အခန်း (၁၆၄) လူသတ်မိစ္ဆာ
ရှေ့သို့လှမ်းနေသည့် တုန်းကော်ယန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
သူ နောက်လှည့်ကြည့်လိုက်ရာ အလွန်တည်ငြိမ်သည့်မျက်ဝန်းများဖြင့် သူ့ကိုစိုက်ကြည့်နေသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။
မူလဝိညာဉ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်…။
ထိုသူသည်ကား ကျန်းလန်မှလွဲပြီး အခြားသူ မဟုတ်ပေ။
ကျန်းလန်က တုန်းကော်ယန်ကို ချက်ချင်းတိုက်ခိုက်မှု မပြုသေးပေ။
တုန်းကော်ယန်က မူလဝိညဉ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်သည်။ သို့သော် ကျန်းလန်က ရန်သူကို အထင်မသေးပေ။
ထို့ပြင် သူ့တွင်မေးစရာ မေးခွန်းအနည်းငယ်ရှိနေသောကြောင့် တုန်းကော်ယန်ကို အသက်ရှင်ခွင့်ပေးထားခြင်း ဖြစ်သည်။
ယနေ့ သူ့ကို လုပ်ကြံသူများက နတ်လူသားမျိုးနွယ်တွေလား ၊ နတ်မိစ္ဆာတွေလား သို့မဟုတ် နဂါးမျိုးနွယ်တွေလား ကျန်းလန် သိချင်မိသည်။
ထိုမျိုးနွယ်စုအားလုံးက သူ့ကို စောင့်ကြည့်နေသူများ ဖြစ်ကြသည့်တိုင် သူ့ကို လုပ်ကြံသတ်ဖြတ်ခြင်းအတွက် သံသယဝင်စရာအကောင်းဆုံးမှာ နတ်လူသားမျိုးနွယ်များသာ ဖြစ်သည်။
သို့သော် နတ်မိစ္ဆာများနှင့် နဂါးမျိုးနွယ်များ၏ သဘောထား မည်သို့ရှိမည်လဲ ကျန်းလန် မသိနိုင်ပေ။
ထိုမျိုးနွယ်စုများအားလုံးက ကျန်းလန်ကို မတူညီသည့်ပုံစံများဖြင့် ချဉ်းကပ်ကြမည်သာ ဖြစ်သည်။ ထိုသူများက ကျန်းလန်ကို ဒီအတိုင်းလျစ်လျူရှုနေကြမည် မဟုတ်ပေ။
“အစ်ကိုကြီး… ဒီကို ဘာလို့ရောက်လာတာလဲ…”
တုန်းကော်ယန် ချက်ချင်းပင် မေးမြန်းလိုက်သည်။
ကျန်းလန်က တုန်းကော်ယန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ထို့နောက် သူက တုန်းကော်ယန်၏ပခုံးကို လက်ဖြင့်ဆုပ်ကိုင်လိုက်၏။
“ဂျွတ်…”
တုန်းကော်ယန်၏လက်မောင်းမှ အရိုးကျိုးသံများထွက်ပေါ်လာပြီး လက်တစ်ချောင်းလုံးကြေမွကာ သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။
“အား…”
တုန်းကော်ယန် သူ့လက်ကို မယုံကြည်နိုင်စွာဖြင့်ကြည့်ရင်း အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
သူက ကျန်းလန်ကို လှမ်းကြည့်ရင်း…
“အစ်ကို… အစ်ကိုကြီး… ဘာလုပ်လိုက်တာလဲ…”
တုန်းကော်ယန်၏ရင်ထဲတွင် အကြောက်တရားက ဖုံးလွှမ်းသွားသည်။
တစ်ဖက်လူက သူ့ထက်စွမ်းအားများစွာ ကြီးမားနေသည် မဟုတ်ပါလား။
သူက ကျန်းလန်ကို အလကားလူတစ်ယောက်ဟု ထင်ခဲ့ပြီး အထင်အမြင်သေးခဲ့ဖူးသည်။ သို့သော် ယခုတော့ တစ်ဖက်လူက ရောက်ရောက်ချင်းမှာပင် သူ့လက်ကို ချေမွှပစ်ခဲ့ပြီ ဖြစ်သည်။
နာကျင်မှုက သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ယနေ့ သူ သေရည်တော့မည့်အလား ခံစားလိုက်ရသည်။
ကျန်းလန်က…
“ဒါကတော့… မင်းကစပြီး ကျုပ်ကို အလွတ်မပေးတာ မဟုတ်ဘူးလား…”
သူ့အသံက နက်ရှိုင်းပြီး အေးစက်လွန်းသည်။
ကျန်းလန်အပေါ်အမြင်ပြောင်းသွားပြီဖြစ်သည့် တုန်းကော်ယန်က နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်သည်။
ကျန်းလန်ဆိုသည်က ခွန်လွန်တောင်သို့ စရောက်ကတည်းက နဝမတောင်ထွတ်တွင်သာ ပုန်းအောင်းနေသူ ဖြစ်သည်။ ထို့ကြောင့် ကျန်းလန်တွင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်မရှိဟု တုန်းကော်ယန်က ထင်မြင်ခဲ့သည်။
ကျန်းလန်က လူမူဆက်ဆံရေးညံ့ဖျင်းသလို ကျင့်ကြံခြင်းအဆင့်တက်ရောက်ရာတွင်လည်း နဝမတောင်ထွတ်မှ ရင်းမြစ်များကိုသာ မှီခိုနေခဲ့ပြီး ပါရမီရှင်တစ်ယောက် မဟုတ်ခဲ့ပေ။
ထိုမျှ အသုံးမကျသူတစ်ယောက်က ကံကောင်းချင်တော့ ခွန်လွန်တောင်၏ ရုပ်သေးရုပ်အဖြစ် နဂါးမင်းသမီးလေးနှင့် လက်ဆက်ရန် ရွေးခြယ်ခံခဲ့ရသည်။
ကျန်းလန်တွင် အသုံးကျသည့်အရာတစ်ခု ပြပါဆိုလျှင် စိတ်စွမ်းအားကောင်းမွန်ခြင်းတစ်ခုသာလျှင် ရှိသည်။
မည်သို့ပင်ဖြစ်စေ ကျန်းလန်ဆိုသည်က လူအများ၏ ပြောဆိုဝေဖန်ခြင်းကို ခံနေရသည့် ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်သည်။
ကျန်းလန်က အရည်အချင်းမရှိသောကြောင့် အခြားသူများကြိုးဆွဲရာအတိုင်း လိုက်လျောပေးနေငြခ်းဟု အချို့က ဝေဖန်ကြသည်။
အချို့ကတော့ ကျန်းလန်က တန်ခိုးစွမ်းအားနည်းပါးသည့်အတွက် နှုတ်ဆိတ်ငြိမ်သက်နေခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။
သို့သော် ယခုတော့ ကျန်းလန်ဆိုသည်က အလွန်ရက်စက်ကြမ်းကြုတ်ပြီး မည်သူမှ တားဆီးနိုင်ခြင်းမရှိသည့် လူသတ်မိစ္ဆာဖြစ်ကြောင်း တုန်းကော်ယန် သိခဲ့ရပြီ ဖြစ်သည်။
ကျန်းလန်က ရန်သူများကို တစ်ယောက်မကျန် သတ်ဖြတ်ပစ်ခဲ့သည်။
သူက အများထင်သလို အားနည်းသူတစ်ယောက် မဟုတ်ပေ။ သွေးဆာနေသည့် တန်ခိုးရှင်တစ်ယောက်သာ ဖြစ်သည်။
စောစောက ကျန်းလန်နှင့်ရင်ဆိုင်ခဲ့ရသည့် ကျင့်ကြံသူ (၄)ယောက်မှာ တန်ခိုးစွမ်းအားမြင့်မားသူများ ဖြစ်ကြသည်။ သာမန်ကျင့်ကြံသူတစ်ယောက်အနေဖြင့် ထိုသူများကို လွယ်လွယ်နှင့်ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
သို့သော် ကျန်းလန်ကတော့ ထိုသူများအားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။
တကယ့်ကျန်းလန်အစစ်သည်ကား ကောလဟလများနှင့် လုံးဝကွဲပြားလျှက် ရှိသည်။
ကျန်းလန်ကို အနိုင်ကျင့်ရလွယ်ကူမည်ဟု သူတို့အားလုံး ထင်မှတ်ခဲ့ကြသည်။ သို့သော် တကယ်တမ်းတွင် ကျန်းလန်ဆိုသည်က လူများနှင့် နတ်မိစ္ဆာများကို သတ်ဖြတ်စားသောက်နေသည့် ကျားရိုင်းတစ်ကောင်အလား ဖြစ်သည်။
ယခု ကျန်းလန်၏လေသံအရဆိုလျှင် တုန်းကော်ယန်က သူ့ကို စောင့်ကြည့်နေသည်ကို အစောကြီးကတည်းက သိရှိနေဟန် ရှိသည်။
ယခင်ကဆိုလျှင် ကျန်းလန်က သူ့ကိုစောင့်ကြည့်နေသူများအားလုံးကို ကျန်းလန်က ဇီဝိန်ခြွေပစ်ခဲ့သည်ပဲ ဖြစ်သည်။
ကျန်းလန်ကြောက်စရာကောင်းကြောင်း သိရှိသွားသည်နှင့် တုန်းကော်ယန် တိုက်ခိုက်ရန်ဆန္ဒမရှိတော့သလို ခုခံကာကွယ်ရန်လည်း ရည်ရွယ်ချက် မရှိတော့ပေ။
“အစ်ကိုကြီး … မင်းထင်သလို မဟုတ်ရပါဘူး…”
ကျန်းလန်အကြောင်း စဉ်းစားမိလေ တုန်းကော်ယန် ပိုမိုကြောက်ရွံ့လာလေပဲ ဖြစ်သည်။
အကြောက်တရားက သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြည့်နက်နေ၏။
“ပြီးတော့ အစ်ကိုကြီးကို ကျုပ် ကူညီနိုင်ပါတယ်… ၊ ဒီခွန်လွန်တောင်က မိုင်နည်းနည်းလောက်ဝေးတဲ့နေရာမှာ နတ်လူသားမျိုးနွယ်ဘက်က တိတ်တဆိတ်စေလွှတ်ထားတဲ့သူတွေရှိတယ်… ၊ အစ်ကိုကြီးက အရမ်းစွမ်းအားကြီးတော့ သူတို့ကိုသွားပြီး တိုက်ခိုက်ချင်တယ်ဆိုရင် ကျုပ် ကူညီပေးနိုင်ပါတယ်…”
ကျန်းလန် သူ့ကိုမသတ်စေရန် တုန်းကော်ယန်က သူ့ကိုယ်သူ တန်ဖိုးမြှင့်ကာ ပြောလိုက်သည်။
“အစ်ကိုကြီးကို စောင့်ကြည့်ရင်း နတ်လူသားမျိုးနွယ်တွေ တဖြည်းဖြည်း သံသယဝင်လာကြလိမ့်မယ်… ၊ အဲဒီအချိန်ကျ သူတို့က အစ်ကိုကြီးကို လုပ်ကြံဖို့ အင်မော်တယ်တွေကို စေလွှတ်ကြလိမ့်မယ်… ၊ အဲဒါဆိုရင် အစ်ကိုကြီး အခက်တွေ့နိုင်တယ်…”
တုန်းကော်ယန်၏စကားကိုကြားသည်နှင့် သူ့ကိုလုပ်ကြံသူများက နတ်လူသားမျိုးနွယ်များဖြစ်ကြောင်း ကျန်းလန် သဘောပေါက်လိုက်သည်။
ကျန်းလန်က…
“နတ်လူသားမျိုးနွယ်တွေဘက်က တိတ်တဆိတ်စေလွှတ်ထားတဲ့သူတွေက ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ရှိလဲ…”
တုန်းကော်ယန်က…
“သူတို့ထဲကတစ်ယောက်ကတော့ အင်မော်တယ်တစ်ပါးလို့ ကြားတယ်… ၊ တခြားလူတွေကတော့ အင်မော်တယ် မဟုတ်ဘူး… ၊ ဒါပေမဲ့ အစ်ကိုကြီးက အင်မော်တယ်ဖြစ်ခါနီးနေပြီပဲ… သူတို့ကို ရင်ဆိုင်ဖို့ မခက်ပါဘူး…”
ကျန်းလန်က…
“စောစောက မင်း ထွက်သွားမလို့လုပ်နေတာ သူတို့ကို ကျုပ်အကြောင်း သတင်းသွားပေးမလို့ မဟုတ်ဘူးလား…”
ရန်သူအုပ်စုတွင် အင်မော်တယ်တစ်ပါး ပါဝင်သည်ဆိုခြင်းက အလွန်အန္တရယ်များသည့်ကိစ္စဖြစ်သည်။
အင်မော်တယ်တစ်ပါးသာ တိုက်ခိုက်လာမည်ဆိုပါက ကျန်းလန်အနေဖြင့် တုန့်ပြန်တိုက်ခိုက်ရန် ခက်ခဲပေလိမ့်မည်။ ကြည့်ရသည်မှာ နတ်လူသားမျိုးနွယ်များက စိတ်မရှည်တော့ဘဲ သူ့ကို အမြန်ဆုံး အပြတ်ရှင်းပစ်ချင်နေကြပြီ ဖြစ်ဟန်တူသည်။
တုန်းကော်ယန်က ပြာပြာသလဲဖြင့်…
“မဟုတ်ပါဘူး… မဟုတ်ပါဘူး… ကျုပ်တို့လိုလူမျိုးတွေက သာမန်အခြေအနေဆိုရင် သူတို့ကို ဆက်သွယ်ဖို့ မဖြစ်နိုင်ပါဘူး…”
ကျန်းလန်က…
“အလယ်ပိုင်းလွင်ပြင်ဒေသ ၊ နန်အိမ်တော်က နန်ရှင်းဆိုတာရော ဘယ်သူလဲ သိလား…”
တုန်းကော်ယန်က အနည်းငယ် ပဟေဠိဖြစ်သွားဟန်ဖြင့်…
“သူကလည်း နတ်လူသားမျိုးနွယ်တွေ ငှားရမ်းထားတဲ့ လူသတ်သမားတစ်ယောက်ပါပဲ… ၊ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘူး… အဲဒီလူက လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) ကတည်းက နတ်လူသားမျိုးနွယ်တွေနဲ့ သဘောတူထားတဲ့စာချုပ်ကို စွန့်လွှတ်လိုက်တယ်…”
ကျန်းလန် မည်မျှစွမ်းအားမြင့်မားကြောင်း ရိပ်မိသွားသည့်အတွက် နန်ရှင်း နောက်ဆုတ်သွားခြင်းများလားဟု တုန်းကော်ယန် တွေးလိုက်မိသည်။
တုန်းကော်ယန်၏စကားကြောင့် ကျန်းလန်လည်း အံ့အားသင့်သွားလေသည်။
နန်ရှင်းက သူ့ကိုရှင်းပစ်ရန် ရောက်လာသူ ဖြစ်လေရာ အဘယ်ကြောင့် နောက်ပြန်ဆုတ်သွားရပါသနည်း။
နန်ရှင်း နောက်ဆုတ်သွားရသည့်အကြောင်းရင်းကို မသိသည့်တိုင် သူ့အနေဖြင့် ပိုမိုသတိထားရန်လိုအပ်ပြီဖြစ်ကြောင်း ကျန်းလန် နားလည်လိုက်သည်။
ကျန်းလန်က…
“ဒါဖြင့် နတ်လူသားမျိုးနွယ်တွေဘက်က တိတ်တဆိတ်စေလွှတ်ထားတဲ့သူတွေ ဘယ်နေရာမှာ လျှို့ဝှက်နေထိုင်ကြသလဲ… မင်း သိလား…”
တုန်းကော်ယန်က…
“သူတို့ကတော့ သူတို့ဘယ်မှာနေလဲဆိုတာ ကျုပ်တို့ကို ပြောမပြပါဘူး… ၊ ဒါပေမဲ့ သူတို့တွေ အရှေ့တံတားအနားမှာ လျှို့ဝှက်နေထိုင်ကြတယ်လို့ ကျုပ် သိထားပါတယ်…”
“သူတို့ ကျုပ်ကိုလာပြီးတိုက်ခိုက်ဖို့ မင်း ဘာလို့သွားပြီး အကြောင်းမကြားရတာလဲ…”
“ကျုပ်တို့က သူတို့ကို ဆက်သွယ်ချင်တိုင်းဆက်သွယ်လို့ မရပါဘူး… ၊ သူတို့ကိုဆက်သွယ်ဖို့အတွက် အချိန်တစ်ခု ပုံသေသတ်မှတ်…”
ကျန်းလန် သူ့အနားသို့ တိုးကပ်လာသည်ကိုတွေ့သည်နှင့် တုန်းကော်ယန် ထိတ်လန့်တုန်လှုပ်သွားပြီး ပြောလက်စစကားပင် လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။
“အစ်ကို… အစ်ကိုကြီး… ကျုပ်ကို မသတ်ပါနဲ့ဗျာ…”
ကျန်းလန်က တည်ငြိမ်သည့်လေသံဖြင့်…
“ဒီနေ့တိုက်ပွဲမှာသာ ကျုပ်ရှုံးနိမ့်သွားမယ်ဆိုရင် မင်းကရော ကျုပ်ကို အလွတ်ပေးမှာ မို့လို့လား…”
ကျန်းလန်က လက်တစ်ဖက်ကိုမြှောက်လိုက်ရင်း…
“မင်းသာ ကျုပ်နေရာမှာဆိုရင် ကျုပ်လောက်တောင် စေတနာထားမှာ မဟုတ်ဘူး… ၊ ကျုပ်ကတော့ စေတနာနဲ့ မင်းကို အမြန်ဆုံးနည်းနဲ့ သေရွာပို့ပေးမယ်…”
“ဘန်း…”
တုန်းကော်ယန် ကြောက်ရွံ့တုန်လှုပ်နေဆဲမှာပင် ကျန်းလန်က ဇာတ်သိမ်းပေးလိုက်သည်။
ရန်သူကို နှိပ်စက်ပြီး အချိန်ဖြုန်းရသည်ကို ကျန်းလန်က သဘောမကျပေ။ ရန်သူဆိုသည်က မြန်မြန်သတ်နိုင်လေ ကောင်းလေဖြစ်သည်။
ထို့ကြောင့် စကားများများ မပြောတော့ဘဲ တမလွန်သို့ အရောက်ပို့ပေးလိုက်ခြင်း ဖြစ်၏။
ရန်သူများအားလုံး သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ကျန်းလန် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုကာ အဖြစ်အပျက်များအားလုံးကို ဖုံးကွယ်လိုက်သည်။
ထို့နောက် ကျန်းလန် ချက်ချင်းပင်နေရာမှ ပျောက်ကွယ်သွားပြီး အနောက်ဘက်တောင်တန်းများဆီသို့ ထွက်ခွာသွားလေတော့သည်။
ကျန်းလန်က ဓားကိုစီးနှင်ပြီး ထွက်ခွာသွားခြင်း မဟုတ်ပေ။ ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုပြီးထွက်ခွာသွားခြင်း ဖြစ်သည်။
အရှေ့တံတားတွင် လျှို့ဝှက်ရောက်ရှိနေကြသည့် နတ်လူသားမျိုးနွယ်များကိုတော့ သူ အင်မော်တယ်ဖြစ်ပြီးမှ စာရင်းရှင်းရမည် ဖြစ်သည်။
ရန်သူရှိနေသည်ကိုသိရှိပြီးမှတော့ ထိုသူများကို အသက်ရှင်လျှက်ထားရန် မသင့်တော်ပေ။
ကျန်းလန်၏ခရီးစဉ်က အချိန် (၃)နှစ်မှ (၅)နှစ်အတွင်း ကြာမြင့်မည် ဖြစ်သည်။
ရန်သူအုပ်စုတွင် အင်မော်တယ်တစ်ပါးပါဝင်သည်ဟုဆိုလေရာ သူ အင်မော်တယ်အဖြစ်အဆင့်တက်ပြီးမှ ရင်ဆိုင်သည်က အကောင်းဆုံး ဖြစ်သည်။
ရန်သူနှင့် ကျန်းလန် အင်မော်တယ်ချင်းတူနေလျှင်တောင်မှ ကျန်းလန်က အန္တရယ်ကိုးသွယ်စွမ်းအားကို ပိုင်ဆိုင်ထားလေရာ လက်သီးတစ်ချက်တည်းဖြင့် တိုက်ပွဲကို အဆုံးသတ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ကျန်းလန်သာ အင်မော်တယ်အဖြစ် အဆင့်တက်နိုင်လျှင် ကိစ္စပြတ်ပြီ ဖြစ်သည်။
ထို့ပြင် တုန်းကော်ယန်ပြောသည့်စကားများက အမှန်အတိုင်းပြောနေခြင်းလား ၊ လိမ်ညာနေခြင်းလားဆိုသည်ကိုလည်း စဉ်းစားရန် လိုအပ်သည်။
ရန်သူနှင့် ရင်ဆိုင်သည့်အခါ ရန်သူ့ဘက်မှ သတင်းအချက်အလက်များအားလုံးကို အရင်ဆုံး သိရှိအောင်ပြုလုပ်ရမည် ဖြစ်သည်။
မဟုတ်ပါက တမလွန်သို့ရောက်ရှိသွားသည်က ရန်သူများမဟုတ်ဘဲ ကျန်းလန် ဖြစ်သွားပေလိမ့်မည်။
………………
ချင်းချိန်မြို့…
ခွန်လွန်တောင်မှ (၅)ရက်ခန့် ခရီးနှင်မည်ဆိုလျှင် ချင်းချိန်မြို့သို့ ရောက်ရှိမည် ဖြစ်သည်။
ချင်းချိန်မြို့အနောက်ဘက်တွင် အလွန်မြင့်မားသည့် တောင်ကြီးတစ်လုံး ရှိလေ၏။
ထိုတောင်မြင့်ကြီးအနောက်ဘက်တွင် နောက်ထပ် တောင်မြင့်ကြီးတစ်လုံး ထပ်မံတည်ရှိနေသည်။ ထိုတောင်ကြီး (၂)လုံးကို သဘာဝအတိုင်း ဆက်စပ်ပေးထားသည့် တံတားတစ်စင်း ရှိနေသည်။
ထိုတံတားကို “အရှေ့တံတား” ဟု ခေါ်လေ၏။
“အရှေ့တံတား” ဆိုသောအမည်ကို ခွန်လွန်ဂိုဏ်းချုပ်အမည်ပေးခဲ့သည်ဟု ပြောစမှတ်ရှိကြသည်။ သို့သော် အမှန်ဟုတ် မဟုတ် မည်သူမှ မသိနိုင်ပေ။
ထိုတံတား၏အောက်ဘက်တွင် အဆုံးမရှိသည့် ချောက်နက်ကြီးရှိ၏။ တံတားထက်မှ ငုံ့ကြည့်မည်ဆိုလျှင် ထိုချောက်နက်ကြီး၏ အဆုံးသတ်အောက်ခြေကို တွေ့မြင်ရမည် မဟုတ်ပေ။
လူတစ်ယောက် ချောက်ထဲပြုတ်ကျသွားပါက တစ်ခါတည်း အစအနပျောက်သွားမည် ဖြစ်သည်။
ချောက်နက်ကြီးအောက်ခြေတွင် မည်သည့်အရာရှိမည်ကို တန်ခိုးစွမ်းအားမြင့်မားသည့် ကျင့်ကြံသူများသာ သိရှိနိုင်ပေလိမ့်မည်။
လုံလောက်အောင် ကျင့်ကြံခြင်းအဆင့် မြင့်မားမည်ဆိုပါက ချောက်နက်အတွင်းသို့ ဆင်းသက်ကြည့်ရှုနိုင်မည် ဖြစ်၏။
ထိုချောက်နက်ကြီး၏အနီးအပါးတွင် ကျောက်ဂူတစ်ခု ရှိလေသည်။
ထိုကျောက်ဂူအတွင်းမှ အလင်းရောင် မှိန်ပျပျ အလင်းရောင်ထွက်ပေါ်နေလေသည်။
“ခွန်လွန်တောင်မှာ လွှတ်ထားတဲ့ သူလျှိုတွေအကုန်လုံး အသတ်ခံလိုက်ရပြီ…”
ထိုအသံက ကျောက်ဂူအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
ကျောက်ဂူအတွင်းတွင် စားပွဲတစ်လုံးရှိနေပြီး စားပွဲပတ်ပတ်လည်တွင် လူ (၄)ယောက် ထိုင်နေကြလေသည်။ သူတို့အားလုံး၏မျက်နှာများက သုံမှုံခက်ထန်လျှက်ရှိသည်။
စားပွဲထိပ်တွင် သက်လတ်ပိုင်းလူရွယ်တစ်ယောက် ထိုင်နေလေသည်။
စောစောက ပြောလိုက်သည့်စကားက ထိုသူပြောလိုက်ခြင်း ဖြစ်၏။
ထိုသူ၏နာမည်က မြောက်ချင်းဟယ် ဖြစ်လေသည်။ သူက အင်မော်တယ်အဖြစ် အဆင့်တက်ပြီးသည်နှင့် ကျန်းလန်ကို အပြတ်ရှင်းရန် ရောက်လာသူ ဖြစ်သည်။
သူတို့အဖွဲ့က ကျန်းလန်ကို ရှင်းပစ်ရန်အတွက် အခွင့်ကောင်းကို စောင့်နေကြခြင်း ဖြစ်သည်။
သူတို့ဘက်မှ ကျန်းလန်ကို သတ်ဖြတ်ပစ်လိုသည်မှာ ကျန်းလန်က ကောင်းကင်လှေကားအဆုံးထိ တက်နိုင်ရုံသာမက မြောက်ရှိုးနှင့် အခြားနတ်လူသားမျိုးနွယ်များမှာ ကျန်းလန်ကြောင့် အသက်ဆုံးရှုံးခဲ့ရသောကြောင့် လက်စားချေလိုခြင်းလည်း ဖြစ်သည်။
သို့သော် သူတို့လွှတ်လိုက်သည့် သူလျှိုများအားလုံးမှာ အသက်ပျောက်ကုန်ကြသည်ချည်း ဖြစ်သည်။
ဖုန်းကျီ သတ်ဖြတ်ခံခဲ့ရသည့်အကြောင်းကို သူတို့ တော်တော်နှင့် မသိခဲ့ကြပေ။ ထို့ကြောင့် တုန်းကော်ယန်ထံတွင် ထူးခြားသည့် မှော်ဝင်ပစ္စည်းတစ်ခု ပေးထားခဲ့သည်။
အကယ်၍ သူတို့ စေလွှတ်ထားသူများ အန္တရယ်ကြုံရလျှင် ထိုမှော်ဝင်ပစ္စည်းက ချက်ချင်း အချက်ပြမည် ဖြစ်သည်။
ထို့ကြောင့် ယခု တုန်းကော်ယန် အသတ်ခံလိုက်ရပြီဖြစ်ကြောင်း သူတို့သိရှိလိုက်ခြင်း ဖြစ်သည်။ သို့သော် ကျန်းလန်၏အခြေအနေ မည်သို့ရှိကြောင်း သူတို့ စုံစမ်းမရခဲ့ပေ။
ထိုစဉ်…
ကျောက်ဂူအတွင်းသို့ မိန်းမပျိုတစ်ယောက် ဝင်လာလေသည်။
သူမက…
“သတင်းတစ်ခုရထားတယ်…”
မိန်းမပျို၏အမည်က မြောက်ရှင်းဖြစ်လေသည်။
သူမကိုကြည့်ရသည်မှာ အနည်းငယ် စိုးရိမ်ပူပန်နေဟန် ရှိသည်။
အဘယ်ကြောင့်ဆိုသော် သူမနှင့် သူလျှိုများကြား ချိတ်ဆက်ထားသည့် ဆက်သွယ်ရေးက ပုံမှန်မဟုတ်ဘဲ တစ်စုံတစ်ခု လွဲချော်သွားသောကြောင့် ဖြစ်လေ၏။