အခန်း (၁၅၉)

နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား

အခန်း (၁၅၉) နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား

“မင်း ဘယ်တော့ ခရီးထွက်မှာလဲ…”

မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်ရင်း မေးလိုက်သည်။

ကျန်းလန်က…

“ဒီရက်ပိုင်းအတွင်းပဲ ဆရာ…”

နောက်ရက်အနည်းငယ်ဆိုလျှင် ရှောင်ယွိ သူ့ထံသို့ ရောက်လာမည် ဖြစ်လေရာ ရှောင်ယွိ၏ သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးရဦးမည် မဟုတ်ပါလား။

ဓားဝိညာဉ်က သစ်သားဓားထဲတွင် သက်တမ်း (၃)နှစ် ကြာရှည်ခံလေသည်။ သို့ရာတွင် (၃)နှစ်အတွင်း သူ တောင်ပေါ်သို့ ပြန်လာနိုင်ပါမည်လား မသေချာပေ။

ထို့နောက် ကျန်းလန် ဆရာဖြစ်သူကို နှုတ်ဆက်စကားဆိုလိုက်ပြီး နဝမတောင်ထွတ်အစွန်းမှ ထွက်ခွာလာခဲ့သည်။

ရှောင်ယွိကိုစောင့်ရင်း အခြားလုပ်စရာရှိသည်များကို လုပ်ထားရပေဦးမည်။

ရှောင်ယွိရောက်လာလျှင်တော့ သူ ပြင်ပလောကသို့ ခရီးရှည်ထွက်မည့်အကြောင်း အသိပေးရမည် ဖြစ်သည်။

သူ၏ခရီးစဉ်က အချိန်မည်မျှကြာမည်လဲ မခန့်မှန်းနိုင်လေရာ နောက်တစ်ခါ ရှောင်ယွိ လာရောက်လည်ပတ်လျှင် သူနှင့်မတွေ့ရမည်ကို ကျန်းလန် စိုးရိမ်မိလေသည်။

ထို့ပြင် သူ ခရီးထွက်သွားလျှင် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို သူနှင့်အတူ ယူဆောင်သွားရန်မှာ မဖြစ်နိုင်ပေ။

ထိုအရာလေးများ ညှိုးခြောက်မသွားစေရန် တစ်နှစ်တစ်ကြိမ် နှစ်နှစ်တစ်ကြိမ် ဝိညာဉ်ဆေးရည်များ လောင်းပေးပါရန် ရှောင်ယွိကို အကူအညီတောင်းလျှင် ကောင်းမည်လားဟုလည်း တွေးထားမိသည်။

သို့သော် ထိုအရာလေးများက အသက်ပြင်းလေရာ ဝိညာဉ်ဆေးရည်များ မလောင်းပေးလျှင်လည်း ပြဿနာတော့ မရှိပေ။

သူသာ အားလပ်မည်ဆိုလျှင် တောင်ပေါ်မှ ဝိညာဉ်ဆေးပင်လေးများနှင့် ခြံဝန်းထဲမှ ပန်းပင်လေးများကို နေ့စဉ် ရေလောင်းပေါင်းသင်ပေးမည် ဖြစ်သည်။

သစ်ပင်ပန်းပင်လေးများစိုက်ပျိုးရင်း အေးချမ်းစွာ ဖြတ်သန်းရသည့်ဘဝကို တစ်နေ့တွင် ပိုင်ဆိုင်နိုင်မည်ဟု ကျန်းလန် မျှော်လင့်မိသည်။

သို့သော် အခက်အခဲများနှင့် ဆင်းရဲဒုက္ခများဆိုသည်ကလည်း လူ့ဘဝတွင် ရှောင်လွှဲမရနိုင်သည့်ကိစ္စများ ဖြစ်လေသည်။

နဝမတောင်ထွတ်ခန်းမဆောင်သို့သွားရာ လမ်းတစ်လျှောက်တွင် ပေါက်ရောက်နေသည့် ခြုံနွယ်ပိတ်ပေါင်းများကို ကျန်းလန် အရင်ဆုံး ရှင်းလင်းလိုက်သည်။

ထို့နောက် ခြံဝန်းထဲပြန်လာပြီး ဝိညာဉ်ဆေးပင်လေးများနှင့် ပန်းပင်လေးများကို ရေလောင်းပေါင်းသင်ပေးလိုက်သည်။ ဘာကြောင့်မှန်းမသိ ဤနေရာလေးကို ကောင်းကောင်းမွန်မွန်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားရန် ကျန်းလန် စိတ်ကူးမိသည်။

အလုပ်လုပ်နေရင်း ကျန်းလန်ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက်လာ၏။

ဆရာဖြစ်သူက နှစ်တစ်ထောင်သက်တံ့တိမ်တိုက် တန်ခိုးစွမ်းအားကို သူ့အအတွက် အသုံးပြုပေးခဲ့သည်။

ထိုတန်ခိုးစွမ်းအားက စနစ်တွင် မှတ်ပုံတင်ခြင်းကို သက်ရောက်မှု ရှိနိုင်ပါမည်လား။ သက်ရောက်မှု ရှိမည်ဆိုပါက မည်သည့်အတိုင်းအတာအထိ သက်ရောက်နိုင်ပါသနည်း။

ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် နေရာတစ်ခုရှာဖွေကာ စနစ်တွင် မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်သည်။

အချိန်အတန်ကြာပြီးနောက် ပန်းပင်လေးများကို ရေလောင်းပေါင်းသင်ပေးခြင်းအလုပ် ပြီးဆုံးသွားလေသည်။

ပန်းပင်လေးများ ညှိုးနွမ်းခြောက်သွေ့နေချိန်တွင် ရှောင်ယွိက လာရောက်လည်ပတ်လေ့ မရှိပေ။ သူမက ရောင်စုံပန်းလေးများ အလှဆုံးပွင့်လန်းနေချိန်တွင်သာ ရောက်လာလေ့ ရှိသည်။

ထို့ကြောင့် ကျန်းလန်ကလည်း သူမရောက်လာတိုင်း ရောင်စုံပန်းလေးများ အလှပဆုံးပွင့်လန်းနေစေရန် ဂရုစိုက်ပေးရမည် ဖြစ်သည်။

ပန်းပင်လေးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့လေသည်။

စနစ်တွင်မှတ်ပုံတင်ရန် နေရာကောင်းတစ်ခု ရှာဖွေရမည် ဖြစ်သည်။

ယခင်အချိန်များတုန်းက ခွန်လွန်တောင်တံခါးနှင့် ခွန်လွန်တောင်အဓိကခန်းမဆောင်ကြီးတွင် စနစ်မှတ်ပုံတင်ခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ထိုနေရာများသို့ မသွားတော့ဘဲ တောင်သခင်များနှင့် အကြီးအကဲများ ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး သင်ကြားပို့ချပေးလေ့ရှိရာ နေရာသို့ ကျန်းလန် ထွက်ခွာလာခဲ့သည်။

ထိုနေရာက ခွန်လွန်တောင်တပည့်များ စုဝေးကျင့်ကြံကြသည့် နေရာလည်း ဖြစ်၏။ ထိုနေရာတွင် စမ်းသပ်ကြည့်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

စုဝေးကျင့်ကြံသည့်နေရာတွင် တပည့်ပေါင်းများစွာ ရှိနေသော်လည်း မည်သူမှ ကျန်းလန်ကို သတိမထားမိကြပေ။ ကျန်းလန်က အထီးကျန်ခြင်းတာအိုမန္တန်ကို အသုံးပြုထားသောကြောင့် အခြားသူများက သူ့ကို အရေးမစိုက်မိကြပေ။

“စနစ်… ဒီနေရာမှာ မှတ်ပုံတင်မယ်…”

[ ဒင်! ]

[ စနစ်တွင်မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ်… ၊ မဟာတာအိုမှ ပေးအပ်သည့်လက်ဆောင်ကိုရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်… ၊ သင် ယခုရရှိတာကတော့ “အမှန်တရားမျက်လုံး” ဆိုတဲ့ နတ်ဘုရားစွမ်းအားကို ရရှိပါတယ်… ]

[ အမှန်တရားမျက်လုံး : သက်ရှိများအားလုံးရဲ့ ဖုံးကွယ်ထားမှုကို ထိုးထွင်းသိမြင်နိုင်တဲ့ မျက်ဝန်းတစ်စုံ ၊ ထိုမျက်ဝန်းများမှ မည်သည့်အရာမဆို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ… ]

သူ နတ်တန်ခိုးစွမ်းအားတစ်ခု ရရှိခဲ့ခြင်း ဖြစ်သည်။

မဟာတာအိုမှ နတ်တန်ခိုးစွမ်းအားတစ်ခု ရရှိရန်မှာ အလွန်ခက်ခဲလှသည်။ သို့သော် ကျန်းလန်ကတော့ သိပ်ပြီး ဝမ်းမြောက်ဝမ်းသာ မဖြစ်မိပေ။

နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို ရရှိထားသည့်တိုင် အဘယ့်ကြောင့် အင်မော်တယ်အဖြစ် အဆင့်တက်နိုင်သည့် အခွင့်အလမ်းကို မရရှိရပါသနည်း။

အင်မော်တယ်ဖြစ်ရန်က အမှန်တကယ်ပင် ခက်ခဲလွန်းလှသည်။

ကျန်းလန် ရင်ထဲတွင် လေးလံစွာဖြင့် သက်ပြင်းချလိုက်မိသည်။ သို့သော် သူ စိတ်ဓာတ်ကျခြင်းတော့ မဖြစ်မိပေ။

အင်မော်တယ်လမ်းက မည်မျှခက်ခဲပါစေ သူက ရှေ့ဆက်လျှောက်မည်ပဲ ဖြစ်သည်။ နတ်ဘုရားများပင် သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။

ကျန်းလန်က အသစ်ရရှိလာသည့် နတ်တန်ခိုးစွမ်းအားကို စစ်ဆေးကြည့်နေစဉ် စနစ်မှသတိပေးသံ ထပ်မံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

[ ဒင်! ]

စနစ်မှ ထပ်မံထွက်ပေါ်လာသည့်အသံကြောင့် ကျန်းလန် အံ့သြမှင်တက်သွားသည်။

စနစ်တွင် မှတ်ပုံတင်ပြီးနောက် ယခုကဲ့သို့ ထပ်မံအသ့ထွက်ပေါ်လာခြင်းမျိုး ကျန်းလန် တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ ထို့ပြင် ဤနေရာတွင် မဟာတာအိုလမ်းကြောင်းလည်း မရှိပေ။

မဟာတာအိုလမ်းကြောင်းရှိလျှင် ဤနေရာသို့ ရောက်လာသည်နှင့် စနစ်က သူ့ကို အသိပေးမည် ဖြစ်သည်။

ယခင်ကလည်း သူ ဤနေရာသို့ ရောက်ဖူးသည်ပဲ ဖြစ်သည်။ သို့သော် မဟာတာအိုလမ်းကြောင်းရှိသည်ဟု စနစ်က သူ့ကို တစ်ခါမှ အသိပေးခဲ့ခြင်း မရှိပေ။

ထိုသို့ဆိုလျှင် ယခု စနစ်က အဘယ့်ကြောင့် အသံထပ်မံ ထွက်ပေါ်လာရပါသနည်း။

စိတ်ရှုတ်ထွေးစွာဖြင့် ကျန်းလန် စနစ်မှထွက်ပေါ်လာသည့်အသံကို အာရုံစိုက်လိုက်သည်။ အဘယ့်ကြောင့် အသံထွက်လာရသည်ကို သူ သိချင်နေမိသည်။

မကြာမီ ကျန်းလန် အဖြေကို သိရှိသွားလေတော့၏။

[ မှတ်ပုံတင်ခြင်းအောင်မြင်ပါတယ် ၊ မဟာတာအိုမှ ပေးအပ်သည့် လက်ဆောင်ကို ရရှိသည့်အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို လက်ခံရရှိမှာ ဖြစ်ပါတယ်…]

[ မိုးနဲ့မြေကို ဖန်ဆင်းခြင်းဆေးလုံး : မိုးနဲ့မြေမှ ပြောင်းလဲခြင်းများအားလုံးကို စုစည်းပြီး အခက်အခဲအားလုံးကို ကျော်ဖြတ်နိုင်မှာဖြစ်တယ်…]

စနစ်မှ အသံကို ကြားရပြီးနောက် ကျန်းလန် အံ့သြလွန်းသဖြင့် ချက်ချင်းပင် သတိပြန်ဝင်မလာဘဲ ဖြစ်ရသည်။

မိုးနဲ့မြေကိုဖန်ဆင်းခြင်း ဆေးလုံး…။

ကျန်းလန် “မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံး” ရရှိလိုက်ပြီဖြစ်သည်။

ယခုတစ်ကြိမ်က ထိုဆေးလုံးကို ဒုတိယအကြိမ်ရရှိခြင်း ဖြစ်၏။

သို့သော် ယခုတစ်ကြိမ်က မဟာတာအိုလမ်းကြောင်းကြောင့် ရရှိခြင်း မဟုတ်ပေ။ ဆရာဖြစ်သူ၏ နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကြောင့် ရရှိခြင်း ဖြစ်လေသည်။

ယခုမှ ကျန်းလန် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။

နောက်ဆုံးတော့ အင်မော်တယ်အဖြစ် အဆင့်တက်ရန် အခွင့်အရေးတစ်ခုကို ရရှိခဲ့ပြီ ဖြစ်သည်။

မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးဖြင့်ဆိုလျှင် အင်မော်တယ်ဖြစ်ရန် စမ်းသပ်ခံရခြင်းအဆင့်ကို ကျရှုံးနိုင်ချေ မရှိတော့ပေ။ စိတ်ပူစရာဆို၍ စမ်းသပ်ခံရခြင်းအဆင့်အား ရင်ဆိုင်ရမည့်အချိန်ကို ကျော်ဖြတ်နိုင်ရန်သာ ရှိတော့သည်။

နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားက အလွန်မှ ထူးခြားလှပေ၏။

ထိုတန်ခိုးစွမ်းအားက လူတစ်ယောက်၏ ကံကြမ္မာကို လုံးလုံးလျားလျား ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။

သူ့ကို အင်မော်တယ်ဖြစ်လာစေရန်ရည်ရွယ်ချက်ဖြင့် ဆရာဖြစ်သူက နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို အသုံးပြုပေးခဲ့သည်။

သူသာ ဆရာဖြစ်သူကို စိတ်ဓာတ်ကျစေမည်ဆိုလျှင် ဘယ်သောအခါမှ တာအိုကျင့်စဉ်လမ်းကို အဆုံးထိတိုင် လျှောက်လှမ်းနိုင်တော့မည် မဟုတ်ပေ။

စနစ်၏ အကူအညီဖြင့်ဆိုလျှင်တောင်မှ လွယ်ကူတော့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် အင်မော်တယ်လမ်းကို သူ တစ်ယောက်တည်းစွမ်းအားဖြင့် ကျော်ဖြတ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်၏။

စနစ်တွင်မှတ်ပုံတင်ပြီးသည်နှင့် ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။ နောက်ရက်အနည်းငယ်အတွင်း သူ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရမည် ဖြစ်သည်။

အင်မော်တယ်ဖြစ်ရန် စမ်းသပ်ခံရခြင်းကို ကျော်ဖြတ်ရန် ပြင်ပလောကသို့ သွားရောက်ပြီး နေရာတစ်ခု ရှာဖွေရမည် ဖြစ်သည်။ ပြီးလျှင် မြန်နိုင်သမျှမြန်မြန် တောင်ပေါ်ပြန်လာနိုင်ရန် ကြိုးစားရပေမည်။

သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ပြင်ပလောကတွင် အန္တရယ်ကင်းသည်ဆိုဦးတော့ နဝမတောင်ထွတ်လောက်တော့ မည်သည့်နေရာကမှ အန္တရယ်ကင်းနိုင်မည် မဟုတ်ပေ။

အပြန်လမ်းတွင်တော့ တပည့်များပြောဆိုနေကြသည့် သတင်းများကို ကျန်းလန် နားထောင်လာခဲ့သည်။

တပည့်တစ်ယောက်က…

“အခုတလော နတ်မိစ္ဆာတွေ သူတို့စိတ်တိုင်းကျ ဘာမှမလုပ်နိုင်ဘူးလေ… ၊ ကြည့်ရတာ စစ်ပွဲမှာ သူတို့ ရှုံးနိမ့်တော့မယ်ထင်တယ်… ၊ နောက်ထပ် နှစ်နည်းနည်းလောက် တိုက်ခိုက်ပြီးရင် စစ်ပွဲက အဆုံးသတ်တော့မယ် ထင်တာပဲ…”

နောက်ထပ်တပည့်တစ်ယောက်က…

“အဲဒီနတ်မိစ္ဆာတွေကလည်း… အစကတည်းက ရှုံးမယ်မှန်းသိရဲ့သားနဲ့ ဘာလို့ စပြီးတိုက်ခိုက်ကြတာလဲ မသိဘူး…”

“မသိဘူးကွ… တစ်ယောက်ယောက် နတ်မိစ္ဆာတွေကို သွေးထိုးတာ ဖြစ်မယ်ထင်တယ်… ၊ ကျုပ်လည်း သေသေချာချာတော့ မသိဘူး…”

“ဒါဖြင့် စစ်ပွဲမှာ နတ်မိစ္ဆာတွေ ရှုံးနိမ့်သွားရင် အခြေအနေတွေက ဘယ်လိုဖြစ်လာမလဲ…”

“ဒါတော့ ဘယ်သိမလဲ… ဒါပေမဲ့ လက်ရှိအခြေအနေကို သုံးသပ်ကြည့်ရင် နဂါးမျိုးနွယ်တွေက နတ်မိစ္ဆာတွေကို အနိုင်ယူနိုင်မယ်ဆိုရင်လည်း အခြေအနေတွေက ပိုပြီး ခက်ခဲနေဦးမှာပဲ…”

“ကျုပ်ကြားတာတော့ အစပိုင်းမှာ နဂါးမျိုးနွယ်တွေ ရှုံးနေတာဆို… ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) လောက်ကစပြီး အခြေအနေတွေက ပြောင်းသွားတာတဲ့…”

“ဟုတ်တယ်လေ… နဂါးမျိုးနွယ်တွေ ခွန်လွန်တောင်နဲ့ ချစ်ကြည်ရေးမင်္ဂလာပွဲပြုလုပ်ပြီး မဟာမိတ်လုပ်လိုက်လို့ အခြေအနေတွေ ပြောင်းသွားတာပေါ့… ၊ ကျုပ်တို့ ခွန်လွန်တောင်ဘက်က နဂါးမျိုးနွယ်တွေကို ဘာတွေ အကူအညီပေးသလဲ ဘယ်သူမှ မသိနိုင်ဘူး…”

“ချစ်ကြည်ရေးမင်္ဂလာပွဲ ဟုတ်လား… ဘယ်သူနဲ့ဘယ်သူ လက်ထပ်မှာလဲ…”

“နဂါးမင်းသမီးလေးလုန်ယွိကို ခွန်လွန်တောင်က ဆက်ခံသူတပည့်နဲ့ လက်ဆက်ပေးမှာလေ…”

“ဟုတ်လား… ကျုပ်ဖြင့် တစ်ခါမှတောင် မကြားမိဘူး… ပြောပြပါလားဟင်… ဂိုဏ်းတူအစ်ကို…”

စကားလမ်းကြောင်းက သူ့ဘက်လှည့်လာပြီဖြစ်ရာ ကျန်းလန် ထိုနေရာမှ ခပ်သုတ်သုတ်လစ်လေတော့သည်။

ဆက်နားထောင်နေလျှင်လည်း အသုံးဝင်မည့် သတင်းကြားရတော့မည်မဟုတ်ဘဲ သူ့အကြောင်းများကိုသာ ပြန်ကြားရတော့မည် မဟုတ်ပါလား။

သို့သော် နတ်မိစ္ဆာများနှင့် နဂါးမျိုးနွယ်များ၏ စစ်ပွဲ အဆုံးသတ်တော့မည်ဆိုသဖြင့် ကျန်းလန် အံ့အားသင့်နေမိသည်။

ကျန်းလန် ရှေ့ဆက်လျှောက်လာရင်း တပည့်များပြောဆိုနေကြသည့် သတင်းများကို နားထောင်သွားသည်။ သူက နတ်လူသားမျိုးနွယ်များအကြောင်း စုံစမ်းချင်သေးသည်။

ကံကောင်းစွာ မကြာမီ သူသိချင်သည့် သတင်းကို ပြောဆိုနေကြသည့် အုပ်စုတစ်စုကို တွေ့လိုက်ရသည်။

တပည့်တစ်ယောက်က…

“အလယ်ပိုင်းလွင်ပြင်ဒေသမှာလည်း နေရာတိုင်း တိုက်ပွဲတွေ ဖြစ်နေတာပဲတဲ့ကွာ…”

နောက်ထပ်တပည့်တစ်ယောက်က…

“ဟုတ်တယ် … ကျုပ်ကြားတာတော့ နတ်လူသားမျိုးနွယ်တွေထဲက ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံနေတဲ့ လူတစ်ယောက်က စိန်ခေါ်ပွဲတွေလုပ်ပြီး တိုက်ခိုက်နေတယ်လို့ ကြားတာပဲ…”

“ကျုပ်လည်းကြားတယ်… အဲဒီလူထွက်ပေါ်လာတာနဲ့ ကောင်းကင်မှာ ထူးဆန်းတဲ့ နိမိတ်ပုံတွေတောင် ပေါ်လာတယ်ဆိုလားပဲ…”

“ပြောနေကြတာတော့ သူက ခံစားချက်ကင်းမဲ့တဲ့အဆင့်ကိုရောက်အောင် ကျင့်ကြံနေတာတဲ့… ၊ အခု ဝူထုန်တောင်ခြေသွားတဲ့ လမ်းတစ်လျှောက်မှာ စိန်ခေါ်တိုက်ပွဲတွေ ပြုလုပ်သွားတယ်ဆိုပဲ…”

“ဝူထုန်တောင်ဆိုတာ မိုးကောင်းကင်ဇာမဏီမျိုးနွယ်တွေ နေတဲ့နေရာ မဟုတ်လား… ၊ ကြည့်ရတာ အဲဒီ နတ်လူသားမျိုးနွယ်ကတော့ ခံစားချက်ကင်းမဲ့တဲ့အဆင့်ကို အောင်မြင်အောင် ကျင့်ကြံမယ်လို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်…”

“ဟုတ်တယ်… အဲဒီအဆင့်ကိုသာ ရောက်သွားရင် သူ့အတွက် ဘာအတားအဆီးမှ မရှိတော့ဘူးတဲ့…”


“မင်းပြောတဲ့အကြောင်း ကျုပ်လည်း သိပါတယ်ကွာ… ၊ လူတစ်ယောက်က ကောင်းကင်လှေကားအဆုံးထိ တက်နိုင်တယ်ဆိုရင် ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံနိုင်စွမ်း ရှိသတဲ့… ၊ ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံလို့ ခံစားချက်ကင်းမဲ့တဲ့အဆင့်ကို ရောက်သွားရင် သူ့အနာဂတ်အောင်မြင်မှုတွေက လုံး၀ မှန်းဆလို့ မရနိုင်တော့ဘူးလို့ ပြောကြတယ်လေ…”

“ဒါပေမဲ့ ကျုပ်ကြားဖူးတာတော့ နတ်လူသားမျိုးနွယ်တွေပဲ အဲဒီကျမ်းစာကို ကျင့်ကြံခွင့်ရှိတာဆို…”

“ဒါနဲ့ နေပါဦး… ကောင်းကင်လှေကားအဆုံးထိ တက်နိုင်ခဲ့တယ်ဆိုတဲ့ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုဆိုတာ ဘယ်သူ့ကိုပြောတာလဲ… ၊ နဝမတောင်ထွတ်မှာ တပည့်ရော ရှိလို့လား…”

စကားဦးက သူ့ဘက်လှည့်လာပြီ ဖြစ်ရာ ကျန်းလန် ထိုနေရာမှ လစ်ခဲ့ပြန်သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်လေရာ တပည့်အသစ်အများစုက သူ့ကို မသိရှိကြပေ။ သို့သော် အချို့ အကြီးတန်းတပည့်များကတော့ အတိတ်မှအကြောင်းအရာများကို လွယ်လွယ်ပင် မှတ်မိနေကြဆဲ ဖြစ်သည်။

သို့သော် တပည့်အများစု နဝမတောင်ထွတ်မှ ကျန်းလန်ကို ထူးခြားသူတစ်ယောက်ဟု မသတ်မှတ်ကြပေ။

နဝမတောင်ထွတ်မှ ရင်းမြစ်များအားလုံးကို အသုံးပြုပြီး ကျင့်ကြံခွင့်ရသည့်အတွက် အားလုံးက သူ့ကို ကံကောင်းသည်ဟု ထင်မှတ်ကြသည်။

သို့သော် ထိုမျှများပြားသည့်ရင်းမြစ်များ အသုံးပြုပြီး ကျင့်ကြံခွင့်ရသည့်တိုင် ပါရမီရှင်တစ်ယောက် မဟုတ်သောကြောင့် အချို့သူများက ကျန်းလန်ကို သနားကြသည်။

သူက လူတိုင်းကို အချိန်ပြည့် စွဲဆောင်ထားနိုင်သည့် ကျော်ကြားသူတစ်ယောက်တော့ မဟုတ်ခဲ့ပေ။

“အားလုံးက နေရာတိုင်းမှာ တိုက်ခိုက်နေကြတာပဲ… ၊ ဒီအတိုင်းဆို နဂါးမျိုးနွယ်တွေနဲ့ နတ်မိစ္ဆာတွေက ငါ့ကို သိပ်ပြီး စိတ်ဝင်စားကြတော့မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ နတ်လူသားမျိုးနွယ်တွေကတော့ ပြောရခက်တယ်…”

“လက်စသတ်တော့ ငါတက်ခဲ့တဲ့ ကောင်းကင်လှေကားက ကောင်းကင်ဧကရာဇ်ကျမ်းစာနဲ့ ဆက်စပ်နေတာကိုး… ၊ ငါက ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံနိုင်သွားမှာစိုးရိမ်လို့ နတ်လူသားမျိုးနွယ်တွေက ငါ့ကို သတ်ပစ်ချင်နေကြတာပဲ…”

အပြန်လမ်းတွင် ကျန်းလန် အတွေးများလာခဲ့သည်။

ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံမည်ဆိုလျှင် ခံစားချက်ကင်းမဲ့သူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ သို့ပေသိ ကျန်းလန်က ခံစားချက်ကင်းမဲ့သူတစ်ယောက် ဖြစ်လိုသည့်ဆန္ဒ လုံးဝမရှိခဲ့ပေ။

နတ်လူသားမျိုးနွယ်များကတော့ ကျန်းလန်၏စိတ်ထား မည်သို့ရှိသည်ကို မစဉ်းစားခဲ့ကြဘဲ သူ့ကိုသတ်ဖြတ်ပစ်ရန်သာ စိတ်စောနေခဲ့ကြသည်။

လမ်းတွင်ကြားခဲ့ရသည့် သတင်းများအရဆိုလျှင် နတ်လူသားမျိုးနွယ်များက ယခုအချိန်ထိ သူ့ကို ဇွဲနပဲဖြင့် စောင့်ကြည့်နေကြဦးမည် ဖြစ်သည်။

သူ တောင်အောက်ဆင်းချိန်တွင် သူ့ကိုစောင့်ကြည့်နေသူများကို မျှားခေါ်သွားပြီး တစ်ခါတည်း ရှင်းပစ်လိုက်သင့်သလား။ သို့မဟုတ် ထိုသူများကို ဒီအတိုင်းလွှတ်ထားလိုက်ပြီး တောင်ပေါ်မှ တိတ်တဆိတ်ဆင်းသွားသင့်သလား။

ထိုသူများကို ရှင်းပစ်လိုက်မည်ဆိုလျှင် ခွန်လွန်တောင်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို နတ်လူသားမျိုးနွယ်များထံ သတင်ပြန်ပို့ပေးမည့်သူ ရှိတော့မည် မဟုတ်ပေ။ နတ်လူသားမျိုးနွယ်များအနေဖြင့် သူ့ကို မျက်ခြေပြတ်သွားနိုင်သည်။

ဒီအတိုင်း လွှတ်ထားပေးလိုက်မည်ဆိုပါက ထိုသူများ ကျန်းလန်၏အကြောင်းများကို နတ်လူသားမျိုးနွယ်များထံ သတင်းပို့ကြပေလိမ့်မည်။

ခဏမျှစဉ်းစားပြီးနောက် ကျန်းလန် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။

သူ့ကိုစောင့်ကြည့်နေသူများကို မျှားခေါ်သွားပြီး အပြတ်ရှင်းလိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။

ရန်သူကို အပြတ်ရှင်းပစ်မှသာ မလိုလားအပ်သည့်ပြဿနာများကို ရှောင်ရှားနိုင်မည် မဟုတ်ပါလား။


Comment

Leave a Reply


Options

not work with dark mode
Reset