Switch Mode

အခန်း ( ၁၂ )

ဝါးခြံစည်းရိုးထက်ဝယ်

ရွေးခြယ်ခံလိုက်ရသော ဟိုရှောင်မေ့သည် တောင်ပေါ်သို့ ဆက်တက်သွားသည်။ ဖက်တီးကျန်းကြီးသည် သူ့ကိုကြည့်ရင်း မေးစေ့ကိုပွတ်ကာ စဉ်းစားနေသည်။

“အင်း…။ တော်တော်လေး လှ၊ တော်တော်လေး ငယ်ပြီး တော်တော်လေး အပြစ်ကင်းတဲ့ မိန်းကလေးပဲ။”
ရှောင်ချန်းကို လှမ်းကြည့်လိုက်ပြီး သူတို့နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်မိသည်။

ရှောင်ချန်းသည် ဟိုရှောင်မေ့ကို မြင်ကွင်းမှ ပျောက်သွားသည်အထိ ငေးကြည့်နေမိသည်။ သူ့ရင်၌လည်း တလှပ်လှပ်နှင့် ခံစားချက်များ ရှုပ်ထွေးနေသည်။ ထိုစဥ် ဖက်တီးကျန်းကြီးက သူ့ကိုကြည့်နေသည်ဟု မျက်၀န်းထောင့်လေးမှ ခံစားလိုက်ရသည်။

“ဟေး…ဘာလို့ ကျွန်တော့ကို အဲ့လိုကြီးကြည့်နေတာတုန်း။” ရှောင်ချန်းက ထအော်လိုက်သည်။

ဒေါသထွက်နေသော ရှောင်ချန်းကို ဖက်တီးကျန်းကြီးက သဘောကျစွာ အော်ရယ်လိုက်သည်။ ထို့နောက် ၀ိညာဉ်ကျောက်တုံးအိတ်ကို လွယ်လိုက်ပြီး ချက်ချင်းပင် ခေါင်းစဉ်ပြောင်းလိုက်သည်။

“လာ…လာ…ကျောက်တုံးတွေကို ရေကြည့်ရအောင်။ ငါတို့ ချမ်းသာပြီကွ။ ဟား…ဟား…ဟား…။ ဒီအကြံက တော်တော်အလုပ်ဖြစ်သကွ…” ဖက်တီးကျန်းကပြောသည်။

“ဘာလို့ရေနေရဦးမှာလဲဗျ။ ဘယ်လောက်ရေရေ ဒီလောက်က ဒီလောက်ပဲကို။ ပြောင်းသွားမှာမှ မဟုတ်တာ။” ခပ်အေးအေးပင် ရှောင်ချန်းကပြောသည်။

“အမှတ်ကိုး ညီလေး…မင်းကတော်တော်ပြောရခက်တာပဲ။ ဒီကျောက်တုံးတွေကို ဘာလို့ ထိုင်ပဲကြည့်နေမှာလဲ။ ရေတွက်နေရတာကမှ ဘ၀ကွ။ ” ဖက်တီးကျန်းသည် ဘ၀နှင့်ချီပြီး ရှားရှားပါးပါး လေးလေးနက်နက်ဆိုသည်။ ဖက်တီးကျန်းဆီက ထိုကဲ့သို့ကြားလိုက်ရသဖြင့် ရှောင်ချန်းမှာ တော်တော် အံ့သြသွားသည်။ ထို့ကြောင့် ဖက်တီးကျန်းပြောသကဲ့သို့ ရေတွက်ကြည့်သော်လည်း မကြာခင်မှာပင် ပျင်းရိလာသဖြင့် အိတ်ကို ပြန်ပေးလိုက်သည်။

နတ်မီးလျှံစမ်းသပ်ပွဲကျင်းပရာ လမ်းတစ်လျှောက်ရှိ မီးများသည် အပေါ်သို့လွင့်တက်သွားပြီဖြစ်သည်။ အားလုံး၏ အမြင်အာရုံများသည် ခဏကြာ ေ၀ဝါးသွားပြီး ပြန်လည်ပြတ်သားသွားချိန်တွင်တော့ သူတို့က တောင်အောက်သို့ ပြန်ရောက်နေကြပေပြီ။

သက်လတ်ပိုင်းအရွယ်ဂိုဏ်းစောင့်ပုဂ္ဂိုလ်သည် နတ်မီးလျှံစမ်းသပ်ပွဲကို ကြီးကြပ်ရသူဖြစ်ပြီး စားဖိုဆောင်ကလူများကို တွေ့သောအခါ ထူးဆန်းသော မျက်နှာထားဖြစ်သွားသည်။ ထို့နောက် ခေါင်းကို ယမ်းကာ သူတို့ကို လျစ်လျူရှုလိုက်သည်။ ဂိုဏ်းမှ စားဖိုဆောင်ကို ဘယ်လို စီရင်မည်လဲဟု တွေးပူပေးလျက်ရှိသည်။

ရှောင်ချန်းနှင့် အခြားသူများသည် ရင်တဖိုဖို ဖြစ်နေသော်လည်း ဘာမှမဖြစ်သလိုဟန်ဆောင်ကာ တစ်ယောက်ကို တစ်ယောက် မျက်ခြေပြ၊ လည်ချောင်းကိုရှင်းပြီး စားဖိုဆောင်ကို ဦးတည်၍ တချိုးတည်း လစ်တော့သည်။

စားဖိုဆောင်သို့ အပြန်လမ်းတစ်လျှောက်တွင် ဖက်တီးကျန်းကြီးက ၀ိညာဉ်ကျောက်တုံးများကို ထပ်ခါတလဲလဲ ရေတွက်လာသည်။ ပြီးနောက် အခြားဖက်တီးများလည်း မရှေးမနှောင်းရောက်လာကြပြီး တစ်ယောက်နှင့်တစ်ယောက် ကျေနပ်စွာကြည့် လိုက်ကြသည်။ သူတို့ကို ကြည့်ရသည်မှာ မိမိကိုယ်ကို အတော်လေး ဂုဏ်ယူနေကြဟန်ရှိသည်။

နည်းအမျိုးမျိုးနှင့်ရလာသော ပစ္စည်းများကို ခွဲယူလိုက်ကြပြီးနောက် ရှောင်ချန်းသည် မိမိတဲသို့ ပြန်ခဲ့သည်။ သည်နေရာသို့ ထာ၀ရရှင်သန်ဖို့ ရည်ရွယ်ချက်ဖြင့် သူရောက်လာခဲ့သည်။ ခုတော့ အသက်ဆက်ဆေး ကို ရရှိဖို့ အဖိုးတန်ဆေးပင်များကို ရှာဖွေရန် အကြောင်းဖန်လာခဲ့သည်။ ၀ိညာဉ်ကျောက်တုံးများအကြောင်းကိုမူ ယောင်လို့မျှပင် မတွေးဖူးခဲ့ချေ။

ထိုညတွင် စားဖိုဆောင်၌ မည်သူမျှ အိပ်မပျော်ပေ။ ဖက်တီးကျန်းကြီးနှင့် အခြားအကိုများသည် အလွန် စိတ်လှုပ်ရှားနေကြပြီး ချက်ချင်းကြီး ချမ်းသာချင်လာကြသည်။ အတိတ်တုန်းက သူတို့၏ ပိုက်ဆံအိတ်များသည် မိမိကိုယ်ကို သတ်သေချင်စိတ်ပေါက်လောက်အောင် ဗလာနတ္တိဖြစ်သည်။ ခုတော့ အနာဂတ်သည် ရွှေရောင်တ၀င်း၀င်းတောက်နေသည်။ သည်နေ့ သူ့တို့လုပ်ခဲ့ကြသော အလုပ်ကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်စိတ် ကြီးစိုးနေသောကြောင့် အိပ်ပျော်ဖို့ ခက်ခဲနေသည်ဟုပင် ဆိုနိုင်သည်။

ရှောင်ချန်းကမူ အသက်ဆက်ဆေးကို ပူပန်ကြောင့်ကြနေရသည့် အတွက်ဖြစ်ပြီး သူ့အကိုများနည်းတူ အိပ်မပျော်နိုင် ဖြစ်နေသည်။

နောက်တစ်နေ့တွင် စားဖိုဆောင်က နတ်မီးလျှံစမ်းသပ်ပွဲကို ပိတ်ထားသည့် သတင်းမှာ ထင်းမီးကဲ့သို့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတောင်ဘက် တကြောလုံး ပြန့်သွားသည်။ သိပ်မကြာခင်မှာပဲ တစ်ယောက်မကျန်သိသွားလေသည်။

“ကြားပြီးပြီလား စားဖိုဆောင်က လူတစ်သိုက် ဘာတွေလုပ်ခဲ့တယ်ဆိုတာ”

“ရူးနေလားမသိဘူး။ သူတို့လုပ်ခဲ့တာတွေကို ယုံတောင်မယုံနိုင်ဘူး။ ဘုရားရေ…။ သူတို့က အပြင်စည်းဂိုဏ်း၀င်ခွင့်ကို ရောင်းစားခဲ့တာတဲ့။ တရားလွန် ကို့ရိုးကားယားတွေပါလား။ တစ်သက်လုံးမတွေးမိတာတွေကို ဘယ်လိုများလုပ်ခဲ့ပါလိမ့်။”

“ငါကြားမိတာကတော့ စားဖိုဆောင်က လူတွေက ဂိုဏ်းထဲက အရေးကြီးတဲ့ လူတွေနဲ့ ပတ်သက်မှုရှိတယ်ဆိုလားပဲ။ မဟုတ်ရင် ဘယ်သူကများ သည်လောက် စိတ်တိုစရာကောင်းတာကို လုပ်ရဲမှာလဲ။”

တစ်ဂိုဏ်းလုံးသည် စားဖိုဆောင်ကို တစ်ယောက်တစ်ပေါက် ပြောကုန်ကြသည်။

နောက်ရက်များတွင် စားဖိုဆောင်က လူတစ်သိုက်သည် သိုသိုသိပ်သိပ်နေကြပြီး တစ်ယောက်တည်း အပြင်ထွက်တာမျိုးတောင် ရှောင်ရှားကြသည်။ မလွှဲသာလျှင် အုပ်စုလိုက် သွားကြသည်။

ရက်ပိုင်းများစွာ ကြာပြီးနောက် တစ်ခုသော ညနေခင်းတွင် ရှောင်ချန်းသည် အောက်ခြေထူထားသည့် ပန်းကန်နှင့် စွပ်ပြုတ်သောက်နေရာ တစ်ပွဲပြီး တစ်ပွဲ လိုက်ပွဲထည့်နေရသည်။ ထိုစဉ် ရုတ်တရက် အပြင်ကနေ လာနေသော ခြေသံများကို ကြားလိုက်ရ၏။

“စားဖိုဆောင်က လူအားလုံး ခုချက်ချင်း ထွက်ခဲ့ကြစမ်း။ နတ်မီးလျှံစမ်းသပ်ပွဲ အတောအတွင်း မင်းတို့လုပ်ခဲ့တာတွေကို စစ်ဆေးဖို့ ကြီးကြပ်ရေးဋ္ဌာနက အထက်ကနေ အမိန့်ရထားပြီကွ။”

အသံဖြင့် ခေါ်ထုတ်ခံရသည်မျှမက စားဖိုဆောင်၏ တံခါးမကြီးအား ကျယ်လောင်စွာ ကန်လိုက်သည့် အသံကိုလည်း ကြားလိုက်ရသည်။

အစိမ်းရောင် ၀တ်ရုံများ ခြုံထားသော ကြီးကြပ်ရေးဌာန ဂိုဏ်းသားများ၏ တံခါးကို ၀ိုင်းကန်နေသည့် အသံများသည် ပဲ့တင်ထပ် ဆူညံနေသည်။ သူတို့ကို ဦးဆောင်သူမှာ နောက်ဆုံးအကြိမ် ရွှီပေါက်ချိုင်နှင့်အတူလာသွားသော ဗလကြီးမှလွဲ၍ အခြားမရှိပေ။

ဖက်တီးကျန်းကြီးနှင့် ရှောင်ချန်းသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီး တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေသော ကြီးကြပ်ရေးဌာနမှ အုပ်စုများဆီသို့ အမှုမထားသည့်ဟန်နှင့် ထွက်တွေ့လေသည်။

“ဒီမနက် ကျီးတွေအာနေပါလားလို့ တွေးနေတာ”
ဖက်တီးကျန်းကြီးက ပြောသည်။

“ကျုပ် ချန်ဖေးလာမှာလို့ ကြိုသိနေသင့်တယ်”

ချန်ဖေးသည် ဖက်တီးကျန်းကြီးနှင့် ရှောင်ချန်းကို ကြည့်ကာ အေးစက်စက် ရယ်လိုက်သည်။ ရှောင်ချန်းတို့၏ အေးချမ်းလှသော အပြုအမူများသည် သူ့ကို မျက်မှောင်ကြုံ့သွားစေသည်။

လာလမ်းတစ်လျှောက်တွင် ချန်ဖေးသည် အင်မတန် စိတ်လှုပ်ရှားနေသည်။ အဘယ့်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာရှိခဲ့သော ဌာနနှစ်ခုကြား ရန်ငြိုးများအား စားဖိုဆောင်ကို အမြစ်ပြတ်သုတ်သင် ခြင်းဖြင့် သည်နေ့တော့ အဆုံးသတ်နိုင်လိမ့်မည်ဟု ယုံကြည်လာခဲ့၍ ဖြစ်သည်။

“သိပ်ကို တည်ငြိမ်နေကြပါလား” ချန်ဖေးသည် ပြောနေရင်း အေးစက်စက်နှင့် ချောက်ခြားဖွယ် ရယ်သည်။ သူ့မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်မှုများကြောင့် တလက်လက် တောက်ပနေသည်။

“ကျုပ် မေးပါရစေဦး။ အပြင်စည်းဂိုဏ်းသား ရွေးခြယ်တဲ့ နတ်မီးလျှံစမ်းသပ်ပွဲကို ခင်ဗျားတို့ ကိုးယောက်လုံး သွားခဲ့လား မသွားဘူးလား …ဒါပဲ သိချင်တယ်။ ခုချက်ချင်း သူတို့ကို ဖမ်းစမ်း။”

ချန်ဖေးသည် ဖွဲ့နွဲ့ပြောမနေတော့ချေ။ သူ၏ညာဘက်ကို ဝှေ့ယမ်း၍ အချက်ပြလိုက်ရာ ကြီးကြပ်ရေးဌာနက ဂိုဏ်းသားတစ်ဒါဇင်လောက်သည် စားဖိုဆောင်က လူများကို ဖမ်းရန် သံလက်ထိပ်များနှင့် ရှေ့သို့ ချဉ်းကပ်လာကြသည်။

ထိုမြင်ကွင်းကို ရှောင်ချန်းသည် ရယ်၍ ကြည့်ရင်း ပြောသည်။

“မင်းတို့ ကြီးကြပ်ရေးဌာနက အရာရာကို စီမံနိုင်တာလား။ မင်းက ငါတို့ကို အပြင်စည်းဂိုဏ်းသားတွေ ဖြစ်ဖို့ အရည်အချင်းမမီဘူးလို့တောင် အဆုံးအဖြတ်ပေးလို့ရတယ်ဆိုတော့ တော်တော်လေး အကောင်ကြီးတာပဲကွ။”

ချန်ဖေးသည် မကြာသေးမီက ရှေးဟောင်းပညာရပ်အား အသုံးပြုထားသည့် ဓားပျံအကြောင်းကို တွေးလိုက်မိသဖြင့် လက်ကိုထောင်ပြီး ဂိုဏ်းသားတွေကို ရပ်ခိုင်းလိုက်သည်။ ထို့နောက် ရှောင်ချန်းကို မျက်လုံးများ မှေးစင်းကာ ကြည့်သည်။

“ညီလေးပိုင်…မင်းက ငါ့အမိန့်ကို ခုထိ ကလန်ကဆန်လုပ်နေတယ်ပေါ့။ ဒါဆိုလည်း နောက်မေးခွန်းတစ်ခု ပြောင်းမေးမယ်။ စားဖိုဆောင်က လူတွေက နတ်မီးလျှံစမ််းသပ်ပွဲ၀င်ပေါက်မှာ ပိတ်ပြီး အပြင်စည်းဂိုဏ်း၀င်ခွင့်ကို ရောင်းစားခဲ့လား မရောင်းစားခဲ့ဘူးလား။ မင်းမှာ ၀န်ခံရဲတဲ့ သတ္တိရှိသလား။”

“ဟုတ်တယ်လေ…၀န်ခံတယ်” ရှောင်ချန်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြီးပြောသည်။ နှစ်လိုဖွယ်အလွန်ကောင်းသော ဟန်ပန်ဖြင့် ဖက်တီးကျန်းနှင့် အခြားအစ်ကိုများကိုပါ ညွှန်ပြရင်း
“သူတို့ရောပဲ…” ဟုပြောသည်။

“အဲ့တာ အမှန်ပဲ။ ငါတို့ အားလုံးလုပ်ခဲ့ကြတာလေ။ အဲ့တော့ ဘာဖြစ်လဲ ” ဖက်တီးကျန်းကြီးကလည်း တဟားဟားရယ်ကာ ၀င်ပြောသည်။

ချန်ဖေးသည် ကွက်ခနဲ မျက်နှာပျက်သွားသည်။ စားဖိုဆောင်က လူများသည် သက်သေအထောက်အထားမပြဘဲ စွပ်စွဲသော် ၀န်ခံလိုက်လိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးပေ။ ပေါက်တတ်ကရတွေပြောပြီး လျှာရှည်အီလေးဆွဲနေလိမ့်ဦးမည်ဟု မျှော်မှန်းထားသည်။

ဖြစ်ပျက်နေသော အရာများသည် အနည်းငယ် ထူးဆန်းနေသည်။ သမားရိုးကျတော့မဟုတ်ဘူးဟူသည့် ခံစားချက်၀င်လာသဖြင့် ဟိန်းဟောက်လိုက်ကာ
“ကောင်းပြီလေ မင်းတို့က ၀န်ခံမှတော့ ငါလည်း အပို မေးခွန်းတွေ ထပ်မေးနေစရာ မလိုတော့ဘူးပေါ့။ မင်းတို့အားလုံး တရားစီရင်ရေးဆောင် ကို လိုက်ခဲ့ကြရမယ်။ ထပ်ပြီး အာခံနေမယ် ဆိုရင်တော့ ဂိုဏ်းစည်းကမ်းအရ အခုပဲ နှင်ထုတ်ရလိမ့်မယ်”

ပြောပြီးသည်နှင့် ရှောင်ချန်းဆီသို့ ဦးတည် ပျံသန်းသွားသည်။ သူ့နောက်မှ သူ့အဖွဲ့များက လိုက်လာသည်။

သို့သော် ရှောင်ချန်းသည် သး၏ညာလက်ကိုထောင်လိုက်ပြီး လက်ကွက်ဖော်လိုက်ရာ သူ့အင်္ကျီလက်အတွင်းမှ ဓားသဏ္ဍာန်ရောင်စဉ်တန်းများ ရုတ်တရတ် ထွက်လာလေသည်။ ထို့နောက် အရောင်စုံတောက်နေသော သစ်သားဓားအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုဓားသည် အဖွဲ့နှစ်ဖွဲ့ကြားတွင် ချက်ချင်းပေါ်လာပြီး သည်းမခံနိုင်အောင်ပင် အေးစက်လာသည်။ ချန်ဖေးသည် သူ့လှည့်စားနေမှုများကို ချက်ချင်းရပ်လိုက်ပြီး မျက်နှာမှာ အိုကျသွားသည်။

“ပိုင်ရှောင်ချန်း…မင်းက ဖမ်းဆီးတာကို အာခံရဲတယ်ပေါ့ ”

“အစ်ကိုကြီးချန် ကြီးကြပ်ရေးဌာနအနေနဲ့ ကျုပ်တို့ကို စစ်ဆေးမေးမြန်းခွင့် ရှိပေမယ့် ဖမ်းဆီးခွင့်တော့ မရှိဘူးလေ”

“ဟမ်…မင်းတို့က ဂိုဏ်းစည်းကမ်းတွေ ကိုဖောက်ဖျက်ခဲ့တာလေ။ မင်းတို့ကို ဘာလို့ဖမ်းခွင့်မရှိရမှာတုန်း”

“နေစမ်းပါဦး…ကျုပ်တို့က ဘယ်စည်းကမ်းကို ဖောက်ဖျက်လို့တုန်း” ရှောင်ချန်းသည် မျက်လုံးများကို မှေးစင်းကာ မေးလိုက်သည်။ ဖက်တီးကျန်းကြီးနှင့် အခြားညီအကိုများကလည်း မျက်လုံးများကို မှေးစင်းကာ အေးစက်စွာပြုံးရင်း ကြည့်နေသည်။

“မင်းက အပြင်စည်းဂိုဏ်း၀င်ခွင့်ကို ရောင်းစားခဲ့တယ်လေ။ ဘယ်စည်းကမ်း နံပါတ်ကို ဖောက်ဖျက်လဲဆိုတော့…နေပါဦး…အမ်…!”

ချန်ဖေးသည် စကားပြောနေရာမှ ရပ်သွားပြီး မျက်နှာညှိုးကျသွားသည်။ နဖူးမှာလည်း ချွေးသီးချွေးပေါက်များကျလာသည်။

တကယ်တော့ နတ်မီးလျှံစမ်းသပ်ပွဲမှ အပြင်စည်းဂိုဏ်း၀င်ခွင့်ကို ရောင်းစားခြင်းနှင့် ပတ်သက်ပြီး မည်သည့်ဂိုဏ်းစည်းကမ်းမျှမရှိသည်ဆိုသောအချက်ကို သတိပြုမိလာသည်။ အရာအားလုံးပြီးဆုံးသွားသည့်နောက် သည်လောက်လူအများကြီးက သည်အချက်ကို ဘာလို့မတွေးမိကြပြီး သူတို့ရော ဘာလို့ မလုပ်ခဲ့ကြပါလိမ့်။ ကြည့်ရတာ သူတို့က လက်တွေ့ကျကျ စဉ်းစားတွေးခေါ်ပြီး လုပ်ရဲကိုင်ရဲမရှိမှုနှင့် စနစ်တကျဆွဲထားသော အစီအစဉ်မရှိမှုကြောင့် ဖြစ်နိုင်သည်။

“အကိုကြီးချန်…ဘာတွေများ သည်လောက်ချွေးတွေပျံနေတာလဲဗျ…” ပိုင်ရှောင်ချန်က မျက်လုံးပြူး အံ့သြဟန်ဆောင်ကာ မေးသည်။ သို့သော် သူ့စကားသံများသည် တဖြည်းဖြည်းကျယ်လာသည်။

“ပြောလေဗျာ…ဘယ်စည်းကမ်းကို ဖောက်နေလို့လဲ ဆိုမှ။ အဲ့တာလေး ပြောလိုက်ရုံပဲကို။ တကတည်း ချေနေလိုက်တာ။ နေပါဦး။ ဖြစ်နိုင်တာကတော့ ကျွန်တော်တို့ ဘယ်စည်းကမ်းကိုမှ မဖောက်မိတာပဲ နေမယ်။ အစ်ကိုကြီးချန် ခင်ဗျားက ဘိုးဘေးတွေရဲ့သွေးကြွေးတွေဆပ်ဖို့ ကျုပ်တို့ကို တရားစီရင်ရေးဆောင်ဆီကို လှည့်ဖျားခေါ်နေတာပဲ။ အဲ့တာကြောင့် ကျုပ်တို့ကို အပြစ်ပေးဖို့ရောက်လာခဲ့တာ မဟုတ်လား။ အစ်ကိုကြီးချန် ကိုယ့်ဘာသာ ဘာလုပ်နေမိတာလဲဆိုတာရော သတိထားမိရဲ့လား။ အခု ခင်ဗျားက ဂိုဏ်းစည်းကမ်းထဲက နံပါတ်ကိုးကို ကျူးလွန်မိနေတာနော်။ တရားစီရင်ရေးဆောင်ကနေ အပြစ်ကြီးကြီးပေးခံရလိမ့်မယ် ကိုယ့်လူ။ ”

ပြောလို့ဆုံးသွားတော့ သူ့စကားလုံးတွေကို သူ့ဘာသာကျေနပ်သွားသည်။

“လူလိမ်…ငါ” ပြောနေရင်း ချန်ဖေးမျက်နှာ ငယ်သွားသည်ပင်မက ကြီးကြပ်ရေးဌာနက အခြားဂိုဏ်သားများကပါ အပြစ်ကြီးကို ကျူးလွန်မိနေပြီဖြစ်ကြောင်း သတိပြုမိလာသည်။

ဖက်တီးကျန်းသည် လက်နှစ်ဖက်ကို မြှောက်ကာ လက်ဆစ်များချိုးရင်း ရက်စက်စွာ ပြုံးလိုက်သည်။ အခြားဖက်တီးများ၏ မျက်၀န်းများတွင်လည်း ကြမ်းကြုတ်ဟန်များ ပေါ်လာကြပြီး ကြီးကြပ်ရေးဌာနအဖွဲ့ဆီသို့ တိုးသွားကြသည်။

“ချန်ဖေး တရားရုံးက မင်းကို စည်းကမ်းဖောက်လို့ အပစ်ပေးလိမ့်မယ်”
ဖက်တီးကျန်းသည် သူ့စွမ်းအင်များကို တလိပ်လိပ် ထုတ်နေရင်း သွားများပေါ်သည်အထိ ရက်စက်စွာ ပြုံးလိုက်သည်။

“အခုကတော့ စားဖိုဆောင်ကလူတွေရဲ့ ချစ်မြတ်နိုးလှစွာသော တံခါးမကြီး အတွက် လျော်ကြေးပေးဖို့ ကိစ္စကို ရှင်းပြတာ ပိုကောင်းမယ်နဲ့ တူတယ်။ အဲ့ဒီတံခါးဆိုတာ ဘိုးဘေးတွေက သတ္တုတွေကို ဒုက္ခသုက္ခခံ အရည်ကြိုပြီး အပတ်တကုတ်လုပ်ထားရတာကွ။ ဒီတံခါးအတွက် စတေးခဲ့ရတဲ့ ဘိုးဘေးတွေတောင် ရှိတယ်”

တကယ်တော့ နတ်မီးလျှံစမ်းသပ်ပွဲ၏ အ၀င်တံခါးကို ပိတ်ဆို့ရဲသည်မှာ စည်းမျဉ်းစည်းကမ်းများကို ကြိုတင်လေ့လာထားပြီး အန္တရာယ်မရှိအောင်
သေသေချာချာ ပြင်ဆင်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။

“ တိုက် ” ဖက်တီးကျန်းက နာကျင်နေသည့်အသံနက်ကြီးနှင့် အသားကုန်အော်လိုက်သည်။ တောင်ကဲ့သို့ ကြီးမားလှသည့် အသွင်အပြင်ကြီးသည် ချန်ဖေးနှင့် နောက်လိုက်များကို တုန်လှုပ်သွားစေသည်။

စားဖိုဆောင်၀န်းထဲတွင် ပြင်းထန်သော တိုက်ပွဲသံများနှင့် ဆူညံလျက်ရှိသည်။ ပိုင်ရှောင်ချန်းက လေထဲတွင် ပျံသန်းကာ စားဖိုဆောင်ကို ပတ်ပြီး ကာရံထားသော ဝါးခြံစည်းရိုးပေါ်တွင် ထုံးစံအတိုင်း ဆင်းလိုက်သည်။ သူ့အင်္ကျီလက်များကို ရုတ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ကျောတွင်ထားလိုက်သည်။ အတန်ငယ်ဝေးသောနေရာသို့ ငေးကြည့်ရင်း တိုက်ပွဲထဲသို့ဝင်ပါမည့်ဟန်မရှိသော အထီးကျန်သူရဲကောင်းတစ်ယောက်၏ အသွင်မျိုးဖြင့် သူပြောလိုက်သည်။

“လက်ဖျောက်တစ်ချက်တီးရုံနဲ့ ငါ…ပိုင်ရှောင်ချန်း…ကြီးကြပ်ရေးဌာနတစ်ခုလုံးကို ပြာချပစ်မယ်ကွ ”

Comment

Leave a Reply

Options

not work with dark mode
Reset