အခန်း ( ၁၃ )

မင်းလည်း လိုက်ခဲ့ရမယ်

ကြီးကြပ်ရေးဌာနနှင့် စားဖိုဆောင်မှာ နှစ်ပေါင်းများစွာကြာ မဟာရန်ဖက်များဖြစ်ကြသည်။ နှစ်ဖွဲ့အကြား တင်းမာမှုများရှိသော်လည်း များသောအားဖြင့် ထိန်းထိန်းသိမ်းသိမ်း ရှိကြပြီး အဆိုးရွားဆုံးအခြေအနေမှာ အသေးစားဒဏ်ရာ ရရုံအထိသာဖြစ်ဖူးသည်။

စမ်းသပ်ပွဲကိစ္စနှင့် ပတ်သတ်သောရန်ပွဲမှာ အမွှေးတိုင်တစ်တိုင် အထွန်းခံစာလောက်ထိ ကြာသွားသည်။ ဖက်တီးကျန်းတို့ ညီအစ်ကိုများသည် ကြီးကြပ်ရေးဌာနမှ လူများကို ဖူးယောင်အညိုအမည်းစွဲသည်အထိ ရိုက်လွှတ်လိုက်ကြသည်။ မသွားခင် ဂိတ်ပေါက်ကြီးအတွက် လျော်ကြေးအဖြစ် ဝိညာဉ်ကျောက်တုံးအလုံအလောက် တောင်းပြီး ဝအောင်ဆဲဆိုပြီးမှ ပြန်လွှတ်လိုက်သည်။

ချန်ဖေးသည် မပြန်ခင် ဝါးကပ်စည်းရိုးနားတွင်ရပ်၍ ပိုင်ရှောင်ချန်းကို ရွံရှာမုန်းတီးသောအကြည့်ဖြင့် စိုက်ကြည့်နေသည်။ ရှောင်ချန်းရောက်လာကတည်းက စားဖိုဆောင်မှာ အရင်ကထက် ဂြိုလ်မွှေလာသလို ဖြစ်သောကြောင့် ရှောင်ချန်းကို ပို၍မျက်စိဆံပင်မွှေးစူးနေသည်။

ရန်ပွဲသတင်းမှာ အစေခံတန်းလျားတစ်ခုလုံး ပြန့်နှံ့သွားပြီး ကြီးကြပ်ရေးဌာန၏ အရှက်တကွဲ ရှုံးနှိမ့်မှုကြောင့် စားဖိုဆောင်ကို ပို၍ဒေါသထွက်ကြသည်။ သို့သော် ဟိုရှောင်မေ့လို အစေခံအချို့ကတော့စားဖိုဆောင်၏ လုပ်ရပ်ကိုအားကျပြီး သူတို့အတွက် နတ်မီးလျှံစမ်းသပ်ပွဲတွင် အရေးသာစေနိုင်သော အခွင့်အရေးဟု ယူဆကြသည်။

သို့သော် နောက်လ စမ်းသပ်ပွဲတွင်လည်း ဖက်တီးများသည် မြောက်ကြွမြောက်ကြွဖြင့် လာရောက်ယှဉ်ပြိုင်ကြရာ ဘေးပတ်ဝန်းကျင်ရှိ အစေခံအပေါင်း၏ မေတ္တာပို့သခြင်းကို ခံရလေသည်။

ဖက်တီးကျန်းသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ကျန်အစေခံများဘက်သိုလှည့်ကာ “ဂုဏ်သရေရှိ လူကြီးမင်းများနှင့် အမျိုးသမီးအပေါင်းတို့ခင်ဗျား၊ လူကြီးမင်းတို့အနေနဲ့ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ကိုသာ နိုင်အောင်ယှဉ်ပြိုင်နိုင်ရင် နေရာဝယ်ရတယ်ဆိုတဲ့ ကိစ္စမျိုးဘယ်ရှိလာမလဲဗျာ၊ ကျွန်တော်တို့ကလည်း ဒီဂိုဏ်းကြီးတိုးတက်လာရေးအတွက် စေတနာထားပြီး ဆောင်ရွက်ပေးနေကြတာပါပဲ။ ဘဝဆိုတာကလဲ အပြိုင်အဆိုင်အခက်အခဲရှိမှ တိုးတက်တာပဲမဟုတ်လားဗျာ။”

ဖက်တီးကျန်းမှာ ပိုင်ရှောင်ချန်း သင်ပေးထားသည့်အတိုင်း တစ်သွေမတိမ်းပြောလိုက်ရာ ကျန်စိန်ခေါ်သူများမှာ အံတကြိတ်ကြိတ်ဖြင့် ကျွဲမြီးတိုသွားကြသည်။

ခေါင်းလောင်းသံထွက်ပေါ်လာပြီး ပြိုင်ပွဲစတင်သောအခါ စားဖိုဆောင်အဖွဲ့ဝင်များနှင့် အခြားအစေခံများသည် သူတို့အသက်နှင့််ရင်းထားရသည့်အလား တောင်ထိပ်သို့ အပြိုင်အဆိုင်တက်ကြသည်။

မကြာလိုက်ပါ၊ ဖက်တီးများနှင့် ရှောင်ချန်းသည် အခြားအစေခံများကို မျက်ခြေဖြတ်နိုင်ခဲ့ပြန်သည်။ ကျန်ခဲ့သူများမှာ ခါးသီးဒေါသထွက်ရုံနှင့် ပြိုင်ပွဲကိုဆက်ပြိုင်ရုံမှအပ ကျန်တာဘာမှ မလုပ်နိုင်ပေ။

ဖက်တီးကျန်း၏ စကားမှာ မှန်သင့်သလောက်တော့ မှန်ပေသည်။

စားဖိုဆောင်အစေခံများ၏ ဒုတိယအကြိမ်အောင်ပွဲကြောင့် အစေခံတန်းလျားမှာ အုတ်အော်သောင်းနင်းဖြစ်ကြပြန်သည်။ မည်သို့ဆိုစေကာမူ ဖက်တီးများ၏ ခန္ဓာကိုယ်ကြံခိုင်မှုနှင့် ကျင့်ကြံမှုအဆင့်များမှာ လက်ဖျားခါလောက်သောကြောင့် ဘယ်သူမှ ဘာမှမပြောရဲဘဲ နှုတ်ဆိတ်နေကြရသည်။

စားဖိုဆောင်၏ သတင်းမှာ လူတိုင်းအတွက် အာရုံစိုက်စရာတစ်ခုဖြစ်လာပြီး နောက်ပိုင်းနှစ်များတွင် ယခုလောက် လှုပ်လှုပ်ရှားရှား အဖြစ်အပျက်မျိုး မဖြစ်ဖူးပေ။

နောက်နှစ်လတွင် ကျင်းပသော နတ်မီးလျှံစမ်းသပ်ပွဲများတွင်လည်း ဝင်ရောက်ဆင်နွှဲကြပြန်သည်။ စမ်းသပ်ပွဲကျင်းပသောရက်မှာ သူတို့အတွက် လစာထုတ်ရက်လိုဖြစ်နေပြီး ဝိညာဉ်ကျောက်တုံးများ ထုတ်ရက်ဟုသတ်မှတ်ထားကြသည်။

ပိုင်ရှောင်ချန်းသည် ကျောက်တုံးအပုံကိုကြည့်ရင်း သူလိုအပ်သော ဆေးပင်များဝယ်နိုင်တော့မည် ဖြစ်သောကြောင့် ရင်ခုန်နေသည်။

နောက်လပြိုင်ပွဲရက်တွင်စားဖိုဆောင်မှ ညီအစ်ကိုများ ဝီရိယကြီးကြီးဖြင့် အရုဏ်တက်ချိန်ကတည်းကထကာ သုံးယောက်တစ်ဖွဲ့ ထွက်လာကြသည်။ ဖက်တီးကြီးကျန်း ဦးဆောင်သောအဖွဲ့မှာ မွှေးရနံတိမ်တောင်ဆီသို့ ဦးတည်ထွက်ခဲ့သည်။

သို့သော် လမ်းခုလတ်မှာပင် ကြီးကြပ်ရေးဌာနမှ အဖွဲ့တစ်ဖွဲ့၏ တားဆီးဟန့်တားခြင်းကို ခံရလေသည်။ နှစ်ဖက် စကားပင်ပြောဆိုခြင်းမရှိတော့ပဲ စတင်တိုက်ခိုက်ကြသည်။ ကြီးကြပ်ရေးဌာနအဖွဲ့မှာ လူအင်အားများသောကြောင့် အသာစီးရထားပြီး ရန်ပွဲမှာပြင်းထန်လာသည်။ တောင်ထိပ်ဆီမှ ခေါင်းလောင်းထွက်ပေါ်လာသောအခါ ဖက်တီးကြီးကျန်းမှာ ဒေါသပုန်ထကာ ဘီလူးဆိုင်းတီးတော့သည်။

သို့သော် ကြီးကြပ်ရေးအဖွဲကလည်း ခေါင်းလောင်းသံများကြားကြားချင်း လူစုခွဲကာ နောက်ပြန် ဆုတ်ကြသည်။ ဖက်တီးကြီးကျန်းနှင့် အမှတ်သုံးဖက်တီးဟီတို့မှာ ကြိတ်မနိုင်ခဲမရ ဖြစ်နေကြသော်လည်း လိုက်ရန်အချိန်မရသဖြင့် နတ်မီးလျှံစိန်ခေါ်ပွဲဆီသို့ အသော့နှင်ကြရသည်။ တောင်တက်လမ်းအဝင်သို့ ရောက်သောအခါ မည်သူမျှမရှိတော့သဖြင့် တောင်ထိပ်သို့ အမြန်တက်ရတော့သည်။

“အဲ့ကြီးကြပ်ရေးဌာနက ခွေးကောင်တွေ” ဖက်တီးကျန်း ပြေးရင်းတန်းလန်းနှင့် ဆဲဆိုကာ “နောက်မှ ဂိုဏ်းတူညီတွေအကုန်စုပြီး အဲ့ဒီကောင်တွေကို ကောင်းကောင်းသွားဆုံးမပေးရမယ်၊” အားသွန်ခွန်စိုက်ပြေးနေရာ ဗိုက်မှအဆီများလောင်ကျွမ်းလာပြီး ပေါက်ကွဲလုမတက် အရှိန်မျိုးထွက်ပေါ်လာသည်။

ပိုင်ရှောင်ချန်းလည်းဒေါသထွက်နေသည်။ ရည်ရွယ်ချက်အကောင်အထည်ပေါ်ခါနီးမှ ထမင်းလုတ်ပုတ်ချခံလိုက်ရသလိုပင်၊ အံကိုကြိတ်ကာ မြန်နိုင်သလောက် မြန်မြန်ပြေးရင်း အစေခံတစ်ယောက်ပြီးတစ်ယောက်ကို ကျော်တက်လာနိုင်သည်။ တောင်ထိပ် ရောက်ရောက်ချင်းမှာပဲ ရင်ဝကိုဆောင့်ကန်ခံရသလို အမောစို့သွားရသည်။ တောင်ထိပ်ပန်းတိုင် စည်းရှေ့တွင် လူသုံးယောက်က ကြိုတင် နေရာယူထားနှင့်သည်။

ရှေ့မှပိတ်ရပ်နေသူများမှာ ချန်ဖေးနှင့် ချီစုစည်းမှုအဆင့်သုံးလောက်ရှိသော ခပ်ထွားထွားလူနှစ်ယောက်ဖြစ်သည်။ ထိုသုံးယောက်မှာ ပိုင်ရှောင်ချန်းတို့ကို မြင်သောအခါ ဗိုက်ကိုနှိပ်၍ အားရပါးရလှောင်ပြောင် ရယ်မောတော့သည်။

“ဖက်တီးကျန်းနဲ့ ပိုင်ရှောင်ချန်းတို့ ရောက်လာကြပြီလားဗျ၊ စိတ်မပူပါနဲ့ ဒီမှာ နေရာတွေကျန်ပါသေးတယ်။တစ်နေရာလောက် အားပေးဦးမလား ”

ဖက်တီးကျန်းသည် ဒေါသကြောင့် မျက်လုံးများရဲတောက်လာပြီး အော်ဟစ်ဆဲဆိုသည်။ “အယုတ်တမာကောင်တွေ….အရှက်မရှိတဲ့ကောင်တွေ….သူများထမင်းအိုး ဒုတ်နဲ့ထိုးချင်တဲ့ကောင်တွေ………”

“ဟေး ငါတို့က ဂိုဏ်းရဲ့ စည်းမျဉ်းစည်ကမ်းတွေကို ချိုးဖောက်နေတာမှမဟုတ်တာ၊ မင်းတို့စားဖိုဆောင်က လူတွေတောင်လုပ်လို့ရရင် ငါတို့လဲ ဘာလို့မရ ရမှာလဲ”

“ဟား..ဟား….ဟား…၊ခုကစပြီး ဒီလုပ်ငန်းကို ငါတို့ကြီးကြပ်ရေးဌာနက လွှဲယူလိုက်ပြီ”
ချန်ဖေးနှင့် သူ့အပေါင်းအပါများ၏ လှောင်ပြောင်ရယ်မောသံကြောင့် ရှောင်ချန်းတို့ပို၍ စိတ်တိုလာသည်။ အစောပိုင်းက လမ်းမှာခြုံခိုအလစ်ဝင်တိုက်ခံရတာသည်မှာလည်း ကြိုတင်အကွက်ချထားခြင်းသာဖြစ်မည်။

ဖက်တီးကျန်း၏ ဒေါသမှာအထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ ဤဒေါသမျိုးနှင့် ပြဿ နာမှရှောင်ထွက်ရန် မဖြစ်နိုင်တော့ချေ။ယခုလိုလုပ်ရပ်မျိုးများ နောင်တွင်လည်းလုပ်လာနိုင်သောကြောင့် ဝိညာဉ်ကျောက်တုံးများ ခနခန အခိုးခံနေရမည့်အဖြစ်ကိုသာ တွေး၍ ပိုဒေါသထွက်မိခြင်းဖြစ်သည်။

အမှတ်သုံး ဖက်တီးဟီလည်း ထပ်တူဒေါသထွက်နေသည်။ သူတို့နှစ်ယောက်စလုံး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ချိန်တွင် ပိုင်ရှောင်ချန်းက စဉ်းစဉ်းစားစားဖြင့် အကြံတစ်ခုပေးသည်၊ “အစ်ကိုကြီးကျန်း၊ သူတို့ကို အဲ့ဒီပန်းဝင်မယ့် စည်းကိုကျော်ပြီး အပြင်စည်းဂိုဏ်းထဲပါသွားအောင် တွန်းထုတ်လိုက်ဗျာ၊ မဟုတ်လဲ တေညာဉ်ကျောက်တုံးတွေ မရနိုင်မယ့်အတူတူ နောက်ကျွန်တော်တို့စီးပွားရေးကို မနှောက်ယှက်နိုင်အောင်တစ်ခါတည်းရှင်းမှရမယ်”

ဖက်တီးကျန်း၏ မျက်လုံးများမှာ အပျော်လွန်ကာ တောက်ပနေပြီး တစ်ချိန်တည်းမှာပင် ရှောင်ချန်း၏ ဉာဏ်နီဉာဏ်နက်များပုံကို အံအားသင့်နေမိသည်။ အားပါးတရ ရယ်မောပြီးနောက် ရှေ့သို့တဟုန်ထိုးပြေးဝင်တော့သည်။ ဖက်တီးသုံးဟီလည်း ရယ်မော၍နောက်ကလိုက်လာသည်။

ချန်ဖေးတို့သုံးယောက်လည်း တွေဝေမနေဘဲ ပြန်လည်တိုက်ခိုက်သော်လည်း ကျန်းနှင့် ဟီမှာ ဝက်သိုးများကဲ့သို့ ကမူးရှူ းထိုးပြေးဝင်လာနေသောကြောင့် အခြေအနေသိပ်မဟန်ပေ။

ဖက်တီးနှစ်ယောက်တွဲ၏ တိုက်ခိုက်ပုံမှာ နတ်ဘုရားများကိုပင် မျက်ရည်နှင့်မျက်ခွက် ဖြစ်သွားစေလောက်သည်။ အရှိန်ပြင်းပြင်းဖြင့် ဝင်လာပြီးနောက် ချန်ဖေးတို့ကိုနောက်သို့ တွန်းထုတ်နေလေသည်။ ဖက်တီးများ၏ အကြံဉာဏ်ကိုရိပ်မိသောအခါ သုံးယောက်သားတုန်လှုပ်သွားကြသည်။ သူတို့မှာ ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် အကြပ်ရိုက်တော့သည်။

တကယ်တော့ သူတို့လည်း အပြင်စည်းဂိုဏ်းသား ဖြစ်ချင်စိတ်မရှိ။ ဂိုဏ်းသားဖြစ်လာလျှင် အဆင့်တက်လာသည်ဟု သတ်မှတ်ကြသော်လည်း ကြီးကြပ်ရေးဌာနမှာကဲ့သို ရပေါက်ရလမ်းမလွယ်၊ သာမန်သူလိုငါလို ဂိုဏ်းသားသစ်တစ်ယောက်သာ ဖြစ်လာပေမည်။

“အစ်ကိုကြီးကျန်း ခနရပ်ပါဦး……..” ချန်ဖေးမှာ နဖူးတွင်ဇောချွေးများပါ ပြန်နေရှာသည်။ “ကျွန်တော် တစ်ခုလောက် ပြောချင်……”။ သူ့စကားမဆုံးခင်မှာပဲ ရှောင်ချန်းကဖြတ်ပြောသည်။

“မရပ်နဲ့ အစ်ကိုကြီး…. ဒီလောက် ဝင်ပြိုင်ချင်တဲ့သူတွေကို တစ်ခါတည်း ပန်းဝင်အောင်သာ လုပ်ပေးလိုက်ကြပါ”

ဖက်တီးကျန်းနှင့် အမှတ်သုံး ဖက်တီးဟီတို့လည်း ရှောင်ချန်းစကားအတိုင်း အားပိုထည့်၍တွန်းကြသည်။ ပထမပန်းဝင်သွားသူမှာ လူသန်နှစ်ယောက်တည်းမှ တစ်ယောက်ဖြစ်ကာ သူ့မှာ ငိုမဲ့မဲ့ဖြင့်သာရပ်နေနိုင်ရှာသည်။

နောက်တစ်ယောက်ဆိုလျှင် ရင်ကွဲပတ်လက်ဖြင့် ရင်ဘတ်စည်တီးနေသည်။

နောက်ဆုံးပန်းဝင်သော ချန်ဖေးမှာ ဖက်တီးတို့ကို သွေးဆာနေသောမျက်လုံးများဖြင့် စိုက်ကြည့်နေပြီး အမုန်းမီးမှာ ပို၍ပင်တောက်လောင်လာသည်။

“ပိုင်ရှောင်ချန်း…..” သူအမုန်းတီးဆုံးလူမှာ ဖက်တီးကြီးကျန်းမဟုတ်ပဲ ပိုင်ရှောင်ချန်းသာဖြစ်သည်။ ဤအဖြစ်အပျက်အားလုံးမှာ ပိုင်ရှောင်ချန်း၏ အယုတ်တမာ အကြံများကြောင့်ဟု ယူဆသောကြောင့်လဲ ဖြစ်သည်။

အပြင်စည်းဂိုဏ်းသားနှစ်ယောက်မှာ ပြောစရာမရှိတော့သည့်အလား အဖြစ်အပျက်အားလုံးကို ရပ်၍သာကြည့်နေသည်။

ဖက်တီးကျန်းနှင့် ဖက်တီးသုံးဟီတို့မှာ ယခုအခါ အောင်ပွဲရ သူရဲကောင်းကြီးများပမာ ရင်ကိုချီ၍ ပန်းတိုင်စည်းနားတွင် အူလှိုက်သည်းလှိုက်ရယ်မောနေကြသည်။

“နောက်မှတွေ့မယ် ချန်ဖေးရေ…” ဖက်တီးကျန်းက အဆီများ တုန်ခါနေအောင် သူဗိုက်ကြီးကိုပုတ်ရင်း ခနဲ့နေသည်။ ” ဟဟ…အစေခံတန်းလျားမှာ မရှိတော့ပေမယ့်လဲ…. ငါမင်းကိုလွမ်းနေမှာပါကွာ၊ အပြင်စည်းဂိုဏ်းသား ဖြစ်လာတာတော့ အရမ်းဂုဏ်ယူတယ်ကွာ၊ တော်ပါပေ့ကွာ”

ချန်ဖေးနှင့် အပေါင်းအပါတို့မှာ လောလောဆယ် ရင်ထဲတွင် လူသတ်ချင်စိတ်ဖြင့်သာပြည့်နေသည်။

ပိုင်ရှောင်ချန်းကလည်း ကျေနပ်နေဟန်ဖြင့် “ကျွန်တော်တို့ကို ကျေးဇူးတင်စရာ မလိုပါဘူးအစ်ကိုကြီးတို့၊ အပြင်စည်းဂိုဏ်းသား ဖြစ်လာပြီးရင်လည်း အစ်ကိုကြီးတို့ အောင်မြင်မှုတွေတစ်သီကြီး ပိုင်ဆိုင်နိုင်ကြပါစေဗျာ….”

သို့သော် သူ့စကားအဆုံးမှာပင် မွှေးရနံတိမ်တောင်ထိပ်ဆီမှ အေးစက်သလောက် အရှိန်အဝါနှင့် ပြည့်စုံသော အသံတစ်သံ ထွက်ပေါ်လာသည်။

“ဆုတွေ တောင်းပေးနေစရာ မလိုပါဘူး။…………. မင်းလည်းတစ်ခါတည်း လိုက်ခဲ့ရမှာပဲလေ….”
ပိုင်ရှောင်ချန်းမှာ သူ့နားကိုသူ မယုံနိုင်ဘဲ တုန်လှုပ်လာသည်။ မကြာမီမှာပင်ကြီးမားလှသော စွမ်းအင်တစ်ခုက တောင်ထိပ်ဆီမှ ဝေ့ဝဲလာပြီးနောက် ရှောင်ချန်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံရစ်ပတ်ကာ တောင်ထိပ်ဆီသို့ ဆွဲငင်ခေါ်ယူလေသည်။

ပိုင်ရှောင်ချန်းမှာ ကြောက်လန့်တကြား ငယ်သံပါအောင်အော်ဟစ်ရင်း နီးစပ်ရာသစ်ပင်တစ်ပင်ကို ဆွဲထားလေသည်။

“အစ်ကိုကြီးတို့ ကျွန်တော့်ကို ကယ်ကြပါဦး…..”

ဆွဲအားမှာ အလျင်အမြန်အားကောင်းလာသည်။ ဖက်တီးနှစ်ယောက် ဘာမှမလုပ်နိုင်သေးခင်မှာပင် ကျယ်လောင်သောအသံနှင့်အတူ ပိုင်ရှောင်ချန်းဆွဲထားသောအပင်မှာ ထက်ပိုင်းပြတ်ထွက်သွားသည်။ ပိုင်ရှောင်ချန်းမှာ ကြိုးပြတ်သွားသော လေတံခွန်လေးပမာ လေထဲတွင်ပျံဝဲနေရင်း တောင်ထိပ်ဆီသို့ ဆွဲခေါ်ခံသွားရသည်။ထိုစဉ် အပြာရောင် ဝတ်ရုံရှည်ကိုဆင်မြန်းထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက် လေထဲတွင်ပေါ်လာသည်။ ထိုပုဂ္ဂိုလ်မှာ ဒေါသထွက်နေပုံ မပေါ်သော်လည်း သူ၏အကြည့်မှာ စူးရှကာ ကြောက်လန့်ဖွယ်ကောင်းနေသည်။ ထိုလူမှာ အခြားသူမဟုတ်………။

လီချင်းဟောက်သာဖြစ်ပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset