အခန်း ( ၂၆ )

နေရာတိုင်းမှ စောင့်ကြိုနေသော အန္တရာယ်များ ( ၁ )

“ ခရမ်းရောင်သလင်းကျောက်က ဘာကြီးတုံး။ ပြီးတော့ ရန်ငြိုးတွေပြည့်နေတဲ့ အဲဒီအရိပ်ကကော ဘာကြီးတုံး။ ငါ့သန္ဓေပြောင်းအမှတ်ပျောက်သွားတာနဲ့များ ပတ်သက်နေမလား ”
ရွှီချင်း နားမလည်နိုင်တော့။ သူ တစ်ကိုယ်တည်း တီးတိုးရေရွတ်နေစဉ် ခေါင်းဆောင်လဲ့နှင့် သူ့အဖော်များ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြပြီး သူ့ကို ကြည့်ကာ ဖြတ်ကျော်သွားကြသည်။

ရွှီချင်းသည် အတွေးစများကို ပြန်လည်သိမ်းဆည်းလိုက်ပြီး သူ့မျက်ဝန်းများထဲတွင် အလင်းတစ်ချက် ဝင်းလက်သွားသည်။

မည်သို့ပင်ဖြစ်စေ ယင်းက ယခုအချိန်မှာ အရေးမကြီးပေ။

ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီးနောက် သူ တိုက်ခိုက်ရန် အလှည့်ကျလာသည်။

သူသည် မတ်တတ်ရပ်၍ သံတုတ်ကို သူ့ခန္ဓာကိုယ်နှင့် သုတ်လိုက်သည်။ အေးစက်စက်အလင်းတန်းများ တစ်ဖန် ဝင်းလက်လာပြီး ကြက်ခြေခတ်ကလည်း သူ့ကို ကျော်ဖြတ်သွားသည်နှင့် သူ ရှေ့သို့ ပြေးထွက်သွားသည်။

သူသည် မြန်ဆန်စွာ ပြေးသွားသည်ဖြစ်၍ နောက်မှလိုက်ပါလာသော ဝံပုလွေအုပ်ကြီးနှင့် ချက်ချင်း ထိပ်တိုက်တိုးသွားသည်။

လူငယ်လေးတစ်ဦးက သတ်ပွဲသဘင်ကျင်းပနေသည့်အလား တဝုန်းဝုန်း တိုက်ခတ်သံများနှင့်အတူ သွေးပျက်ခမန်းနာကျင်စွာ အော်ဟစ်သံများ လွင့်ပျံနေတော့သည်။

ပုစွန်ဆီရောင်ဖြန့်ကျက်ထားသော ဆည်းဆာနေရောင်ခြည်အောက်တွင် သွေးမိုးများကို ကျော်ဖြတ်ကာ နတ်ဘုရား၏အကြည့်အောက်ဝယ် အသက်ရှင်လာခဲ့သော လူငယ်လေးသည် တဖြည်းဖြည်း အတွေ့အကြုံ ရင့်ကျက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် သူ အချိန်အတော်ကြာသည်အထိ တိုက်ခိုက်လာနိုင်သည်။

မိုးကြိုးအဖွဲ့၏ အလှည့်ကျခုခံ၍ နောက်ဆုတ်ခြင်းနှင့်အတူ အချိန်သည်လည်း တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။

ယခုအခါ နေမင်းကြီး ပျောက်ကွယ်သွားပြီး လမင်းကြီး ထိန်ထိန်သာနေပြီဖြစ်သည်။ တားမြစ်နယ်မြေထဲတွင် ညအမှောင်ထုကြီးစိုးနေပါသော်ငြား တိုက်ခတ်သံများ အဆက်မပြတ် လွင့်ပျံနေဆဲပင်။

အဖြူရောင်ဆေးလုံးအားလုံးကို သူတို့ စားသုံးခဲ့ကြပြီဖြစ်ပြီး သည်းမခံနိုင်လောက်အောင် မောပန်းနွမ်းနယ်လာကြပြီဖြစ်သည်။ သူတို့ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောပမာဏက သန္ဓေပြောင်းအမှတ်ကို ကျော်လွန်တော့မည့်အချိန်တွင် မိုးသောက်ယံသို့ ရောက်နေပြီဖြစ်သည်။

နောက်ဆုံး၌ ဝံပုလွေအုပ်ကြီးက ဆုတ်ခွာစပြုလာသည်။

အရုဏ်ဦးရောင်ခြည်တန်းများ စူးရှတောက်ပစွာ ကျဆင်းလာနေစဉ် တားမြစ်နယ်မြေတောအုပ်ကြီးထဲရှိ ကျန်ရှိနေသေးသော ဝံပုလွေနက်အုပ်စုကြီးသည် သူတို့ကို မောဟိုက်စွာ ကြည့်၍ အဝေးသို့ ပျောက်ကွယ်သွားကြသည်။ ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်း ကြီးစိုးသွားသည်။

ယခုအခါ သူတို့အားလုံး သွေးအလိမ်းလိမ်းဖြစ်နေကြပြီဖြစ်ပြီး မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်ကြသည်။

ရွှီချင်းသည်လည်း ထူးမခြားနားပင်။ ခရမ်းရောင်သလင်းကျောက်မှ ပြန်လည်ကုစားနိုင်စွမ်း ရှိပါသော်လည်း အားအလွန်အကျွံသုံးစွဲခဲ့ရခြင်းကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေတော့သည်။

“ နောက်ဆုံးတော့ … ငါတို့ အသက်ရှင်သွားပြီ ”
ဘေးရှိ လွမ်ယာသည် တီးတိုးရေရွတ်ကာ လူးလဲထလိုက်ပြီးနောက် ရွှီချင်းကို ကြည့်၍ ချိုသာစွာ ဆိုသည်။
“ ကျေးဇူးတင်ပါတယ် ”

တစ္ဆေရိုင်းကြီးသည်လည်း လှဲနေရာမှ ရွှီချင်းကို လက်မထောင်ပြလိုက်သည်။ ညသန်းခေါင်ယံ တိုက်ပွဲအတွင်း ရွှီချင်း၏တိုက်ခိုက်ရန် ကြာချိန်သည် ခေါင်းဆောင်လဲ့နှင့် ကြက်ခြေခတ်တို့ထက် သာလွန်သည်။ ရွှီချင်းသာမပါလာခဲ့လျှင် သူတို့ထဲမှတစ်ယောက်မှာ ဝံပုလွေအုပ်စု မဆုတ်ခွာခင် သန္ဓေပြောင်းသွားကောင်း ပြောင်းသွားနိုင်သည်။

ယခု ရွှီချင်းသည် ကောင်းကင်ကြီးကို ကြည့်၍ လှဲနေသည်။ သူ မောပန်းနေပါသော်လည်း သူ့ရင်ထဲတွင် သံသယစိတ်များ ရှိနေသည်။

သူ့ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောများ စုစည်းလာသည့်ပမာဏသည် ယခင်ကနှင့်ယှဉ်လျှင် ပို၍ လျော့နည်းလာသည်။
ထိုဓာတ်နှောများသည်လည်း အချိန်တစ်ခုရောက်လျှင် သူ့ခန္ဓာကိုယ်ထဲမှ အပြီးတိုင် လွင့်စဉ်ကွယ်ပျောက်သွားမည့်ပမာပင် သူ ခံစားနေရသည်။

လူအားလုံး အနားယူနေကြစဉ် ခေါင်းဆောင်လဲ့သည် မျက်ခုံးမွှေးနှစ်ခုကြားကို ပွတ်ကာ တွေးတောနေသည်။ ထို့နောက် သူသည် ကြက်ခြေခတ်နှင့် တခြားလူများကို လေးနက်စွာ ကြည့်၍ ခပ်အက်အက်လေသံဖြင့် ဆိုသည်။
“ ဒါက သက်သက်မဲ့ ဖြစ်တာမဟုတ်ဘူး။ ဝံပုလွေနက်တွေ ငါတို့နောက်ကို လိုက်တာ ငါတို့မှာ ပစ္စည်းတစ်ခုခု ပါလာလို့ဖြစ်မယ်။ ဒီတော့ မင်းတို့အားလုံး မင်းတို့မှာ ပါလာသမျှ ပစ္စည်းတွေအားလုံးကို ထုတ်ပြီး သေသေချာချာ စစ်ဆေးကြည့်လိုက်ကြ။ ဒီလိုဖြစ်တာ ပစ္စည်းတစ်ခုခုကြောင့် ဒါမှမဟုတ် လူတစ်ယောက်ယောက်ကြောင့်လို့ ငါ သံသယရှိနေတယ် ”

ခေါင်းဆောင်လဲ့၏စကားကို ကြားသောအခါ ကြက်ခြေခတ်နှင့် တခြားလူများသည်လည်း ထိုအဆိုပြုချက် မှန်နိုင်ကြောင်း တွေးမိလိုက်ကြသည်။ သိုဖြစ်၍ သူတို့အားလုံး သူတို့ပစ္စည်းများကို ထုတ်ကာ စစ်ဆေးကြည့်လိုက်ကြသည်။

ရွှီချင်းသည်လည်း စစ်ဆေးကြည့်လိုက်၏။ မြင်းလေးထံမှ ရရှိခဲ့သော သံမဏိပြားလေး ဖြစ်နိုင်မလား သူ စဉ်းစားနေစဉ် ဘေးရှိ လွမ်ယာထံမှ အလန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာပြီး တစ္ဆေရိုင်းကြီးကို သူမ လက်ညှိုးထိုးပြနေသည်။

တစ္ဆေရိုင်းကြီး ယူခဲ့သော ပစ္စည်းများထဲတွင် သစ်သားဘူးလေးတစ်ဘူး ပါနေသည်။

သစ်သားဘူးကလေးသည် ပျက်စီးနေပြီး အလိုလို တိုက်စားခံလိုက်ရဟန်တူသည်။ ယင်းထံမှ ရီဝေဝေအနံ့တစ်မျိုး ထွက်နေသည်။ ယင်းအနံ့သည် တားမြစ်နယ်မြေတောအုပ်ကြီးထဲမှ အနံ့နှင့် ပေါင်းစပ်လိုက်သောအခါ အနီးကပ်ရှူကြည့်သည့်တိုင်အောင် မည်သည့်အရာမှန်း ခွဲခြားရ ခက်သွားစေမည်ဖြစ်သည်။

“ ဒါက ဘယ်လိုလုပ် သူ့ဘာသာ ပျက်စီးသွားရတာတုံး ”
တစ္ဆေရိုင်းကြီး မျက်လုံးပြူးသွားသည်။

ခေါင်းဆောင်လဲ့သည် ချက်ချင်း ရှေ့လျှောက်လာပြီး သစ်သားဘူးလေးကို ယူကာ လွမ်ယာအား ပေးလိုက်သည်။ လွမ်ယာက ဂရုတစိုက် ရှူကြည့်လိုက်ရာ မျက်နှာမဲ့သွားသည်။

“ မင်း ဒါကို ဘယ်လိုလုပ်ရခဲ့တာတုံး ”
ခေါင်းဆောင်လဲ့က တစ္ဆေရိုင်းကြီးအား ကြည့်လိုက်သည်။

“ ပျံကျဈေးသည်တစ်ယောက်ဆီကနေ ကျုပ် ဝယ်လာခဲ့တာ။ အဲဒီထဲမှာ ပိုးမွှားသတ်ဆေးမှုန့် ပါရမှာပါ ”
တစ္ဆေရိုင်းကြီးသည် ခေါင်းကိုကုတ်၍ ဆိုသည်။

“ အဲဒါက ယုန်လိပ်ပြာရဲ့ မစင်ကနေ လုပ်ထားတာ။ အပြင်လောကနဲ့ ထိလိုက်တာနဲ့ ပေါက်ကွဲပြီး အကြေးခွံသတ္တဝါတွေကို ဆွဲဆောင်နိုင်တယ်။ အဲဒီဝံပုလွေနက်တွေကလည်း အကြေးခွံသတ္တဝါအမျိုးအစားပဲ ”
လွမ်ယာသည် တစ္ဆေရိုင်းကြီးကို ကြည့်၍ ဖြည်းညင်းစွာ ဆိုသည်။

တစ္ဆေရိုင်းကြီး ကြက်သေသေသွားရသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ပကတိ တိတ်ဆိတ်ငြိမ်သက်သွားသည့်ပမာပင်။ ရွှီချင်း၏မျက်ဝန်းများသည်ပင် ကျဉ်းမြောင်းသွားသည်။

အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်လဲ့က ခေါင်းယမ်းလိုက်သည်။
“ တစ္ဆေရိုင်းကြီး အလိမ်ခံလိုက်ရတာပဲ။ စခန်းထဲမှာ ငါတို့ကို ဒီလိုမျိုး ထောင်ချောက်ဆင်တဲ့လူက ဘယ်သူလဲဆိုတာ ခန့်မှန်းဖို့လွယ်ပါတယ် ”

“ သွေးအရိပ်အဖွဲ့ ”
ဘေးရှိ ကြက်ခြေခတ်က အေးစက်စက်ဝင်ပြောလိုက်သည်။

“ သွေးအရိပ်အဖွဲ့က ဒီလိုထောင်ချောက်ဆင်တယ်ဆိုတော့ လွတ်လမ်းကို စဉ်းစားထားတာ သေချာတယ်။ ပြီးတော့ အခုလောလောဆယ် ငါတို့က အကောင်းဆုံးအနေအထားမှာ မရှိဘူးလေ ”

လွမ်ယာ ချီတုံချတုံဖြစ်သွားသည်။

“ ဒီတော့ ငါတို့ ရိတ်သိမ်းမယ့်နေရာအထိ ဆက်သွားပြီး တာဝန်ပြီးအောင် လုပ်မလား။ ဒါမှမဟုတ် ဒီနေရာကနေပဲ လှည့်ပြန်ကြမလား။ မင်းတို့အားလုံး ဘယ်လိုသဘောရလဲ ”
ခေါင်းဆောင်လဲ့သည် ခေါင်းမော့၍ အဝေးကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။

ရွှီချင်းသည် တွေးတောနေဟန်တူသော်လည်း စကားတစ်ခွန်းမဆိုပေ။

တခြားလူများသည်လည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြ၏။ နောက်ဆုံးတွင် ကြက်ခြေခတ်က လေးပင်စွာ ဆိုသည်။
“ ခေါင်းဆောင်၊ ကျုပ်တို့ ရိတ်သိမ်းမယ့်နေရာနဲ့ သိပ်မဝေးတော့ဘူး။ ပြီးတော့ အားလုံးလည်း ဒီတစ်ခေါက်အများကြီး ဆုံးရှုံးသွားရတာ။ ကျုပ်တို့သာ လက်ဗလာနဲ့ ပြန်သွားခဲ့ရင်တော့ … ”

ခေါင်းဆောင်လဲ့သည် တစ္ဆေရိုင်းကြီးနှင့် လွမ်ယာတို့ပြောမှာကို စောင့်နေသည့်အလား နှုတ်ဆိတ်နေသည်။ တစ္ဆေရိုင်းကြီးသည် အပြစ်မကင်းစွာဖြင့် ခေါင်းငုံ့ထားပြီး လွမ်ယာမှာ ချီတုံချတုံ ဖြစ်နေဟန်တူသည်။ အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်လဲ့ကပင် သက်ပြင်းချ၍ ပြောလိုက်သည်။
“ ဆက်သွားကြတာပေါ့။ ရိတ်သိမ်းမယ့်နေရာကိုရောက်ရင် ငါတို့ အစွမ်းကုန် မြန်မြန် ခူးကြမယ်။ ပြီးတာနဲ့ လူစုခွဲပြီး မတူညီတဲ့လမ်းတွေကနေ ပြန်ကြတာပေါ့။ တစ်ယောက်တစ်လမ်းစီ ရွေးပြီး စခန်းမှာပဲ စုံကြမယ် ”

ခေါင်းဆောင်လဲ့က နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်သည်။ လူအားလုံးက ပြန်လည် ပြင်ဆင်ပြီးနောက် တားမြစ်နယ်မြေတောအုပ်ထဲ ဆက်လက်ခရီးဆက်လိုက်ကြပြန်သည်။

လမ်းတစ်လျှောက် ရွှီချင်းသည် လွမ်ယာအနီးမှ ကပ်လိုက်လာခဲ့သည်။ ထို့နောက် သူက ဖက်တီးရှန်ထံမှ ရရှိခဲ့သော ပယင်းကို ထုတ်၍ မည်သည့်ပစ္စည်းမှန်း သူမကို မေးမြန်းလိုက်သည်။

ပယင်းကိုကြည့်၍ လွမ်ယာ အံ့အားသင့်သွားသည်။ ထို့နောက် ပယင်းကိုယူကာ ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး တစ္ဆေမျက်နှာကင်းမြီးကောင်၏လက်မကြီးဖြစ်ကြောင်း ရွှီချင်းကို ပြန်ပြောပြလိုက်သည်။

ထိုကင်းမြီးကောက်သည် အဆိပ်ပြင်းပါသော်လည်း အဆိပ်ဖြေဆေးမရှိသည်တော့ မဟုတ်ပေ။ ၎င်းတွင် ဆေးဖက်ဝင်သောနေရာများလည်း ရှိနေသေးသည်။ ထိုကင်းမြီးကောက်၏အဆိပ်ခတ်လိုက်သည်နှင့် ၎င်းက ပေါက်ကွဲသွားပြီး လွင့်ပျယ်မသွားပေ။ အဆိပ်ပေါက်ကွဲပြီးနောက် ချက်ချင်း အဆိပ်ဖြေရန် လိုအပ်သည်။ သို့ဖြစ်၍ လူများစွာက ၎င်းတို့ကို ဆောင်ထားတတ်ကြပြီး ဈေးလည်းကြီးသည်။


Comment

Leave a Reply


Options

not work with dark mode
Reset