Switch Mode

အခန်း ( ၁၁ )

ဟိုရှောင်မေ့

ပိုင်ရှောင်ချန်း၏စကားလုံးများကိုကြားလိုက်ရသောအခါ “မျှော်လင့်ချက်” ဟူသောစကားလုံးသည် မျက်နှာရှည်ရှည်နှင့် လူငယ်၏စိတ်ထဲတွင်ပေါ်လာလေသည်။

သို့သော်လည်း သူ့နောက်တွင် အသည်းယားဖွယ်အပြုံးများနှင့် ထိုင်နေသော ဖက်တီးများကိုကြည့်လိုက်မိသောအခါ တွေဝေသွားလေသည်။

” ဟေ့လူ ”

ပိုင်ရှောင်ချန်းက ယင်တစ်ကောင်တောင် မသတ်ဖူးသောပုံစံမျိုးဖြင့် နှစ်လိုဖွယ်ပြုံးကာ ရှေ့သို့လှမ်းလိုက်ပြီး မျက်နှာရှည်ရှည်နှင့်လူငယ်၏ ပုခုံးကိုဆုပ်ကိုင်ကာ
“အပြင်စည်းဂိုဏ်းသားတစ်ယောက်ဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ဂိုဏ်းတူ အစ်ကိုရေ။ ခင်ဗျားကတော့ နဂါးတံခါးကို ခုန်ကျော်ခဲ့တဲ့ ငါးတစ်ကောင်ပါပဲ။ ခင်ဗျားရဲ့ဘဝကြီးက ကြယ်ပျံတစ်စင်းလို ပျံဝဲနေမှာဖြစ်ပြီး အနာဂတ်ကလည်း အတိုင်းအဆမရှိကျယ်ပြောနေမှာ အမှန်ပါပဲဗျာ။ ဒါပေမဲ့ ဒီကအစ်ကို့ရဲ့ ဂိုဏ်းတူညီလေးတွေကလည်း ခက်ခက်ခဲခဲကြိုးစားပြီး ပန်းတိုင်အထိအရောက်လှမ်းခဲ့ရတာလေဗျာ။ အဲ့အတွက်နစ်နာကြေးလေး နည်းနည်းဖြစ်ဖြစ်ပေးသင့်တယ်လို့ မထင်ဘူးလားဗျ။”

ထိုအစေခံ၏ မျက်နှာမှာ မဲမှောင်သွားလေသည်။ယခုအခြေအနေကိုမှ နားမလည်နိုင်လျှင် တစ်သက်လုံးအသက်ရှင်နေထိုင်လာသည်မှာ အလကားပင်။ ပိုင်ရှောင်ချန်းကို တစ်ချက်ကြည့်လိုက်ပြီး ဖက်တီးကျန်းနှင့် အမှတ်သုံးဖက်တီး ဟီကိုလည်း ကြည့်လိုက်လေသည်။ ထို့နောက် အမူအရာပြောင်းလဲသွားပြီး ယခုကိစ္စကို လက်ခံသင့်မခံသင့် တွေးတောနေတော့သည်။

သိပ်မကြာခင်မှာပဲ မျက်နှာရှည်ရှည်နှင့်လူသည် အံကြိတ်ကာဆုံးဖြတ်ချက်ချလိုက်သည်။ ဤအခွင့်််အရေးကိုဆုံးရှုံးသွားပါက အချိန်တစ်လပဲဆုံးရှုံးစရာရှိသည်ဟု ထင်လျှင်ထင်နိုင်ပေသည်။ သို့ရာတွင် နောက်တစ်လတွင် အင်အားကြီးသော ပညာရှင်တစ်ယောက် ထပ်မလာနိုင်ဘူးဟု မည်သူပြောနိုင်မည်နည်း။ ထို့အပြင် စားဖိုဆောင်မှလူ၃ယောက် နောက်ကျင်းပမည့် နတ်မီးလျှံစမ်းသပ်ပွဲတွင် ထပ်လာလိမ့်မည်ဟု မည်သူပြောနိုင်မည်နည်း။

အရေးကြီးဆုံးအချက်သည်ကား ထိုလူငယ်သည် အပြင်စည်းဂိုဏ်းသားတစ်ယောက်ဖြစ်လို့ အလွန်အမင်းဆန္ဒရှိနေခြင်းပင်။ ယခုမူ သူ၏ရှေ့မှောက်သို့ မျှော်လင်ချက်များ ရောက်လာလေပြီ။ အဆုံးတွင် မြေပြင်မှာ ခြေဆောင့်ကာ

“ခင်ဗျားတို့ နစ်နာကြေးဘယ်လောက်လိုချင်တာလဲ။” ဟု အံကိုကြိတ်ရင်းမေးလိုက်သည်။

“များများစားစားမဟုတ်ပါဘူးဗျ။ ကျွန်တော်လည်း ဒီနတ်မီးလျှံစမ်းသပ်ပွဲကို ဝင်ပြိုင်ဖို့ လပေါင်းများစွာ လေ့ကျင့်ခဲ့ရတာလေ။ စိတ်စွမ်းအင်ကျောက်တုံး အတုံး၂၀လောက်တော့ ပေးပေါ့ဗျာ။ အဲ့လောက်ဆိုလုံလောက်ပါတယ်။” ဟု ပိုင်ရှောင်ချန်းက ပြုံးရယ်ရင်း ပြောလေသည်။

ပေးရမည့် အရေအတွက်ကိုကြားသောအခါ မျက်နှာရှည်ရှည်နှင့်လူမှာ ရင်တုန်သွားလေသည်။ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး ငြင်းဟန်ပြုလိုက်သည့်အချိန်တွင် ပိုင်ရှောင်ချန်းက ထပ်၍ပြောလိုက်ပြန်သည်။

“ဒီမှာဗျာ။ ကျွန်တော်တို့က လောဘတကြီး တောင်းနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့က ၃ယောက်တစ်ဖွဲ့ဗျ။ ကျွန်တော့်တစ်ယောက်ထဲအတွက် စဥ်းစားလို့ရပါ့မလား။ အစ်ကိုအကြီးဆုံးနဲ့ အမှတ်၃အစ်ကိုဆိုရင် ဒီပွဲကိုဝင်ပြိုင်ဖို့ ဝိတ်အများကြီးကျအောင် အငတ်နေခဲ့ရတာဗျ ”

ထိုသို့ဆိုရာတွင် ပိုင်ရှောင်ချန်းက လိမ်ညာနေခြင်းမဟုတ်ပေ။ ဖက်တီးကျန်းနှင့် အမှတ်သုံးဖက်တီးဟီ တို့က တောင်တက်လမ်းတွင် အဆီများစွာကျခဲ့သည် မဟုတ်ပါလော။

မျက်နှာရှည်ရှည်နှင့် အစေခံက ဖက်တီးကျန်းနှင့် အမှတ်သုံးဖက်တီးဟီကိုကြည့်ကာ စိတ်ထဲတွင် အဆက်မပြတ်ကျိန်ဆဲနေတော့သည်။ ထို့နောက်စျေးဆစ်ရင်းဆစ်ရင်းနှင့် စိတ်စွမ်းအင်ကျောက်တုံး ၁၆တုံးပေးရန် သဘောတူညီမှုရသွားလေသည်။သူသည် ရင်နာနာနှင့်ပင် အိတ်တစ်အိတ်ကို ပိုင်ရှောင်ချန်း ဆီသို့လှမ်းပစ်လိုက်လေသည်။
.
“အဲ့တာဆိုရပြီမလား။” ဟု သူက အက်ကွဲနေသောအသံဖြင့်မေးလိုက်သည်။

“ဟုတ်ပါပြီဗျာ။” ဟု ပိုင်ရှောင်ချန်းကပျော်ရွှင်စွာ ပြန်ဖြေသည်။ ” ဂိုဏ်းတူအစ်ကိုရေ။ဘေးနားထွက်ပြီး ခဏစောင့်ပါအုံး။ နောက်ထပ်၂ယောက်ရတာနဲ့ အထွက်တံခါးကိုသွားဖို့လမ်းဖယ်ပေးပါ့မယ်။” ဟုဆိုကာ ပိုင်ရှောင်ချန်းက စိတ်စွမ်းအင် ကျောက်တုံးများကို အစ်ကိုဖက်တီးကျန်းဆီသို့ လှမ်းပစ်လိုက်လေသည်။

လူနှစ်ယောက်ကိုထပ်၍ စောင့်မည်ဆိုသည်ကို သိလိုက်ရသောအခါ မျက်နှာရှည်ရှည်နှင့်လူ၏ စိတ်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ သမ်းလာလေသည်။ ဂျင်းထဲ့မယ်ဆိုလို့ကတော့ ခင်ဗျားတို့ ပြုံးဖို့မကြံနှင့်ဟူသော အခြေအနေပင်။

ထိုအချိန်တွင်ထွက်ပေါက်၏အခြားဖက်ရှိ အပြင်စည်းဂိုဏ်းသား ၂ယောက်က ဖြစ်ပျက်နေသည့်အရာများကို နားလည်သွားကာ မယုံကြည်နိုင်လောက်အောင် မျက်လုံးပြူးသွားသည်။

“မင်းတို့ဘာတွေလုပ်နေကြတာတုံး။ အပြင်စည်းဂိုဏ်းထဲကိုဝင်ရဖို့ အခွင့်အရေးတွေကို တကယ်ကြီးရောင်းစားနေကြတာလား။ ဘယ်လိုတောင်ရူးမိုက်ရတာလဲကွ။” ဟု တစ်ယောက်က ထအော်လေသည်။

အပြင်စည်းဂိုဏ်းသားများပြောဆိုနေသည့် အသံကိုကြားလိုက်ရသောအခါ ဖက်တီးကျန်းက အူမြူးစွာဖြင့် စိတ်စွမ်းအင်ကျောက်တုံး များကိုရေတွက်နေသည်။

“ခင်ဗျားတို့ဘာတွေအော်ဟစ်နေတာတုံး။ ဒီထိရောက်အောင်လာရတာပင်ပန်းသွားလို့ ရှေ့ဆက်မသွားချင်တော့လို့ဗျာ။ တစ်ခြားတပည့်တွေ ကျွန်တော်တို့ကိုကျော်တက်ခွင့်မပေးနိုင်ဘူးလို့တော့ မပြောနဲ့နော်။ ကျွန်တော်တို့ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ နစ်နာကြေးပေးတာ ဘာထူးဆန်းလဲဗျ။” ဟု စိတ်ဆိုးသောအကြည့်ဖြင့်ကြည့်ကာပြောလိုက်လေသည်။

ထိုသို့သော စကားလုံးများအား မည့်သို့မည်ဖုံတုံ့ပြန်ရမည်ကို အပြင်စည်းဂိုဏ်းသားနှစ်ယောက်မှာ မသိတော့ချေ။

ထိုအချိန်တွင် လမ်းအတိုင်းပြေးတက်လာနေကြသော မျက်နှာ ၇ခု ၈ခုလောက်ကို မြင်လိုက်ရလေသည်။ သူတို့၏ပင့်သက်ရှိုက်သံများမှာ မိုးကြိုးပစ်နေသကဲ့သို့ပင်။ ထိပ်ဆုံးကဦးဆောင်လာသူမှာ အသက်၃၀အရွယ် ဗလတောင့်တောင့်နှင့် လူဖြစ်သည်။ ထိုသူမှာ ရင်ဘတ်ဗလာနှင့်ဖြစ်ပြီး တောင်ထိပ်ပေါ်သို့ပြေးတက်လာပုံမှာ အံ့သြဖွယ်ကောင်းလှပေသည်။ ပိုင်ရှောင်ချန်းသည်လည်း တောက်ပသောမျက်လုံးများဖြင့် ရှေ့သို့ခြေလှမ်းလိုက်လေသည်။

“ဂိုဏ်းတူအစ်ကိုရေ။ ခင်ဗျားနဲနဲနောက်ကျသွားပြီ။ ဒါပေမဲ့ ကျုပ်ချက်ချင်းကြီးဆိုသလို အပြင်စည်းဂိုဏ်းသားမဖြစ်ချင်တော့လို့ ကျုပ်နေရာခင်ဗျားယူမလား။” ဟုဆိုလိုက်လေသည်။

ဗလတောင့်တောင့်နှင့်လူက အလန့်တကြားငေးကြည့်လိုက်ပြီး တောင်ထိပ်သို့ပြေးတက်လာသော အစေခံလူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။
“မင်းက ငါ့ဆီကငွေညှစ်လို့ရမယ်ထင်နေတာလားကွ။ ငနဲလေးရ။တော်စမ်းပါ။” ဟု မေးငေါ့ကာ ပြောလေသည်။

အော်ဟစ်ပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ ချီစုစည်းမှုအဆင့်သုံးရှိသော စိတ်စွမ်းအင်များ ပေါ်ထွက်လာလေသည်။

ပိုင်ရှောင်ချန်းက ခြေတစ်လှမ်းဆုတ်လိုက်ကာ ” အစ်ကိုကြီး ” ဟုအော်ခေါ်လိုက်လေသည်။

ရုတ်တရက်ချက်ခြင်းပင် အသားစိုင်ကြီးတစ်တုံး အပေါ်မှပြုတ်ကျလာလေသည်။

ဗလတောင့်တောင့်နှင့်လူလည်း အပေါ်သို့မော့ကြည့်လိုက်သောအခါ စိတ်ပျက်သွားသည်။ ထို့နောက် သူ့အပေါ်သို့ အသားစိုင်ကြီး ပြုတ်ကျလာရာ အလန့်တကြား အော်ဟစ်လိုက်သည်။

ဖက်တီးကျန်းက သူ့အပေါ်တက်ထိုင်နေသောအခါ ဗလတောင့်တောင့်နှင့်လူလည်း သနားစရာကောင်းလောက်အောင် အော်မြည်နေလေတော့သည်။ ရုန်းကန်နေပါသော်လည်း လွတ်မြောက်မည့်လမ်းမမြင်ပေ။ သူသာအစထဲက ကြံ့ခိုင်သောခန္ဓာကိုယ်မရှိပါက အဆုတ်ထဲကလေများ အကုန်ထွက်ကုန်ကာ မေ့မျောသွားမည်ဖြစ်သည်။

ဗလတောင့်တောင့်နှင့်လူနောက်ကလိုက်၍ တောင်ပေါ်တက်လာကြသော အစေခံ၇ယောက်လောက်က ဖြစ်ပျက်နေသည်များကိုမြင်လိုက်ရသောအခါ လန့်ဖြတ်၍မျက်လုံးများပြူးကုန်ကြသည်။

အပြင်စည်းဂိုဏ်းသား၂ယောက်သည်လည်း မှင်သက်နေကြသည်။ ဖက်တီးကျန်းအောက်ရှိ ဗလနှင့်လူမှာ ပြားကပ်လုနီးပါးဖြစ်နေသော်လည်း စိတ်မကောင်းပေးရုံကလွဲ၍ မတတ်နိုင်ချေ။

” အစ်ကိုကြီး။ ကျွန်တော်တို့ရှေ့မှာ လူအုပ်ကြီး ရှိနေတယ်လေ ” ဟု ပိုင်ရှောင်ချန်းက မျက်လုံးများကိုဝှေ့ယမ်းကာကြည့်ရင်း ရှေ့သို့တိုးကာ တိုးတိုးလေးပြောလိုက်လေသည်။

ပိုင်ရှောင်ချန်းနှင့်ခင်သည်မှာ ၁နှစ်လောက်ရှိပြီဖြစ်သည့်အတွက် သူဘာကိုဆိုလိုသည်ကို အစ်ကိုဖက်တီးကျန်းက နားလည်လေသည်။ ဗလနှင့်လူကို ငုံ့ကြည့်လိုက်ကာ လက်သီးများကို တူပုံသဏ္ဍာန်ဆုပ်လိုက်ပြီး
သူ့ကို ပယ်ပယ်နယ်နယ်ထိုးကြိတ်လေတော့သည်။

“မင်းကများ အရှင်သခင်ဖက်တီးကို တစ်ပတ်ရိုက်ချင်တယ်ပေါ့။ မိုက်မဲလှချည်လားကွ။ ဒီလောက်ထိအဝေးကြီးတက်လာရတာ တကယ်ခက်ခဲတာပေါ့။ ငါတို့လည်း အပြင်စည်းဂိုဏ်းသားဖြစ်ချင်တာပဲ။ နောက်ဆုံးရောက်မှ အရှုံးပေးချင်လာလို့သာ။ နစ်နာကြေးလေးနဲနဲပါးပါးတော့ လိုချင်တာပေါ့ကွ။ ငါတို့ကိုများ ငြင်းရဲတာယုံတောင်မယုံနိုင်ဘူးကွာ။” ဟု ရေရွတ်နေလေသည်။

သူ့ကို အနည်းငယ်ထိုးကြိတ်ပြီးနောက် အစ်ကိုဖက်တီးကျန်းသည် လေပေါ်သို့ခုန်တက်လိုက်ပြီး သူ့အပေါ်သို့ တက်ဖိလိုက်လေသည်။ ဗလနှင့်လူလည်း သနားဖွယ်အော်မြည်နေပြီ အသက်တောင်အနိုင်နိုင်ရှူနေရလေသည်။ ထိို့နောက် ဖက်တီးကျန်းက နောက်တစ်ခါထပ်ခုန်ဖို့ ဟန်ပြင်လိုက်စဥ်မှာပဲ ထိုလူက တုန်ရီနေသောလက်များဖြင့် အိတ်တစ်အိတ်ကိုထုတ်ပေးလိုက်လေသည်။ “ဒီမှာပါဗျာ။ ခင်ဗျားတို့အတွက် နစ်နာကြေးပါ။” ဟုကြောက်ရွံ့နေသောမျက်နှာဖြင့် ပြောလေသည်။

ဖက်တီးကျန်းလည်း ဗလနှင့်လူကို ဆွဲထူလိုက်လေသည်။ ပြုံးရွှင်နေသောမျက်နှာဖြင့်အိတ်ကိုယူလိုက်ပြီး အိတ်ထဲသို့တစ်ချက်ကြည့်ကာ ဗလနှင့်လူကို ဖုန်ကူသုတ်ပေးလိုက်လေသည်။

“ဟားဟားဟား။ ဒီိလိုမျိုးစောစောထဲက ပြောပါတော့လား ။ ကြည့်ပါအုံး ခင်ဗျားနောက်မှာ လူတွေတန်းစီပြီးစောင့်နေရတာ။
နောက်ထပ်လူတစ်ယောက်ထပ်ရရင် လမ်းဖယ်ပေးမယ်ဟေ့။” ဟု အော်လိုက်လေသည်။

ဗလနှင့်လူလည်း အနိုင်ကျင့်ခံရ၍ ဒေါသထွက်နေသော်လည်း ဘာမှမပြောရဲပေ။ လမ်းလျှောက်သွားကာ မျက်နှာရှည်ရှည်နှင့်လူ၏ဘေးတွင် စိတ်ပျက်လက်ပျက် မတ်တပ်ရပ်နေလေတော့သည်။ မျက်နှာရှည်ရှည်နှင့်လူကမူ ထိုဗလနှင့်လူထက် မိမိကပို၍ ပါးနပ်ခဲ့သည်ဟုတွေးကာ စိတ်သက်သာရာ ရသွားလေသည်။

“အတော်ကောင်းတဲ့ အလုပ်ပဲ အစ်ကိုကြီးရ။” ဟု ပိုင်ရှောင်ချန်းက ပါးစပ်နားရွက်ချိတ်မတတ်ပြုံးကာ ပြောလိုက်လေသည်။ ထို့နောက် ဗလနှင့်လူနောက်ကလိုက်လာသည့် တုန်လှုပ်ခြောက်ခြားနေသော အစေခံများကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်လေသည်။

ဖက်တီးကျန်းက ဂုဏ်ယူစွာပြုံးလိုက်ပြီး သူ့နေရာသို့ပြန်သွားထိုင်လိုက်ကာ လမ်းကိုပိတ်လိုက်သည်။

အပြင်စည်းဂိုဏ်းသား၂ယောက်က အချင်းချင်းတုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြလေသည်။ မျက်နှာရှည်ရှည်နှင့်လူကို ငွေညှစ်ခဲ့သည့်ပုံမှာ ယခုဖြစ်ပျက်သွားသည်နှင့်ယှဥ်လျှင် အပျော့စားသာဖြစ်သည်။

“သူတို့…. သူတို့က လူတွေကိုဓားပြတိုက်နေတာပဲကွ။ ဒါဓားပြမှုပဲ။” ဟုစိတ်တိုတိုနှင့် မနာလိုစွာပြောလေသည်။ သို့သော်လည်း ဤပြိုင်ပွဲသို့ သူတို့ဝင်ပြိုင်ခဲ့စဥ်က ထိုကဲ့သို့အကြံမျိုး မထွက်လာရကောင်းလားဟု တွေးနေတော့သည်။

ပို၍သောကများနေသည်မှာ ဗလကြီးနှင့်လူနောက်က ကပ်လိုက်လာသော အစေခံ ၇ယောက်ပင်။ ဖက်တီးကျန်းက ဗလကြီးနှင့်လူအား ထိုးကြိတ်နေသည်ကို ကြည့်ကာ သူတို့၏မျက်လုံးများက အရောင်တောက်လာခဲ့သည်။

အရင်တုံးက အပြင်စည်းဂိုဏ်းသား တစ်ယောက်ဖြစ်ရန်ဆိုသည်မှာ လုံးဝဖြစ်နိုင်သောအရာတစ်ခုကဲ့သို့ ထင်ရသော်လည်း ယခုတွင်မူ သူတို့အတွက် မျှော်လင့်ချက်ရှိလာပြီ ဖြစ်သည်။

ထိုလူများကို ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာ အကဲခတ်လိုက်ပြီး အသံကျယ်ကျယ်နှင့် “လေစားစရာကောင်းတဲ့ အမျိုးသား၊အမျိုးသမီးများခင်ဗျား။ နေရာကတစ်နေနေရာပဲကျန်တော့တာဗျ။ ဒီလိုလုပ်ရအောင်ဗျာ။ ကြေးအမြင့်ဆုံးပေးတဲ့သူကို အဲ့နေရာပေးပါ့မယ် ” ဟု အော်လိုက်လေသည်။

ထိုလူအုပ်သည်လည်း ချက်ချင်းပင် ဘာဖြစ်နေသလဲဆိုတာကို နားလည်သွားပြီးသူတို့၏ ပင့်သက်ရှိုက်သံများမှာ ပို၍ကျယ်လာလေသည်။

အကြည့်များမှာ ထူးဆန်းလာပြီး ရင်ဘတ်ထဲတွင် ဖြစ်နိုင်ချေများစွာ ခုန်ပေါက်နေလေတော့သည်။ ရုတ်တရက်ချက်ချင်း စျေးများအပြိုင်အဆိုင်ခေါ်နေကြသည်မှာ လေလံပွဲနှင့်ပင် ဆင်တူနေတော့သည်။

“ငါ စိတ်စွမ်းအင်ကျောက်တုံး ၁၀တုံးပေးမယ်ဟေ့။”

“ငါက ၁၁တုံးကွ။”

“အဲ့နေရာက ငါ့အပိုင်ပဲကွ။ ငါ ၁၅တုံးပေးမယ်။”

ပိုင်ရှောင်ချန်း၊ ဖက်တီးကျန်းနှင့် အမှတ်သုံး ဖက်တီးဟီ တို့မှာ ပျော်ရွှင်ကျေနပ်နေကြလေသည်။

အပြင်စည်းဂိုဏ်းသား၂ယောက်မှာမူ ဖြစ်ပျက်နေသည်များကို ကြားသောအခါ မီးကိုဆီနှင့်လောင်းလိုက်သလိုပင်။ သူတို့ဖက်မှကြည့်လျှင် ငွေညှစ်သည်ကား အထူးအဆန်းမဟုတ်။ ဓားပြတိုက်သည်ကိုကား ခွင့်လွှတ်ပေးနိုင်သည်။ သို့သော်လည်း ဤကဲ့သို့လေလံဆွဲနေသည့်အခြေအနေကြောင့် သူတို့စိတ်ထဲ ချာချာလည်ကုန်တော့သည်။

သူတို့အတွက် ဒေါသလှိုင်းများ ခေါင်းသို့လာရိုက်ခတ်သကဲ့သို့ပင်။ သူတို့အမြင်တွင် ထို၃ယောက်အနက် အယုတ်မာဆုံးမှာ ဖက်တီးကျန်းမဟုတ်ပဲ နှစ်လိုဖွယ်၊ အပြစ်ကင်းသဖွယ် ဟန်ဆောင်နေသော ပိုင်ရှောင်ချန်းပင်ဖြစ်လေသည်။

“ဒေါသထွက်စရာကောင်းလိုက်တာကွား။ အရှက်မဲ့လိုက်တာ။” ဟု သူတို့ထဲမှတစ်ယောက်က အံကိုကြိတ်ကာဆိုလေသည်။ ထို့နောက် ဒေါသစိတ်လား မနာလိုစိတ်လား မသဲကွဲသော ခံစားချက်များပြည့်နေသည့် နီရဲနေသောမျက်လုံးများဖြင့်အခြားဖက်သို့လှည့်ကာ ဂုဏ်ထူးဆောင်အစောင့်ဆီ တိုင်တန်းရန်ထွက်သွားလေသည်။

လေလံကြေးများကိုမူ ပိုင်ရှောင်ချန်းကအားမရဘဲ အပေါ်မော့ကြည့်ကာ တစ်ချက်စဥ်းစားလိုက်ပြီး ” လေးစားရတဲ့ အမျိုးသမီး၊ အမျိုးသားတို့ရေ။ မြန်မြန်လေးလုပ်မှ အဆင်ပြေပါလိမ့်မယ်နော်။ မဟုတ်ရင် အခြားအစေခံတွေထပ်ရောက်လာလိမ့်မယ်။ သူတို့ ဘယ်လောက်ထိပေးနိုင်မလဲ ဘယ်သူသိမှာတုံး။” ဟုအော်လိုက်လေသည်

သူ၏ စကားကိုတုံ့ပြန်သည့်အနေဖြင့် နောက်ဖက်ခပ်လှမ်းလှမ်းမှ မိန်းကလေး တစ်ဦး၏အသံထွက်ပေါ်လာလေသည်။
“ငါ့နာမည် ဟိုရှောင်မေ့ပဲ။ စိတ်စွမ်းအင်ကျောက်တုံး အတုံး၃၀ ငါပေးမယ်။ ငါက မျိုးနွယ်စုကြီးတစ်ခုက လာတာကွ။ ငါ့မှာပိုက်ဆံအများကြီးရှိတယ်။ ဘယ်သူငါ့နေရာကို လုရဲလဲ ” ဟုခြိမ်းခြောက်သောလေသံဖြင့် တောင်ပေါ်သို့တက်လာလေသည်။ သူမသည် အသားရေဖြူပြီး ပိန်ပါးပါးရှိကာ အတော်လေးငယ်ရွယ်ဟန်တူသည်။

ဖက်တီးကျန်းသည် ထို ငယ်ငယ်ရွယ်ရွယ်မိန်းမလှလေးကို မြင်လိုက်သောအခါ မျက်လုံးပြူးသွားလေသည်။ တစ်ခုခုပြောရန်ဟန်ပြင်လိုက်စဥ်မှာပင် ခေတ္တရပ်လိုက်ပြီး ပိုင်ရှောင်ချန်းကိုကြည့်လိုက်လေသည်။

ဟိုရှောင်မေ့၏စကားကြောင့် အစေခံအုပ်စုမှာ အုပ်အော်သောင်းနင်းဖြစ်သွားကာ အလွန်များပြားသော စျေးများကိုပေးတော့သည်။ နောက်ဆုံးတွင် သူမပေးလိုက်သောစျေးကြောင့် မျက်နှာရှည်ရှည်နှင့်လူသာမက ဗလကြီးနှင့်လူပါ ကြောက်ရွံတုန်လှုပ်သွားရလေသည်။ သူတို့၂ယောက်ပေးခဲ့ရသောစျေးမှာ တန်လိုက်လေခြင်းဟုတွေးရသည်အထိပင်။

ဟိုရှောင်မေ့က အကုန်လုံးကို အထင်သေးသောအကြည့်ဖြင့်ကြည့်ကာ လူအုပ်ထဲမှ ထွက်လာပြီး မျက်နှာရှည်ရှည်နှင့်လူနှင့် သူ့ကိုယ်သူ ဝံပုလွေအရှင်သခင်ဟုခေါ်သော ဗလကြီး၏ဘေးသို့ ဝင်ရပ်လိုက်သည်။ ထို့နောက် နောက်ဆုံးအဆင့်ဆီသို့၃ယောက်သား လမ်းလျှောက်သွားက နတ်မီးလျှံစမ်းသပ်ပွဲမှ ထွက်လိုက်ကြလေသည်။

သူတို့နောက်တွင် ပိုင်ရှောင်ချန်း၊ ဖက်တီးကျန်းနှင့် အမှတ်သုံး ဖက်တီးဟီတို့က လက်ယှက်ကာ ခါးညွှတ်၍အရိုအသေပေးလိုက်လေသည်။

“ဂုဏ်ယူပါတယ် တာအိုညီအစ်ကို၊ ညီအစ်မတို့။ ခင်ဗျားတို့ဟာ အခုဆို နဂါးတံခါးကို ခုန်ကျော်ခဲ့တဲ့ ငါးတွေဖြစ်သွားပါပြီ။ ရှေ့ခရီးကို ဒုန်းစိုင်းပြေးမဲ့ မြင့်မြတ်တဲ့ မြင်းတွေဖြစ်သွားပါပြီ။”

မျက်နှာရှည်ရှည်နှင့်လူနှင့် ကျန်၂ယောက်သည်တောင်ထိပ်တွင်ရပ်ကာ မိန်းမောတွေဝေနေလေသည်။ အပြင်စည်းဂိုဏ်းသားဖြစ်သွားပြီဖြစ်သော်လည်း ထင်သလောက်မပျော်မရွှင်နိုင် ဖြစ်နေရလေသည်။ ပိုင်ရှောင်ချန်းနှင့် သူ့အစ်ကိုများပြောသော စကားများကိုကြားလိုက်ရသောအခါ ထိုမျက်နှာရှည်ရှည်နှင့်လူနှင့် ဗလကြီးမှာ တစ်ယောက်နှင့်တစ်ယောက် နာကျည်းကာ ခါးသီးနေသော အကြည့်များဖြင့်ကြည့်လိုက်ကြလေသည်။

ဟိုရှောင်မေ့ကမူ သူတို့နှင့်မတူပဲ အလွန်ပင် စိတ်လှုပ်ရှားနေဟန် ပေါ်နေလေသည်။ သူမ၏နှစ်လိုဖွယ်မျက်နှာမှာ ရှက်သွေးဖြာနေသည်။

“ငါ၊ ဟိုရှောင်မေ့ ဒီလိုမျိုး ကံကောင်းလိမ့်မယ်လို့ တွေးကိုမတွေးဖူးဘူး။” ဟု ဂုဏ်ယူစွာ တွေးနေလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset