“ သွားကြမယ် ”
ကြက်ခြေခတ်သည် မိုးကြိုးအဖွဲ့ဝင်များကို ဝေ့ကြည့်၍ ခပ်သွက်သွက် နောက်ဆုတ်သွားသည်။ သူ့ဘေးရှိ လွမ်ယာနှင့် တစ္ဆေရိုင်းကြီးတို့သည်လည်း အလျင်အမြန် နောက်ဆုတ်သွားသည်။
ရွှီချင်း၏မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ဝံပုလွေအုပ်စုထံ လျှောက်သွားသော ခေါင်းဆောင်လဲ့ကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဝံပုလွေအုပ်စုကို အန္တရာယ်အငွေ့အသက်များ ခံစားသွားရစေသည်။
ရွှီချင်းသည် ခြေတစ်လှမ်းမျှ မရွေ့သော်လည်း သံတုတ်ကို အသာအယာမြှောက်လိုက်သည်။ သံတုတ်၏ထိပ်ဖျားတွင် အေးစက်စက်အလင်းများ ဝင်းလက်နေသည်။
“ ကလေး၊ ခေါင်းဆောင်လဲ့က ဘာလို့ ခေါင်းဆောင်ဖြစ်နေရတာတုံး သိလား ”
ခပ်လှမ်းလှမ်းသို့ ရောက်ရှိသွားပြီဖြစ်သော ကြက်ခြေခတ်၏အသံ လွင့်ပျံလာသည်။
“ သူက ငါတို့ထက်သာတဲ့ ချီစုစည်းခြင်းအဆင့်ခြောက်ကို ရောက်နေလို့ပဲ မဟုတ်ဘူး။ အန္တရာယ်နဲ့ ကြုံလာရင် သူ့ရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ တာဝန်ယူနိုင်စွမ်းတွေကြောင့်ပဲ ”
ကြက်ခြေခတ်၏အသံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသည့်အခိုက် ဘုန်းခနဲ မြည်ဟည်းသံကြီးတစ်သံလည်း ပဲ့တင်ထပ်လာသည်။
ကြက်ခြေခတ်၏လေးကြီးကြောင့် ကျန့် ( ၂၀၀ ) အကွာတွင် ရှိနေသော သစ်ပင်ကြီးတစ်ပင် မြေပြင်သို့ ပြိုလဲသွားခြင်းဖြစ်သည်။
တစ္ဆေရိုင်းကြီးနှင့် လွမ်ယာတို့သည်လည်း အလားတူ ဆောင်ရွက်လိုက်ကြသည်။ ယခုအခါ သစ်ပင်ကြီးအမြောက်အမြား ပြိုလဲကျကာ အတားအဆီးတစ်ခု ဖြစ်လာတော့သည်။ ထွက်လမ်းပမာ လမ်းကျဉ်းကျဉ်းလေးတစ်လမ်းချန်ထားခဲ့ပြီးနောက် လွမ်ယာနှင့် ကြက်ခြေခတ်တို့သည် မရပ်မနား ပြေးပြန်သည်။
ဒိုင်းကာကြီးနှင့် တင်းပုတ်ကြီးကို ကိုင်ဆွဲထားသော တစ္ဆေရိုင်းကြီးသည်သာ သစ်ပင်ကြီးတစ်ပင်ကို ထမ်းထားသည်။ သူသည် လမ်းကျဉ်းကျဉ်းလေးကို စောင့်ကြပ်နေသည့် တောင်ပုလေးတစ်လုံးနှင့် ဆင်တူသည်။
တချိန်တည်းမှာပင် ခေါင်းဆောင်လဲ့သည် အားကုန်ထုတ်ကာ ဓားသွားသဖွယ်လက်များဖြင့် ဝံပုလွေအုပ်ထဲ ပြေးဝင်သွားသည်။
သူ သွားရာလမ်းတစ်လျှောက်ရှိ ဝံပုလွေများထံမှ သွေးပျက်ခမန်း အော်ဟစ်သံများ လွင့်ပျံနေကာ သွေးများ ဖွာခနဲ ပန်းထွက်နေသည်။
သို့သော်လည်း ဝံပုလွေအုပ်ကြီးသည် ကြီးမားလွန်းလှပြီး ခေါင်းဆောင်လဲ့ကို ချက်ချင်း ဝိုင်းရံသွားသည်။
တဘုန်းဘုန်း မြည်ဟည်းသံများသာ ထွက်ပေါ်နေပြီး ဝံပုလွေအူသံများ အဆက်မပြတ် လွင့်ပျံနေသည်။ ထိုစဉ် အတော်ဝေးသောနေရာတွင် ရှိနေသော ကြက်ခြေခတ်သည်လည်း ခပ်အုပ်အုပ်လေသံဖြင့် ပြောလိုက်သည်။
“ ကလေး၊ ငါတို့နဲ့ လာပူးပေါင်းလိုက်။ မင်းတိုက်ခိုက်ဖို့ အချိန်ရမယ် ”
ယင်းသည် မိုးကြိုးအဖွဲ့၏ တိုက်ခိုက်ရေးအစီအစဉ်ဖြစ်ကြောင်း ရွှီချင်း သိလိုက်ရသည်ဖြစ်၍ တွေဝေတွန့်ဆုတ်မနေတော့ဘဲ တစ္ဆေရိုင်းကြီးရှိနေသော နေရာဆီ ပြေးသွားသည်။
တစ္ဆေရိုင်းကြီးက သွားဖြဲ၍ ပြုံးပြကာ သူ့နောက်ရှိ ထွက်ပေါက်ကို ညွှန်ပြလိုက်သည်။ ထို့နောက် ရွှီချင်းသည် သူ့ကိုကြည့်၍ ထွက်ပေါက်မှတစ်ဆင့် ကြက်ခြေခတ်နှင့် လွမ်ယာတို့ရှိရာ သွားလိုက်သည်။
မကြာခင် နေရာတစ်ခုလုံးကို ရှင်းလင်းကာ သစ်ပင်များဖြင့် ပိတ်ဆို့နေသော လွမ်ယာကို သူ မြင်လိုက်ရသည်။
သူမသည် အမှုန့်အများအပြား ထုတ်ယူကာ အရပ်မျက်နှာအနှံ့ ဖြန့်ပက်လိုက်သည်။ ပြီးသည်နှင့် သူမ၏လက်ချောင်းကို ကိုက်ကာ အပြင်လူများ နားလည်နိုင်မည် မဟုတ်သော ရုပ်ပုံတစ်ပုံကို မြေပြင်ပေါ်တွင် သွေးဖြင့် ရေးဆွဲလိုက်သည်။
ရွှီချင်းကို သတိထားမိပြီးနောက် သူမသည် စကားပြောနေရန် အချိန်မရှိ၍ အကြည့်ဖြင့်သာ ခပ်မြန်မြန်လာရန် သတိပေးလိုက်သည်။
ရွှီချင်းသည်လည်း လှမ်းကြည့်ကာ သူမ၏ဘေးမှနေ၍ ခပ်သွက်သွက်ဖြတ်ကျော်သွားသည်။ လွမ်ယာ၏နောက် ကျန့် ( ၂၀၀ ) အကွာသို့ ရောက်သောအခါ သစ်ပင်တစ်ပင်၏ထိပ်တွင် ဝပ်နေသော ကြက်ခြေခတ်ကို သူ မြင်လိုက်ရသည်။
ထိုသစ်ပင်သည် အလွန်ကြီးမားလှသည်ဖြစ်၍ တိုက်ပွဲမြေပြင်တစ်ခုလုံးကို အသေးစိတ်မြင်နိုင်သည်။ သစ်ပင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော ကြက်ခြေခတ်သည် နီးကပ်လာနေသော ရွှီချင်းကို ကြည့်၍ ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်သည်။
“ မင်းက ငါ့နောက် ကျန့် ( ၂၀၀ ) အကွာကို တာဝန်ယူရမှာ ”
ရွှီချင်းသည် မိုးကြိုးအဖွဲ့၏အစီအစဉ်ကို နားလည်သွားပြီး ခပ်လေးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူသည် သွက်လက်စွာ ပြေးသွားပြီး ကျန့် ( ၂၀၀ ) အကွာကို ရောက်သောအခါ ဘေးပတ်ဝန်းကျင်ကို ချက်ချင်း စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို ပြောင်းလဲမနေတော့ဘဲ ချုံတစ်ခြုံအောက်ရှိ ဖုန်မှုန့်များထဲ ဝပ်နေလေသည်။
မြို့ပျက်ကြီးထဲတွင် အမဲလိုက်စဉ်အခါက မလှုပ်မယှက်နေခဲ့သည့်အတိုင်းပင်။
သူ ဝပ်နေသည့်အချိန်မှာပင် တဝုန်းဝုန်းမြည်ဟည်းသံများ ပိုမိုလွင့်ပျံလာသည်။
သစ်ပင်ကြီးများက အမြင်အာရုံကို ကွယ်ထားသည်ဖြစ်၍ ကျန့် ( ၈၀၀ ) အကွာတွင် ရှိနေသော မြင်ကွင်းကို ရွှီချင်း မမြင်နိုင်ပါသော်လည်း တိုက်ပွဲက လွန်စွာ ပြင်းထန်သည်ကို အာရုံခံနိုင်သည်။
ထိုစဉ် ခေါင်းဆောင်လဲ့သည် ရွှီချင်းနှင့် ကျန့် ( ၈၀၀ ) အကွာတွင် ရှိနေသော ဝံပုလွေအုပ်စုထံမှ ခုန်ထွက်လာသည်။ သူသည် ချီစုစည်းခြင်းအဆင့်ခြောက်တွင် ရှိနေသော်လည်း ဝိညာဉ်စွမ်းအားအကုန်အစင် အသုံးမပြုနိုင်သည့်အတွက် ခက်ခဲလွန်းလှသည်။
တော်သေးသည်မှာ ဝိညာဉ်စွမ်းအားများကို သူ ကောင်းစွာ ထိန်းချုပ်နိုင်သည်။ သူသည် ဝိညာဉ်စွမ်းအားတစ်ဝက်ကို ချန်ထားလိုက်ပြီး တစ္ဆေရိုင်းကြီးရှိရာသို့ နောက်ဆုတ်လာသည်။
တစ္ဆေရိုင်းကြီးသည် သွေးအေးစွာ ပြုံး၍ တင်းပုတ်ကြီးကို မြှောက်လိုက်သည်။ ခေါင်းဆောင်လဲ့က သူ့ကို ကျော်ကာ ဖြတ်ကျော်သွားသည်နှင့် နောက်မှပါလာသော ဝံပုလွေနက်အုပ်ကြီးကို တင်းပုတ်ကြီးဖြင့် လွှဲယမ်းကာ ရိုက်နှက်လိုက်သည်။
အမြင့်ဆုံးနေရာတွင် ရှိနေသော ကြက်ခြေခတ်သည်လည်း အာရုံစိုက်လာပြီး လေးညှို့ကို ချက်ချင်း ဆွဲတင်နေသည်။
ဝိညာဉ်စွမ်းအားများဖြင့် ဖြစ်တည်လာသော မြားများစွာက တရွှီရွှီမြည်သံပေး၍ ဝံပုလွေနက်အုပ်ကြီးထံ ပျံသန်းသွားကာ တစ္ဆေရိုင်းကြီးကို အကူအညီပေးလိုက်သည်။
ကြောက်ခမန်းလိလိ နာနာကျင်ကျင် အော်ဟစ်သံများ လွင့်ပျံထွက်လာသောအခါ ခေါင်းဆောင်လဲ့သည် တစ္ဆေရိုင်းကြီးနေရာမှ ထွက်ခွာလာကာ လွမ်ယာအနီးသို့ ရောက်ချလာသည်။ သူ့နောက်တွင် တစ္ဆေရိုင်းကြီးသည် တောင်ကြီးတစ်လုံးအလား အရာအားလုံးကို ပိတ်ဆို့တားဆီးနေသည်။
ထိုနည်းတူစွာ ဖုန်မှုန့်များထဲ ဝပ်နေသော ရွှီချင်းသည် လွမ်ယာနှင့် ကြက်ခြေခတ်တို့ကို ကျော်ကာ ပြေးလာသော ခေါင်းဆောင်လဲ့ကို မြင်လိုက်ရသည်။
ခေါင်းဆောင်လဲ့သည် ဖုန့်မှုန့်များထဲ ဝပ်နေသော ရွှီချင်းကို မျက်လုံးထောင့်စွန်းများမှကြည့်၍ စကားတစ်ခွန်းမဆိုဘဲ ခေါင်းသာညိတ်ပြလိုက်သည်။ ထို့နောက် သူသည် ကျန့် ( ၂၀၀ ) အကွာသို့ သွားကာ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး အဖြူရောင်ဆေးလုံးတစ်လုံးကို သောက်ကာ ဝင်လေထွက်လေမှတ်လိုက်သည်။ သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ကာ နောက်တစ်ချီအတွက် ပြင်ဆင်နေ၏။
ယင်းသည် မိုးကြိုးအဖွဲ့၏ ဆုတ်ခွာရေးအစီအစဉ်ဖြစ်သည်။
သူတို့ထဲမှ အစွမ်းထက်ဆုံးဖြစ်သော ခေါင်းဆောင်လဲ့သည် ဝံပုလွေများကို ပထမဆုံး ဟန့်တားသူ ဖြစ်သည်။ တစ္ဆေရိုင်းကြီးသည် ဒုတိယမြောက် အတားဆီးဖြစ်သည်။ တစ္ဆေရိုင်းကြီး အားအင်ကုန်လုနီးပါး ဖြစ်သွားသောအခါ နောက်ဆုတ်လာမည်ဖြစ်ကာ ဝံပုလွေများအား တားဆီးရန် တာဝန်သည် လွမ်ယာနှင့် ကြက်ခြေခတ်အတွက် ဖြစ်သွားမည်ဖြစ်သည်။
ထိုနည်းအားဖြင့် ဝံပုလွေများကို ထပ်ခါထပ်ခါ ဟန့်တားကြမည်ဖြစ်သည်။ ယင်းသည် သူတို့ကို အနားယူရန် အချိန်ရစေသည်။
ထိုနည်းလမ်းသည် ဓာတ်နှောသိပ်သည်းဆ လွန်စွာမြင့်မားသော တားမြစ်နယ်မြေများထဲရှိ အဖွဲ့များအတွက် အသင့်တော်ဆုံး စုပေါင်းတိုက်ပွဲဝင်နည်းတစ်နည်း ဖြစ်သည်။
ယင်းအနက် အားအစိုက်ရဆုံးလူများမှာ ကြက်ခြေခတ်နှင့် ခေါင်းဆောင်လဲ့တို့ဖြစ်သည်။
ရှေ့လူများသည် ဝံပုလွေများကို သတ်ဖြတ်ကာ သူ့အဖော်များ ပြင်ဆင်ချိန်ရစေရန် ဝံပုလွေများကို အချိန်အများဆုံး ဆွဲထားရသူများ ဖြစ်သည်။
ကျန်လူများမှာ အလှည့်ကျတာဝန်ယူကြရပြီး သူ့အဖော်များ နောက်ဆုတ်ကာ ပြင်ဆင်ချိန်ရသည်အထိ တောင့်ခံထားကြရသည်။
လူအားလုံး၏နေရာက လွန်စွာ အရေးပါပြီး အရေးအကြီးဆုံးအချက်သည် သူတို့၏ပူးပေါင်းလုပ်ကိုင်နိုင်စွမ်းနှင့် တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု ဟု ဆိုနိုင်သည်။
“ ရတနာမုဆိုးအဖွဲ့တစ်ဖွဲ့ဆိုတာ ဒီလိုမျိုးပါလား …”
ရွှီချင်း၏အကြည့်သည် တင်းမာပြတ်သားနေပြီး မလှုပ်မယှက်ဖြင့် ဆက်ပုန်းနေသည်။ အချိန်များ ကုန်လွန်လာသောအခါ တစ္ဆေရိုင်းကြီးသည် မောမောပန်းပန်းနှင့် ပြေးလာသည်ကို သူ မြင်လိုက်ရသည်။
မရှေးမနှောင်းမှာပင် လွမ်ယာသည် ဗိုက်ကို ဆုပ်ကာ ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ပြန်လာသည်ကို သူ မြင်လိုက်ရပြန်သည်။
သူ့ကို ဖြတ်ကျော်သွားသည့် နောက်ဆုံးတစ်ယောက်သည် ကြက်ခြေခတ်ဖြစ်သည်။
သူ၏အသွင်အပြင်သည် အေးစက်တင်းမာနေပြီး ပုံမှန်အတိုင်းသာ ဖြစ်ဟန်တူသော်လည်း သူ၏ဝိညာဉ်စွမ်းအားများ အားလုံးနီးပါး ကုန်ခမ်းနေသည်ကို ရွှီချင်း အာရုံခံမိနေသည်။ ဝံပုလွေအုပ်ကြီးသည် အသံရှည်ဆွဲ၍ အူကာ သူ့နောက်သို့ အလုအယက် လိုက်ပါလာကြသည်။
ကြက်ခြေခတ်သည် ရွှီချင်းကို ဖြတ်ကျော်သွားသည့်အခါ ချီတုံချတုံ ဖြစ်သွားဟန်တူသည်။
GOOD