ထိုအခိုက် ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားဟန်တူသည်။
နောက်ဆုံးတွင် သွေးဆာနေသော အရိပ်အငွေ့များဖြင့် ပြည့်နှက်နေသော ခေါင်းဆောင်လဲ့၏မျက်ဝန်းများထဲ လှိုင်းလေးတစ်ခု ဖြတ်ပြေးသွားသည်။ သူက ရွှီချင်းကို စူးစိုက်၍ကြည့်ကာ အော်ပြောလိုက်သည်။
“ ကလေး၊ မြန်မြန်သွားတော့ ”
သို့သော်လည်း ရွှီချင်းသည် ခေါင်းဆောင်လဲ့၏စကားကို နားမထောင်ဘဲ သွေးအရိပ်အဖွဲ့ခေါင်းဆောင်ကိုသာ မျက်လုံးများမှေး၍ မမှိတ်မသုန် ကြည့်နေသည်။
သွေးအရိပ်အဖွဲ့ခေါင်းဆောင်သည်လည်း ပထမဆုံးအကြိမ်အဖြစ် ရွှီချင်းကို သေချာကြည့်နေသည်။ ရွှီချင်းဘေးရှိ အလောင်းသုံးလောင်းကို သူ မြင်သောအခါ ကွက်ခနဲ မျက်နှာပျက်သွားသည်။ မိုးကြိုးအဖွဲ့အပေါ် သူ၏လေ့လာဆန်းစစ်မှုနှင့်ပတ်သက်၍ အမှား လုပ်ခဲ့မိကြောင်း သူ ဝန်ခံရပေမည်။
တစ္ဆေရိုင်းကြီး၏ သေမှာကို မကြောက်မရွံ့ဘဲ ရင်ဆိုင်တိုက်ခိုက်သွားခြင်းသည် ထိုအမှားများအနက် တစ်ခုဖြစ်ပြီး ဗြုန်းခနဲ ထွက်ပေါ်လာသော အနှီကလေးငယ်က နောက်ထပ်အမှားတစ်ခုဖြစ်သည်။
“ သူ့ကို သတ် ”
သွေးအရိပ်အဖွဲ့ခေါင်းဆောင်က အေးစက်စက်နှာမှုတ်၍ အသေအကြေ တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
သူသည် စကားပြောနေရင်း သူ၏အရှိန်အဝါများ ဝုန်းခနဲ ထွက်ပေါ်လာပြီး ခေါင်းဆောင်လဲ့ထံ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ထိုသို့ဖြင့် သူနှင့် ခေါင်းဆောင်လဲ့တို့သည် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဆင်နွှဲလိုက်ကြသည်။
တခြားတစ်ဖက်တွင် ချီစုစည်းခြင်းအဆင့်ငါးရှိသော သက်လတ်ပိုင်းလူသည် ကောက်ကျစ်သော အပြုံးဖြင့် ရွှီချင်းထံ ပြေးဝင်သွားသည်။
ထိုသို့ ပြေးနေရင်း သူက ဝိညာဉ်စွမ်းအားအကုန်အစင် ထုတ်ဖော်ထားပြီး လက်ဆစ်များကိုလည်း ချိုးနေပေရာ ရက်စက်ကြမ်းကြုတ်ဖွယ်ရာအတိ ဖြစ်နေတော့သည်။
ထိုလူငယ်သည် လက်ဖျားခါရလောက်အောင် မြန်ဆန်ပြီး သူ့အပေါင်းအဖော် သုံးယောက်ကို ချက်ချင်း သတ်ပစ်နိုင်ပါသော်လည်း သူသည် မကြာသေးခင်က အဆင့်ငါးကို ရောက်ရှိသွားခဲ့သည်ဖြစ်၍ အသာလေး အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေဆဲပင်။
ထိုစဉ် ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး ထိုမျက်လုံးများထဲရှိ အေးစက်စက်အလင်းများ ပို၍ ပြင်းထန်လာတော့သည်။
အစောပိုင်းက သူ၏တိုက်ခိုက်မှုများအရ ချီစုစည်းခြင်းအဆင့်လေး ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်စွမ်းရှိသည်ဟု သူ ခံစားနေရပါသော်လည်း အဆင့်ငါးကျင့်ကြံသူများကို တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးသည်ဖြစ်၍ မသေချာပေ။
ရွှီချင်းသည် လှစ်ခနဲ ပြေးသွားကာ သက်လတ်ပိုင်းအရွယ်လူထံ တဟုန်ထိုး ဝင်ရောက်သွားသည်။ ထို့နောက် နီးကပ်လာသည်နှင့် လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
သက်လတ်ပိုင်းအရွယ်လူ၏နှုတ်ခမ်းများက အထင်သေးသော အပြုံးတစ်စဖြင့် ကွေးညွတ်သွားသည်။
ရွှီချင်း ရောက်ရှိလာသည်နှင့် သက်လတ်ပိုင်းအရွယ်လူ၏ခန္ဓာကိုယ်အပြင်ဘက်ရှိ ဝိညာဉ်စွမ်းအားအငွေ့အသက်များက ရွှီချင်း၏လက်သီးချက်ကို တားဆီးသည့် မမြင်နိုင်သော အလွှာတစ်ခုအသွင် ပြောင်းလဲသွားသည်။
ဘုန်းခနဲ မြည်ဟည်းသံ ထွက်ပေါ်လာပြီး အတားအဆီးအလွှာတွင် အက်ကွဲကြောင်းများ ထလာပါသော်လည်း မပျက်စီးသွားချေ။
ဆန့်ကျင်ဘက်အနေဖြင့် ပြင်းထန်သော တန်ပြန်အားတစ်ရပ် ထွက်ပေါ်လာကာ အတားအဆီးအလွှာနှင့် ထိတွေ့မိသော ရွှီချင်း၏လက်ကောက်ဝတ်မှ တဖျစ်ဖျစ်မြည်သံများ ထွက်လာကာ လည်ထွက်သွားသည်။
ရွှီချင်း၏မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ဘေးသို့ ရှောင်တိမ်းလိုက်သည်။ တစ်ဆက်တည်း လည်ထွက်သွားသော ညာဘက်လက်ကောက်ဝတ်ကို ကြမ်းတမ်းစွာ ပြန်လည်တည့်မတ်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းများ ဖြတ်ပြေးသွားသည်။ သူသည် နောက်မဆုတ်ဘဲ အားကုန်သုံး၍ နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။
တဝုန်းဝုန်းမြည်ဟည်းသံများ လွင့်ပျံသွားပြီး နောက်ဆံုးတွင် အက်ကွဲကြောင်းများ လှိုင်းထနေသော အတားအဆီးလွှာကြီး လုံးလုံးလျားလျား ပျက်စီးသွားသည်။
သို့သော်လည်း ၎င်းပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် အထဲမှ ဆောင့်အားကြီးတစ်ခု ပြန်ကန်ထွက်လာသည်။ ထိုဆောင့်အားသည် ပြေးလာနေသော ရွှီချင်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
အတားအဆီးအလွှာ ပျက်စီးသွားရာမှ မမြင်နိုင်သော အကျိုးအပဲ့များသည် စူးရှချွန်ထက်သော ဓားပါးပါးလေးများပမာ ဖြစ်သွားဟန်တူပြီး ရွှီချင်း၏ခန္ဓာကိုယ်ပေါ်တွင် ပြတ်ရှရာများ ကျန်ရစ်ခဲ့လေသည်။ ကြောက်ခမန်းလိလိ မြင်ကွင်းတစ်ရပ်ပင်။
ရွှီချင်း၏တစ်ကိုယ်လုံး တုန်ရီသွားသည်။
ထိုဆောင့်အားကြောင့် သူ့ခန္ဓာကိုယ်သေးသေးလေး နောက်သို့ တရစပ် ဆုတ်နေပြီး သူ့ခန္ဓာကိုယ်အနှံ့ ပြတ်ရှရာများ ပေါ်လာသည်။ ယခုလေးတင် ပြန်ကောင်းလာခဲ့သော လက်ကောက်ဝတ်သည်လည်း ဘေးသို့ တွဲလောင်းကျသွားပြန်သည်။
“ အရူး ”
“ သာမန်အပြင်အားပညာရှင်တစ်ယောက်က မန္တန်စီရင်သူတစ်ယောက်နဲ့တောင် ယှဉ်နိုင်တာမဟုတ်ဘူး။ မင်းလို အဆင့်သုံးရောက်နေတဲ့လူတစ်ယောက်က ငါ့လို အဆင့်ငါးရောက်နေတဲ့လူတစ်ယောက်ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား ”
တထောင်းထောင်းထနေသော ဖုန်မှုန့်များ အောက်သို့ ပြန်လည်ကျဆင်းလာစဉ် သက်လတ်ပိုင်းအရွယ်လူ၏ အထင်သေးသောအကြည့်မှာလည်း ပို၍ပင် ပေါ်လွင်နေတော့သည်။
သို့ပေမည့် သူ အံ့အားလည်းသင့်သွားခဲ့ရသည်။ ဒုတိယမြောက်လက်သီးချက်ကြောင့် သူ့ဝိညာဉ်စွမ်းအား အတားအဆီးအလွှာ ပျက်စီးသွားရမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
မကြာသေးခင်က အဆင့်ငါးသို့ သူ ရောက်သွားခဲ့၍သာ ဝိညာဉ်စွမ်းအင်အလွှာ ပျက်စီးသွားပြီးနောက် သူ ဖောက်ခွဲပစ်လိုက်နိုင်ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက အစောပိုင်းအခြေအနေကတည်းက သူ အရေးနိမ့်သွားရမည် ဖြစ်သည်။
ရွှီချင်းမှာ မျက်မှောင်ကြုတ်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးနှင့် လက်မှ ပြင်းထန်သော နာကျင်မှုကို မခံစားရသည့်အလား သက်လတ်ပိုင်းအရွယ်လူကို စူးရှပြတ်သားစွာ ကြည့်နေသည်။ သူက ကြည့်နေရင်း ညာလက်ကို မြေပြင်ပေါ်ထောက်ကာ လည်ထွက်သွားသော လက်ကောက်ဝတ်ကို ပြန်လည်တည့်မတ်လိုက်သည်။
ရွှီချင်းထံ လျှောက်လာနေသော သက်လတ်ပိုင်းအရွယ်လူသည် ရွှီချင်း၏ ရက်စက်ကြမ်းတမ်းသော အပြုအမူများကို မြင်သောအခါ အနည်းငယ် မျက်လုံးများ ကျဉ်းမြောင်းသွားကာ ခြေလှမ်းများ ရပ်သွားသည်။ ထို့နောက် သူက လက်နှစ်ဖက်ကိုမြှောက်၍ ချက်ချင်း မုဒြာဟန်ဖော်လိုက်သည်။
သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် ဝိညာဉ်စွမ်းအားများ တဖန် စုစည်းလာ၏။ ၎င်းသည် လူတစ်ယောက်၏ခေါင်းတစ်လုံးစာ အရွယ် မီးလုံးတစ်လုံးအသွင် ပြောင်းလဲသွားပြီး တရွှီရွှီမြည်သံပေး၍ ရွှီချင်းထံ ပြေးဝင်သွားသည်။
ထိုမီးလုံးတွင် ကြောက်ခမန်းလိလိ ပူပြင်းသော မီးတောက်များ ရှိနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပုံပျက်သွားသည်။ ယင်းအခြေအနေကိုကြည့်၍ ၎င်း၏အပူရှိန်က လွန်စွာ မြင့်မားသည်ကို မှန်းဆနိုင်ပေသည်။
မီးလုံး နီးကပ်လာသည်နှင့် ရွှီချင်းက ဘေးသို့ လှစ်ခနဲ ရှောင်တိမ်းလိုက်သည်။ သို့သော် မီးလုံးက သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာ၏။
သက်လတ်ပိုင်းအရွယ်လူ၏ မျက်ဝန်းများထဲ လူသတ်ငွေ့များဖြင့် တဖိတ်ဖိတ်လက်နေသည်။ သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် နောက်ထပ်အတားအဆီးတစ်လွှာ ဖန်တီးရန်ကိုလည်း သူ မေ့မနေသလို မုဒြာဟန်ဖော်၍ ဒုတိယနှင့် တတိယမြောက်မီးလုံးများကို ရွှီချင်းနောက်သို့ စေလွှတ်လိုက်သည်။
ရွှီချင်းသည် သူ့လွတ်လမ်းများအားလုံးကို ပိတ်ဆို့လာသော မီးလုံးသုံးလုံးကိုကြည့်၍ မျက်လုံးများ မှေးသွားသည်။ သူသည် မကြာသေးခင်က သတ်ဖြတ်ခဲ့သော အလောင်းတစ်လောင်းကို မ,ကာ မီးလုံးတစ်လုံးဆီ ပစ်လွှတ်လိုက်သည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ မီးလုံးနှင့် အလောင်းတို့ ထိပ်တိုက် တွေ့ဆုံသွားကြပြီး အလောင်းကြီး ချက်ချင်း တဟုန်းဟုန်း လောင်ကျွမ်းသွားသည်။ ဖြစ်စဉ်တစ်ခုလုံး အသက်ရှူချိန် သုံးကြိမ်ရှူစာသာ ကြာမြင့်နေသေးပြီး ယင်းနောက် အလောင်းတစ်ခုလုံး ပြာဖြစ်သွားသည်။
ထိုမြင်ကွင်းကြောင့် မီးလုံးများ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ရွှီချင်း သိသွားသည်။
မီးလုံးများမှ အပူရှိန်ကြောင့် လေထုကြီး ပူပြင်းလာပြီး သူ့ခန္ဓာကိုယ်သည်လည်း ချက်ချင်း နီမြန်းလာသည်။ သို့ဖြစ်၍ သူက ရှောင်တိမ်းရန် ပြင်လိုက်ပါသော်လည်း ဒုတိယမြောက်နှင့် တတိယမြောက်မီးလုံးများက နီးကပ်လာနေပြီဖြစ်သည်။
သက်လတ်ပိုင်းအရွယ်လူ၏ သွေးအေးသော အကြည့်အောက်၌ မီးလုံးများသည် နီးကပ်လာသည်နှင့် ရွှီချင်းကို ထွက်ခွာရန် အခွင့်အရေးမပေးဘဲ ချက်ချင်း ပေါက်ကွဲသွားြကသည်။
ဘုန်း …
မီးတောက်များက အတော်ဝေးဝေးအထိ ပျံ့နှံ့သွားပြီး အပူရှိန်က လူသေစေနိုင်လောက်သည်အထိ မြင့်တက်လာသည်။
ရွှီချင်းအတွက် ထိုနေရာရှိ မီးလုံးပေါက်ကွဲမှုမှ လုံးလုံးလျားလျား ရှောင်တိမ်းနိုင်ရန်မှာ မလွယ်ကူပေ။ သူ၏အမြန်နှုန်းဖြင့် မီးတောက်တစ်ဝက်ခန့်ကို ရှောင်ရှားနိုင်ခဲ့ပါသော်လည်း မီးတောက်များစွာထဲတွင်သာ အဆုံးသတ်သွားခဲ့ရသည်။ ယင်းအပြင် လေထုထဲရှိ ရေခိုးရေငွေ့များ အငွေ့ပျံလာသည်နှင့်အမျှ သူ့ကိုယ်တွင်းအင်္ဂါများသည်ပင် လောင်ကျွမ်းနေသည့်အလား ခံစားနေရတော့သည်။
“ မီးကျီးကန်း၊ မြန်မြန်အဆုံးသတ်လိုက်တော့ ”
ခေါင်းဆောင်လဲ့နှင့် တိုက်ခိုက်နေသော သွေးအရိပ်အဖွဲ့ခေါင်းဆောင်က အော်ပြောလိုက်သည်။
“ ကောင်းပါပြီ ခေါင်းဆောင်။ ဒီခွေးကောင်လေး အလွန်ဆုံး ခံနိုင်လှ မီးလုံးနှစ်လုံးလောက်ပေါ့။ ပြီးရင် ခြောက်ကပ်နေတဲ့ အလောင်းတစ်လောင်း ဖြစ်သွားမှာပါ ”
မီးကျီးကန်းဆိုသည့် သက်လတ်ပိုင်းအရွယ်လူသည် တဟားဟား ရယ်မောလိုက်၏။ ရွှီချင်းကို ကြည့်နေသည့် သူ၏အကြည့်ထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပို၍ပင် အားကောင်းလာသည်။ ထို့နောက် သူက ညာလက်ကိုမြှောက်လိုက်ရာ သူ့ဘေးတွင် မီးလုံးနှစ်လုံး ပေါ်လာသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်သောအခါ မီးလုံးများသည် ရွှီချင်းထံ မြန်ဆန်စွာ ပြေးဝင်သွားသည်။
ရွှီချင်း ရှောင်တိမ်းသွားမည်ကို သူ စိုးရိမ်ပူပန်နေသည်ဖြစ်၍ မကြာသေးခင်က လုပ်ခဲ့သည့်အတိုင်း ရွှီချင်းအနားသို့ ရောက်သွားသည်နှင့် မီးလုံးများကို ဖောက်ခွဲပစ်လိုက်သည်။ ပေါက်ကွဲမှုများက ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး ရွှီချင်း၏ လွတ်လမ်းများအားလုံးကို ပိတ်ဆို့လိုက်သည်။
အပူရှိန်မြင့်တက်လာပြီး မြေပြင်ပေါ်တွင် မီးတောက်များ တဟုန်းဟုန်း လောင်ကျွမ်းနေတော့သည်။ သစ်ပင်ကြီးများစွာမှာ ကောင်းကင်မှ လင်းရောင်ခြည်တန်းလေးများကို ဖုံးကွယ်ပေးနိုင်စွမ်းမရှိတော့ဘဲ ပြာအဖြစ်သို့ ရောက်သွားကြသည်။ သို့ဖြစ်၍ နေရောင်ခြည်တန်းလေးများက မီးတောက်များ၏ အလင်းရောင်နှင့် ပေါင်းစည်းသွားကာ မီးကျီးကန်း၏အမြင်အာရုံကို ခေတ္တမျှ ဝေဝါးသွားစေသည်။
သို့ပေမည့် သူက အဆင့်ငါးသို့ ရောက်ရှိနေသည်ဖြစ်၍ မီးလုံးများနှင့် အဆင့်သုံးရှိလူတစ်ယောက်ကို ဇီဝိန်ခြွေရမည်မှာ ခက်ခဲသောအလုပ်မဟုတ်ကြောင်း အလွန် ယုံကြည်မှု ရှိနေသည်။
သို့ဖြစ်၍ သူ့လက်နှစ်ဖက်ကို သူ သုတ်လိုက်သည်။ သူက လေအနည်းငယ် မှုတ်ထုတ်လိုက်ပါသော်လည်း သူ့အကြည့်များထဲတွင် အထင်သေးသည့်အရိပ်အယောင်များ ရှိနေဆဲပင်။ သူက လှည့်ကာ ခေါင်းဆောင်လဲ့နှင့် သွေးအရိပ်အဖွဲ့ခေါင်းဆောင်တို့ တိုက်ခိုက်နေသည့်နေရာကို လျှောက်သွားသည်။
“ ခေါင်းဆောင်လဲ့ရေ … ခင်ဗျားရဲ့ အဖွဲ့ဝင်တစ်ယောက်ကတော့ တကယ်ကို သောက်သုံးမကျတာပဲ ”
မီးကျီးကန်းက အေးစက်စက်လှောင်ပြောင်ရင်း လျှောက်သွားေနသည်။ သို့သော်လည်း ခေါင်းဆောင်လဲ့၏ မျက်ဝန်းများထဲတွင် စိတ်ဓာတ်ကျနေသည့်အရိပ်အယောင်များ စိုးစဉ်းမျှ ရှိမနေဘဲ သွေးအရိပ်အဖွဲ့ ခေါင်းဆောင်မှာမူ မျက်နှာပျက်သွားသည်ကို သူ မြင်လိုက်ရသည်။
သူသည်လည်း ချက်ချင်း ဘေးသို့ ကတိုက်ကရိုက် ရှောင်တိမ်းလိုက်သည်။
သို့သော်လည်း မဆိုစလောက် နောက်ကျသွားသေးသည်။ သူ့နောက်မှ ပိန်ပိန်သေးသေးလူရိပ်တစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ ဝိညာဉ်စွမ်းအင်အတားအဆီးအလွှာကို လက်သီးချက်နှစ်လုံး တရစပ် ကျဆင်းလာသည်။
အတားအဆီးအလွှာ ပြင်းထန်စွာ ယိမ်းခါသွားပြီး ပျက်စီးသွားသည်။ ပြင်းထန်သော ပေါက်ကွဲအားကြောင့် ပိန်ပိန်ပါးပါးလူရိပ်လေးမှာ နောက်သို့ ဆုတ်ခွာလိုက်ရပါသော်လည်း ဓားမြှောင်တစ်လက်နှင့် သံတုတ်တစ်ချောင်းက မီးကျီးကန်းထံ အညှာအတာမဲ့စွာ အလစ်ဝင်ရောက်သွားသည်။
သို့တိုင် အတားအဆီးအလွှာ ပြိုလဲသွားရာမှ ဖြစ်ပေါ်လာသော ပေါက်ကွဲအားကြောင့် လက်နက်များကို အတိုင်းအတာတစ်ခုအထိ တားဆီးနိုင်လိုက်ပြီး ဓားမြှောင်၏အမြန်နှုန်း လျော့ကျသွားသည်။ ထိုအနေအထားက မီးကျီးကန်းကို ရှောင်တိမ်းရန် အခွင့်အရေး ရသွားစေသည်။
မီးကျီးကန်းက ကတိုက်ကရိုက် လှုပ်ရှားလိုက်ပါသော်လည်း ဓားမြှောင်က သူ့နားတစ်ဖက်ကို ပိုင်းဖြတ်သွားခဲ့သေးသည်ဖြစ်ပြီး သွေးများနေရာအနှံ့ ပြန့်ကျဲသွားသည်။ သံတုတ်ကလေးမှာမူ သူ၏ဝမ်းဗိုက်ကို ဖောက်ဝင်သွားခဲ့ပြီး သွေးများ ဖွာခနဲ ပန်းထွက်လာသည်။ အရေးကြီးသောနေရာများကို မထိမှန်သွားသည်မှာ နှမျောစရာကောင်းလှပေသည်။ သို့ဖြစ်၍ ထိုတိုက်ခိုက်မှုများက သေစေနိုင်လောက်သည်တော့ မဟုတ်ပေ။
ပြင်းထန်သော နာကျင်မှုက မီးကျီးကန်း၏မျက်လုံးများကို နီမြန်းသွားစေပြီး နာကျင်စွာ အော်ညည်းသွားစေသည်။ သူက ပုံပျက်ပန်းပျက် ရှောင်တိမ်းလိုက်ရပြီးနောက် သူ့နောက်ကို ဒေါသတကြီး စူးစူးရဲရဲ ကြည့်လိုက်သည်။
သူ့အမြင်အာရုံထဲ၌ ဝံပုလွေတစ်ကောင်ကဲ့သို့ လူငယ်လေးသည် မြေပြင်ပေါ်ရှိ မီးခဲများကို နင်းကာ ခုနစ်ကျန့်၊ ရှစ်ကျန့်အထိ ဆုတ်ခွာနေသည်။ လူငယ်လေးသည် ကိုယ်ကိုအနည်းငယ် ကိုင်း၍ တိုက်ခိုက်ရန် အသင့်ပြင်ထားဟန်တူသည်။
လူငယ်၏ခန္ဓာကိုယ်မှာ နီမြန်းနေပြီး မီးလောင်ဖုများ အစီအရီ ရှိနေပါသော်လည်း ထိုအခိုက် ဆည်းဆာရောင်ခြည်တန်းများက သူ့မျက်ဝန်းများထဲ ရောင်ပြန်ဟပ်သွားသည်။ ထိုမျက်ဝန်းများထဲ၌ ရေခဲတမျှ အေးစက်သောအလင်းများဖြင့် တဖိတ်ဖိတ်လက်နေသည်။ သူ၏လူသတ်ငွေ့များ စိုးစဉ်းမျှ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
good
LIKE
good
A