ဤမြင်ကွင်းကိုကြည့်ပြီး လူတိုင်း ကြက်သေ သေကာ မယုံနိုင်သော မျက်နှာထားများ ဖြစ်သွားကြသည်။
*အင်ပါယာရဲ့ နံပါတ်တစ် လုပ်ကြံရေးသမား အရိပ်သခင်က လက်တစ်ဖက် ပြတ်ပြီး ကြောက်လန့်တကြား ထွက်ပြေး လာရတာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*သူက သူတော်စင်သခင် တစ်ပိုင်းအဆင့် ရောက်နေတဲ့လူလေ၊ သူသာ လူလုံးထွက်မပြချင်ရင် ဘယ်သူက သူ့ကို ရှာတွေ့နိုင်မှာမို့လို့လဲ*
*သူ့ရဲ့ လျှို့ဝှက်အစီအစဉ်က ကျရှုံးသွားတာလား*
အရိပ်သခင်သည် မည်းမှောင်နေသော မျက်နှာထားနှင့် ပြန်ပြေးလာပြီး စိတ်ပျက်လက်ပျက် ပြောလာသည်။
“မကယ်နိုင်ဘူး ဘယ်သူမှ မကယ်နိုင်ဘူး”
သူ့စကားအဆုံး၌ လူတိုင်း မျှော်လင့်ချက် ပျက်သုဉ်းသွားကြသည်။
*အရိပ်သခင်တောင်မှ ဘာမှမလုပ်နိုင်ရင် အခြား ဘယ်သူက တတိယမင်းသမီးကို ကယ်နိုင်မှာလဲ*
“အရိပ်သခင် ဘာတွေဖြစ်လာတာလဲ”
သွေးဆူးချွန်အဖွဲ့နှင့် အရာရှိများ ကြက်သေ သေသွားကြသည်။ အရိပ်သခင်သာလျင် ကယ်နိုင်လိမ့်မည်ဟု သူတို့ ကျိန်ဆိုခဲ့ကြသော်လည်း ယခု သူက အားလုံးကို အရှက်ခွဲလိုက်လေပြီ။
“ပြောမနေပါနဲ့တော့၊ သူတို့မှာ မှော်အစီအရင် ရှိတယ်၊ ငါ ဝင်ဝင်ချင်း သတိထားလိုက်မိတာ၊ စက်သေနတ် တွေကလည်း ငါ့ကို ချက်ချင်း ပစ်တယ်၊ ငါ့ခွန်အားကြောင့်သာ မဟုတ်ရင် ငါ သေတာ ကြာနေလောက်ပြီ”
သူသည် လူပင်မကယ်နိုင်ဘဲ လက်တစ်ဖက်ပါ ဆုံးရှုံးခဲ့ရသဖြင့် အရှက်ရနေ၏။
“ငါ မင်းကို လက်လျှော့ဖို့ အကြံပေးလိုက်မယ်၊ ငါတောင် ဘာမှမလုပ်နိုင်တာ၊ မင်းဆို ပြောနေစရာတောင် မလိုတော့ဘူး၊ သွားအသေခံမနေနဲ့”
အရိပ်သခင်က မောက်မာစွာ ပြောလိုက်သည်။
“အရေးမပါလိုက်တာ၊ ကယ်ဖို့ခက်တာနဲ့ပဲ မကယ်ရတော့ဘူးလား”
လုံခွေက အေးစက်စက် မျက်နှာပေးဖြင့် ပြန်မာန်မဲလိုက်သည်။
*ဒီလူတွေက တော်တော် အရှက်မဲ့တာပဲ*
အရာရှိများသည်လည်း ခေါင်းငုံ့နေပြီး လုံခွေကို ပြန်မကြည့်ရဲကြချေ။ သူတို့လည်း မစွန့်စားလိုကြပေ။ သူတို့ ဤနေရာ ရောက်လာရန် မလွယ်ခဲ့သလို သူတို့၏ ရှိနေပြီးသော ဂုဏ်သိက္ခာနှင့် စည်းစိမ်တို့အား အလွယ်တကူ မစွန့်လွှတ်နိုင်ပါ။
“နင် ဒီလောက် တရားနည်းလမ်းကျကျ ပြောမယ်ဆိုရင် ဘာလို့ ဝင်မကူလဲ”
ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးက မခိုးမခန့်ပြုံး၍ ပြန်ချေပလိုက်သည်။
“သွားကယ်ရအောင် ဒီကောင်တွေကို ငါတို့အကြောင်း သိအောင် ပြရမယ်”
လုံခွေ အေးစက်စွာ ပြန်ပြောလိုက်သည်။ သူမစကားကို ကြားသော်လည်း သွေးဆူးချွန် အဖွဲ့ဝင်များက စိတ်မဆိုး သည့်အပြင် ထူးဆန်းသော အပြုံးမျိုး ပြုံး၍ လုံခွေနှင့် အခြားသူများအား မသာတစ်သိုက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။
*အရိပ်သခင်လိုလူတောင် မကယ်နိုင်တာ၊ ဒီအရူးတွေက အသေခံချင်နေတာလား*
*သစ္စာရှိတဲ့ ခွေးတစ်သိုက်ပဲ*
“မင်းတို့ ဒီမှာ စောင့်နေ”
ထိုစဉ် ယဲ့ဖန်က အေးစက်စက် မထုံတတ်တေး လေသံဖြင့် ပြောလာသည်။
“ဘာ ရှင် တစ်ယောက်တည်း သွားမလို့လား”
လုံခွေ မှင်တက်သွားပြီး ယဲ့ဖန်အား မယုံသင်္ကာ ကြည့်လေသည်။
“ဒါ လူလေးတစ်ယောက် သွားကယ်ဖို့ပဲကို၊ ပေါင်လုံ တစ်ဖွဲ့လုံး သွားဖို့ လိုလို့လား”
ယဲ့ဖန်က သူမကို အသာကြည့်၍ ပြောလိုက်သည်။ သူ၏ စကား၌ ဂုဏ်ယူသော အရိပ်အယောင်များ ပါဝင်နေသည်။
“ဟ လေကြီးလှချည်လား ဒီလူအိုကြီးတောင် မတတ်နိုင်တာ၊ မင်းက ဘာလဲ၊ အရေးမပါတဲ့ စကားကို ပြောရဲ တယ်လား”
အရိပ်သခင်က ဒေါသနှင့် ရယ်မောလိုက်ပြီး မချေမငံ ပြောလိုက်သည်။ ယဲ့ဖန်က လှောင်ရယ်၍ ပြန်မေးလိုက်သည်။
“ဒါဆို ငါ ကယ်နိုင်ရင် ဘာလုပ်ပေးမလဲ”
“ဒီလူအိုကြီး နေရာမှာတင် လက်ဖြတ်ပစ်မယ်”
အရိပ်သခင်က လှောင်ပြောင်သော မျက်နှာပေးနှင့် ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ ယဲ့ဖန် ထွက်သွားသည်နှင့် သေလိမ့်မည်ဟု သူ တပ်အပ် ပြောနိုင်သည်။
သွေးဆူးချွန်အဖွဲ့ဝင်များသည်လည်း လှောင်ပြောင်စကားများ မပြောရဲသော်လည်း အကြည့်နှင့်အမူအရာ၌ အထင်သေးဟန်များ အပြည့်ပင်။
*ဒီလူတွေက သေတွင်း တူးနေတာပဲ*
*အရိပ်သခင်တောင်မှ မတတ်နိုင်တာ၊ ဒီကောင်က ဘယ်လို ယုံကြည်မှုမျိုး ရှိနေတာလဲ၊ အဓိပ္ပာယ် မရှိလိုက်တာ*
*ဒါဆိုလည်း သွားသေလိုက်တော့ပေါ့*
သူတို့၏ စိတ်ထဲတွင် ကြမ်းကြုတ်သော စကားများဖြင့် ဆဲဆို၍ ယဲ့ဖန် သေရန် မျှော်လင့်နေကြသည်။
“ကောင်းတယ် အဲ့အချိန်ကျလို့ ခင်ဗျားကတိကို ဖြည့်ပေးဖို့ ငြင်းဆန်ရင် ကျုပ်ကိုယ်တိုင် ခင်ဗျားလက်ကို ဖြတ်ပစ်မယ်”
ယဲ့ဖန် အေးတိအေးစက် ပြန်ပြောပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားလေသည်။
“အရူး”
အရိပ်သခင်က ထပ်ခါထပ်ခါ သရော်လိုက်သည်။ သေခါနီးလူတစ်ယောက်က သူ့ကို ခြိမ်းခြောက်ရဲသဖြင့် အံ့ဩစရာ ကောင်းလှသည်။
သို့သော် ထိုအခိုက်တွင် ဆံပင်ငွေရောင်နှင့် လူငယ်က ဗုံးတစ်လုံးကို ထုတ်လိုက်ပြီး မကောင်းသော အပြုံးမျိုး ပြုံးလိုက်သည်။
“မဟူရာ ဒြပ်စင်ဗုံး”
ထိုဗုံးကိုမြင်သောအခါ လုံခွေတို့ သုံးယောက်လုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ ထို့နောက် လုံခွေက ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။
“နင် ဘာလုပ်ချင်နေတာလဲ”
“ငါးမိနစ်ပဲ၊ ငါးမိနစ်ကျော်လို့ ဘယ်သူ့ကိုမှ မကယ်နိုင်ရင် ဒီဗုံးနဲ့ ဖောက်ခွဲပစ်ရမယ်”
ဆံပင်ငွေရောင်နှင့်လူငယ်က လုံခွေကို မထီမဲ့မြင် မျက်နှာပေးဖြင့် ကြည့်၍ အေးစက်စွာ ပြောလေသည်။
“နင် ရူးနေလား၊ တတိယမင်းသမီးက အထဲမှာ ရှိနေသေးတယ်လေ၊ နင် သူ့ကိုပါ သတ်ချင်နေတာလား”
လုံခွေ ချောက်ချားသွားသည်။ မဟူရာဒြပ်စင်ဗုံးက ဟေးဖုန်းတစ်ရွာလုံးကို ပြာကျအောင် လုပ်နိုင်စွမ်း ရှိသည်။
*ဒီလူတွေက ဘယ်သူ့ကိုမှ မကယ်နိုင်တာနဲ့ ဟေးဖုန်းတစ်ရွာလုံးကို ဖောက်ခွဲမယ်တဲ့လား*
*တတိယမင်းသမီးရဲ့ အသက်ကိုတောင်မှ ထည့်မတွက်ပဲနဲ့လေ*
“တတိယမင်းသမီး ပြန်ပေးဆွဲခံရတာ ကြာနေပြီ၊ ပြီးတော့ သူ ရက်ရက်စက်စက် အသတ်ခံနေရလောက်ပြီ၊ သူ အသတ်မခံရဘူး ဆိုရင်တောင်မှ သူတို့ စော်ကားတာကို ခံနေရလောက်တယ်၊ တော်ဝင် မင်းသမီးက ဓားပြအဖွဲ့ ဖမ်းတာ ခံရတာကို ပြည်သူတွေသာ သိသွားရင် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာ ပျက်စီးသွားလိမ့်မယ်၊ အဲ့တော့ ငါတို့ တတိယမင်းသမီးအတွက် စိတ်မကောင်းဘူးလို့ပဲ ပြောနိုင်တယ်”
ဆံပင်ငွေရောင်နှင့်လူငယ်က ထူးဆန်းသော အပြုံးနှင့် ပြန်ပြောလိုက်သည်။
“အတင့်ရဲလိုက်တာ၊ တတိယမင်းသမီးရဲ့ အသက်ကို နင်က ဆုံးဖြတ်ရလား၊ ဧကရာဇ်သာ သိရင် နင်တို့အားလုံး သေလိမ့်မယ်”
ထိုစကားကိုကြားသော် ဆံပင်ငွေရောင်နှင့် လူငယ်၏ အပြုံးက ပို၍ ထူးဆန်းလာပြီး အထင်သေးပုံ ပေါက်လာ၏။
“စိတ်မကောင်းပါဘူး၊ ဒါ ဧကရာဇ်အမိန့်ပဲ”
လုံခွေ အတွေးထဲ ဗလာဖြစ်သွားပြီး ချက်ချင်း နေရာမှာတင် ကြက်သေ သေသွားကာ အချိန် အတော်ကြာအောင် ဘာစကားမှ မပြောနိုင်တော့ချေ။
*တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် သူက သူ့သမီးအရင်းကိုတောင် စတေးဖို့ မတွေဝေဘူးပဲ၊ ဒါ တော်ဝင်မိသားစုတဲ့လား*
*အရမ်း သွေးအေးလွန်းတယ်*
“ဒါဆို ဒီအကြောင်းကို ငါတို့ဆရာ ဝင်မသွားခင် မင်းတို့ ဘာလို့ မပြောရတာလဲ”
စွန်းထောင် အံကြိတ်နေမိသည်။
*ဒီလူတွေက ယဲ့ဖန်ကို သတ်ချင်နေတာပဲ*
“ငါတို့ သူ့အစွမ်းကို ယုံတယ်၊ ပြီးတော့ သူ တတိယ မင်းသမီးကို ကယ်နိုင်မယ်လို့ မျှော်လင့်တယ်လေ၊ အဲ့ဒါကြောင့် သူ့ကို ကြိုမပြောပြလိုက်တာ၊ သူ့ကို စိတ်ဖိစီးမှုဖြစ်အောင် လုပ်လိုက်မိမှာစိုးလို့ပါ၊ ဟားဟားဟား …”
ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးက အူမြူးစိတ်ကို မထိန်းနိုင်ဘဲ အားပါးတရ ရယ်မောလာသည်။ တကယ်တမ်းတွင် သူတို့ ယဲ့ဖန်ကို သတ်ချင်နေခြင်း ဖြစ်လေသည်။ ယဲ့ဖန်အား အစောပိုင်းက သူတို့ကို အရှက်ခွဲခဲ့သည့် တန်ဖိုးကို ပြန်ပေးဆပ်စေချင်နေ၏။
“မင်း သေချင်နေတာပဲ”
စွန်းထောင် လှံကိုမြှောက်ကာ သတ်ပစ်ချင်နေသည်။
“ဘာလဲ မင်းက ချချင်တာလား၊ ဒါဆိုလည်း ငါတို့က မင်းကို အဆုံးအထိ အဖော်ပြုပေးရတာပေါ့”
သူတို့ ယဲ့ဖန်ကိုကြောက်သော်လည်း ဤလူများကိုတော့ မကြောက်ပေ။ ထို့အပြင် အရိပ်သခင်လည်း ရှိနေသဖြင့် သူတို့ ပေါင်လုံ အဖွဲ့အစည်းကို ရှုံးမည် မထင်ပါ။
“တော်ပြီ ရန်ဖြစ်တာ ရပ်လိုက်တော့၊ သူ ဘယ်မှာ သေသေးလို့လဲ”
ထိုအခိုက်တွင် နတ်ဆိုးနဂါး ဖုရှန်က အေးတိအေးစက် ဝင်ပြောလာသည်။ သူ ဝင်ပြောလာသောအခါ လုံခွေနှင့် အခြားသူများ အံ့ဩသွားသည်။
*ယဲ့ဖန်က သေမလို ဖြစ်နေတာကို ဘာလို့ သူ့ညီအစ်ကို နတ်ဆိုးနဂါး ဖုရှန်က မစိုးရိမ်ရတာလဲ*
ထိုစဉ် နတ်ဆိုးနဂါး ဖုရှန်က သွေးဆူးချွန်အဖွဲ့နှင့် အရာရှိများအား အေးစက် ခက်ထန်စွာ ကြည့်လိုက်သည်။
“သူ ဗုံးမပေါက်ခင် ပြန်ရောက်လာဖို့သာ ဆုတောင်းထားလိုက် မဟုတ်လို့ကတော့ မင်းတို့ သူ့အပေါ် အကွက်ချ တာကို သူ သိသွားရင် ကြောက်စရာကောင်းတယ်ဆိုတာ ဘာကိုခေါ်လဲ မင်းတို့ သိလာလိမ့်မယ်”
နတ်ဆိုးနဂါး ဖုရှန်၏ ခြိမ်းခြောက်စကားနှင့် ရင်ဆိုင်ရသော်လည်း သွေးဆူးချွန် အဖွဲ့ဝင်များနှင့် အရာရှိများက အကြည့်လွှဲလိုက်ပြီး အထင်သေးဟန် ပြလေသည်။
*ယဲ့ဖန်က အသက်ရှင်လျက် ပြန်လာနိုင်လို့လား*
*ဆန်းကြယ်မှုတစ်ခု ဖြစ်လာမှပဲ ရလိမ့်မယ်*
ထိုစဉ် ဟေးဖုန်းရွာထဲမှ ပစ်ခတ်သံများ ထွက်ပေါ်လာ၏။
“ဟားဟားဟား စနေပြီ စနေပြီကွ၊ ခဏနေရင် ငါတို့ ဗုံးဖောက်စရာတောင် မလိုဘဲ အဲ့ကောင် တစ်စစီ ဖြစ်နေ လောက်ပြီ”
ခရမ်းရောင်ဆံပင်နှင့်လူက ဟက်ဟက်ပက်ပက် ရယ်မောလေသည်။ သူမ၏ ငယ်ရွယ်သော မျက်နှာလေးနှင့် အမူအရာက မလိုက်ဖက်ပေ။
“မင်းတို့ ပေါင်လုံအဖွဲ့အစည်းတော့ ဆရာအသစ် ပြောင်းဖို့ လိုပြီပဲ”
အရာရှိအဖွဲ့ကလည်း ရယ်မောလေသည်။ လုံခွေနှင့် အခြားသူများသည် အံကြိတ်၍ ငြိမ်ကာ မုန်းတီးနေ၏။ နတ်ဆိုးနဂါး ဖုရှန်သာ သူတို့ကို မတားပါက သူတို့ ထိုလူများနှင့် အသေအကြေ တိုက်ခိုက်နေလောက်သည်။
ယဲ့ဖန်သည် ဟေးဖုန်းရွာထဲသို့ အမှန်တကယ် ဝင်သွားသည်။ သို့သော် မည်သည့် လျှို့ဝှက် ပုန်းကွယ်နည်းကိုမှ မသုံးဘဲ ပေါ်ပေါ်တင်တင် ဝင်သွားလေ၏။
“အသေခံမယ့် နောက်တစ်ယောက် လာပါပြီ၊ သူက မနူးမနပ်လေးပဲ ရှိသေးပါလားကွ”
“ဟဲဟဲ ခုနက အဘိုးကြီးတောင် မင်းထက် သန်မာသေးတယ်၊ သူတောင် မလုပ်နိုင်တာ၊ မင်းက လာအသေခံ ရဲတယ်လား”
“မင်းတို့အားလုံး အသက်ရှင်ရတာ ပျင်းနေတာလား၊ တစ်ယောက်ပြီး တစ်ယောက် ဝင်လာပြီး အသေခံနေတယ်”
ပထမ၊ ဒုတိယနှင့် တတိယခေါင်းဆောင်တို့က ယဲ့ဖန်ကို အထင်သေးကာ ပြိုင်တူ လှောင်နေကြသည်။ ထိုအခိုက်တွင် ဒါဇင်ချီသော စစ်လက်နက်များအားလုံးက ယဲ့ဖန်ကို ချိန်ထား၏။ သူ တစ်ခုခု လှုပ်ရှားသည်နှင့် ချက်ချင်း ယဲ့ဖန်ကို တိုက်ခိုက်မည် ဖြစ်သည်။
ထိုသို့ဖြစ်လာလျင် သူတော်စင်သခင်အဆင့် ရောက်လာလျင်တောင်မှ သေဆုံးရပေလိမ့်မည်။ ဤလက်နက် များကြောင့် သူတို့ အလွန်အမင်း ယုံကြည်မှု ရှိနေ၏။ သူတို့၏ အဆင့်များက ယဲ့ဖန်ထက် မသာလျင်တောင်မှ သူတို့ကိုယ်သူတို့ အထင်ကြီးနေကြသည်။
သို့သော် ယဲ့ဖန်က သူတို့ကို အသာကြည့်၍ မာန်အပြည့်ဖြင့် ပြောလိုက်သည်။
“ပိုင်ရွှယ်ကို လွှတ်ပေး”
“ပိုင်ရွှယ် ဟုတ်လား၊ မင်း သေခါနီးနေတာတောင် အခြားသူကို ဂရုစိုက်တဲ့စိတ် ရှိနေသေးတာလား၊ မင်းကိုယ်မင်းပဲ အရင် ဂရုစိုက်ပါဦး”
ခေါင်းဆောင်များက ဟားတိုက် ရယ်မောပြီး အထင်သေးဟန်သော မျက်လုံးများဖြင့် သေလူကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
အရိပ်သခင်၌ ထွက်ပြေးနိုင်သော နည်းလမ်းတစ်ချို့ ရှိ၍သာ လွတ်မြောက်သွားခြင်း ဖြစ်သော်လည်း သူတို့ရှေ့မှ လူငယ်လေးအား အသေသတ်ရန် ဆုံးဖြတ်ထားလေသည်။
“မင်း ငါတို့ကို ဖမ်းထားတဲ့လူကို လွှတ်ပေးစေချင်တာလား၊ ရတယ်၊ အင်ပါယာက ငါတို့ကို ဘီလီယံ တစ်ရာသာ ပေးရင် သူတို့ကို လွှတ်ပေးဖို့ စဉ်းစားပေးမယ်”
ဒုတိယခေါင်းဆောင်က ထူးဆန်းသော အပြုံးနှင့် ပြန်ပေးဆွဲငွေအဖြစ် အင်ပါယာမှ ဘီလီယံတစ်ရာ တောင်းလေသည်။ သူတို့က ဟေးဖုန်းရွာမှ ခေါင်းဆောင်များ ဖြစ်ကြောင်း မည်သူ မသိဘဲ နေမည်နည်း။
“ဒါပေမဲ့ …”
ယဲ့ဖန် အေးစက်စက် မျက်လုံးများဖြင့် ပြန်ဖြေလိုက်သည်။
“မသာတွေက ပိုက်ဆံတောင်းပြီး ဘာလုပ်မလို့လဲ”
ခေါင်းဆောင်သုံးယောက်လုံး ချက်ချင်း မျက်နှာပျက်သွားသည်။ မကြာခင်မှာပင် သူတို့၏ မျက်နှာတွင် မုန်းတီး စိတ်များ ပြည့်နှက်လာပြီး လက်ဝှေ့ယမ်းလိုက်သည်။
“အဲ့ကောင်ကို သတ်ကြ”
“သူ့ကို တစ်စစီဖြစ်အောင် ဖောက်ခွဲကြ”
“သေစမ်း”
သုံးယောက်လုံး ဒေါသအပြည့်နှင့် ကြုံးဝါးလေသည်။ ရုတ်တရက် ဆိုသလိုပင် အမြောက်များနှင့် စက်သေနတ်များ အသက်ဝင်လာပြီး ယဲ့ဖန်ကို တရစပ် ပစ်ခတ်လေသည်။ အစောပိုင်းက ပစ်ခတ်မှုထက်ပင် ပိုအားကောင်း သေးသည်။
အင်ပါယာတွင်း၌ အားအကောင်းဆုံးသော လက်နက်များအားလုံး ဤနေရာ၌ ရှိနေ၏။ ဤပစ်ခတ်မှုအတွင်း တောင်တစ်ခုလုံး တုန်ခါကာ ကောင်းကင် ပြိုမတတ် ဖြစ်လာလေသည်။ ကြောက်စရာ ကောင်းလှပေ၏။
“အမှိုက်ကောင် မာနကြီးသလို လာလုပ်ပြနေတယ်”
ခေါင်းဆောင်က သုန်မှုန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“မင်း ခြေချလိုက်တဲ့ ဒီအစီအရင်က သူတော်စင်သခင်အဆင့်တောင် အသတ်ခံရနိုင်သလို ဘုရင်အဆင့် လေးတွေတောင် မဟုတ်တမ်းတရား မပြောရဲတဲ့ အစီအရင်ပဲ”
“ဝုန်း”
ရုတ်တရက် ကျယ်လောင်သော အသံတစ်သံ ထွက်လာပြီး စက်သေနတ် တစ်လက် လွင့်ထွက်လာကာ ခေါင်းဆောင် သုံးယောက်ထံသို့ လွင့်ပျံလာသည်။
*ဘာ*
သုံးယောက်လုံး အသည်းအသန် ရှောင်တိမ်းလိုက်သော်လည်း ချွေးစေးများဖြင့် မှင်တက်နေကာ မယုံနိုင်သော အကြည့်များဖြင့် ပြန်ကြည့်လိုက်ကြသည်။
“ဒေါက်”
ပစ်ခတ်မှုကြောင့် တောက်လောင်နေသော မီးထဲမှ လူတစ်ယောက်က ကြောက်စရာကောင်းသော အပြုံးမျိုးနှင့် လျှောက်လာသည်။
“မင်းတို့ ငါ့မေးခွန်းကို မဖြေရသေးဘူး၊ မသာတွေက ပိုက်ဆံတောင်းပြီး ဘာလုပ်မလို့လဲလို့ ငါ မေးနေတယ်လေ”