အခန်း (၁၅၇) အပြင်သို့ထွက်ရန်အချိန်
“စေ့စပ်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြမယ့် မုန်တိုင်းတွေကတော့ ငြိမ်သွားလောက်ပြီထင်တယ်…”
ကျန်းလန် တွေးလိုက်သည်။
ကျန်းလန်က သူနေထိုင်ရာ ခြံဝန်းအတွင်းတွင် ရှိနေပြီး သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးနေခြင်း ဖြစ်သည်။
သူ နဝမတောင်ထွတ်မှ တစ်ဖဝါးမှ မခွာသည်မှာ နှစ်ပေါင်း (၄၀) တိုင်ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ စေ့စပ်ပွဲသတင်းကို ဝေဖန်ပြောဆိုနေကြဦးမည်ဆိုလျှင်တောင်မှ သူ့ကိုတော့ သတိထားမိသူ နည်းပါးသွားမည် ဖြစ်သည်။
စေ့စပ်ပွဲအခမ်းအနားကျင်းပစဉ်က လူအများစုက သူ့ကို အဝေးမှသာ တွေ့မြင်ခဲ့ကြခြင်း ဖြစ်သည်။ နှစ်ပေါင်း (၄၀) လည်း ကြာခဲ့ပြီ ဖြစ်ရာ သူ့ပုံစံကို အတော်များများက မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ကြပေလိမ့်မည်။
သူက အခြားသူများ၏ ဘဝထဲတွင် ဖြတ်လျှောက်သက်သက်သာ ဖြစ်သည်။ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ဘဝအတွက်အရေးမပါသူများကို မည်သူမှ မှတ်သားထားကြမည် မဟုတ်ပေ။
အရေါ်မပါသည့်အရာများကို ချောင်ထိုးပြီး မေ့ပျောက်ပစ်လိုက်ကြသည်မှာ လူသားတိုင်း၏ သဘာဝပင် ဖြစ်၏။
သူက ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် စေ့စပ်စဉ်က…
“ဒီကောင် အလှဧကရီ နဂါးမင်းသမီးလေးနဲ့ စေ့စပ်ခွင့်ရတာ ကံကောင်းတာပဲ…”
ဆိုသည့်အတွေးမျိုးသာ အမှတ်တမဲ့ တွေးမိကြပေလိမ့်မည်။
ထိုသို့သောအတွေးမျိုးက ထူးခြားသည် မဆိုသာပေ။ သူ့ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မည်ဆိုလျှင်တောင်မှ ထိုအတွေးမျိုးလောက်ကို အတည်ယူပြီး တိုက်ခိုက်ကြမည် မဟုတ်ပေ။
“နောက်ထပ် (၁၀) နှစ်လောက် ထပ်စောင့်ကြည့်သေးတာပေါ့လေ…”
ကျန်းလန် တွေးရင်းဖြင့်ပင် သားရဲဥလေးနှင့် ရေသဖန်းပင်လေးထက်သို့ ဝိညဉ်ဆေးရေများလောင်းချပေးခြင်းကို လက်စသတ်လိုက်သည်။
စေ့စပ်ပွဲသတင်း ငြိမ်သက်သွားလျှင်လည်း သူက လောလောဆယ် နဝမတောင်ထွတ်မှ ထွက်ခွာသွားရန် အစီအစဉ် မရှိသေးပေ။
သူ ပြင်ပလောကသို့ ထွက်ခွာပြီး အင်မော်တယ်အဖြစ် အဆင့်တက်ရန် စမ်းသပ်ခံရမည့်အချိန်သို့လည်း မရောက်ရှိသေးပေ။
နောက်ထပ်အချိန်အနည်းငယ် ထပ်မံစောင့်ဆိုင်းရဦးမည် ဖြစ်သည်။
မရှိမှုအာကာသအဆင့် အောင်မြင်ထားခြင်းနှင့် လိုက်လျောညီထွေဖြစ်စေရန် အခြားသောဂါထာမန္တန်များနှင့် ကျင့်စဉ်များကို ပိုမိုကျွမ်းဝင်မှုရှိစေရန် ကျင့်ကြံရဦးမည် ဖြစ်သည်။
ပြီးလျှင် ခွန်လွန်တောင်မှ ထူးခြားသည့်နေရာများသို့ သွားရောက်ကာ စနစ်တွင်မှတ်ပုံတင်ရဦးမည် ဖြစ်သည်။ အင်မော်တယ်အဖြစ် အဆင့်တက်ရာတွင် အထောက်အကူပြုသည့် ပစ္စည်းတစ်ခုခု စနစ်မှရရှိရန် လိုအပ်နေသေးသည် မဟုတ်ပါလား။
“လွန်ခဲ့တဲ့ နှစ်တွေအတွင်း နတ်မိစ္ဆာတွေ နဝမတောင်ထွတ်ကို ချဉ်းကပ်လာသေးသလား မသိဘူး… ၊ ငါတော့ သတိမထားမိဘူး… ၊ ငရဲတံခါးကနေ မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်တဲ့အချိန်မှာလည်း ဘာမှ ထူးထူးခြားခြား သူတို့လှုပ်ရှားတာ မတွေ့ရပါဘူး…”
“နတ်မိစ္ဆာတွေ တကယ်ပဲ ခိုးဝင်မလာတော့တာလား… ၊ ဒါမှမဟုတ် ခိုးဝင်လာရင်း အသတ်ခံလိုက်ရသလားပဲ… မပြောတတ်ဘူး…”
တွေးသာတွေးကြည့်မိသည် ထိုကိစ္စများကို ကျန်းလန် သေသေချာချာ မသိရှိပေ။
မှန်ပေ၏။
ယခုနှစ်များအတွင်း ပြင်ပလောကတွင် ဖြစ်ပျက်ပြောင်းလဲနေသည့်အရာမှန်သမျှကို ကျန်းလန် တစ်ခုမှ မသိရှိခဲ့ပေ။
နတ်လူသားမျိုးနွယ်များ သူ့ကို အာရုံစိုက်စောင့်ကြည့်နေကြဆဲလား…။
နတ်မိစ္ဆာမျိုးနွယ်တွေများသည်လည်း သူ့ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြဆဲလား…။
နဂါးမျိုးနွယ်များသည်လည်း သူ့ကို ပြဿနာရှာကြဦးမည်လား…။
ထိုအချက်များအားလုံးကို ကျန်းလန် သေသေချာချာ မသိရှိပေ။ သေချာသည့်အချက်က သူ အင်မော်တယ်ဖြစ်လာရန် နီးကပ်လာပြီဆိုသည့်အချက်သာလျှင် ဖြစ်သည်။
ပြင်ပလောကိုထွက်မည်ဆိုလျှင်တော့ ကျန်းလန်အနေဖြင့် ထိုအင်အားစုများ၏ လှုပ်ရှားမှုများကို သိရှိထားရန် လိုအပ်ပြီ ဖြစ်သည်။
ပြင်ပသို့ထွက်ခွာမည်ဆိုလျှင်တော့ သူ့အနေဖြင့် သတိပေါ့လျော့၍ မဖြစ်ပေ။
ထိုအင်အားစုများထဲတွင် ကျန်းလန် အလေးအနက်အထားဆုံးက နတ်လူသားမျိုးနွယ်များ ဖြစ်သည်။
သူက ကောင်းကင်လှေကားအဆုံးထိ တက်ခဲ့လေရာ နတ်လူသားမျိုးနွယ်များက ထိုအချက်ကို ခွင့်မလွှတ်နိုင် ဖြစ်နေခဲ့ကြသည်။
သူ့ကိုစောင့်ကြည့်ရန် စေလွှတ်ထားသည့် ဖုန်းကျီကိုတော့ ကျန်းလန် သတ်ဖြတ်ပစ်လိုက်ပြီ ဖြစ်သည်။
သို့သော် နတ်လူသားမျိုးနွယ်များဘက်မှ သူ့ကိုစောင့်ကြည့်ရန် နောက်ထပ်လူများစွာကို စေလွှတ်ထားကောင်း စေလွှတ်ထားပေလိမ့်မည်။
ဖုန်းကျီသည်ပင် သူ့ကို နှစ်ပေါင်း (၃၀) ခန့် စောင့်ကြည့်နေခဲ့လေရာ အခြားသူများသည်လည်း နှစ်ပေါင်း (၅၀) စောင့်ကြည့်ကောင်း စောင့်ကြည့်နေကြပေလိမ့်မည်။
သို့ပေသိ လွန်ခဲ့သည့်နှစ်ပေါင်း (၄၀)ခန့်က ဒုတိယတောင်ထွတ်မှ ပေဖန်းဦးဆောင်သည့်အဖွဲ့က ခွန်လွန်တောင်သို့ ခိုးဝင်လာသူများနှင့် သူလျှိုများစွာကို လိုက်လံသုတ်သင်ပစ်ခဲ့သည်။
သူ့ကိုစောင့်ကြည့်နေသည့် နတ်လူသားမျိုးနွယ်များလည်း သုတ်သင်ခံရသည့်အခဲ ပါကောင်းပါသွားနိုင်သည်။ သို့သော် သိပ်တော့ မသေချာလှပေ။
သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းပေးပြီးနောက် ကျန်းလန် စာကြည့်တိုက်သို့ ထွက်ခွာလာခဲ့သည်။
စာကြည့်တိုက်တွင် အချိန်ကြာမြင့်စွာ စာဖတ်နေခဲ့ပြီးနောက် နဝမတောင်ထွတ်၏ အချို့နေရာများကို သန့်ရှင်းရေး ပြုလုပ်လိုက်သည်။
ညနေပိုင်းတွင်တော့ ခြံဝန်းအတွင်းမှ ပန်းပင်လေးများကို ရေလောင်းပေါင်းသင်ပေးလိုက်သည်။
ယနေ့ည ကျန်းလန် မရဏဂူသို့ပြန်ပြီး ကျင့်ကြံခြင်း မပြုလုပ်တော့ပေ။ အနားယူရန် ဆုံးဖြတ်ထားသည်။
ကျန်းလန် သူနေထိုင်ရာ အဆောက်အဦခေါင်မိုးထက်တွင် လဲလျောင်းရင်း ကောင်းကင်ထက်မှ ကြယ်စင်များကို ငေးကြည့်နေခဲ့သည်။
အချိန်များ လျှင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး သူ အင်မော်တယ်ဖြစ်လာရန်အချိန်ပင် နီးကပ်လာပြီ ဖြစ်သည်။
သူ ကံအားလျော်စွာ ခွန်လွန်တောင်သို့ ရောက်ရှိလာခဲ့ပြီး ဆရာဖြစ်သူ မော့ကျန်းသုန့်ထံတွင် တပည့်ခံကာ နဝမတောင်ထွတ်တွင် နေခွင့်ရခဲ့သည့်အချိန်ကာလများကို ပြန်လည်အမှတ်ရနေမိသည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၁၉၀) ခန့်က သူက သာမန်လူတစ်ယောက်မျှသာ ဖြစ်သည်။ ယခုတော့ သူက အင်တော်တယ်ဖြစ်ရန် ခြေတစ်လှမ်းခန့်သာ လိုတော့သည်။
နောက်ထပ်နှစ်အနည်းငယ်ဆိုလျှင် ကျန်းလန် အင်မော်တယ်တစ်ပါး ဖြစ်လာတော့မည် ဖြစ်သည်။ သို့သော် အင်မော်တယ်အဖြစ် အဆင့်တက်ရန်က အတော်လေး ခက်ခဲ၏။
တောင်ခြေရှိ သေရည်ဆိုင်အနောက်ဘက်တွင် အင်မော်တယ်တံခါးကို တွေ့မြင်ခဲ့စဉ်က ကျန်းလန် အနားသို့ပင် မကပ်နိုင်ခဲ့ဘဲ ဆိုးဝါးသည့် အရှုံးတရားဖြင့် ရင်ဆိုင်ခဲ့ရသည်။
ယခုတစ်ကြိမ်မှာတော့ နောက်ထပ်အရှုံးဖြင့် ရင်မဆိုင်ရန်စေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမည် ဖြစ်သည်။
ယခုတစ်ကြိမ် ကျရှုံးခဲ့လျှင်တော့ သူ့အတွက် အင်မော်တယ်ဖြစ်လာရန် ပိုမိုအလှမ်းဝေးသွားပေလိမ့်မည်။
“ငါ ဘယ်နားသွားပြီး စနစ်မှတ်ပုံတင်ရမလဲ မသိဘူး…”
ကျန်းလန် စဉ်းစားလိုက်သည်။
အမှန်တော့ တောင်ထွတ်အသီးသီးရှိ မှော်ရုံနယ်မြေများက စနစ်မှတ်ပုံတင်ရန် အသင့်တော်ဆုံး နေရာများ ဖြစ်သည်။ သို့သော် မှော်ရုံနယ်မြေများသို့ ဝင်ရောက်ရန်က မလွယ်ကူလှပေ။
မှော်ရုံနယ်မြေသို့ ဝင်ရောက်လိုသည်ဆိုလျှင် အရင်ဆုံး ဆရာဖြစ်သူကို အကူအညီတောင်းရမည် ဖြစ်သည်။ မှော်ရုံနယ်မြေသို့ အဘယ့်ကြောင့် ဝင်ရောက်လိုကြောင်း အကြောင်းပြချက်ကောင်းကောင်းပေးနိုင်မှသာ ဆရာဖြစ်သူထံ အကူအညီတောင်းရန် သင့်တော်ပေမည်။
တကယ်တမ်း သူ အကူအညီတောင်းလျှင် ဆရာဖြစ်သူက အကြောင်းရင်းကို မမေးမြန်းဘဲ ခွင့်ပြုပေးမည် ဖြစ်သော်လည်း ကျန်းလန်က ထိုသို့ မပြုလုပ်လိုပေ။
ထို့ကြောင့် အရင်ဆုံး ထူးခြားသည့်နေရာများကို ကိုယ့်ဟာကိုယ် လိုက်လံရှာဖွေရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။
ခွန်လွန်တောင်တွင် ထူးခြားသည့်နေရာ များစွာရှိသည်။ ဥပမာဆိုရသော် ကောင်းကင်ရိပ်ငြိမ်ရေကန်ကဲ့သို့သော နေရာမျိုး ဖြစ်၏။
ကောင်းကင်ရိပ်ငြိမ်ရေကန်တွင် စနစ်မှတ်ပုံတင်စဉ်က “ပညာရှိကျမ်းစာ” ကို ရရှိခဲ့သည်။ ထိုကျမ်းစာက အခြားသော တန်ခိုးစွမ်းအားများနှင့် ကျင့်စဉ်များထက် အဆင့်နိမ့်ခြင်း မရှိခဲ့ပေ။
ထိုကျမ်းစာကိုသာ ကျင့်ကြံခမည်ဆိုလျှင် ကျန်းလန်အတွက် ယခုထက်ပိုပြီး လျှင်မြန်စွာဖြင့် အင်မော်တယ်တစ်ပါး ဖြစ်လာမည် ဖြစ်သည်။
သို့သော် ထိုကျမ်းစာကို ကျင့်ကြံလိုက်သည်နှင့် ခံစားချက်ကင်းမဲ့သူတစ်ယောက ်ဖြစ်သွားပေလိမ့်မည်။ ကျန်းလန်က ထိုသို့သောသူမျိုး မဖြစ်လိုပေ။
သူက ချစ်ခြင်းမုန်းခြင်းခံစားချက်များဖြင့် လောကတွင် အသက်ရှင် ဖြတ်သန်းလိုသေးသည်။
…………………
နံနက်အရုဏ်တက်…
တောင်အစွန်းမှ တဖြည်းဖြည်းမြင့်တက်လာသည့် နေမင်းကြီးကို ကျန်းလန် ငေးကြည့်နေခဲ့လေသည်။
အရုဏ်ဦးနေရောင်ခြည်က လောကကြီးတစ်ခုလုံးဆီ ဖြန့်ကျက်စပြုခဲ့ပေပြီ။
အနာဂတ်တွင် သူ့ဘဝသည်လည်း ဤသို့ပင် ရောင်နီလာ အလင်းရောက်သည့် အံ့သြဖွယ်ရာနေ့ရက်များကို ရရှိပေမည်ဟု ကျန်းလန်တွေးလိုက်မိသည်။
ထိုသို့သောအချိန်သို့ ရောက်ရှိလျှင် ပျက်သုဉ်းတစပြင်လောကကြီးတွင် သူသွားလိုရာသို့ တံခါးမရှိဓားမရှိ သွားလာနိုင်တော့မည် ဖြစ်၏။
သူ့အတွက် မည်သည့်အတားအဆီးမှ ရှိတော့မည် မဟုတ်ပေ။
ရှောင်ယွိကတော့ (၃)နှစ်တစ်ကြိမ် သူ့ထံ လာရောက်လည်ပတ်တတ်လေရာ နောက် (၂)နှစ်ဆိုလျှင် မိန်းကလေးသည် သူ့ထံသို့ ရောက်လာဦးမည် ဖြစ်သည်။
ကျန်းလန်က ရှောင်ယွိအတွက် ရည်ရွယ်ပြီး ခြံဝန်းထဲမှ ပန်းပင်းလေးများကို ဂရုတစိုက် ရေလောင်းပေါင်းသင်ကာ ပြုစုပျိုးထောင်ပေးထားခြင်း ဖြစ်သည်။
ရှောင်ယွိက ပန်းပင်လေးများကို သဘောကျသည်ဆိုလျှင် သူက ပန်းပင်လေးများ စိုက်ပျိုးပေးမည် ဖြစ်သည်။
မိန်းကလေးက သူတို့ (၂)ယောက်၏ အနာဂတ်အိမ်ထောင်ရေးကို ကောင်းမွန်သည့် အိမ်ထောင်ရေးတစ်ခု ဖြစ်စေလိုဟန် ရှိလေသည်။
သူမသည်ပင် ထိုသို့သော သဘောထားရှိလျှင် ကျန်းလန်ဘက်ကလည်း အဘယ့်ကြောင့် အပြုသဘောဆောင်သည့် တုန့်ပြန်မှုမျိုးကို ပြန်လည်ပြုလုပ်မပေးဘဲ နေရပါမည်နည်း။
အနာဂတ်အိမ်ထောင်ရေးကိစ္စကို ဖြစ်ချင်ရာဖြစ်ဆိုသည့်သဘောဖြင့် လက်လွတ်စပယ် လုပ်၍ မဖြစ်ပေ။ သူက မင်္ဂလာကိစ္စကို အလေးမထားလျှင် ရှောင်ယွိ၏ ရည်ရွယ်ချက်ကောင်းများသည်လည်း အလကား ဖြစ်သွားရပေလိမ့်မည်။
လောကတွင် သူ ပါဝင်ပတ်သတ်ခြင်းမပြုဘဲ ရှောင်ရှားနိုင်သည့်ကိစ္စများရှိသလို သူ ငြင်းဆန်မရနိုင်သည့်ကိစ္စများနှင့် လျစ်လျူရှုမရနိုင်သည့် ကိစ္စများလည်း ရှိ၏။
ဘာမှန်းမရေရာသည့် အခြေအနေတစ်ခုတွင် ပြင်ပလောကတွင် ဖြစ်ပျက်နေသည့် ပြဿနာများကို ရှောင်ရှားခြင်းက သူ ပါဝင်ပတ်သက်ခြင်းမပြု၍ ဘာမှမဖြစ်သည့် ကိစ္စများ ဖြစ်သည်။
ဤသည်က သူ့ကိုယ်ပိုင် အန္တရယ်ကင်းသည့်လမ်းကို ရွေးခြယ်ခြင်းသာ ဖြစ်သည်။
သို့ပေသိ နဝမတောင်ထွတ် အန္တရယ်ကျရောက်မည်ဆိုလျှင်တော့ ကျန်းလန်က ထွက်ပြေးမည့်သူ မဟုတ်ပေ။ နဝမတောင်ထွတ်မှ တပည့်တစ်ယောက်အနေဖြင့် အန္တရယ်ကို ထိပ်တိုက်ရင်ဆိုင်မည်ပဲ ဖြစ်သည်။
ဤသည်က သူ ငြင်းဆန်မရနိုင်သည့် ကိစ္စရပ်မျိုး ဖြစ်၏။
နောက်တစ်ချက်မှာ လူအချို့က သူ့အပေါ် ရည်ရွယ်ချက်ကောင်းများထားရှိသည့်အခါ အနာဂတ်တွင် ပြဿနာရှိလာနိုင်သည်ဆိုဦးတော့ ကျန်းလန်အနေဖြင့် ထိုသူများနှင့်ပတ်သက်ပြီး လျစ်လျူရှုနိုင်မည် မဟုတ်ပေ။
ထိုသူများအတွက် သူ လုပ်ပေးသင့်သည်များကို တာဝန်ယူပြုလုပ်ပေးရမည်ပဲ ဖြစ်သည်။ လုပ်ပေးရန်ဆန္ဒမရှိသည့်တိုင် ကျန်းလန်က ရှောင်ပြေးမည် မဟုတ်ပေ။
နောက်ရက်များတွင်တော့ ကျန်းလန် မရဏဂူသို့ ပြန်သွားခဲ့သည်။
မရှိမှုအာကာသအဆင့် အောင်မြင်ခြင်းနှင့် ကိုက်ညီသည့်အထိ ဂါထာမန္တန်များ ၊ ကျင့်စဉ်များကို ကျင့်ကြံရန် စီစဉ်ထားသည်။
ထို့ပြင် အန္တရယ်ကိုးသွယ်စွမ်းအားကိုလည်း ထပ်မံစမ်းသပ်ကြည့်ရဦးမည် ဖြစ်၏။
ယခု မရှိမှုအာကာသအဆင့် အောင်မြင်ပြီဖြစ်ရာ အန္တရယ်ကိုးသွယ် လက်သီးစွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်မည်လားဟု ကျန်းလန် သိချင်နေမိသည်။
ကျန်းလန် နွားရိုင်းကိုးကောင်စွမ်းအားနှင့် ဝိညာဉ်ဖိနှိပ်စွမ်းအားကို ပေါင်းစပ်ထုတ်ဖော်လိုက်သည်။
နွားရိုင်းကိုးကောင်စွမ်းအားနှင့် ဝိညာဉ်ဖိနှိပ်စွမ်းအားများ ထိပ်ဆုံးအထိ မြင့်တက်သွားချိန်တွင် စွမ်းအားစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုစွမ်းအားစီးကြောင်းက ကျန်းလန်၏ လက်သီးရှိရာသို့ တန်းတန်းမတ်မတ် စီးဆင်းဝင်ရောက်သွား၏။
ထိုခဏမှာပင် ကျန်းလန်၏ လက်သီးမှ အရာအားလုံးကို ဖျက်စီးပစ်နိုင်သည့် ကပ်ဆိုးကြီးတစ်ခုပမာ ကြီးမားပြင်းထန်လွန်းသည့် စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုစွမ်းအားကြီးက မိုးနှင့်မြေကို ဖြတ်သန်းထိုးဖောက်သွားရန် အသင့်ပြင်နေသည့် ကြောက်မက်ဖွယ်ရာ နွားရိုင်းကြီးတစ်ကောင်အလား ထင်မှတ်ရသည်။
“ဝှစ်…”
သို့သော် အသက်ရှူတစ်ချက်မျှသော အချိန်လေးတွင် ထိုစွမ်းအားက ချက်ချင်း ပျောက်ကွယ်သွားသည်။
ထို့နောက် ပုံမှန်အတိုင်း နွားရိုင်းကိုးကောင်စွမ်းအားအဖြစ် ပြန်လည်ပြောင်းလဲသွား၏။
ထိုသို့ဖြစ်ခြင်းကြောင့် ကျန်းလန် စိတ်ပျက်ခြင်း မဖြစ်မိပေ။ အဘယ်ကြောင့်ဆိုသော အန္တရယ်ကိုးသွယ်စွမ်းအား၏ ပြင်းထန်လှသည့်စွမ်းအားကို ကျန်းလန် အာရုံခံလိုက်နိုင်သောကြောင့် ဖြစ်သည်။
အန္တရယ်ကိုးသွယ်စွမ်းအားလက်သီးချက်ကို ကျန်းလန် ထုတ်ဖော်အသုံးပြုနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုလက်သီးစွမ်းအားက ကြီးမားပြင်းထန်လွန်းပြီး လူသားအင်မော်တယ်တစ်ယောက်ကိုပင် တိုက်ခိုက်နိုင်စွမ်းရှိသည်။
သို့သော် သူ့တွင် လက်သီးတစ်ချက်သာလျှင် ထုတ်လွှတ်အသုံးပြုနိုင်စွမ်း ရှိလေသည်။ ထို့ပြင် အန္တရယ်ကိုးသွယ်စွမ်းအား လက်သီးချက်ကို ထုတ်လွှတ်အသုံးပြုပါက သူ့ခန္ဓာကိုယ်တွင် ထိုက်ခိုက်မှု ရှိကောင်းရှိလာနိုင်သည်။
ထိုစွမ်းအားက ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ဖြင့် အသုံးပြုရမည့် စွမ်းအားမဟုတ်သေးပေ။ အင်မော်တယ်ဖြစ်မှသာ အသုံးပြုနိုင်မည့် စွမ်းအားတစ်ခု ဖြစ်၏။
ထို့ကြောင့် အချိန်မတန်ခင် အသုံးပြုခြင်းက သေချာပေါက် အန္တရယ်ဖြစ်စေပေလိမ့်မည်။
သို့ရာတွင် ထိုစွမ်းအားကို ထုတ်ဖော်အသုံးပြုခြင်းအတွက် ခန္ဓာကိုယ်ထိခိုက်ခြင်းက လက်ခံနိုင်သည့်အတိုင်းအတာတွင် ရှိနေပါက အင်တော်တယ်အဆင့်အောက် ကျင့်ကြံသူတိုင်းကို လက်သီးတစ်ချက်တည်းဖြင့် ဇီဝိန်ခြွေနိုင်ပေလိမ့်မည်။
သို့ရာတွင် အန္တရယ်ကိုးသွယ်စွမ်းအားမှ မဟုတ်ပေ။
လက်ရှိ နွားရိုင်းကိုးကောင်စွမ်းအားကို အသုံးပြုမည်ဆိုလျှင်လည်း အင်မော်တယ်အဆင့်အောက် ကျင့်ကြံသူအားလုံးကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်မည်ပဲ ဖြစ်သည်။
သူ၏ နွားရိုင်းကိုးကောင်လက်သီးချက်သည်လည်း လူသားအင်မော်တယ်တစ်ပါးထက် အားမနည်းပေ။ ထို့ကြောင့် နွားရိုင်းကိုးကောင်စွမ်းအားကိုသာအသုံးပြုပြီး မလိုအပ်ဘဲ အန္တရယ်ကိုးသွယ်စွမ်းအားကို အသုံးမပြုရန် ဆုံးဖြတ်လိုက်သည်။
အန္တရယ်ကိုးသွယ်စွမ်းအား ထုတ်ဖော်အသုံးပြုခြင်းကြောင့် သူ၏ခန္ဓာကိုယ် ထိခိုက်ခြင်း ရှိမရှိကိုတော့ အချိန်တစ်ခုယူကာ စမ်းသပ်ကြည့်ရမည် ဖြစ်၏။
ထိုသို့ဖြင့်…
အချိန် (၁၀)နှစ် ကြာသွားခဲ့လေသည်။
တစ်ယောက်တည်းတံခါးပိတ်ကျင့်ကြံနေသူတစ်ယောက်အတွက် (၁၀)နှစ်ဆိုသည့်အချိန်က ခဏတာမျှသာ ဖြစ်သည်။
အချိန် (၁၀)နှစ်အတွင်း မရှိမှုအာကာသအဆင့် အောင်မြင်သူတစ်ယောက်တွင် ရှိသင့်သည့် ဂါထာမန္တန်များနှင့် တန်ခိုးစွမ်းအားများအားလုံးကို ကျင့်ကြံပြီးစီးသွားခဲ့လေသည်။
ရှောင်ယွိကတော့ သူ့ထံ (၃)နှစ်တစ်ခါ ပုံမှန်လာရောက်လည်ပတ်လေ့ ရှိသည်။
အချိန် (၁၀)နှစ်အတွင်း ကျန်းလန်က အချိန် (၇)နှစ်ခန့် တွန်းတွန်းတိုက်တိုက် ကျင့်ကြံကာ အင်မော်တယ်အဆင့်သို့ အဆက်မပြတ်ချဉ်းကပ်နိုင်ရန် ကြိုးစားခဲ့သည်။
မကြာမီ အင်မော်တယ်အဖြစ် အဆင့်တက်ရန် အစမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရန်အတွက် ပြင်ပလောကသို့ ထွက်ခွာရတော့မည် ဖြစ်သည်။
ကျန်းလန် မရဏဂူထဲတွင် တင်ပျဉ်ခွေထိုင်နေရင်းမှ မျက်လုံးများကို အသာဖွင့်ကြည့်လိုက်သည်။
“အခု ပြင်ပလောကကို ထွက်ခွာဖို့ အချိန်ကျပြီ…”
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် မရဏဂူထဲမှ ထွက်ခွာလာခဲ့လေတော့၏။
အရင်ဦးဆုံး စနစ်တွင်မှတ်ပုံတင်ရန် ထူးခြားသည့်နေရာများကို အရင်ဆုံး ရှာဖွေရမည် ဖြစ်သည်။
ယခုနှစ်များအတွင်း နေ့စဉ် စနစ်တွင်မှတ်ပုံမတင်မီ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို ကိုယ့်ကိုယ်ကိုယ် ပြန်လည်အသုံးပြုခဲ့သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် ကံကောင်းမှုများ ဖြစ်ပေါ်လာပြီး အခြားနေရာသို့ သွားစရာမလိုဘဲ မရဏဂူထဲတွင်ပင် အင်မော်တယ်အဖြစ် အထောက်အပံ့ဖြစ်မည့် ပစ္စည်းတစ်ခုခုများ စနစ်မှ ရရှိမည်လားဟု မျှော်လင့်ခဲ့မိသည်။
သို့သော် ကံမကောင်းစွာပင် မည်သည့်ပစ္စည်းမှ မရရှိခဲ့ပေ။
“ပြင်ပလောကကို ခရီးထွက်မယ့်အကြောင်း ဆရာ့ဆီ အရင်ဆုံးသွားပြီး ခွင့်တောင်းရမယ်…”
စဉ်းစားရင်း ကျန်းလန် ဆရာဖြစ်သူနေထိုင်သည့် နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့သည်။
အင်မော်တယ်အဖြစ် အဆင့်တက်သည့်အချိန်တွင် ရင်ဆိုင်ရမည့် အစမ်းသပ်ခံရမှုများကို ပြင်ပလောကတွင်သာ ရင်ဆိုင်ကျော်ဖြတ်ရမည်ဖြစ်လေရာ ကျန်းလန်အတွက် အခြားရွေးခြယ်စရာ မရှိခဲ့ပေ။