မူလလမ်းစဥ်ကို ဆက်ခံနိုင်သူက နတ်ဆိုးဘုံ၏ အရှင်သခင် အသစ် ဖြစ်လာမည်လား။
နတ်ဆိုးဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များက ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။သူဆိုလိုသည့် မူလလမ်းစဥ်ဟူသော အဓိပ္ပါယ်က မည်သည်နည်း။
နတ်ဆိုးဘုံ၏ အရှင်သခင်အသစ် ဆိုသည်မှာရော မည်သည့် အဓိပ္ပါယ်နည်း။
ဂူထျန်းရှင်းသည် မူလတောင်တန်း စွမ်းအားများကို ရရှိလိုခြင်းက နတ်ဆိုးဘုံ၏
ဘုရင်အသစ်ကို တင်မြှောက်လို၍ ဖြစ်နိုင်သည်လား။
သူက သူ့ကိုယ်သူ မည်သူဟု ထင်နေသနည်း။
“ဘုန်း…”
ကောင်းကင်ထက်တွင် မဟာလမ်းစဥ်၏ ဝင်္ကပါအစီအရင်က လှုပ်ရှားနေပြီး အဆုံးမဲ့အလင်းတို့ ထွက်ပေါ်လာနေကာ နတ်ဆိုးတိမ်တိုက်များက ပြင်းထန်စွာ အော်မြည် တုန်ခါနေ၍ ဝင်္ကပါအတွင်း အားဖြည့်ပေးနေသည်။ အားလုံးသော တန်ခိုးရှင်များသည် မရေတွက်နိုင်သည့် တစ္ဆေများ ဝင်္ကပါဆီ စီးဆင်းသွားသည်အား မြင်တွေ့လိုက်ကြပြီး နတ်ဆိုးညည်းတွားသံကဲ့သို့ အသံမျိုးက ဝင်္ကပါမှ ထွက်ပေါ်လာသည်။
“သူက မူလတောင်တန်းတစ်ခုလုံးက လမ်းစဥ်စွမ်းအားတွေကို လုယူချင်နေတာပဲ” နဂါးအင်ပါယာက အေးစက်စွာ ပြောလိုက်သည်။ သူက ခရမ်းရွှေနတ်နဂါး မူလသဏ္ဌာန်သို့ ပြောင်းလဲလိုက်ပြီး သူ့ဝမ်းဗိုက်အောက်တွင် လက်သည်းကိုးခုရှိပြီး သူ့ခန္ဓာက မီတာထောင်သောင်းချီ ရှည်လျားသည်။ ကောင်းကင်အထက်တွင် ရစ်ဝဲနေသည့်အခါ သူသည် မိုးနဂါးကဲ့သို့ ထင်မှတ်ရပြီး ကောင်းကင်နှင့် နေမင်းကို ဖုံးလွှမ်းထားသည်။
သို့ဆိုလျှင်ပင် နတ်ဝင်္ကပါ၏ အဆုံးစွန်စွမ်းအားအောက်၌ သူသည် သေးငယ်သွားသလို ထင်မှတ်ရကာ နတ်ဝင်္ကပါစွမ်စအားများနှင့် ဖုံးလွှမ်းခြင်းကို ခံထားရပေသည်။
ကျယ်ပြောပြီး အဆုံးမဲ့ မူလတောင်တန်းက ပိုမိုပြင်းထန်စွာ တုန်ခါလာသည်။ တောင်ထွတ်များသည် အစိတ်စိတ် ပြိုကျလာပြီး ကမ္ဘာမြေပေါ်၌ အက်ကြောင်းများ ဖြစ်ပေါ်လာကာ မြစ်များက နောက်ပြန်စီးကာ ထောင်သောင်းချီသည့် မကောင်းဆိုးဝါးများ အားလုံးက ဒူးထောက်လိုက်ကြရသည်။
နတ်ဝင်္ကပါက တဖြည်းဖြည်း ကြီးသထက် ကြီးလာပြီး အဆုံးမဲ့ ကျယ်ပြောလှသည့် မူလတောင်တန်းတစ်ခုလုံးကို လွှမ်းခြုံလုနီးပါး ဖြစ်သွားခဲ့သည်။ အားကောင်းလှသည့် စွမ်းအားက နတ်ဝင်္ကပါသို့ ပေါင်းစပ်လာပြီး အရိပ်ကိုးခုက စာလုံးကိုးခုကို ထိန်းချုပ်ကာ နတ်ဝင်္ကပါနှင့် ပေါင်းစပ်ရောယှက်လိုက်သည်။ ထိုအခိုက်အတန့်တွင် ထိပ်သီးပုဂ္ဂိုလ်များသည် ကောင်းကင်လမ်းစဥ်၏ ပြင်းထန်သည့် ဖိအားကို ခံစားလိုက်ကြရပြီး သူတို့က မည်သည့် တန်ပြန်တိုက်ခိုက်မှုမှ မလုပ်နိုင်ကြပေ။
“ရပ်စမ်း” နဂါးအင်ပါယာက ဟစ်အော်လိုက်ပြီး ကောင်းကင်နှင့် မြေကြီးက တုန်ခါနေကာ လေဟာနယ်က ကွဲအက်တော့မလို ဖြစ်လာသည်။ သို့သော် ထိုအော်သံက နတ်ဝင်္ကပါ၏ လုပ်ဆောင်မှုကို မသက်ရောက်ဘဲ မဟာလမ်းစဥ် နတ်ဝင်္ကပါကညီမျှသော အခြေအနေဖြင့် ဆက်လက် လည်ပတ်နေသည်။ ခဏအကြာတွင် မြင့်မားပြီး ကြီးမားသည့် ပုံရိပ်တစ်ခုက နတ်ဝင်္ကပါ၏ ထိပ်ဖျားတွင် ထွက်ပေါ်လာသည်။
ထိုအချိန်တွင် မူလတောင်တန်း၏ အဆုံးမဲ့နယ်မြေအတွင်းမှ များပြားလှသော အားနည်းသည့် နတ်ဆိုးသားရဲများမှာ လေးစားကြောက်ရွံ့မှုဖြင့် မြေပေါ်သို့ ဒူးထောက်လိုက်ကြသည်။
အချို့သော အစွမ်းထက် နတ်ဆိုးရှန့်ထိုများသည်ပင် ထိုအချိန်၌ အရိုအသေပြုရန် ဖိအားပေးခံကြရသည်။ နတ်ဆိုးအင်ပါယာများ၏ အကြည့်သည်လည်း တည်ကြည်လေးနက်သွားကာ ထိုထွက်ပေါ်လာသည့် ပုံရိပ်အား စူးစိုက်ကြည့်လိုက်ကြသည်။
ထိုပုံရိပ်က နတ်ဆိုးအင်ပါယာအရှင် ဖြစ်နေသည်လား။
မူလတောင်တန်းသည် နတ်ဆိုးအင်ပါယာအရှင်မှ မွေးဖွားလာခြင်း ဖြစ်သည်။ နတ်ဆိုးအင်ပါယာအရှင်သည် နတ်ဆိုးဘုံကို စုစည်းခဲ့စဥ်က မူလတောင်တန်းသည် နတ်ဆိုးအင်ပါယာနန်းတော်၏ အခြေစိုက်ရာ ဖြစ်ခဲ့သည်။ နတ်ဆိုးအင်ပါယာအရှင် ကွယ်လွန်သွားပြီးနောက်၌ သူ၏ အရိုးစုက ဤ အဆုံးမဲ့တောင်တန်း အဖြစ်ပြောင်းလဲသွားကာ မူလတောင်တန်း၏ အစိတ်အပိုင်း ဖြစ်လာခဲ့သည်။ မရေတွက်နိုင်သော နတ်ဆိုးသားရဲများသည် ဤနေရာမှ ပေါက်ဖွားလာခဲ့သည့်အတွက် ဤနေရာကို မူလနယ်မြေဟု ခေါ်တွင်ခဲ့ကြသည်။
ယခု ဂူထျန်းရှင်းက မူလတောင်တန်း၏ ဖန်တီးထားသည့် စွမ်းအားများကို ခိုးယူချင်နေပြီး နတ်ဆိုးအင်ပါယာအား ကိုယ်တိုင် ထွက်ပေါ်လာရစေရန် ပြုလုပ်နေသည်။ သူ ပြောသည့် အဓိပ္ပါယ်အရ မူလလမ်းစဥ်ကို ဆက်ခံရရန် လုပ်ဆောင်နေသည်လား။
ထိုသည်ကို ရူးသွပ်ခြင်းပင် ဖြစ်၏။
ကောင်းကင်အာဏာစက်ဘုံမှ ထိပ်သီးပုဂ္ဂိုလ်များက ထိုမြင်ကွင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။ ဂူထျန်းရှင်းက မည်သည့်အရာကို လုပ်ဆောင်နေသနည်း။
သူ သေဆုံးပြီးနောက် သူ၏ ဝိညာဥ်က မူလတောင်တန်းနှင့် ပေါင်းစပ်သွားသည်လား။
“သူ့ကို တားကြ” ကောင်းကင်အာဏာစက်ပြည်ထောင်မှ ဘုရင်က ပြောလိုက်သည်။ သူ၏ တော်ဝင်ဝတ်ရုံက လေထဲတွင် ကခုန်နေပြီး သူက ကောင်းကင်သို့ ခုန်တက်သွားလိုက်ကာ သူ၏ နောက်တွင် မီတာထောင်ချီမြင့်မားပြီး နတ်ဘုရားကဲ့သို့ အစွမ်းထက် ရန်ဟောင်တစ်ပါး၏ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။
သူက လက်ကို ဆန့်ထုတ်လိုက်လျှင် မဟာလမ်းစဥ်အလင်းများက သူ့ထံပြေးဝင်လာသည်။ ပြင်းထန်သည့် ရန်ဟောင်စွမ်းအားများက ကောင်းကင်နှင့် မြေကြီးကို ဖြတ်ကာ ပျံနှံ့သွားပြီး မရေတွက်နိုင်သည့် အသက်ဓာတ် သိစိတ်မျှင်များက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ပေါက်လာပြီး နတ်လက်နက်များက သူ့ဆီသို့ အဆုံးမသတ်စွာ တိုးဝင်လာနေသကဲ့သို့ ဖြစ်သည်။ သူ ဆန့်ထုတ်လိုက်သည့် လက်ဝါးက နတ်ဓားအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို ထိုးဖောက်လိုက်သည်။ သူက လက်ကို မြှောက်ကာ ကောင်းကင်ထက်ရှိ မဟာလမ်းစဥ် နတ်ဝင်္ကပါဆီသို့ ထိုးစိုက်ခွဲချလိုက်သည်။
ထိုအချိန်တွင် အဆုံးမဲ့ ကြီးမားသည့် နတ်ဓားက ကောင်းကင်ဆီသို့ ခုတ်ပိုင်းလိုက်ကာ ချက်ချင်းပင် နတ်ဝင်္ကပါအောက်သို့ ရောက်ရှိလာပြီး ဝင်္ကပါ အလယ်ဗဟိုသို့ ထိုးစိုက်လိုက်သည်။
ကောင်းကင်အာဏာစက်ဘုံ၏ ဘုရင်သည် တစ်နေရာတည်း၌ ရပ်နေဆဲ ဖြစ်သော်လည်း သူ့လက်ထဲရှိ နတ်ဓားနှင့် ကောင်းကင်ရှိ နတ်ဝင်္ကပါက ဆက်သွယ်သွားသကဲ့သို့ ထင်မှတ်ရသည်။
“ဘုန်း” နတ်ဓားဖြင့် တိုက်ခိုက်ခံရသည့်အခါ အဆုံးမဲ့ ကြီးမားလာသော နတ်ဝင်္ကပါက ပြင်းထန်စွာ တုန်ခါလာသော်လည်း ထို့နောက်တွင် တုန်ခါမှုက တဖြည်းဖြည်း လျော့ပါးလာကာ ဝင်္ကပါက ဆက်လက် လည်ပတ်နေလေသည်။ ထိုတိုက်ခိုက်မှုက ကောင်းကင်နှင့် မြေကြီးကြားမှ ဖန်တီးမှုစွမ်းအားများကို စုပ်ယူနေခြင်းအား ရပ်တန့်နိုင်ခြင်းမရှိပေ။
ကောင်းကင်အာဏာစက် ပြည်ထောင်၏ ဘုရင်က တည်ငြိမ်နေသည်။ နတ်အလင်းက သူ့လက်ဝါးမှ ထွက်ပေါ်လာပြီး ဓားအတွင်းသို့ ပေါင်းစပ်လိုက်ကာ ကောင်းကင်ကို ထိုးဖောက်၍ နတ်ဝင်္ကပါကို ခုတ်ပိုင်းရန် ကြိုးစားလေသည်။
နတ်ဝင်္ကပါအထက်တွင် တင်ပျဥ်ခွေကာ ထိုင်နေသည့် ပုံရိပ်က သူ့ကို လှမ်းကြည့်လာသည်။ ချက်ချင်းပင် နတ်ဝင်္ကပါအထက်တွင် လှည့်ပတ်နေသည့် စာလုံးကိုးခုမှ နတ်အလင်းများက တောက်ပလာသည်။ ကြည့်ရသည်မှာ ဝင်္ကပါ သော့ချက်များမှ မကောင်းဆိုးဝါးများ ထိုးထွက်လာတော့မလို ထင်မှတ်ရပေသည်။ တစ်ချိန်တည်းမှာပင် တောက်ပနေသည့် စာလုံးကိုးခုက အလင်းများက ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်ဆီသို့ တိုးဝင်သွားသည်။
ထိုအခိုက်တွင် ကောင်းကင်ရှိ နတ်ဝင်္ကပါမှ နတ်ဆိုးများက ဆင်းသက်လာပြီး တစ်ချိန်တည်း၌ ကောင်းကင်အာဏာစက်ပြည်ထောင် ဘုရင်ဆီသို့ တိုးဝင်သွားခဲ့သည်။
ကောင်းကင်အာဏာစက်ပြည်ထောင် ဘုရင်၏ ကြီးမားသော ပုံရိပ်က နတ်ဓားကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားသည်။ နတ်ဓားက ထည်ဝါသည့် ရောင်စဥ်များ ထုတ်လွှတ်ကာ ပျံသန်းလာပြီး ကောင်းကင်ကို စုတ်ဖြဲပစ်လိုက်သည်။ အနီးသို့ ကပ်လာသည့် များပြားလှသော နတ်ဆိုးများ အားလုံးသည် ဖျက်ဆီးခံလိုက်ရသော်လည်း မဟာလမ်းစဥ် နတ်ဝင်္ကပါ၏ ရောင်ဝါတို့က အဆုံးမဲ့ ဖြစ်နေကာ သူ၏ စွမ်းအားများကို ဖိနှိပ်၍ သူ့ခန္ဓာကိုယ်ကို တိုက်ခိုက်လာသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်၏ လက်များက တုန်ခါသွားပြီး ဓားသဏ္ဌာန်ကလည်း ပြောင်းလဲသွားသည်။ ယင်းသည် အဆုံးမဲ့ကြီးမားသည့် ရွှေရောင် ခေါင်းလောင်းကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ကလန်….”
ခေါင်းလောင်း၏ အသံက ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်လာသည်။ နတ်ခေါင်းလောင်းကြီးမှ မဟာလမ်းစဥ်၏ အဆုံးမဲ့ ဂုဏ်သရေက အနီးရှိ နတ်ဆိုးအားလုံးကို သုတ်သင်ပစ်လိုက်သည်။
သို့သော် ကောင်းကင်ရှိ နတ်ဝင်္ကပါထက်မှ ကြီးမားသည့် နတ်ဆိုးပုံရိပ်များက ကောင်းကင်မှ ဆင်းသက်လာပြီး
မူလတောင်တန်းအတွင်းရှိ နတ်ဆိုးအားလုံးမှာ နတ်ဝင်္ကပါစွမ်းအားများအတွင်း ရောယှက်ခံထားရပြီး လောကဖျက်ဆီးခြင်း စွမ်းအားတို့ ပါဝင်နေသည်။
“ဘုန်း” နတ်ဆိုးကြီးတစ်ဦး၏ ခြေထောက်က နတ်ခေါင်းလောင်းပေါ်သို့ ရောက်ရှိလာပြီး ပိုမိုများပြားသည့် နတ်ဆိုးများက ချဥ်းကပ်လာကာ အားလုံးသော တည်ရှိမှုများကို ဖျက်ဆီးပစ်နေသည်။
ထိုသည်ကို မြင်သောအခါ ကောင်းကင်အာဏာစက်ပြည်ထောင်၏ ဘုရင်သည် ရှက်ရွံ့သွားခဲ့သည်။ သူက တွေဝေမနေဘဲ လက်ထဲတွင် ရန်ဟောင်ခေါင်းလောင်းကို ကိုင်ကာ ကောင်းကင်သို့ တက်သွားခဲ့သည်။
လမ်းစဥ်တိုက်ခိုက်မှုများက အဆုံးမရှိ ဆက်လက်ကျဆင်းလာနေပြီး ကောင်းကင်အာဏာစက် ပြည်ထောင် ဘုရင်၏ ခြေထောက်အောက်မှ မြေပြင်က ပြိုကျပျက်စီးကာ သူ့ခန္ဓာကိုယ်က နစ်မြုပ်သွားသည်။
ထိုအချိန်တွင် နတ်ဝင်္ကပါမှ အဆုံးမဲ့ ထည်ဝါသည့် နတ်အလင်းများက ကောင်းကင်ကို လွှမ်းခြုံလာသည်။ သန့်စင်၍ တောက်ပသည့် သတ်ဖြတ်ခြင်းအလင်းများက တည့်မတ်စွာ ဆင်းချလာပြီး ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်၏ ခန္ဓာကိုယ်ကို ပစ်မှတ်ထားလေသည်။
“ဘုန်း…..”
ကျယ်လောင်သည့် အသံထွက်ပေါ်လာပြီးနောက် ရန်ဟောင်အဆင့်အောက် တန်ခိုးရှင်များ၏ ခန္ဓာကိုယ်များသည် တုန်ယင်လာကာ အဝေးသို့ လွင့်စင်ထွက်သွားကြ၏။
ရီဖူရှင်းသည်လည်း တူညီစွာပင် ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က ပြန်လည်တည်ငြိမ်လာသည့် အခါတွင် သူ့အရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ သူနှင့်လည်း မိုင်ပေါင်းရာချီ၍ ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။ သူက ကောင်းကင်ရှိ နတ်ဝင်္ကပါကို မော့ကြည့်လိုက်သည်။ ယင်းက တောက်ပနေဆဲ ဖြစ်ကာ နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ သူက အဝေးသို့ ကြည့်လိုက်သည့်အခါ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်များက ကောင်းကင်တွင် ရပ်နေဆဲ ထြစ်ကြောင်း မြင်နိုင်လေသည်။
သူ့နှုတ်ဖျားမှ ညည်းသံထွက်ပေါ်လာသည်။ သူ့ သွေးများက ဆူပွက်နေ၏။ နတ်ဝင်္ကပါက ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်ကိုသာ ပစ်မှတ်ထားခဲ့ခြင်းမဟုတ်ပါက ထိုတိုက်ခိုက်မှုက သူတို့အားလုံးကို သတ်ဖြတ်ပစ်လိုက်နိုင်ပေသည်။
ရန်ဟောင်အဆင့်မှ တန်ခိုးရှင် အချို့သည်ပင် သူတို့၏ လုံခြုံရေးအတွက် နယ်မြေ အလယ်ဗဟိုမှ အစွန်အဖျားသို့ ပြောင်းရွှေ့သွားကြသည်။
ရီဖူရှင်းက ထိုနေရာသို့ စူးစိုက်ကြည့်လိုက်သည်။ ထိုတိုက်ခိုက်မှုတွင် အလွန်ပြင်းထန်သည့် စွမ်းအားတို့ကို အသုံးပြုခဲ့သော်လည်း ဝင်္ကပါ၏ လုပ်ဆောင်မှုကို ထိခိုက်သွားခြင်းမရှိပေ။
ကောင်းကင်အာဏာစက် ပြည်ထောင်၏ ဘုရင်ပင်လျှင် ထိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည်။
“ဘုန်း…” ကောင်းကင်နှင့် မြေကြီးကြားတွင် နတ်မိုးကြိုးတို့က တောက်ပနေသည်။ ရီဖူရှင်း လွင့်စင်သွားခဲ့သည့် မိုင်ရာချီဝေးသော နေရာအထိပင် မိုးကြိုးလျှပ်စီးများက လင်းလက်နေပြီး ကောင်းကင်၌ တောက်ပနေသည်။
ရီဖူရှင်းက နတ်မိုးကြိုးအလင်းတို့၏ ဗဟိုချက်သို့ ကြည့်လိုက်လျှင် ခရမ်းရင့်ကောင်းကင်နန်းတော်မှ နန်းတော်သခင်က ကပ်ဘေးမိုးကြိုးတို့အား ဆင့်ခေါ်နေကာ ကောင်းကင်ရှိ နတ်ဝင်္ကပါဆီသို့ တိုက်ခိုက်လိုက်သည်။
သူတို့သည် ဂူထျန်းရှင်းအား ရပ်တန့်ရန် ကြိုးစားနေသည်။ သူတို့က ဂူထျန်းရှင်း မည်သည်ကို လုပ်ချင်နေသည်အား မသိရှိကြသော်လည်း သူက မူလတောင်တန်း၏ စွမ်းအားများကို ခိုးယူနေကာ မြေအောက်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သည့် နတ်ဆိုးအင်ပါယာအရှင်ကိုလည်း ထွက်ပေါ်လာစေသည့်အတွက် သူ့တွင် အကြံအစည်ကြီးကြီးမားမား ရှိရပေမည်။
အဆုံးမဲ့ နတ်မိုးကြိုးတို့က ကောင်းကင်ဆီသို့ ထိုးတက်သွားကာ လွှမ်းခြုံသွားသည်။
နတ်ဝင်္ကပါ၏ လုပ်ဆောင်မှုက ဆက်လက် ဖြစ်ပေါ်နေသည်။ နတ်ဝင်္ကပါဆီမှ နတ်ဆိုးကဲ့သို့သော ပုံရိပ်များ ပေါ်ပေါက်လာပြီး သူတို့၏ ခန္ဓာကိုယ်က လှည့်ပတ်နေသည်။ ယင်းတို့သည် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ ခရမ်းရင့်ကောင်းကင်နန်းတော်၏ နန်းတော်သခင်ထံ တိုးဝင်သွားသည်။
တောက်ပလွန်းသည့် အလင်းများကြောင့် ရီဖူရှင်းက သူ့မျက်လုံးများကိုပင် မဖွင့်နိုင်ခဲ့ပေ။ တိုက်ခိုက်မှုနှစ်ခု ဆုံစည်းသွားသည့်အခါ နောက်ထပ် မဟာလမ်းစဥ် စွမ်းအားများက ထွက်ပေါ်လွှမ်းခြုံသွားပြန်သည်။ သူတို့၏ ခန္ဓာကိုယ်များက ထိတ်လန့်မှုကြောင့် တုန်ယင်သွားပြန်ကာ မိုင်ရာချီ အဝေးသို့ ဆုတ်ခွာခဲ့ရသည်။ များပြားလှသည့် တန်ခိုးရှင်များမှာ မိုးကြိုးအလင်းလှိုင်းများဖြင့် ထိခတ်မှုကြောင့် ချောင်းဆိုးကာ သွေးအန်လိုက်ကြရသည်။
ရီဖူရှင်းနှင့် သူ့လူများသည်လည်း မတူညီသည့် နေရာများသို့ တကွဲတပြား လွင့်စင်သွားခဲ့ကြသည်။
သို့သော် လူတိုင်းသည် ထိုနေရာမှ ပြင်းထန်သည့် မြင်ကွင်းကို စောင့်ကြည့်နေကြသည်။
ထိုအချိန်တွင် ဂူတုံးလျှို၏ ခန္ဓာကိုယ်က လေထဲသို့ မျောလွင့်သွားကာ နတ်ဝင်္ကပါ၏ အောက်၌ ပေါ်ပေါက်လာသည်။ သူက တင်ပျဥ်ခွေထိုင်၍ မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ ရှည်လျားသော ဆံပင်များက လေထဲတွင် တလူလူလွင့်နေသည်။ ထိုစွမ်းအား၏ အောက်၌ သူသည် တည်ငြိမ်စွာ ထိုင်နေပြီး အပြင်ဘက်မှ ပြောင်းလဲခြင်းများကို သတိမပြုမိဘဲ ဖြစ်နေသည်။
ထိုအချိန်တွင် နတ်အလင်းများက သူ့ပေါ်သို့ ကျဆင်းလာပြီး ခန္ဓာကိုယ် အတွင်း ဝင်ရောက်နေသည်။
သူက မူလလမ်းစဥ်၏ စွမ်းအားများကို လက်ခံရရှိနေသည်။
အတွေးတစ်ခုက လူတိုင်း၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ ထိုသည်မှာ ဂူထျန်းရှင်းက နတ်ဆိုးဘုံ၏ အရှင်သခင်အသစ်တစ်ပါး ပေါ်ပေါက်လာစေရန် ဖန်တီးနေသည်။
သူက မူလတောင်တန်း၏ ဖန်တီးခြင်းစွမ်းအားများ အားလုံးကို စုပ်ယူနေပြီး ဂူတုံးလျှို၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်နေသည်။
နတ်ဆိုးဘုံ၏ ပုဂ္ဂိုလ်ကြီးများက ထိုသည်ကို ကြည့်ရင်း ဖြူဖျော့သွားကြသည်။ ဤရူးကြောင်ကြောင်လူက နတ်ဆိုးဘုံမှ မူလတောင်တန်းရှိ ဖန်တီးခြင်းစွမ်းအားများကို လူတစ်ယောက်တည်ဆီသို့ ပို့လွှတ်နေသည်။
သို့သော် ဂူတုံးလျှိုက ထိုစွမ်းအားများကို ကိုင်တွယ်နိုင်ပါ့မလား။
ကျင့်ကြံဆင့်က လူတစ်ယောက်ကို တိုက်ရိုက် သင်ကြား၍ မရနိုင်ပေ။
ထိုအချိန်၌ ဂူတုံးလျှို၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေသည့် နတ်အလင်းကိုးခုက သူ့ဆီသို့ စွမ်းအားများ တိုက်ရိုက်ပို့လွှတ်နေသည်။ ရှေးဟောင်းစာလုံး ကိုးခုက တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်အထက်၌ ဝဲလည်နေကာ မူလလမ်းစဥ်အား ဆက်ခံနိုင်ခြင်းရှိမရှိ စောင့်ကြပ်နေသည်။
ကောင်းကင်နတ်ဆိုးနန်းတော် နန်းတော်သခင်၏ မူလသဏ္ဌာန်မှာ ခြေသုံးချောင်းရွှေကျီး ဖြစ်သည်။ သူက နတ်ဝင်္ကပါအောက်တွင် ရပ်နေပြီး ရွှေရောင်နတ်မီးလျှံများက သူ့အနီးတွင် လောင်ကျွမ်းတောက်ပနေသည်မှာ နေနတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်လေသည်။ သူက လေထဲမှ ပုဂ္ဂိုလ်ကို ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားက နတ်ဆိုးဘုံရဲ့ ဖန်တီးခြင်းစွမ်းအားတွေကို လူသားတစ်ယောက်ဆီ လွှဲပြောင်းပေးချင်နေတာလား”
ဂူထျန်းရှင်းက ရူးသွပ်နေချေပြီ။
“မူလတောင်တန်းက နတ်ဆိုးအင်ပါယာရဲ့ ယုံကြည်မှုတွေ ပါဝင်နေပြီး နတ်ဆိုးအင်ပါယာရဲ့ အသွေးအသားကနေ ပြောင်းလဲလာတာ ဖြစ်တယ်။ တောင်တန်းတစ်ခုလုံးမှာ သူ့ရဲ့ စွမ်းအားတွေနဲ့ ပြည့်နှက်နေတယ်။ ကျုပ် မသေခင်က ကျုပ်ရဲ့ လမ်းစဥ်ကို သူ့ရဲ့ လမ်းစဥ်နဲ့ ပေါင်းစပ်နိုင်ခဲ့တာကြောင့် ကျုပ်က အဲဒါကို အသုံးပြုနိုင်တယ်။ ကျုပ်ကလွဲရင် ကောင်းကင်အာဏာစက်ဘုံမှ အဲဒီလို လုပ်နိုင်တဲ့လူ မရှိဘူး”
ကောင်းကင်ထက်မှ အသံက အလွန် တည်ငြိမ်နေပြီး မူလတောင်တန်းတစ်ခွင်ကို ပျံ့နှံ့သွားသည်။ “အခုက စပြီး သူတစ်ယောက်တည်းကပဲ မူလတောင်တန်းက နတ်ဆိုးအင်ပါယာအရှင်ရဲ့ ယုံကြည်မှုနဲ့ မရေတွက်နိုင်တဲ့ ရန်ဟောင်တွေ ရှန့်ထိုအဆင့် နတ်ဆိုး စွမ်းအားတွေကို ဆက်ခံနိုင်တဲ့ တစ်ဦးတည်းသော သူ ဖြစ်လာလိမ့်မယ်။ သူက နတ်ဆိုးဘုံရဲ့ အနာဂတ်ပဲ။ သူ့ရဲ့ လမ်းစဥ်က အသိအမှတ်ပြုခံရပြီးတဲ့နောက်မှာ သူက နတ်ဆိုးဘုံရဲ့ အရှင်သခင်အသစ် ဖြစ်လာလိမ့်မယ်။”
“လူသားတစ်ယောက်အနေနဲ့ သူက နတ်ဘုရားကျင့်စဥ်ကို ကျင့်ကြံပေမယ့် ခင်ဗျား ပြောတာ သူက နတ်ဆိုးဘုံရဲ့ မူလစွမ်းအားတွေနဲ့ ဂူထျန်းရှင်း ခင်ဗျားရဲ့ ကောင်းကင်လမ်းစဥ် အမွေအနှစ်တွေကို ဆက်ခံဖိုလ တတ်နိုင်တယ်လို့လား” ကောင်းကင်နတ်ဆိုးနန်းတော်မှ မေးလိုက်သည့်အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဂူထျန်းရှင်းက ရူးသွပ်နေပြီး သူက နတ်ဆိုးဘုံ၏ အရှင်သခင်အသစ်အား ဖန်တီးချင်နေပေသည်။
ယခု လောကကြီးသည် လူသားမျိုးနွယ်၏ အုပ်စိုးမှုအောက်သို့ ကျရောက်သွားပေတော့မည်။ အင်ပါယာရီချင် သေဆုံးသွားပြီးနောက်၌ နတ်ဆိုးကလန်များက တကွဲတပြား ဖြစ်သွားခဲ့ကြသည်။ သူတို့က အားကောင်းနေဆဲ ဖြစ်ပေမယ့် အရှင်သခင် အသစ် ထွက်ပေါ်လာခြင်းမှ မဟုတ်ပါက နတ်ဆိုးလောကသည် လူသားတန်ခိုးရှင်များ၏ လွှမ်းမိုးမှုအောက်သို့ ကျရောက်တော့မည် ဖြစ်ကြောင်း နားလည်ကြသည်။
ဂူထျန်းရှင်းက အင်ပါယာအသစ် ဖန်တီးချင်နေခဲ့သည်။
ထို့ပြင် ဂူတုံးလျှိုက မူလလမ်းစဥ်ကိုသာ ဆက်ခံနိုင်ခဲ့ပါက သူသည် နဆ်ဆိုးလောကနှင့် ခွဲခြား၍ မရနိုင်သော ဆက်ဆံရေး ရှိလာလိမ့်မည် ဖြစ်သည်။
“နတ်ဆိုးအရှင်အသစ်ကို ဖန်တီးမယ်လား။ ခင်ဗျား လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေလား။” နဂါးအင်ပါယာက အေးစက်စွာ မေးလိုက်သည်။
“လောကကို စုစည်းပြီးခဲ့ကတည်းက နှစ်ပေါင်းသုံးရာအတွင်း ကောင်းကင်အာဏာစက်ဘုံမှာ ဘယ်သူကများ ကျုပ် ဂူထျန်းရှင်းထက်ပိုပြီး အစွမ်းထက်ခဲ့ကြသလဲ” လွှမ်းမိုးနိုင်စွမ်းရှိသည့် အသံတစ်ခုက ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။ “သူ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းက အနာဂတ်မှာ ကျုပ်ထက်ပိုပြီး သာလွန်လာလိမ့်မယ်”
***