Switch Mode

အခန်း (၁၆၀)

အသုံးမကျသည့်တန်ခိုးစွမ်းအား

အခန်း (၁၆၀) အသုံးမကျသည့်တန်ခိုးစွမ်းအား

နတ်လူသားမျိုးနွယ်များစေလွှတ်ထားသည့် သူလျှိုများကို မျှားခေါ်ရန်က ကျန်းလန်အတွက် ခက်ခဲသည့်အလုပ် မဟုတ်ပေ။

သို့သော် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရန်ကတော့ အနည်းငယ် ခက်ခဲကောင်းခက်ခဲနိုင်သည်။

အခြားသူများအမြင်တွင် သူက မူလဝိညာဉ် ၊ ကနဦးအဆင့်သာ ရှိမည် ဖြစ်သည်။ တောင်သခင်များနှင့် အခြားအကြီးအကဲများကတော့ သူ့ကို မူလဝိညာဉ် ၊ အလယ်ဆင့်ဟု သိရှိကြမည် ဖြစ်သည်။

နှစ်ပေါင်း (၂၀၀) အတွင်း မူလဝိညာဉ်အဆင့်ရောက်အောင် ကျင့်ကြံနိုင်ခြင်းက လျှင်မြန်သည်ဟု ဆိုနိုင်သည်။

ကျန်းလန်က သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖုံးကွယ်ထားသည့်တိုင် သူ၏ ကျင့်ကြံခြင်းက ပါရမီရှင်များကဲ့သို့ လျှင်မြန်လွန်းသည်။

နတ်လူသားမျိုးနွယ်များက ကျန်းလန်ကို စောင့်ကြည့်ရန် သူလျှိုများ စေလွှတ်ထားလျှင်တောင်မှ ထိုသူများက မရှိမှုအာကာသအဆင့်က အမြင့်ဆုံး ဖြစ်ပေလိမ့်မည်။

တောင်အောက်သို့ ရောက်သည်နှင့် ရန်သူများကို အရင်ဆုံး စတင်လှုပ်ရှားလာအောင် မျှားခေါ်ရမည် ဖြစ်သည်။

သို့သော် ရန်သူများက သူ့ကို စတင်တိုက်ခိုက်လာခြင်း မရှိလျှင်လည်း ကျန်းလန်အတွက် ပြဿနာ မရှိပေ။ နတ်လူသားမျိုးနွယ်များ သူ့ကို စောင့်ကြည့်နေခြင်း ရှိ မရှိဆိုသည့်အချက်က ပြောရခက်သည့်ကိစ္စ ဖြစ်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) လောက်က ခွန်လွန်တောင်ကို ရောက်လာကြတဲ့ နတ်လူသားမျိုးနွယ်ဘက်ကလူတွေနဲ့ နတ်မိစ္ဆာတွေရော ရှိနေကြသေးလားမသိဘူး… ၊ အဲဒီကိစ္စလည်း စုံစမ်းရမယ်…”

ကျန်းလန် တွေးလိုက်မိသည်။

ထိုစဉ်က ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားခြင်း ရှိ မရှိကို လူတစ်ယောက်က စစ်ဆေးခဲ့ဖူးသည်။

ထိုသူက အလယ်ပိုင်းလွင်ပြင်ဒေသရှိ နန်အိမ်တော်မှ နန်ရှင်းဆိုသူဖြစ်ကြောင်း ကျန်းလန် မှတ်မိနေသေး၏။ သို့သော် နောက်ပိုင်းတွင် သူတို့ ထပ်မတွေ့ကြတော့ပေ။

ထိုသူများကို ကျန်းလန် လျစ်လျူမရှုရဲပေ။ ပြင်ပလောကသို့ထွက်သည့်အခါ အထူးသတိထားရန် လိုအပ်သည်။

ကျန်းလန် သူနေထိုင်ရာခြံဝန်းဆီသို့ ပြန်လာခဲ့သည်။

မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို ရရှိခဲ့ပြီဖြစ်ရာ အခြားနေရာများသို့သွားရောက်ပြီး စနစ်မှတ်ပုံတင်ရန် မလိုအပ်တော့ပေ။

အင်မော်တယ်ဖြစ်လာရန်အတွက် စမ်းသပ်ခံရခြင်းအဆင့်ကို ကျော်ဖြတ်ရန်သာ ကျန်တော့သည်။

ခရီးမထွက်ခင် ရှောင်ယွိကို နှုတ်ဆက်သွားရဦးမည် ဖြစ်သည်။ ခရီးမှ သူပြန်လာပြီး ရှောင်ယွိနှင့် ပြန်ဆုံလျှင်တော့ သူက အင်မော်တယ်တစ်ပါး ဖြစ်နေပေတော့မည်။

ကျန်းလန် ခြံဝန်းထဲတွင် ထိုင်ချလိုက်ရင်း အတွေးများနေခြင်းကို ရပ်တန့်လိုက်၏။

စနစ်တွင်မှတ်ပုံတင်ခြင်းမှ ရရှိလာသည့် နတ်တန်ခိုးစွမ်းအားအသစ်ကို လေ့လာကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“အမှန်တရားမျက်လုံး…”

အချိန်ရှိတုန်း ထိုတန်ခိုးစွမ်းအားကို လေ့လာထားရမည် ဖြစ်သည်။

ကျန်းလန် မျက်လုံးများကို မှိတ်လိုက်သည်နှင့် သူ၏စိတ်အာရုံထဲတွင် ကျမ်းစာအုပ်တစ်အုပ် ထွက်ပေါ်လာလေသည်။

စနစ်မှရရှိသည့် နတ်တန်ခိုးစွမ်းအားများနှင့် ကျင့်စဉ်များအားလုံးကို ကျမ်းစာအုပ်ပုံစံဖြင့်သာ အစဉ်အမြဲ တွေ့မြင်ရလေ့ရှိသည်။

သာမန်ဂါထာမန္တန်များဆိုလျှင်တော့ စာလုံးများသာ ပေါ်လာလေ့ရှိပြီး တစ်ခေါက်ဖတ်မိသည်နှင့် ကျန်းလန်က နားလည်နိုုင်စွမ်း ရှိသည်။

သို့သော် နတ်တန်ခိုးစွမ်းအားများကတော့ ထိုသို့မဟုတ်ပေ။

ကျမ်းစာအုပ်ပွင့်သွားသည်နှင့် ကျန်းလန်၏ခန္ဓာကိုယ်အတွင်းသို့ နတ်တန်ခိုးစွမ်းအားတစ်ခု စီးဆင်းဝင်ရောက်လာလေသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သူ့မျက်လုံးများတွင် ပြောင်းလဲမှုအနည်းငယ်ဖြစ်ပေါ်သွားသည်ဟု ခံစားလိုက်ရသည်။ သို့သော် သေသေချာချာ စစ်ဆေးကြည့်ပြန်တော့လည်း မည်သည့်ပြောင်းလဲမှုကိုမှ မတွေ့ရှိရပေ။

ကျန်းလန် မျက်လုံးများကို အသာအယာဖွင့်ကြည့်လိုက်သည်။

ခြံဝန်းထဲမှ သစ်ပင်များနှင့်ပန်းပင်များကို ပိုမိုရှင်းလင်းကြည်လင်စွာ တွေ့မြင်လိုက်ရသည်။

နတ်တန်ခိုးစွမ်းအားက ဒီလောက်လေးပဲလား…။

ကျန်းလန် စိတ်ရှုတ်ထွေးသွားပြီး “အမှန်တရားမျက်လုံး” တန်ခိုးစွမ်းအားကို ထပ်မံထုတ်ဖော်လိုက်သည်။ သို့သော် မည်သည့်ပြောင်းလဲမှုမှ ဖြစ်မလာခဲ့ပေ။

“ကြည့်ရတာ ဖုံးကွယ်ထားတဲ့အရာတွေကိုပဲ ထိုးဖောက်မြင်နိုင်တာမျိုးလား မသိဘူး… ၊ သစ်ရွက်အမြင်တန်ခိုးစွမ်းအားနဲ့ ဖုံးကွယ်ထားရင်ရော မြင်နိုင်မလား စမ်းကြည့်ရမယ်…”

ထို့နောက် ကျန်းလန် လက်ကို အရှေ့သို့ ဆန့်ထုတ်လိုက်ပြီး သစ်ရွက်အမြင်တန်ခိုးစွမ်းအားဖြင့် ဖုံးကွယ်လိုက်သည်။ သူ့လက်တစ်ခုလုံး မြူခိုးများ ဖုံးလွှမ်းသွားလေသည်။

ပြီးသည်နှင့် ကျန်းလန်က အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားကို ထုတ်ဖော်ကာ လက်ကိုကြည့်လိုက်သည်။

သို့သော် မြူခိုးများကိုသာ တွေ့မြင်ရပြီး လက်ကို ထွင်းဖောက်တွေ့မြင်ရခြင်း မရှိပေ။

“သိပ်တော့ မဆိုးလှပါဘူး…”

ကျန်းလန် ရေရွတ်လိုက်၏။

ထိုစကားက အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားကို ပြောလိုက်ခြင်း မဟုတ်ပေ။ သစ်ရွက်အမြင်တန်ခိုးစွမ်းကို ပြောလိုက်ခြင်း ဖြစ်သည်။

သူပိုင်ဆိုင်ထားသည့် သစ်ရွက်အမြင်တန်ခိုးစွမ်းအားက အလွန်ပင် အထင်ကြီးစရာ ကောင်းလှသည်။

ရန်သူများတွင် အမှန်တရားမျက်လုံးနှင့်ဆင်တူသည့် တန်ခိုးစွမ်းအားမျိုး ပိုင်ဆိုင်ထားလျှင်တောင်မှ ကျန်းလန်၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထွင်းဖောက်ကြည့်ရှုနိုင်မည် မဟုတ်ပေ။

သစ်ရွက်အမြင်တန်ခိုးစွမ်းအားဖြင့် ဖုံးကွယ်ထားသည့်အရာများကို မိုးမြေတစ်ဃါင်တွင် မည်သည့်သက်ရှိသတ္တဝါမှ တွေ့မြင်နိုင်စွမ်းရှိမည် မဟုတ်ပေ။

အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားဖြင့်ပင် ထွင်းဖောက်ကြည့်ရန် မဖြစ်နိုင်ပေ။

လက်ရှိအချိန်ထိ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထိုးဖောက်ကြည့်နိုင်သည့် တန်ခိုးစွမ်းအားမျိုးကို မည်သူမှ မပိုင်ဆိုင်ကြသေးပေ။

ကျန်းလန်၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထိုးဖောက်ကြည့်နိုင်သူ ပေါ်လာလျှင်လည်း ကျန်းလန် ချက်ချင်း သိရှိမည် ဖြစ်သည်။

ထို့ပြင် သူ့ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေလျှင်လည်း သစ်ရွက်အမြင်စွမ်းအားက အာရုံခံနိုင်စွမ်း ရှိလေသည်။

နောက်တစ်ချက်မှာ နတ်တန်ခိုးစွမ်းအားများ အားလုံးတွင် တူညီသည့် အားသာချက်တစ်ခု ရှိသည်။ ကျင့်ကြံခြင်းအဆင့်မြင့်လာတိုင်း တန်ခိုးစွမ်းအားများလည်း ပိုမိုအဆင့်မြင်လာခြင်း ဖြစ်သည်။

ထို့နောက် ကျန်းလန်က  အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားကို ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်လိုက်သည်။  ထိုတန်ခိုးစွမ်းအားက အခြားသူများ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားလျှင် အကြမ်းဖျင်းအားဖြင့် သိမြင်နိုင်စွမ်း ရှိသည်။

“ရှောင်ယွိကို ဒီတန်ခိုးစွမ်းအားအသုံးပြုပြီး ကြည့်လိုက်မယ်ဆိုရင် ဘာမြင်ရမလဲ မသိဘူး…”

ကျန်းလန် သိချင်စိတ် ဖြစ်လာမိသည်။

ရှောင်ယွိက ကလေးမလေးတစ်ယောက်လား ၊ သို့တည်းမဟုတ် လုန်ယွိကဲ့သို့ အရွယ်ရောက်ပြီးသူ မိန်းမပျိုလေးတစ်ယောက်လားဆိုသည်ကို ကျန်းလန် သိချင်လှသည်။

သူမလာရောက်လည်ပတ်လျှင် အမှန်တရားမျက်လုံးဖြင့် တစ်ချက်လောက်ကြည့်လိုက်မည်ဟု ကျန်းလန် အားခဲထား၏။

ထိုသို့ဖြင့်…

အချိန် (၃)ရက် ကုန်ဆုံးသွားခဲ့သည်။

အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားကို ကျွမ်းကျင်အောင်လေ့ကျင့်ပြီးနောက် ကျန်းလန် (၃)ရက်လုံးလုံး စာကြည့်တိုက်တွင် စာဖတ်နေခဲ့သည်။

သူက အစီအရင်ပညာများကိုသာ အဓိကထား လေ့လာနေခြင်းဖြစ်သည်။ ပြင်ပလောကသို့ မထွက်ခွာမီ အစီအရင်ပညာများကို ရသလောက်လေ့လာထားချင်မိ၏။

ထို့နောက် နဝမတောင်ထွတ်မှ အစီအရင်များကို အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်လိုက်သည်။

လက်ရှိတွင် ကျန်းလန်၏ အစီအရင်ပညာက မည်သည့်အဆင့်တွင်ရှိနေကြောင်း သူကိုယ်တိုင်လည်း သိရှိခြင်း မရှိပေ။

သူက အစီအရင်များကို စာအုပ်ထဲတွင် ပြောထားသည့်အတိုင်း မပြုလုပ်ဘဲ ကိုယ်ပိုင်ဉာဏ်ဖြင့် အသစ်တီထွင်ပြီး အဆင့်မြှင့်တင်နေခြင်း ဖြစ်သည်။

သူတီထွင်ထားသည့် အစီအရင်များနှင့်ပတ်သက်ပြီး တိကျသည့် အကျိုးသက်ရောက်မှုများကိုတော့ စမ်းသပ်ကြည့်ရဦးမည် ဖြစ်သည်။

ထိုသို့ဖြင့်…

နောက်ထပ်အချိန် (၃)ရက် ထပ်မံ ကုန်ဆုံးသွားခဲ့ပြန်သည်။

ယနေ့တွင်တော့ မက်မွန်တောအပြင်ဘက်သို့ လူတစ်ယောက် ရောက်လာသည်ကို ကျန်းလန် အာရုံခံလိုက်မိသည်။ ထိုသူက သေချာပေါက် ရှောင်ယွိပင် ဖြစ်ပေလိမ့်မည်။

ခြံဝန်းထဲသို့ ရှောင်ယွိ ဝင်လာသည်အထိ မစောင့်တော့ဘဲ ကျန်းလန် အပြင်သို့ ထွက်ကြိုလိုက်သည်။

မကြာမီ သစ်သားဓားလေးကိုကိုင်ကာ ပြုံးရွှင်သည့်မျက်နှာထား ၊ မြောက်ကြွမြောက်ကြွ ခြေလှမ်းများဖြင့် မက်မွန်တောဆီ လျှောက်လှမ်းလာနေသည့် မိန်းမပျိုလေးတစ်ယောက်က ကျန်းလန်၏မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။

သူမက ခါတိုင်းလိုပင် အဖြူရောင်နှင့်အပြာရောင်ရောစပ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း ရိုးရှင်းစွာပင် စည်းနှောင်ထားသည်။

သူမပုံစံလေးက လွန်ခဲ့သည့် နှစ်ပေါင်း (၃၀)ခန့်က ကျန်းလန် တွေ့မြင်နေကျ ပုံစံလေးအတိုင်းပင် ဖြစ်သည်။ သို့သော် ကျန်းလန်ကတော့ သူမကိုတွေ့ရလေတိုင်း ထိုပုံစံလေးကို သဘောကျနှစ်သက်မိစမြဲပင်။

“ဟာ…”

ကျန်းလန်က သူမကို လာကြိုနေသည်ကို တွေ့သည်နှင့် ရှောင်ယွိ အံ့အားသင့်သွားသည်။

သူမက…

“ဘာလဲ… ဂိုဏ်းတူမောင်လေးက တောင်အောက်ဆင်းမလို့လား…”

ကျန်းလန်က…

“ဘာလို့ ဂိုဏ်းတူအစ်မက ဒီလိုထင်ရတာလဲ…”

ရှောင်ယွိက သူ့နံဘေးရောက်လာသည်နှင့် ကျန်းလန်က ရှောင်ယွိနှင့်အတူ မက်မွန်တောထဲသို့ ဘေးချင်းယှဉ်လျှက် လမ်းလျှောက်ဝင်လာခဲ့သည်။

ခြံဝန်းထဲရောက်မှ ရှောင်ယွိက ထုံးစံအတိုင်း သစ်သားဓားလေးကို ကျန်းလန်ထံ ကမ်းပေးလိုက်ရင်း…

“ခါတိုင်းဆို ကျွန်မရောက်လာမှ ဂိုဏ်းတူမောင်လေးက မရဏဂူထဲက အပြင်ကိုထွက်လာတာလေ… ၊ ဒီနေ့တော့ ဂိုဏ်းတူမောင်လေးက ကျွန်မကို ခြံဝန်းအပြင်မှာ လာကြိုနေတယ်… ၊ ဒီတော့… တံခါးပိတ်ကျင့်ကြံတာပြီးသွားလို့ တောင်အောက်ဆင်းလို့လား… ၊ ဒါမှမဟုတ် ပြင်ပလောကကိုသွားမလို့လား… ၊ အကြောင်းတစ်ခုခုတော့ ရှိရမှာပေါ့… မဟုတ်ဘူးလား…”

ယခင်ကဆိုလျှင် ကျန်းလန် တောင်အောက်တစ်ခါဆင်းလာဖို့အရေး သူမ အနှစ် (၃၀) ကြာအောင် စောင့်ခဲ့ရသည်။

ယခုလည်း သူမသာ ကျန်းလန်ကို ကိုယ်တိုင်လာမတွေ့ဘဲ တောင်အောက်ဆင်းလာသည်အထိ စောင့်နေမိပါက နှစ်ပေါင်း (၅၀) စောင့်ရပေလိမ့်မည်။

ထို့ကြောင့် သူမက ကျန်းလန်တစ်ယောက် တံခါးပိတ်ကျင့်ကြံခြင်း ပြီးဆုံးသွားပြီဖြစ်ကြောင်း ရိပ်မိလိုက်ခြင်း ဖြစ်သည်။

သို့သော် နှစ်ပေါင်း (၅၀) တံခါးပိတ်ကျင့်ကြံသည်ဆိုသော်လည်း ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က မြင့်တက်လာခြင်းမရှိဘဲ မူလဝိညာဉ် ၊ ကနဦးအဆင့်မျှသာ ရှိနေသေးသည်ကို သူမ သတိပြုလိုက်မိသည်။

ကျန်းလန်က ခေါင်းညိတ်ပြလိုက်ရင်း…

“အင်း… ကျွန်တော် တံခါးပိတ်ကျင့်ကြံတာ ပြီးဆုံးသွားပြီ… ၊ ဒါကြောင့် ပြင်ပလောကကို ခရီးရှည်ထွက်မလို့…”

ကျန်းလန် ရှောင်ယွိကို ကြည့်လိုက်သည်နှင့် သူမက မရှိမှုအာကာသ ၊ ကနဦးအဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိလိုက်သည်။

သို့သော် သူမက ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားလေရာ အများအမြင်တွင် မူလဝိညာဉ်အဆင့် အောင်မြင်သည့်အဆင့်သာ ရှိနေလေသည်။

“သူက ငါ့ကိုအားနာနေတာလား… ၊ ငါ ဖိအားတွေ မခံစားရအောင် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာများလား…”

ကျန်းလန် တွေးလိုက်သည်။

အရင်ကဆိုလျှင် ရှောင်ယွိပဲဖြစ်စေ ၊ လုန်ယွိပဲ ဖြစ်စေ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားလေ့ မရှိပေ။ ယခုတော့ ကျန်းလန်ထက် သူမက ကျင့်ကြံခြင်းအဆင့် အရမ်းမြင့်မားနေပါက ပတ်ဝန်းကျင်ဝေဖန်မှုများကြောင့် ကျန်းလန် အနေခက်မည်ကို သူမက စိုးရိမ်ဟန်ရှိသည်။

ရှောင်ယွိက စိတ်ရှုတ်ထွေးသွားဟန်ဖြင့် ကျန်းလန်ကို ကြည့်လိုက်ရင်း…

“ပြင်ပလောကကို ခရီးရှည်ထွက်မလို့… ဟုတ်လား…”

ယခုနှစ်များအတွင်း သူမက ကျန်းလန်ကို အနည်းနှင့်အများ နားလည်လာခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း (၂၀၀) အတွင်း ကျန်းလန်က ပြင်ပလောကသို့ တစ်ချက်ပင် ခြေမချခဲ့ပေ။

ပြင်ပလောကမပြောနှင့် နဝမတောင်ထွတ်မှ တောင်အောက်ဆင်းသည့် အကြိမ်အရေအတွက်ကပင် စိတ်ပျက်စရာကောင်းလောက်အောင် နည်းပါးလွန်းလှသည်။

ကျန်းလန် အများဆုံး ပြင်ပသို့ ထွက်ခဲ့သည့်အချိန်များမှာ သူမနှင့်အတူ သေရည်ဆိုင်တွင် ကူညီပေးနေသည့် အချိန်များပင် ဖြစ်သည်။

ယခုတော့ ကျန်းလန်က ရုတ်တရက်ကြီး ပြင်ပလောကသို့ ခရီးရှည်ထွက်မည်ဟု ဆိုလာသည့်အခါ သူမ အမှန်တကယ်ပင် အံ့အားသင့်မိသည်။

ကျန်းလန်က…

“ကျွန်တော် နှစ်ပေါင်း (၂၀၀)လောက် ဘယ်မှမသွားဘဲ ကျင့်ကြံနေခဲ့တာလေ… ၊ အခုတော့ ဟိုဟိုဒီဒီ လျှောက်ကြည့်မလားလို့…”

ရှောင်ယွိ မျက်ခုံးလေးများကို တွန့်ချိုးထားလေသည်။

သူမ အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်နေမိ၏။

သူမ မကြာခဏ လာရောက်လည်ပတ်သည်ကို ရှောင်ချင်သောကြောင့် ကျန်းလန်က ခရီးရှည်ထွက်ရခြင်းများလား…။

သို့သော် ကျန်းလန်က…

“ဒါပေမဲ့ ဂိုဏ်းတူအစ်မ နောက်တစ်ခေါက် လာမလည်ခင် ကျွန်တော် အချိန်မီ ပြန်လာခဲ့မယ်လေ…”

“အင်းပါ…”

ရှောင်ယွိ ခေါင်းညိတ်လိုက်သည်။

ဤစကားအရဆိုလျှင်တော့ သူမကြောင့် ခရီးရှည်ထွက်ရခြင်း မဟုတ်သည်မှာ သေချာသည်။

ထို့နောက် ရှောင်ယွိက သူမ လုပ်နေကျအတိုင်း သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းချပေးလိုက်သည်။

သူမက…

“ဂိုဏ်းတူမောင်လေးက ခရီးရှည်ထွက်မယ်ဆိုတော့ ဒီသားရဲဥလေးနဲ့ ရေသဖန်းပင်လေးကို ဘယ်သူက စောင့်ရှောက်ပေမှာလဲ…”

ဤအရာလေးများက သာမန်ပစ္စည်းလေးများမဟုတ်ဘဲ ကျန်းလန် တန်ဖိုးထားသည့် အချစ်တော်လေးများဖြစ်ကြောင်း သူမ သိရှိလေသည်။

ကျန်းလန်က…

“သူတို့က အသက်ပြင်းပါတယ်… နှစ်နည်းနည်းလောက်နဲ့ ဘာမှ မဖြစ်လောက်ပါဘူး…”

အစပိုင်းတွင် ထိုအရာလေးများကို စောင့်ရှောက်ပေးရန် ရှောင်ယွိကို အကူအညီတောင်းလျှင်ကောင်းမည်လား စဉ်းစားမိသော်လည်း ယခုတော့ အကူအညီမတောင်းဖြစ်တော့ပေ။

ရှောင်ယွိက မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ်နေ၏။ သူမက နဝမတောင်ထွတ်သို့ တိတ်တိတ်လေးလာပြီး ထိုအရာလေးများကို ဝိညာဉ်ဆေးရည်များလောင်းပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

အတန်ကြာမှ ရှောင်ယွိက…

“ဟိုဟာလေ… သေရည်ဆိုင်မှာ ပန်းကန်တွေ ခွက်တွေ သေရည်အိုးတွေ ပြုတ်ကျတာကို ဂိုဏ်းတူမောင်လေး သိတယ်မဟုတ်လား… ၊ အဲဒီလို အစီအရင်မျိုးလုပ်ချင်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ သိလားဟင်…”

ကျန်းလန် ခဏမျှစဉ်းစားနေ၏။

ပြီးမှ ခေါင်းတစ်ချက်ခါရမ်းလိုက်ရင်း…

“အဲဒီလို အစီအရင်မျိုးက ပြုလုပ်လို့ မရနိုင်ဘူး… ၊ ဒါမှမဟုတ် အဲဒါက အစီအရင်ပညာ မဟုတ်တာလည်း ဖြစ်နိုင်တယ်… ၊ ဘာလဲ… ဂိုဏ်းတူအစ်မက အဲဒီလို အစီအရင်မျိုးအသုံးပြုပြီး ကျင့်ကြံချင်လို့လား…”

ကျန်းလန် မေးသာမေးလိုက်ရသည် စိတ်ထဲကတော့…

“ကျင့်ကြံချင်တာထက် ဆော့ချင်တာဖြစ်ရမယ်…”

ဟု တွေးလိုက်၏။

တကယ်တမ်း နဂါးအသက်ဖြင့်တွက်လျှင် ဤကလေးမလေးက အသက်မပြည့်သေးပေ။

ထိုသို့တွေးမိသည်နှင့် ကျန်းလန် အမှန်တရားမျက်လုံးဖြင့် ရှောင်ယွိကို ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ရှောင်ယွိက အရွယ်ရောက်ပြီးသည့် မိန်းမပျိုလေးလား ၊ ကလေးမလေးတစ်ယောက်လားဆိုသည်ကို ကျန်းလန် သိချင်မိသည်။

ထို့နောက်…

အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားကို ကျန်းလန် ထုတ်ဖော်လိုက်၏။

ထိုတန်ခိုးစွမ်းအားက ဖုံးကွယ်ထားသည့်အရာများ ၊ အသွင်ပြောင်းထားသည်များ ထိုးဖောက်သိမြင်နိုင်စွမ်း ရှိလေသည်။

ကျန်းလန် တန်ခိုးစွမ်းအားအသုံးပြုလိုက်သည်နှင့် ရှောင်ယွိ၏ အသွင်သဏ္ဍန်က စတင်ပျက်စီးစပြုလာပြီး သူမ၏ ပုံစံအစစ်အမှန်ကို တွေ့မြင်လိုက်ရတော့သည်။

“…………………”

ရှောင်ယွိ၏ ပုံစံအမှန်ကို တွေ့လိုက်ရသည်နှင့် ကျန်းလန် စကားမပြောနိုင်ဖြစ်သွားသည်။

အဖြူရောင်နဂါး…။

ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားထဲတွင် ကျန်းလန်တွေ့မြင်နေကျ အဖြူရောင်နဂါးငယ်လေး ဖြစ်လေသည်။

ကျန်းလန် စိတ်ပျက်သွားရသည်။

အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားသည်ကား အတော်လေး အသုံးမကျလှသည့် တန်ခိုးစွမ်းအားပင် ဖြစ်ပေတော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset