Switch Mode

အခန်း (၁၅၈)

အင်မော်တယ်ဖြစ်လာရန်

အခန်း (၁၅၈) အင်မော်တယ်ဖြစ်လာရန်

နဝမတောင်ထွတ်အစွန်း…

မော့ကျန်းသုန့် ကောင်းကင်ထက်သို့ မော့ကြည့်လျှက် ရှိသည်။

သူ့စိတ်ထဲတွင် အသိဉာဏ်ပွင့်သွားသော အရိပ်အမြွက်တစ်ခုကို ခံစားနေမိသည်ဟု သံသယဝင်နေမိသည်။

ထိုခံစားချက်က တဖြည်းဖြည်းပိုမိုပြင်းထန်လာသော်လည်း မည်သည့်နေရာတွင် မည်သူ ကျင့်ကြံခြင်းအဆင့်တက်သွားသည်ကို မသိမြင်နိုင် ဖြစ်နေရသည်။

မော့ကျန်းသုန့် အတွေးများ ရပ်တန့်လိုက်စဉ်မှာပင် သူ့ဆီသို့ ကျန်းလန်လာနေသည်ကို သတိပြုလိုက်မိသည်။

ကျန်းလန်က မော့ကျန်းသုန့်ရှေ့ရောက်သည်နှင့် ဦးညွှတ်ဂါရဝပြုလိုက်ရင်း…

“ဆရာ…”

ဟု နှုတ်ဆက်လိုက်၏။

ကျန်းလန်က ပြင်ပလောကသို့ ခရီးထွက်မည့်အကြောင်း ဆရာဖြစ်သူထံ လာရောက်ခွင့်တောင်းခြင်း ဖြစ်သည်။

နောက်ရက်အနည်းငယ်တွင် သူက ခွန်လွန်တောင် အခြားနေရာများသို့သွားကာ စနစ်တွင် မှတ်ပုံတင်မည် ဖြစ်သည်။

အင်မော်တယ်အဖြစ် အဆင့်တက်ရန် အထောက်အကူပြုနိုင်သည့် ပစ္စည်းကောင်းတစ်ခုခု စနစ်မှရရှိသည်နှင့် သူ ခွန်လွန်တောင်မှ ထွက်ခွာတော့မည် ဖြစ်သည်။

အခက်အခဲများစွာကို ကျော်ဖြတ်နိုင်ပြီး အင်မော်တယ်ဖြစ်ရန် စမ်းသပ်ခံရခြင်းအဆင့်ကို အောင်မြင်ပါက ကျန်းလန် သေချာပေါက် အင်မော်တယ်ဖြစ်လာတော့မည် ဖြစ်သည်။ ထိုအချက်က ကျန်းလန် ဖြစ်ချင်သည့်ဆန္ဒပင် ဖြစ်သည်။

အင်မော်တယ်ဖြစ်ရန်က ခက်ခဲလွန်းသည်ဆိုသော်ငြား ကျန်းလန်က မရှိမှုအာကာသအဆင့် အောင်မြင်ပြီး ဖြစ်လေရာ အလှမ်းဝေးသည်ဟု မဆိုသာတော့ပေ။

ထို့ကြောင့် ပြင်ပလောကသို့ထွက်ခွာပြီး စမ်းသပ်ခံရခြင်းအဆင့်ကို ဖြတ်ကျော်ရမည် ဖြစ်သည်။

အင်မော်တယ်ဖြစ်ရန် စမ်းသပ်ခံရခြင်းအဆင့်ကို နဝမတောင်ထွတ်တွင် ဖြတ်ကျော်မည်ဆိုပါက ပြဿနာအကြီးအကျယ်တက်နိုင်ပေသည်။

အင်မော်တယ်အဖြစ် အဆင့်တက်ရန် စမ်းသပ်ခံရစဉ်တွင် ရင်ဆိုင်ရမည့် ဘေးအန္တရယ်များကို နိုင်နင်းစွာ မထိန်းသိမ်းနိုင်ပါက ကျန်းလန် အင်မော်တယ်အဖြစ် အဆင့်တက်ခြင်းကို ခွန်လွန်တောင်တစ်ခုလုံး သိရှိသွားမည် ဖြစ်သည်။

ထိုအချက်က အလွန်ကြီးမားသည့် ပြဿနာကြီး ဖြစ်၏။

ထို့ကြောင့် အင်မော်တယ်အဖြစ်အဆင့်တက်ရန် အစမ်းသပ်ခံရခြင်းကို ဖြတ်ကျော်ရန်အတွက် ပြင်ပလောကသို့ ထွက်ခွာသည်က အသင့်တော်ဆုံး ဖြစ်သည်။

ကျန်းလန် စာကြည့်တိုက်ထဲမှ မြေပုံတစ်ခု ရရှိထားသည်။ ထိုမြေပုံကိုလေ့လာပြီး မည်သည့်နေရာသို့ သွားရမည်ကို ဆုံးဖြတ်ရမည် ဖြစ်၏။

ပြင်ပလောကတွင် သူ ရှောင်ရှားရမည့် နေရာအချို့ ရှိသည်။

နတ်လူသားမျိုးနွယ်များ နေထိုင်ရာနေရာကို ရှောင်ရှားရမည်ဖြစ်သလို နဂါးမျိုးနွယ်များကျက်စားနေထိုင်ရာ ပင်လယ် (၄)ခုသို့လည်း သွား၍ မဖြစ်ပေ။

ပျက်သုန်းတစပြင်လောကကြီးက အလွန်မှ ကြီးမားကျယ်ပြန့်လွန်းလေရာ ထိုအုပ်စုများ နေထိုင်ရာအရပ်သို့ သွားရောက်လျှင်လည်း ရန်သူနှင့်ဆုံတွေ့ရန်မှာ မဖြစ်နိုင်သလောက် နည်းပါးသည်။

သို့သော် ထိုနေရာများသို့ မသွားရောက်ခြင်းက သူ့အတွက် အန္တရယ်အကင်းဆုံး ဖြစ်ပေလိမ့်မည်။ အင်မော်တယ်ဖြစ်ရန် စမ်းသပ်ခံရခြင်းအဆင့်က အလွန်အန္တရယ်များသလို အရေးလည်းကြီးသည် မဟုတ်ပါလား။

မော့ကျန်းသုန့်က ကျန်းလန်ကိုကြည့်လိုက်ရင်း…

“မင်း တောင်ပေါ်က မဆင်းတာ ဘယ်လောက်တောင်ကြာနေပြီလဲ…”

သူ့တပည့်လေးက အစကတည်းက နဝမတောင်ထွတ်မှ တစ်ဖဝါးမှခွာသူ မဟုတ်ပေ။ ယခုဆိုလျှင် တောင်အောက်သို့ မဆင်းသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။

ယခင်ကဆိုလျှင် နှစ်အနည်းငယ်ကြာလျှင် တစ်ကြိမ်ခန့် ကျန်းလန်က ဟိုဟိုဒီဒီ သွားရောက်လေ့ ရှိသည်။

သို့သော် ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ နှစ်ပေါင်း (၂၀) သို့မဟုတ် နှစ်ပေါင်း (၃၀) မှ တစ်ကြိမ် ၊ တစ်ခါတစ်ရံ နှစ်ပေါင်း (၅၀) ကြာမှ တစ်ကြိမ်ခန့်သာ တောင်အောက်သို့ ဆင်းလေ့ ရှိတော့သည်။

ခွန်လွန်တောင်တစ်ခုလုံးတွင် ကျန်းလန်လောက် တစ်ယောက်တည်း ဂူအောင်းကျင့်ကြံနိုင်သူ ရှိတော့မည်မထင်ပေ။

ယခင်ကတော့ ကျန်းလန်ကို ပြင်ပလောကသို့ ထွက်ခွာရန် မော့ကျန်းသုန့် အနည်းငယ် တိုက်တွန်းကြည့်ဖူးသည်။ သို့သော် နဂါးမင်းသမီးလေးနှင့် စေ့စပ်ပြီးနောက်ပိုင်း တပည့်ဖြစ်သူ ပြင်ပသို့ ထွက်ခွာရန် မတိုက်တွန်းတော့ပေ။

စေ့စပ်ပွဲကိစ္စက ကျန်းလန်ကို အတော်လေး ဂယက်ရိုက်မည်ဖြစ်လေရာ ဆယ်စုနှစ်အနည်းငယ်ခန့် တောင်ပေါ်တွင်နေထိုင်ခြင်းက မလိုအပ်သည့် ပြဿနာများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

ကျန်းလန်က…

“နှစ်ပေါင်း (၅၀)လောက်တော့ ရှိပြီထင်တယ်…”

မော့ကျန်းသုန့်က…

“ဘယ်တော့လောက် ပြင်ပလောကကို သွားပြီး အတွေ့အကြုံယူမယ်လို့ စဉ်းစားထားလဲ…”

မေးသာမေးလိုက်ရသည် မော့ကျန်းသုန့် သိပ်မမျှော်လင့်မိပေ။

ကျန်းလန်ကို ပြင်ပလောကသို့ သွားခိုင်းရသည်မှာ အတော်မလွယ်သည့်ကိစ္စတစ်ခု ဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ကျန်းလန်ကို ပြင်ပြလောကတွင် အတွေ့အကြုံရှာရန် သူ တဖွဖွ ပြောခဲ့သည်။  သို့သော် မည်သို့သော ခရီးစဉ်များ ၊ မည်သို့သော စုဝေးပွဲများဖြစ်ပါစေ ကျန်းလန်က တွင်တွင်ငြင်းစမြဲပင် ဖြစ်သည်။

ကျန်းလန် အဝေးဆုံးသွားဖူးသည့်နေရာဆို၍ ရေခဲပုဇဉ်းရင်ကွဲတောအုပ်သာရှိသည်။

ကျန်းလန်က ဆရာဖြစ်သူကို လေးနက်စွာဖြင့် ကြည့်လိုက်ရင်း…

“ကျွန်တော် ဒီနေ့ အဲဒီအကြောင်း ခွင့်တောင်းဖို့ ဆရာ့ဆီ လာခဲ့တာပါ…”

ခဏနားပြီးမှ ကျန်းလန်က ဆက်ပြောသည်။

“ကျွန်တော် တောင်အောက်ဆင်းပြီး အတွေ့အကြုံယူဖို့အတွက် ခရီးရှည်ထွက်ချင်လို့ပါ…”

“ဟေ…”

ကျန်းလန်စကားကြောင့် မော့ကျန်းသုန့် အံ့သြမှင်တက်သွားပြီး မယုံကြည်နိုင်စွာဖြင့် ကျန်းလန်ကို ကြည့်လိုက်သည်။

တောင်အောက်ဆင်းရန်ပင် အမြဲတမ်း ငြင်းဆန်လေ့ရှိသော တပည့်ဖြစ်သူက ယခုတော့ ရုတ်တရက်ကြီး ပြင်ပလောကသို့ ခရီးရှည်ထွက်ချင်သည်တဲ့…။

ကျန်းလန်၏စကားများက မော့ကျန်းသုန့်နားထဲတွင် ကျင့်သားမရဘဲ ထူးဆန်းလျှက် ရှိသည်။

သို့သော် သူ့ရင်ထဲတွင် ခံစားနေရသည့် ခံစားချက်များ ရှင်းလင်းသွားသောကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွးသည်။

မော့ကျန်းသုန့်က…

“မင်းက ခရီးရှည်ထွက်မှာလား…”

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်… ခရီးရှည်ထွက်မှာပါ…”

မော့ကျန်းသုန့်က…

“အင်း… မင်းက ခရီးရှည်ထွက်ဖို့ စီစဉ်ထားတယ်ဆိုရင်တော့… ဒီဆရာက လက်ဆောင်တစ်ခု ပေးလိုက်ချင်တယ်…”

“လက်ဆောင်… ဟုတ်လား…”

ဆရာဖြစ်သူက လက်ဆောင်ပေးမည်ဆိုသည်နှင့် ရေသဖန်းပင်လေးနှင့် သားရဲဥလေးကို ကျန်းလန် ပြေးမြင်မိသည်။ သူ့ဆရာပေးသည့် လက်ဆောင်များက မည်သည့်အခါမှ ပုံမှန်မဟုတ်တတ်ပေ။

မော့ကျန်းသုန့်က ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…

“အင်းလေ… လက်ဆောင်တစ်ခုလောက်ပေါ့…”

ခဏနားပြီးမှ မော့ကျန်းသုန့်က ဆက်ပြောသည်။

“တကယ်တော့… မင်း နဝမတောင်ထွတ်ရဲ့ ဆက်ခံသူတပည့်ဖြစ်လာတဲ့နေ့ကတည်းက ဒီလက်ဆောင်ကိုပေးဖို့ ပြင်ဆင်ထားခဲ့တာ…”

ကျန်းလန် အံ့အားသင့်သွားသည်။

ဆရာဖြစ်သူက သူ့အတွက် လက်ဆောင်ကို လွန်ခဲ့သည့်နှစ်ပေါင်း တစ်ရာကျော်ကတည်းက ပြင်ဆင်ထားခဲ့သည်လား…။

ထိုသို့ဆိုလျှင် မည်သို့သောလက်ဆောင်ဖြစ်ပါသနည်း။ ကျန်းလန် ခန့်မှန်းမရနိုင် ဖြစ်ရချေသည်။

ထို့ကြောင့် သူ မေးမြန်းရန်ဟန်ပြင်လိုက်စဉ်မှာပင် ဆရာဖြစ်သူက လက်တစ်ဖက်ကို အသာမြှောက်လိုက်သည်။

ဆရာဖြစ်သူ၏ ခန္ဓာကိုယ်မှ ရောင်စဉ် (၇)မျိုး သက်တံ့ရောင်အလင်းတန်းများ တောက်ပလာပြီး ချက်ချင်းပင် တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ထိုတန်ခိုးစွမ်းအားက ကျန်းလန်နှင့် ရင်းနှီးပြီးသားဖြစ်သည့် သက်တံ့တိမ်တိုက် တန်ခိုးစွမ်းအားပင် ဖြစ်သည်။

“အစကတည်းက အင်မော်တယ်ဖြစ်ဖို့ဆိုတာ မင်းအတွက် မလွယ်ကူမှန်း ဆရာ သိထားပါတယ်… ၊ ဒါပေမဲ့ အင်မော်တယ်ဖြစ်ဖို့ မလွယ်ကူတိုင်းလည်း အင်မော်တယ် မဖြစ်နိုင်ဘူးလို့ မဆိုလိုဘူးလေ…”

စကားဆုံးသွားသည်နှင့် မော့ကျန်းသုန့်၏ လက်ညှိုးနှင့်လက်ခလယ်တို့က ကျန်းလန်၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လာသည်။

“မင်း အင်မော်တယ်ဖြစ်မလာဘူးဆိုရင်… ဒီဆရာရဲ့ သင်ပြပေးမှု ညံ့ဖျင်းလို့ပါပဲ… ၊ မင်း ကျင့်ကြံခြင်းအဆင့် တစ်ဆင့်တက်တိုင်း… မင်းရဲ့ဆရာဖြစ်တဲ့ကျုပ်က တိကျသေချာတဲ့ သင်ပြပေးမှုတွေကို မင်းအတွက် အမြဲတမ်းပြင်ဆင်ပေးထားခဲ့ပါတယ်… ၊ ဒီတော့ မင်းဟာ  သေချာပေါက် ချွင်းချက်မရှိ အင်မော်တယ် ဖြစ်လာရမယ်…”

မော့ကျန်းသုန့်၏အသံက ဆက်လက်ထွက်ပေါ်လာ၏။

“ဒီလက်ဆောင်က မင်းအတွက် ဆရာ ပထမဆုံး ပြင်ဆင်ပေးထားခဲ့တဲ့ လက်ဆောင်ပါ… ၊ အစကတော့ မင်း မရှိမှုအာကာသအဆင့်အောင်မြင်သွားမှ ဒီလက်ဆောင်ကိုပေးမလို့ပဲ… ၊ ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာ မင်းကို ဒီလက်ဆောင်ပေးလိုက်တာ အသင့်တော်ဆုံးပဲလို့ စိတ်ထဲမှာ ခံစားနေရတယ်…”

ထိုစဉ်မှာပင် ကောင်းကင်ထက်မှ သက်တံ့ရောင်တိမ်တိုက်တစ်ခု ဆင်းသက်လာပြီး ကျန်းလန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ဝန်းရံသွားသည်။

ကျန်းလန်ကတော့ အဖြစ်အပျက်များအားလုံးကို အံ့သြဆွံ့အစွာဖြင့် ငေးကြည့်နေမိသည်။

မော့ကျန်းသုန့်၏စကားသံက ထပ်မံထွက်ပေါ်လာပြန်၏။

“မင်းက ခရီးရှည်ထွက်ဖို့ ပြင်ဆင်ထားတယ်… ၊ ဒီခရီးဟာ မင်းအတွက် အရေးပါတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်ဆိုတာ ယုံကြည်တယ်… ၊ ဒီတော့ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ဖို့ အမြဲသတိရပါ… ၊ ဆရာကတော့ မင်းကို နည်းနည်းလောက် ကံတက်လာအောင်ပဲ ကူညီပေးနိုင်တယ်…”

“ဒီ နှစ်ပေါင်းတစ်ထောင်ကျော်စုဆောင်းထားတဲ့ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားက မင်း အင်မော်တယ်တစ်ပါး ဖြစ်လာဖို့အတွက် အထောက်အကူပြုမယ်လို့ ဆရာ မျှော်လင့်ပါတယ်…”

မော့ကျန်းသုန့်၏ စကားသံများ အဆုံးသတ်သွားသည်နှင့် နဝမတောင်ထွတ်တစ်ခုလုံး သက်တံ့ရောင်တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားလေသည်။

ကံကောင်းစေသည့် ရောင်စုံတိမ်တိုက်များသည် ကျန်းလန်ရှိရာသို့ လှိုင်းလုံးများသဖွယ် အဆက်မပြတ် လွင့်ပျံဝင်ရောက်လာသည်။

သက်တံ့တိမ်တိုက်များက ပကတိအရှိတရားအဖြစ် ပြောင်းလဲသွားပြီး ကျန်းလန်၏ ကံကြမ္မာကို မြှင့်တင်ပေးလိုက်သည်။

သူ၏ကံကြမ္မာတစ်ခုလုံး ပြောင်းလဲသွားပြီဖြစ်ကြောင်း ကျန်းလန် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ယခုဆိုလျှင် သူ့ဘဝတွင် အဆုံးမဲ့ ဖြစ်နိုင်ချေများ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

သက်တံ့တိမ်တိုက်များ ကျန်းလန်၏ ခန္ဓာကိုယ်ပေါ်သို့ စုရုံးဝင်ရောက်လာစဉ်မှာပင် မော့ကျန်းသုန့်၏ သက်တံ့တိမ်တိုက် နတ်တန်ခိုးစွမ်းအား စတင်အက်ကွဲသွားကြောင်း ကျန်းလန် သတိပြုလိုက်မိသည်။

သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို အချိန်ကြာမြင့်စွာ အသုံးမပြုဘဲ စုဆောင်းထားခဲ့ပြီး ယခုမှ တန်ခိုးစွမ်းအား အကုန်လုံးကို ထုတ်ဖော်အသုံးပြုလိုက်သောကြောင့် တန်ခိုးစွမ်းအား ပျက်စီးသွားရခြင်း ဖြစ်သည်။

မော့ကျန်းသုန့်က သူ နှစ်ပေါင်းတစ်ထောင်ကျော် စုဆောင်းထားခဲ့သည့် သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားများကို ကျန်းလန်အတွက် အသုံးပြုခဲ့လေသည်။

ထို့ကြောင့် သူ၏ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား ပျက်စီးသွားခဲ့ရပြီး နောက်တစ်ကြိမ် ဘယ်တော့မှ ထိုတန်ခိုးစွမ်းအားကို အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

ယနေ့ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို အသုံးပြုခြင်းသည် မော့ကျန်းသုန့်အတွက် နောက်ဆုံး အသုံးပြုခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် ဆရာဖြစ်သူက သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို နှစ်ပေါင်းတစ်ထောင်ကျော်ကြာအောင် စုဆောင်းထားခြင်းမှာ သူ့အတွက်သီးသန့်တော့ ဟုတ်ဟန်မတူဟု ကျန်းလန် တွေးလိုက်သည်။

သူ နဝမတောင်ထွတ်မှ တပည့်ဖြစ်လာသည်မှာ နှစ်ပေါင်း (၂၀၀) ခန့်သာ ရှိသေးသည် မဟုတ်ပါလား။

သို့ရာတွင် ဆရာဖြစ်သူက တစ်စုံတစ်ခု စိတ်ပြောင်းလဲသွားပြီး သူ့အပေါ်တွင် ထိုတန်ခိုးစွမ်းအားကို အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ဟန်တူသည်။

ကျန်းလန်က ပါရမီရှင်တစ်ယောက် မဟုတ်လေရာ အင်မော်တယ်ဖြစ်ရန် အလွန်ခက်ခဲသူတစ်ယောက် ဖြစ်သည်။

ယခု ဆရာဖြစ်သူက နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို ကျန်းလန်အပေါ်တွင် အသုံးပြုခဲ့သောကြောင့် အင်မော်တယ်ဖြစ်ရန် ပိုမိုလွယ်ကူသွားပြီ ဖြစ်သည်။

ဆရာဖြစ်သူက သူ အင်မော်တယ် ဖြစ်လာရန်အတွက် ဤနည်းလမ်းကို အသုံးပြုမည်ဟု အစကတည်းက စဉ်းစားထားပြီးသား ဖြစ်ဟန်တူ၏။

ယခု ရင်ထဲမှ ခံစားချက်တစ်စုံတစ်ရာကြောင့် ဆရာဖြစ်သူက နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို အချိန်စောပြီး သူ့ကို ပေးအပ်ခဲ့ခြင်း ဖြစ်ဟန်တူသည်။

အမှန်တော့ အချိန်မစောခဲ့ပေ။

မည်သူမှ မသိရှိသည့်တိုင် သူက မရှိမှုအာကာသအဆင့် အောင်မြင်နေခဲ့ပြီ ဖြစ်သည်။

သူလိုအပ်သည်က အင်မော်တယ်အဖြစ် အဆင့်တက်ရန် အခွင့်အလမ်းကောင်းတစ်ခုသာ လိုအပ်နေခြင်း ဖြစ်၏။

သက်တံ့တိမ်တိုက်များ သူ့ထံသို့ စုရုံးဝင်ရောက်လာသည်ကို ကြည့်နေရင်း ကျန်းလန်၏ ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလာရသည်။

ထိုခံစားချက်က ပုံမှန်မဟုတ်စွာ ပြင်းထန်လွန်းလှသည်။

သက်တံ့တိမ်တိုက်များ တဖြည်းဖြည်း ပျောက်ကွယ်အဆုံးသတ်သွားချိန်တွင်…

ဘာကြောင့်မှန်းမသိ ကျန်းလန် ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီး မော့ကျန်းသုန့်ရှေ့တွင် ချက်ချင်း ဒူးထောက်ချလိုက်သည်။

“ငါ ဒီနေရာမှာပဲ ကျိန်ဆိုကတိပြုတယ်… ၊ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို ဒီနေ့ကစပြီး လုံး၀ အသုံးမပြုတော့ဘဲစုဆောင်းထားပြီး နောင်နှစ်ပေါင်းတစ်ထောင်ကြာတဲ့အချိန်မှာ ဆရာ့ကို ပြန်ပြီး ပေးအပ်မယ်…”

ကျန်းလန် စိတ်ထဲမှ သစ္စာကတည်ပြုလိုက်ပြီး နဖူးဖြင့် မြေပြင်သို့ ထိကာ ဆရာဖြစ်သူကို ဂါရဝပြုလိုက်သည်။

တစ်ချိန်တည်းမှာပင် ဆရာဖြစ်သူ၏ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားသည်လည်း လုံး၀ ပျက်စီးသွားပြီဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။

ယခုဆိုလျှင် ခွန်လွန်တောင်တွင် သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို အသုံးပြုနိုင်သူဆို၍ ကျန်းလန်တစ်ယောက်သာ ရှိတော့သည်။

သူက သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို နှစ်ပေါင်းတစ်ထောင်ကြာအောင် အသုံးမပြုဘဲ စုဆောင်းထားပြီး ဆရာဖြစ်သူအပေါ်တွင် ပြန်လည်အသုံးပြုပေးရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

မော့ကျန်းသုန့်က သူ့လက်ကို အသာပြန်ရုတ်သိမ်းလိုက်ပြီး ကျန်းလန်ကိုကြည့်ရင်း ပြုံးလိုက်သည်။

“ဆက်ခံသူတပည့်အဖြစ် သတ်မှတ်တဲ့နေ့တုန်းက မင်း ဆရာ့ကို ဂါရဝပြုပြီးပြီလေ… ၊ အခုက ဘာလုပ်ရတာလဲ…”

ကျန်းလန်က…

“ကျွန်တော် ခရီးမထွက်ခင် ဆရာ့ကို ဂါရဝပြုတာပါ…”

ကျန်းလန်၏အသံက အရင်လို တည်ငြိမ်ခြင်းမရှိဘဲ ခံစားချက်များဖြင့် လှုပ်ခတ်လျှက် ရှိသည်။

…………………

အဋ္ဌမတောင်ထွတ်…

နဝမတောင်ထွတ်တစ်ခုလုံး သက်တံ့တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားသည့်မြင်ကွင်းကို ကျိုးကျုန်းထျန်း ကြည့်နေလေသည်။

ထို့နောက် သူ စိတ်ထဲမှ ကြိတ်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

“မင်း ဒီအတိုင်းပဲ လက်လျှော့လိုက်ပြီလားကွာ… ၊ မင်းတပည့် အင်မော်တယ်ဖြစ်လာဖို့က မင်းကိုယ်တိုင်ထက် ပိုအရေးကြီးသတဲ့လား… ၊ အခုတော့ နှစ်ပေါင်းတစ်ထောင်ကြာအောင် စောင့်ခဲ့ရတာတွေက အလကား ဖြစ်ရပြီ…”

ထို့နောက် ကျိုးကျုန်းထျန်းက လက်ထဲမှ သေရည်အိုးကိုကိုင်မြှောက်ပြီး သေရည်တစ်ငုံသောက်လိုက်သည်။

သို့သော် သေရည်တစ်ငုံက သူ့ရင်ထဲမှ စိတ်ပျက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းများကို အနည်းငယ်မျှပင် လျော့ပါးမသွားစေခဲ့ပေ။

ထို့နာက် သေရည်အိုးကို ဘေးသို့ ပစ်ချလိုက်ပြီး ကျိုးကျုန်းထျန်းတစ်ယောက် တောင်အောက်သို့ ဆင်းသွားလေတော့သည်။

သူနှင့်အတူ သေရည်သောက်မည့် အဖော်တစ်ယောက်ကို ရှာဖွေပြီး မူးအောင်သောက်ရပေလိမ့်မည်။

“မင်း နောင်တမရပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်… ၊ မင်းတပည့်က မင်းပေးဆပ်တာတွေနဲ့ ထိုက်တန်တဲ့သူဖြစ်ပါစေလို့ ကျုပ် ဆုတောင်းပါတယ်…”

မော့ကျန်းသုန့်၏ အနစ်နာခံသော ရွေးခြယ်မှုကို သူ လေးစားမိပါ၏။

သို့သော် ထိုလုပ်ရပ်ကို တားဆီးနိုင်ရန် အခွင့်အရေး ရခဲ့မည်ဆိုလျှင် သူ သေချာပေါက် တားဆီးမိမည် ဖြစ်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset