Switch Mode

စာစဥ် (၂၇) အပိုင်း (၃၇၂)

ချိုင့်ဝှမ်းတစ်ခုလုံးအား ဖုံးလွှမ်းသွားသော အစီအရင်

ချိုင့်ဝှမ်းတစ်ခုလုံးအား အစီအရင်မှ လွှမ်းခြုံသွားပြီးသည်နှင့် တစ်ပြိုင်နက် ချီစွမ်းအင်များ စုဝေးသွားကာ ကောင်းထက်ထက်၌ သွေးနီရောင်တိမ်တိုက်များ ဖြစ်ပေါ်လာသည်ကို လူတိုင်းမှ တွေ့မြင်ခဲ့ရကြသည်။

ထို့နောက် ချိုင့်ဝှမ်းတဝိုက်တွင် အပူရှိန်များ မြင့်တက်လာခဲ့ပြီး အနီးနားရှိ စီးဆင်းနေသော စမ်းချောင်းများပင် အငွေ့ပျံသွားခဲ့၏။

ဤအလှည့်အပြောင်းမှာ လူတိုင်းအား အံ့အားသင့် သွားစေခဲ့သည်။

ကောင်းကင်ထက်၌ ဖြစ်ပေါ်နေသော သွေးနီရောင် တိမ်တိုက်များနှင့် ချိုင့်ဝှမ်းအား လွှမ်းခြုံထားသော အစီအရင်အားကြည့်ကာ တပည့်များ အားလုံးမှာ အံ့သြတကြီး ဖြစ်ကုန်ကြ၏။ တိမ်တိုက်များမှ ထုတ်လွှတ်လျက်ရှိသော စွမ်းအင်များမှာ ပြင်းထန်လွန်းလှသဖြင့် မူလစဦး ဆဋ္ဌမအဆင့် တပည့်များပင် ဖိအားများကို ခံစားနေရလေသည်။

“အစီအရင်”

စူးဝမ်၏လှပတင့်တယ်သော မျက်နှာလေးပေါ်တွင် အံ့သြမှု အရိပ်အယောင်များ ယှက်သန်း နေခဲ့၏။

“ဒါက ကောင်းကင်ဘုံ လျှပ်စီးနဲ့ ထူးခြားသောမီးတောက် အစီအရင်ပဲ” စူးဝမ်၏ အနောက်ဘက်မှ နူးညံ့သိမ်မွေ့သော အသံလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။ စူးဝမ်မှ လှည့်ကြည့် လိုက်သောအခါ အခုလေးတင်မှ ရောက်ရှိလာသော သူတော်စင် မှော်စာလုံး တောင်ထွတ်မှ ရှားယွီကို တွေ့ရှိ လိုက်ရလေသည်။ အစီအရင်ကို ငေးမောကြည့်ရှုနေသော ရှားယွီ၏ မျက်ဝန်းများမှာ လေးစား အားကျမှုများဖြင့် ပြည့်နှက်နေခဲ့၏။

“စီနီယာအစ်ကိုတော် ဇူယွမ်က တကယ်ကို အံ့သြစရာ ကောင်းတာပဲ။ အစီအရင်က အဆင့်လေး မှော်စာလုံးတွေထဲမှာတောင် အရမ်းသန်မာပြီးတော့ တည်ဆောက်ဖို့လည်း ခက်ခဲတယ်။ သူဒါကို လုပ်နိုင်လိမ့်မယ်လို့ ထင်တောင် မထင်ခဲ့ဖူးဘူး”

ဤအစီအရင်သည် သူမတို့၏ မူလမှော်စာလုံး ခန်းမ၌သာ တွေ့မြင်နိုင်လေသည်။ ဆိုလိုသည်မှာ ဇူယွမ်သည် အစီအရင်အား အချိန်တိုလေး အတွင်းမှာပင် သင်ယူတတ်မြောက် ခဲ့ခြင်း ဖြစ်ပြီး မူလမှော်စာလုံးပညာရပ်တွင် အလွန်အရည်အချင်း ရှိကြောင်း ပြသနေခြင်းပင် ဖြစ်သည်။

“ဒီအစီအရင်နဲ့သာဆိုရင် ဓားကပ်ဘေး တောင်ထွတ်က တပည့်ဘယ်နှယောက်ရှိရှိ စီနီယာ အစ်ကိုတော် ဇူယွမ်ကို ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး” ရှားယွီမှ ရှင်းပြလိုက်၏။

စူးဝမ်မှာ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး အသက်ပြင်းပြင်း ရှူရှိုက်လိုက်လေသည်။ ဇူယွမ်မှာ အမှန်တကယ်ပင် အံ့သြစရာ ကောင်းလှသည်။ ဤမျှလောက် ဆိုးရွားနေသော အခြေအနေ၌ပင် ဖြေရှင်းရန် လမ်းကြောင်း တစ်ခုကို ပြုလုပ်နိုင်သေး၏။

အကယ်၍ ဇူယွမ်သာ ယနေ့တွင် ထွက်ပြေး လွတ်မြောက် သွားနိုင်မည်ဆိုပါက ဓားကပ်ဘေး တောင်ထွတ်၏ ဂုဏ်သိက္ခာတစ်ခုလုံးမှာ အဖတ်ဆယ်၍ မရအောင်ပင် ပျက်သုဉ်း သွားရပေလိမ့်မည်။

ထိုအကြောင်းအား စဥ်းစားမိသောအခါ စူးဝမ်းမှာ အနည်းငယ် ပျော်ရွှင် သွားခဲ့ရ​သည်။

ချိုင့်ဝှမ်း အပြင်ဘက်မှ တပည့်များပင် အံ့သြတကြီး ဖြစ်သွားခဲ့ရသော တိုက်ပွဲ အပြောင်းအလဲသည် တောင်တန်းအပြင်ဖက်၌ စောင့်ကြည့်နေကြသော တပည့်များအား ပို၍ပင် တုန်လှုပ်စေခဲ့ပြီး ထူးဆန်းအံ့သြစွာ ဝေဖန်ဆွေးနွေးကြသော စကားသံများနှင့် ပတ်ဝန်းကျင် တစ်ခုလုံးကို ပြည့်နှက် သွားစေခဲ့သည်။

အစောပိုင်း၌ လူတိုင်းကထင်ခဲ့ကြသည်မှာ ဇူယွမ်သည် ဓားကပ်ဘေး တောင်ထွတ်၏ အတင်းအကျပ် ဖိအားပေးခြင်းကို ခံနေခဲ့ရပြီး မိမိဂုဏ်သိက္ခာကို အဖတ်ဆယ်ရန် ရွေးချယ်ခြင်း ပြိုင်ပွဲမှ ဆန္ဒအလျောက် နှုတ်ထွက်ခြင်းမှလွဲ၍ ရွေးချယ်စရာ မရှိတော့ဟူ၍ ဖြစ်၏။ သို့သော်လည်း မျက်စိတမှိတ်စာမျှသော အချိန်လေး အတွင်းမှာပင် ဇူယွမ်မှာ ဝှက်ဖဲကို ထုတ်ဖော်ပြသခဲ့ပြီး အလှည့်အပြောင်း များစွာကို ဖြစ်ပေါ်စေခဲ့လေသည်။

မည်သူမှမသိလိုက်ခင်မှာပင် ဇူယွမ်မှာ ချိုင့်ဝှမ်းထဲ၌ အစီအရင်အား ရေးဆွဲထားခဲ့ပြီး ဖြစ်၏။

တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေသော တပည့်များမှာ ရုတ်တရက် ဖြစ်ပေါ်သွားသော တိုက်ပွဲ အပြောင်းအလဲကြောင့် စိတ်ဓာတ်များ ပြန်လည် တက်ကြွ လာခဲ့ကြသည်။

ဂူဟွမ်ချီမှာလည်း စိတ်သက်သာရာ ရသွားဟန်ဖြင့် ပြုံးရွှင်စွာ ရယ်မောလိုက်ပြီးနောက် တင်းကျပ်စွာ ဆုပ်ထားသော လက်များကို ဖြေလျော့လိုက်၏။ ဇူယွမ်မှာ လွယ်ကူစွာ အရှုံးပေးမည့်သူ မဟုတ်ဟု သူမအစထဲက ယုံကြည် ထားခဲ့လေသည်။ အကယ်၍ ဓားကပ်ဘေး တောင်ထွတ်မှ အထူးချွန်ဆုံး ရွှေခါးစည်းတပည့်များကို အသုံးပြုကာ ဇူယွမ့်အား အတင်းအကြပ် ရှုံးနိမ့်စေမည် ဆိုလျှင်ပင် တန်ကြေးကြီးကြီး ပေးဆပ်ရလိမ့်မည် ဖြစ်သည်။

ဂူဟွမ်ချီ၏ ဘေးတွင်ရှိနေသော ချင်းလန်၏ မျက်နှာအမူအရာမှာ အလွန်ပင် ခက်ထန်နေလျက် ရှိ၏။ ချင်းလန်မှာ ဤမျှလောက် ဆိုးရွားသော အခြေအနေမှာပင် ဇူယွမ်၌ ဝှက်ဖဲ ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

“လီထျန်းနဲ့ သူ့အကောင်တွေကလည်း သုံးစားလို့ကို မရဘူး။ သူတို့မျက်စိအောက်မှာတင် ဇူယွမ်က အစီအရင်ကို ရေးဆွဲနိုင်ခဲ့တာ ငါ့မျက်စိတောင် ငါမယုံနိုင်ဘူး” ချင်းလန်မှာ တိုးတိတ်စွာ ကျိန်ဆဲလိုက်၏။ မူလမှော်စာလုံး အစီအရင်များသည် အလွန်ပင် အစွမ်းထက်သော်လည်း တည်ဆောက်ရန် ခက်ခဲလှပြီး အချိန်ယူကာ ရေးဆွဲရသည် ဖြစ်သည်။ သို့သော်လည်း ဇူယွမ်မှာ လီထျန်းနှင့် ဓားကပ်ဘေး တောင်ထွတ်မှ အခြားတပည့်များ၏ မျက်စိအောက်၌ပင် ရေးဆွဲနိုင်ခဲ့၏။ ထို့ကြောင့် လီထျန်းဦးဆောင်သော ဓားကပ်ဘေးတောင်ထွတ်၏အဖွဲ့အား စဥ်းစား ဆင်ခြင်ဉာဏ် မရှိသော အရူးကောင်များဟု ခေါ်ဆိုလျှင်ပင် လွန်မည်မထင်ပေ။

လီထျန်းတို့အားလုံးမှာ အစပိုင်း၌ ရရှိခဲ့သော တိုက်ပွဲသာလွန်မှုများ မရှိတော့ပဲ ဇူယွမ့်အား အခွင့်အရေး ရရှိစေသကဲ့သို့ ဖြစ်သွားရလေသည်။

“ဇူယွမ့်မှာ ဝှက်ဖဲ ရှိနေသေးတာလား” လီချင်းချန်မှာ ပြိုင်ပွဲစသည်မှ စ၍ ယခုအချိန်ထိ တည်ငြိမ်နေလျက် ရှိသော ယောင်ယောင့်အား ကြည့်ကာ မေးမြန်းလိုက်၏။

ယောင်ယောင်မှာ ထန်ထန့်အား ပွတ်သပ် ပေးနေရင်းဖြင့် ပြန်၍ပြောလိုက်သည်။ “ကြည့်ရတာ နင်ကတော့ အလောင်းအစား ရှုံးတော့မယ် ထင်တယ်နော်”

လီချင်းချန်မှာ သက်ပြင်းချကာ တုံ့ပြန်လိုက်၏။ “အဲဒါဆို အစထဲက ဇူယွမ်က ဒြပ်မဲ့ပုံစံကို ပုန်းဖို့အတွက် သက်သက်ပဲ သုံးခဲ့တာ မဟုတ်ပဲနဲ့ အစီအရင်ကို ဘယ်သူမှ မသိအောင် ရေးဆွဲနိုင်ဖို့ အတွက် သုံးခဲ့တာပေါ့လေ။ ပြီးတော့ လီထျန်းနဲ့ တခြားသူတွေကိုလည်း ချိုင့်ဝှမ်းထဲကို တမင် မျှားခေါ်လာခဲ့တာပေါ့”

“အခု သားကောင်တွေအကုန် ထောင်ချောက်ထဲ ရောက်ပြီဆိုမှ ဝှက်ဖဲကို ချပြ လိုက်တာပေါ့လေ”

ထို့နောက် လီချင်းချန်မှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား ပြသနေသော မှန်ချပ်အား ကြည့်လိုက်ပြီး သနားနေသောလေသံဖြင့် စကား ဆက်လိုက်​လေသည်။ “သူတို့တွေက ကိုယ့်ဘာသာ ဇူယွမ့်ကို အမဲလိုက်နေတဲ့ မုဆိုးတွေလို့ ထင်နေခဲ့ကြတာပဲ။ သူတို့မသိလိုက်တာက ပွဲအစထဲက ဇူယွမ်က ငါးစာအဖြစ်ခံပြီး သူတို့ကို မျှားခေါ်နေခဲ့တာကိုပဲ”

လီချင်းချန်မှာ မှန်ချပ်ထံမှ ပြသနေသော ဇူယွမ်၏ ပုံရိပ်ကို ကြည့်ကာ သူမ၏တောက်ပသော မျက်ဝန်းများထဲ၌ အံ့သြမှု အရိပ်အယောင်များ ယှက်သန်းနေခဲ့သည်။

မည်သည့်အရာကိုမှ ကြောက်ရွံ့ခြင်းမရှိပဲ စိတ်ဓာတ် ကြံ့ခိုင်လှသော ဇူယွမ့်အား သူမ စတင်၍ လေးစား လက်ခံလာပြီး ယောင်ယောင်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေခြင်းအား အရင်ကလောက် လက်မခံနိုင်ခြင်း မဖြစ်မိတော့ပေ။

ဝုန်း……ဝုန်း

ချိုင့်ဝှမ်း၏ အပေါ်ဘက်တွင် ရှိနေသော သွေးနီရောင် တိမ်တိုက်များမှာ တလိပ်လိပ်ထလျက် ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေလျက် ရှိ၏။

ဇူယွမ့်အား တိုက်ခိုက်ရန် အသင့်ဖြစ်နေသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ကြောက်လန့်တကြားဖြင့် အစီအရင်အား ကြည့်မိ လိုက်ကြလေသည်။ အဘယ့်ကြောင့်ဆိုသော် အစီအရင်ထံမှ အလွန်ပင်ပြင်းထန်ကာ အန္တရာယ်ရှိသော ဖိအားများအား ခံစားမိခဲ့သောကြောင့် ဖြစ်သည်။

သူတို့အစက လွယ်ကူလိမ့်မည်ဟု မျှော်မှန်းထားခဲ့သော တိုက်ပွဲမှာ ဤကဲ့သို့ အလှည့်အပြောင်းများ ဖြစ်လာလိမ့်မည်ဟု တွေးပင် မထားခဲ့ဖူးချေ။ ဇူယွမ့်အား မထီမဲ့မြင်စွာ ကြည့်နေခဲ့ကြသော မျက်ဝန်းများမှာ ယခုတော့ ကြောက်ရွံ့ခြင်းသို့ ပြောင်းလဲသွားခဲ့ရ၏။

လီထျန်းမှာ အစီအရင်ကို ကြည့်နေရင်းဖြင့် အမူအရာမှာ ပြောင်းလဲ လာခဲ့ရသည်။ ပတ်ဝန်းကျင် တစ်ခုလုံးအား ကြည့်ရှု စစ်ဆေးပြီးသော အချိန်တွင် ချိုင့်ဝှမ်းထဲရှိ အက်ကွဲကြောင်းများ အကြား၌ ကွယ်ဝှက်ထားသော မှေးမှိန်စွာ လင်းလက်နေသည့် ကျောက်စိမ်း အလင်းတန်းများကို တွေ့ရှိလိုက်လေသည်။

ထိုကျောက်စိမ်း အလင်းတန်းများမှာ အစီအရင်ကို ဖြစ်ပေါ်စေခဲ့သော အလင်းတန်းများပင် ဖြစ်၏။

သို့သော်လည်း လီထျန်းမှာ ထိုအလင်းတန်းများအား အနည်းငယ်မျှ သတိထားမိခဲ့ခြင်းမရှိပဲ ဇူယွမ်မှာ မည်သည့်အချိန်၌ နေရာချထားလိုက်သည်ကိုပင် မသိခဲ့ချေ။

လီထျန်းမှာ ဇူယွမ်၏မျက်နှာအား တည့်တည့်ကြည့်ကာ စကားဆိုလိုက်၏။ “မင်းက ဒြပ်မဲ့ပုံစံ ပြောင်းခဲ့တာ ပုန်းဖို့မဟုတ်ပဲနဲ့ အစီအရင်ကို ရေးဆွဲဖို့အတွက်ပဲ”

ဇူယွမ်မှာ ပြုံးလိုက်သော်လည်း မည်သည့်စကားမှ ပြန်၍ပြောကြားခဲ့ခြင်း မရှိပေ။

လီထျန်းမှာ ခါးသက်စွာဖြင့် ရယ်မော ပစ်လိုက်လေသည်။ လီထျန်းအစက ထင်ထားခဲ့သည်မှာ ဇူယွမ်သည် သူတို့လက်ထဲမှ လွတ်မြောက်နိုင်ရန် အစွမ်းကုန် ပုန်းကွယ် နေခဲ့ရသည်ဟူ၍ ဖြစ်သည်။ သို့သော် ဇူယွမ်မှာ ပုန်းကွယ်ရန်ဆန္ဒ အနည်းငယ်မျှ မရှိခဲ့ပဲ သူတို့၏မျက်စိအောက်၌ပင် အစီအရင် တစ်ခုလုံးကို ပြီးပြည့်စုံစွာ ရေးဆွဲနေခဲ့၏။

လီထျန်း၏ အနောက်တွင် ရှိနေသော လုရွှမ်းယင်မှာ ဤအလှည့် အပြောင်းကြောင့် မျက်နှာမှာ သွေးမရှိတော့သည့် အလား ဖြူရော်နေခဲ့လေသည်။

“စီ…. စီနီယာ အစ်ကိုတော်လီထျန်း” လုရွှမ်းယင်မှ တုန်ယင်နေသော အသံဖြင့် ရေရွတ် လိုက်၏။

လီထျန်းမှာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် သူ့ကိုယ်သူ ပြန်၍တည်ငြိမ် စေလိုက်သည်။ “ဘာမှစိုးရိမ်မနေကြနဲ့​။ ဒီအစီအရင်က စွမ်းအားကြီးပေမယ့် ငါတို့တစ်ဖွဲ့လုံးကို ဖျက်ဆီး ပစ်နိုင်မယ်လို့ မယုံဘူး”

“ဒါက သူ့ရဲ့နောက်ဆုံးဝှက်ဖဲပဲ။ ငါတို့ ဒါကို ချိုးဖြတ်နိုင်ပြီဆိုတာနဲ့ သူ့ကိုနာကျင်အောင် ပေးဆပ်ခိုင်းပစ်မယ်”

လီထျန်း၏ စကားများကို ကြားလိုက်ရသောအခါ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ စိတ်အစုံမှာ ပြန်၍ တည်ငြိမ် လာခဲ့သည်။ ထို့နောက် လီထျန်းအနားသို့ လျင်မြန်စွာ စုဝေးသွားကြပြီး ချီစွမ်းအင်များကို ထုတ်လွှတ်ကာ အကွာအကွယ် အလွှာတစ်ခု ဖြစ်ပေါ်စေခဲ့လေသည်။

လီထျန်းမှာ ဇူယွမ့်အား သိမ်းငှက်မှ သားကောင်ကို ထိုးသုတ်တော့မည့် အလား စူးရဲစွာ ကြည့်နေခဲ့၏။ ဇူယွမ် ပြုလုပ်ခဲ့သော တိုက်ပွဲအလှည့်အပြောင်းမှာ လီထျန်း၏မာနကို အလုံးစုံ ထိခိုက်စေခဲ့သည်။ သို့သော်လည်း အစီအရင်ကို ချိုးဖြတ်နိုင်သမျှ ကာလပတ်လုံး သူ၏ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆယ်နိုင်ရန် အခွင့်အရေး ရှိနေဦးမည် ဖြစ်၏။

ဇူယွမ်မှာ ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များအားလုံး စုစည်းသွားသည်ကို ကြည့်လိုက်ပြီးနောက် ခပ်ဖွဖွပင် ရယ်မော လိုက်လေသည်။

“မင်းတို့အားလုံးက ငါ့ကို နှုတ်ထွက်စေချင်နေတာဆိုမှတော့…….”

“မင်းတို့အရင် ခံစားကြည့်ရင်ရော ဘယ်လိုလဲ”

ဝုန်း…

ဇူယွမ်မှာ ထိုစကားများကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် သွေးနီရောင် တိမ်တိုက်များတွင် စုဝေးနေခဲ့သော မိုးကြိုး တိမ်တိုက်များမှာ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီး ချက်ချင်း ဆိုသလိုပင် ပြင်းထန်သော ဖိအားများနှင့် ကြီးမားလှသော သွေးနီရောင် မိုးကြိုးတိမ်တိုက်များက ချိုင့်ဝှမ်းထဲသို့ ထိုးဆင်း လာခဲ့ကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset