အခန်း ၄၀

ထပ်ပြီးတော့ ရွေးချယ်စရာ နှစ်ခုပဲလား

ဖုန်းပြောပြီးနောက် လုဟောင်က အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ သူသည် ရဲ့လင်းချန်ကို စိုက်ကြည့်၍ မျက်လုံး ကျွတ်ကျမတတ် ပြူးကြည့်ကာ အော်ငေါက်လေသည်။

“ဟားဟားဟား မင်းတော့ သွားပြီသာမှတ်၊ ငါ့အဖေ မကြာခင် ဒီကို ရောက်လာလိမ့်မယ်၊ မင်းမိသားစုကို မင်းအလောင်း လာသယ်ဖို့ ကြိုအသိပေးလိုက်တော့၊ ဟားဟားဟား …”

“ဘာ ဥက္ကဋ္ဌလုက ဒီကို လာနေပြီလား၊ ဒီကိစ္စက တဖြည်းဖြည်း အရှိန်မြင့်လာပြီပဲ”

“လုထျန်းရှုံး မြို့တော်ရဲ့ အာဏာရှင်တွေထဲက တစ်ယောက်၊ သူက တရားမဝင် နောက်ခံကနေ စခဲ့ပြီးတော့ အလောင်းတွေ တောင်လိုပုံပြီးမှ အခုလို ချမ်းသာပြီး အင်အားကြီးလာတယ်လို့ ကောလာဟလတွေ ရှိတယ်”

“ဒါ တော်တော်ဆိုးတာပဲ၊ အရမ်း ကြောက်ဖို့ကောင်းတယ်၊ ဒဏ္ဍာရီလာအဆင့် သူဌေးကြီးကွ”

“ဒီလိုလူမျိုးကို သွားစမိရင် နောက်တစ်နေ့ ကမ္ဘာပေါ်ကနေ ပျောက်သွားလည်း အံ့ဩစရာ မရှိတော့ဘူး၊ ကြောက်ဖို့ ကောင်းတယ်”

လုထျန်းရှုံး၏ နာမည်ကို ပြောလိုက်သည်နှင့် ခန်းမထဲမှ လူများ ကျောရိုးအထိ အေးစိမ့်တက်လာပြီး ရင်တဒိန်းဒိန်း ခုန်လာကြသည်။

ရဲ့လင်းချန်က လုဟောင်၏ အခြေအနေကို ကြည့်ပြီး အလျင်စလို မပြုမူရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက ခုံတစ်လုံးကိုဆွဲယူ၍ ထိုင်နေလိုက်သည်။

လင်းမိသားစုက ဤကိစ္စကို သူတို့ ကူညီဖြေရှင်းပေးမည်ဟု ပြောလိုက်ကတည်းက သူတို့ ရောက်လာသည်ကို စောင့်နေသည်က ပိုလွယ်သည်ဟု သူ တွက်ဆမိသည်။

မူလက သူသည် လုဟောင်ကို အကွက်ချ ပညာပြမည်ဟု တွေးခဲ့သည်။ သို့မှသာ လုမိသားစု ဘာကိုမှ အလျင်စလို လုပ်မည်မဟုတ်ပါ။

တရုတ် တိုင်းရင်းဆေးပညာသည် လူနာများကို ကုသနိုင်သည့်အပြင် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အဖျက်အမှောင့် ဖြစ်အောင် လုပ်နိုင်ပေသည်။

ပါရမီရှင်စနစ်နှင့်အတူ သူ၏ အရည်အချင်းကို လျင်မြန်စွာ တိုးတက်အောင် လုပ်ဆောင်နိုင်သည်။ သူ လုပ်ရန်လိုသည်မှာ အချိန်ယူ၍ သူကိုယ်တိုင် တဖြည်းဖြည်း သင်ယူရန်သာ ဖြစ်သည်။

“မင်း ဘာလို့ ရပ်သွားတာလဲ၊ အခုမှ ကြောက်သွားတာလား”

လုဟောင်က အလွန် မောက်မာသော လေသံဖြင့် အော်လိုက်သည်။

“အခုမှ ကြောက်လည်း နောက်ကျသွားပြီ၊ ငါ့အဖေ ရောက်လာရင် မင်း အခါတစ်ရာ ဒူးထောက် ဦးညွှတ်ရင်တောင် ငါ ခွင့်မလွှတ်နိုင်ဘူး၊ မင်းလုပ်ရပ်အတွက် ငါ မင်းကို ပြန်ပေးဆပ်ခိုင်းမယ်ကွ”

ရဲ့လင်းချန်က သူ့ကို လျစ်လျူရှု၍ တိတ်တိတ်ဆိတ်ဆိတ် ထိုင်စောင့်နေသည်။ တစ်ဖက်တွင်မူ ရှောင်ဖေးဖေး၏မ မျက်လုံးက နီရဲကာ စိုစွတ်နေ၏။ သူမ စိုးရိမ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

“လင်းချန် နင် ဘာလို့ ထွက်မသွားတာလဲ … နင် အခု ထွက်ပြေးသင့်တယ်”

“ပြေးရမယ် ဟုတ်လား၊ ပြေးစရာ မလိုပါဘူး”

ရဲ့လင်းချန် ခေါင်းခါလေသည်။

“အစ်မဖေးဖေး စားပွဲပေါ်မှ ဒီလောက် ဟင်းကောင်းတွေ အများကြီး ရှိတာကို ဘယ်သူမှလည်း မစားကြဘူး၊ ဖြုန်းတီးလွန်းရာ ကျပါတယ်၊ အရင် စားလိုက်ရအောင်လေ”

ထိုသို့ပြောပြီးနောက် သူသည် လူတိုင်း၏ အကြည့်အောက်၌ စားပွဲတွင်ထိုင်ကာ တစ်ယောက်တည်း စားနေ၏။ လုဟောင် ပြောဆိုနေရာမှ ရပ်သွားပြီး ရဲ့လင်းချန်အား မယုံသင်္ကာဖြစ်ကာ လှောင်ပြောင်လိုဟန်ဖြင့် ကြည့်နေသည်။

*မောက်မာတယ်၊ ဟိတ်ဟန်များတယ်*

*ဒါ ငါ့ကို ပေါ်တင် မလေးမစား လုပ်တာပဲ*

ခန်းမထဲမှ အခြားသူများကလည်း ရဲ့လင်းချန်ကို ထူးဆန်းသလို ကြည့်လာကြသည်။

*ဒါ အကောင်းမြင်တတ်တာလား၊ အဆော်ခံဖို့ အဆင်သင့် ဖြစ်နေတာလား*

“စား စားထား၊ ဒါ မင်းရဲ့ နောက်ဆုံးစားခြင်း ဖြစ်လာလိမ့်မယ်”

လုဟောင်က သရော်လေသည်။ ဖြစ်နိုင်မည်ဆိုလျင် သူ ရဲ့လင်းချန်ထံ ပြေးသွား၍ နုတ်နုတ်စင်းလိုသည်မှ လွဲ၍ ဘာကိုမှ အလိုမရှိပါ။

မကြာခင်မှာပင် အပြင်ဘက်မှ အလျင်စလို လှမ်းလာနေသော ခြေလှမ်းများနှင့်အတူ ခန်းမထဲသို့ ဝင်လာကြသော လူများကြောင့် ကသိကအောက် ဖြစ်နေသော အခြေအနေ ပြောင်းလဲသွားသည်။

ရှေ့ဆုံး၌ ဆံပင် သပ်သပ်ရပ်ရပ် ညှပ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရှိသည်။ သူ့အရပ်က သာမန်မျှသာ ဖြစ်သော်လည်း အရှိန်အဝါက ဖိအားပြင်းလေသည်။ မျက်လုံးများက အဆိပ်ပြင်းသော မြွေတစ် ကောင်သဖွယ် စူးရှလွန်းသည်။ သူ့ကို စမြင်သည်နှင့် လူတိုင်း ရက်စက်စဉ်းလဲ၍ သန်မာသည်ဟု တွေးမိ ကြသည်။

သူ့အရှိန်အဝါတစ်ခုတည်းနှင့်တင် လူအများအား သူ့ကို ကြောက်ရွံ့စေသည်။ သူသည် လုလုပ်ငန်းစု၏ ဥက္ကဋ္ဌ လုထျန်းရှုံးပင်။ သူ့အနောက်၌ အနက်ရောင်ဝတ်စုံနှင့် လူများ ရှိနေသည်။

သူတို့အားလုံး နေကာမျက်မှန်များ တပ်ထားပြီး ခြေလှမ်းများက လျင်မြန်တိကျပြီး ညီညာလှသည်။ သူတို့၏ ပခုံးများက တောင့်တင်း၍ တစ်ချက် ကြည့်ရုံနှင့် သေချာ လေ့ကျင့်ထားသော သက်တော်စောင့်များဖြစ်ကြောင်း ပြောနိုင်သည်။

သက်တော်စောင့် အယောက်နှစ်ဆယ်ကျော်ကြောင့် အခြေအနေက ချက်ချင်း တင်းမာပြင်းထန်လာသည်။ ထို့အပြင် ဟိုတယ်မီးချောင်းများက မှိတ်တုတ်မှိတ်တုတ် စဖြစ်လာသောကြောင့် အပြင်ဘက် အခြေအနေက ပိုမှောင်မည်းလာ၏။

လုထျန်းရှုံးသည် ခန်းမကို တစ်ချက် ဝေ့ကြည့်ပြီးနောက် မှောက်နေသော ဥရောပသားနှင့် အရှေ့တောင် အာရှသား တို့ကို မြင်သွားပြီး မျက်နှာ သုန်မှုန်သွားသည်။ သူသည် ဘေးပတ်လည်ကို ကြည့်ကာ လူတိုင်းကို မာန်မဲလိုက်သည်။

“ဟောင်အာ၊ ငါ့ဟောင်အာ ဘယ်မှာလဲ”

“အဖေ သား ဒီမှာ”

လုထျန်းရှုံး ရောက်လာသောအခါ လုဟောင်က မနည်း ပြန်ထ၍ ဝက်ခေါင်းကဲ့သို့ ဖူးရောင်နေသော မျက်နှာနှင့် နာနာကျင်ကျင် ညည်းတွားကာ ပြန်ဖြေလေသည်။

“ဘာ”

လုထျန်းရှုံး ထိတ်လန့်သွားပြီး ရင်နာကာ မျက်ရည်ဝဲတက်လာသည်။

“ဟောင်အာ မင်းကို ဒီလောက်အထိ ရိုက်နှက်ရတဲ့အထိ ဘယ်သူက ရိုင်းပျတာလဲ၊ အဖေတောင် မင်းကို မမှတ်မိဘူး”

“အဖေ”

လုဟောင်က အော်ငို၍ သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြသည်။ ထိုအခိုက်တွင် လုဟောင်သည် သူ့ဒေါသ၊ စိတ်ဓာတ်ကျခြင်း၊ ခါးသီးခြင်းနှင့် နာကျည်းခြင်းတို့ကို ဖြေဖျောက်နိုင်မည့် အရာအား ရှာတွေ့သွားလေသည်။ သူ ရဲ့လင်းချန်ကို လက်ညှိုးထိုးပြလိုက်သည်။

“သူပဲ အဲ့ခွေးမသားက ကျွန်တော့်ကို ရိုက်ခဲ့တာ၊ သူ ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ ရိုက်ခဲ့တာ”

လုထျန်းရှုံး မျက်မှောင်ကြုတ်သွားပြီး ရဲ့လင်းချန်အား စူးစိုက်ကြည့်လေသည်။

“မင်း ငါ့သားကို ရိုက်တာလား”

သူ့လေသံက တည်ငြိမ်သော်လည်း လူတော်တော်များများ ကြက်သီးထသွားကြသည်။ အကြောက်လွန်သော သူများဆိုလျင် စားပွဲအောက်သို့ ဝင်ပုန်းကာ တုန်ယင်နေသည်။

“ကျုပ်ပဲ”

“ဒါဆို သူက လုထျန်းရှုံးဆိုတဲ့ ငါ့ရဲ့ တစ်ဦးတည်းသော သားဆိုတာကို မင်း သိသင့်တယ်၊ သူ မွေးကတည်းက သူ့ကို ဘယ်သူမှ ဆံပင်တစ်ချောင်းတောင် ထိခိုက်အောင် မလုပ်ကြဘူး”

လုထျန်းရှုံးက ပုံပြင်တစ်ပုဒ်ကို ပြောသကဲ့သို့ ဆက်ပြောလေသည်။

“တစ်ခါတုန်းက ငါ့သားကို လူတစ်ယောက်က စိုက်ကြည့်ဖူးတယ်၊ အဲ့ဒါနဲ့ ငါ သူ့မျက်လုံးကို ဖောက်ထုတ်ပြီး ခွေးကျွေး ပစ်လိုက်တာပဲ”

“အဲ့ဒါကြောင့် ခင်ဗျားသားက ဆိုဆုံးမမှု မရှိတာကိုး”

ရဲ့လင်းချန်က တစ်ခုခုကို နားလည်သွားသကဲ့သို့ ခေါင်းညိတ်လေသည်။ သူက ခပ်အေးအေး ပြန်ပြောလိုက်သည်။

“ခင်ဗှားက သူ့ကို မဆုံးမမှတော့ ကျုပ်က … ခင်ဗျားအစား ဆုံးမပေးတာလေ”

လူတိုင်း ရင်တုန်သွားပြီး နှလုံး ပေါက်ထွက်တော့မည်ဟု ခံစားလာရသည်။

*ယီးပဲ ဒါ အရမ်း မဆင်မခြင် ပြောလွန်းတယ်၊ တော်တော် စကားပြော မတတ်တာပဲ*

*ဒီသောက်ချိုးမပြေတဲ့ကောင်က အဆင့်တစ်ခုရောက်တဲ့အထိ အချိုးမပြေတာပဲ*

*မဟုတ်သေးဘူး ဒါ သောက်ချိုးမပြေတာကို ကျော်သွားပြီ၊ ဒါ သေတွင်းတူးနေတာ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံတာ*

“ဟားဟားဟား …”

ရဲ့လင်းချန်၏ စကားကြောင့် လုထျန်းရှုံး ဒေါသူပုန်မထပါ။ ထိုအစား သူက အားပါးတရ ရယ်မောနေသဖြင့် လူတိုင်း ချွေးပြန်လာ၏။ ခဏအကြာ၌ သူ ပြန်ပြောလေသည်။

“မောက်မာတဲ့ကောင်က တော်တော် အကြောက်တရား မဲ့တာပဲ၊ အောက်ခြေမှာနေပြီးတော့ အထက်တန်းစား လူမျိုးတွေရဲ့ ဘဝက ဘယ်လိုမျိုးလဲ တစ်သက်လုံး မသိနိုင်တဲ့ကောင်”

လုထျန်းရှုံးက တည်ငြိမ်စွာ ပြောလေသည်။

“မောက်မာမှုကြောင့် မင်းက ပျော်နေတယ်၊ အဲ့လိုပဲ မင်းရဲ့ မောက်မာမှုကြောင့် မင်းက သနားစရာ ကောင်းတာပဲ”

ချက်ချင်းဆိုသလိုပင် သူ့မျက်လုံး၌ လူသတ်လိုသော အငွေ့အသက် ဖြတ်ပြေးသွားပြီး အထင်ကရ ပုဂ္ဂိုလ်သာလျင် ထုတ်ဖော်နိုင်သော ကြောက်စရာကောင်းသည့် အရှိန်အဝါအား ချက်ချင်း ထုတ်ဖော်လာ၏။

“ငါ့အစား ငါ့သားကို မင်းက ဆုံးမတယ်ပေါ့လေ၊ ဘယ်သူက မင်းကို အဲ့လိုလုပ်ပိုင်ခွင့် ပေးလိုက်လို့လဲ”

သူ့စကား ဆုံးသွားသည်နှင့် သူ့အနောက်မှ သက်တော်စောင့်များက ချက်ချင်း လှုပ်ရှားလာသည်။ ကျောနောက် ပို့ထားသော သူတို့၏ ညာလက်များအား ငွေရောင် ဘေ့စ်ဘောတုတ်များနှင့်အတူ ရှေ့ပြန်ထုတ်လာသည်။ ဘေ့စ်ဘောထုတ်မှ ရောင်ပြန်ဟပ်နေသော အလင်းရောင်က လူအုပ်အား မျက်စိကျိန်းသွားစေသည်။ လူအုပ်ကြား ထဲတွင် အေးစက်သော လေညင်းတစ်ချက် ဖြတ်ပြေးသွားပြီး သွေးများ အေးခဲ၍ တစ်ကိုယ်လုံး အကြောသေ သွားသလို ခံစားလာရသည်။

“ငါ အခု မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်”

ဘမျိုးဘိုးတူပင်။ သူတို့ ပြောလာသည့် စကားကအစ တူညီနေ၏။

“ရွေးချယ်ရမယ့် ပထမအချက်က မင်း ကျင်းချန်ဟိုတယ်ရဲ့ ခေါင်မိုးထပ်ကို သွားရမယ်၊ ဟိုတယ်က သုံးဆယ့် ခြောက်ထပ် ရှိတယ်၊ အဲ့အပေါ်ကနေ ခုန်ချလိုက်၊ ဒါဆို ဒီကိစ္စကို ဒီမှာတင် ရပ်ပေးမယ်”

“ဒုတိယအချက်က မင်း မသေဘူး၊ မင်း သေချင်ရင်တောင်မှ မသေရဘူး၊ မင်းတစ်ဘဝလုံးကို စိတ်ပျက်လက်ပျက် ဖြတ်သန်းရမယ်၊ ငါ မင်းရဲ့ လက်ကျန်ဘဝကို အဆက်မပြတ် နှိပ်စက်ခြင်းတွေရဲ့အောက်မှာ ရှင်သန်ခိုင်းမယ်”

“အဖေ ဘာလို့ သူ့ကို အချိန်ကုန်ခံပြီး ပြောနေတာလဲ၊ သူ့ကို ရိုက်လိုက်လေ၊ တုတ် ဘယ်မှာလဲ၊ ညှာမနေနဲ့ သူ့ကို အသေသာ ရိုက်သတ်လိုက်”

လုဟောင်၏ မျက်လုံးများက နီရဲနေပြီး တစ်ကိုယ်လုံး ဒေါသကြောင့် တဆတ်ဆတ် တုန်နေ၏။

“မျိုးမစစ်ကောင် မင်း နောင်တရမယ်လို့ ငါ မပြောခဲ့ဘူးလား၊ ဟားဟားဟား တကယ့် စိတ်ပျက်စရာကို ခံစားကြည့်လိုက်စမ်း”

“ခင်ဗျားသားကလည်း ကျုပ်ကို ရွေးချယ်စရာ နှစ်ခု ပေးခဲ့တယ်၊ ဒါပေမဲ့ အဆုံးကျတော့ ကျုပ်က တတိယ ရွေးချယ်စရာ အချက်ကိုပဲ လုပ်ခဲ့တာ”

ရဲ့လင်းချန်က တည်ငြိမ်စွာ ပြန်ပြောလေသည်။

“ဪ … ဒါဆို အခုရော ဘယ်လိုလဲ”

လုထျန်းရှုန်းက ရဲ့လင်းချန်နှင့် သာမန် စကားလက်ဆုံကျသကဲ့သို့ မေးလိုက်သည်။

“ကျုပ် တတိယအချက်ကိုပဲ ရွေးဦးမှာ၊ ကျုပ် တစ်ယောက်ယောက်ကို စောင့်နေတာ”

….


Comment

Leave a Reply


Options

not work with dark mode
Reset