မြင်းဖြူလေးတစ်ကောင် နံရံတစ်ခုကို လှစ်ခနဲ ဖြတ်ကျော်သွားသလိုပင် ပိုင်ရှောင်ချန်းအတွက် ဖင်လှည့်ခေါင်းလှည့်ဖြင့် နောက်ထပ်တစ်လ ကုန်လွန်ခဲ့ပြန်ပြီ။ ကောင်းကင်တံတားမြစ်ဘက်မှ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဆီသို့ လေစိမ်းများပင်လျှင် ဖြတ်သန်းတိုက်ခတ်ချိန်ရောက်နေပြီ။ ဂိုဏ်းသို့ ရောက်နေသည်မှာ တစ်နှစ်ပြည့်သွားပြီ ဖြစ်ကြောင်း ရှောင်ချန်း သတိပြုမိလာသည်။
ပြီးခဲ့သောနှစ်သည် အတွေ့အကြုံအသစ်များနှင့် ပြည့်နှက်နေလေသည်။ သူသည် အင်မော်တယ်တစ်ယောက်ဖြစ်အောင် ကျင့်ကြံရန် ရွာမှထွက်လာခဲ့သည်။ ခုတော့ ချီစုစည်းမှု အဆင့်သုံးကိုပင် ရောက်ရှိနေပြီ။ စားဖိုဆောင်နှင့် ပတ်သက်မိသဖြင့်လည်း ရန်ငြှိုးရန်စများ အထားခံခဲ့ရသေးသည်။
ရှောင်ချန်းက ရွှီပေါက်ချိုင်ကို ပညာပေးလိုက်သည့်နေ့မှစ၍ စားဖိုဆောင်နားတွင် အရိပ်အယောင်မျှ မတွေ့ရတော့ချေ။ ရွှီပေါက်ချိုင်သည် ရှောင်ချန်းကို အဝေးမှ မြင်လိုက်ရလျှင်ပင် ကြောက်အားလန့်အားဖြင့် ထွက်ပြေးလေသည်။
ထိုကိစ္စများ ဖြစ်ပွားပြီးသည်မှာ တစ်လမျှ ကြာနေပြီဖြစ်သော်လည်း ရှောင်ချန်းမှာ စိုးရိမ်ပူပန်မှုများနှင့် သက်ပြင်းတချချရှိနေသည်။ ဖက်တီးကျန်းကြီးနှင့် အခြားအကိုများကိုလည်း ထုတ်မပြောပြဘဲ တစ်ယောက်တည်း ခိုကိုးရာမဲ့ဘ၀တွင် ပျော်မွေ့နေပြန်သည်။
“ တစ်နှစ်အသက်ရှည်ခြင်း ”
သစ်ပင်ကို ကြည့်ရင်း သူတွေးနေသည်။ အရွက်တွေတောင် အဝါရောင် သမ်းပြီး မြေပေါ်ကြွေကျကုန်ပြီ။
“ငါလည်း ဒီသစ်ပင်လိုပဲ။ ရွက်ကြွေတွေဟာ ငါ့ရဲ့အသက်တိုသွားတဲ့ တစ်နှစ်တာ အချိန်တွေပေါ့။”
သူအပြင်းအထန်ကြိုးစားလေ့ကျင့်ခဲ့သည့် အချိန်တွေကို အောက်မေ့တသ လွမ်းမောလာ
ပြန်သည်။
လွန်ခဲ့သော တစ်လလုံးတွင် ဆုံးရှုံးသွားသော တစ်နှစ်စာအသက်ကို ဘယ်လို ပြန်ရအောင် လုပ်ရမလဲဟု အထပ်ထပ် အခါခါ စဉ်းစားနေသည်။ ထိုဆံပင်သည် အဖြူရောင် အတိုင်း ခုချိန်ထိရှိနေသေးသည်။ အသက် ပြန်ရှည်အောင်လုပ်ရမည့် နည်းလမ်းကို ဖက်တီးကျန်းဆီကနေ အစ်အောက်ထုတ်သော်လည်း ထိုအရာများသည် ထိပ်တန်း လျှို့၀ှက်ချက်များ ဖြစ်ရာ ဒဏ္ဍာရီလာဖီးနစ်ငှက်မွှေးတို့၊ ဦးချိုတစ်ဖက်နှင့်မြင်းတို့ကို ရှာရသည်ကပင် ပို၍ လွယ်ပေလိမ့်ဦးမည်။
မကြာခင်မှာပဲ သူသည် မစားနိုင် မသောက်နိုင်ဖြစ်ကာ လူမမာကဲ့သို့ ဖြူဖျော့လာသည်။ နောက်ဆုံးတော့ အသက်တစ်နှစ်တိုသွားပြီ ဆိုသော အချက်ကို လက်ခံလိုက်ရုံမှလွဲပြီး ရွေးခြယ်စရာ မရှိချေ။ သို့သော်လည်း တစ်နေ့တွင် စားဖိုဆောင်အတွက် လိုအပ်သည်များကို သွား၀ယ်သောအခါ တတိယတောင်ထိပ်၌ ကြီးမားလှသော ကျောက်တိုင်ကြီး ကို တွေ့လိုက်ရသဖြင့် အသက်ရှုပင် မှားသွားလေသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ဘက်ခြမ်းရှိ တောင်ထိပ်တိုင်းတွင် ထိုကဲ့သို့သော ကျောက်တိုင်များ တည်ရှိသည်။ ထိုကျောက်တိုင်ကြီးများတွင် တလက်လက်တောက်ပနေသော စာများ၊ စည်းမျဉ်းများနှင့် ပြည့်နှက်နေသည်။ တချို့နေရာများတွင် ရေတိုက်စားခံရသောကြောင့် ပျက်နေသော စာများကို အသစ်ပြန်ရေးထားသည်။
ထိုကျောက်တုံးကြီးတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အောင်မြင်အောင် လုပ်ရမည့် လုပ်ငန်းစဉ်များကို ရေးထားသည်။ ထိုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးသော သူတို့သည် အင်မော်တယ်ကျင့်စဉ်အတွက် လိုအပ်သော ၀ိညာဉ်ကျောက်တုံးများကို ဆုလာဘ်အဖြစ် ရမည့်အပြင် စွမ်းဆောင်မှုရမှတ် များလည်း ရဦးမည် ဖြစ်သည်။
စွမ်းဆောင်မှူရမှတ် များကို ကျမ်းစာဆောင် သို့မဟုတ် မှော်ပညာဆောင် ကဲ့သို့သော နေရာများအတွင်း ၀င်ခွင့်အဖြစ် သုံးနိုင်သည်။ ထို့ပြင် ဂိုဏ်းအနှံ့မှာရှိသည့် အထူးကန့်သတ်ထားသော နေရာများအပြင် ကျင့်ကြံခြင်းဆိုင်ရာကဏ္ဍတချို့ကို ၀င်ရန်အတွက်လည်း သုံးနိုင်သေးသည်။ စင်စစ် ဂိုဏ်းထဲက အရာအားလုံးကို စွမ်းဆောင်မှုရမှတ်များနှင့် လဲလှယ်နိုင်ပြီး ၀ိညာဉ်ကျောက်တုံးများထက်ပင် တန်ဖိုးရှိသည်ဟု ဆိုနိုင်လေသည်။
ကျောက်တုံးကြီးတွင် အပြင်စည်းဂိုဏ်း စည်းကမ်းများကိုလည်း အတော်အသင့်ဖော်ပြထားသည် ဖြစ်၍ ငေးကြည့်နေမိသည်။ တစ်စုံတစ်ယောက်က လုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက်တော့မည်ဟု တာ၀န်ယူလိုက်ပြီ ဆိုလျှင် ကျောက်တိုင်အောက်ဝယ် တင်ပျဥ်ခွေလျက် ထိုင်နေသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူထံတွင် လေးစားစွာ ရေးထိုးမှတ်တမ်းတင်ရသည်။
အပြင်စည်းဂိုဏ်းသားများသည် အစိမ်းရောင် အပြင်စည်းဂိုဏ်း ၀တ်ရုံများကိုသာ ၀တ်ဆင်ပြီး မိုးတိမ်တောင်ပုံစံများ၊ မြစ်ပုံစံများကို ချည်ထိုးပန်းထိုးများနှင့်ပင် ထိုးထားသည်ဖြစ်ရာ ကြည့်လိုက်ရုံမျှနှင့် ဘယ်သူဘယ်ဝါ ဟူ၍ပင် တန်းသိနိုင်လေသည်။ သို့ပင်လျှင် အချို့သော ဂိုဏ်းသားများမှာမူ ရောရောထွေးထွေးပင် ရှိနေသေးသည်။
အတွင်းစည်းဂိုဏ်းသားများသာ လုပ်ဆောင်နိုင်သော လုပ်ငန်းစဥ်များလည်း ရှိသေးသည်။ ထိုလုပ်ငန်းစဉ်များကိုမူ အပြင်စည်းဂိုဏ်းလုပ်ငန်းစဉ်များ ကဲ့သို့ ကျောက်တိုင်ပေါ်တွင် ရေးထိုးထားခြင်း မရှိပေ။
ရည်မှန်းချက်ကြီးသော ဂိုဏ်းသားများသည် ထိုနေရာ၌ နဂါးတံခါး၀ကိုခုန်ကျော်နိုင်သော ငါးဖြစ်နိုင်ရန် ခမ်းနားကြီးကျယ်သောအောင်မြင်မှုတွေကို ရယူခြင်းဖြင့် ပထမခြေလှမ်းကို စတင်ကြသည်။
ရှောင်ချန်း တစ်ချိန်လုံး ရပ်နေသည့်နေရာမှာ အမွှေးတိုင်ထွန်းသည့်နေရာ ဖြစ်ပြီး ကျောက်တိုင် အလယ်မှာ ရေးထားသော စာသားကို မျက်မှောင်ကြုတ်ကာ ဖတ်လိုက်သည်။ နောက်ဆုံးတွင် သူ့မျက်လုံးထဲတွင် ဝေခွဲမရဟန် ပေါ်လာလေသည်။
“ အသက်ဆက်ဆေး ”
ဟု ရှောင်ချန်းသည် တတွတ်တွတ် ရွတ်နေသည်။ ထိုကဲ့သို့သော ကျောက်တိုင်မှ ခုလိုမျိုး ဆေးလုံးကို ဆုအဖြစ်ပေးလိမ့်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးပေ။ ဆေးလုံး၏ နာမည်အရတော့ ထိုဆေးလုံးသည် အသက်ရှည်ဆေးဖြစ်သည်ဟု ဆိုသည်။ ခဏလောက် တွေးပြီးသည့်နောက် သက်လတ်ပိုင်းအရွယ်လူ၏အနားသို့ ချဉ်းကပ်လိုက်သည်။
အပြင်စည်းဂိုဏ်းသားများသည် ရှောင်ချန်း ရှေ့သို့ တိုးလာသည်ကို သိသော်လည်း ဂရုမျှပင် မစိုက်ချေ။ မိမိတို့ အဆင့်ထက် နိမ့်ကျသူများကို အဖက်လည်းမလုပ်သည့်အပြင် အထင်လည်းသေးကြသည်။
ရှောင်ချန်းသည် သက်လတ်ပိုင်းအရွယ်လူ၏ အနီးတွင် လူပါးသွားသည်အထိ ခဏမျှစောင့်လိုက်ပြီး သူ၏မူပိုင် အပြစ်ကင်းပြီး နှစ်လိုဖွယ်မျက်နှာထားကို တတ်နိုင်သမျှ လုပ်ယူလိုက်ပြန်သည်။ ထို့နောက် ထိုလူကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
“သာယာတဲ့ နေ့လည်ခင်းလေးပဲနော် အကိုကြီး” သူကပြောသည်။
သက်လတ်ပိုင်းအရွယ်လူသည် ရှောင်ချန်းကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အသာအယာ ခေါင်းငြိမ့်ပြသည်။ ရှောင်ချန်းသည် သူ့အသက်တစ်နှစ်တိုသွားသည့် ပြဿနာနှင့် ပတ်သက်ပြီး ဝေ့လည်ကြောင်ပတ်မေးသည်။
“အကိုကြီး…သူခိုင်းတဲ့ ဆေးပင်တွေကို ရှာတွေ့ရင် အသက်ဆက်ဆေး ကို ဆုအဖြစ်ပေးမယ်ဆိုတော့လေ…ကျွန်တော်သိချင်တာက အဲ့ဆေးနာမည်အတိုင်း တကယ် အသက်ရှည်မှာလားလို့…ဟဲဟဲ… ”
“ အသက်ဆက်ဆေး…အင်း ဟုတ်တယ်လေ။ ဒီကလူတွေ အားလုံးလိုချင်နေကြတာပေါ့။ တကယ်ပဲ အဲ့ဆေးက အသက်ရှည်စေတာကိုး။ အသက်တစ်နှစ်ထပ်ပေါင်း ပေးလိုက်တာပေါ့ကွာ။ ဒါပေမယ့် သူ့မှာ သတ်မှတ်ချက်တွေရှိတယ်။ ဆေးလုံးက ချီစုစည်းမှု အဆင့်ငါးနဲ့ အဲ့အောက်အဆင့်ရှိတဲ့သူတွေ သောက်မှပဲ ဆေးစွမ်းပြတာ။ ပြီးတော့ ဆေးလုံးကို ဘယ်နှစ်လုံးပဲ သောက်သောက် တစ်ခါပဲ အာနိသင်ပြတာ။ အဲ့ဆေးက အဖိုးတန်တယ်လို့တော့ ပြောလို့ရပါတယ်…ဒါပေမယ့် တစ်နှစ်တည်း အသက်ရှည်မှာဆိုတော့ သိပ်တော့ မပြောပလောက်ပါဘူး။”
သက်လတ်ပိုင်းအရွယ်လူသည် ရှောင်ချန်းကို ကြည့်ရသည်မှာ တော်တော် ချစ်စရာကောင်းနေသဖြင့် အချက်အလက်များကို နည်းနည်းလောက် ထပ်ပြောပြလိုက်ရန် ဆုံးဖြတ်လိုက်သည်။
“ခါတိုင်းကတော့ ဂိုဏ်းသားတွေက သူတို့ရဲ့သေကာနီး သေမျိုးကမ္ဘာက မိသားစု၀င်တွေကို ပေးလေ့ရှိကြတာကွ။ ဒါပေမယ့်လည်း ဆေးလုံးက အဖိုးတန်နေတုန်းပါပဲ။ သည်တာ၀န်ကို မင်းလုပ်မလို့လား”
ရှောင်ချန်းသည် ကျောက်တိုင်ကို ကြည့်ရင်း အကျိုးအမြတ်ကို တွက်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူသည် လက်တွေကို ဝှေ့ရမ်းလိုက်ရာ ကျောက်သားပေါ်က တာ၀န်ကို ရေးထိုးထားသော စာသည် မီးခိုးရောင်အဖြစ်သို့ပြောင်းသွားလေသည်။ တချိန်တည်းမှာပင် ကျောက်စိမ်းပြားကို ထုတ်ပြီးရှောင်ချန်းကို ပေးလိုက်သည်။
“ မြစိမ်းရောင်ဝိညာဥ်သစ်ရွက်၊ မြေနဂါးသစ်သီးနဲ့ ကျောက်ပိတုံးအစေ့ခွံ ” ထိုသူက တစ်ခွန်းချင်းပြောသည်။
“အဲ့တာတွေကို မင်းရှာနိုင်ခဲ့မယ်ဆိုရင် မင်းလိုချင်တဲ့ အသက်ဆက်ဆေး ကိုရမယ်”
ပြောပြီးသည်နှင့် ထိုသူသည် ရှောင်ချန်းကို အဖက်မလုပ်တော့ဘဲ သူ့အနားက အခြား အပြင်ဂိုဏ်းသားများကို ဆက်လက်ရှင်းပြနေသည်။
ရှောင်ချန်းသည် ကျောက်စိမ်းပြားကို လက်တွင် တင်းနေအောင် ဆုပ်ကာ အသက်ဆက်ဆေး ဟု စိတ်ထဲတွင် ထပ်တလဲလဲ ရွတ်နေလေသည်။ သူ့မျက်လုံးများကလည်း ပြတ်သားသော ဆုံးဖြတ်ချက်ကြောင့် တဖြည်းဖြည်း တောက်ပလာသည်။
“သူရှာခိုင်းလိုက်တာတွေကို မတွေ့တွေ့အောင်ရှာပြီး ငါ့ရဲ့တိုသွားတဲ့ တစ်နှစ်စာအသက်ကို ရအောင်ပြန်ယူမယ်…”
ဆုံးဖြတ်ချက်၏စေ့ဆော်မှုကြောင့် အဏ္ဏဝါလေးသွယ်ခန်း သို့ ပြေးသွားကာ ရသမျှစုံစမ်းလေသည်။ မကြာခင်မှာပဲ မြစိမ်းရောင်ဝိညာဥ်သစ်ရွက် အကြောင်းအစအန ရလာလေသည်။ ထိုအရာသည် ဆေးပင်တစ်မျိုးဖြစ်ပြီး မျှော်လင့်ခြင်း ငှက်ငယ်များ များထံတွင်သာရှိသည်။ မျှော်လင့်ခြင်းငှက်ငယ်များသည် အုပ်စုလိုက်နေကြပြီး ချီစုစည်းမှု အဆင့်နှစ်လောက်ရှိကြသည်။ ထို့ကြောင့် မြစိမ်းရောင်ဝိညာဥ်သစ်ရွက် သည် ရရှိရန် ခက်ခဲပြီး အဖိုးတန်နေခြင်းဖြစ်သည်။
ကံမကောင်းစွာပင် မြေနဂါးသစ်သီးနှင့် ကျောက်ပိတုန်း အစေ့ခွံ တို့နှင့်ပတ်သက်ပြီး အဏ္ဏဝါလေးသွယ်ခန်းတွင် မည်သည့် သတင်းအချက်အလက်မှ မရှိပေ။ ရှောင်ချန်းသည် သူ့အိတ်ကို ရိုက်ပစ်လိုက်ပြီး အောင့်သက်သက်ပြုံးကာ ထွက်သွားလေသည်။ စားဖိုဆောင်သို့ ပြန်ရောက်သောအခါ ဖက်တီးကျန်းနှင့် အခြားအကိုများကို မေးကြည့်လေသည်။ မြေနဂါးသစ်သီး ကိုမူ ဘယ်သူမှ မကြားဖူးပေ။ သို့သော် အကိုသုံး ဖက်တီးဟီကမူ ကျောက်ပိတုံးအစေ့ခွံ ကို သိလေသည်။ တကယ်တော့ ဝိညာဥ်ကြမ်းပိုးအမျိုးအစား၏ အပြင်ခွံကို ကျောက်ပိတုံးအစေ့ခွံ ဟု သိရသည်မှအပ ဘာမှဆက်မဖြစ်တော့ချေ။
အဆိုအရတော့ ထိုအပြင်ခွံများသည် တော်တော်လေး မာကြောပြီး လေးလံသည်ဟု ဆိုသည်။ ထိုအရာများသည် တောင်ခြမ်းတွင် သာမန်အားဖြင့် မရှိပေ။ သို့သော်လည်း စပ်စုရသမျှတော့ မြောက်ဘက်ခြမ်းရှိ ပညာရပ်အများစုမှာ မှော်ဆေးပညာရပ်များ များဖြစ်ကြသည်။ ကံမကောင်းစွာပင် တောင်ခြမ်းနှင့် မြောက်ခြမ်းသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အစိတ်အပိုင်းများဖြစ်သော်လည်း အဓိကတောင်မကြီးက နှစ်ပိုင်းဖြစ်အောင် ပိုင်းခြားထားသည်။ ထို့ပြင် အထူးအတွင်းစည်းဂိုဏ်းသားတချို့သာလျှင် တစ်ဖက်နှင့်တစ်ဖက်သို့ ကူးသန်းသွားလာနိုင်လေသည်။
“မင်းဘာလို့ အဲ့ဒီအကြောင်းတွေ မေးနေရတာတုန်း” ဖက်တီးကျန်းက ဗိုက်ကိုပုတ်ပြီး မေးသည်။
“အဲ့တာတွေကို မင်းစားလို့မရဘူးဆိုတာရော မင်းသိလား။ ပြီးတော့ မြောက်ခြမ်းမှာ သွား၀ယ်မယ်ဆိုရင်လည်း ဈေးတွေက သောက်ရမ်းကြီးတာကွ”
ရှောင်ချန်းသည် ဈေးဆိုသော စကားလုံးကို ကြားလိုက်ရသောအခါ သူ့မျက်လုံးများက လင်းလက်လာသည်။ ဆင်ခြေတစ်ခုကို အလျင်အမြန်ပေးပြီးနောက် တောင်အောက်သို့ပြေးဆင်းသွားသည်။ တစ်နှစ်အတွင်းမှာ သူသည် စားဖိုဆောင်၏အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်ရာ ဂိုဏ်းအပြင်ဘက်သို့ တစ်ခါတစ်လေ ထွက်ဖူးလေသည်။ ဂိုဏ်းပြင်ပရှိ ဈေးနှင့်ပင်လျှင် တော်တော်ရင်းနှီးနေပြီဖြစ်သည်။
ဆိုင်အများစုကို ဂိုဏ်းသားများနှင့်ဆက်စပ်နေသည့် အမျိုးမျိုးသော ကျင့်ကြံသူမျိုးနွယ်စုများက ဖွင့်လှစ်ထားသည်။ ဂိုဏ်းသားများကိုယ်တိုင် တည်ထောင်ထားသည့်ဆိုင်တချို့လည်းရှိပြီး တခြားဂိုဏ်းသားများ၏ လိုအပ်ချက်များကို အထူး ဖြည့်ဆည်းပေးသည်။ တဖြည်းဖြည်းနှင့် လူအားလုံး လိုက်နာရမည့် မပြောလည်းသိနေသင့်သည့် စည်းကမ်းတချို့လည်း ရှိလာခဲ့သည်။
ခြုံပြောရလျှင် စားဖိုဆောင်မှာ လိုအပ်သမျှ ပစ္စည်းအားလုံးကို ထိုစျေးတွင်ရရှိနိုင်သည်။
ရှောင်ချန်းသည် ဈေးဆိုင်များကို လျှောက်ကြည့်သည်။ အထူးသဖြင့် ဆေးပင်များရောင်းသည့် ဆိုင်များဖြစ်သည်။ စားဖိုဆောင်ကို သူပြန်ရောက်သောအခါ တောင်ကုန်းတစ်ဖက်တစ်ချက်တွင် ဆေးပင်များစိုက်ရန် စတင်ထွန်ယက်တော့သည်။
“ဘယ်လိုတောင် မြေနဂါးသစ်သီး ကိုထူးထူးခြားခြား ရိတ်သိမ်းရတာမို့လို့လဲ။ အကုန်လုံးက မြေအောက်မှာ စိုက်ရတဲ့ သစ်သီးတွေပဲ မဟုတ်လား။ ဘာလို့အဲ့လောက်ဈေးကြီးနေရတာတုန်း။”
ရှောင်ချန်းသည် ယခုသူ့အခြေအနေအရ အသက်ဆက်ဆေးအား ရယူနိုင်ခြင်းငှာ မစွမ်းသာသည်ကို ရှာဖွေတွေ့ရှိလာသည်ဖြစ်ရာ တုန်လှုပ်ခြောက်ခြားလာသည်။
သူသည် သာမာန်အားဖြင့် ငွေအကြောင်းမတွေးဖူးချေ။ သူ့အတွက်တော့ ချမ်းသာခြင်းသည် အသက်ရှည်ခြင်းနှင့် နှိုင်းစာလျှင် မပြောပလောက်ပေ။ သို့သော်လည်း ကံမကောင်းစွာပင် လက်ရှိတွင် ငွေကြေးအခက်အခဲနှင့် တွေ့ကြုံနေရလေသည်။ သူသိသလောက်တော့ အကိုကြီးများမှာလည်း တနင့်တပိုး ဗိုက်ခေါက်ကြီးတွေမှအပ သူတို့အိတ်ထဲတွင် ဗလာသက်သက် ဖြစ်ေနသည်။ သူနှင့်ထူးမခြားနားဟု ကျိန်းသေပေါက်ပြောနိုင်လေသည်။
စားဖိုဆောင်ထဲက အစားအစာများကို ဖဲ့စားနေသည့်အတွက် မည်သည့်ဌာနကမှ လာစစ်ဆေးခြင်း မရှိသော်လည်း ရောင်းစားမည်ဆိုလျှင်မူကြီးကြပ်ရေးဌာနက လာရောက်ဖမ်းဆီးလိမ့်မည်ဖြစ်ရာ ပျော်စရာကောင်းမည်မဟုတ်မှာ သေချာသည်။
ရှောင်ချန်းသည် အဖက်ဖက်မှ စဉ်းစားပြီးနောက် ပိုက်ဆံရရန် နည်းလမ်းက စားစရာတွေကို ရောင်းပစ်သည့်နည်းမှလွဲပြီး အခြားနည်းကို စဉ်းစားမရပေ။
သို့သော်လည်း ထိုနည်းကို သုံးရန် မသင့်လျော်ပေ။
သူသည် ရက်အနည်းကြာသည်အထိ ဆက်ပြီး စဉ်းစားနေတုန်းဖြစ်သည်။ တစ်ခုသော မနက်ခင်းတွင် ဖြစ်သည်။ သူ့တဲအတွင်း၌ တင်ပျဥ်ခွေထိုင်ကာ ကျင့်စဉ်ကျင့်နေချိန်တွင် တစ်ဂိုဏ်းလုံးအနှံ့ လွင့်ပျံ့လာသော ခေါင်းလောင်းသံကို ကြားလိုက်ရသည်။
ထိုအသံသည် သိပ်မကျယ်ဘဲ လျင်မြန်စွာ ပျောက်သွားသည်။ ရှောင်ချန်းသည် သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ တကယ်တော့ ထိုအသံကို လတိုင်းကြားနေကြဖြစ်သည်။ ဖက်တီးကျန်းပြောပြချက်အရ ဂိုဏ်းသားတွေကို မီးဖြင့် စစ်ဆေးခြင်းဖြစ်ပြီး ဘယ်သူပဲဖြစ်ပါစေ အောင်မြင်သူများကို အပြင်စည်းဂိုဏ်းသားအဖြစ် သတ်မှတ်ပေးခြင်းဖြစ်သည်။
ရည်မှန်းချက်ကြီးသော ဂိုဏ်းသားများသည် အပြင်စည်းဂိုဏ်းသားအဖြစ် ခံယူချင်ကြသည်။ စည်းကမ်းချက်အနေနှင့် နဂါးတံခါး၀ကို ခုန်ကျော်နိုင်သောငါးဖြစ်နိုင်ရန် ချီစုစည်းမှု အဆင့်သုံးအထိ ရှိရန်တော့ လိုအပ်သည်။ ထို့နောက် သူတို့သည် မီးဖြင့် အစစ်ဆေးခံကြရသည်။ ထိုစစ်ဆေးခြင်းဆိုသည်မှာ တောင်ထိပ်အထိ ကျောက်လမ်းပေါ်လမ်းလျှောက်ခိုင်းခြင်းသာလျှင်ဖြစ်သည်။ သို့သော်လည်း ထိုလမ်းတစ်လျှောက်သည် မှော်စွမ်းအားများနှင့် အတိပြီးသောလမ်းဖြစ်သည်။ တစ်လှမ်းခြင်းတွင် ခက်ခဲကြမ်းတမ်းခြင်းများနှင့် ပြည့်နှက်နေသည်။ တောင်ထိပ်သို့ရောက်သွားလျှင်မူ အပြင်စည်းဂိုဏ်းဝင်အဖြစ်သတ်မှတ် ခံရမည်ဖြစ်သည်။
သို့သော်လည်း သုံးနေရာပဲ လက်ခံမည်ဖြစ်ရာ ပထမဆုံးရောက်သည့် သုံးယောက်သာ ဂိုဏ်းသားဖြစ်မည် ဖြစ်သည်။ ထိုနည်းဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ဘက်အခြမ်းတစ်ခုတည်းတွင်ပင် ဂိုဏ်းသားများ ထောင်နှင့်ချီပြီးရှိနေသည်။ သို့သော်လည်း အောင်မြင်မှုရရှိရန် ရာခိုင်နှုန်းအလွန်နည်းသည်ဖြစ်ရာ ထိုနေရာကို ရရှိဖို့ ဘာမဆိုလုပ်မည့် ကြမ်းကြုတ်ရက်စက်မှုများက စိုးမိုး
နေသည်။
မှန်သည်။ စားဖိုဆောင်က လူများသည် အပြင်စည်းဂိုဏ်းကို ၀င်ရန်ကြိုးစားဖို့ထက် စားဖိုဆောင်တွင်သာ နေလိုကြသည်။ တစ်လတစ်ကြိမ် ထိုရက်သို့ရောက်လာလျှင် စားဖိုဆောင်ကလူများ ပျားပန်းခတ် အလုပ်ရှုပ်ကြရသည်။
ရှောင်ချန်းသည် မျက်လုံးများကို မှိတ်လိုက်သည်။ သို့သော် ခဏကြာတော့ မျက်လုံးများက နားလည်ရခက်သော အကြည့်များနှင့် ဖျတ်ခနဲ ပြန်ပွင့်လာသည်။ သူသည် အကြံဉာဏ်သစ်ကြောင့် စိတ်လှုပ်ရှားနေပြီး တဲထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။ ထိုအကြံသစ်ကို ဖြစ်နိုင်မဖြစ်နိုင် တော်တော်ကြာအောင် စဉ်းစားပြီးနောက်တွင်တော့ ပျော်ရွှင်မြူးတူးရိပ်များကို သူ့မျက်နှာတွင် တွေ့လိုက်ရသည်။
” ဟုတ်ပီ..ဝင်ခွင့်ပဲ ”
သူသည် တံခါးကို တွန်းဖွင့်လိုက်ပြီး သည်တစ်ခေါက် ဘယ်သူ အပြင်စည်းဂိုဏ်းဝင် ဖြစ်မလဲ ငြင်းနေကြသော ဖက်တီးကျန်းနှင့် အကိုများဆီသို့ အော်ပြောရင်းပြေးသွားသည်။
“အကိုကြီးတို့ရေ ဘယ်လိုချမ်းသာအောင် လုပ်ရမလဲ သိပြီဗျ။ ဒါမယ့် အကိုကြီးတို့ အကူအညီလိုတယ်။ ဒါဆို ကျွန်တော်တို့ အားလုံးချမ်းသာ သွားကြမှာ။”
သူသည် နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်ပြီး ဖက်တီးကျန်းကြီးတို့ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
ဖက်တီးကျန်းသည် ရှောင်ချန်း၏ထိုအပြုအမူကို ရင်းနှီးနေ သည်။ ဟိုတစ်ခါ ပန်းကန်အောက်ခြေတွေကို ထူပစ်ရန် အကြံပေးတုန်းကလည်း ထိုအတိုင်း ပြုမူခဲ့သည်။ ထိုအကြံသည် သူတို့စားဖိုဆောင်အတွက် အလွန်အကျိုးပြုသည်ဖြစ်ရာ ယခုလည်း ရှောင်ချန်းအကြံကို သိရဖို့ မစောင့်နိုင်တော့ချေ။
“ အမှတ်ကိုးဖက်တီး…ဘာအစီအစဉ်တုန်းကွ။ အမှန်အတိုင်းပြောရရင် ကြီးကြပ်ရေးဌာနနဲ့ ပြဿနာဖြစ်ထားလို့ အစာရေစာတွေ ပြတ်လပ်နေတာ ကြာပြီ။ သူတို့နဲ့သာ ငြိမ်းချမ်းရေးရရင် တချို့တ၀က်ကို ရောင်းစားလို့ကတော့ ကျိန်းသေ သူဌေးဖြစ်မှာ ”
ဖက်တီးကျန်းကြီးသည် ရှောင်ချန်းပုခုံးကို ပုတ်ကာ မျှော်လင့်ချက်တွေသမ်းနေသော မျက်ဝန်းများနှင့် ကြည့်ရင်းပြောလိုက်သည်။