Switch Mode

အပိုင်း(၁၄၀၉)

ဝင်္ကပါအခင်းအကျင်း

ကောင်းကင်အာဏာစက်ဘုံ ဘုရင်၏ ဝတ်စုံက လေထဲတွင် မျောလွင့်နေသည်။ ကြောက်မက်ဖွယ် တောက်ပသည့် နတ်အလင်းများက သူ့ မျက်လုံးထဲ၌ လင်းလက်နေပြီး သူက ထိုလျှို့ဝှက်ဆန်းကြယ်သည့်် ပုဂ္ဂိုလ်ကို ငုံ့ကြည့်ကာ မေးလိုက်သည်။ “စီနီယာရဲ့ နာမည်ကို သိခွင့်ရှိမလား”

သူက ထိုသူအား စီနီယာဟု ခေါ်လိုက်သည်မှာ ထိုသူက သူ့ဖခင် ယခင်အင်ပါယာကို သိရှိနေသည့်အတွက် ဖြစ်လေသည်။

“ငါက ဘယ်သူလဲတဲ့လား”

လျှို့ဝှက်ဆန်းကြယ်သူက အနည်းငယ် ဇဝေဇဝါနှင့် ရေရွတ်လိုက်သည်။ သူက ကောင်းကင်ရှိ အော်မြည်နေသည့် နတ်ဆိုးတိမ်တိုက်တို့ကို ကြည့်ကာ သူ့ကိုယ်သူ ပြောလိုက်သည်။ “တုကူးက သေသွားခဲ့ပြီ”

“တုကူးက သေသွားပြီလား” တန်ခိုးရှင်များက သူ့ကို ကြည့်လိုက်ကြပြီး ထိုထိပ်သီးပုဂ္ဂိုလ်များက သူတို့၏ မှတ်ဉာဏ်အတွင်းတွင် တုကူးဟူသည် မျိုးနွယ်ကို ရှာဖွေနေကြသည်။

မကြာခင် သူတို့၏ မျက်လုံးများက အနည်းငယ် လင်းလက်သွားပြီး တစ်စုံတစ်ယောက်ကို အမှတ်ရသွားကြပုံပေါ်သည်။

ကောင်းကင်ပြက္ခဒိန် မတိုင်ခင်က အချိန်များတွင် ဖြစ်ပွားခဲ့သည့် ကောင်းကင်အာဏာစက်ဘုံမှ လူသားနှင့် နတ်ဆိုးသားရဲများ တိုက်ပွဲအတွင်းမှ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။

မျိုးစိတ်နှစ်ခုကြားမှ စစ်ပွဲကြားတွင် အလွန်ကျော်ကြားခဲ့သည့် ထိပ်သီး ဓားသမား၏ မျိုးနွယ်မှာ တုကူး ဖြစ်သည်။

“ဟန်ကျိုးဓားအင်ပါယာ။ သူ့ ဓားကို ဓားအိမ်ထဲက ဆွဲထုတ်လိုက်တဲ့အခါမှာ လောကကြီးက ကြောက်ရွံ့တုန်လှုပ်ရတယ်။ ပြောကြတာတော့ တိုက်ပွဲအတွင်းမှာ သူ တစ်ယောက်တည်းနဲ့ နတ်ဆိုးအင်ပါယာ အများအပြားကို သုတ်သင်နိုင်ခဲ့တယ်တဲ့” ခရမ်းရင့်ကောင်းကင်နန်းတော်မှ နန်းတော်သခင်က ရေရွတ်လိုက်၏။ ဟန်ကျိုးဓားအင်ပါယာက အလွန် ကျော်ကြားလှပေသည်။ အချို့သော ရှေးဟောင်းမှတ်တမ်းများတွင် သူ့ဇနီးက နတ်ဆိုးကလန်မှ တန်ခိုးရှင်တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးနောက် သူသည် ဓားစွမ်းရည်ကို တစ်ယောက်တည်း ကျင့်ကြံရင်း ဓားလမ်းစဥ်ကို ကျင့်ကြံသည့် ကျော်ကြားသော ဆရာတို့ထံတွင်လည်း တပည့်ခံခဲ့သည်။ အ​ဆုံး​တွင် သူသည် ထူးခြားသည့် ဓားစွမ်းရည်တွင် ကျွမ်းကျင်လာပြီး မရေတွက်နိုင်သည့် နတ်ဆိုးတန်ခိုးရှင်တို့ကို သုတ်သင်ခဲ့သည်။

နောက်ဆုံးတိုက်ပွဲသည် အလွန် ထူးခြား သာလွန်သည့် စစ်ပွဲဖြစ်ခဲ့သည်။ ကောလာဟလများအရ သူသည် ဓားတစ်လက်နှင့် နတ်ဆိုးဘုံအတွင်းသို့ တစ်ကိုယ်တည်း သွားလာခဲ့ပြီး မရေတွက်နိုင်သည့် နတ်ဆိုးကလန်များကို သတ်ဖြတ်ခဲ့ကာ သူ့ ဓားချက်အောက်တွင် မရေတွက်နိုင်သည့် နတ်ဆိုးကလန်တန်ခိုးရှင်တို့၏ ဝိညာဥ်များကို ချိပ်ပိတ်ခဲ့သည်။

ကြည့်ရသည်မှာ ဤလူငယ်များ ချိုးဖျက်ဝင်ရောက်လာခဲ့သည့် နေရာက သူ နတ်ဆိုးများအား သတ်ဖြတ်ခဲ့သည့် နေရာ ဖြစ်နေသည်လား။

ဟန်ကျိုးဓားအင်ပါယာသည် ထိုနှစ်က စစ်ပွဲအတွင်းတွင် နတ်ဆိုးဘုံ၏ မူလနယ်မြေအတွင်း တိုက်ရိုက်ဝင်ရောက်ခဲ့သည်။

ကောင်းကင်နတ်တံခါးဂိုဏ်းမှ ကျန်းဂိုဏ်း၏ ခေါင်းဆောင်က ဟန်ကျိုးဓားအင်ပါယာကို ကြည့်ကာ မေးလိုက်သည်။ “စီနီယာ ခင်ဗျားက သေသွားပြီးသားလား”

ဟန်ကျိုးဓားအင်ပါယာက သူ့ကို ကြည့်ကာ ပြောလိုက်သည်။ “အဲဒါကို မင်း ပြောနိုင်မယ်လို့ ငါ ထင်တယ်”

သူသည် ထိုအချိန်က ဟန်ကျိုးဓားအင်ပါယာ မဟုတ်တော့ပေ။ ထိုတိုက်ပွဲအတွင်းတွင် သူသည်  နတ်ဆိုးဘုံရှိ များပြားလှသော တန်ခိုးရှင်များ၏ တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရသော်လည်း သူ့မှတ်ဉာဏ် အပိုင်းအစက ဆက်လက် တည်ရှိနေသည်။ နတ်ဆိုးဝိညာဥ်များက သူ့ကို တိုက်စားခဲ့ပြီး သူ့ဓား၏ ဝိညာဥ်နှင့် နတ်ဆိုးဝိညာဥ်များက နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည် ဖြစ်ရာ သူက ယခင်က သူ မဟုတ်နိုင်တော့​ပေ။

မရေတွက်နိုင်အောင် သတ်ဖြတ်ခံခဲ့ရပြီး သူလက်နှင့် ကိုယ်တိုင်မြှုပ်နှံခဲ့သော နတ်ဆိုးကြီးများ၏ စွမ်းအားတို့သည် ဟန်ကျိုးဓားအင်ပါယာ၏ ခန္ဓာကိုယ်တွင် ရှိနေခဲ့ပြီး ယခုတွင် သူတို့အားလုံးက တစ်ခုတည်း ဖြစ်သွားခဲ့သော်လည်း ခန္ဓာကတော့ သူ၏ ကိုယ်ပိုင်စွမ်းအားများဖြင့် လွှမ်းမိုးခံထားရဆဲ ဖြစ်သည်။

ယခင်က သူသည် နက်ရှိုင်းစွာ အိပ်မောကျနေသည့် အခြေအနေ၌ ရှိနေခဲ့သည်မှာ ရီဖူရှင်းနှင့် အခြားသူတို့ ရောက်မလာခင်အထိ ဖြစ်သည်။ ရီဝူချင်းက ထိုဓားအား ဆွဲထုတ်ပြီးနောက်တွင် သူ၏ အသိစိတ်က နိုးထလာခဲ့သည်။

သူ၏ စိတ်အာရုံအတွင်း၌ သူတွေ့ကြုံခဲ့ရသည်နှင့် ရီဝူချင်း၏ အတွေ့အကြုံက တူညီနေသည်။ သူသည်လည်း စိတ်အတွင်းသို့ နတ်ဆိုးအသိစိတ်များ၏ ကျူးကျော်ခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့် သူက ရီဝူချင်း၏ တည်ရှိမှုကို မြင်တွေ့ပြီးနောက် သူက ရီဝူချင်းအား ကူညီခဲ့သည်မှာ သူ့ကိုယ်သူ ပြန်လည် မြင်တွေ့ရသကဲ့သို့ ခံစားမိသောကြောင့် ဖြစ်လေသည်။

ကျန်းကလန်၏ ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။ သူသည်လည်း ဟန်ကျိုးဓားအင်ပါယာ၏ ခန္ဓာကိုယ်က အစစ်အမှန် မဟုတ်တော့သည်ကို သတိပြုမိသည်။ ထိုသည်က အသိစိတ်စွမ်းအားမှ စုစည်းဖြစ်တည်လာခြင်း ဖြစ်လေသည်။ သူက ထိုအချိန်ကပင် သေဆုံးခဲ့ခြင်း ဖြစ်ရပေမည်။

ယနေ့ သူတို့ မြင်တွေ့ရသည့် ဟန်ကျိုးဓားအင်ပါယာသည်  ယခင်က တုကူးဟန်ကျိုး မဟုတ်တော့ပေ။

နတ်ဆိုးကလန်မှ အစွမ်းထက်ပုဂ္ဂိုလ်များအားလုံးက ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။ ဟန်ကျိုးဓားအင်ပါယာသည် ကောင်းကင်အာဏာစက်ဘုံတွင် ကျော်ကြားသည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူက သူတို့၏ နတ်ဆိုးဘုံသို့ ဝင်ရောက်လာသည့် အချိန်တွင် ချုံချီနတ်ဆုံးကလန်အား အမြစ်ပြတ်သုတ်သင်ခဲ့သည်။

မည်သူမှ ထင်မှတ်မထားမိသည်က ထိုသို့သော ပုဂ္ဂိုလ်က ယခုထိတိုင် မူလတောင်တန်းတွင် အသက်ရှင်နေဆဲ ဖြစ်သည်ဟူ၍ပင် ဖြစ်သည်။ သူက ကျဆုံးခဲ့သည်ဟု ပြောလျှင် ဤနေရာ၌ ရပ်နေနိုင်သေး၏။

ထိုအချိန်တွင် ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များက ဂူထျန်းရှင်းအကြောင်းကို တွေးမိကြသည်။ ဟန်ကျိုးဓားအင်ပါယာက အသက်ရှင်နေပါက ဂူထျန်းရှင်းကရော အသက်ရှင်နေနိုင်သည်လား။

ဟန်ကျိုးဓားအင်ပါယာသည် ကျော်ကြားလှသော ဒဏ္ဍာရီပုဂ္ဂိုလ် ​ဖြစ်သော်လည်း သူ၏ စွမ်းအား အထွတ်အထိပ်က ဂူထျန်းရှင်းလောက် မြင့်မားခြင်း မရှိပေ။

ဂူထျန်းရှင်းသည် ကြောက်စရာကောင်းလောက်သည့် ပါရမီရှင် ဖြစ်ကာ သူက ကောင်းကင်လမ်းစဥ်ကိုပင် ထိတွေ့နိုင်ခဲ့သည်။

များပြားလှသော ထိပ်သီးပုဂ္ဂိုလ်များ၏ မျက်လုံးတို့က တောင်ထိပ်တစ်ခုထက်ရှိ ဂူတုံးလျှိုထံ ကျရောက်သွားကြသည်။ သူ့ခေါင်းထက်တွင် ခြောက်ခြားဖွယ် မုန်တိုင်းက အော်မြည်ကာ စီးဆင်းနေဆဲ ဖြစ်သည်။ သူ့ခေါင်းထက်  ကြောက်မက်ဖွယ် မုန်တိုင်း အလယ်တွင် ပုံရိပ်ယောင်တစ်ခုက ဖြစ်တည်နေသော်လည်း ထို မုန်တိုင်းအတွင်းမှ ပုံရိပ်၏ သဏ္ဌာန်က ယိုယွင်းနေသည်။

“သူ့ကို သွားခေါ်ခဲ့” အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်အာဏာစက်ဘုံ၏ ဘုရင်က ထပ်၍ မစောင့်နိုင်တော့ဘဲ လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။

သူက လက်ဝါးကို မြှောက်ကာ လေထဲရှိ ဂူတုံးလျှိုထံ ရိုက်ထုတ်လိုက်ပြီး ရုတ်ချင်းပင် ကြီးမားသည့် လက်ဝါးရိပ်က တစ်ခုတည်းသော တောင်ထွတ်ဆီ ကျရောက်သွားပြီး ဂူထျန်းရှင်း၏ ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်သည်။

“ဘုန်း’

ကြီးမားသည့် လက်ဝါးရိပ်က ကျဆင်းလာသောအခါ ကြောက်မက်ဖွယ် မုန်တိုင်း၏ အလင်းအကာအကွယ်က ဂူတုံးလျှို၏ ခန္ဓာကိုယ်အနီးတွင် ပေါ်ပေါက်လာပြီး သူ့အနီးဝန်းကျင်ကို လွှမ်းခြုံကာ မဟာလမ်းစဥ် လက်ဝါးရိပ်မှ ကာကွယ်ပေးလိုက်သည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ နန်းတော်သခင်က သူ့ကို ကြည့်လိုက်၏။ ရုတ်တရက် တောက်ပသည့် နတ်လျှပ်စီးတို့က ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသည်။ ထောင်ချီသည့် မိုးကြိုးတိမ်တိုက်များက စုစည်းလာပြီး ကျယ်ပြောသည့် နေရာတစ်ခုလုံးက မိုးကြိုး၏ ပျက်သုဥ်း​ခြင်း လောကအဖြစ် ပြောင်းလဲသွားခဲ့သည်။

မိုးကြိုးလမ်းစဥ်၏ ပြင်းထန်သော စွမ်းအားများ တိုက်ခိုက်မှုက ပြည့်ဝသော ဖျက်ဆီးခြင်းစွမ်းအားတို့ ပါဝင်နေကာ ဂူတုံးလျှိုထိုင်နေသည့် နေရာသို့ ပြေးဝင်သွားသည်။ သူက ဂူတုံးလျှို မည်သည်တို့ လုပ်ရန် ကြံစည်နေသည်အား သိလိုနေသည်။ သူက သူတို့ကို မည်သို့ ရပ်တန့်လိမ့်မည်နည်း။

ရွှစ်…

စူးရှသည့် ခြောက်ခြားဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် မိုးကြိုးမုန်တိုင်းက ဂူတုံးလျှို၏ အလင်းအကာအကွယ်ကို ထိုးဖောက်နေသည်။ ဂူတုံးလျှို၏ ခန္ဓာကိုယ်မှ နတ်အလင်းကိုးသွယ်က ကောင်းကင်သို့ ထိုးတက်သွားကာ ကောင်းကင်ထက်ရှိ မုန်တိုင်းအတွင်းသို့ တိုးဝင်သွား၏။

ထိုအခိုက်အတန့်၌ ကောင်းကင်ထက်ရှိ မုန်တိုင်းထံမှ ရုတ်တရက် အဆုံးမဲ့ထာဝရအလင်းများ ကျဆင်းလာပြီး ဂူတုံးလျှို၏ ခန္ဓာကိုယ်ကို ဖုံးအုပ် ထိန်းချုပ်ထားလိုက်ကာ မဟာလမ်းစဥ်၏ စွမ်းအင်လှိုင်းများက ကျဆင်းလာကာ ဂူတုံးလျှိုကို တိုက်ခိုက်လာမှု အားလုံးကို တားဆီးထားလိုက်သည်။

သန့်စင်သည့် နတ်အလင်းများက လင်းလက်တောက်ပနေသည်။ ကောင်းကင်ထက်တွင် မုန်တိုင်း၏ လှည့်ပတ်မှုအရှိန်က အလွန် တည်ငြိမ်နေပြီး မုန်တိုင်းသည် ဝင်္ကပါအစီအရင် အဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာ အားလုံးဆီသို့ အရှိန်အဝါများ ထုတ်လွှတ်နေသည်။

ကြီးမားသည့် အဆုံးမဲ့ ရှေးဟောင်းစာလုံးများက ဝင်္ကပါအစီအရင်ကို ဝန်းရံ​နေသည်။ ထိုစာလုံးများမှာ လင် ၊ ပင်း ၊ သော့ ၊ ကျယ် ၊ ကျဲ ၊ ကျန့် ၊ လဲ့ ၊ ချန် နှင့် ရှင် တို့ ဖြစ်သည်။ (Lin, Bing, Do, Zhe, Jie, Zhen, Lie, Qian, and Xing!)

စာလုံးကိုးခုမှာ လှည့်ပတ်နေပြီး နတ်အလင်းတန်းများက ​တိမ်တိုက်များဆီသို့ ထိုးတက်သွားကာ မိုင်ထောင်သောင်းချီ နတ်ဆိုးသားရဲများပေါ်သို့ ဖြာကျလာပြီး မူလတောင်တန်းတစ်ခုလုံးကို တုန်ခါစေကာ အော်မြည်သံများ ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ် ဝါးမျိုခြင်းစွမ်းအားက ထွက်ပေါ်လာပြီး နတ်အလင်းများ ထုတ်လွှတ်နေသည်။ ကောင်းကင်ထက်မှ နတ်ဆိုးတိမ်တိုက်များသည် လှည့်ပတ်နေကာ ဝင်္ကပါဆီသို့ တိုးဝင်လာပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်အောက်ဘက်ရှိ တောင်များက ပြိုကျလာပြီး မြေပြင်က အက်ကွဲလာ၏။ စွမ်းအားများမှ ပုံရိပ်ယောင်များက ကောင်းကင်တွင် ရပ်ကာ ဝင်္ကပါအစီအရင်၏ အစွန်းဘက်များတွင် ပေါင်းစပ် အားဖြည့်ကာ ဝင်္ကပါ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။

ထိုမျှသာမကဘဲ မူလတောင်တန်း၏ မြေပြင်အောက်တွင် မြှုပ်နှံခံထားရသည့် နတ်လက်နက်များက ပျံသန်းထွက်လာကာ ဝင်္ကပါဆီသို့ ဦးတည်လာပေသည်။ ထို့နောက် သူတို့သည် ဝင်္ကပါအတွင်း ပေါင်းစပ်သွားကာ အစီအရင်အတွင်း သန့်စင်နေသည်။

ဝင်္ကပါအောက်မှ ဟန်ကျိုးဓားအင်ပါယာပင်လျှင် သူ၏ ခန္ဓာကိုယ်က ထိန်းချုပ်မှု ကင်းလွတ်သွားသည်ဟု ထင်မှတ်ရကာ ကောင်းကင်သို့ ဦးတည်၍ ဝင်္ကပါဆီ ပျံသန်းသွားလေသည်။

သို့သော် သူ့ကို ကြည့်ရသည်မှာ သက်သောင့်သက်သာနှင့် အလွန်တည်ငြိမ်နေသည်။

ကောင်းကင်နှင့် မြေကြီးကြားမှ စွမ်းအားများကို သန့်စင်ပြီး ဤနေရာ၏ ကံစွမ်းအားကို ရရှိသည်လား။

ထိုထိပ်တန်းပုဂ္ဂိုလ်များ၏ မျက်လုံးတို့က ဖမ်းစားခံလိုက်ရပြီး သူတို့၏ နှလုံးသားများက တုန်ယင်နေသည်။ သူတို့သည် ဤနေရာအနီးသို့ ရောက်လာကတည်းက ပြင်းထန်သည့် ခြိမ်းခြောက်မှုကို ခံစားရသည်မှာ အံသြစရာမရှိတော့ပေ။ စွမ်းအား အားလုံးကို ထိုမဟာဝင်္ကပါက စုပ်ယူထားခြင်း ဖြစ်သည်။

သူက မူလတောင်တန်း၏ စွမ်းအား အားလုံးကို ငှားရမ်းအသုံးပြု၍ မဟာဝင်္ကပါအတွင်းသို့ ထိုစွမ်းအားများကို သန့်စင်နေသည်လား။

ကောင်းကင်အာဏာစက်ပြည်ထောင်၏ ဘုရင်နှင့် ကျန်းကလန်၏ ခေါင်းဆောင်တို့သည် ကောင်းကင်ထက်ရှိ ဝင်္ကပါကို စူးစိုက်ကြည့်နေကြသည်။ သူတို့၏ ဝတ်စုံများက လေထဲတွင် လွင့်ဝဲနေပြီး သူတို့၏ နှလုံးသားများက လှုပ်ရှားနေကြသည်။ ထိုမြင်ကွင်းက သူတို့နှင့် အလွန် ရင်းနှီးနေပေသည်။

သူတို့သည် ဂူထျန်းရှင်း၏ သက်စောင့်ဝိညာဥ် ဖြစ်သော နတ်ဝင်္ကပါက မည်မျှ ခြိမ်းခြောက်နိုင်စွမ်း ရှိသည်ကို မမေ့ကြသေးပေ။

ဤဝင်္ကပါက သူ့သက်စောင့်ဝိညာဥ်မှ ပြောင်းလဲလာသည်လား။

ကောင်းကင်တွင် ဝင်္ကပါက ဖုံးလွှမ်းထားပြီး နတ်အလင်းကိုးခုက အတွင်းသို့ ပေါင်းစပ်နေသည်။ အဆုံးတွင် ဝင်္ကပါတွင် ထိုင်နေသော ပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။

ထိုပုံရိပ်ကို ကြည့်ရသည်မှာ တည်ငြိမ်ပြီး အလေးအမြတ်ထားချင်ဖွယ်ဖြစ်ကာ ခပ်ဝါးဝါး အရိပ်သာ ဖြစ်သော်လည်း သူ၏ လွှမ်းမိုးနိုင်သည့် အသွင်အပြင်ကို မြင်တွေ့နိုင်ပေသည်။

ဂူထျန်းရှင်းက အသက်ရှင်နေသေး၏။

သူ ကိုယ်တိုင်မဟုတ်လျှင်ပင် သူ၏ အသိစိတ်က ကမ္ဘာပေါ်တွင် ရှိနေဆဲဖြစ်ကာ သူ ချမှတ်ထားသော အစီအစဥ်က တည်ရှိနေသေး၏။

ဗြဟ္မာ့သန့်စင်ကောင်းကင် အရှင်သခင်၊ ထောင်ချီနတ်တောင် အရှင်သခင်နှင့် နတ်ဆိုးဘုံ၏ ထိပ်သီးပုဂ္ဂိုလ်ကြီးများမှာ ရှုပ်ထွေးသည့် ခံစားချက်တို့ ဖြစ်ပေါ်လာသည်။

အလွန် အစွမ်းထက်လှသည်။

နှစ်ပေါင်းများစွာကတည်းက ကျဆုံးသွားခဲ့သည့် ဟန်ကျိုးပင်လျှင် အလွန် အစွမ်းထက်သည့် စွမ်းအားတို့ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

ရီဖူရှင်းက ထိုသည်ကို မြင်သည့်အခါ၌ ဤ သေဆုံးပြီးသည့် ပုဂ္ဂိုလ်တစ်ဦးက နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အဘယ့်ကြောင့် ကောင်းကင်အာဏာစက်ဘုံအား လှုပ်ခတ်နိုင်သေးသည့် အကြောင်းအား နားလည်သွားခဲ့သည်။

သူက အပြီးတိုင် ပျောက်ကွယ်သွားခြင်းမှ မဟုတ်ခဲ့လျှင် ကောင်းကင်အာဏာစက်ဘုံမှ အစွမ်းထက် ပုဂ္ဂိုလ်များမှာ မည်သည့်အခါမှ ငြိမ်းချမ်းစွာ နေရလိမ့်မ​ည် မဟုတ်ပေ။

အဝေးတစ်နေရာတွင် ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်တစ်စုသည် နယ်မြေတစ်ခုအတွင်း ပိတ်မိနေသော်လည်း ထိုအခိုက်တွင် နယ်မြေက ပြင်းထန်စွာ ပြိုကျလာကာ မြေပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်ပေါက်လာပြီး များပြားလှသည့် တစ္ဆေတို့က ဝင်္ကပါ ဦးတည်သွားလေသည်။ ဤနေရာမှ မွေးဖွားလာခဲ့သည့် မိစ္ဆာလက်နက်တစ်ခုသည်လည်း ပြိုင်ဘက်ကင်း အစွမ်းထက်လှပေမယ့် ထိုနေရာသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့ပေသည်။

ဤနေရာတွင်သာ မဟုတ်ဘဲ မူလတောင်တန်း၏ နေရာအနှံ့တွင်လည်း အလားတူ ဖြစ်ရပ်များ ဖြစ်ပျက်နေသည်။

မူလတောင်တန်းတွင် လူတိုင်းသည် တစ်နေရာတည်းသို့ မော့ကြည့်လိုက်ပြီး သူတို့သည် ကောင်းကင်ထက်တွင် ဆက်လက်ကြီးထွားလာနေသည့် မဟာလမ်းစဥ်ဝင်္ကပါကို ရေးတေးတေး မြင်နိုင်ကြလေသည်။

ထိုအစီအရင်၏ အောက်ဘက်၌ ရပ်နေသူများသာလျှင် ဤဝင်္ကပါက အမှန်တကယ် မည်မျှ အစွမ်းထက်သည်ကို ခံစားနိုင်ကြပေသည်။ ထောင်သောင်းချီသည့် နေရာအတွင်း မရေတွက်နိုင်သော တစ္ဆေ အရိပ်များက အော်မြည်နေ​ပြီးနောက် ဝါးမျိုခြင်းခံလိုက်ရကာ မရေတွက်နိုင်သည့် လက်နက်များသည်လည်း လေပွေအတွင်း ပါလာခဲ့၏။

ကြည့်ရသည်မှာ ကောင်းကင်လမ်းစဥ်၏ ဝင်္ကပါအစီအရင် ဖြစ်လာပုံရလေသည်။

ယင်းသည် အစီစဥ်တကျ လမ်းကြောင်းအတိုင်း လှည့်ပတ်နေပြီး လောကရှိ အရာအားလုံးကို စုပ်ယူနေသည်။

ရှန့်ထိုအဆင့် တန်ခိုးရှင်များသည် သူတို့၏ နယ်မြေများ၌ သေမျိုးခန္ဓာ မဟုတ်တော့သော အစွမ်းထက်သူများ ဖြစ်ကြသော်လည်း ယခုတွင် ဝင်္ကပါ အောက်တွင် ရပ်နေသော ရီဖူရှင်းနှင့် အခြားလူများသည် ပင်လယ်ထဲမှ သဲမှုန်များကဲ့သို့ အလွန် သေးငယ်နေသလို ခံစားရပေသည်။

ဂူထျန်းရှင်းသာ အသက်ရှင်နေသေးလျှင် သူက ဤဝင်္ကပါနှင့် မည်သည်ကို လုပ်ဆောင်ချင်နေသနည်း။

ဂူတုံးလျှို၏ ခန္ဓာကိုယ်က အထက်သို့ မျောလွင့်လာပြီး ပြင်းထန်သည့် ဝင်္ကပါအောက်သို့ ရောက်ရှိလာသည်။

ထိုအချိန်တွင် ခရမ်းရင့်ကောင်းကင်နန်းတော်မှ နန်းတော်သခင်၏ သည်းခံမှုအတိုင်းအတာက ကုန်ဆုံးသွားခဲ့သည်။ သူက ရှေ့ထွက်ကာ လက်များကို ဆန့်ထုတ်လိုက်သည်။

ခဏချင်းအတွင်းတွင် အဆုံးမဲ့ နတ်မိုးကြိုးများက သူ့ခန္ဓာအနီး ပေါ်ပေါက်လာပြီး ကျယ်ပြောသည့် လောကတစ်ခွင်၌ တောက်ပနေကာ သူ့အနီးတွင်လည်း နတ်မိုးကြိုးတို့ဖြင့် ဖွဲ့စည်းထားသော  ဝင်္ကပါတစ်ခု ပေါ်ပေါက်လာသည်။ ဝင်္ကပါသည် ကောင်းကင်နှင့် မြေကြီးကြားရှိ နတ်မိုးကြိုးများကို ဝါးမျိုနေသည်။ ထောင်သောင်းချီသော ကပ်ဘေးမိုးကြိုးများက တစ်ချိန်တည်းတွင် တောက်ပလာပြီး အဆုံးမဲ့ လေဟာနယ်ကို ဖုံးလွှမ်းသွားသည်။

“ခင်ဗျားက သေသွားပြီဆိုမှတော့ ငြိမ်းငြိမ်းချမ်းချမ်း အနားယူလိုက်ပါတော့” ခရမ်းရင့်ကောင်းကင် နန်းတော်သခင်၏ အသံက လွှမ်းမိုးသွားသည်။သူ့အသံကို လိုက်၍ ထောင်သောင်းချီသော နတ်မိုးကြိုးများက ဂူတုံးလျှို၏ ခန္ဓာကိုယ်ဆီသို့ ရိုက်ခတ်လိုက်သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် ဂူထျန်းရှင်း၏ တည်ရှိမှုက သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လေသည်။

ထိုကဲ့သို့သော ခံစားချက်မျိုးကို ယူဆောင်လာနိုင်သည့် သူမှာ ကောင်းကင်အာဏာစက်ဘုံ၌ အခြားတစ်ယောက် ထပ်ရှိလိမ့်မည် မဟုတ်ပေ။ နှစ်ပေါင်းများစွာ ကြာညောင်းသွားလည်း ဂူထျန်းရှင်းတစ်ယောက်သာ ရှိပေလိမ့်မည်။

သူက ဂူထျန်းရှင်းသည် သေဆုံးပြီးနောက်၌ပင် ထိုမျှထိ အစွမ်းထက်နေမည်ဟု ထင်မှတ်မထားခဲ့ပေ။

ကောင်းကင်နတ်မိုးကြိုးက လေကို ဆန်ကာ တက်သွားသည်။  လေထဲမှ ကောင်းကင်လမ်းစဥ် ဝင်္ကပါသည် မရေတွက်နိုင်သည့် မကောင်းဆိုးဝါး အသိစိတ်များ ထိုးထွက်လာသည်ကို မြင်သည့်အခါ ထောင်သောင်းချီသည့် နတ်အလင်းများကို ကျဆင်းလာစေသည်။ ရေတွက်၍ မရနိုင်သော လက်နက်ကိရိယာများသည်လည်း ကျဆင်းလာပြီး နတ်အလင်းအဖြစ်သို့ ပြောင်းလဲသွားကာ အရာအားလုံးကို သုတ်သင်ဖယ်ရှားလိုက်ပြီးနောက် မိုးကြိုးစွမ်းအားများနှင့် ထိပ်တိုက်တွေ့ရှိခဲ့သည်။

“ဘုန်း…” ကောင်းကင်ထက်တွင် ဖျက်ဆီးခြင်းစွမ်းအားများ ဖြစ်ပေါ်လာပြီး ပြင်းထန်သည့် မိုးကြိုးအလင်းများက ပျက်ပြယ်သွားရကာ ဂူတုံးလျှို၏ ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြင်း မရှိတော့ပေ။

နတ်ဝင်္ကပါအထက်တွင် ဂူထျန်းရှင်း၏ ပုံရိပ်က တဖြည်းဖြည်း အကောင်အထည် ပေါ်လာသည်။ သူက ကောင်းကင်အောက်ရှိ တန်ခိုးရှင်များကို ငုံ့ကြည့်လိုက်ကာ ပြောလိုက်သည်။ သူ၏ အသံက စကြာဝဠာအပြင်ဘက်မှ လာသကဲ့သို့ ပဲ့တင်ထပ်လာ၏။

“မူလလမ်းစဥ်ကို ဆက်ခံနိုင်တဲ့သူက နတ်ဆိုးဘုံရဲ့ အရှင်သခင်အသစ် ဖြစ်လာနိုင်တယ်”

***

Comment

Leave a Reply

Options

not work with dark mode
Reset