Switch Mode

Chapter 1245

မင်းလည်း သေချင်လို့လား

ယဲ့ဖန် ပေါင်လုံ အဖွဲ့အစည်းတွင်း၌ အဆင်ပြေ ချောမွေ့စွာ အခြေကျသွားခဲ့သည်။ သူကဲ့သို့သော လူမျိုးကို အနား၌ ခေါ်ထားနိုင်ရန်အတွက် စစ်နတ်ဘုရားအိုကြီးသည် ယဲ့ဖန်၏ အထက်စီးဆန်၍ အကန့်အသက်မဲ့သော အခြေအနေ များကိုလည်း          လက်ခံထားရသည်။

ပထမနေ့၌ အဖွဲ့ဝင်အားလုံး၏ သဘောပေါက် နားလည်နိုင်စွမ်း တိုးမြင့်လာသည်။ ဒုတိယနေ့၌ အဖွဲ့ဝင်အားလုံး၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက်လာ၏။ တတိယနေ့၌ အဖွဲ့ဝင်များအားလုံး၏ ယန်စွမ်းအင်များ တိုးပွားလာ လေသည်။

ဤသုံးရက်တည်းနှင့် အဖွဲ့ဝင်များအားလုံး ယဲ့ဖန်အပေါ် ရိုသေလေးစားကာ ယုံကြည်လာကြသည်။ သူ့အား နတ်ဘုရားသဖွယ် မြင်ယောင်လာသည်။

“တတိယမင်းသမီးရဲ့ သတင်း ရလာပြီ”

လေးရက်မြောက်နေ့၌ လုံခွေတစ်ယောက် ယဲ့ဖန်ထံ ရောက်လာသည်။

“သွားကြစို့”

ဘာမှထပ်မပြောဘဲ ယဲ့ဖန်က လုံခွေကို ဦးဆောင်၍ သွားခိုင်းလိုက်သည်။ သူ ပိုင်ယီနှင့် ထပ်တွေ့ရရန် စိတ်မရှည် တော့ဘဲ ပြန်တွေ့ချင်နေလှသည်။

ယဲ့ဖန်နှင့် သူ့အဖွဲ့သား ခြောက်ယောက်တို့ တောင်တန်းတစ်ခုသို့ ရောက်လာကြသည်။ သို့သော် ထိုနေရာ၌ လူတစ်စု ကြိုရောက်နှင့်နေသည်ကို တွေ့လိုက်ရလေသည်။

သူတို့ရောက်လာသည်ကို မြင်သောအခါ ထိုအဖွဲ့က အထင်သေးသော အကြည့်များဖြင့် ပြောလာ၏။

“အိုး … ဒါ သုံးစားမရတဲ့ ပေါင်လုံ အဖွဲ့အစည်း မဟုတ်လား၊ မင်းတို့ ဘာလို့ အခုထိ မျက်နှာပြရဲသေးတာလဲ”

“မင်း ဘာပြောလိုက်တာလဲ”

ခို့ကျန်းဟွိုက်နှင့် စွန်းထောင်တို့ ချက်ချင်း ဒေါသထွက်သွားကြသည်။

“ငါ ပြောတာ မှားလို့လား၊ တော်ဝင်မျိုးနွယ်ကို ကာကွယ်ရမယ့် လျှို့ဝှက် အဖွဲ့အစည်း အနေနဲ့ အင်ပါယာက မင်းတို့ကို လုပ်ပိုင်ခွင့် အများကြီး ပေးထားတယ်၊ ဒါပေမဲ့ မင်းတို့ ဘာလုပ်လဲ၊ တတိယ မင်းသမီး ပျောက်နေတာ ဒီလောက် ရက်တွေ ကြာနေပင်မယ့် မင်းတို့ထဲက တစ်ယောက်မှ သူ့အစအနကို မရှာနိုင်ဘူးလေ၊ ရှင်းရှင်းပြောရရင် မင်းတို့က အမှိုက် မဟုတ်လို့ ဘာလဲ”

ထိုစကားကိုကြားသော် ခို့ကျန်းဟွိုက်နှင့် အခြားသူများ ဒေါသထွက်သွားသော်လည်း အရှက်ရကာ ပြန်မချေပ နိုင်ချေ။

“သူတို့နောက်ခံက ဘာလဲ”

ယဲ့ဖန် မနေနိုင်ဘဲ မေးလိုက်မိသည်။

“သွေးဆူးချွန်အဖွဲ့၊ ကျုံးကျိုးအင်ပါယာရဲ့ လုပ်ကြံရေး အဖွဲ့အစည်းပေါ့၊ ပြီးတော့ ကျွန်မတို့ ပေါင်လုံ အဖွဲ့အစည်းနဲ့ဆိုရင် အင်ပါယာရဲ့ လှံနဲ့ဒိုင်းလို့ အများက ခေါ်ကြတယ်၊ တစ်ဖွဲ့ကို ရန်သူကို သတ်ဖို့ အသုံးပြုပြီးတော့ နောက်တစ်ဖွဲ့ကို အင်ပါယာကို ကာကွယ်ဖို့ အသုံးပြုတယ်”

လုံခွေ ရှင်းပြလိုက်သည်။ တကယ်တမ်းတွင် သူတို့နှစ်ဖွဲ့၏ ဆက်ဆံရေးက သင့်မြတ်ခြင်း မရှိပေ။ သူတို့ကြား၌ မကျေနပ်ချက်များက နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။

ထို့အပြင် သွေးဆူးချွန်အဖွဲ့၏ ခေါင်းဆောင်က ပထမ မင်းသမီးနှင့် ဒုတိယ မင်းသားတို့၏ ဆရာ ဖြစ်ပြီး ယခုအခါတွင် အင်ပါယာ၏ မင်းဆရာ ဖြစ်နေပေသည်။

ဆံပင်ငွေရောင်နှင့် လူငယ်တစ်ယောက်က ထူးဆန်းသော ရယ်သံမျိုးနှင့် ရယ်မောလိုက်သည်။

“ငါ့အမြင်မှာတော့ အင်ပါယာက ဘာပေါင်လုံ အဖွဲ့အစည်းကိုမှ မလိုအပ်ဘူးထင်တယ်၊ ဒီအသုံးမကျတဲ့ အဖွဲ့အစည်းကို ဖျက်ဆီးလိုက်သင့်တာ”

“တော်တော့ ဒီနေ့ ငါတို့ နင်တို့နဲ့ ရန်ဖြစ်ဖို့ လာတာ မဟုတ်ဘူး၊ အဓိကကိစ္စက တတိယမင်းသမီးကို ကယ်ဖို့ပဲ”

လုံခွေက လေသံမာမာနှင့် ပြောလိုက်သည်။ ဤသို့သော အခြေအနေမျိုး ဖြစ်နေသော်ငြားလည်း သူတို့က လူကယ်ရန် မကြိုးစားဘဲ ပေါင်လုံ အဖွဲ့အစည်းကိုသာ ခနဲ့ရန် ကြိုးစားနေလေသည်။

“တတိယမင်းသမီးကို ကယ်မယ် ဟုတ်လား၊ အဲ့ဒါလည်း ငါတို့ကိစ္စပဲ၊ မင်းတို့နဲ့ ဘာမှမဆိုင်ဘူး၊ မင်းတို့ ဘေးဖယ်နေလို့ရတယ်”

ဆံပင်ငွေရောင်နှင့် လူငယ်က မာမာထန်ထန် ပြောလာသည်။

“မင်းတို့ ပေါင်လုံအဖွဲ့အစည်းက အရှက်မရှိတဲ့ အမှိုက်အဖွဲ့အစည်း မင်းတို့မှာ ဘာအရည်အချင်းမှ မရှိဘူး ဒါပေမဲ့ မျက်နှာသာရအောင် လုပ်တဲ့နေရာမှာတော့ ပထမတန်းစားပဲ”

ခရမ်းရောင်ဆံနွယ်နှင့် မိန်းကလေးက ဝင်လှောင်လေ၏။

“အခုထိ နင်တို့က မျက်နှာသာ ရဖို့ပဲ ဂရုစိုက်နေတာလား”

လုံခွေက ဒေါသထွက်နေသော မျက်နှာထားနှင့် သူတို့ကို မယုံနိုင်သလို ကြည့်နေမိသည်။

“ကျစ်ကျစ်ကျစ် … ဟိတ်ဟန်ကြီးလိုက်တာ၊ ဒါပေမဲ့ မင်းတို့သရုပ်ဆောင်ကောင်းတာနဲ့ ဘာမှဖြစ်မလာတာတော့ စိတ်မကောင်း စရာပဲ”

ခရမ်းရောင်ဆံနွယ်နှင့် မိန်းကလေးက ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ လှောင်ရယ်လိုက်သည်။

“ကောင်းပြီလေ ငါ နင်တို့နဲ့ အရေးမပါတာတွေ ပြောမနေတော့ဘူး၊ တတိယမင်းသမီးကို အတူတူ ကယ်ရအောင်၊ ဆုလာဘ်က အမြဲနင်တို့ဟာပဲ ဟုတ်ပြီလား”

လုံခွေက သူမကိုယ်သူမ မနည်း စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။ ယခုအချိန်၌ တစ်ဖက်အဖွဲ့သာလျင် တတိယမင်းသမီး ဘယ်နေရာ၌ ရှိနေသည်ဆိုတာကို သိနေသည် မဟုတ်ပါလော။

“ငါတို့နဲ့အတူ ကယ်မယ် ဟုတ်လား၊ နင်တို့က ထိုက်တန်လို့လား၊ စိတ်မကောင်းပါဘူး ငါတို့ သွေးဆူးချွန်အဖွဲ့က နောက်ဆံတင်းစေမယ့် အမှိုက်တွေကို ခေါ်တတ်တဲ့ အကျင့် မရှိဘူး”

လေးမီတာမျှ မြင့်မားသော လူကောင်ထွားသည့် အမျိုးသားတစ်ယောက်က အထင်သေးသော လေသံဖြင့် ပြောလာ၏။

သွေးဆူးချွန်အဖွဲ့နှင့် ပေါင်လုံအဖွဲ့အစည်းတို့က အင်ပါယာ၏ လှံနှင့်ဒိုင်း ဖြစ်သော်ငြားလည်း စစ်နတ်ဘုရားနှင့် မင်းဆရာတို့၏ အင်ပါယာတွင်း၌ သင့်မြတ်ခြင်း မရှိသော ဆက်ဆံရေးကြောင့် အဖွဲ့နှစ်ခုလုံးမှ အဖွဲ့ဝင်များလည်း အချင်းချင်း မသင့်မြတ်ဘဲ တွေ့တိုင်း အခြေအနေ တင်းမာလေ့ရှိသည်။

ဤသည်ကို လက်ရှိ ဧကရာဇ်က ကြည့်ပျော်နေပြီး သူတို့အား အချင်းချင်း အသေအကြေ တိုက်ခိုက်စေပြီး အင်ပါယာ၏ အာဏာ မျှခြေဖြစ်အောင် ထားထားလေသည်။ ဤနည်းအားဖြင့် သူ အေးအေးဆေးဆေး အနားယူ နိုင်ပေသည်။

ထို့ကြောင့် ယခုအခွင့်အရေး၌ သွေးဆူးချွန် အဖွဲ့သားများက လုံခွေနှင့် အခြားသူများကို ငဲ့ညှာမပေးဘဲ တိုက်ခိုက် ပြောဆိုနေ၏။

“နင် …”

လုံခွေ အလွန် ဒေါသထွက်နေသဖြင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူမ လူကယ်ချင်နေပြီး အလွန် စိုးရိမ်နေရသည်။ သို့သော် တစ်ဖက်လူက ဂရုမစိုက်ဟန်ဖြင့် သူတို့ကိုသာ အေးအေးလူလူ ပုတ်ခတ် စော်ကား နေလေသည်။

“ငါတို့ သူတို့ကို မလိုအပ်ဘူး၊ ငါတို့ဘာသာ ကယ်လို့ရတယ်”

ထိုစဉ် ယဲ့ဖန် ဝင်ပြောလာသည်။ သူ၏ စိတ်ဝိညာဉ် အာရုံကိုသုံး၍ ပိုင်ရွှယ်၏ တည်နေရာကို ရှာတွေ့ပြီးသား ဖြစ်လေသည်။

“မင်းတို့ဘာသာ ကယ်လို့ရတယ်ပေါ့လေ ဟားဟားဟား ငါတို့ကို ရယ်ရအောင် မလုပ်စမ်းပါနဲ့၊ တတိယ မင်းသမီးကို ဘယ်သူ ဖမ်းထားတာလဲရော သိလို့လား၊ ဟေးဖုန်းရွာကွ”

“ဟေးဖုန်းရွာလား မဖြစ်နိုင်ဘူး”

လုံခွေနှင့် အခြားသူများ သွေးပျက်သွားကြသည်။ ဟေးဖုန်းရွာ၏ နယ်နမိတ်သည် အန္တရာယ်များသည်။ ခုခံရန် လွယ်ကူသော်လည်း တိုက်ခိုက်ရန် ခက်ခဲပေသည်။ အင်ပါယာမှ စစ်သည်များ စေလွှတ်၍ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ဖူးသည်။ စစ်သည်တော် ငါးသောင်းအထိ စေလွှတ်ဖူးသော်လည်း မအောင်မြင်ဘဲ ပြန်လာခဲ့ရသည်။

ဟေးဖုန်းရွာက အဘယ်ကြောင့် တတိယမင်းသမီးကို ဖမ်းဆီးထားရသလဲ ဆိုသည်ကို သူတို့ နားမလည်ပါ။

“ဟေးဖုန်းရွာမှ အလင်းအမြောက် ဆယ်နှစ်ခု၊ နျူကလီးယားစွမ်းအင်သုံး စက်သေနတ် သုံးခုနဲ့ မဟူရာ ဒြပ်စင်သုံး လောင်ချာတစ်ခုတောင် ရှိသေးတယ်၊ အင်ပါယာတောင်မှ အဲ့ဒါမျိုးတွေကို သုံးခုပဲ ပိုင်ထားတာ”

ဆံပင်ငွေရောင်နှင့် လူငယ်လေးက လှောင်ရယ်လေသည်။

“ရန်သူရဲ့ အနေအထားက ဘုရင်အယောက်တစ်ရာ ပြေးဝင်သွားရင်တောင် အနည်းဆုံး ဆယ်ယောက်လောက်ပဲ အသက်ရှင်မယ်လို့ ခန့်မှန်းထားတာ၊ မင်းက ဘာမို့လို့ ဒီလို အရူးစကားမျိုး ပြောတာလဲ”

“ဒါ မင်းတို့ ဆရာအသစ် မဟုတ်လား၊ ကြည့်ရတာ ပေါင်လုံအဖွဲ့အစည်းမှာ ဘယ်သူမှ မရှိတော့တဲ့ပုံပဲ၊ သူတို့က မနူးမနပ်လေးကို ဆရာအဖြစ်တောင် ထားနေပြီလား”

ထိုစဉ် အဘိုးအိုတစ်ယောက် ထွက်လာသည်။

“အရိပ်သခင်”

ထိုသူကိုမြင်သည်နှင့် လုံခွေနှင့် အခြားသူများ ချက်ချင်း မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး မယုံသင်္ကာ ဖြစ်သွား သည့်ပုံပင်။

သူတို့အရှေ့မှလူသည် အင်ပါယာ၏ လုပ်ကြံရေးသမားများ၌ နံပါတ်တစ်ပုဂ္ဂိုလ်ဟု ကျော်ကြားလေသည်။ ယခုအချိန်ထိ သူ သတ်လိုသည့် လူများထဲတွင် ကံကောင်းသည့်သူဟူ၍ မရှိပေ။ သူသည် သမိုင်းဝင် အဖြစ်အပျက်များကို မရေတွက်နိုင်အောင် ဖန်တီးခဲ့သူ ဖြစ်ပေသည်။

လက်ရှိနှင့် အနီးဆုံး အဖြစ်အပျက်တစ်ခုမှ လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က ဖြစ်သည်။ ထိုအချိန်က ပြည်ပ အင်အားစု တစ်ခုက သူ့အား ရန်စခဲ့သည်။ ရလဒ်အနေဖြင့် ညတွင်းချင်း ထိုအင်အားစုတစ်ခုလုံး ရှင်းလင်းခံလိုက်ရလေသည်။ ထိုသို့သေသွားရသည့် လူများထဲတွင် ဘုရင်ခုနစ်ပါးတောင်မှ ပါနေခဲ့သည်။

ထို့ကြောင့် သူသည် ဘုရင်အဆင့်ကို ကျော်ဖြတ်၍ သူတော်စင်သခင် တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားပြီဟုပင် လူတစ်ချို့က ယူဆကြသည်။

“တတိယမင်းသမီးကို ငါ ကယ်နိုင်တယ်၊ မင်းတို့က ပေါင်လုံအဖွဲ့အစည်းက အမှိုက်တွေကိုသာ ရှင်းလိုက်”

အရိပ်သခင်က လုံခွေနှင့် အခြားသူများကို လျစ်လျူရှုကာ အထက်စီးဆန်သော ဟန်ပန်နှင့် ပြောလိုက်သည်။ လုံခွေနှင့် အခြားသူများသည် အရှက်ရသွားသော်လည်း ပြန်မချေပရဲချေ။ ဟေးဖုန်းရွာထဲမှ တတိယမင်းသမီးကို ကယ်လိုလျင် အရိပ်သခင်က အသင့်တော်ဆုံး ဖြစ်နေသည်။

“မင်းတစ်ယောက်တည်းလား၊ အဆင်ပြေပါ့မလား”

သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က ထူးဆန်းသော အပြုံးမျိုးနှင့် မေးလာ၏။

“သူ မလုပ်နိုင်ဘူးဆိုရင် မင်းရော လုပ်နိုင်လို့လား၊ မင်းဘက် လှည့်တောင် သေးနဲ့မပန်းဘူး၊ မင်းကိုယ်မင်း ဘာမှတ်နေလဲ”

“အရိပ်သခင်ကို မေးခွန်းထုတ်ရဲတယ်ပေါ့လေ၊ မင်း သေချင်နေပြီလား”

“မင်းကိုယ်မင်း ပေါင်လုံအဖွဲ့အစည်းရဲ့ ဆရာ ဖြစ်နေပြီဆိုပြီး ဟုတ်လှပြီ မှတ်နေလား၊ ငါတို့အမြင်မှာ မင်းက ချီးထုပ်အဆင့်ထက် မပိုဘူးကွ”

ယဲ့ဖန် ပါးစပ်ဟလိုက်သည်နှင့် သွေးဆူးချွန်အဖွဲ့မှ လူသုံးယောက်က စကားဖြင့် တိုက်ခိုက်လာ၏။ သူတို့သည် အထင်သေးစွာ လှောင်ပြောင်၍ ယဲ့ဖန်အား နင်းချေရန် မစောင့်နိုင်ကြတော့ပေ။

“ဖြောင်း ဖြောင်း ဖြောင်း”

ချက်ချင်းဆိုသလိုပင် သူတို့သည် ပါးရိုက်ခံလိုက်ရပြီး တစ်ပြိုင်တည်း လွင့်ထွက်သွားလေသည်။ သူတို့၏ ပါးများ ဖူးရောင်လာ၏။ ထို့အပြင် လေးမီတာ မြင့်မားသော အမျိုးသားဆိုလျင် ဦးခေါင်း တစ်စစီ ဖြစ်သွားရသည်။

“မင်း”

ထိုအခိုက်တွင် သူတို့သုံးယောက်လုံး သွေးပျက်သွားသည်။ တစ်ဖက်လူက သူတို့သုံးယောက်လုံးကို အသက်တစ်ခါ ရှူစာအချိန်အတွင်း အမှန်တကယ် ရိုက်နှက်ခဲ့သည်တဲ့လား။ ယဲ့ဖန် ဘယ်လိုလုပ်မှန်း သူတို့ မသိလိုက်ချေ။

“မင်း ဘယ်သူလဲ ငါ ဂရုမစိုက်ဘူး၊ အခုကစပြီး ငါ့ကို ဒါမှမဟုတ် ပေါင်လုံအဖွဲ့အစည်းကို စော်ကားတဲ့ စကားမျိုး မင်းတို့ဆီက ထပ်ကြားရမယ်ဆိုရင် ငါ မင်းတို့ကို ဒီနေရာမှာ အသက်ထွက်သွားအောင် လုပ်ပေးမယ်”

ယဲ့ဖန်၏ မျက်နှာက တင်းမာ၍ ကြောက်စရာကောင်းနေသည်။ လူအများကို ဝါးမျိုချင်နေသည့် သားရဲ တစ်ကောင် လိုပင်။ သုံးယောက်လုံး ထိတ်လန့်သွားပြီး မျက်နှာတွင် ကြောက်ရွံ့စိတ်များ ပြည့်နှက်လာ၏။

ထိုအခါ စွန်းထောင်နှင့် ခို့ကျန်းဟွိုက်တို့ လှောင်ရယ်လိုက်မိပြီး အလိုလို ခါးမတ်မိသွားသည်။ ယဲ့ဖန်သာ ရှိနေလျင် သွေးဆူးချွန်မှလူများ ပါးစပ်ပိတ်ရုံသာ တတ်နိုင်ပေတော့သည်။

“ကောင်းပြီလေ၊ ကောင်းပြီ မင်းတို့က ငါ့ကို ဒီလို အတိုက်အခံလုပ်ပြီး ရန်စရဲမှတော့ အဲ့တတိယမင်းသမီးကို မင်းဘာသာမင်း ကယ်တော့”

ယဲ့ဖန်၏ အပြုအမူကိုမြင်ပြီး အရိပ်သခင်ကလည်း ဟန်လုပ်၍ လက်ကာပြကာ ထွက်သွားရန် ပြင်လေသည်။

“ယဲ့ဖန် မင်း ဘာလို့ အရိပ်သခင်ကို မတောင်းပန်တာလဲ”

“ယဲ့ဖန် မင်းသိအောင် ပြောလိုက်မယ် အရိပ်သခင်ကလွဲရင် တတိယ မင်းသမီးကို ဘယ်သူမှ မကယ်နိုင်ဘူး၊ မင်းကြောင့် တတိယမင်းသမီး ဒဏ်ရာတစ်ချက် ရကြည့်လိုက်၊ မင်း ကမ္ဘာအဆုံးထိ ထွက်ပြေးရင်တောင် အင်ပါယာက မင်းကို လိုက်သတ်မှာကွ”

လူတစ်စုက ငေါက်ငမ်းလာကြသည်။ သူတို့အားလုံး စိုးရိမ်တကြီး ဖြစ်နေ၏။ ထိုစကားများကို ကားသော် အရိပ်သခင်နှင့် သွေးဆူးချွန်အဖွဲ့မှ လူများအားလုံး ပမာမခန့် အပြုံးမျိုး ပြုံးလာလေသည်။

*နေနှင့်ဦးပေါ့၊ ယဲ့ဖန် ဦးညွှတ်ပြီး သူ့အမှားကို ဝန်ခံလာစေရမယ်*

သို့သော် ယဲ့ဖန်က အရာရှိများကို တစ်ချက်သာ ကြည့်လိုက်သည်။ ထိုအကြည့်တစ်ချက်နှင့်တင် ထိုလူများ အေးခဲ သွားသည်။

“မင်းတို့ရော သေချင်နေတာလား”

ထိုအရာရှိများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*ဒီကောင်က တကယ် ဥပဒေမဲ့တာပဲ၊ ငါတို့ကိုတောင်မှ သတ်ချင်နေတာလား*

ပေါင်လုံအဖွဲ့အစည်းက အရာရှိများကို စိတ်ရှိသလို သတ်နိုင်သော်လည်း ဝန်ကြီးအဆင့်အောက်သာ ဖြစ်သည်။ သို့သော် ယခုလူများထဲတွင် ဝန်ကြီးအဆင့်အောက် ရောက်နေသူဟူ၍ မရှိပေ။

*ဒီကောင် ရူးနေတာလား*

“မင်း …”

တစ်ယောက်ယောက်က စကားပြောရန် ပြင်လိုက်သည်။

“ဖြောင်း”

ထို့နောက် ယဲ့ဖန်က အသာလက်ခုပ်တီး၍ လက်ယမ်းလိုက်သဖြင့် ထိုလူ ပေါက်ကွဲကာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲ သွားသည်။ လူတိုင်း ခေါင်းမွေးထောင်သွားလေသည်။

*ဒီနတ်ဆိုးက နောက်နေတာ မဟုတ်ဘူးပဲ၊ သူ တကယ် သတ်ချင်နေတာပါလား*

“လုံခွေ မင်းရဲ့ ပေါင်လုံအဖွဲ့အစည်းက တော်ဝင် အရာရှိကို သတ်လိုက်ပြီ၊ ငါ ဧကရာဇ်ကို တိုင်ကြားမယ်ကွ”

အရာရှိအဖွဲ့များ ဒေါပွသွားကြသည်။

“စစ်နတ်ဘုရားအိုကြီးက ဆရာယဲ့မှာ သူ့ကိုယ်စား အမိန့်ပေးပိုင်ခွင့် အပြည့်အဝရှိတယ်တဲ့၊ ပြီးတော့ မှန်ကန်တဲ့ လုပ်ရပ်ကို အရင်လုပ်ပြီး‌ နောက်မှ ဖြေရှင်းဖို့ အမိန့်ပေးထားတယ်၊ ရှင် မကျေနပ်တာရှိရင် ဧကရာဇ်ရှေ့မှာ ကြိုက်သလို တင်ပြလို့ရတယ်”

လုံခွေက အေးတိအေးစက် မျက်နှာပေးဖြင့် ပြန်ပြောလိုက်သည်။ စစ်နတ်ဘုရားအိုကြီးဟူသည့် စကားလုံးကို ကြားသည်နှင့် ဤအရာရှိများသည် ရေခဲရိုက်ထားသကဲ့သို့ ချက်ချင်း တောင့်တင်းသွားကြသည်။

“ကောင်းတယ် သိပ်ကောင်းတယ်၊ ယဲ့ဖန် ငါ တတိယ မင်းသမီးကို ကယ်ပြီးတဲ့အချိန်ကျရင် မင်းကို ပြန်လာ သတ်မယ်”

အရိပ်သခင်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီးနောက် လှစ်ခနဲ ပျောက်ကွယ်သွားပြီး ဟေးဖုန်းရွာထဲသို့ ဝင်သွား လေသည်။

တတိယမင်းသမီးကို သူ တကယ် မကယ်ရဲပါ။ သူသည် အင်ပါယာ၏ နံပါတ်တစ် လုပ်ကြံရေးသမား ဖြစ်နေလျင် တောင်မှ အင်ပါယာတစ်ခုလုံး၏ ရန်သူ မဖြစ်ရဲပေ။

ထိုစကားကို ကြားသောအခါ သွေးဆူးချွန် အဖွဲ့သားများနှင့် အခြားသူများ အံ့ဩသွားပြီး ယဲ့ဖန်အား သေလူ တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာကြသည်။ အဘယ်ကြောင့်ဆိုသော် အရိပ်သခင် လှုပ်ရှားပြီဆိုလျင် တစ်ခါမှ မလွဲချော်ဖူးသောကြောင့်ပင်။

*ဒီမျိုးမစစ်ကောင်ကတော့ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ပြန်လာတာကို မစောင့်နိုင်တော့ဘဲ အရိပ်သခင်ရဲ့ ဓားချက်အောက်မှာ သေချင်နေပြီနဲ့ တူတယ်*

ယဲ့ဖန်ကမူ အစမှအဆုံးတိုင်း နားမကြားသကဲ့သို့ ပြုမူ၍ တည်ငြိမ်နေသည်။ သူ့မျက်လုံးများက ပိုင်ရွှယ်ရှိရာ အရပ်သို့သာ ရောက်နေ၏။

သူမ ဘေးကင်းနေသရွေ့ ယဲ့ဖန် လှုပ်ရှားရန် အလျင်မလိုပါ။ အရိပ်သခင်ကိုမူ သေချင်နေသောသူ ဖြစ်သောကြောင့် သူ လွှတ်ထားလိုက်သည်။

“ဝုန်း ဝုန်း ဝုန်း”

မကြာခင်မှာပင် အဝေးမှနေ၍ ပစ်ခတ်သံများ ထွက်ပေါ်လာပြီး ငလျင်လှုပ်သကဲ့သို့ မြေဆီလွှာ တုန်ခါလာပြီး ဤတောင်တန်း တစ်ခုလုံး ကပြောင်းကပြန် ဖြစ်လာသည်ဟုပင် ထင်မှတ်မှားရပြီး လူတိုင်း ကြောက်လန့်သလို ခံစားလိုက်ရသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် အဝေးမှ သွေးသံတရဲရဲနှင့် လက်တစ်ဖက် ပြတ်နေသော လူတစ်ယောက် ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာတွင် အရှက်ရစိတ်နှင့် ဒေါသစိတ်များ ပြည့်နှက်နေ၏။ ထိုသူမှာ အရိပ်သခင်ပင်။

စာစဉ် ၈၃ ဤတွင် ပြီးပါပြီ။

Comment

Leave a Reply

Options

not work with dark mode
Reset