အခန်း (၁၅၆) အင်မော်တယ်ဖြစ်ရန်ခြေတစ်လှမ်းအလို
ကျန်းလန်က ကျင့်ကြံခြင်းကို လုံး၀ မရပ်နားခဲ့သလို ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် လိုအပ်သော စာအုပ်စာပေများကိုလည်း ရှာဖွေဖတ်ရှုလေ့ ရှိသည်။
နဝမတောင်ထွတ်၏ စာကြည့်တိုက်ထဲတွင် ကျမ်းစာများ ၊ စာအုပ်စာပေများ များစွာ ရှိလေသည်။
ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာမှန်သမျှကို တတ်နိုင်သမျှ လေ့လာဖတ်ရှုရန် ကျန်းလန် ဆုံးဖြတ်ထားသည်။
သို့သော် လောလောဆယ်တွင်တော့ အစီအရင်ပညာနှင့်ပတ်သက်သည့် စာအုပ်များကိုသာ ဦးစားပေးလေ့လာဖြစ်ခဲ့သည်။
ယခုနှစ်များအတွင်းတွင် နဝမတောင်ထွတ်တွင်လည်း အစီအရင်အသစ်များ တိုးတက်လာခဲ့သည်။ ယခင်အစီအရင်ဟောင်းများနေရာတွင် အစီအရင်အသစ်များဖြင့် ကျန်းလန်က အစားထိုးပြုပြင်ထားခြင်း ဖြစ်၏။
သို့သော် ထင်သာမြင်သာရှိသည့် အစီအရင်များမဟုတ်ဘဲ လျှို့ဝှက်ဖုံးကွယ်ထားသည့် အစီအရင်များက ပိုမိုများပြားလာခဲ့သည်။
ရှောင်ယွိကတော့ (၃)နှစ်တစ်ကြိမ် သူ့ထံ ပုံမှန်လာရောက်လည်ပတ်လေ့ ရှိသည်။
ရောက်လာတိုင်းလည်း သူမ၏ သစ်သားဓားအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ထည့်သွင်းပေးပါရန် ကျန်းလန်ကို တောင်းဆိုလေ့ ရှိသည်။
သို့ရာတွင် သူမ မည်မျှပင်ကြိုးစားပါစေ နဂါးသုတ်သင်ဓားသိုင်းကို သင်ယူနိုင်ခဲ့ခြင်း မရှိပေ။
ကျန်းလန်က သူမကို နဂါးသုတ်သင်ဓားသိုင်းအား ဆက်မလေ့ကျင့်တော့ရန် နားချသော်လည်း နောက်ဆုံးတော့ ပြောမရသဖြင့် လက်လျှော့လိုက်ရလေသည်။
နောက်ဆုံးတော့ သူမတောင်းဆိုသည့်အတိုင်းသာ သစ်သားဓားအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ထည့်သွင်းပေးရစမြဲပင် ဖြစ်သည်။
…………………
ထိုသို့ဖြင့်…
မျက်စိတစ်မှိတ်အတွင်း (၆)နှစ်ဆိုသည့်အချိန်က ကုန်ဆုံးသွားခဲ့လေသည်။
ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ခြင်းက ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယနေ့…
ကျန်းလန်က မရဏဂူထဲတွင် ကျင့်ကြံလျှက် ရှိလေသည်။
မရဏအငွေ့အသက်များအပြင် ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားနှင့် စနစ်တွင် မှတ်ပုံတင်ခြင်းမှ ရရှိထားသည့် ပြဒါးဆေးများကို အသုံးပြုခြင်းက ယခင်ကထက်ပိုပြီး ကျင့်ကြံခြင်းကို လျှင်မြန်စေသည်။
မရဏအငွေ့အသက်များ ပေါက်ကွဲထွက်သည့် အချိန် (၃)နှစ်ကိုသာ အပြည့်အဝအကျိုးရှိရှိ အသုံးပြုနိုုင်မည်ဆိုလျှင် ကျန်းလန်အနေဖြင့် မကြာမီ မရှိမှုအာကာသအဆင့် အောင်မြင်သွားမည်ဖြစ်သည်။
ကျန်းလန်က ကျင့်ကြံခြင်းအဆင့်တက်သည်မှာ မြန်ဆန်ရုံသာမက ကျင့်ကြံခြင်းခြေခံအုတ်မြစ်ခိုင်မာအောင်လည်း ကျင့်ကြံနိုင်ခဲ့သည်။
သို့သော် နတ်မိစ္ဆာများက အချိန်မရွေးတိုက်ခိုက်လာနိုင်သည်ဖြစ်လေရာ သူ့အနေဖြင့် လက်ရှိကျင့်ကြံခြင်းအဆင့်တွင် ကျေနပ်နေ၍ မဖြစ်ပေ။
ယခုနှစ်များအတွင်း ကျန်းလန်က အမြဲတမ်း သတိရှိစွာဖြင့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။ သို့သော် သူက စိုးရိမ်မှုလွန်ကဲခြင်းတော့ မဖြစ်မိပေ။
ခွန်လွန်တောင် ၊ နဝမတောင်ထွတ်ဆိုသည်က တော်ရုံဖြင့် ဝင်ရောက်နိုင်သည့် နေရာတစ်ခု မဟုတ်ပေ။ သာမန်အခြေအနေတွင် မည်သူမှ နဝတောင်ထွတ်သို့ ချဉ်းကပ်ရဲကြမည် မဟုတ်ပေ။
ငရဲတံခါးမှ မရဏအငွေ့အသက်များက အစဉ်အမြဲထွက်ပေါ်နေလေရာ အနားကပ်လာသည်နှင့် သေဖို့တောင်းဆိုသကဲ့သို့ ဖြစ်ပေလိမ့်မည်။
သေရမည်ကို အရေးမစိုက်လျှင်တောင်မှ ကိုယ်တွင်းမိစ္ဆာဝင်ရောက်ကာ ချက်ချင်း စိတ်ဖောက်ပြန်သွားမည် ဖြစ်၏။
ငရဲတံခါးဆိုသည်က အစကတည်းက ရိုးရှင်းသည့် နေရာတစ်ခု မဟုတ်ပေ။
တန်ခိုးစွမ်းအားမြင့်မားသူ အများစုက ငရဲတံခါး၏ အရေးပါမှုကို ကောင်းစွာနားလည်ကြပြီး ငရဲတံခါးကို စောင့်ကြည့်နေကြလေသည်။
ထို့ကြောင့် ငရဲတံခါးရှိရာသို့ ခိုးဝင်ခြင်းက သေချာပေါက် မလွယ်ကူသည့်ကိစ္စ ဖြစ်၏။
သို့သော် ခွန်လွန်တောင်သို့ ခိုးဝင်လာကြသူများက အသက်ပေးရန် အသင့်ဖြစ်နေမည်ဆိုလျှင်တော့ ဇာတ်လမ်းက ပြောင်းလဲသွားမည် ဖြစ်သည်။
လောကတွင် သေရမည်ကို ကြောက်ရွံ့သူ များစွာရှိသည့်တိုင် သေရမည်ကို မကြောက်သူများလည်း ရှိနေဆဲ ဖြစ်၏။ အချို့လူများက ယုံကြည်ချက်အတွက် အသက်ရှင်သူများ ဖြစ်ကြသည်။
ကျန်းလန် နတ်မိစ္ဆာများနှင့် ယခင်က ရင်ဆိုင်ခဲ့ဖူးသည်။
နတ်မိစ္ဆာများဆိုသည်က မည်သို့မှ မဖြစ်နိုင်သည့်အခြေအနေမျိုးတွင် လက်လျှော့သွားတတ်ကြသော်လည်း ဘာမဆို လုပ်ဝံ့သူများ ဖြစ်ကြလေသည်။
သူတို့က ပျက်သုဉ်းတစပြင်လောကကြီးတွင် နှစ်ပေါင်းများစွာရပ်တည်ရင်း ပြဿနာရှာခဲ့ကြသူများ ဖြစ်၏။
ထို့ကြောင့် သူတို့၏ လှုပ်ရှားမှုကို စောင့်ကြည့်နေရုံဖြင့် သူတို့၏ လုပ်ရပ်များ ရပ်တန့်သွားမည်ဟု ယူဆလျှင်တော့ လက်တွေ့မကျရာ ရောက်ပေလိမ့်မည်။
ယခုနှစ်များတစ်လျှောက် ကျန်းလန်က စိုးရိမ်ပူပန်ခဲ့ခြင်း မရှိသည့်တိုင် သတိထားနေထိုင်ခဲ့သည်။
ကျန်းလန်က ရန်သူကို လျှော့တွက်တတ်သူ မဟုတ်ပေ။ ရန်သူ့ကိုမှမဟုတ် ၊ မည်သူ့ကိုမဆို ကျန်းလန်က လျှော့မတွက်တတ်ပေ။
သို့သော် ရန်သူဆိုလျှင်တော့ ကျန်းလန်က အကြင်နာတရားထားနေမည် မဟုတ်ပေ။ တစ်ချက်တည်းဖြင့် ဇီဝိန်ခြွေပစ်လိုက်မည် ဖြစ်သည်။
ထိုစဉ်…
“ရှပ်… ရှပ်…”
ကျန်းလန် မရဏဂူထဲတွင် ကျင့်ကြံနေစဉ် သူ၏ စိတ်အာရုံထဲသို့ ခြေသံတစ်သံ ဝင်ရောက်လာသည်။
သူ မျက်လုံးများကို ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ ခြေသံက မရဏဂူအပြင်ဘက်မှ မဟုတ်ဘဲ မရဏဂူအတွင်းပိုင်းမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
ကျန်းလန် ချက်ချင်းပင် တန်ခိုးစွမ်းအားများကို လှည့်ပတ်လိုက်ကာ အသင့်အနေအထား ပြင်ဆင်ထားလိုက်သည်။
သို့သော် ခြေသံသာကြားနေရပြီး မရဏဂူထဲတွင် မည်သည့်အရာကိုမှ တွေ့မြင်ရခြင်း မရှိပေ။
“ရှပ်… ရှပ်…”
ခြေသံက ထပ်မံထွက်ပေါ်လာပြန်သည်။
ကျန်းလန်က ငရဲတံခါးဖြစ်သော တွင်းနက်ကြီးရှိရာသို့ အာရုံစိုက်ကြည့်လိုက်သည်။ ထိုတွင်းနက်ကြီးက မရဏလောကနှင့် ဆက်သွယ်ထားသည့် ဝင်ပေါက်တစ်ခု ဖြစ်၏။
“ငရဲတံခါးထဲကများ သတ္တဝါ တစ်ကောင်ကောင်ထွက်လာတာလား မသိဘူး…”
ထိုသို့တွေးလိုက်မိသည်နှင့် ကျန်းလန် ချက်ချင်းမတ်တတ်ရပ်ကာ ငရဲတံခါးကို စိုက်ကြည့်လိုက်သည်။
မရဏအငွေ့အသက်များပေါက်ကွဲထွက်သည့်အချိန်တွင် မရဏလောကမှ သတ္တဝါအချို့ထွက်လာတတ်ကြောင်း ကျန်းလန် သိရှိလေသည်။
သို့သော် ငရဲတံခါးမှ ထွက်လာတတ်သည့် မရဏသားရဲများက စွမ်းအားကြီးမားခြင်း မရှိကြပေ။
ကျန်းလန်က လုံး၀ လှုပ်ရှားမှုမပြုဘဲ ငရဲတံခါးဆီသို့သာ စိုက်ကြည့်နေ၏။ မရဏသားရဲတစ်ကောင်ကောင်များ ထွက်ပေါ်လာလေမည်လားဟု စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
“ရှပ်… ရှပ်…”
ခြေသံက ဝေးရာမှ တဖြည်းဖြည်း နီးကပ်လာသည်။
ကျန်းလန် အချိန်အကြာကြီး စောင့်နေခဲ့လေသည်။
သို့သော် ငရဲတံခါးအတွင်းမှ မည်သည့်သတ္တဝါမှ ထွက်ပေါ်လာခဲ့ခြင်း မရှိသလို မရဏဂူထဲတွင်လည်း မည်သည့်သတ္တဝါမှ ရောက်ရှိနေခြင်း မရှိပေ။
“မင်း မသိချင်ဘူးလား…”
ရုတ်တရက် ကျန်းလန်နားထဲတွင် စကားသံတစ်သံ ကြားလိုက်ရသည်။
“ငရဲတံခါးရဲ့ အခြားဘက်မှာ ဘာရှိလဲဆိုတာ မင်း မသိချင်ဘူးလား… ၊ အဲဒီနေရာမှာ မင်း စိတ်ကူးကြည့်လို့တောင်မရတဲ့ တန်ခိုးစွမ်းအားတွေ ရှိတယ်… ၊ မင်း တစ်ချက်လေးကြည့်လိုက်တာနဲ့ အင်မော်တယ် တန်းဖြစ်သွားလိမ့်မယ်…”
ထိုစကားသံများ ကြားလိုက်ရသောကြောင့် ကျန်းလန် စိတ်လှုပ်ရှားသွားခြင်း မဖြစ်မိပေ။
ထိုအသံက မည်သည့်အရာဖြစ်ကြောင်း သိလိုက်သည်နှင့် ကျန်းလန် ချက်ချင်းပင် တင်ပျဉ်ခွေပြန်ထိုင်ပြီး ဆက်လက်ကျင့်ကြံနေလိုက်သည်။
ကျန်းလန်၏ စိတ်သဏ္ဍန်က ကြေးမုံမှန်အလား စတင်လင်းလက်တောက်ပလာသည်။
ထိုအခါ ထွက်ပေါ်လာသည့် စကားသံများ ချက်ချင်းပင် တိုးတိတ်ပျောက်ကွယ်သွားသည်။ ခြေသံများကတော့ ကြားနေရဆဲ ဖြစ်သည့်တိုင် ကျန်းလန်အပေါ်တွင် သက်ရောက်မှု မရှိတော့ပေ။
ထိုစကားပြောသံများနှင့် ခြေသံများသည်ကား ကျန်းလန်၏ စိတ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ကိုယ်တွင်းမိစ္ဆာပင် ဖြစ်သည်။
ယခုတစ်ကြိမ် မရဏအငွေ့အသက်များ ပေါက်ကွဲထွက်မှုက ယခင်တစ်ခေါက်ကထက် ပြင်းထန်လေသည်။
သို့သော် ကျန်းလန်က လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀)က ကျန်းလန် မဟုတ်တော့ပေ။
ခြေသံများက အဆက်မပြတ်ထွက်ပေါ်နေသော်လည်း ကျန်းလန်အပေါ် လုံး၀ လွှမ်းမိုးနိုင်စွမ်း မရှိခဲ့ပေ။
ကျန်းလန်က တော်ရုံစိတ်စွမ်းအားဖြင့်ဆိုလျှင် ယခုကဲ့သို့ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်နေသည့်အချိန်တွင် မရဏဂူထဲတွင် နေထိုင်ရန် ရွေးခြယ်ခဲ့မည် မဟုတ်ပေ။
တစ်ခါတစ်ရံ မဖြစ်နိုင်သည့်အရာများကို အတင်းအဓမ္မ ပြုလုပ်ခြင်းက ဆိုးရွားသောရလဒ်များကို ဖြစ်ပေါ်စေသည်။
သို့သော် ကျန်းလန်ကတော့ ကိုယ်တွင်းမိစ္ဆာကို ရုန်းကန်ရခြင်းမရှိဘဲ အေးအေးဆေးဆေးပင် ရင်ဆိုင်နိုင်သည်။
မရဏလောကမှ သားရဲများထွက်ပေါ်လာမည်ဆိုလျှင်လည်း ကျန်းလန်အတွက်က ကြီးမားသည့်ပြဿနာ မဟုတ်ပေ။
ထိုသို့ဖြင့် အချိန်များက ဒီရေအလား လျှင်မြန်စွာဖြင့် စီးဆင်းသွားပြန်လေသည်။
မရဏအငွေ့အသက်များ ပေါက်ကွဲထွက်သည့် အချိန် (၃)နှစ်အတွင်း ကျန်းလန်က စာကြည့်တိုက်သို့ သွားရောက်ကာ စာဖတ်ခြင်း မပြုလုပ်တော့ဘဲ ကျင့်ကြံခြင်းကိုသာ တစိုက်မတ်မတ် အာရုံစိုက်ခဲ့သည်။
ဤသို့သောအခွင့်အရေးက နှစ်ပေါင်း (၁၀၀)နေမှ တစ်ခါရသည့် အခွင့်အရေးဖြစ်၏။
စာဖတ်ခြင်းက အရေးကြီးသည်ဆိုသော်လည်း လက်ရှိတွင် ကျင့်ကြံခြင်းက သူ့အတွက် ပိုမိုအရေးကြီးသည့်အချိန်သို့ ရောက်ရှိနေသည်။
ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်လာလေ စနစ်တွင်မှတ်ပုံတင်ခြင်းဖြင့် ရရှိထားသည့် ပစ္စည်းများကလည်း ပိုမိုအရည်အသွေးမြင့်မားလာလေ ဖြစ်သည်။
နောင် (၁၀)နှစ်ဆိုလျှင် ကျန်းလန် မရှိမှုအာကာသအဆင့် အောင်မြင်တော့မည် ဖြစ်သည်။
ကျင့်စဉ်လမ်းကို လျှောက်လှမ်းသည်မှာ နှစ်ပေါင်း (၂၀၀) မပြည့်မီမှာပင် မရှိမှုအာကာသအဆင့် အောင်မြင်သူတစ်ယောက် ဖြစ်လာပေတော့မည်။
…………………
နဝမတောင်ထွတ်အစွန်းတွင် မော့ကျန်းသုန့် ထိုင်နေလေသည်။
ရှောင်ယွိ နဝမတောင်ထွတ်သို့ ရံဖန်ရံခါ လာရောက်လည်ပတ်လေ့ရှိကြောင်း သူ သိရှိထားသည်။ ရှောင်ယွိ ထိုသို့လာရောက်လည်ပတ်ခြင်းအအတွက် မော့ကျန်းသုန့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသည်။
အဘယ်ကြောင့်ဆိုသော် ရှောင်ယွိအနေဖြင့် သူ့တပည့်လေးအပေါ် အထင်အမြင်သေးခြင်းနှင့် အခြားသော ဆိုးရွားသည့်သဘောထားများ မရှိသောကြောင့်သာ ယခုကဲ့သို့ လာရောက်လည်ပတ်ခြင်းဖြစ်သည် မဟုတ်ပါလား။
ရှောင်ယွိက သူမနှင့် ကျန်းလန်၏ ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆန္ဒရှိဟန် တူသည်။
သူမနှင့် ကျန်းလန်၏ မင်္ဂလာလက်ထပ်ပွဲအခြေအနေကို ပြောင်းလဲပစ်ရန် မဖြစ်နိုင်တော့သည့်အဆုံး သူမက ကျန်းလန်နှင့် ဆက်ဆံရေးအဆင်ပြေရန် ကြိုးစားနေခြင်း ဖြစ်ဟန်တူသည်။
သို့သော် ဤသည်က သဘောကျစရာကောင်းသည့် လုပ်ဆောင်မှုပင် ဖြစ်သည်။
သူ့တပည့်လေးကလည်း ဤအချက်ကို နားလည်ပေလိမ့်မည်။ ကျန်းလန်က သူ ဘာလုပ်သင့်သည်ကို နားလည်သူဖြစ်၏။
သူကတော့ ဆရာတစ်ယောက်အနေဖြင့် ယောကျ်ားပျိုတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်ကြား စိတ်ကူးယဉ် အကြင်နာချစ်ခြင်းလေးများ မည်သို့ထားရှိရမည်အထိ လိုက်လံသင်ပြပေးနေရန် မသင့်တော်ပေ။
ထို့ကြောင့် ကျန်းလန်ကို ဒီအတိုင်း လွှတ်ထားရန်ပင် ဆုံးဖြတ်လိုက်သည်။
သူ လုပ်ပေးနိုင်သည်က ကျန်းလန် အင်မော်တယ်ဖြစ်လာသည်အထိ ကူညီပေးပြီး လုန်ယွိနှင့် ကောင်းကောင်းမွန်မွန် လက်ဆက်စေခြင်းပင် ဖြစ်သည်။
တပည့်ဖြစ်သူလက်ထပ်ရန်က အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရဦးမည် ဖြစ်သော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်ဟု မော့ကျန်းသုန့် တွေးတောမိသည်။
“ဒါပေမဲ့ ကျန်းလန်က အခုမှ မူလဝိညာဉ် ၊ ကနဦးအဆင့်ပဲ ရှိသေးတာ… ၊ မူလဝိညာဉ် အလယ်ဆင့်ရောက်အောင်တောင် အတော်လေး အချိန်ယူရဦးမှာ… ၊ အချိန်တွေတော့ လိုပါသေးတယ်လေ… ဒါပေမဲ့ ငါ့စိတ်ထဲ ဘာလို့ ထူးဆန်းသလို ခံစားနေရတာလဲ မသိဘူး…”
မော့ကျန်းသုန့်၏ စိတ်ထဲတွင် မရေရာသည့် ခံစားချက်အချို့ ရှိနေလေသည်။
ငရဲတံခါးမှ ပေါက်ကွဲထွက်နေသည့် မရဏအငွေ့အသက်များက ကျန်းလန်အပေါ် အန္တရယ်မပြုနိုင်တော့သည်ကို ကြည့်ခြင်းအားဖြင့် ကျန်းလန် အမှန်တကယ် အရွယ်ရောက်ပြီဟု ဆိုနိုင်ပေပြီ။
ကျန်းလန်အတွက် လိုအပ်နေသည်က ကျင့်ကြံခြင်းအဆင့် မြင့်တက်လာရန်သာ ဖြစ်၏။
မော့ကျန်းသုန့် နဝမတောင်ထွတ်အစွန်းတွင် ထိုင်နေရင်း အခြေအနေများကို ဆက်လက်စောင့်ကြည့်နေရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။
…………………
ရှောင်ယွိ လာရောက်လည်ပတ်သည့် အချိန်များမှလွဲပြီး ကျန်းလန်က မရဏဂူထဲမှ အပြင်သို့ထွက်လေ့မရှိပေ။ မရှိမှုအာကာသအဆင့် အောင်မြင်ရန်အတွက် အစွမ်းကုန် ကြိုးစား ကျင့်ကြံနေလေသည်။
ယခုဆိုလျှင် ကျန်းလန်က အများအမြင်တွင် မူလဝိညာဉ် ၊ အလယ်ဆင့်သို့ အဆင့်တက်သွားပြီ ဖြစ်သည်။
လက်ရှိတွင် ငရဲတံခါးမှ ပေါက်ကွဲထွက်လာသည့် မရဏအငွေ့သအသက်များ၏ စွမ်းအားကို မှီခိုအားထားပြီး ကျင့်ကြံနေခြင်း ဖြစ်သည်။
လောလောဆယ်တွင် အမြန်ဆုံး ကျင့်ကြံခြင်းအဆင့်တက်ရန် တစ်ခုတည်းသာ ကျန်းလန် အာရုံစိုက်နေခဲ့သည်။
ထိုသို့ဖြင့်…
နေရောင်ခြည်က နေ့စဉ် ထွန်းလင်းတောက်ပနေပြီး တိမ်တိုက်များက အချိန်တိုင်း ပြောင်းလဲသွားခဲ့လေသည်။
ကောင်းကင်တစ်ခုလုံး ညိုမှိုင်းလာပြီး မိုးများရွာသွန်းလာကာ ကောင်းကင်ကြီးက ပြန်လည်ကြည်လင်သွားပြန်လေ၏။
ရာသီအလီလီပြောင်းလဲခဲ့ပြီဖြစ်သည်။
ယခုနှစ်မှာတော့ နဝမတောင်ထွတ်တွင် ပထမဆုံး ရွက်ဝါတစ်ရွက် စတင်ကြွေလွင့်ချိန်တွင် ကျန်းလန်၏ ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများ ရုတ်တရက် စတင်မြင့်တက်လာလေသည်။
ရွက်ဝါလေး မြေပြင်ထက်ကျသွားသည့်အချိန်တွင်တော့ ကျန်းလန်၏ အခြေအနေက ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ယခုနှစ်တွင် ကျန်းလန် ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၁၉၀) တင်းတင်းပြည့်ပြီ ဖြစ်သည်။ သူနှင့် လုန်ယွိ စေ့စပ်ပြီးသည်မှာ နှစ်ပေါင်း (၄၀) ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ထို့အတူ ယခုနှစ်တွင် ကျန်းလန် မရှိမှုအာကာသအဆင့် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
သူ့အတွက် အင်မော်တယ်ဖြစ်လာရန် ခြေတစ်လှမ်းမျှသာ လိုတော့၏။
ဆောင်းလေအေးနှင့်အတူ ကျန်းလန်သည်လည်း မရဏဂူထဲမှ ထွက်ခွာလာခဲ့လေသည်။
တောင်သခင်များနှင့် အကြီးအကဲများ ၊ အင်မော်တယ်များကတော့ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မူလဝိညာဉ် ၊ အလယ်ဆင့်ဟု သိရှိကြမည် ဖြစ်သည်။
အခြားသူများကတော့ သူ့ကို မူလဝိညာဉ် ၊ ကနဦးအဆင့်ဟုသာ ထင်မှတ်ကြပေလိမ့်မည်။
ဤသည်က ယခင်တုန်းက မြောင်ယွဲ့ပေးခဲ့သည့် အကြံဉာဏ်အတိုင်း ကျန်းလန်က ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားလိုက်ခြင်း ဖြစ်သည်။
သို့သော် တကယ်တမ်း သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်က မရှိမှုအာကာသအဆင့် အောင်မြင်သွားပြီ ဖြစ်၏။
“အခုလို ကျင့်ကြံခြင်းအဆင့် အောင်မြင်သွားတာ တောင်သခင်တွေနဲ့ အကြီးအကဲတွေ (၁၀)နှစ်ကြာ သင်ကြားပို့ချပေးတဲ့ ဟောပြောချက်တွေနဲ့လည်းဆိုင်တယ်… ၊ ပြီးတော့ မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတော့ ခန့်မှန်းထားတာထက် နှစ်ပေါင်း (၂၀)လောက်စောပြီး အဆင့်တက်နိုင်ခဲ့တယ်… ၊ ဒါပေမဲ့ အင်တော်တယ်ဖြစ်ဖို့ နောက်ဆုံးခြေလှမ်းကိုတော့ ငါ အတော်လေး ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်ရဦးမှာပဲ…”
နဝမတောင်ထွတ် ၊ စာကြည့်တိုက်ရှိရာသို့ ခြေတစ်လှမ်းချင်းလှမ်းလာရင်း ကျန်းလန် တွေးတောနေမိခြင်း ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်တက်ပြီးကာစ အနည်းငယ် စိတ်အနားရရန်အတွက် စာအုပ်အနည်းငယ်ဖတ်ရန် စဉ်းစားထားသည်။
နောက်ထပ်နှစ်အနည်းငယ်ကြာလျှင်တော့ နဝမတောင်ထွတ်မှထွက်ခွာပြီး ထူးခြားသည့်နေရာတစ်ခု ရှာဖွေကာ စနစ်တွင် မှတ်ပုံတင်ရမည် ဖြစ်သည်။
နဝမတောင်ထွတ်တစ်ခုလုံးတွင် နေရာလပ်မကျန်အောင် ကျန်းလန် စနစ်တွင်မှတ်ပုံတင်ခဲ့ပြီး ဖြစ်သည်။
သို့သော် အင်တော်တယ်ဖြစ်လာရန်အတွက် သင့်တော်သည့်အခွင့်အရေး တစ်ခါမှ ရရှိခဲ့ခြင်း မရှိပေ။