အခန်း (၃၇)

သူတော်စင်စောရပိုင်ယွိဖေး

အခန်း (၃၇) သူတော်စင်စောရပိုင်ယွိဖေး

ဆန်းကျူ ကျင့်စဉ်ကျမ်းတွင် အတွင်းအားပညာကို “ယင်” လား “ယန်” လား ခွဲခြား ပြထားခြင်း မရှိပေ။ သို့သော် အတွင်းအားက ကျောရိုးတစ်လျှောက်နှင့် အထွတ်အထိပ် ဆုံမှတ်များကို စီးဆင်း သွားသည့်အခါ “ယင်” ဖြစ်ဖြစ် “ယန်” ဖြစ်ဖြစ် ပြောင်းလဲ သွားနိုင်လေသည်။

ဤအချက်ကို ဆန်းလျန်ကိုယ်တိုင် စမ်းသပ်ကြည့်ထားခြင်း ဖြစ်လေသည်။ သူ၏ ဝိညာဉ်စွမ်းအားမှာ အလွန်စွမ်းအား ကြီးမားသောကြောင့် သူ့ကိုယ်တွင်းရှိ အတွင်းအားမှာလည်း အလွန် မြင့်မားလေသည်။ ထိန်းချုပ်နိုင်ရန်ပင် ခက်ခဲလေသည်။

အတွေ့အကြုံ ရှိသည့် သင်ပြ ပေးမည့်သူ မရှိဘဲ ဆန်းလျန်မှာ ကြိုးစားခဲ့ရခြင်း ဖြစ်လေသည်။

သူရောက်နေသည့် အခြေနေမှာ ခေတ်ပေါ်လောကနှင့် သွားတူနေလေသည်။ သူ အထက်တန်း ကျောင်းသားဘဝတုန်းက သင်္ချာကို သူ့ဟာသူ လေ့လာခဲ့သည်။ ထိုသို့ လေ့လာခြင်းမှာ အကျိုးရှိသော်လည်း ကျောင်းတွင် သင်ယူလေ့လာခြင်းနှင့် ယှဉ်လိုက်လျှင် အချိန်များစွာ ဖြုန်းတီးမိသလို ဖြစ်ရလေသည်။

ယခုလည်း ဆန်းလျန်မှာ ထိုကဲ့သို့သော ပြဿနာမျိုးကို ရင်ဆိုင် နေရလေသည်။ ကျင့်စဉ်များကို အပြည့်အဝ သင်ကြားပေးသည့် နတ်ဘုရားများ၏ ဂိုဏ်းများကိုလည်း သူက ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

လင်ချုန်းရှောင်က ထိုအချက်ကို နားလည်ကောင်း နားလည်ပေးလိမ့်မည်။ သို့သော် သူနှင့် လင်ချုန်းရှောင်တို့မှာ တကယ်တမ်း ခင်မင် ရင်းနှီးခဲ့ခြင်းလည်း မရှိခဲ့သလို ယခုအချိန်တွင် လင်ချုန်းရှောင် မည်သည့်နေရာသို့ ရောက်ရှိ နေသည်ကိုလည်း မသိရတော့ပေ။

အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဆုံချက်နှင့် အတွေးအမြင်ပိုင်းဆိုင်ရာ ဆုံချက် တစ်နှစ်အတွင်း ချိတ်ဆက် မိခြင်း အဆင့်သို့သာ မရောက်ခဲ့လျှင် ဆန်းလျန်မှာ နတ်ဘုရားများ၏ တာအိုကျင့်စဉ် သင်ကြား ပေးမှုများကို လိုက်လံ ရှာဖွေမိမည် ဖြစ်ပေသည်။ သို့သော် လက်ရှိမှာတော့ ဆန်းလျန်မှာ ကိုယ့်ကိုယ် ကိုယ် ကာကွယ်နိုင်သည့် အနေအထားတွင် ရှိနေလေသည်။

ဆန်းလျန်၏ ဆေးပညာမှာ သေလူများကို အသက် ပြန်သွင်းနိုင်ခြင်း မရှိသည့်တိုင် အထူးကု သမားတော်ဟု ပြောနိုင်သည့် အနေအထားတွင် ရှိလေသည်။

သူက ခေတ်ပေါ်ကမ္ဘာတွင်လည်း ဆရာဝန်တစ်ယောက် ဖြစ်ခဲ့သည့်အပြင် ယခုအခါတွင်လည်း ဝိညာဉ်စွမ်းအား ပညာရပ်များကို လေ့ကျင့်ခဲ့သည့်အတွက် သူ၏ အတွေးအာရုံများမှာ စူးရှထက်မြက် နေသောကြောင့် အခြားသော သမားတော်များထက်တော့ သာလွန်သည့် အဆင့်တွင် ရှိလေသည်။

သူက အတွင်းအားကို အနုစိတ် ထိန်းချုပ်နိုင်ပြီး ထိုအတွင်းအားကို “ယင်” စွမ်းအားအဖြစ်သို့ ပြောင်းလဲ နိုင်လေသည်။ ဆန်းလျန်က သူ၏ အတွင်းအားကို အရာရှိငယ် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်၏ ကိုယ်ထဲသို့ စီးဆင်းစေပြီး ဖောက်ပြန်နေသည့် အတွင်းအားလှိုင်းများကို ဖယ်ရှား ပေးလိုက် လေသည်။

လူငယ်မှာ သတိတစ်ချက် ရလာပြီး ပြန်သတိ လစ်သွားလေသည်။

အဘယ်ကြောင့်ဆိုသော် ဆန်းလျန်က သူ၏ ဟွမ်စွေ့ သွေးကြောနေရာကို ထိုးပိတ် လိုက်သောကြောင့် အိပ်ပျော် သွားရခြင်း ဖြစ်လေသည်။

……

ပိုင်ယွီဖေး မျက်လုံးများ တဖြည်းဖြည်းပွင့်လာသည်။ သူက နူးညံ့သည့် အိပ်ရာတစ်ခုထက်တွင် လဲလျောင်းနေခြင်း ဖြစ်လေသည်။ ဤမျှ နူးညံ့သည့် အိပ်ရာမျိုး သူ့ဘဝတွင် တစ်ခါမှ မအိပ်ဖူးချေ။ သူက ဘာတွေ ဖြစ်ခဲ့သည် ဆိုသည်ကို ပြန်မှတ်မိရန် စဉ်းစားလိုက်သည်။ “အန်းတည်းခိုရိပ်သာ” ရှေ့တွင် သူ သတိလစ် မေ့မျောသွားပြီး တစ်စုံတစ်ယောက်က သူ့ကို အထဲသို့ ခေါ်သွားကာ ဆေးကုပေးသည်ကို မှတ်မိလိုက်လေသည်။

ပိုင်ယွီဖေးက သူ၏ အတွင်းအားကို တစ်ချက် လှည့်ပတ်ကြည့်လိုက်သည်။ အတွင်းအားမှာ အနည်းငယ် နှေးနေသော်လည်း ထျန်းချိ၊ ချီမုန်နှင့် ကျွီးချွဲ့သွေးကြော နေရာများသို့ ရှောရှောရှူရှူပင် စီးဆင်း သွားလေသည်။ ထိုနေရာများမှာ အဆိပ်အပ် ထိခဲ့သည့် သွေးကြော နေရာများပင် ဖြစ်လေသည်။

အတွင်းအားမှာ သူ၏ ရွှေပြဒါး အမြုတေဆီသို့ ပြန်လည်စီးဝင်သွားပြီး ထိုသွေးကြော သုံးနေရာကို အားနှင့် တွန်းကြည့်လိုက်လေသည်။ စိုက်ဝင်နေသည့် ရွှေအပ်များမှာ မရှိတော့ကြောင်း သိလိုက် ရလေသည်။

ထိုအချိန် အပြင်ဘက်ဆီမှ ဗျပ်စောင်းသံကို ကြားလိုက်ရလေသည်။ ဗျပ်စောင်းသံမှာ အေးစိမ့်သည် ဆောင်းရာသီတွင် ဖြည်းညင်းစွာ စီးဆင်းနေသည့် စမ်းချောင်းလေးကဲ့သို့ အေးမြပြီး လန်းဆန်း သွားစေလေသည်။

ပိုင်ယွီဖေး အိပ်ရာထက်မှ ထလိုက်ပြီး တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လိုက်သည်။ ဗျပ်စောင်းသံမှာ စင်္ကြံလမ်း တစ်လျှောက် ထွက်ပေါ်လာနေခြင်း ဖြစ်ပြီး တိုးလိုက်ကျယ်လိုက် ဖြစ်နေလေသည်။

သူက အကြားအာရုံ ထက်မြက်သည့် သူတစ်ယောက် ဖြစ်သည့်အတွက် ဗျပ်စောင်းသံ မည်သည့်နေရာက ထွက်လာသည်ကို ချက်ချင်းပင် သိလိုက်လေသည်။

ဗျပ်စောင်းသံစဉ်မှာ ကောင်းမွန်သော်လည်း တီးခတ်သူကတော့ ကျွမ်းကျင်အဆင့် တီးခတ်နိုင်သူ မဟုတ်ကြောင်း သူသိလိုက်သည်။ ပိုင်ယွီဖေးမှာ ချင်းကွမ်း၏ သံစဉ်တီးခတ်မှုကို ဘုရင့် နေပြည်တော်ရှိ ကျွေးရှန်းထိုင်တွင် နားထောင် ခဲ့ဖူးလေသည်။

ကျွေးရှင်းထိုင်မှ ဗျပ်စောင်းသံစဉ်နှင့်ယှဉ်လျှင် လက်ရှိ တီးခတ်နေသည့် ဗျပ်စောင်းသံကို ပိုင်ယွီဖေးက ပိုပြီး နှစ်သက်မိလေသည်။ ထိုဗျပ်စောင်းသံက သူ့ကိုပို၍ လွတ်မြောက် နေစေသလို ခံစားရပြီး ချင်းကွမ်း တီးခတ်သည့် သံစဉ်ကဲ့သို့ ပြင်းထန်လွန်းခြင်း မရှိပေ။

နောက်ဆုံတော့ ဗျပ်စောင်းသံ ထွက်လာသည့် အခန်းရှေ့သို့ ပိုင်ယွီဖေး ရောက်လာခဲ့သည်။ ထိုအခန်းမှာ အခြားအခန်းများနှင့် ခပ်ဝေးဝေးတွင် သီးသန့် တည်ရှိလေသည်။

အခန်းတံခါးမှာ စေ့ရုံသာ စေ့ထားပြီး မည်သူမျှ အနီးအနားတွင် မရှိပေ။

ပိုင်ယွီဖေး တံခါးဝသို့ ရောက်ရှိလာသည်နှင့် ဗျပ်ဆောင်းသံက ရပ်တန့်သွားလေသည်။

“အသစ် ဖော်စပ်ထားတဲ့ အရက်က အစိမ်းရောင် အမြှုပ်လေးတွေနဲ့ …

မီးအိမ် အနီရောင်လေးရယ် … အနွေးဓာတ် ရဖို့အတွက် မီးဖို သေးသေးလေးရယ် …

ညနေခင်း ရောက်လာတော့ ကောင်းကင်မှာ နှင်းရိပ်တွေ ဝေလို့ …

မင်းများ ငါနဲ့အတူ အရက်လာသောက်မလား … သိချင်မိတယ်”

ကဗျာလေးမှာ ရိုးရှင်းသည့် ကဗျာလေး တစ်ပုဒ်ပင် ဖြစ်လေသည်။ သို့သော် ပိုင်ယွီဖေးကတော့ ထူးခြားသည်ဟု ခံစားလိုက်မိသည်။

ထိုကဗျာလေးမှာ သာမန် ဓားသိုင်းကွက် တစ်ခုကိုပင် ကြောက်စရာကောင်းသည့် ဓားကွက် ဖြစ်လာအောင်  အသုံးပြုလိုက် သကဲ့သို့ ဖြစ်လေသည်။

ထို့ပြင် ကဗျာမှာ ဗျပ်စောင်းသံစဉ်နှင့် သွားတူနေလေသည်။ ပြောမပြနိုင်သော်လည်း အေးချမ်းမှုများဖြင့် ပြည့်နေလေသည်။

“ရောက်လာမှတော့ ဘာလို့ အခန်းထဲ မဝင်ရတာလဲ”

ငယ်ရွယ်သည့် အသံတစ်သံကို ပိုင်ယွီဖေး ကြားလိုက်ရသည်။ အသံမှာ အတော်ပင် ငယ်ရွယ်နေသေးပြီး မရင့်ကျက် သေးသည့် ပုံလည်း ပေါက်လေသည်။ အသံမှာ သာယာ နာပျော်ဖွယ်တော့ မဟုတ်ပါ ။ ထိုအသံသည် အသံမျှသာ ဖြစ်လေသည်။

ပိုင်ယွီဖေးအနေဖြင့် ဝင်မသွား နိုင်စရာ အကြောင်းမရှိပါ။ ထိုအခန်းမှာ အခြားအခန်းများကဲ့သို့ ဝါးကုလားကာများ ကာထားသည့် အခန်းတစ်ခုပင် ဖြစ်လေသည်။

သူက ဝါးကုလားကာကို အသာ မလိုက်တော့ သန့်စင် ရှင်းလင်းနေသည့် အခန်းတစ်ခုကို မြင်ရလေသည်။ အခန်းထဲတွင် ဘာမှ ရှိမနေဘဲ နံရံများက အဖြူရောင် ဆေးသုတ်ထားလေသည်။ အခန်းအလယ်တွင် လက်ဖက်ရည် စားပွဲတစ်ခု ရှိနေပြီး မနီးမဝေးတွင် ဗျပ်စောင်းတစ်ခု ရှိနေလေသည်။

လက်ဖက်ရည် စားပွဲလေးရှေ့တွင် ချောမောနူးညံ့သည့် လူငယ်လေးတစ်ယောက် တင်ပျဉ်ခွေ ချိတ်ကာ ထိုင်နေလေသည်။

လူငယ်လေး၏ အသက်မှာ ဆယ့်ငါးနှစ်မျှပင် ရှိဦးမည် ဖြစ်ပြီး ပန်းချီကား တစ်ချပ်နှင့် ဆင်တူလေသည်။

စားပွဲပေါ်တွင် လက်ဖက်ရည် ရှိမနေပါ။ သို့သော် အရက်တော့ ရှိနေလေသည်။

အရက်၏ မျက်နှာပြင်ပေါ်တွင် အစိမ်းရောင် အမြှုပ်လေးများ ရှိနေလေသည်။ အစိမ်းရောင် အမြှုပ်လေးများမှာ အစိမ်းရောင် ပုရွက်ဆိတ်လေးများနှင့်ပင် တူနေလေသည်။

အရက်အိုး တစ်အိုးနှင့် အရက်ခွက် နှစ်ခွက် ရှိလေသည်။

ကဗျာ၏ နောက်ဆုံးစာပိုဒ်ဖြစ်သော “မင်းများ ငါနဲ့အတူ အရက်လာသောက်မလား … သိချင်မိတယ်” ဆိုသည့် စာကြောင်းကို ပိုင်ယွီဖေး နားလည်သွားရလေသည်။

ပိုင်ယွီဖေးက လူငယ်လေးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူ့အရပ်မှာ လူငယ်လေး၏ အရပ်လောက်ပင် ဖြစ်သည်ကို သူသိရှိ သွားရလေသည်။ လူငယ်လေးမှာ ငယ်ရွယ်နုပျို နေသောကြောင့်သာ သူ့ထက် အရပ်နိမ့်သည်ဟု ထင်နေမိခြင်း ဖြစ်လေသည်။ ထိုလူငယ်လေးကို မြင်ရသည်မှာ လူတစ်ယောက်ကို သတိရသွားစေသည်။ သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်သည့် လူပင် ဖြစ်လေသည်။

“ကျုပ်နာမည်က ပိုင်ယွီဖေးပါ။ သခင်လေး ကယ်တင်ခဲ့တာ ကျေးဇူးတင်ပါတယ်”

“ခင်ဗျားက တကယ့်လူပဲ။ ကျုပ်က ခင်ဗျားကို ကယ်တင်နိုင်မယ်ဆိုတာ သိလို့ ဒီနေရာကို လာဖို့ ရွေးချယ်လိုက်တာမလား”

ဆန်းလျန်က ရယ်မောရင်း ပြောလိုက်သည်။

အပြင်ဘက်တွင်တော့ ညနေခင်း နှင်းများက စတင် ကျဆင်းနေပြီ ဖြစ်လေသည်။

ပြတင်းတံခါးမှာ ဖွင့်ထားသောကြောင့် မီးဖိုလေးတစ်ခု ဖိုထားသည့်တိုင် အခန်းထဲတွင် အနည်းငယ် အေးစိမ့်နေလေသည်။

သို့သော် ဆန်းလျန်မှာ အအေးဒဏ်ကို ခံစားရသည့်ပုံ မပေါ်ပေ။ သူဝတ်ထားသည့် အဝတ်များမှာ ခပ်ပါးပါးပင် ဖြစ်လေသည်။

ပိုင်ယွီဖေးမှာလည်း အအေးဒဏ်ကို ကြောက်သူ မဟုတ်ပါ။ သို့သော် သူက ဒဏ်ရာ ရထားသောကြောင့် အအေးဒဏ်ကို မခံနိုင် ဖြစ်နေရလေသည်။ လေအေးများ တိုက်ခတ်လာသည့် အချိန်တွင်တော့ သူက ချမ်းတုန်လာပြီး ချောင်းများ ဆိုးလာလေတော့သည်။

ဆန်းလျန်က ခေါင်းတစ်ချက် ခါယမ်းလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်း လိုက်သောကြောင့် ပြတင်းတံခါးများ ပိတ်သွားလေသည်။

ပိုင်ယွင်ဖေးက ဆန်းလျန်ကို စိတ်ထဲမှ ကြိတ်ပြီး ချီးကျူးလိုက်သည်။ တံခါးကို အတွင်းအားသုံးကာ လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့်  လှမ်းပိတ်နိုင်သည်မှာ သိုင်းလောကသားများ အတွက် အဆန်းမဟုတ်ပါ။ ပိုင်ယွီဖေးမှာလည်း ဒဏ်ရာသာ မရထားလျှင် ထိုသို့ လုပ်နိုင်မည် ဖြစ်လေသည်။

သို့သော် ပေနှစ်ဆယ်လောက် အကွာတွင် ရှိသည့် တံခါးတစ်ချပ်ကို ထိုသို့လှမ်းပြီး ပိတ်လိုက် နိုင်ခြင်းကတော့ ရှားပါးသည့် လုပ်ရပ်ပင် ဖြစ်သည်မဟုတ်ပါလား။

ထို့ပြင် ဆန်းလျန်မှာ အသက် ငယ်ငယ်ရွယ်ရွယ်နှင့် သိုင်းပညာ ဤမျှ မြင့်မားနေခြင်းမှာ အပြင်းအထန် လေ့ကျင့်ခဲ့သည်မှာ ထင်ရှားနေလေသည်။ မာနကြီးလွန်းသည့် ရွှေဓား ဘုရင်ပင်လျှင် ဆန်းလျန်ကို ရှုံးနိမ့်ပါသည်ဟု ဝန်ခံသွားသည်ကို ပိုင်ယွီဖေး မအံ့သြတော့ပေ။

“ဒီကို ရောက်လာပြီး ခင်ဗျားကို ဒုက္ခပေးမိတာ အားနာမိပါတယ်။ ခင်ဗျား မကြိုက်ဘူးဆိုရင် ကျုပ်အခု ချက်ချင်း ပြန်သွားပါ့မယ်။ ဒါပေမယ့် ကျုပ် ခုလို အသက် ရှင်နေတာတော့ ကံကောင်းတာပဲ။ ကျုပ်အသက်ကို ကယ်ခဲ့တဲ့အတွက် တစ်နေ့ကျရင် ပြန်ပေးဆပ်ပါ့မယ်”

ပိုင်ယွီဖေးက လက်နှစ်ဖက်ယှက် ဂါရဝပြုရင်း ပြောလိုက်လေသည်။

“ခင်ဗျားရဲ့ လေသံကိုကြည့်ရတာ ယန်ပြည်နယ်ဘက်က လေသံမျိုးပဲ။ ဒါပေမယ့် ဒီလောက်အေးနေတဲ့ ဆောင်းရာသီကြီးမှာ ချင်ပြည်နယ်ကို ဘာလာ လုပ်တာလဲဆိုတာ ကျုပ်သိခွင့် ရှိမလား”

“ခင်ဗျားက သိုင်းလောကအကြောင်း သိပ်မသိဘူး ထင်တယ်။ ကျုပ်လည်း သိုင်းလောကမှာ နာမည်ရှိတဲ့ သူတစ်ယောက်ပါပဲ။ ကျုပ်ငွေကြေးလေး နည်းနည်းလိုရင် ခင်ဗျားတို့လို လူတွေဆီက နည်းနည်းပါးပါး ပိုက်ဆံ ချေးတတ်တယ်။ ရိုင်းရိုင်းပျပျ လုပ်တာမဟုတ်ပါဘူး။ ကျွန်တော်က ပိုင်ရှင်ကို အရင်ပြောပြီးမှ လုပ်တာပါ။ ပြီးတော့ ဘယ်တော့မှ ပြန်မပေးဘဲလည်း မနေပါဘူး။ သိုင်းလောကသားတွေက ကျုပ်ကို ချစ်ကြပါတယ်။ အဲဒါကြောင့် သူတော်စင်စောရလို့ နာမည် ပေးထားကြတာ။ အဲဒီဂုဏ်ပုဒ်ကို အပျက် မခံဝံ့ပါဘူး”

ပိုင်ယွီဖေးက သူ့ကိုယ်သူ အတိုချုပ် မိတ်ဆက်လိုက်သည်။

“ခင်ဗျား သူတော်စင်စောရကိုး။ အရင်က ခင်ဗျားနာမည်ကို ပိုင်ယွီဖေးလို့ မသိခဲ့ဘူး။ ကျွန်တော်မှန်းတာ မမှားဘူးဆိုရင် အစ်ကိုပိုင်က သိုင်းစွမ်း ထက်ရုံတင် မကဘူး ဓားရေးမှာလည်း ထိပ်တန်းပဲတဲ့။ စိတ်မရှိဘူးဆိုရင် မေးပါရစေ။ ဘယ်လိုလူမျိုးက ခင်ဗျားကို ဒီလိုဖြစ်အောင် တိုက်ခိုက် ခဲ့တာလဲ”

ဆန်းလျန်မှာ သိုင်းလောကမှ ကိစ္စများကို သိပ်ပြီး သိရှိခြင်း မရှိသည်မှာ အမှန်ပင် ဖြစ်လေသည်။ သို့သော် နှစ်နှစ်အတွင်း ရုတ်တရက် ကျော်ကြားလာသည့် သူတော်စင်စောရ အကြောင်းကိုတော့ သူ ကောင်းကောင်း ကြားဖူးလေသည်။

ပိုင်ယွီဖေးမှာ ချူလျိုရှမ်းကဲ့သို့ ရည်ရည်မွန်မွန်နှင့် ခင်မင်ဖွယ် ကောင်းသည့် သခင်လေး တစ်ယောက်ပင် ဖြစ်လေသည်။

ဆန်းလျန်က သူတော်စင် စောရဆိုသူမှာ တောသားပုံစံနှင့် သာမန် ရုပ်ရည်မျှသာ ရှိသော လူတစ်ယောက်ဟု ထင်မှတ်ထားခြင်း ဖြစ်ပြီး ရည်ရည်မွန်မွန်ရှိသည့် ပိုင်ယွီဖေးမှာ နာမည်ကြီးနေသည့် သူတော်စင်စောရ ဖြစ်နေမည်ဟု မျှော်လင့် မထားခဲ့ပေ။

သိုင်းလောကရှိ စောရ အမည်ရှိသူ အများစုမှာ သာမန် သူလိုကိုယ်လို ပုံဖြင့်ပင် နေကြလေသည်။ သို့မှသာ တခြားသူများက သူတို့ကို အာရုံ မစိုက်မိကြမှာ ဖြစ်လေသည်။ သို့သော် ချူလျိုရှမ်းကဲ့သို့ ရည်ရည်မွန်မွန်နှင့် ခင်မင်ဖွယ် ကောင်းသည့် ပုံစံမျိုးကတော့ စောရများထဲတွင် ခပ်ရှားရှား ဖြစ်လေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset