Chapter 1240

တစ်ယောက်တည်း မြို့ကို တိုက်ခိုက်ခြင်း အောင်မြင်သွားပြီ

“ခင်ဗျားတို့ ဂုဏ်ယူနေတာ မဟုတ်ဘူးလား”

လူသတ်လိုသော အငွေ့အသက်များ ပါဝင်နေသည့် ထိုအသံ ထွက်ပေါ်လာသောအခါ လူတိုင်း ပြိုင်တူ တုန်လှုပ်သွားကြပြီး အရိုးထဲအထိ စိမ့်နေအောင် ကြောက်ရွံ့ကာ သည်းခြေပျက်လာကြသည်။ ဖန်သားပြင်ရှေ့မှ လူများမှာမူ အားပါးတရ ကြွေးကြော်နေ၏။

“ယဲ့ဘုရင် တစ်ယောက်တည်းနဲ့ မြို့ကို တိုက်မယ်”

“ယဲ့ဘုရင် တစ်ယောက်တည်းနဲ့ အောင်မြင်အောင် လုပ်နိုင်သွားပြီ”

“ငါတို့ကျုံးကျိုး အင်ပါယာမှာ နဂါးတစ်ကောင် ထွက်ပေါ်လာပြီကွ”

“ဒီလူက တဖြည်းဖြည်းနဲ့ ကျုံးကျိုး အင်ပါယာရဲ့ စစ်နတ်ဘုရားထက်ကို ပိုကြောက်ဖို့ ကောင်းလာတယ်”

“ဟုတ်တယ် သူ ရှိနေရင် ကျုံးကျိုးအင်ပါယာက နိုင်ငံတိုင်းရဲ့ လေးစားတာကို ခံရမှာပဲ”

စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ထွက်ပေါ်နေလေသည်။ သိုင်းပညာကို အလေးပေးသည့် ကျုံးကျိုး အင်ပါယာသည် လက်ရှိအချိန်၌ ယဲ့ဖန်အား အင်ပါယာ ဦးမော့လာနိုင်သည့် မျှော်လင့်ချက်အဖြစ် သတ်မှတ်နေသလို ယဲ့ဖန်အား အမတ နတ်ဘုရားသဖွယ် သတ်မှတ်လာကြသည်။

ဒဏ်ရာ အပြင်းအထန်ရထားသော ခန္ဓာကိုယ်ဖြင့် ဘုရင်တစ်ပါးကို စက္ကန့်ပိုင်းအတွင်း သတ်ခဲ့သည်။ ဒဏ်ရာ အပြင်းအထန် ရထားသော ခန္ဓာကိုယ်ဖြင့် တစ်ကိုယ်တည်း မြို့ကို တိုက်ခိုက်ခဲ့သည်။

ဤသည်မှာ ပြိုင်ဘက်ကင်းခြင်း၏ အဓိပ္ပာယ်ကို သူတို့အား နားလည်စေရုံသာမက သမိုင်းမှတ်တမ်း၌ အကြီးအကျယ် ကမ္ဗည်းထိုးနိုင်မည့် မှတ်တမ်းကြီး တစ်ခု ဖြစ်လေသည်။

“ဆုတ်ကြ”

တစ်ပြိုင်တည်းလိုလိုပင် တတိယဘိုးဘေးနှင့် အခြားသူများသည် အရပ်မျက်နှာအနှံ့သို့ ဆုတ်ခွာ၍ ယဲ့ဖန်နှင့် ဝေးနိုင်သမျှ ဝေးဝေးသို့ လျင်မြန်စွာ ဆုတ်နေကြသည်။

သူတို့ ဝေးဝေးမပြေးလျင် သေရပေလိမ့်မည်။ ယဲ့ဖန်၏ ကိုယ်ပေါ်မှ ကြမ်းကြုတ်သော အရှိန်အဝါက အားလုံးကို ချောက်ချားစေသည်။

“နောက်ဆုတ်မယ် ဟုတ်လား၊ ခင်ဗျားတို့ နောက်ဆုတ်နိုင်သေးလို့လား”

ယဲ့ဖန် ဖျတ်ခနဲ လှုပ်ရှားလိုက်သည်နှင့် အဘွားအို၏ အနောက်သို့ ချက်ချင်း ရောက်သွားပြီး သူ့လက်များက သူမလည်ပင်းအား ချုပ်နှောင်လာသည်။

“ယဲ့ဖန် မင်း တစ်ခုခု ပြောချင်တယ်ဆိုရင်၊ သွေးကြွေး ဆပ်ချင်တယ်ဆိုရင် မိသားစုခေါင်းဆောင်နဲ့ပဲ ဆိုင်တယ်၊ မင်း သွားရှာသင့်တာက …”

“ဂျွတ်”

သူမ ပြော၍မပြီးသေးခင်မှာပင် ယဲ့ဖန်၏ လက်များက သူမလည်ပင်းကို ဆွဲစုတ်လာသဖြင့် သွေးသံတရဲရဲနှင့် ခေါင်းပြတ်တစ်လုံးက ယဲ့ဖန်၏ လက်ထဲသို့ ရောက်သွားလေသည်။

“သတ်”

“သတ်”

“သတ်”

ထန်မင်လီနှင့် အခြားသူများ သံပြိုင် အော်ဟစ်အားပေးနေ၏။ သူတို့သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကြသည်။ ဤသည်မှာ သူတို့၏ ဘုရင် ဖြစ်ပေသည်။ အထက်စီးဆန်၍ ပြိုင်စံရှားသော ပုဂ္ဂိုလ်ပင်။

ထိုမြင်ကွင်းကြောင့် အနီး၌ ရှိနေသော ဘုရင်တစ်ပါး၏ ပေါင်ခွကြားက စိုစွတ်လာသည်။

*မြန်လွန်းတယ်၊ ရက်စက်လွန်းတဲ့ နည်းလမ်းပဲ*

သို့သော် သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ဖန်က နောက်ဘုရင်တစ်ပါးထံသို့ လျှပ်စီးသဖွယ် ပြေးဝင်သွားလေသည်။ သူ၏ တိုက်ပွဲဝင်ခွန်အားကို မည်သူမှ မယှဉ်နိုင်ပေ။

ယဲ့ဖန်သည် ကြောက်လန့်နေသော ဘုရင်များအား သည်းကြီးမည်းကြီး လိုက်သတ်လေ၏။

“ဝှစ် ဝှစ်”

မြို့နံရံတစ်ခုလုံး၌ သွေးများ စွန်းထင်းနေလေသည်။ တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်၊ အယောက် နှစ်ဆယ်။ နောက်ဆုံး၌ တစ်ယောက်မှ မကျန်တော့ချေ။

ယှဉ်မရလောက်အောင် သန်မာ၍ လူအများ လေးစားခံရသည့် ဘုရင်များသည် ယဲ့ဖန်၏ ခြေဖဝါးအောက်၌ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးသွားတော့သည်။

လက်ရှိအချိန်သည် နဂါးမြို့တော်၏ အဆုံးသတ် ဖြစ်ဟန်တူသည်။ သို့သော် အစမှအဆုံးတိုင် ငါးမိနစ်သာ ကြာမြင့် ခဲ့သည်။ ဘုရင်အဖွဲ့အား သတ်ရန် ငါးမိနစ်သာ ကြာခဲ့လေသည်။

“သေသွားပြီလား၊ အားလုံး‌ သေသွားပြီလား”

နဂါးမြို့တော်ှ လူများအားလုံး ခေါင်းမွေးထောင်လာပြီး ပြင်းထန်စွာ တုန်လှုပ်လာကြသည်။ သူတို့ အလွန်အမင်း ကြောက်လန့် နေကြသည်။ မျက်စိရှေ့မှ မြင်ကွင်းက သူတို့အား လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားစေသည်။

သူတို့ ယုံကြည်သော ယဲ့မိသားစုက ခွေးလိုဝက်လို အသတ်ခံလိုက်ရလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ သူတို့ အလွန် ဂုဏ်ယူနေသော ဝင်္ကပါ အစီအရင်ကလည်း တစ်စုံတစ်ယောက်၏ ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။

ယဲ့မိသားစု၏ ထိပ်တန်းပုဂ္ဂိုလ်များဟု သတ်မှတ်ခံထားရသည့် ဘုရင်များသည်လည်း ဤသို့ အရေးကြီးသော အချိန်၌ လူတစ်ယောက်၏ သတ်ခြင်း ခံလိုက်ရသည်။ သူတို့ လုံးဝ ဇာတ်သိမ်းပေတော့မည်။

တတိယဘိုးဘေး၏ ခန္ဓာကိုယ် ကတုန်ကယင် ဖြစ်လာပြီး မျက်နှာတစ်ခုလုံး ပြာနှမ်းလာ၏။ အချိန် အတော်ကြာပြီးနောက် သူ မချိပြုံး ပြုံးလိုက်သည်။

“ငါ ဘယ်လိုမိစ္ဆာမျိုးကို နှိုးလိုက်မိတာပါလိမ့်”

တစ်ချိန်က သူ ယဲ့ဖန်ကို မသတ်ခဲ့လျင် ယနေ့ကဲ့သို့ သွေးမြေကျမည့် အမုန်းတရားများ ရှိလာမည် မဟုတ်ပါ။ ထို့အတူ ဤသည်ကြောင့် ယဲ့မိသားစုလည်း ပျက်စီးရမည် မဟုတ်ပေ။ ထို့အပြင် ဤအတွက်ကြောင့် နဂါးမြို့တော်မှ လူများပါ ဒုက္ခရောက်လိမ့်မည်ဟု မဟုတ်သလို သူလည်း သေစရာ မလိုတော့ပါ။

ဤကိစ္စအားလုံးက သူ့အမှားကြောင့်သာ ဖြစ်သည်။ သူ နောင်တရမိသည်။ ယဲ့ဖန် သူ့ထံသို့ တစ်လှမ်းခြင်း လှမ်းလာသည်ကို ကြည့်ပြီး တတိယဘိုးဘေး၏ မျက်နှာတွင် မျှော်လင့်ချက် ပျက်သုဉ်းသွားသည့် မျက်နှာထားမျိုး ဖြစ်ပေါ်လာသည်။

“မူလဟောကိန်းက တကယ်ကို ရှောင်လွှဲလို့ မရပါလား”

သူ့အဆုံးသတ်ကို သူ ခန့်မှန်းမိပြီးသားပင်။ ထို့နောက် သူ အောင့်သက်သက်ဖြင့် ပြောလိုက်သည်။

“ယဲ့ဖန် ငါ့ယဲ့မိသားစုမှ သေပြီးသားလူကို အသက်ပြန်သွင်းနိုင်တဲ့ ရတနာ တစ်ခု ရှိတယ်၊ ငါ အဲ့ဒါကို သုံးပြီး မင်းညီကို ကယ်ပေးနိုင်တယ်”

“ပြီးတော့ ငါ့ကို ကောင်းကောင်း ပေးသေခွင့်ပေးပါ၊ ငါ့ကို မနှိပ်စက်နဲ့”

တတိယဘိုးဘေး ယဲ့ဖန်အကြောင်း နားလည်သလို သူ၏ နည်းလမ်းများကိုလည်း ရိပ်စားမိသည်။ ယဲ့ဖန်လက်ထဲသို့ သူ ရောက်သွားလျင် ဘာဖြစ်မလဲဆိုသည်ကို အလိုလို ရိပ်မိနေသည်။

ယဲ့ဖန်က သူ့ကို သေသေချာချာ ကြည့်နေပြီးမှ ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ”

တတိယဘိုးဘေး မချိတင်ကဲ ပြုံးလိုက်ပြီးနောက် အင်္ကျီထဲမှနေ၍ ရှေးဟောင်း မီးအိမ်တစ်ခုကို ထုတ်ယူလိုက်သည်။

ခုနစ်စင်ကြယ်မီးအိမ်။ ယဲ့မိသားစု၏ ဤရတနာသည် သေလူများအား ပြန်အသက်သွင်းနိုင်သည်။ တစ်နိုင်ငံလုံး၌ ဤတစ်ခုသာ ရှိလေသည်။

တတိယဘိုးဘေး မန္တန်ကို တိတ်တဆိတ် ရွတ်ဆိုလိုက်ပြီးနောက် ဓားသွားမှ နတ်ဆိုးနဂါး ဖုရှန်၏ သွေးအချို့ကို မီးအိမ်ပေါ်သို့ အစက်ချလိုက်သည်။ ထိုအခါ မီးအိမ်က တဟုန်းဟုန်း တောက်လောက်လာ၏။

ထို့နောက် တောက်ပသော အလင်းရောင်အောက်၌ ခန္ဓာကိုယ်တစ်ခု ဖွဲ့စည်းဖြစ်ပေါ်လာပြီးနောက် လူ့အသွင် အဖြစ်သို့ ပြောင်းလဲလာသည်။

ရင်းနှီးနေသော မျက်နှာကို မြင်လိုက်ရမှသော ယဲ့ဖန်၏ သွေးဆာနေသော မျက်လုံးများက ကြည်လင် လာလေသည်။

နတ်ဆိုးနဂါး ဖုရှန် ခေါင်းခါယမ်းလိုက်ပြီး မြေကြီးပေါ် လဲကျကာ ဘေးပတ်ဝန်းကျင်အား ဇဝေဇဝါဖြင့် ဝေ့ကြည့် လေသည်။ သူ အသက်ရှင်နေသေးသည်ကို မယုံကြည်နိုင် ဖြစ်နေပုံရသည်။

သူ့ရှေ့မှ ယဲ့ဖန်ကို တွေ့လိုက်သောအခါ သူ ချက်ချင်း တစ်စုံတစ်ရာကို နားလည်သွားသည်။ သူ မချိုမချဉ် ပြုံးကာ ပြောလိုက်သည်။

“ငါ ခုနလေးတင် မင်း ချေးစားနေတယ်လို့ အိပ်မက် မက်နေတာ၊ အဲ့ဒါနဲ့ မင်းကို တားတာကို၊ မင်းက နားမထောင်ဘဲ ငါ့ကို ကန်တယ်တဲ့လေ …”

“ဒုန်း”

ယဲ့ဖန်က သူ့ကို ကန်ထုတ်လိုက်လေသည်။

“ဟားဟားဟား …”

သို့သော် တစ်ခဏအတွင်းမှာပင် နတ်ဆိုးနဂါး ဖုရှန်၏ ခန္ဓာကိုယ်က ဧရာမ အနက်ရောင် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

“နတ်ဆိုးနဂါး ဖုရှန် ပြန်လာပြီကွ”

“နဂါးလား၊ ဒီလောကမှာ ဒီလိုသတ္တဝါမျိုး ရှိလို့လား”

လူတိုင်း ကြက်သေ သေသွားကြသည်။ နဂါးဆိုသည်မှာ ဒဏ္ဍာရီများထဲ၌ ရှိသည်ဟု သူတို့ အမြဲ ထင်မှတ်ထားကြသည်။ သို့သော် သူတို့ မျက်စိရှေ့၌ အသက်ရှင်နေသော နဂါးတစ်ကောင် ပေါ်လာလိမ့်မည်ဟု ထင်မထားမိကြချေ။ ထို့အပြင် ထိုဧရာမ နဂါးကြီးက ယဲ့ဖန်၏ ညီ ဖြစ်နေသေးသည်။

“ယဲ့ဖန် မင်းကတိကို မမေ့ပါနဲ့”

တတိယဘိုးဘေးက ယဲ့ဖန် သူ့ကတိကို ရုတ်သိမ်းလိုက်မည်စိုး၍ အော်ပြောလိုက်သည်။

“စိတ်မပူနဲ့ ကျုပ် ခင်ဗျားကို မနှိပ်စက်ဘူး”

ယဲ့ဖန် ပြုံးလိုက်ပြီး‌ တတိယဘိုးဘေး၏ အနောက်သို့ လက်ညှိုးထိုးကာ ဆက်ပြောလေသည်။

“ဒါပေမဲ့ သူကတော့ ကျုပ် မပြောတတ်ဘူး”

ထိုအခိုက်တွင် တတိယဘိုးဘေးသည် သူ့နောက်ကျောမှ ပူနွေးသော လေတစ်ချက် တိုက်ခတ်လာသည်ဟု ခံစားလိုက် ရသည်။

ကုန်ကားခေါင်းတစ်ခုစာမျှ ကြီးမားသော နဂါးခေါင်းက သူ့အနောက်သို့ ရောက်နေပြီး သူ သေချာ လှည့်မကြည့် နိုင်ခင်မှာပင် ထိုနဂါးက သူ့အား တစ်ချက်တည်းဖြင့် ဝါးမျိုလိုက်သည်။

“တတိယ ယဲ့ဘိုးဘေး ခင်ဗျား ကျုပ်ကို ဒီလောက် အကြာကြီး နှိပ်စက်ထားခဲ့တာ၊ အခု ခင်ဗျား ပြန်ပေးဆပ်ဖို့ အချိန်တန်ပြီ”

“ယဲ့ဖန် မင်း သေကိုသေရမယ်ကွ”

နဂါးဗိုက်ထဲမှ‌နေ၍ တတိယဘိုးဘေး စူးရှစွာ အော်ဟစ်လေသည်။ ယဲ့ဖန်က အေးစက်စွာ ခနဲ့သံပြုလိုက်ပြီးနောက် အနောက်မှ နဂါးမြို့အား သတ်ဖြတ်လိုသော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။

ထိုအခိုက်တွင် နဂါးမြို့တော်တစ်ခုလုံး စိုးရိမ်တုန်လှုပ်လာ၏။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် ဘာလုပ်ချင်နေသလဲ ဆိုသည်ကု သူတို့ ရိပ်စားမိနေသောကြောင့်ပင်။

လုံခွေသည်လည်း ချက်ချင်း သတိဝင်လာပြီး ယဲ့ဖန်နားသို့ ချက်ချင်း အရောက်သွားလိုက်သည်။

“ယဲ့ဖန် သူတို့က အပြစ်ကင်းပါတယ်”

ထိုအခါ ယဲ့ဖန်၏ ပုံရိပ်က လုံခွေရှေ့တည့်တည့်သို့ ရောက်လာပြီး လက်တစ်ဖက်ဖြင့် သူမ လည်ပင်းကိုညှစ်ကာ မြှောက်လိုက်သည်။

ကြည့်နေသူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

*ဒီမိန်းမက စစ်နတ်ဘုရားမလေ*

*ကျုံးကျိုးအင်ပါယာရဲ့ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားရဲ့ နေရာသို့ ဆက်ခံနိုင်မယ်လို့ ကျော်ကြားနေတဲ့လူက တစ်ချက်တည်းနဲ့ ရှုံးသွားတာလား*

*မယုံနိုင်စရာ ကောင်းလိုက်တာ*

လုံခွေ အသက်ရှူရကြပ်လာ၏။ သူမမျက်နှာ၌ မယုံနိုင်ဟန်များဖြင့် ပြည့်နှက်နေသည်။ သူမ တစ်ချက်တည်းနှင့် အနိုင်ပိုင်း ခံလိုက်ရလိမ့်မည်ဟု ထင်ထားပုံမရချေ။

“ယဲ့ဘုရင် အရမ်း လွန်မလာနဲ့”

“ယဲ့ဘုရင် မင်း ကျုံးကျိုး အင်ပါယာတစ်ခုလုံးနဲ့ ရန်သူ ဖြစ်ချင်တာလား”

စွန်းထောင်နှင့် ခို့ကျန်းဟွိုက်တို့လည်း ပြိုင်တူ ပြေးလာကြသည်။ သို့သော် သူတို့လည်း စိုးရိမ်နေ၏။ အဘယ်ကြောင့် ဆိုသော် သူတို့၏ ခြိမ်းခြောက်စကားက ဤနတ်ဆိုးရှေ့၌ လုံးဝ သက်ရောက်မှု မရှိသည်ကို သူတို့ သိနေကြ သောကြောင့်ပင်။

“မင်းတို့က လူများတယ်ဆိုပြီး အနိုင်ကျင့်ချင်တာလား၊ ငါ အဲ့မေးခွန်းကို ဖြေပေးရမလား”

ယဲ့ဖန်၏ အနောက်၌ နတ်ဆိုးနဂါးဖုရှန် ပေါ်လာပြီး လူသုံးယောက်ကို စိုက်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ကလည်း တံစဉ်ကိုကိုင် ဖြည်းဖြည်းချင်း လျှောက်လာနေသည်။ နတ်ဆိုးနဂါး တစ်ကောင်နှင့် လူသတ်သမားတစ်ယောက်တို့က ယဲ့ဖန်ဘက်၌ ရှိနေသည်။

*ငါတို့ ဘယ်လို တိုက်မလဲ*

စွန်းထောင်နှင့် ကျန်လူများ ခေါင်းမွေးထောင်သွားပြီး တုန်လှုပ်လာကြသည်။

“ဒီမယ် အမျိုးသမီး ငါ့ကို တအား စိတ်ရှည်တဲ့လူလို့များ ထင်နေသလား”

ယဲ့ဖန်က ခနဲ့စကား ပြောလိုက်ပြီး လုံခွေအား စူးစူးရဲရဲ စိုက်ကြည့်လေသည်။

“ဒီနေ့ နဂါးမြို့တော်မှာ အသက်ရှင်သူ မရှိစေရဘူးလို့ ငါ ပြောခဲ့တယ်”

“ငါ့ကို တားတဲ့ ဘယ်သူမဆို သေရမယ်၊ နားလည်လား”

လုံခွေ ခက်ခက်ခဲခဲ ခေါင်းညိတ်ပြလိုက်မိသည်။ ယဲ့ဖန် သူမကို တကယ် သတ်ရန် အစီအစဉ်ရှိကြောင်း သူမ ခံစားမိ နေ၏။ ယဲ့ဖန် သူမကို လွှင့်ပစ်လိုက်ပြီး သတ်ဖြတ်ချင်သော မျက်လုံးများဖြင့် လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။

“သတ်ဖြတ်ခြင်း စတင်မယ်”

နတ်ဆိုးစွမ်းအင်များ တစ်ဟုန်ထိုး ပျံ့လွင့်လာသည်။ နတ်ဆိုးနဂါးသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး မိုးရွာသွန်းစေသဖြင့် ပြင်းထန်သော မိုးစက်များ ရွာသွန်းဖြိုးလာ၏။

ထိုမိုးရေထဲတွင် ကြောက်စရာကောင်းလောက် ပြင်းထန်သည့် အက်စစ်များ ပါဝင်နေသည်။ မိုးစက်နှင့် ထိမိသည့် နေရာတိုင်း၌ သက်ရှိအားလုံး လောင်ကျွမ်းသွားသည်။

“အား အား အား …”

ငယ်သံပါအောင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် လမ်းမထက်၌ သွေးပင်လယ်တစ်ခု စီးဆင်းလာပြီး သွေးပင်လယ် စီးဆင်းသွားသည့် နေရာတိုင်းမှ အရာအားလုံး ပြာဖြစ်သွားလေသည်။

“ယီးကိုယဲ့မိသားစု၊ သောက်ယဲ့ဘိုးဘေး၊ ခင်ဗျားတို့ကြောင့် ကျုပ်တို့ ထိခိုက်ရတာ”

“ပြေး ဝေးဝေးပြေး”

“ပြေးမယ် ဟုတ်လား၊ ငါတို့ ပြေးနိုင်သေးလို့လား”

“ခွင့်လွှတ်ပေးပါ၊ အရှင်ယဲ့ဘုရင် အသက်ချမ်းသာပေးပါ”

တစ်မြို့လုံး ငရဲကျသကဲ့သို့ ဖြစ်နေကြသည်။ လူတိုင်း အသေမခံနိုင်သဖြင့် စိတ်ပျက်လက်ပျက် ဖြစ်နေလေသည်။

“ငါ့ဘုရင်ကို စော်ကားပြောဆိုတာနဲ့တင် မင်းတို့ သေတာကို သနားစိတ် မဝင်နိုင်ဘူးကွ၊ ဒါ မင်းတို့ရဲ့ အဆုံးသတ်ပဲ”

“နဂါးမြို့တောက်က လူတွေ မဟောင်တော့ဘူးလား၊ အခုလောက်ဆို အော်သံတွေပဲ ထွက်နေတော့မှာ ထင်တယ်”

ထန်မင်လီနှင့် အခြားသူများ၏ မျက်နှာတွင် ဝမ်းသာစိတ်များ ထင်ဟပ်နေသည်။ ယခင်က ယဲ့မိသားစု သူတို့ကို လာသတ်ခဲ့သည့် အချိန်များနှင့် နဂါးမြို့တော်မှ လူများ အားပေးခဲ့သည်ကို ပြန်တွေးမိပြီးသလို သူတို့မြို့မှ လူများ ဒုက္ခရောက်ရသည်ကို ပြန်မြင်ယောင်ပြီး သူတို့အား မသနားနိုင်ချေ။

ယခု ဝဋ်ပြန်လည်ခြင်းပင်။ သူတို့အားလုံး သေသင့်ပေသည်။ မျက်စိရှေ့မှ မြင်ကွင်းကိုကြည့်ပြီး လုံခွေ မခံစားနိုင် တော့ သော်လည်း ဝင်တားရဲသည့် သတ္တိ မရှိပါ။ တားနိုင်သည့် အရည်အချင်းလည်း မရှိပေ။

“ထားလိုက်တော့ သူတို့ ဒီလို အဆုံးသတ်မယ်ဆိုရင်လည်း ဒါ သူတို့အပြစ်လို့ပဲ တွေးလိုက်တော့”

စွန်းထောင်တို့နှစ်ယောက်က သူမကို ကြင်နာစွာ နှစ်သိမ့်လေသည်။ လုံခွေက မချိပြုံး ပြုံးလိုက်ပြီး ခေါင်းခါ လိုက်သည်။ ထို့နောက် ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။

“ယဲ့ဖန် နင် တကယ်ကို ငါတို့ ပေါင်လုံအဖွဲ့အစည်းရဲ့ ဆရာ မဖြစ်ချင်ဘူးလား”

ယဲ့ဖန် ဘာမှပြန်မပြောသလို လှည့်ပင်မကြည့်ချေ။ လုံခွေ သက်ပြင်းချလိုက်မိသည်။ ဤသို့ ဖြစ်လာမည်ဟု သူမ ခံစားမိသော်လည်း ကြိုးစားကြည့်ချင်သေးသောကြောင့် မေးလိုက်ခြင်း ဖြစ်လေသည်။

ယခင်က ယဲ့ဖန်ကို ဆရာအဖြစ် တာဝန်ယူခိုင်းမည့် ဆုံးဖြတ်ချက်အား သူမ သဘောမကျခဲ့ပေ။ သို့သော် ယနေ့အဖြစ်ကြောင့် သူမတို့ ပေါင်လုံ အဖွဲ့အစည်းကသာ အမြင့်ကို တက်ချင်နေသည်ဟု ခံစားမိလာသည်။ ယဲ့ဖန်ကဲ့သို့ ပုဂ္ဂိုလ်အား သူတို့၏ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခိုင်းခြင်းက လွန်နေသည်ဟု ခံစားမိနေလေသည်။

လုံခွေနှင့် ကျန်နှစ်ယောက်သည်  ဤနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။ မူလအမိန့်မှာ ယဲ့ဖန်က အမိန့်ကို မနာခံလျင် ချက်ချင်း သတ်ပစ်ရန် ဖြစ်သည်။ သို့သော် ယခုပုံစံအရ သူတို့ထက် တစ်ဖက်လူက အင်အားကြီးနေ၏။

ဤလူ၏ တိုက်ပွဲဝင်ခွန်အားက အဆုံးအစမဲ့လှသည်။ သို့သော် ထိုအချိန်တွင် လုံခွေ၏ ဝတ်ရုံတွင်းမှ ဓာတ်ပုံတစ်ပုံ ထွက်ကျလာသည်။ သူမ ပြန်ကောက်ရန် ပြင်လိုက်သော်လည်း အနောက်မှ လက်တစ်ဖက်က အရင်ကောက် သွားသည်။

ယဲ့ဖန်က ကြောက်စရာကောင်းသော မျက်လုံးများနှင့် သူမရှေ့၌ ရပ်နေသော်လည်း အလွန် စိတ်လှုပ်ရှားဟန်ဖြင့် မေးလာ၏။

“ဘာလို့ မင်းဆီမှာ သူ့ပုံ ရှိနေရတာလဲ”


Comment

Leave a Reply


Options

not work with dark mode
Reset