်လိမ့်မယ် ထင်တယ်။ ခင်ဗျားတို့ရဲ့ ဘိုးဘေးက သူ့ကို အခွင့်အရေး ပေးချင်မှတော့ ခင်ဗျားက ဘာလို့ သဘောထားမကြီးနိုင်တာလဲ” ကျူးယန့်နတ်ဆိုးအင်ပါယာက နတ်ဆင်အင်ပါယာကို ပြောလိုက်သည်။

“ခင်ဗျားက ကျုပ်တို့ ကလန်က မဟုတ်တာမို့ ခင်ဗျား ဘာမှမသိပါဘူး။ အဲဒါကြောင့် ခင်ဗျား ဝင်မစွက်ဖက်ပါနဲ့။ အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ အရိုးရဲ့ အစွမ်းထက်တဲ့ စွမ်းအားကို နတ်ဆင်ကလန်ကပဲ အသုံးပြုနိုင်တာမို့ ကျုပ်တို့ကလန် လက်ထဲမှာပဲ ​ရှိသင့်တယ်” နတ်ဆင်အင်ပါယာက အေးစက်စွာ ပြောလိုက်သည်။

“ဒါပေမယ့် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အရိုးကို စီနီယာတို့ ကလန်ဆီ ပေးလိုက်ရင်တောင် အဲဒီ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မယ်လို့ မထင်ဘူး။ ကျွန်တော်က ဒီဟာရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ပါတယ်” ရီဖူရှင်းက ပြောလိုက်၏။

“အပြောကြီးနေတာပဲ” နတ်ဆင်ကလန်မှ တန်ခိုးရှင်တစ်ဦးက အေးစက်စွာ ပြောလိုက်သည်။

နတ်ဆင်ကလန်မှ ငယ်ရွယ်သည့် ရှန့်ထိုအဆင့် နတ်ဆိုးသားရဲတစ်ကောင်က ရှေ့သို့ ထွက်လာ၏။ ကောင်းကင်က တုန်ခါလာသည်။ နတ်ဆင်တစ်ကောင်၏ အရိပ်က ပေါ်ပေါက်လာပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ သူ၏ စွမ်းအားများက လေထုကို လွှမ်းမိုးဖိနှိပ်လာသည်။  သူက အောက်ဘက်မှ ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။ “နတ်ဆင်အင်ပါယာရဲ့ စွမ်းအား ဘယ်လောက်များများကို အသုံးချနိုင်လဲ”

ရီဖူရှင်းက သူ့ကို ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားက သင်ပြပေးချင်တယ်ဆိုရင်လည်း ရပါတယ်”

ထိုစကားပြောလိုက်ပြီးနောက်တွင် သူ့ခန္ဓာကိုယ်က ရွေ့လျားသွားခဲ့ပြီး ကောင်းကင်သို့ တက်သွားခဲ့၏။

သူ့ခေါင်းထက်မှ ထိုအစွမ်းထက် နတ်ဆင်ကလည်း ဆင်းလာပြီး ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေသည်။ ကြီးမားသည့် နတ်ဆင်အရိပ်က ပေါ်ပေါက်လာပြီး အလွန် တုတ်ခိုင်သော ဆင်ခြေထောက်များက လမ်းစဥ်စွမ်းအားများကို ဖိနှိပ်၍ ပြင်းထန်သော အင်အားနှင့်အတူ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို နင်းခြေရန် ကြိုးစားလာသည်။

ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာသည်။ ခြေလှမ်းက နင်းချလာသည့်အခါ ရီဖူရှင်း၏ သေးသွယ်သော ခန္ဓာကိုယ်က ကျိုးပဲ့သွားတော့မည်ဟု ခံစားရပေသည်။

ထိုအချိန်တွင် ရီဖူရှင်းသည်လည်း လောကကို ချေမှုန်းတော့မယောင် ကောင်းကင်သို့ ခြေချလာကာ နတ်ဆင်အော်သံက မြည်ဟီးလာသည်။ သူ၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းများဖြင့် တောက်ပနေပြီး ကြီးမားသည့် ဆင်ကြီးတစ်ကောင်၏ ပုံရိပ်က သူ့ကို ထွေးပွေ့ထားသည်။ နတ်ဆင်သည် ပြင်းထန်စွာ ခြေဆောင့်နင်းလိုက်သော်လည်း ရီဖူရှင်း၏ ခံစစ်ကို မထိုးဖောက်နိုင်ပေ။

လေထဲမှ နတ်ဆင်သည် ခေတ္တရပ်တန့်သွားပြီး သူ့ခြေလှမ်းက တဖန် ပြန်လှုပ်ရှားလာသည်။ ဆူညံသည့် အသံက ဆက်လက်လှုပ်ရှားနေပြီး ထောင်သောင်းချီသည့် ဆင်အော်သံများက တစ်ချိန်တည်း၌ ထွက်ပေါ်လာကာ လေဟာနယ်ကို အစိတ်စိတ်အပိုင်းပိုင်း ဖျက်ဆီးတော့မလိုပင် ဖြစ်သည်။

ရီဖူရှင်းက ကြောက်ရွံ့ခြင်းမရှိပေ။ သူက မမြင်သယောင်ပင် ထိုစွမ်းအင်နှင့် ဆန့်ကျင်စွာ ​ခြေလှမ်း၍ တူညီစွာပင် မရေတွက်နိုင်သည့် ရွှေရောင်ဆင်ပုံရိပ်များစွာကို ထုတ်လွှတ်ကာ အခြားတစ်ဖက်မှ ဆင်ပုံရိပ်များနှင့် ထိပ်တိုက်တွေ့စေခဲ့သည်။

တစ်ချိန်တည်း၌ ရီဖူရှင်းသည် လက်သီးကို မြှောက်ကာ ပစ်သွင်းလိုက်သည်။ ကြီးမားသည့် ဆင်ပုံရိပ်ကြီးက ကောင်းကင်ကို လွှမ်းခြုံပေါ်ပေါက်လာပြီး လေထုကို ဖျက်ဆီးကာ အရာရာကို အစိတ်စိတ် အမွှာမွှာပြောင်းလဲသွားစေသည်။

သူ၏ လက်သီးထွက်ပေါ်လာသည့်အခါ လက်သီးစွမ်းအားများက ရွှေရောင်ဆင်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တွင် အော်မြည်နေကာ လောကကို တစစီ ဖျက်ဆီးပစ်တော့မလိုပင် ဖြစ်သည်။

ကောင်းကင်က ပြင်းထန်စွာ တုန်ခါနေပြီး ခြောက်ခြားဖွယ် အသဲနှင့်အတူ နတ်ဆင်ကလန်၏ တန်ခိုးရှင်က တိုက်ရိုက်တိုက်ခိုက် ခံလိုက်ရသည်။ သူက မူလသဏ္ဌာန်သို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက တုန်ယင်နေသည်။ ထိုကြောက်မက်ဖွယ် စွမ်းအားများက သူ့ကို သွေးအန်အောင် လုပ်နိုင်လေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset