Switch Mode

Chapter 1244

ကျုပ် လုပ်ချင်တာလုပ်မယ်

“ဒုန်း ဒုန်း …”

လူတိုင်း လက်ထဲမှ ပစ္စည်းများ ပြုတ်ကျကုန်သည်။ ကြောက်လန့်နေသော မျက်လုံးများက လက်ရှိတွင် ထိုင်းမှိုင်း နေ၏။

လူတိုင်း အတွေးထဲ ဗလာဖြစ်နေပြီး စိတ်ဝိညာဉ် ဆွဲထုတ်ခံထားရသကဲ့သို့ ကျောက်ရုပ်သဖွယ် မလှုပ်ယှက် ရပ်နေ၏။

ကမ္ဘာပျက်သည်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေကြပြီး ခန္ဓာကိုယ်က မည်သို့ တုံ့ပြန်ရမလဲ ဆိုသည်ကို မေ့လျော့နေ သည့်ပုံပင်။

“ဟီးဟီးဟီး ငါ ခုနက ထင်ယောင်ထင်မှားတွေ ဖြစ်သွားတယ်ထင်တယ်၊ ငါ ရှစ်ခုမြောက်အသံကို ကြားလိုက် ရတယ်လို့ ထင်နေတာ၊ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မလဲလေနော့် ဟဲဟဲဟဲ …”

ခို့ကျန်းဟွိုက်က တစ်ကိုယ်တည်း ပြောနေပြီး ငိုသည်ထက်ပင် ဆိုးသောအသံမျိုးဖြင့် ရယ်နေလေသည်။ သို့သော် သူ့စကားအဆုံး၌ စွန်းထောင်က သရဲသဘက်ကို တွေ့လိုက်ရသော အမူအရာနှင့် လှည့်ကြည့်ပြီး ပြောလာသည်။

“ဒါပေမဲ့ ငါလည်း ကြားလိုက်တယ်ကွ”

*ရှစ်ခုမြောက်အသံ*

ချက်ချင်းဆိုသလိုပင် အားလုံး ဆူညံပွက်လောရိုက်လာ၏။ လူတိုင်း ပြိုင်တူ အလန့်တကြား အော်ဟစ်လာသည်။ သူတို့အားလုံး ငေးကြောင်ကြောင်နှင့် ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေသည်။

*ရှစ်ခုမြောက်အသံ၊ အရင်က တစ်ခါမှ ထွက်မလာဘူးတဲ့ ရှစ်ခုမြောက်အသံ*

*ပြီးတော့ သူက လက်ချည်းသက်သက်နဲ့*

*ဒီကောင့်ရဲ့ ခွန်အားက နိုင်ငံမှာရော လောကမှာပါ ပြိုင်ဘက်ကင်းနေပြီ*

လူတိုင်း ထိတ်လန့်ကာ မျက်နှာ ဖြူရော်နေကြသည်။ ခွန်အားအရာ၌ မဆိုထားနှင့် ယဲ့ဖန်က ကျန်သော အစွမ်းများ ၌လည်း ပြိုင်ဘက်ကင်းပေသည်။

*ကျုံးကျိုးမှာ ဘယ်လိုလုပ် ဒီလောက် ကြောက်ဖို့ကောင်းတဲ့လူ ရှိနေတာလဲ*

သူတို့ မယုံနိုင်ပါ။ ဤသို့ဆိုလျင် ယဲ့ဖန်က အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားထက် ပိုကြောက်စရာ ကောင်းနေသည် မဟုတ်ပါလော။

လုံခွေတို့သုံးယောက်လုံး ကြက်သေ သေနေကြသည်။ အစပိုင်း၌ ယဲ့ဖန်က သူ့ကိုယ်သူ အရှက်ခွဲနေသည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် ယဲ့ဖန်ကသာ သူတို့ကို လက်တွေ့ကျကျ ပြန်အရှက်ခွဲသွားလေသည်။     လက်ချည်း ဗလာနှင့် အသံရှစ်သံ ထွက်ပေါ်လာအောင် လုပ်နိုင်သူက ယခင်က တစ်ယောက်မှ မရှိခဲ့ပေ။

ဤသည်မှာ ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော မှတ်တမ်းတစ်ခု ဖြစ်သည်။ ယဲ့ဖန်က မှတ်တမ်းသစ်တစ်ခု သို့မဟုတ် ဒဏ္ဍာရီတစ်ခုကို ဖန်တီးခဲ့လေပြီ။ အင်ပါယာ၏ နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်လာပေတော့မည်။

လူတိုင်း ယဲ့ဖန်ကို ကြောက်လန့်တကြားဖြင့် ကြည့်နေမိသည်။  ယဲ့ဖန်၏ အပြုအမူက သူတို့၏ လက်ခံနိုင် စွမ်းထက်ပင် ကျော်လွန်နေ၏။

*ဒီလူက လုံးဝ လူသား မဟုတ်ဘူးပဲ*

“မဖြစ်နိုင်ဘူး ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ကျိုးခန်းယွီသည်လည်း မယုံနိုင်သော အမူအရာဖြင့် အော်ဟစ်လာသည်။

*ဒီမျိုးမစစ်ကောင်က ငါ့ဆရာထက် ပိုသန်မာတယ်တဲ့လား*

သူ၏ဆရာသည် ကောင်းကင့်အဆင့် ဓား၏ အစွမ်းကိုသုံး၍ အသံ ခုနစ်ကြိမ် ထွက်အောင် လုပ်ခဲ့သည်။ သို့သော်ငြားလည်း လောက၌ အတော်ဆုံးဟု သတ်မှတ်ခံရပြီး အင်ပါယာတစ်ခုလုံးအား အုတ်အော်သောင်းတင်း ဖြစ်အောင်လုပ်ခဲ့ပြီး မရေတွက်နိုင်သော လူများစွာတို့၏ နတ်ဘုရားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

သို့သော် ယခု သူ့ရှေ့မှလူသည် သူ့ဆရာကို ကျော်တက်နိုင်ရုံသမက လက်ချည်းသက်သက်ဖြင့် အသံ ရှစ်သံ ထွက်အောင် လုပ်နိုင်ခဲ့သည်။ ဤသည်ကို သူ ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။

သူ့စိတ်ထဲ၌ မနေနိုင်တော့ဘဲ သူ့ဆရာပင် ဤမိစ္ဆာကောင်၏ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလားဟု တွေးပူနေမိသည်။ လက်ရှိတွင် သူ၏ ယုံကြည်မှုက ပြိုလဲစပြုလာ၏။ သို့သော် ဤမျှနှင့် မပြီးသေးချေ။

“ဂျွတ်”

ထူလုံနံရံ၌ အက်ကွဲကြောင်းတစ်ခု သိသိသာသာ ပေါ်လာပြီး ထိုအက်ကြောင်းက ဘေးသို့ လျင်မြန်စွာ ပျံ့သွား လေသည်။ တစ်ခဏအတွင်းမှာပင် ထူလုံနံရံ၌ အက်ကြောင်းများ ပြည့်နှက်သွားကာ ပြိုကျသွားတော့သည်။

“ထူလုံနံရံက သူတော်စင် ယန်ကျောက်တုံး ဆယ်ဆနဲ့ ပြုလုပ်ထားပြီးတော့ ကောင်းကင်ဘုံရဲ့ စွမ်းအားကိုတောင်မှ တောင့်ခံနိုင်တာ၊ ဒါက …”

သူတို့ရင်ထဲမှ ထိတ်လန့်မှုက ထပ်တိုးမလာနိုင်တော့သည်အထိ ဖြစ်လာရသည်။ သူတို့အားလုံး ကြက်သေ သေနေကြသည်။

*ထူလုံနံရံ့ ပျက်စီးသွားတာလား*

*အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားတောင် မဖျက်ဆီးနိုင်တဲ့ ထူလုံနံရံက ယဲ့ဖန်ရဲ့ လက်သီးချက်ကြောင့် ပျက်စီး သွားတယ်တဲ့လား*

“တီ တီ”

ပစ္စည်း၏ ဖန်သားပြင်ပေါ်၌ အနီရောင် စာတန်းတစ်တန်း ပေါ်လာ၏။ ၎င်းစာသားမှာ “တိုင်းတာမှုအဆင့်ထက် ကျော်လွန်ခြင်း”

*ဒါ ဘာအဓိပ္ပာယ်လဲ*

လူတိုင်း အချင်းချင်း ပြန်ကြည့်နေပြီး ထိုအကြည့်၌ မယုံနိုင်လောက်အောင် အံ့ဩနေသော အရိပ်အယောင်များ ပါဝင်နေ၏။

*သူ့ရဲ့ခွန်အားက အသံရှစ်သံ ထွက်အောင် လုပ်နိုင်တာထက် ကျော်နေသေးတာလား*

ထိုသို့သော ဖြစ်နိုင်ချေကို တွေးမိပြီးနောက် သူတို့အားလုံး ရုတ်တရက် ကောင်းကင်မှ ပြုတ်ကျသွားသကဲ့သို့ အေးစိမ့်သွားပြီး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာသည်။

“ဒီမိစ္ဆာကတော့ … သူ့ကိုယ်ထဲမှ နတ်ဘုရားများ ဝင်နေနေသလား”

ပါရမီရှင်များအားလုံး မှုန်မှိုင်းမှိုင်း မျက်နှာထားများဖြင့် ကိုယ့်ဘာသာကိုယ် ပြောဆိုနေကြသည်။

“ငါ စမ်းသပ်ချက်ကို အောင်တဲ့ပုံပဲ”

ယဲ့ဖန်က စိတ်အေးသွားသော အပြုံးမျိုး ပြုံးလိုက်သည်။

“ဒါမှမဟုတ် ငါ တစ်ခြားအရာတွေကို စမ်းကြည့်ရဦးမှာလား”

“မလိုပါဘူး လုံလောက်ပြီ”

လုံခွေက ကျိုးခန်းယွီအား လူပြက်တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်ပြီး အထင်သေးစွာ လှောင်ပြောင် လိုက်သည်။

လူတိုင်း ဘာပြောရမှန်းမသိ ဖြစ်ကာ ယခုအခါတွင်မှ ယဲ့ဖန်က အတင်း ဟန်လုပ်နေခြင်း မဟုတ်ဘဲ သူ့၌ ထိုသို့ လုပ်နိုင်စွမ်းရှိ၍သာ ပြောဆိုခြင်း ဖြစ်ကြောင်း သိလိုက်ရတော့သည်။

ထို့ကြောင့် ယဲ့ဖန်သည် ဒေါသမထွက်ခြင်း မဟုတ်ဘဲ ကျိုးခန်းယွီ၏ လှောင်ပြောင်သောစကားကို စိတ်ထဲပင် မထားခြင်း ဖြစ်လေသည်။ ထိုအခိုက်တွင် လူတိုင်းက ကျိုးခန်းယွီကို ထေ့ငေါ့သလို ကြည့်လာကြသည်။ အရှက်ကွဲခြင်းပင်။ ပေါ်ပေါ်ထင်ထင် မျက်နှာဖြတ်ရိုက်ခံရသကဲ့သို့ အရှက်ကွဲသွားခြင်းပင်။

ယဲ့ဖန်ရှေ့၌ သူ ဂုဏ်ယူရသော ဆရာက စကားထဲ ထည့်ပြောရန်ပင် မထိုက်တန်ချေ။

“ထပ်ပြိုင်မယ်၊ ဒါမှ ဘယ်သူမှ ထပ်မပြောရဲတော့မှာ”

ယဲ့ဖန်က ပြုံးလိုက်ပြီး နောက်ပစ္စည်းကိရိယာထံသို့ လျှောက်သွားလေသည်။ ထို့နောက် လူတိုင်း ထိတ်လန့် သွားရသည့် မြင်ကွင်းတစ်ခု ထပ်ဖြစ်လာပြန်သည်။

အရှိန်စမ်းသပ်ချက်၊ တိုင်းတာမှုအဆင့်ထက် ကျော်လွန်ခြင်း။

လက်သီးအား၊ တိုင်းတာမှုအဆင့်ထက် ကျော်လွန်ခြင်း။

ခန္ဓာကိုယ် ကြံ့ခိုင်မှု စမ်းသပ်ချက်၊ တိုင်းတာမှုအဆင့်ထက် ကျော်လွန်ခြင်း။

ပစ္စည်းများအားလုံးကို ယဲ့ဖန် စမ်းသပ်ခဲ့သည်။ အားလုံး ခြွင်းချက်မရှိ တိုင်းတာမှုအဆင့်ထက် ကျော်လွန်ခြင်းကိုသာ ပြနေ၏။

ယ‌နေ့ ပေါင်လုံအဖွဲ့အစည်း၏ မှင်တက်ဖွယ် မှတ်တမ်းများအားလုံးကို လူတစ်ယောက်တည်းက ချိုးဖျက် သွားသည်။ တစ်နေ့တည်းနှင့် အားလုံးကို ချိုးဖျက်သွားခြင်း ဖြစ်ပေသည်။ လူတိုင်း ချောက်ချားနေကြသည်။

*ဒီလူက လူယောင်ဆောင်ထားတဲ့ မိစ္ဆာပဲ*

*ယဲ့မိသားစုက ဒီလိုမိစ္ဆာကောင်ကို ရန်စရဲရအောင် ဘယ်လိုတွေတောင် သတ္တိကောင်းခဲ့တာပါလိမ့်*

လူတိုင်း နက်ရှိုင်းသော နှလုံးသား အတွင်းတစ်နေရာအထိ သွေးပျက် ကြောက်လန့်လာပြီး ယဲ့ဖန်သာ ဆန္ဒရှိပါက သူတို့အားလုံးကို ရှင်းလင်းနိုင်ကြောင်း သူတို့ မသိစိတ်ထဲမှ သိနေ၏။

“အခု ပြောပါဦး ငါ မင်းတို့ရဲ့ ဆရာဖြစ်လာဖို့ အရည်အချင်း ပြည့်မီရဲ့လား”

ယဲ့ဖန် သရော်သလို ပြောလိုက်သည်။

“ပြည့်မီပါတယ်”

ပေါင်လုံ အဖွဲ့ဝင်တိုင်း သံပြိုင် ဖြေဆိုလာကြသည်။ ဤသို့သော မိစ္ဆာမျိုးက သူတို့၏ ဆရာ ဖြစ်လာခြင်းက ဂုဏ်ယူရာ ကိစ္စပင်။

ယဲ့ဖန် သူတို့ကို လေ့ကျင့်ပေးလျင် သူတို့၏ ခန္ဓာကိုယ်များက ယဲ့ဖန်ကဲ့သို့ သန်မာ၍ ကြောက်စရာ ကောင်းလိမ့် မည်ဟု မြင်ယောင်နေ၏။ ကျိုးခန်းယွီသည် ရှက်စိတ်ကြောင့် ပါးရိုက်ခံလိုက်ရသကဲ့သို့ မျက်နှာနီရဲလာ၏။

“စမ်းသပ်ချက်ကို အောင်တာနဲ့ အံ့ဩစရာကောင်းပြီလို့ ထင်မနေနဲ့၊ စမ်းသပ်ချက်က တိုက်ပွဲ မဟုတ်ဘူး၊ တကယ့် တိုက်ပွဲမြေမှာဆိုရင် မင်းက ငါ့ဆရာရဲ့ပြိုင်ဘက် မဟုတ်ဘူး”

ထိုစကားကို ကြားသောအခါ ယဲ့ဖန်က ကျောချမ်းဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလာသည်။

“ငါက ပေါင်လုံ အဖွဲ့အစည်းရဲ့ ဆရာ ဖြစ်လာပြီဆိုတော့ ဆရာကို ရန်ရှာပြီး စော်ကားပြောဆိုနေတဲ့ တပည့်ကို ငါ ဘယ်လိုလုပ်သင့်လဲ”

“သတ်”

လုံခွေသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ အမှန်အတိုင်း ပြောလိုက်သည်။ သူတို့၏ ပေါင်လုံအဖွဲ့အစည်းသည် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကြောင့် ကျော်ကြားလေသည်။

“ဒါဆိုလည်း သတ်ရတာပေါ့”

ယဲ့ဖန်က အေးအေးလူလူ ပြောလိုက်သည်။ သူ ဘာမှထပ်မပြောနိုင်ခင်မှာပင် နတ်ဆိုးနဂါး ဖုရှန်နှင့် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်တို့က ရှေ့တက်သွားပြီး ကျိုးခန်းယွီ၏ လက်မောင်း တစ်ဖက်တစ်ချက်ကို ချုပ်ကာ မြေကြီး၌ ဒူးထောက်လာအောင် ဖိနှိပ်လိုက်လေသည်။

ဤသည်ကိုမြင်ပြီး လူတိုင်း ထိတ်လန့်သွားကြသည်။ ယဲ့ဖန်က ကျိုးခန်းယွီကို သတ်ရဲလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

အဘယ်ကြောင့်ဆိုသော် ကျိုးခန်းယွီ၏ အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရား၏ တပည့်ဟူသော နောက်ခံအပြင် တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်ဟူသော အချက်လည်း ရှိနေသောကြောင့် ဖြစ်သည်။ ပေါင်လုံအဖွဲ့အစည်း အတွင်း၌ လုံခွေတောင်မှ သူ့ကို အတိုင်းအတာ တစ်ခုအထိ ကြောက်ရလေသည်။

“ယဲ့ဖန် မင်း ငါ့ကို သတ်ရဲလား၊ ငါ ဘယ်သူလဲ မင်း သိလားကွ၊ ပထမ မင်းသမီးနဲ့ ဒုတိယ မင်းသားတို့က ငါ့ဝမ်းကွဲ မောင်နှမတွေ၊ မင်း သေချင်နေတာလား”

ကျိုးခန်းယွီ၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေသည်။ သူသည် ကောင်းကင်ယံမှ လမင်းကဲ့သို့ မည်သူမှ မော်မကြည့်ရဲသည့်လူ ဖြစ်ပြီး ဤသို့ တစ်ခါမှ ဆက်ဆံမရဖူးပါ။

“ဂျွတ် ဂျွတ်”

သို့သော် သူ၏ ခြိမ်းခြောက်သော စကားသံ ထွက်လာသည်နှင့် သူ့လက်မောင်း နှစ်ဖက်လုံး ပြတ်ထွက်သွားသည်။ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ မျက်နှာက မာထန်နေ၏။

“ငါ့သခင်ကြီးကို စော်ကားတဲ့လူတိုင်း သေရမယ်”

ချက်ချင်းဆိုသလိုပင် လူတိုင်း လေအေးကို ရှူလိုက်မိသကဲ့သို့ဖြစ်ကာ ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။ ထိုအခါတွင်မှ ယဲ့ဖန်က ဟန်လုပ်နေခြင်း မဟုတ်ဘဲ ကျိုးခန်းယွီအား သတ်ရန် ကြံစည်ထားကြောင်း သတိပြုလိုက် မိသည်။ တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်ကို သတ်ချင်နေခြင်းပင်။

“အား …”

စူးရှသော အော်သံတစ်သံက ဌာနတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

“ယဲ့ဖန် မင်း ငါ့ကို သတ်လို့မရဘူး၊ မင်း ငါ့ကို သတ်ရင်၊ ငါ့ဝမ်းကွဲတွေက မင်းကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး”

ကျိုးခန်းယွီ တကယ် ကြောက်လန့်လာသဖြင့် အသံပင် တုန်ခါနေ၏။

*ဒီအရူးကတော့ သူကများ ငါ့ကို သတ်ရဲလို့လား*

“မင်းအဖေက ဧကရာဇ် ဖြစ်နေရင်တောင်မှ သတ်သင့်ရင် ငါ သတ်မှာပဲ”

ယဲ့ဖန်က ရက်စက်စွာ ပြုံး၍ ပြောလိုက်သည်။ အထက်စီးဆန်၍ ရက်စက်လွန်းသည်။  သူ့စကားကို ကြားပြီးနောက် ပေါင်လုံ အဖွဲ့ဝင်များအားလုံး ကြောက်လန့်သွားကြသည်။

“ဂျွတ်”

ထို့နောက် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ကျိုးခန်းယွီ၏ ဦးခေါင်းသည် သတ်ဖြတ်ခြင်း နတ်ဆိုး သခင်ကြောင့် ကြေမွကာ ဦးနှောက်များ ထွက်လာသည်။

“နင် အရမ်း အတင့်ရဲလွန်းတယ်၊ သူ့နောက်က မိသားစုက မသေးဘူး၊ နင်တော့ ပြဿနာကြီး ရှာပြန်ပြီ”

လုံခွေ စိတ်ပျက်စွာ ပြောလိုက်သည်။ ပထမဆုံးနေ့မှာတင် ပြဿာနာ ရှာလိုက်သဖြင့် အခေါင်းပြင်ရုံသာ ရှိပေ တော့မည်။

“မင်းမှတ်ထားဖို့က ငါ ဒီကို သင်ပြဖို့လာတာ၊ အဲ့တော့ မင်းက ငါ့ကို ဘာလုပ်ဖို့လိုတယ်ဆိုပြီး ပြောနေဖို့ လိုလို့လား”

ယဲ့ဖန်က သူမကို သုန်မှုန်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

“နင်”

လုံခွေ ချက်ချင်း ဒေါသထွက်သွားသည်။ ဤသို့ မာနကြီး၍ မောက်မာသောလူမျိုးကို သူမ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

“ဖြောင်း ဖြောင်း”

ထိုအခိုက်တွင် လက်ခုပ်တီးသံ ထွက်ပေါ်လာ၏။ လူတိုင်း အသံလာရာသို့ လှည့်ကြည့်လိုက်ပြီးနောက် ကျိုးနွံစွာ ဦးညွတ်၍ တလေးတစား နှုတ်ဆက်လိုက်သည်။

“မာရှယ်”

ရောက်လာသည့်သူမှာ ကျုံးကျိုးအင်ပါယာ၏ စစ်နတ်ဘုရား ဖြစ်လေသည်။ ယဲ့ဖန်က စစ်နတ်ဘုရားအိုကြီးက ကြောက်ရွံ့ခြင်း မရှိဘဲ စူးရှစွာ ပြန်ကြည့်နေသည်။ လူအိုကြီး၏ စူးရှသော မျက်လုံးများသည် သိမ်းငှက်ကဲ့သို့ စူးရှပြီး လူတိုင်း၏ နှလုံးသားကို ဖောက်မြင်နိုင်သည်။

မည်သူမှ သူ့ကို ကြည့်ရဲသည့် သတ္တိမရှိသော်လည်း ယဲ့ဖန်၌ ရှိလေသည်။ စစ်နတ်ဘုရားအိုကြီးသည် ယဲ့ဖန်၏ မျက်လုံးမှ တစ်စုံတစ်ရာကို ဖတ်ချင်သော်လည်း သူ စိတ်ပျက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤလူငယ်အား သူ ဘာကိုမှ ဖောက်မမြင်နိုင်သောကြောင့်ပင်။

“အမှန်အတိုင်း ပြောရရင် မင်းက ငါ ထင်ထားတာထက် တော်တော်လေး ပိုသာနေတာပဲ၊ ငါ့နေရာကို မင်းကို ဆက်ခံခိုင်းဖို့ ငါ ဆုံးဖြတ်ထားတယ်”

*နေရာကို ဆက်ခံခိုင်းမယ်တဲ့လား*

ထိုစကားက ပေါင်လုံ အဖွဲ့ဝင်များအား အသက်ရှူရပ်မတတ် ဖြစ်သွားစေသည်။ ယဲ့ဖန်ကို နောင်အနာဂတ် စစ်နတ် ဘုရားဖြစ်အောင် လုပ်မည်တဲ့လား။ တွေးကြည့်ရုံနှင့်တင် သူတို့၏ မျက်လုံး၌ အားကျမှုများက ဖုံးဖိ မရအောင် ပေါ်လွင်လာသည်။

သို့သော် ယဲ့ဖန်၏အဖြေက သူတို့ကို ထိတ်လန့်သွားစေသည်။ ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံမျှပြုံး၍ အထင်သေးစွာ ပြောလိုက်သည်။

“မဆိုးပါဘူး”

စစ်နတ်ဘုရားအိုကြီးလည်း တွေဝေသွားသည်။ ယခင်ကဆိုလျင် သူ့နေရာကို လိုချင်သည့်လူ ဘယ်လောက် များများ ရှိနေခဲ့သနည်း။ သို့သော် ယဲ့ဖန်က မဆိုးပါဘူးဟု ပြောနေသည်တဲ့လား။

အချိန်အတော်ကြာပြီးမှ သူ မနည်း ပြုံးယူလိုက်ရသည်။

“ငါ သိပြီ၊ မင်း ရှက်နေတာပဲ ဖြစ်မယ်”

ယဲ့ဖန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးက ပို၍ အထင်သေးဟန် ပေါက်လာသည်။

“အရူး”

“သူ့ကိုသတ်စမ်း၊ ချက်ချင်း အခုချက်ချင်း သတ်လိုက်”

စစ်နတ်ဘုရားအိုကြီးသည် ဒေါသထွက်ကာ ကျယ်လောင်စွာ အော်ဟစ်လေသည်။ မည်သူမှ သူ့ကို ဤသို့ မပြောဖူးချေ။ ယခု သူ ပျိုးထောင်ချင်သည့် လူငယ်လေးက သူ့ကို အထင်သေးနေ၏။ သူ ယဲ့ဖန်ကို အရေခွံ ဆွဲခါချင်စိတ် ပေါက်နေသည်။

ခို့ကျန်းဟွိုက်နှင့် အခြားသူများ၏ မျက်နှာတွင် စိတ်ဖိစီးနေဟန်များ ပေါ်လာသည်။

“အဲ့ဒါက အဓိက မဟုတ်ဘူးထင်တယ်”

ယဲ့ဖန် ရှေ့သို့တိုးလာပြီး လေးနက်စွာ ပြောလိုက်သည်။

“ကျုပ် အရေးမပါတာတွေ မပြောတတ်ဘူး၊ ခင်ဗျား ကျုပ်ကို ကျုံးကျိုးအင်ပါယာအတွက် အလုပ်လုပ်စေ ချင်တယ်ဆိုရင် အခြေအနေ တစ်ခုပဲ ရှိတယ်”

“အင်ပါယာထဲမှာ ကျုပ် … လုပ်ချင်တာ လုပ်မယ်”

Comment

Leave a Reply

Options

not work with dark mode
Reset