အခန်း (၁၀)

နတ်မီးလျှံစမ်းသပ်ပွဲ

အစ်ကိုဖက်တီးများသည် ဝိညာဉ်ကျောက်တုံးများကဲ့သို့ လင်းလက်တောက်ပနေသာမျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကို အထင်တကြီး ငေးကြည့်နေကြသည်။ ဖက်တီးကြီးကျန်းဆိုလျှင် မျက်လုံးများမှာ မီးတောက်မီးလျှံများဖြင့် တောက်လောင်နေသလိုပင်။

“အစ်ကိုကြီးတို့…ဒီမှာကြည့်ကြပါဦး…..စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ တောင်ထိပ်သုံးခုမှာ လစဉ်လတိုင်း နတ်မီးလျှံစိန်ခေါ်ပွဲရှိတယ်လေ။ ဒီပွဲက ကျွန်တော်တို့လို အစေခံတွေအတွက် ချံ ုကြားက ဘုံဖျားရောက်မယ့် အခွင့်အရေးပဲမဟုတ်လား” ပိုင်ရှောင်ချန်းသည် ဟန်ဆောင်မှုကင်းစွာ အားတက်သရော ပြောနေသည်။

အစ်ကိုဖက်တီးကျန်းက ခေါင်းတစ်ချက်ငြိမ့်ကာ ထောက်ခံသည်။
“ဒါပေမယ့် ဂိုဏ်းကတော့ အတော်တကာ့ အတော်ဆုံးတွေကိုပဲ လက်ခံတာဆိုတော့ ဘယ်နှယောက်ပဲ ဝင်ပြိုင် ဝင်ပြိုင် ဂိုဏ်းခွဲတစ်ခုအတွက် ဂိုဏ်းသားအသစ် တစ်ယောက်စီပဲရွေးမှာမလား။ အဲ့ဒီတော့ ပြိုင်ပွဲမှာ ထိပ်ဆုံးသုံးယောက်ပဲ ရွေးခံရမယ်ဗျာ” ရှောင်ချန်က နှုတ်ခမ်းတသတ်သတ်ဖြင့် အားတက်သရောပြောနေလေရာ ဖက်တီးကြီးကျန်းမှာ လေးလေးနက်နက်နားထောင်ပေးနေသည်။

အမှတ်သုံး ဖက်တီးဟီမှလွဲ၍ ကျန်ဖက်တီးများမှာ ပိုင်ရှောင်ချန့်စကား၏ ဦးတည်ချက်ကို နားလည်ဟန်မတူ။

ဖက်တီးကြီးကျန်းသည် ပိုင်ရှောင်ချန်ကို ကြည့်နေရင်း မျက်လုံးများ အရောင်လက်လာသည်။
“ဒီတော့ ညီငယ် ဆိုလိုတာက….”

“အစ်ကိုကြီးတို့ ညီလေးတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် တောင်ထိပ်သုံးခုလုံးမှာ ထိပ်ဆုံးသုံးနေရာကို အေးဆေးလေးပဲ ယူလို့ရတယ်ဗျာ” ပြောနေရင်း ပိုင်ရှောင်သည် အစ်ကိုဖက်တီးများကို တစ်ချက် ဝေ့ဝဲကြည့်လိုက်သည်။ သူတို့အားလုံးမှာ ကျင့်ကြံမှုတွင် ချီစုစည်းမှု အဆင့်သုံးအထိ ပြီးမြောက်သူများဖြစ်ကြသည်။ ဖက်တီးကျန်းနှင့် အမှတ်သုံး ဖက်တီးဟီတို့ဆိုလျှင် အဆင့်သုံး၏ အတော်မြင့်သောအခြေအနေမှာရှိပြီး စားဖိုဆောင်ကိုသာ သံယောဇဉ်တွယ်မနေလျှင် ဟိုးအရင်ကပင် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်နေပြီ ဖြစ်သည်။

“ဒီတော့ဗျာ ကျွန်တော်တို့လုပ်ရမှာက တောင်ထိပ်သုံးခုကိုသွား ထိပ်ဆုံးသုံးနေရာ ရအောင်လုပ်နိုင်ရင် ကျွန်တော်တို့ဘဝတွေ ပြောင်းနိုင်ပြီပေါ့” စကားဆုံးသော် ဖက်တီးများ၏ အခြေအနေကို ကြည့်လိုက်သည်။

ဖက်တီးကြီးကျန်းသည် တုန်ယင်နေသည်။
“ဟုတ်ပြီ…… အားလုံး…အနားကိုလာခဲ့” အသက်ကို ဝအောင်ရှူ သွင်းပြီးနောက် သူ့ပေါင်လုံးကြီးများကို ပုတ်ကာ တိတ်တဆိတ်တိုင်ပင်ရန် ခေါ်လိုက်သည်။ ပိုင်ရှောင်ချန်း ပြောသောနည်းလမ်းမှာ ရိုးရိုးရှင်းရှင်းပင်ဖြစ်သော်လည်း ဖက်တီးကျန်မှာ ရုတ်တရက်ဉာဏ်အလင်းပွင့်လာပြီး ဘဝအသစ်တစ်ခုဆီသို့ ဝင်ရောက်ရန် တံခါးပွင့်လာသကဲ့သို့ ပိုကောင်းသောအကြံတစ်ခုကိုရလိုက်သည်။ စိတ်လှုပ်ရှားစွာဖြင့် အူလှိုက်သည်းလှိုက် ရယ်နေသည်မှာ ထိန်းမနိုင်သိမ်းမရဖြစ်သည်။

အမှတ်သုံး ဖက်တီးဟီမှာလည်း ခြေတဆောင့်ဆောင့်နှင့် ခုန်ဆွခုန်ဆွ ဖြစ်နေပြီး သူ၏ မျက်နှာပြဲကြီးမှာလဲ နီရဲနေသည်။

ကျန်ဖက်တီးများမှာ ခုမှသဘောပေါက်ကြပြီး ရှောင်ချန်းကို မလေးစားစဖူး လေးစားသောအကြည့်များဖြင့်ကြည့်နေသည်။
“ကောင်းလိုက်တဲ့အကြံကွာ..လုပ်မယ်…လုပ်ကြစို့….”

“ဟဟား…. ကြီးကြပ်ရေးဌာနကကောင်တွေ ငါတို့ကိုခေါင်းပုံဖြတ်လာတာ ကြာပြီ၊ ခုတော့ မိုးနတ်မင်းကြီး ကျေးဇူးနဲ့ အမှတ်ကိုး ဂိုဏ်တူညီ ရှောင်ချန်းငါတို့ဆီရောက်လာခဲ့ပြီ၊ လုပ်ကြမယ်ကွာ” ထို့နောက် အစီအစဉ် အကောင်အထည်ဖော်ရန် အသေးစိတ််ထပ်မံဆွေးနွေးကြသည်။

လုံးဝဟာကွက်မရှိအောင် စီစဉ်ပြီးနောက် လာမည့်လ စိန်ခေါ်ပွဲမှာ ဝင်ပြိုင်ရန်ဆုံးဖြတ်ချက်ချသည်။ ဖက်တီးကြီးကျန်းက ဝမ်းသာအားရဖြင့် ထုံးစံအတိုင်းပေါင်ကြီးကို ပုတ်၍ ကြေညာသည်။

“ဒီညတော့ ဝါးတီးညဟေ့၊ မုန့်စားကြမယ်”
စားဖိုဆောင်တစ်ခုလုံး စိတ်လှုပ်ရှားဖွယ် ဆွေးနွေးသံများ ဆက်လက်ညံနေသည်။ လာမည့်လ အတွက် အလွန်အကြူ း တက်ကြွနေကြသည်။ ပြိုင်ပွဲတွင် အမှားမဖြစ်စေရန် ဖက်တီးအားလုံး ကျင့်ကြံမှုကိုသာ အားစိုက်နေကြသည်မှာ ဖြစ်တောင့်ဖြစ်ခဲ အရာဖြစ်သည်။
နောက်ဆုံးတော့ အားလုံး ဖင်တကြွကြွနှင့်စောင့်မျှော်နေသော ပြိုင်ပွဲရက် ရောက်လာလေသည်။

အထက်ကောင်းကင်ယံတွင် နေမင်းသည် ထည်ဝါစွာ ထွန်းလင်းလျက်ရှိသည်။ ထိုမနက်ခင်းချိန်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ဘက်ကမ်းခြေ တောင်ထိပ်သုံးခုအခြေတွင် မကြုံစဖူး ထူးကဲသောမြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ တောင်တက်လမ်းသုံးခု၏ ဝင်ပေါက်တိုင်းတွင် စားဖိုဆောင်၏ အမှတ်သင်္ကေတဖြစ်သော ဒယ်အိုးမည်းသုံးလုံးစီကို တွေ့ရသည်။

အနီးကပ်သေချာကြည့်လျှင်တော့ ဒယ်အိုးမည်ကြီးများကို ထမ်းလာသော ခန့်ခန့်ညားညား ထွားထွားကြိုင်းကြိုင်း ဖက်တီးများကိုမြင်ရပေသည်။ ထိုမြင်ကွင်းမှာ အံသြဖွယ်ဖြစ်သလို ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

စားဖိုဆောင်အစေခံ ကိုးယောက်လုံးအတွက် စိန်ခေါ်ပွဲမှာ ပထမဆုံးအတွေ့အကြုံဖြစ်ပြီး အစီအစဉ်အတိုင်း တောင်ထိပ်တစ်ခုကို သုံးယောက်စီ လာပြိုင်ကြသည်။

အစေခံများသည် အရပ်မျက်နှာအသီးသီးမှ တောင်များဆီသို့ စိတ်လှုပ်ရှားစွာ လာေနကြသည်။ ထိုလူများမှ အများစုမှာ စိန်ခေါ်ပွဲတွင် အကြိမ်ကြိမ်နွှဲခဲ့ဖူးသူများဖြစ်ကာ အကြိမ်ကြိမ်ရှုံးခဲ့ဖူးသူများဟုလဲ ဆိုနိုင်သည်။ ပထမဆုံးဝင်ပြိုင်သူများလဲ ပါဝင်သည်။ ပြိုင်ပွဲဝင်တိုင်းမှာမူ ဒီပြိုင်ပွဲမှတစ်ဆင့် သူတို့ဘဝများ နတ်ရေကန်ထဲ ခုန်ဆင်းရသလို ပြောင်းလဲနိုင်မည့် အပြင်စည်းဂိုဏ်းသားဖြစ်ရန် မျှော်လင့်ချက်ဖြင့် ရန်ခုန်နေကြသည်။

တောင်ထိပ်သို့ရောက်လာပြီး ဖက်တီးများကို မြင်ကြသောအခါ……
“စားဖိုဆောင်ကကောင်တွေ….. သူတို့က ဒီမှာဘာလာလုပ်တာလဲ….”

“င့ါအစေခံသက်တမ်း ကိုးနှစ်မှာ နတ်မီးလျှံစိန်ခေါ်ပွဲကို အခါသုံးဆယ်ပြိုင်ဖူးတယ်၊ တခါမှ စားဖိုဆောင်ကလူတေ ဝင်ပြိုင်တယ်ဆိုတာ မြင်ဖူး ကြားဖူးပေါင်….” အခြားအစေခံများလည်း အထူးအဆန်းဖြစ်ကာ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် စကားပြန့်သွားသည်။နောက်ဆုံး ပြိုင်ပွဲဝင်အားလုံး၏ ပါးစပ်ဖျားတွင် စားဖိုဆောင်အစေခံများပြိုင်ပွဲဝင်ပြိုင်သော သတင်းကနေရာယူထားသည်။

“ဒါတော်တော်ကို ထူးဆန်းတယ်၊ စားဖိုဆောင်က လူတွေက အပြင်းစည်းဂိုဏ်းတစ်နေရာအတွက် ဝင်ပြိုင်သတဲ့လား၊ အဆန်းပါ့လား…”

ပိုင်ရှောင်ချန်း၊ ဖက်တီးကြီးကျန်းနှင့် အမှတ်သုံးဖက်တီးဟီ တို့မှာ တတိယတောင်ထိပ်၏ တောင်ခြေတွင် စောင့်ဆိုင်းနေကြသည်။ ပတ်ဝန်းကျင်မှ အစေခံများ၏ တအံတသြမှတ်ချက်များနှင့် အကြည့်များကို ဘယ်လိုမှ မတုန့်ပြန်ပေ၊ တကယ်မှာ ပတ်ဝန်းကျင်မှစကားသံများကို ပင်ကြားဟန်မတူကြ။ ကမ္ဘာလောကကြီးတစ်ခုလုံးနှင့် အဆက်ပြတ်နေသလိုပင် တည်ငြိမ်မှုအပြည့်ရှိနေသည်။

သုံးယောက်လုံးမှာ စိန်ခေါ်ပွဲစတင်မည့် အချိန်ကိုသာ အာရုံစိုက်နေကြပြီး သူတို့အတွက် ပြိုင်ပွဲမှာ ဝိညာဉ်ကျောက်တုံးများအတွက် လမ်းစတစ်ခုသက်သက် အဖြစ်သာမြင်ကြသည်။

အထူးသဖြင့် ပိုင်ရှောင်ချန်းမှာ အထူးတည်ငြိမ်နေပြီး အတွေးကမ္ဘာထဲတွင် နစ်မြောနေဟန်ရှိသည်။

မကြာမီမှာပင် တောင်သုံးလုံးဆီမှ သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ပျံဝဲလာပြီး ပိုင်ရှောင်ချန်တို့ အနားသို့ ဆင်းသက်လိုက်သည်။ ထိုလူမှာ သာမန်လူများထက် ထူးကဲသောအသွင်ရှိကာ နတ်ဘုရားတစ်ပါးလို ဖြစ်နေသည်။ သူပထမဆုံး သတိထားမိသည်မှာ အသားတုံးတောင်ကြီးပမာ ဖြစ်နေသော ဖက်တီးကျန်းဖြစ်သည်။ ပုဂ္ဂိုလ်မှာ ပြိုင်ပွဲတာဝန်ခံ ဂုဏ်ထူးဆောင်အစောင့် ဖြစ်ြပီး ပိုင်ရှောင်ချန်းတို့ကို မြင်သောအခါ အံသြနေသည်။

“ဒီနေ့ နေက အနောက်ဘက်ကများ ထွက်သလားကွာ” သူ့စိတ်ထဲမှာ တွေးမိသည်၊ ” ပုံမှန်ဆိုရင် စားဖိုဆောင်ကလူတွေက အပြင်စည်းဂိုဏ်းသား လုပ့်မယ့်အစား အသေသာခံလိုက်မယ် ဆိုတဲ့ကောင် တွေချည်းပါ၊… ဘယ်လိုဖြစ်တာပါလိမ့်”

သူမျက်လုံးသူ မယုံဟန်ဖြင့် မျက်တောင်တခတ်ခတ် လုပ်ပြပြီးနောက် ရှောင်ချန်တို့ကို အားပေးသောအပြုံးဖြင့် ပြုံးပြလေသည်။ ထို့နောက် သူ့အင်္ကျီလက်ကို မ,တင်ပြီးကြေညာလိုက်သည်။ အပြင်စည်းဂိုဏ်းသားသစ်ရွေးချယ်ပွဲ နတ်မီးလျှံစမ်းသပ်ပွဲ စတင်ပါပြီ။”သူကြေညာပြီးချင်းမှာပင် ဂိုဏ်းနေရာအနှံ့အပြားမှ ခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။ပြိုင်ပွဲ စတင်ပြီဟူသော အချက်ပေးသံဖြစ်သည်။ ချက်ချင်းဆိုသလို တောင်တက်လမ်း တာထွက်နေရာတွင်လည်း မီးတောက်များ တောက်လောင်လာသည်။

စတင်သည်နှင့် ဖက်တီးကြီးကျန်းသည် စူးစိုက်မှု အပြည့်ဖြင့် တောင်ထိပ်သို့ တရှိန်ထိုးပြေးတော့သည်။ တောင်တက်လှေကားထစ်များဆီသို့ လေကိုခွင်း၍ ပြေးနေသည်မှာ ခန္ဓာကိုယ်နှင့်မလိုက် သားရဲတစ်ကောင် နောက်ကလိုက်လို့ ပြေးနေသလို လျင်မြန်လှသည်။

အမှတ်သုံးဖက်တီးဟီကလည်း ကျန်းနောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။ သူ့မျက်လုံးများ မှ လေးနက်မှု ဆာလောင်မှုကို ကြည့်လျှင် သူဘဝနှင့် အသက်ကိုရင်း၍ တိုက်ပွဲဝင်နေရသကဲ့သို့ပင်။

တတိယနေရာမှာ ကတော့ ပိုင်ရှောင်ချန်း၊ အင်မော်တယ်ရူးကတော့ အသက်ရှည်ဆေးလုံးကလွဲပြီးစိတ်ထဲမှာ ဘာမှမရှိ၊ ယုန်တစ်ကောင်အလား ပြေးလွှားနေသည်။ မျက်တစ်ခတ်အတွင်းမှာပင် သူတို့သုံးယောက်သည် အခြားလူများကို မျက်ခြေဖြတ် ချန်ထားနိုင်ခဲ့ကြသည်။

သုံးယောက်လုံးမှာ မြန်လွန်းလှသဖြင့် တခြားအစေခံများ လှုပ်ချိန်တောင်မရခင်မှာပင် နောက်ကောက်ကျ ခံခဲ့ရသည်။ စိတ်ပျက်အားလျော့နေသော မျက်နှာငယ်လေးများဖြင့် အံကြိတ်ကာသာ တောင်ထိပ်သို့ဆက်လက်တက်နေကြရသည်။

အလားတူပင် အခြားတောင်နှစ်လုံးတွင်လည်း ဖက်တီးများကသာအရေးသာခဲ့သည်။

တတိယတောင်မှာ မွှေးရနံတိမ်တောင်ဟုခေါ်တွင်ပြီး ယခုချိန်တွင် ရှောင်ချန်းတို့
ရောင်းရင်းများသည် ပြိုင်ပွဲကို အပြတ်အသတ်ဦးဆောင်နေသည်။ သို့သော် သိပ်မကြာခင်မှာ ပင် သူတို့၏သက်လုံမှာ ကျဆင်းလာပြီး ရှောင်ချန်းကို လူရှစ်ယောက်လောက်အနည်းငယ်မှီလာလေသည်။ ရှောင်ချန့်စိတ်ထဲမှာတော့ ဒီလူတွေက သူ့အသက်ဆက်ဆေးလုံးကို လာလုကြမည့်သူများဟုပင် မှတ်ယူသည်။

” ငါ့ဆေးလုံးကိုယူတာ ငါ့ဘဝကို ဖျက်စီးတာနဲ့အတူတူပဲ၊ ပေးဘူးကွ………ငါ့ဟာ” ရှောင်ချန်းသည် မျက်နှာနီလာသည်အထိ အသက်ကိုအောင့်လိုက်သည်။ ထို့နောက် စိတ်စွမ်းအင်အချို့ကို သူ့ခန္ဓာကိုယ်သို့စေလွှတ်လိုက်ရာ စွမ်းအားကြီးမားပြင်းထန်သော အားတစ်ခုဖြစ်ပေါ်လာသည်။ ရုတ်ချည်းဆိုသလို အမြီးတက်နင်းခံရသော တောဝက်သိုးတစ်ကောင်လို ကမူးရှူ းထိုးပြေးတော့သည်။ တစ်ခဏတွင်းမှာပင် ပိုင်ရှောင်ချန်း၏ အရှိန်မှာ နှစ်ဆဖြစ်လာပြီး ဟီနှင့် ကျန်းကိုတောင် ကျော်တက်သွားသည်။

အမှတ်သုံး ဖက်တီးဟီမှာ မခံနိုင်ပဲ ဟိန်းသံတစ်ခုလိုအော်ဟစ်ပြီးနောက် လျှို့ဝှက်နည်းလမ်းတစ်ခု ကိုသုံးလိုက်ရာ ဖက်တီးကြီးကျန်းကို ကျော်သွားပြီး ရှောင်ချန်းကိုပြန်မီလာသည်။ ညီငယ်နှစ်ယောက်ကကျော်တက်သွားသောအခါ ဖက်တီးကြီးကျန်းကလည်း အရှုံးမပေး ဒေါသထွက်လာသည်။

အသက်ကို ပြင်းပြင်းတစ်ချက်ရှူ လိုက်ပြီးနောက် ချက်ချင်းဆိုသလို သူဗိုက်မှ အဆီအရစ်အရစ်များ ကျုံ့သလိုဖြစ်သွားသည်။ သူ၏အမြန်နှုန်းကိုမြင့်တင်ဖို့အတွက် အဆီများကိုလောင်ကျွမ်းအောင်လုပ်နေသည့်အလားပင်။ နောက်ဆုံး ဟီကိုမှီလာပြီး သုံးယောက်သား အပြိုင်အဆိုင်ပြေးနေကြရာ ခြေသံများမှာ မိုးခြိမ်းသံကဲ့သို့ မြည်ဟီးနေသည်။

ဖက်တီးသုံးယောက် အပြိုင်ချဲပြီး ပညာပြိုင်နေသည်ကို နောက်မှ အစေခံများမှာ ပါးစပ်အဟောင်းသားဖြင့်ပင် ငေးကြည့်နေရသည်။ မျက်နှာမှာ ရှုံးနိမ့်မှုကို အတိုင်းသားမြင်နေရသော်လည်း လွယ်လွယ်နဲ့တော့ အရှုံးမပေးချင်ကြသေး။ သို့သော် ပိုင်ရှောင်ချန်းတို့ သုံးယောက်ကို မည်သို့မျှ အမီမလိုက်တော့တဲ့ အဆုံးမှာတော့ ဒေါသကိုမထိန်းနိုင်တော့ဘဲ နောက်မှ အမျိုးမျိုး ကျိန်ဆဲကြလေသည်။

“ဖက်တီးစုတ်တွေ…..ဒီကောင်တွေ ဆေးချထားတာလား။ ထန်နေတာလား…..ဘာလား..တစ်ခုခုပဲ။ ဘာလို့ဒီလောက်မြန်နေတာလဲ…”

မကြာမီ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းလောက်သော အချိန်ပြီးနောက် ရှောင်ချန်းမှာ တောင်ထိပ်သို့ ရောက်လာသည်။ ပန်းတိုင်တွင် ဂိုဏ်းသားနှစ်ယောက် စောင့်ကြိုနေသည်ကိုပင််မြင်နေရသည်။

ဂိုဏ်းသားနှစ်ယောက်မှာ ရှောင်ချန်ကိုမြင်မြင်ချင်း အနည်းငယ်ပြုံးပြပြီး တစ်ယောက်ကဂုဏ်ပြုစကားဆိုသည်။

” ဂုဏ်ယူပါတယ် ဂိုဏ်းတူ…..”
သူ့စကားမဆုံးခင်မှာပင် မျက်လုံးအပြူးးသားနှင့် အံသြသွားရသည်။

ပိုင်ရှောင်ချန်းသည် ပန်းဝင်ရန်ခြေတစ်လှမ်းအလိုမှာပင် ဆက်မလာပဲရပ်လိုက်သည်။

ပိုင်ရှောင်ချန်းသည် ဂိုဏ်းသားနှစ်ယောက်ကို ပြုံးပြပြီး ဆက်ရပ်နေကာ လက်ကိုမြှောက်လိုက်ပြီး “ရပ်တော့ ” လို့ပြောလိုက်ရာ ဖက်တီးဟီနှင့် ဖက်တီးကျန်းလဲ သူ့ဘေးလာရပ်ကြသည်။ သုံးရောက်သား ဟောဟဲဟောဟဲ ဖြစ်နေရာမှ ခွက်ထိုးခွက်လှန်ရယ်ကြတော့သည်။

ဂိုဏ်းသားနှစ်ယောက်မှာ အဖြစ်အပျက်ကို နားမလည်သောကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်ချင်နေကြသည်။ဤမျှ အသည်းအသန်ပြေးလာပြီးမှ ပန်းမဝင်ဘဲရပ်နေသော ကြောင်တောင်တောင်လူများကို မည်သူ မရယ်ချင်ဘဲ ရှိမည်နည်း။

“ဂိုဏ်းတူညီအစ်ကိုတို့” ဂိုဏ်သားတစ်ယောက်က စိတ်ကိုထိန်း၍ “သုံးယောက်လုံး ဒီကို အရင်ဆုံးရောက်ကြတာပါ ခြေတစ်လှမ်းသာတိုးခဲ့ကြပါ ပြီးရင် အပြင်စည်းဂိုဏ်းသားဖြစ်ပါပြီဗျာ”

“အပြင်စည်းဂိုဏ်းသား……..”ဖက်တီးကြီးကျန်းက ခေါင်းတခါခါဖြင့်ပြောသည်၊ “ဘယ်သူက အဲ့ဂိုဏ်းသားဖြစ်ချင်တယ် ပြောလို့လဲ” ထို့နောက် ဖက်တီးဟီနှင့်အတူ ပိတ်ရပ်နေရာ အပေါက်ဝတွင် ဧရာမ အသားတုံးကြီးနှစ်တုံး ချထားသလိုဖြစ်နေသည်။

ပိုင်ရှောင်ချန်က သူတို့ရှေ့မှာ ထိုင်ချလိုက်ပြီး ဂုဏ်ယူမဆုံး တပြုံးပြုံးလုပ်နေသည်။

ဂိုဏ်းသားနှစ်ယောက် တော်တော်တင်းသွားပြီး “ဟေ့လူတွေ ဂိုဏ်းသားမဖြစ်ချင်ရင်လည်း ဘာလို့လာပြိုင်နေသေးလဲ မင်းတို့ ရူးနေတာလား ဆေးကြောင်နေတာလား”

ညီကိုသုံးယောက်လုံးမှာ မကြားချင်ယောင်ဆောင်၍ အောက်မှတက်လာမည့် ပြိုင်ပွဲဝင်များကိုသာ စောင့်နေကြသည်။

အချိန်အနည်းငယ်ကြာမှ မျက်နှာရှည်ရှည်နှင့် အစေခံတစ်ယောက် အမောတပန်း ဒယီးဒယိုင်နှင့် ရောက်လာသည်။ ရှောင်ချန်းတို့ကို မြင်မှ သက်ပြင်းချနိုင်ရှာသော်လည်း သူ့မျက်လုံးများကတော့ မကျေနပ်မှုကို အထင်းသားပြနေသည်။ သူဝင်ပြိုင်သည်မှာ ကိုးကြိမ်မြောက်ရှိပြီး နိုင်ဖို့အနီးဆုံးအခြေအနေကိုရောက်လာသော်လည်း စားဖိုဆောင်မှ ဖက်တီးများကြောင့် ရှုံးရပြန်ပြီ။

ဒေါသထွက်ကာ လှည့်ပြန်ရန်ပြင်မှ ပိုင်ရှောင်ချန်းက မတ်တပ်ရပ်ပြီး လှမ်းခေါ်သည်။

“အစ်ကိုကြီး… မသွားပါနဲ့ဦး ပြန်လာပါဗျ….ကျုပ်တို့က ရုတ်တရက် စားဖိုဆောင်ကို မခွဲနိုင်ဖြစ်လာလို့ ပန်းလည်းမဝင်တော့ဘူး အပြင်စည်းဂိုဏ်းသားလည်း မလုပ်တော့ပါဘူးဗျာ ခင်ဗျားသာ ယူလိုက်တော့…”

မျက်နှာရှည်ရှည်နှင့် အစေခံမှာ ရုတ်တရက်ကြောင်၍ ကြည့်နေသည်၊ ပြီးမှ သူ့မျက်လုံးများမှာ ပျော်ရွှင်မှုဖြင့် တောက်ပလာသည်။


Comment

Leave a Reply

Options

not work with dark mode
Reset