Switch Mode

အခန်း ( ၂၃ )

တားမြစ်နယ်မြေမှ သတိထားရမည့်အချက်များ ( ၂ )

ရွှီချင်းသည်လည်း ပြီးစီးသွားပြီဖြစ်သည်။ သူ မတ်တတ်ထရပ်လိုက်သည့်အခါ သူတို့နှင့် စောစောလိုက်ရန် သူ၏ဆုံးဖြတ်ချက်အပေါ် ကောင်းလား၊ဆိုလား ကြက်ခြေခတ်အနေဖြင့် ဝေခွဲရခက်နေသော်လည်း သတိပေးစကားတော့ ပြောလိုက်သည်။
“ မင်းရဲ့သန္ဓေပြောင်းအမှတ်တွေကို အာရုံစိုက်ထားဦး။ တားမြစ်နယ်မြေထဲမှာ ဓာတ်နှောတွေက အများကြီး ရှိနေတာ။ မင်း အမြဲသတိထားနေမှရမယ်။ မဟုတ်ရင် သန္ဓေပြောင်း ကန့်သတ်ချက်ကို ကျော်သွားတာနဲ့ ဘယ်သူမှ မင်းကို ကယ်နိုင်တော့မှာ မဟုတ်ဘူး ”

ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။ ထိုအချက်ကို သူ သတိထားနေခဲ့သည်မှာ ကြာပြီဖြစ်သည်။

ဤတားမြစ်နယ်မြေထဲတွင် ဓာတ်နှောများ၏သိပ်သည်းဆက အလွန်တရာ မြင့်မားပါသော်လည်း မြို့ပျက်ကြီးနှင့်ယှဉ်လျှင် လွန်စွာ နိမ့်ကျနေသေးသည်ကို သူ သတိထားမိသည်။

သို့သော် ယခု သူ၏ခန္ဓာကိုယ်ထဲတွင် ဓာတ်နှောများစွာ စုစည်းနေပြီဖြစ်၍ သူ မကျင့်ကြံသည့်တိုင်အောင် သူ့လက်မောင်းရှိ သန္ဓေပြောင်းအမှတ်နေရာ၌ သူအသက်ရှူလိုက်တိုင်း စူးစူးရှရှ နာကျင်နေသည်။

သို့ဖြစ်၍ သူသည် အဖြူရောင်ဆေးလုံးတစ်လုံးကို ထုတ်ကာ ပါးစပ်ထဲထည့်လိုက်သည်။ သူက ဆေးလုံးကို မျိုမချဘဲ ပါးစပ်ထဲတွင် အရည်ပျော်သွားသည်အထိ ငုံထားလိုက်သည်။

မကြာခင် လူအားလုံး သဲမှုန်များဖြင့် လိမ်းကျံပြီးသွားပြီဖြစ်သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် စစ်ဆေးကြည့်လိုက်ပြီး ခရီးဆက်သွားသည်။

သို့သော် အစောပိုင်းနှင့်မတူဘဲ အပြောင်းအလဲအနည်းငယ် ရှိလာသည်။ သူတို့၏ခရီးသွားနှုန်းသည် ပို၍ပင် နှေးလာပြီး လူတိုင်း လက်နက်များကို ဆွဲထုတ်ထားကြ၏။

ရွှီချင်းက သူတို့လက်နက်များကို လှမ်းကြည့်လိုက်သည်။

တစ္ဆေရိုင်းကြီး၏ လက်နက်များသည် သံမဏိဒိုင်းကာနှင့် တင်းပုတ်ကြီးတစ်လက် ဖြစ်သည်။ ခေါင်းဆောင်လဲ့၏လက်နက်များသည် လက်ဝှေ့အိတ်တစ်စုံဖြစ်ပြီး ကြက်ခြေခတ်၏လက်နက်က လေးကြီးတစ်လက်ဖြစ်ကာ လွမ်ယာသည် အေးစက်စက်ဝင်းလက်နေသော လွှသွားပုံဓားမြောင်တစ်လက်ကို ကိုင်ထားသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဖက်တီးရှန်ကို နောက်ယောင်ခံလိုက်ခဲ့ရာမှ ရွှီချင်းသည် တခြားအကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။

သူ၏ စူးရှသော အကြားအာရုံကြောင့် ရတနာမုဆိုးအချင်းချင်း ပြောနေကြသော စကားများနှင့် ယခင်က သူတစ်ခါမှ မသိခဲ့ရသော အချက်အလက်များကို သိခဲ့ရသည်။

ဥပမာအနေဖြင့် လက်နက်များကို မှော်ရတနာများ၊ အဆောင်ရတနာများနှင့် သာမန်ရတနာများဟူ၍ ခွဲခြားထားသည်ကို သူ သိခဲ့ရသည်။

ယင်းအနက် မှော်ရတနာများကို ဒဏ္ဍာရီဆန်ပြီး လွန်စွာရှားပါးသည်ဟု သတ်မှတ်ထားကြသည်။

ကောလာဟလများအရ မှော်ရတနာအသီးသီးတွင် မတူညီသော ဓာတ်နှောပမာဏများ ပါဝင်နေပြီး တစ်ခါသုံးလိုက်တိုင်း ဓာတ်နှောပမာဏ တိုးပွားလာကာ ဖယ်ရှားရန် လွန်စွာ ခဲယဉ်းသည်။ သို့ဖြစ်၍ ယင်းရတနာများသည် အစားထိုးမရသော ရတနာများဖြစ်ကြပြီး ကြောက်ခမန်းလိလိ ပြင်းထန်သော တန်ခိုးစွမ်းအားများ ရှိပေရာ ရှားပါးရတနာများအဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်ပေသည်။

ယင်းအခြေအနေကြောင့် ရတနာအကျဉ်းသားဆိုသည့်လူများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ရတနာအကျဉ်းသားများဖြစ်ရန် ကလေးဘဝကတည်းက ပျိုးထောင်ကြပြီး သူတို့ခန္ဓာကိုယ်များကို မှော်ရတနာများထဲရှိ ဓာတ်နှောများကို လျော့ချရာတွင် အသုံးချကြသည်။

ထိုအကြောင်းကို ယခင်က ခေါင်းဆောင်လဲ့ ပြောခဲ့ဖူးသည်။

မှော်ရတနာများပြင် အဆောင်ရတနာများနှင့် သာမန်ရတနာများလည်း ရှိသေးသည်။

အဆောင်ရတနာများသည် ရှားပါးသော်လည်း မှော်ရတနာများနှင့်ယှဉ်လျှင် ပို၍ အလွယ်တကူ ရနိုင်သည်။ နောက်ဆုံးဖြစ်သော သာမန်ရတနာများကိုမူ နေရာအနှံ့ မြင်တွေ့နိုင်ပေသည်။

သာမန်ရတနာများကို ထူးခြားသော သံထည်ပစ္စည်းများဖြင့် သွန်းလုပ်ထားကြပြီး သာမန်လူများသည်လည်း အသုံးချနိုင်သည်။

ရွှီချင်းသည် သူ့တုတ်က သာမန်ရတနာဖြစ်နိုင်သည်ဟု ခံစားနေရသည်။ ထိုလူများ အသုံးပြုနေကြသည့်လက်နက်များမှာလည်း သာမန်ရတနာများသာ ဖြစ်ပေသည်။

အချိန်များ တရွေ့ရွေ့ကုန်လွန်လာခဲ့ပြီး ရွှီချင်းသည် မိုးကြိုးအဖွဲ့နောက်သို့ လိုက်ပါလာကာ တားမြစ်နယ်မြေ၏ အတွင်းပိုင်းသို့ တဖြည်းဖြည်း ဝင်ရောက်လာတော့သည်။

သူတို့သည် လမ်းတစ်လျှောက်တွင် ဒုက္ခအနည်းငယ် ကြုံခဲ့ရပါသော်လည်း ကြီးကြီးမားမားတော့ မဟုတ်ပေ။ တစ္ဆေရိုင်းကြီးတစ်ယောက်တည်းနှင့် ၎င်းတို့ကို ဖြေရှင်းရန် လုံလောက်ခဲ့သည်။

ရံဖန်ရံခါ အစွမ်းထက်သားရဲအနည်းငယ်နှင့် သူတို့ ကြုံခဲ့ရပါသော်လည်း ကြက်ခြေခတ်၏လေးကြီးက အရှိန်ပြင်းစွာ ပစ်ခွင်းလေ့ရှိသည်။

လွမ်ယာမှာ မန္တန်များကို အဓိကအသုံးပြုသည်။ သူမသည် သားရဲများကို လှုပ်ရှားနေရာမှ ရပ်တန့်စေကာ အမြန်နှုန်းလျော့သွားစေနိုင်သည့် ယဉ်ပါးစေသောအတတ်အနည်းငယ်ကို တတ်မြောက်ထားဟန်တူသည်။

တစ်ခါက ရွှီချင်းသည်လည်း တိုက်ခိုက်ခံလိုက်ရသည်။ သူတို့နောက်မှ ရွှီခနဲ မြည်သံပေး၍ ပြေးဝင်လာသော အဆိပ်ပြင်းပြင်း မြွေတစ်ကောင်ကို သူက ဆတ်ခနဲဖမ်းကာ ဖိညှစ်ပစ်ခဲ့သည်။

ထိုဖြစ်ရပ်ပြီးနောက် သူတို့ခရီးစဉ်အတွင်း လိုက်ပါလာခဲ့သော ရွှီချင်းက မည်သည့်အမှားမျိုးကိုမှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း သတိထားမိလာသည်။ သို့ဖြစ်၍ ရွှီချင်းကို ကြည့်သော သူ၏အကြည့်များထဲတွင် ဝေဖန်ဆန်းစစ်သောအရိပ်အယောင်များ လျော့ပါးလာသည်။ ရွှီချင်းကို သူ၏အတွေ့အကြုံအနည်းငယ်ကိုလည်း ဝေမျှပေးလိုက်၏။

“ ကလေး၊ ဒီတားမြစ်နယ်မြေက တကယ်တမ်းကြည့်ရင် အန္တရာယ်ရှိတယ်လို့ ထင်ရပေမဲ့ ဒီထဲကို ခဏခဏ ဝင်ထွက်သွားလာနေတဲ့ ငါတို့လိုလူတွေအတွက်တော့ အခြေအနေသုံးမျိုးကို မကြုံရမချင်း ဘေးကင်းတယ်လို့ သတ်မှတ်နိုင်တယ် ”

“ အဲဒီအခြေအနေသုံးမျိုးကို မင်း သေသေချာချာမှတ်ထား ”

“ ပထမတစ်မျိုးကတော့ တားမြစ်နယ်မြေရဲ့ အတွင်းပိုင်းကနေ အပြင်ဘက်ပိုင်းကို ထွက်လာတဲ့ သန္ဓေပြောင်းသားရဲကြီးတွေနဲ့ ရင်ဆိုင်တွေ့ရတာပဲ။ အဲဒီလိုအခြေအနေမျိုးကတော့ ကြုံတောင့်ကြုံခဲပါပဲ။ ငါတို့သွားတဲ့နေရာတွေက ပြောရရင် အစွန်အဖျားနေရာတွေလောက်ပဲ ”

“ ဒါပေမဲ့ ငါတို့ သန္ဓေပြောင်းသားရဲကြီးတစ်ကောင်နဲ့ ကြုံလိုက်ရပြီဆိုရင် အင်မတန် အန္တရာယ်များတယ်။ ငါတို့က အစွန်အဖျားမှာရှိတဲ့ သန္ဓေပြောင်းသားရဲတွေရဲ့ အမူအကျင့်တွေနဲ့ အစွမ်းတွေကိုပဲ နားလည်ထားကြတာလေ။ ပြီးတော့ တားမြစ်နယ်မြေကြီးက ကြီးမားလွန်းသလို အစွမ်းမျိုးစုံနဲ့ သန္ဓေပြောင်းသားရဲတွေလည်း အများကြီး ရှိတယ်။ ငါတို့သာ သတိမထားရင် သေရမှာပဲ ”

“ ဒုတိယတစ်မျိုးကတော့ သီချင်းညည်းသံကြားရတာ ”
ထိုအကြောင်းကို ပြောစဉ် ကြက်ခြေခတ်၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ပေါ်လာသည်။

“ ဒီတားမြစ်နယ်မြေထဲမှာ သီချင်းညည်းသံကို ကြားလိုက်ရတဲ့လူတိုင်း တစ်ယောက်မှ အသက်မရှင်ဘူးလို့ ပြောကြတယ်။ ငါတို့အဖွဲ့ထဲမှာ အဲဒီသီချင်းညည်းသံကို ကြားရတဲ့လူကတော့ ခေါင်းဆောင်လဲ့ပဲ ”

ရွှီချင်းသည် ခေါင်းဆောင်လဲ့ကို လှမ်းကြည့်လိုက်သည်။

ခေါင်းဆောင်လဲ့သည် စကားတစ်ခွန်းမဆိုသော်လည်း တားမြစ်နယ်မြေ၏အတွင်းပိုင်းကို စိတ်ရှုပ်ထွေးနေသော မျက်ဝန်းများဖြင့် လှမ်းကြည့်နေသည်။
“ တတိယတစ်မျိုးကို ငါ ပြောလိုက်မယ် ”

ဘေးတွင် ရှိနေသော လွမ်ယာက ပြုံး၍ ဝင်ပြောလိုက်သည်။ ထို့နောက် ရွှီချင်းကို ကြည့်လိုက်၏။
“ ကလေး၊ တတိယတစ်မျိုးကတော့ ဒီမှာ ဖြစ်လေ့ရှိတဲ့အရာတစ်ခုပဲ။ အဲဒါက ဝင်္ကပါမြူခိုးပဲ ”

“ ဝင်္ကပါမြူခိုးပေါ်လာပြီဆိုတာနဲ့ အမြင်တွေဝေဝါးသွားပြီး လမ်းပျောက်သွားကြတယ်။ ပြီးတော့ ဝင်္ကပါမြူခိုးက အချိန်အကြာကြီး လွင့်ပျယ်မသွားဘူး။ လူတစ်ယောက်က အဲဒီမှာ လမ်းပျောက်သွားပြီး ထွက်လမ်းကို ရှာမတွေ့ဘူးဆိုတာနဲ့ မြူခိုးတွေထဲက ဓာတ်နှောတွေက ခန္ဓာကိုယ်ကို တိုက်စားတယ်။ အဲဒီလိုနဲ့ ခန္ဓာကိုယ်ထဲက ဓာတ်နှောတွေ တဖြည်းဖြည်း များလာတဲ့အခါ သေသွားရတော့တာပဲ ”

“ ဒါပေမဲ့ အဲဒီအခြေအနေကို ရင်ဆိုင်နိုင်တဲ့ နည်းနှစ်နည်းတော့ ရှိတယ်။ ပထမတစ်နည်းက မီး ပဲ။ တခြားနည်းကတော့ စိတ်ဓာတ်ခိုင်မာတဲ့လူတွေ ဒါမှမဟုတ် စိတ်ဓာတ်ခိုင်မာအောင် ကျင့်ကြံထားတဲ့လူတွေပဲ ထွက်လမ်းကို ရှာနိုင်တယ် ”

“ ပထမတစ်နည်းကတော့ မြူခိုးတွေကို အကုန်လွင့်ပါးသွားအောင် မလုပ်နိုင်ဘူး။ မီးတောက်က မြူခိုးတွေကို နည်းနည်းအဝေးရောက်အောင် ဖယ်ရှားနိုင်ပြီး ကောင်းကောင်းမြင်ရအောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဝင်္ကပါမြူခိုးက ထူးဆန်းသလို မီးတောက်ကို အကြာကြီး ထွန်းညှိထားနိုင်ဖို့ မလွယ်ဘူး။ နောက်တစ်နည်းဖြစ်တဲ့ စိတ်ဓာတ်ခိုင်မာတဲ့လူတွေဆိုတာကလဲ အင်မတန်ရှားတယ်။ စခန်းထဲမှာတောင် ဆယ်စုနှစ်အနည်းငယ်ကြာမှ တစ်ယောက်လောက်ပဲ ပေါ်နိုင်တာ။ အဲဒီလိုလူတွေကလဲ ပိုမိုကောင်းမွန်တဲ့နယ်မြေတွေဆီကို ချက်ချင်း ထွက်ခွာသွားကြလေ့ရှိတယ် ”

“ စတုတ္ထမြောက်အန္တရာယ်ရှိသေးတယ်။ အဲဒါကတော့ ရန်သူတွေရဲ့ အလစ်တိုက်ခိုက်ခံရတာပဲ ”
အဖွဲ့ကို ဦးဆောင်သွားနေသော တစ္ဆေရိုင်းကြီးက သုန်မှုန်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

လွမ်ယာသည် တစ်ခုခုပြောမည်ပြုလိုက်သော်လည်း အဝေးကို ကြည့်နေသော ခေါင်းဆောင်လဲ့သည် ကွက်ခနဲ မျက်နှာပျက်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“ ငြိမ်ငြိမ်နေ ”
ချက်ချင်းပင် ကြက်ခြေခတ်သည် သူ၏လေးကြီးကို ဆွဲတင်လိုက်ပြီး လွမ်ယာ၏မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းများ တဖိတ်ဖိတ်လက်နေသည်။ တစ္ဆေရိုင်းကြီး၏ ကြွက်သားများသည်လည်း ဖုထစ်ကြွတက်လာသည်။ ရွှီချင်း၏ဆံပင်များ ရုတ်ခြည်း ထောင်တက်သွားသည်။ ခပ်လှမ်းလှမ်းရှိ မည်းမှောင်နေသော တောအုပ်ထဲမှ အန္တရာယ်အငွေ့အသက်တစ်ခု ရုတ်တရက် လွင့်ပျံလာသည်။

မကြာခင် အေးစက်စက်အလင်းတန်းများ အမှောင်ထုထဲ ပေါ်လာ၏။ ၎င်းတို့သည် သွေးဆာနေသော အမူအရာများဖြင့် ကြည့်နေသည့် မျက်လုံးအမြောက်အမြား ဖြစ်ပေသည်။

ထိုမျက်လုံးများနှင့်အတူ တစ်ကိုယ်လုံး မည်းနက်နေသော ကျွဲတစ်ကောင်အရွယ်အစားရှိသည့် ဝံပုလွေကြီးများ တဖြည်းဖြည်း အပြင်ထွက်လာသည်။

အရေအတွက်အားဖြင့် အနိမ့်ဆုံး ဒါဇင်များစွာ ရှိသည်။ ၎င်းတို့သည် အတော်ဝေးဝေးအထိ ရှိနေသည်ဖြစ်ရာ အကောင်ရာချီ၍ ရှိနိုင်သည်။

ဒုတိယအဆင့်ပတ်ခြာလည် အငွေ့အသက်များ ထုတ်လွှတ်နေသော ဝံပုလွေအုပ်ကြီးကို ကြည့်၍ တစ္ဆေရိုင်းကြီးနှင့် တခြားလူများ၏မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
“ ဝံပုလွေနက်အုပ်စုပဲ ”

“ ဒီကောင်တွေက တားမြစ်နယ်မြေရဲ့ အတွင်းပိုင်းနဲ့ အစွန်အဖျားကြားထဲက နေရာမှာ နေလေ့ရှိတာပါ။ ဘယ်လိုလုပ် ဒီနေရာကို ထွက်လာကြတာတုံး ”
ကြက်ခြေခတ်၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး လွမ်ယာ၏မျက်နှာသည်လည်း ဖြူဖျော့နေသည်။
ဝံပုလွေနက်တစ်ကောင်က ကိစ္စမရှိသော်လည်း ယခုကဲ့သို့ ဝံပုလွေနက်အုပ်စုကြီးက သူတို့အတွက် အန္တရာယ်ကြီးတစ်ခု ဖြစ်သည်။

ပို၍ အရေးကြီးသည်မှာ တားမြစ်နယ်မြေထဲတွင် ဓာတ်နှောများ၏ သိပ်သည်းဆက လွန်စွာ မြင့်မားသည်။ ဝိညာဉ်စွမ်းအားများစွာ အသုံးပြုရမည်ဆိုပါက ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားများကို စုပ်ယူခြင်းဖြင့်သာ အားဖြည့်ရပေမည်။ တိုက်ခိုက်နေစဉ်အတောအတွင်း သူတို့အနေဖြင့် ဓာတ်နှောများကို ခွဲခြားနိုင်မည် မဟုတ်ပေ။ ထိုသို့ဆိုပါက သူတို့ခန္ဓာကိုယ်များထဲရှိ ဓာတ်နှောပမာဏ အလျင်အမြန် တိုးပွားလာမည်ဖြစ်ကာ သန္ဓေပြောင်းသွားရမည့်အန္တရာယ်နှင့် ရင်ဆိုင်ရပေမည်။

ရွှီချင်း၏အသက်ရှူသံသည်လည်း အနည်းငယ် ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။ ဝံပုလွေအုပ်ကြီး၏ဖိအားက ကြောက်ခမန်းလိလိ ကြီးမားသည်။
“ မင်းတို့ အရင်ဆုံး နောက်ဆုတ်လိုက်။ ငါ ဒီမှာနေပြီး အဲဒီကောင်တွေကို ဟန့်တားလိုက်မယ် ”

လူအားလုံး တုန်လှုပ်နေကြစဉ် ခေါင်းဆောင်လဲ့က လေးနက်သောအသံဖြင့် ဆိုကာ တဖြည်းဖြည်း ရှေ့သို့ လျှောက်သွား၏။

ထိုသို့ ခေါင်းဆောင်လဲ့ လျှောက်သွားသောအခါ ကြက်ခြေခတ်ထက် သာလွန်သော ဝိညာဉ်စွမ်းအားလှိုင်းတစ်လှိုင်း လွင့်ပျံလာ၏။

ဝံပုလွေအုပ်ကြီးသည်လည်း ရပ်တန့်သွားကာ ခေါင်းဆောင်လဲ့ကို စူးစူးရဲရဲ ကြည့်နေကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset